← Chapters

အခန်း (၆၅၁)

Vol. 55 Ch. 651

အခန်း (၆၅၁)

Vol. 55 Ch. 651

အချိန်အတော်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ မရှိချေ။

စစ်ရှီးသည် ကျားဖြူခန်းမဂိတ်တံခါးကို ပိတ်ရန် အမိန့်ပေးလိုက်သည်။ ကျန်ရှိသည့် လက်ရွေးစင်တပ်သားများသည် ခုခံတိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ကျားဖြူခန်းမကို စောင့်ကြပ်ကျန်ရစ်ခဲ့သည်။ ဒီနေ့ညသည် ကျားဖြူခန်းမ၏ အကောင်းဆုံးသောအင်အား ထွက်ပေါ်သည့်ည ဖြစ်သည်။ ထို့အတူ ကျားဖြူခန်းမအိမ်တော်၏ အားအနည်းဆုံးအချိန်လည်း ဖြစ်သည်။

စစ်ရှီးသည် အလုံခြုံဘေးအကင်းဆုံးဖြစ်စေမည့် ပြင်ဆင်မှုများကို ပြုလုပ်ရသည်။

ကျားဖြူခန်းမအိမ်တော်တွင် သခင်မ ကျန်ရစ်နေခဲ့သည် မဟုတ်ပါလော။

“သခင်မ ညအချိန်က အေးပါတယ်။ အထဲပြန်ဝင်ရအောင်ပါ”

စူးယွင်ကျင်း၏နောက်တွင် ရပ်နေသည့် ယင်ဟုန်မိန်မှ နူးညံ့စွာ ပြောသည်။

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“အွန်း ငါ ဒီမှာ ခဏလောက် ထပ်ရပ်နေလိုက်ဦးမယ်”

ယင်ဟုန်မိန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပြောသည်။

“သခင်မ ခန်းမအရှင်သခင်ကို စိုးရိမ်နေတယ်ဆိုရင်လည်း ဘာလို့ အပြင်ထွက်ပြီး လိုက်မပို့ဆောင်တာပါလဲ”

စူးယွင်ကျင်း၏နှုတ်ခမ်းများတွင် ခါးသီးစွာသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“သခင်ကြီး ငါ့ကြောင့် အာရုံပျံ့လွင့်သွားမှာ စိုးလို့ပါ။ တစ်ခါတလေကျ အမျိုးသားရဲ့အလုပ်က ဇနီးသည်ကြောင့် နှောင့်နှေးရတတ်တယ်တဲ့။ ငါ သူ့ရဲ့ အဟန့်အတား မဖြစ်ချင်ဘူး”

“အဟန့်အတားတဲ့လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ သခင်မက ခန်းမအရှင်သခင်ကို အရမ်းချစ်မြတ်နိုးတာပဲ။ ခန်းမအရှင်သခင်အတွက် အများကြီးလည်း လုပ်ပေးခဲ့တယ်။ ဘယ်လိုလုပ်ပြီး ခန်းမအရှင်သခင်အတွက် အဟန့်အတားဖြစ်နိုင်မှာပါလဲ”

စူးယွင်ကျင်း ခေါင်းခါလိုက်သည်။

“သခင်ကြီးက ရည်မှန်းချက်အရမ်းကြီးမားတယ်။ ငါက သူ့အရှိန်ကို မှီအောင်လိုက်ဖို့ပဲ တတ်နိုင်တယ်။ ဒါပေမဲ့ ငါက သူ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေဖို့ပဲ မျှော်လင့်တာ”

ယင်ဟုန်မိန်မှ ပြောသည်။

“အင်း… ခန်းမအရှင်သခင်သာ အရာအားလုံးကို လက်လျှော့ပြီး သခင်မကို လူသူကင်းဝေးတဲ့နေရာဆီ ခေါ်သွားပြီး နေထိုင်ဖို့ ဆန္ဒရှိခဲ့ရင် သခင်မလည်း အခုလိုမျိုး အမြဲ စိုးရိမ်ပူပန်နေဖို့ မလိုအပ်လောက်တော့ဘူး”

