အခန်း (၆၅၃)
Vol. 55 Ch. 653
“အနောက်တံခါးက သွားလို့မရပါဘူး”
“အရှေ့တံခါးကိုလည်း သုံးလို့မရပါဘူး။ အရှေ့တံခါးမှာ ချီမုကောနဲ့ သခင်ကြီးယဲ့လုတို့ ပိတ်ဆို့ထားပါတယ်”
တစ်ကြိမ်ပြီးတစ်ကြိမ် ပို့ဆောင်လာသည့် သတင်းများသည် နန်ပါးထျန်းအား ထောင့်စွန်းဆီသို့ တွန်းပို့နေခဲ့သည်။
ထိုအခိုက်အတန့်၌ နန်ပါးထျန်း၏မျက်နှာမှာ ဆိုးရွားပျက်ယွင်းနေခဲ့ကာ မျက်လုံးအစုံတွင် အမျက်ဒေါသများ ထင်ဟပ်နေသည်။ ထိုစဉ် ချင်းယင်သည် နန်ပါးထျန်း၏အဖွဲ့သားများနှင့်အတူ နန်ပါးထျန်းနောက်မှ လိုက်နေခဲ့သည်။ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်တစ်ခုလုံးမှာ ထိတ်ထိတ်ပျာပျာအခြေအနေသို့ သက်ဆင်းသွားတော့သည်။
ထို့နောက် နန်ပါးထျန်းမှ ပြောသည်။
“လှေကားယူလာခဲ့”
လက်အောက်ငယ်သားတစ်ဦးသည် လှေကားတစ်စင်း အမြန်ပြေးယူလာသည်။ နန်ပါးထျန်းသည် လှေကားဖြင့် ခြံဝင်းတံတိုင်းပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားခဲ့သည်။ သို့သော် သူ့အား လူမြင်မခံဝံ့သောကြောင့် ခေါင်းတစ်ဝက်သာ ပေါ်စေပြီး ချောင်းမြောင်းကြည့်လိုက်သည်။
နန်ပါးထျန်းသည် အဘယ်ကြောင့် တံတိုင်းပေါ်မှ ခုန်ပျံပြေးလွှားပြီး ထွက်မပြေးရသနည်း။
အကြောင်းမှာ ဒူးလေးမြားများကြောင့် ဖြစ်သည်။
လူမြင်သွားသည်နှင့်တစ်ပြိုင်နက် ဒူးလေးသမားများ၏ပစ်မှတ် ဖြစ်လာလိမ့်မည်မှာ မလွဲမသွေပင်။ သူ ထွက်ပြေးရမည်ဖြစ်သော်ငြား ထွက်ပြေးချိန်တွင် သတိကြီးကြီးထားရပေမည်။
နန်ပါးထျန်းသည် ခေါင်းတစ်ဝက်ဖော်၍ အပြင်ကို ချောင်းကြည့်လိုက်သည်။ မီးတုတ်များထက်မှ မီးလျံများသည် အရှိန်ပြင်းစွာ တောက်လောင်နေကာ လမ်းတစ်လျှောက်လုံးကို လင်းထိန်နေစေသည်။
မီးတုတ်အလင်းရောင်အောက်၌ မြင်းစစ်သည်တော်နှစ်ရာသည် ငါးဖမ်းကုန်သည်အဖွဲ့ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ဝန်းရံထားသည်။ ထိုမြင်းစစ်သည်တော်တစ်ဦးချင်းစီတိုင်းမှာ ဒူးလေးများကို ကိုင်ဆောင်ထားကြကာ ငါးဖမ်းကုန်သည်အဖွဲ့အိမ်တော်ကို ချိန်ရွယ်ထားကြလေသည်။ ထို့ပြင် အနီးအနားရှိ အိမ်ခေါင်မိုးထက်တွင် ဆင်ထားသည့် လူဖမ်းပိုက်ကွန်ကိုလည်း နန်ပါးထျန်း သတိထားမိလိုက်သည်။
