← Chapters

အခန်း (၆၅၀)

Vol. 55 Ch. 650

အခန်း (၆၅၀)

Vol. 55 Ch. 650

လမ်းမများမှာ ဗလာကျင်းနေပြီး သာမန်အိမ်များသည်လည်း အိပ်ရာဝင်သွားသည်မှာ ကြာခဲ့လေပြီ။

မြို့ကြီးတစ်မြို့လုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ထိုစဉ် ကျားဖြူခန်းမ၌

ရှောင်ဟူသည် ချန်ကျဲ့အနားယူနေသည့် အခန်းထဲသို့ ဝင်လာသည်။ ချန်ကျဲ့သည် အခန်းထဲရှိ ထိုင်ခုံပေါ်တွင် မျက်လုံးဖိမှိတ်ကာ ထိုင်နေသည်။ ဘေးရှိ စကားပွဲထက်တွင် အနီရောင်ပန်းပွားနှင့် နဂါးသဏ္ဍာန်ထွင်း လှံကို တင်ထားသည်။

ဤသည်မှာ မီးသံမဏိကို အသုံးပြု၍ ပြုလုပ်ထားသည့် မီးနံဂါးလှံဖြစ်သည်။

ယခုတွင် မီးနဂါးလှံသည် စားပွဲထက်တွင် ကြက်သီးထဖွယ် အလင်းကို ထုတ်လွှတ်နေသည်။

ရှောင်ဟူ အနားကပ်သွားပြီး ချန်ကျဲ့၏နားသို့ တီးတိုးပြောလိုက်သည်။

“အစ်ကိုကျိုစစ် အားလုံးအဆင်သင့်ဖြစ်ပါပြီ”

ချန်ကျဲ့ မျက်လုံးများကို ဖြည်းဖြည်းဖွင့်လိုက်သည်။ သူ၏မျက်လုံးများတွင် အေးစက်မှုတချို့ ဖြတ်ပြေးသွား၏။

နောက်ဆုံးတော့ အချိန်ကျပြီ။ ချန်ကျဲ့ ရှောင်ဟူကို ကြည့်လိုက်သည်။

“ညီနောင်တွေရော အဆင်သင့်ဖြစ်ကြပြီလား”

ရှောင်ဟူမှ ပြန်ပြောသည်။

“အားလုံးပြင်ဆင်ပြီးပါပြီ။ အစ်ကိုကျိုစစ်ရဲ့အမိန့်ကို စောင့်နေတာပါ”

ချန်ကျဲ့ ပြုံးလိုက်ပြီး စားပွဲပေါ်မှ မီးနဂါးလှံကို ဆွဲယူလိုက်သည်။ လှံသည် သူ၏လက်ထဲတွင် စိတ်ချဖွယ် အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။ နဂါးသဏ္ဍာန်များသည် လက်ကိုင်ကဲ့သို့ လုပ်ဆောင်ပေးနေရာ ကိုင်တွယ်ရ အဆင်ပြေစေသည်။

လှံကိုကိုင်လျက် ချန်ကျဲ့၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

“ဒီနေ့က ဒီလှံ သွေးသောက်ရမယ့်နေ့ပဲ။ ရန်သူကို အနိုင်မပိုင်းရင် အိမ်မပြန်ဘူး”

“သွားကြမယ်”

ထိုသို့အမိန့်ပေးလျက် ချန်ကျဲ့ အခန်းထဲမှ ပြေးထွက်သွားခဲ့သည်။ အပြင်ဘက်၌ ကျားဖြူခန်းမတပ်သားတစ်ရာခန့် စီတန်းနေသည်။ ရှောင်ဟူသည် ရှေ့ဆုံးတွင် ရပ်နေပြီး ရှောင်ဟူ၏နောက်တွင် ချန်ကျူးနှင့် ချန်ကုံတို့ ရပ်နေကြသည်။

ကျိုးချူလည်း အနားတွင် ရပ်ကာ သူ၏တစ်ဖက်သွားဓားရှည်ကို သုတ်နေသည်။

ချန်ကျဲ့ထွက်လာသောအခါ ကျားဖြူခန်းမတပ်သားများသည် ချန်ကျဲ့ကို ချက်ချင်း ခေါင်းမော့ကြည့်လာကြသည်။ သူတို့၏အကြည့်များဖြင့်ပင် သတ္တိနည်းသူများကို ကြောက်လန့်စေနိုင်ပေသည်။