ထိုအခါ စူးယွင်ကျင်း ယင်ဟုန်မိန်ကို လှည့်ကြည့်လိုက်ပြီး ပြောသည်။

“လူသူကင်းဝေးတဲ့နေရာတဲ့လား။ အိမ်ကြီးရာကြီးတွေက ပြိုလဲလုနီးနီးဖြစ်နေတယ်။ ကောင်းမွန်တဲ့လူငယ်လေးတွေက ကျယ်ပြောဝေးလံတဲ့ စစ်မြေပြင်ကို ရင်ဆိုင်ဆင်နွှဲကြရတယ်။ သခင်ကြီးရဲ့နှလုံးသားက ကမ္ဘာလောကကြီးအတွက် ပေးအပ်ထားတယ်။ အကယ်၍များ သာမန်လယ်သမားလေးလုပ်ရမယ်ဆိုရင် သခင်ကြီး ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါလည်း ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး။ ဘာလို့ဆို ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်စိတ်အတွက်နဲ့ သခင်ကြီးရဲ့အိပ်မက်တွေကို လက်လျှော့ခွင့်မပြုနိုင်လို့ပဲ။ မဟုတ်ရင် ငါလည်း သခင်ကြီးရဲ့ ဇနီးမယားဖြစ်ဖို့ မထိုက်တန်ဘူး”

“ဒါပေမဲ့ သခင်မ နေ့တိုင်းနေ့တိုင်း စိုးရိမ်ပူပန်နေရတာ၊ အဲဒါက အရမ်း…”

ယင်ဟုန်မိန်သည် စိတ်မကောင်းခြင်းကြီးစွာ ပြောသည်။ စူးယွင်ကျင်းသည် သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ပြီး ပြောသည်။

“အထဲပြန်ဝင်ရအောင်”

စူးယွင်သည် သူမကိုယ်သူမ ဂရုစိုက်ရပေမည်။ သူမ၏ဝမ်းဗိုက်တွင် ချန်ကျဲ့၏မျိုးဆက်လေးကို လွယ်ထားရသည်။ တစ်နေ့နေ့တွင် ချန်ကျဲ့မှာ မကောင်းသည့်ကိစ္စတစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါက သူမအနေဖြင့် လျှို့ဝှက်သည့်တစ်နေရာကို ရှာဖွေပြီး ဤကလေးကို မွေးဖွားရပေမည်။ ချန်မိသားစုတွင် မျိုးဆက်ကျန်ရစ်ကြောင်း သေချာစေပြီးမှသာ မိမိကိုယ်ကိုယ် သတ်သေ၍ ခင်ပွန်းဖြစ်သူနောက်သို့ လိုက်သွားမည်ဖြစ်သည်။

…

စစ်သည်တော်များသည် မိမိတို့ချစ်ရသူများကို လွမ်းဆွတ်တမ်းတခြင်းများဖြင့် ချန်ရစ်ခဲ့ကာ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ရသည်။

စစ်မြေပြင်၏ ကျယ်ပြောသည့် စစ်တလင်းပြင်ကို ဖြတ်ကျော်၍ သူတို့ပြန်အလာကို စောင့်မျှော်ကြရသည်။

ဤသို့ဖရိုဖရဲအခြေအနေ၌ အမျိုးသား၊အမျိုးသမီးများသည် အထက်ပါ အခြေအနေကို နေ့စဉ်ရက်ဆက် ကြုံတွေ့ဖြတ်ကျော်နေရပေသည်။

တိတ်ဆိတ်နေသည့် လမ်းထဲသို့ လူအုပ်စုကြီး ဖြတ်လျှောက်လာသည်။ ချန်ကျဲ့ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

မဖြစ်ဘူး။ ငါက ညီနောင်တွေကို အတင်းချီတက်ပြီး မတိုက်ခိုက်စေဘဲ ရန်သူကို ပရိယာယ်ဆင်ပြီး မျှားခေါ်မယ့်နည်းကို အသုံးပြုဖို့ စဉ်းစားထားပေမဲ့ ဒီလို အရမ်းတိတ်တိတ်ဆိတ်ဆိတ်သွားတာက အရမ်း စိတ်အားတက်ကြွမှု မရှိတဲ့ပုံပေါ်နေတယ်။