သူ အိမ်ခေါင်မိုးများပေါ်သို့ ခုန်တက်ထွက်ပြေးခဲ့ပါက ပထမဆုံးရင်ဆိုင်ရမည့်အရာမှာ ထိုပိုက်ကွန်ဖြစ်သည်။ ပိုက်ကွန်ကြောင့် အရှိန်အနည်းငယ်ဖြစ်ဖြစ် နှေးကွေးသွားခဲ့ပါက သူ နောက်ထပ်ရင်ဆိုင်ရမည့်အရာမှာ ဒူးလေးများမှ ပစ်လွှတ်လိုက်သည့် မြားများဖြစ်သည်။
ထို့ပြင် အနောက်တံခါးတွင် ချန်ကျဲ့နှင့် လျိုလောင်ကွေ့၊ အရှေ့တံခါးတွင် ချီမုကောတို့ စောင့်ကြပ်နေကြသေးသည်။ နန်ပါးထျန်းမှာ အတောင်ပံပါလျှင်ပင် ပျံထွက်သွားရန် မဖြစ်နိုင်ပေ။
အခြေအနေကို နားလည်သွားခဲ့ရာ နန်ပါးထျန်းသည် ထွက်ပြေးခြင်းငှာ မဖြစ်နိုင်တော့ကြောင်း သိရှိလိုက်သည်။
ကျန်ရှိသည့် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ အစွမ်းကုန်တိုက်ခိုက်ရန်သာ ဖြစ်တော့သည်။
“မျန့်ရွှေကို ဆယ်စုနှစ်တစ်ခုကျော်အုပ်စိုးခဲ့တဲ့ ငါနန်ပါးထျန်းက ဒီလိုကံကြမ္မာမျိုးနဲ့ အဆုံးသတ်သွားမှာ မဟုတ်ဘူး။ ငါက မရေမတွက်နိုင်တဲ့ စိတ်ခြောက်ချားဖို့ကောင်းတဲ့ မြင်ကွင်းတွေကို ကြုံတွေ့ခဲ့ဖူးပြီးသားပဲ။ ဒီနေ့အခြေအနေက ကပ်ဘေးဒုက္ခကြီးကျရောက်နေသလိုပဲဆိုပေမဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်တဲ့အခွင့်အရေး လုံးဝ မရှိတာတော့ မဟုတ်ဘူး”
“ဂိတ်တံခါးဖွင့်လိုက်”
နန်ပါးထျန်းသည် ဘေးဒုက္ခကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ အဖွဲ့သားများသည် အော်ဟစ်ကြုံးဝါးလျက် ငါးဖမ်းကုန်သည်အဖွဲ့ ဂိတ်တံခါးကို ဖွင့်လိုက်ကြသည်။
နန်ပါးထျန်းသည် တစ်ဖက်သွားဓားကို ကိုင်ဆွဲ၍ အသေခံတပ်သားတစ်စုကို ဦးဆောင်ကာ ချင်းယင်နှင့်အတူ ဂိတ်တံခါးမှ ဖောက်ထွက်သည်။
ထိုစဉ် အပြင်ဘက်ရှိ လူတစ်ယောက်မှ အော်ပြော၏။
“ဒီမှာ နန်ပါးထျန်းထွက်လာပြီ ထွက်လာပြီ”
ထိုအခါ အားလုံးသည် ဂိတ်တံခါးသို့ ကြည့်လိုက်ကြသည်။ နန်ပါးထျန်းသည် ဂိတ်တံခါးမှ လမ်းလျှောက်ထွက်လာသည်။
ချီမုကောသည် မြင်းအား ခြေလှမ်းအနည်းငယ် ရှေ့တိုးစေလိုက်ပြီး ယဲ့လုဖုန်းရှေ့တွင် ကာရပ်လိုက်သည်။ ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ဘာမှမပြောဘဲ တိတ်တဆိတ် စိုက်ကြည့်နေသည်။
နန်ပါးထျန်းသည် တန်ဖိုးကြီးလှစွာသော တစ်ဖက်သွားဓားကို ကိုင်ဆောင်လျက် ယဲ့လုဖုန်းရှိရာသို့ ဦးတည်လျှောက်သွားပြီး အရိုအသေပြုနှုတ်ဆက်လိုက်သည်။
“သခင်ကြီးယဲ့လု ဒီလိုညသန်းခေါင်အချိန်ကြီးမှာ ဘာကိစ္စကြောင့်များ စစ်သည်တွေခေါ်လာပြီး ကျွန်တော့်ရဲ့ငါးဖမ်းကုန်သည်အဖွဲ့ကို ဝိုင်းထားတာပါလဲ”