သားရဲအကောင်တစ်ရာ ရုတ်တရက် နိုးထလာကာ သူတို့၏သားကောင်ကို ချောင်းမြောင်းကြည့်ရှုနေသည့်အလားပင်။

ချန်ကျဲ့ထွက်လာသောအခါ ချန်ကုံနှင့် ချန်ကျူးတို့ဦးဆောင်သည့် တပ်သားများသည် တစ်ညီတညွတ်တည်း အော်ဟစ်ကြသည်။

“ခန်းမအရှင်သခင်”

ချန်ကျဲ့ အသာခေါင်းညိတ်လိုက်သည်။

“ညီနောင်တို့ ဒီနေ့တိုက်ပွဲက ဘယ်လောက်အရေးကြီးလဲဆိုတာ မင်းတို့အားလုံး သိကြပါတယ်။ ဒါပေမဲ့ ညီနောင်တို့ကို ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပေးဖို့ မတောင်းဆိုပါဘူး။ ဒါကို သေချာမှတ်ထားကြပါ။ ဒီတစ်ကြိမ်တိုက်ပွဲမှာ ငါတို့ဘက်က အလေးသာမယ့် လူတွေကိုပဲ တိုက်ခိုက်ရမယ်။ မလိုအပ်တဲ့ ထိခိုက်မှုတွေကို လုံးဝ ရှောင်ကြဉ်ရမယ်”

ထိုအခါ ချန်ကျူးမှ မေးသည်။

“ခန်းမအရှင်သခင် ကျွန်တော်တို့ကို တိုက်ခိုက်လာတဲ့သူရှိရင်ရော။ သတ်လိုက်လို့ရလား”

ချန်ကျဲ့ ချန်ကျူးကို ကြည့်လိုက်သည်။

“သတ်လို့ရတယ်။ ဒါပေမဲ့ မှတ်ထား။ ငါတို့ရဲ့ဦးစားပေးရည်ရွယ်ချက်က လူတွေကို အသက်ရှင်လျက် ဖမ်းဆီးဖို့ပဲ။ ငါးဖမ်းကုန်သည်အဖွဲ့ကို သိမ်းပိုက်ပြီးတဲ့အခါ ငါတို့ အဲဒီလူတွေကို လိုအပ်သေးတယ် ဒီနေ့ ဌာနချုပ်က အဖွဲ့သားတွေရဲ့အင်အားကို စစ်ဆေးကြည့်ကြတာပေါ့။ သူတို့က အနာဂတ်မှာ မင်းတို့ရဲ့လက်အောက်ငယ်သား ဖြစ်လာနိုင်တဲ့သူတွေပဲ”

ထိုအခါ အားလုံး တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်ကြသည်။ ဤတစ်ကြိမ်တွင် ခန်းမအရှင်သခင် အောင်မြင်သွားပြီး ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်လာပါက သူတို့လည်း ခန်းမအရှင်သခင်နှင့်အတူ ကြီးပွားတိုးတက်ကြမည် ဖြစ်သည်။ သူတို့သည်လည်း အင်အားရှိသည့် အဖွဲ့ခေါင်းဆောင်ငယ်များဖြစ်လာနိုင်သည်။ ထိုအချိန်မှ စတင်၍ မျန့်ရွှေစီရင်စုသည် သူတို့၏ပိုင်နက် ဖြစ်လာပေလိမ့်မည်။

ထိုသို့အတွေးဖြင့် အားလုံးသည် စိတ်လှုပ်ရှားတက်ကြွနေကြကာ သတ်ဖြတ်လိုစိတ်များလည်း အနည်ထိုင်သွားကြသည်။

နောက်ဆုံးတွင်တော့ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် နောင်တစ်ချိန်တွင် သူတို့၏လက်အောက်ငယ်သားများ ဖြစ်လာကြမည်ဖြစ်ပြီး မိမိ၏အဖွဲ့သားအချင်းချင်း မသတ်ဖြတ်သင့်ပေ။ သို့မဟုတ်ပါက သူတို့သည် ထိုအဖွဲ့သားများကို အဘယ်သို့ ဦးဆောင်နိုင်ပါမည်နည်း။ သူတို့သည်လည်း ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်ပါတော့မည်လော။

