အခန်း (၆၅၂)
Vol. 55 Ch. 652
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကြီးစိုးနေရာ ကြောက်မက်ဖွယ်ခံစားချက်ကို ဖြစ်ပေါ်စေသည်။
လျိုလောင်ကွေ့မှ ပြောသည်။
“ဘုရားရေ လင်းယုန်ခန်းမမှာ ပုန်းအောင်းနေတဲ့ နဂါးတွေ၊ကျားတွေနဲ့ ပြည့်နေတာပါရောလား။ လူအင်အားဒီလောက်များတာ။ ကျိုစစ် မင်းရဲ့ကျားဖြူခန်းမက အားလုံးပေါင်းမှ လူငါးရာ၊ခြောက်ရာပဲရှိတာ မဟုတ်လား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဟုတ်၊ ကျွန်တော့်ခန်းမက အဲဒီလောက်ပဲရှိတာပါ။ ချင်းယင်က သူ့အင်အားကို ဒီလောက်နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားမယ်လို့ လုံးဝ ထင်မထားမိဘူးပဲ”
ထိုအခါ ယဲ့လုဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည်လည်း လင်းယုန်ခန်းမ၏အင်အားကို စုံစမ်းခဲ့ဖူးသည်။ ဤသို့ တိုက်ခိုက်နိုင်သည့်လူအင်အား ငါးရာ၊ခြောက်ရာခန့် ထွက်လာနိုင်စရာမရှိပေ။
ဒီလူတွေ ဘယ်ကရောက်လာတာလဲ။
လင်းယုန်ခန်းမ၏ လူအုပ်ကြီးသည် သူတို့ဘက်သို့ လှည့်ကြည့်လာသည်။
…
“အဟွတ် အဟွတ်… တူကြီးရေ ငါ လမ်းဆက်မလျှောက်နိုင်တော့ဘူး။ နည်းနည်းလောက် နားရအောင်လေ..”
ထိုစဉ် လူအုပ်ထဲ၌ မိန်းမအိုကြီးတစ်ဦးသည် ချင်းဟူကို ဆွဲထားသည်။ ချင်းဟူသည် မျက်နှာအမူအရာကင်းမဲ့စွာဖြင့် ပြောသည်။
“အဒေါ် ကျေးဇူးပြုပြီး မြန်မြန်လျှောက်ပါဗျ။ ကျွန်တော်တို့ ရောက်တော့မှာပါ”
“ငါဆက်မလျှောက်နိုင်တော့ဘူး။ မင်းရဲ့ဦးလေးကြီးတွေကိုလည်း ကြည့်ပါဦး။ သူတို့အကုန်လုံး မြေကြီးမှာ ခြေပစ်လက်ပစ်ထိုင်ကုန်ကြပြီ”
ထို့နောက် မိန်းမအိုကြီးသည် မတရားခံရသော မျက်နှာအမူအရာဖြင့် ပြောသည်။
“ငါ့အသက် ၈၀ရှိနေပါပြီ။ အဲဒါကို မင်းက ငါ့ကို ဒီလိုဆွဲခေါ်လာပြီး လာလောနေတယ်။ မင်း ငါတို့လူအိုကြီးတွေကို သတ်ချင်နေတာလား”
ချင်းဟူသည် ချင်းပေါင်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ချင်းပေါင်မှ ပြောသည်။
“အစ်ကို၂၊ အစ်ကိုက ဒီမှာကျန်ခဲ့ပြီး အဒေါ်နဲ့ တခြားသက်ကြီးရွယ်အိုတွေကို ဦးဆောင်ခေါ်လာခဲ့လိုက်။ ကျွန်တော် သခင်ကြီးယဲ့လုနဲ့ သွားတွေ့နှင့်လိုက်မယ်။ ကျွန်တော်တို့ သခင်ကြီးယဲ့လုကို စောင့်ခိုင်းထားလို့ မဖြစ်ဘူး”
“ဟုတ်တယ် သွားနှင့် သွားနှင့်”
ချင်းဟူ၏စကားအဆုံး၌ ချင်းပေါင်သည် အမြန်အပြေးသွားကာ ယဲ့လုဖုန်းကို အရိုအသေပြု၍ ပြောသည်။
“သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”