ယဲ့လုဖုန်းသည် နန်ပါးထျန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ပြောသည်။
“ခေါင်းဆောင်နန် မင်းက မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြံစည်နေတယ်လို့ လူတစ်ယောက်က တိုင်ကြားထားတယ်။ မင်း ငါတို့နဲ့ အတူလိုက်ခဲ့ပြီး ရှင်းပြဖို့လိုတယ်”
နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်ပြီး မေးသည်။
“ဘယ်သူလဲ။ ဘယ်သူက ကျွန်တော့်ကို မိန်ဂိုဏ်းနဲ့ပူးပေါင်းနေပါတယ်လို့ စွပ်စွဲတာလဲ”
ထိုအခါ ဘေးဘက်မှ အသံထွက်ပေါ်လာသည်။
“ကျုပ် ချန်ကျိုစစ်ပဲ”
ထိုအခါ နန်ပါးထျန်းသည် လမ်း၏ဘယ်ဘက်ခြမ်းမှ ထွက်လာသည့် ချန်ကျဲ့ကို လှည့်ကြည့်လိုက်သည်။ ချန်ကျဲ့မှာ အနောက်တံခါးဘက်မှ ပြန်လှည့်လာခြင်းဖြစ်ကြောင်း သိသာပေသည်။
တစ်ချိန်တည်း၌ နောက်ထပ်အသံထွက်ပေါ်လာသည်။
“ပြီးတော့ ငါရောပဲ”
ထိုအခါ နန်ပါးထျန်းသည် အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ လျိုလောင်ကွေ့သည် လမ်း၏ညာဘက်မှ ထွက်လာသည်။
သို့ဖြင့် သူတို့သည် နန်ပါးထျန်းကို အလယ်တွင်ပိတ်၍ ဝန်းရံထားလိုက်ကြသည်။ နန်ပါးထျန်းသည် သိသိသာသာ မျက်မှောင်ကြုတ်လျက် ဓားကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
နန်ပါးထျန်းသည် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ ထို့နောက် နန်ပါးထျန်းသည် စိတ်အတွင်းမှ ဒေါသကို ဖိနှိပ်ထိန်းချုပ်၍ ယဲ့လုဖုန်းကို ပြောသည်။
“သခင်ကြီး၊ ကျွန်တော်နဲ့ ချန်ကျိုစစ်ကြားက အခြေအနေကို သခင်ကြီးသိပါတယ်။ သူက ကျွန်တော့်ကို မိန်ဂိုဏ်းနဲ့ပူးပေါင်းတယ်လို့ စွပ်စွဲတယ်ဆိုတာ သူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်က ကျွန်တော့်ကို သတ်ပြီး ကျွန်တော့်ရဲ့ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို လိုချင်လို့ပါ”
“သခင်ကြီး ကျွန်တော်တောင်းပန်ပါတယ်။ ဒီမကောင်းတဲ့လူရဲ့အကြံအစည်ထဲ ကျရောက်မသွားပါစေနဲ့”
ထိုအခါ ယဲ့လုဖုန်းသည် ဘာမှမပြောဘဲ နန်ပါးထျန်းကို ကြည့်နေခဲ့သည်။
“ခေါင်းဆောင်နန်ပြောတာ ဟုတ်ပါတယ်။ မင်းနဲ့ချန်ကျိုစစ်ကြားက ရန်ငြိုးကို ငါတို့သတိထားမိပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်က မင်းကို ဘယ်သူမှ ထောင်ချောက်ဆင်တာ မဟုတ်ဘူး”
“ဘာ”
နန်ပါးထျန်း၏ ယဲ့လုဖုန်းကိုကြည့်နေသည့် မျက်နှာအမူအရာ ပြောင်းလဲသွားသည် ယဲ့လုဖုန်းမှ ဆက်ပြောသည်။