ထိုသို့တွေးလိုက်မိပြီး ချန်ကျဲ့ ပြောလိုက်သည်။

“အရမ်းထိပ်တိုက် တိုက်ခိုက်တာကို ရှောင်ရမှာပေမဲ့ ငါတို့ရဲ့တိုက်ပွဲဟစ်ကြွေးသံကတော့ အကျယ်လောင်ဆုံး ဖြစ်နေသင့်တယ်”

ထိုသို့နားလည်လိုက်ပြီးနောက် ချန်ကျဲ့ ကျိုးချူကို ခေါ်လိုက်သည်။

ကျိုးချူသည် ထိုအရာများတွင် ကျွမ်းကျင်သူဖြစ်ရာ ချန်ကျဲ့၏ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်သည်။

ကျိုးချူမှ ပြောသည်။

“ခန်းမအရှင်သခင် ကျွန်တော့်ကိုသာ ယုံကြည်ထားလိုက်ပါ”

လေထုအခြေအနေဖန်တီးတာက ငါ့ရဲ့ကျွမ်းကျင်မှုပဲလေ။

ကျိုးချူသည် ထိုသို့တွေးလျက် တပ်ဖွဲ့ကြီး၏ ရှေ့သို့ ပြေးသွားပြီး အော်ဟစ်ပြောလိုက်သည်။

“ညီနောင်တို့ ဓားတွေထုတ်လိုက်ကြ”

တချွင်ချွင်အသံများနှင့်အတူ တပ်သားတစ်ရာခန့်သည် ဆက်တိုက် ဓားများ ဆွဲထုတ်လိုက်ကြသည်။ ကျိုးချူမှ ဟစ်ကြွေးပြောဆိုသည်။

“ညီနောင်တို့ လက်ထဲမှာ ဓားကိုမြဲမြဲကိုင်ပြီး ကျုပ်နောက်လိုက်ခဲ့ကြ၊ နန်ပါးထျန်းကို သတ်ပြီး ငါတို့ရဲ့သွေးကြွေးကို ပြန်ပေးဆပ်ခိုင်းမယ်”

ထိုသွေးကြွေးမှာ နန်ပါးထျန်းမှ ကုချင်းဖုန်းကို ခိုင်းစေပြီး သတ်ခိုင်းခဲ့သည့် ကျားဖြူခန်းမ၏သူရဲကောင်း၂၈ဦး၏ သွေးကြွေးကို ဆိုလိုခြင်းဖြစ်သည်။

ထိုအခါ တပ်သားများသည် ရုတ်ချည်း ကျယ်လောင်စွာ ပြန်တုံ့ပြန်ကြသည်။

“နန်ပါးထျန်းကိုသတ်ပြီး သွေးကြွေးပြန်ပေးဆပ်ခိုင်းမယ်”

သို့ဖြင့် လေထုအခြေအနေမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

ချန်ကျဲ့ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ကျားဖြူခန်းမမှာ အလုပ်ကို ရှောင်လွှဲချင်သည်ဖြစ်စေ ကိစ္စမရှိပေ။ လူသားဆန်မှုနှင့် ပတ်သက်လာလျှင် သူတို့ လုံးဝ မရှုံးနိုင်ပေ။

ကျားဖြူခန်းမတပ်ဖွဲ့ကြီးသည် တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် နှုတ်မှလည်း ဆောင်ပုဒ်ကို ဟစ်ကြွေးရွတ်ဆိုကာ ဆက်လက်ချီတက်ကြသည်။ ထိုသို့မြင်ကွင်းကို မြင်တွေ့ရသူတိုင်းမှာ တကယ်တမ်းတွင် ဤကျားဖြူခန်းမမှာ အလုပ်ကို ရှောင်လွှဲဖို့ ရည်ရွယ်ချက်ရှိနေကြောင်း မည်သို့မျှ တွေးထင်မိကြလိမ့်မည် မဟုတ်ပေ။