ယဲ့လုဖုန်းသည် နောက်ဘက်ရှိလူများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်တွင် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“မင်းတို့က အတော်ကစားတတ်နေတယ်ပေါ့လေ”
ထိုအခါ ချင်းပေါင်မှ အမြန်ပြန်ဖြေသည်။
“သခင်ကြီး ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အရှိန်အဝါကို မြှင့်တင်ချင်လို့ပါ။ တစ်ခုခုမသင့်တော်တာရှိခဲ့ရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အပြစ်ပေးပါ”
“ချင်းယင် ဘယ်မှာလဲ”
ထိုအခါ ချင်းပေါင်သည် လက်သီးယှက်အရိုအသေပြုကာ ပြန်ဖြေသည်။
“သခင်ကြီးယဲ့လု အစ်ကိုကြီးက ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ထဲကို ဝင်သွားနှင့်ပါပြီ”
ယဲ့လုဖုန်းမှ ပြောသည်။
“မင်း.. လင်းယုန်ခန်းမက တိုက်ခိုက်နိုင်တဲ့သူတွေကို ဦးဆောင်ပြီး ကျားဖြူခန်းမနောက်က လိုက်ခဲ့။ နာမကျန်းအားနည်းတဲ့လူတွေကိုတော့ ထွက်သွားခိုင်းလိုက်”
“ဟုတ်ကဲ့”
ဆူပူကြိမ်းမောင်းခံလိုက်ရရာ ချင်းပေါင်သည် လင်းယုန်ခန်းမမှ တိုက်ခိုက်နိုင်သူ တစ်ရာခန့်ကို ချက်ချင်း ခွဲထုတ်ခေါ်ယူကာ ယဲ့လုဖုန်းနောက်မှ လိုက်၍ ကျားဖြူခန်းမဌာနချုပ်ထဲသို့ ချီတက်တော့သည်။
တိုက်ခိုက်ရန်ချီတက်နေသူများ၏အရှိန်အဝါမှာ ကြီးမားလှပေသည်။
ထိုစဉ် တည်းခိုခန်းတစ်ခု၌ ကျောက်ယာသည် ရုတ်တရက် လန့်နိုးလာကာ ထထိုင်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ရာ အပြင်ဘက်တွင် မီးတုတ်များကိုင်ဆောင်ကာ တစ်နေရာသို့ချီတက်နေသည့် လူအုပ်ကြီးကို မြင်လိုက်ရသည်။
ကျောက်ယာသည် ဒီနေ့ တောင်မြို့မှ အနောက်မြို့သို့ ချန်ကျိုစစ်အကြောင်း စုံစမ်းစစ်ဆေးဖို့အတွက် ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်သည်။ သို့သော် ညသန်းခေါင်းကြီးတွင် ဤသို့အရှုပ်အထွေးကြီးနှင့် ကြုံတွေ့ရမည်ဟု မျှော်လင့်မထားခဲ့ပေ။ ကြည့်ရသည်မှာ ကုန်သည်အဖွဲ့များကြားမှ ပဋိပက္ခဖြစ်လောက်မည်။ သို့သော် အဆက်မပြတ်သော ခြေသံများ၏နောက်မှ မြင်းခွာသံများကို တဖြည်းဖြည်း ကြားလာရ၏။
ဒါက ကိစ္စအသေးအမွှားလေး မဟုတ်ဘူးပဲ။ မြင်းခွာသံတွေ ဒီလောက်အများကြီးက မြင်းတပ်ကို အသုံးပြုနေတာလို့ ဖော်ပြနေတာပဲ။ သာ့ချန်မှာ ညီလာခံအတွင်း ရာထူးအဆင့်အတန်းတစ်ခုရှိသူတွေသာ မြင်းတပ်ကို ထိန်းချုပ်ခွင့်ရှိတာလေ။
အထူးသဖြင့် တောင်ပိုင်းဒေသမှာဆို ဒေသခံစီရင်စုအုပ်ချုပ်ရေးမှူးတွေပဲ မြင်းတပ်ကို အသုံးပြုနိုင်တာ မဟုတ်လား။
ခဏကြာပြီးနောက် ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းတွင် မြင်းစီးစစ်သည်များ ချီတက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအင်အားစုသည် အဝေးရှိ အိမ်တော်ကြီးတစ်ခုသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