ထို့နောက် ချန်ကျဲ့ အချက်ပေးလိုက်သည်။ နောက်တဒင်္ဂ၌ ကျိုးချူ ချဉ်းကပ်လာသည်။

“ခန်းမအရှင်သခင် ဘာများညွှန်ကြားလိုပါသလဲ”

ချန်ကျဲ့မှ ကျိုးချူကို ပြောသည်။

“ခဏနေလို့ တိုက်ပွဲဖြစ်ရင် မင်းနဲ့ ရှောင်ဟူနဲ့ ညီနောင်တွေကို စောင့်ကြည့်ထားကြ။ တတ်နိုင်သမျှ သတ်ဖြတ်တာကို ရှောင်ကြဉ်ကြ။ အဆုံးသတ်ကျ ငါးဖမ်းကုန်သည်အဖွဲ့သားတွေကလည်း ငါတို့အဖွဲ့သားတွေပဲ”

ထိုအခါ ကျိုးချူ ချန်ကျဲ့ကို ကြည့်လိုက်သည်။

“ခန်းမအရှင်သခင် ဒါက ဘာအတွက်ပါလဲ။ ကျွန်တော်က တပ်သားတွေကို ဦးဆောင်ပြီး အတွင်းအပြင်ကို ၇ပြန်လောက် တိုက်ခိုက်ဖို့အတွက်တောင် အသင့်ဖြစ်နေပြီးပါပြီ”

ချန်ကျဲ့ ကျိုးချူကို ခပ်တင်းတင်းကြည့်ပေးလိုက်သည်။

“အတွင်းအပြင် ၇ပြန်တိုက်ခိုက်ဖို့ တွေးနေသေးတယ်ပေါ့လေ။ မင်း အခုတလော ကိုယ်အလေးချိန်တက်လာတယ် မဟုတ်ဘူးလား။ ကြည့်ရတာ အရမ်းတွေ အားနေပုံပဲနော်”

ကျိုးချူမှ ပြောသည်။

“မဟုတ်ပါဘူး။ ငါ အခုတလော တစ်ဖက်သွားဓားသိုင်းကို ကြိုးကြိုးစားစား လေ့ကျင့်နေပါတယ်။ နန်ပါးထျန်းကို ငါတစ်ယောက်တည်း အနိုင်တိုက်ဖို့တောင် စီစဉ်ထားသေးတယ်”

ချန်ကျဲ့ ကျိုးချူ၏ ကိုးရိုးကားယားနိုင်သော ပုံစံကို ကြည့်လိုက်သည်။

“အို ဟုတ်လား။ ဒါဆို ငါ မင်းကို နန်ပါးထျန်းကို သွားသတ်ဖို့ အခွင့်အရေးပေးမယ်ဆိုရင်ရော.. ဘယ်လိုလဲ”

ကျိုးချူ တွန့်ဆုတ်သွား၏။

“ကျိုစစ် ငါ့အထင် အဲဒီလိုလုပ်ဖို့ မလိုပါဘူး။ ငါ ညီနောင်တွေကိုပဲ ကောင်းကောင်းသွားထိန်းလိုက်တော့မယ်”

ကျိုးချူသည် အတင်းလုပ်ယူထားသည့် အပြုံးကြီးဖြင့် ချန်ကျဲ့ကို ပြောလေသည်။ ချန်ကျဲ့မှ ပြန်ပြောသည်။

“မင်းရဲ့ အဲဒီကြွားဝါတတ်တဲ့အကျင့်ကြီးကို ဘယ်တော့ပြင်မလဲ”

ကျိုးချူ ရယ်လိုက်သည်။

“အဲဒါက ငါမပြင်ဆင်နိုင်တဲ့အရာလေကွာ”

“မင်းရဲ့အဲဒီအကျင့်ကြောင့် မင်းဇနီး မင်းကို သင်ခန်းစာပေးမှာ မကြောက်ဘူးလား”

“သူမလုပ်ရဲပါဘူး”