“ခေါင်းဆောင်နန် ငါ မင်းကိုမေးပါရစေ။ ငါ မင်းကိုတာဝန်ပေးထားတဲ့ မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေကို ရှာတာ ဘယ်လိုအခြေအနေရှိသလဲ”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“သခင်ကြီးယဲ့လု ၁၅ရက်မပြည့်သေးဘူးလေ”
“အို အဲဒီတော့ မင်းရဲ့အဓိပ္ပာယ်က စစ်လက်နက်ပစ္စည်းတွေကို ရှာမတွေ့သေးဘူးပေါ့ ဟုတ်လား”
နန်ပါးထျန်းသည် အရိုအသေပြုလျက် ပြန်ဖြေသည်။
“ဟုတ်ပါတယ်”
ယဲ့လုဖုန်းမှ မေးသည်။
“ဒါဆို အချိန်ပြည့်လို့မှ မင်း အဲဒီစစ်လက်နက်ပစ္စည်းတွေကို မရှာနိုင်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီအတွက် မင်း ဘယ်လိုဖြေရှင်းမလဲ”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“ကျွန် ကျွန်တော့်ကိုယ်ကျွန်တော် သခင်ကြီးယဲ့လုလက်ထဲ အပ်နှံပါ့မယ်။ ကျွန်တော့်ရဲ့အပြစ်တွေကို ဝန်ခံပြီး အပြစ်ဒဏ်ကို လက်ခံပါ့မယ်”
“အဲဒီလို လုံးဝ ဖြစ်လာမှာမဟုတ်ဘူး ဟုတ်တယ်မလား။ မင်း ဘယ်လိုများ ငါ့ကိုလှည့်စားဖို့အတွက် စစ်လက်နက်ပစ္စည်းတွေကို ထုတ်လုပ်နိုင်ရတာလဲ”
ယဲ့လုဖုန်းသည် နန်ပါးထျန်းကို စိုက်ကြည့်နေခဲ့သည်။
နန်ပါးထျန်း၏နှလုံးမှာ အပြင်းအထန်ခုန်လှုပ်သွားရကာ အမြန်ရယ်မောလိုက်ရင်း အခြေအနေတင်းမာမှုကို ဖြေလျှော့ရန် ကြိုးပမ်းလိုက်သည်။
“သခင်ကြီးယဲ့လုက နောက်နေပါပြီ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲဒီလိုလုပ်မှာပါလဲ”
ယဲ့လုဖုန်း လှောင်ရယ်လိုက်ပြီး ပြောသည်။
“ဒါဆို မြောက်ပိုင်းတောင်သတ္တုတွင်းက ကိစ္စကို မင်းဘယ်လိုရှင်းပြမလဲ”
“ဘာ ဘာကို မြောက်ပိုင်းတောင်သံသတ္တုတွင်းက ကိစ္စလဲ”
နန်ပါးထျန်းသည် တုန်လှုပ်သွားခြင်းကြောင့် စကားများပင် ထစ်ကုန်နေသည်။ ထိုအခါ ယဲ့လုဖုန်း ရယ်မောလိုက်သည်။
“ဟားဟား မင်း ဝန်ခံမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ခေါ်လာခဲ့စမ်း”
ထိုအမိန့်၌ လူတစ်စုသည် ရုတ်ချည်း ခေါ်ဆောင်လာခံရလေသည်။ ထိုလူတစ်စုမှာ မြောက်ပိုင်းတောင်သတ္တုတွင်းတွင် ဖမ်းဆီးရမိခဲ့သည့် အသေခံတပ်သားများဖြစ်သည်။
ထိုအသေခံတပ်သားများသည် နှစ်ဖက်အင်အားစုရှေ့တွင် ဒူးထောက်နေသည်။ သူတို့ကိုမြင်လိုက်သည်နှင့် နန်ပါးထျန်းမျက်နှာအမူအရာမှာ ဆိုးဆိုးရွားရွား ပျက်ယွင်းသွားတော့သည်။