ထိုအဆောက်အဦမှာ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ဖြစ်ကြောင်း ကျောက်ယာသိသည်။
ကိစ္စအကြီးကြီးဖြစ်တော့မှာပဲ။
ကျောက်ယာ၏မျက်လုံးများ စူးရှသွားပြီး ချက်ချင်း အဝတ်အစား ပြင်ဝတ်လိုက်သည်။ ထို့နောက် သူမ၏ဓားရှည်ကို ယူကာ တံခါးဖွင့်လိုက်သည်။
ထိုအခါ သူမကို အသင့်စောင့်ဆိုင်းနေသည့် အားသာ့၊ အားအာ့နှင့် အားစန်းတို့ကို မြင်တွေ့လိုက်ရသည်။
သူမ၏ ဤနောက်လိုက်သုံးဦးသည် သစ်သားခေါင်းများဖြစ်ကြသော်ငြား အတော်လေးတော့ အသုံးဝင်ပေသည်။
သုံးဦးသည် ကျောက်ယာနောက်မှ လိုက်ရင်း မေးသည်။
“အပြင်မှာ ဘာတွေဖြစ်နေတာလဲ”
အားအာ့မှ ပြန်ပြောသည်။
“ကျွန်တော် မသိဘူး။ ဒါပေမဲ့ ‘ဓားကိုကိုင်ဆွဲပြီး ငါ့နောက်လိုက်ခဲ့၊ နန်ပါးထျန်းကို သတ်ပြီး သွေးကြွေးပြန်ပေးဆပ်ခိုင်းမယ်’လို့ ကြားမိလိုက်သလိုပဲ”
ကျောက်ယာ မျက်မှောင်ကြုတ်လိုက်သည်။
“နန်ပါးထျန်း.. ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ပဲ။ ဒီလူတွေရဲ့ပစ်မှတ်က နန်ပါးထျန်းပဲ”
“ဟုတ်လောက်မယ်”
အားအာ့မှ ရေရွတ်သည်။ ကျောက်မှ ပြောသည်။
“အင်း အသင့်ပြင်ကြ။ ငါနဲ့အတူ လိုက်ကြည့်ရအောင်”
“ဟုတ်ကဲ့”
သို့ဖြင့် ကျောက်ယာနှင့် အားသာ့တို့သုံးဦးမှာ အပြင်ထွက်လာခဲ့ကြသည်။ သူတို့သည် မြေပေါ်မှ လျှောက်မသွားဘဲ အိမ်ခေါင်မိုးများပေါ်မှသာ ထိုလူအုပ်ကြီးနောက်သို့ အမှီလိုက်ခဲ့ကြသည်။
သို့ဖြင့် ငါးဖမ်းကုန်သည်အဖွဲ့သို့ဌာနချုပ်သို့ ရောက်လာခဲ့သည်။
မီးတုတ်မှ အလင်းရောင်များသည် ကောင်းကင်တစ်ခုလုံး ထိန်လင်းနေစေသည်။ ယဲ့လုဖုန်း လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
“ငါးဖမ်းကုန်သည်အဖွဲ့ကို ဝိုင်းလိုက်ကြ”
ထိုအမိန့်တွင် တပ်သားများသည် ရှေ့သို့တိုးသွားပြီး ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ကို ဝိုင်းလိုက်ကြသည်။
ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်အတွင်း၌
နန်ပါးထျန်းသည် စိုးရိမ်ပူပန်နေသည်။
ဒီအချိန်လောက်ဆို အသေခံတပ်သားတွေ သတင်းလာပို့သင့်နေပြီကို တစ်ခုခုများဖြစ်နေကြလို့လား။
သူ အရမ်းစိုးရိမ်ပူပန်နေစဉ် အပြင်ဘက်မှ ကြောက်လန့်တကြားပြေးလာသည့် ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။ နန်ပါးထျန်း ထိတ်လန့်သွားရကာ တံခါးခေါက်ရန်ပင် သတိမရနိုင်ဘဲ အခန်းထဲသို့ အော်ဟစ်ရင်း ပြေးဝင်လာသည့် အဖွဲ့သားကို လှည့်ကြည့်လိုက်သည်။