သို့ဖြင့် ကျားဖြူခန်းမတပ်ဖွဲ့ကြီးသည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သို့ အားမာန်အပြည့်ဖြင့် ချီတက်နေခဲ့သည်။ ထိုစဉ် သူတို့၏ရှေ့မှ တပ်ဖွဲ့တစ်ဖွဲ့ ဖြတ်ပြေးချီတက်သွား၏။ ထိုတပ်ဖွဲ့ကို ဦးဆောင်လာသူမှာ လျိုလောင်ကွေ့ဖြစ်သည်။

လျိုလောင်ကွေ့သည် ပိုင်မော့ရှန်းနှင့်အတူ လူတစ်ရာကျော်ပါဝင်သည့် တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ ချီတက်လာနေခြင်းဖြစ်သည်။

လျိုလောင်ကွေ့ကို မြင်သောအခါ ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။

“အစ်ကိုကြီးလျို ရောက်လာတာ အချိန်ကွက်တိပဲဗျာ”

လျိုလောင်ကွေ့ ရယ်မောလိုက်ပြီး ပြောသည်။

“နန်ပါးထျန်းကို တိုက်ခိုက်ဖို့ကို နောက်ကျဖို့ဆိုတာ ငါရူးနေမှပဲ ဖြစ်လိမ့်မယ်”

ချန်ကျဲ့မှ ပြောသည်။

“အခုအခြေအနေကို ကြည့်ရတာတော့ နန်ပါးထျန်းက တကယ်ကြီး ကောက်ကျစ်ယုတ်မာတဲ့ အပြစ်သားပဲ”

လျိုလောင်ကွေ့မှ ပြန်ပြောသည်။

“အဲဒီကောင်နဲ့ ငါနဲ့ကြားမှာ တောင်တမျှကြီးမားတဲ့ သွေးကြွေးရှိတယ်။ သူဒီနေ့ အဲဒီသွေးကြွေးကို ကျိန်းသေပေါက် ပြန်ပေးဆပ်ရမယ်”

ချန်ကျဲ့မှ ပြောသည်။

“ဟုတ်တယ်။ ကျွန်တော့်မွေးစားအဖေကလည်း သူနဲ့ ဖုန်းရွှမ် ထောင်ချောက်ဆင်တာကြောင့် ကွယ်လွန်သွားခဲ့ရတာ။ ကျွန်တော့်ခန်းမက ကျဆုံးသွားတဲ့ သူရဲကောင်း၂၈ယောက်ရဲ့ အသက်တွေကိုဆို ပြောမနေပါနဲ့တော့။ စုစုပေါင်း အသက်၂၉ချောင်းအကြွေးတင်နေတာ။ ကျွန်တော်က နန်ပါးထျန်းရဲ့အသက်တစ်ချောင်းကိုပဲ ပြန်တောင်းဆိုတာ၊ သူ့ဘက်က မကျေနပ်စရာ မရှိပါဘူး”

လျိုလောင်ကွေ့မှ ရယ်မောလျက် ပြောသည်။

“ဒီနှစ်တွေအတွင်းမှာ သူ့လက်ထဲမှာ ငါ့လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရတယ်။ ဒါပေမဲ့ ငါလုံးဝ သည်းမခံနိုင်တာက သူက ငါ့သားကိုပါ သတ်ဖို့ကြိုးစားခဲ့တာကိုပဲ။ အဲဒီကိစ္စအတွက် သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”

သူတို့နှစ်ဦး၏ လက်စားချေလိုစိတ် ပြင်းပြနေသော အကြည့်များ အပြန်အလှန် ဆုံဆည်းမိကြသည်။

သူတို့စကားပြောနေစဉ် အနီးအနားမှ မြင်းခွာသံများကို ကြားလိုက်ရသည်။

ဒီလောက်များတဲ့ မြင်းခွာသံတွေ.. သခင်ကြီးယဲ့လုပဲ။

ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့ အသံလားရာသို့ လှည့်ကြည့်လိုက်ကြသည်။