ကျိုးချူမှ ပြောသည်။ သူသည် ခေါင်းမော့ရင်ကော့လျက် ထောင်လွှားဟန်အပြည့်ဖြင့် ပြောခြင်းဖြစ်သည်။

တကယ့်ကို သူ ဇနီးဖြစ်သူ၏ ဆူပူကြိမ်းမောင်းမခံရသည်မှာ ကြာခဲ့လေပြီ။ ချန်ကျဲ့၏ကျားဖြူခန်းမ အင်အားကြီးမားလာချိန်မှ စတင်၍ ကျိုးချူလည်း အမြင့်သို့ အတူတက်လှမ်းသွားခဲ့ပြီး ကျားဖြူခန်းမ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။

ကျိုးချူသည် ချန်ကျဲ့ကိုယ်စား ခန်းမ၏ ပြင်ပအရေးကိစ္စများကို စီမံခန့်ခွဲပေးရင်း အဆင့်အတန်းမြင့်မားမှုကို ပျော်မွေ့နေခဲ့ပေသည်။

သူ၏လက်ရှိအဆင့်အတန်းအရ သူ၏ယောက္ခထီးဖြစ်သူ စွင်းပုအာပင်လျှင် သူ့အား အတိုင်းအတာတစ်ခုအထိ လေးစားမှုထား၍ ဆက်ဆံရသည်။

ချန်ကျဲ့သာ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်သွားပါက ကျိုးချူသည် အဆင့်အတန်း ပို၍ မြင့်မားသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ စွင်းမိသားစုသည် ကျိုးချူအပေါ် မှီခိုအားထားရပေမည်။

ထို့နောက် ချန်ကျဲ့ ကြေညာလိုက်သည်။

“ကောင်းပြီ ညီနောင်တို့၊ ထွက်ခွာကြမယ်”

သို့ဖြင့် တပ်ဖွဲ့ကြီးသည် ကျားဖြူခန်းမ၏ ဂိတ်တံခါးမကြီးကို ဖွင့်လှစ်ကာ ကျားဖြူခန်းမမှ ထွက်ခွာခဲ့ကြသည်။

တပ်ဖွဲ့ကြီးသည် ချန်ကျဲ့၊ ရှောင်ဟူတို့၏ ဦးဆောင်မှုအောက်တွင် လမ်းများထဲသို့ ချီတက်ခဲ့ကြသည်။

မထွက်ခွာခင်၌ ချန်ကျဲ့သည် အလိုအလျောက် နောက်ပြန်လှည့်ကြည့်မိလေသည်။ ထိုအခါ အမှောင်ထဲတွင် ရပ်နေသည့် ပုံရိပ်လေးတစ်ခုကို သူမြင်လိုက်ရသည်။

သူမသည် အမှောင်ထုထဲ ပုန်းကွယ်ကာ တိတ်တဆိတ်ရပ်ကြည့်နေခဲ့သည်။ တိုက်ပွဲသို့ ထွက်ခွာတော့မည့် ခင်ပွန်းသည်အား အနှောင့်အယှက်မပေးမိစေရန် အထူးသတိထားကာ ရပ်ကြည့်နေခဲ့ခြင်းဖြစ်သည်။

သူမ၏ မျက်လုံးအစုံတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

ချန်ကျဲ့ သူမ၏အကြည့်များကို လှည့်ကြည့်လိုက်သည်။ သူမသည် စကားမဆိုခဲ့သော်ငြား သူတို့နှစ်ဦး၏ နှလုံးသားများသည်တော့ စကားလုံးထောင်ချီကို ဖလှယ်ခဲ့ကြသည်။ သူတို့နှစ်ဦးသည် တစ်ဦး၏ခံစားချက်ကို တစ်ဦး သိနားလည်ကြသည်။

ချန်ကျဲ့ ထိုအရိပ်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် လှံကို တင်းတင်းဆုပ်ကိုင်ကာ ဆက်လက်ထွက်ခွာခဲ့သည်။

အမှောင်ထုထဲရှိ တိတ်ဆိတ်စွာ ရပ်နေသည့် ပုံရိပ်လေးသည် သူမ၏ဝမ်းဗိုက်ကို ဖွဖွပွတ်သပ်ရင်း ထိုနေရာတွင် ဆက်လက် ရပ်နေခဲ့သည်။

All Chapters