“ခေါင်းဆောင် ပြဿနာတက်နေပါပြီ။ ကျွန်တော်တို့ကို တပ်သားတွေ ဝိုင်းထားကြပြီ”
“ဘာ”
နန်ပါးထျန်းသည် ထိုင်နေရာမှ ထခုန်လိုက်မိပြီး တွေဝေမိန်းမောစွာဖြင့် သတင်းလာပို့သည့် အဖွဲ့သားကို ကြည့်နေခဲ့သည်။
“မင်းဘာပြောလိုက်တယ်”
“ကျွန်တော်တို့… ငါးဖမ်းကုန်သည်အဖွဲ့ အဝိုင်းခံထားရပြီလို့”
“အဝိုင်းခံထားရတယ်.. ဘယ်သူဝိုင်းတာလဲ”
နန်ပါးထျန်းသည် အဖွဲ့သားလေးကို စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။ အဖွဲ့သားမှာ တံတွေးမျိုချလိုက်ပြီးနောက် ပြန်ပြောသည်။
“သခင်ကြီးယဲ့လုဦးဆောင်တဲ့ တပ်သားတွေပါ။ သခင်ကြီးယဲ့လုပါ”
“ဘာ ဘယ်လိုဖြစ်နိုင်မှာလဲ”
နန်ပါးထျန်း၏မျက်လုံးများမှာ ကျွတ်ထွက်ကျလုမတတ်ပင်။
ယဲ့လုဖုန်း ငါးဖမ်းကုန်သည်အဖွဲ့ကို ဝိုင်းထားတယ်ပေါ့လေ။ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။
မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေကို ရှာမတွေ့သေးဘူးလေ။ ငါက သူ့အတွက် တန်ဖိုးရှိနေသေးတယ်။ ယဲ့လုဖုန်း ယဲ့လုဖုန်းက ဘာလို့ ငါ့ကို တပ်သားတွေနဲ့ လာဝိုင်းရတာလဲ။ ဒါအဓိပ္ပာယ်မရှိဘူး။
နန်ပါးထျန်းမှာ ဘာကြောင့် ဒီလိုဖြစ်ရသည်ကို နားမလည်နိုင်ဘဲ အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။
မျက်နှာထက်တွင်လည်း မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။
ထိုစဉ် မှေးကျုံ့ထားသည့် ချင်းယင်၏မျက်လုံးအစုံတွင် အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ထို့နောက် ချင်းယင်မှ ပြောသည်။
“ခေါင်းဆောင် အခုက ဒါကိုစဉ်းစားနေရမယ့်အချိန် မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုချက်ချင်း အနောက်တံခါးကနေ ထွက်ပြေးရပါမယ်။ ကျွန်တော်တို့ ဒီမှာပိတ်မိသွားရင် အန္တရာယ်များပါတယ်”
ထိုအခါ နန်ပါးထျန်းမှ ချက်ချင်း တုံ့ပြန်လာသည်။
“ဟုတ်တယ် ဟုတ်တယ်၊ ထွက်ပြေးရမယ်၊ အနောက်တံခါးကနေ ထွက်ပြေးရမယ်”
ထိုသို့တွေးလျက် နန်ပါးထျန်းသည် အလွန်တရာ အလျင်လိုနေသဖြင့် မည်သည့်ပစ္စည်းမျှ မယူတော့ဘဲ အနောက်တံခါးသို့ တန်းပြေးသွားလိုက်သည်။
သို့သော် သူ တံခါးအနီးသို့ ရောက်ချိန်တွင် သူ့ထံ အော်ဟစ်လျက် ပြေးလာနေသည့် အဖွဲ့သားများကို မြင်လိုက်ရသည်။
“ခေါင်းဆောင် အနောက်တံခါးက သွားလို့မရပါဘူး။ အဲဒီမှာ ချန်ကျိုစစ်နဲ့ လျိုလောင်ကွေ့တို့ ပိတ်ဆို့ထားပါတယ်”
“အား”
နန်ပါးထျန်းမှာ အံ့ဩထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်မိရလေသည်။