ယဲ့လုဖုန်းသည် မြင်းစီးနှင်လာခဲ့ကာ သူ၏ဘေးမှ ချီမုကော လိုက်ပါလာသည်။ သူ၏နောက်တွင် မြင်းစစ်သည်နှစ်ရာခန့်သည် အမှောင်ထုထဲမှ တိုးထွက်လာနေသည်။ ယဲ့လုဖုန်း၏မြင်းတပ်နှင့် ချန်ကျဲ့၏တပ်ဖွဲ့တို့ ဆုံတွေ့သွား၏။

ချန်ကျဲ့နှင့် လျိုလောင်ကွေ့သည် ချက်ချင်း ရှေ့တိုးသွားပြီး ယဲ့လုဖုန်းကို အရိုအသေပြုနှုတ်ဆက်လိုက်သည်။

“သခင်ကြီးယဲ့လု”

ယဲ့လုဖုန်းမှ ပြောသည်။

“မင်းတို့နှစ်ယောက်လုံး ရောက်နေကြပြီပဲ။ လင်းယုန်ခန်းမရော ရောက်ပြီလား”

ချန်ကျဲ့နှင့် လျိုလောင်ကွေ့ အံ့အားသင့်သွား၏။

“လင်းယုန်ခန်းမက ဘာကိစ္စရှိလို့ပါလဲ”

ယဲ့လုဖုန်းမှ ပြောသည်။

“အင်း လင်းယုန်ခန်းမအရှင်သခင်ချင်းယင်လည်း အမှောင်ကို စွန့်ပြီး အလင်းဝင်လာတယ်လေ။ သူက ငါတို့နဲ့ ပူးပေါင်းဖို့ တပ်သားတွေ လွှတ်လိုက်မယ်ပြောတယ်”

လျိုလောင်ကွေ့မှ ပြောသည်။

“ကျွန်တော်တို့ လင်းယုန်ခန်းမရဲ့အရိပ်အယောင်ကို မမြင်မိသေးပါဘူး”

ချန်ကျဲ့ မျက်မှောင်ကြုတ်လျက် ပြောသည်။

“သူတို့က ကျွန်တော်တို့ကို စိတ်ရှုပ်ထွေးအောင်လုပ်ပြီး တကယ်တမ်းကျ မလာဖို့ စီစဉ်ထားတာများလား”

ယဲ့လုဖုန်းမှ ပြောသည်။

“ငါတို့ အကြာကြီးစောင့်နေလို့မရဘူး။ ခဏပဲ ထပ်စောင့်မယ်”

ထိုစဉ် လျိုလောင်ကွေ့မှ ပြောသည်။

“ဒီလောက်လူအုပ်ကြီးနဲ့ကို ကျွန်တော်တို့ ဆက်စောင့်နေလို့ မဖြစ်ဘူး။ နှောင့်နှေးနေရင် အခြေအနေအပြောင်းအလဲတွေ ပေါ်ပေါက်လာနိုင်တယ်”

ချန်ကျဲ့လည်း ထောက်ခံလိုက်သည်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ တကယ် ခဏလေးပဲ ထပ်စောင့်နိုင်တော့မှာ။ ဒီလောက်လူအင်အားလှုပ်ရှားမှုနဲ့ဆို ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်က ကျွန်တော်တို့ကို သတိထားမိသွားလောက်ပြီ”

ယဲ့လုဖုန်း မျက်လုံးမှေးကျုံ့လိုက်ပြီး ပြောသည်။

“အင်း ငါတို့ သူတို့ကို ခဏစောင့်…”

ယဲ့လုဖုန်း၏ စကားမဆုံးမီ၌ လူအုပ်ကြီးတစ်ခုသည် မီးတုတ်များကိုင်ဆောင်လျက် အဝေးမှ ချီတက်လာနေသည်ကို မြင်လိုက်ရသည်။ ထိုလူအုပ်မှာ အနည်းဆုံး လူငါးရာ၊ခြောက်ရာခန့်ရှိနိုင်လေရာ ချန်ကျဲ့၊ လျိုလောင်ကွေ့နှင့် ယဲ့လုဖုန်းတို့သုံးဦးပေါင်း လူအင်အားထက်ပင် ပိုများနေပေသည်။

All Chapters