← Chapters

အခန်း (၆၅၄)

Vol. 55 Ch. 654

အခန်း (၆၅၄)

Vol. 55 Ch. 654

အကြောင်းမှာ ဤမြင်ကွင်းသည် သူ၏အသေခံတပ်သားများသည် ဘက်ပြောင်းသွားပြီဖြစ်ကြောင်း ဖော်ပြနေသောကြောင့်ပင်။ စည်းမျဉ်းများအရ မြောက်ပိုင်းတောင်သံသတ္တုတွင်းကိစ္စ လူမိသွားသည့်နှင့်တစ်ပြိုင်နက် အသေခံတပ်သားများသည် ရန်သူကို အစွမ်းကုန်တိုက်ခိုက်ကြရမည်။ ရန်သူကို အနိုင်မတိုက်နိုင်ပါက နန်ပါးထျန်းကို မငြိစွန်းစေရန်အတွက် မိမိကိုယ်ကိုယ် သတ်သေကြရမည်ဖြစ်သည်။ သို့သော် ယခုတွင်တော့ သူ၏အသေခံတပ်သားများသည် နှစ်ဖက်အင်အားစုအလယ်တွင် အသက်ရှင်လျက် ရှိနေကြပေသည်။

ဆိုလိုသည်မှာ သူ၏အသေခံတပ်သားများ ဘက်ပြောင်းသွားခဲ့လေပြီ။

နန်ပါးထျန်း၏မျက်နှာထက်တွင် စိုးထိတ်မှုတစ်စ ဖြတ်ပြေးသွားသော်ငြား လျင်မြန်စွာ ပြန်ဖုံးကွယ်နိုင်လိုက်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

ဘယ်ဘက်တွင် လျိုလောင်ကွေ့ရှိသည်။ လျိုလောင်ကွေ့၏အင်အားသည် အားမနည်းပေ။ သူတို့နှစ်ယောက်တိုက်ခိုက်ပါက အနိုင်အရှုံးကွဲပြားရန် မလွယ်ကူနိုင်ပေ။

ညာဘက်တွင် ချန်ကျိုစစ်ရှိသည်။ ချန်ကျိုစစ်၏အင်အားသည်လည်း အားမနည်းလောက်ချေ။ သူ ချန်ကျိုစစ်ကို အနိုင်တိုက်နိုင်သော်ငြား အမြန်ထွက်ပြေးလွတ်မြောက်နိုင်ရန်မူ ခက်ခဲလိမ့်မည်။

ရှေ့တည့်တည့်မှ ဖောက်ထွက်မည်ဆိုပါက ချီမုကောနှင့် ရင်ဆိုင်ရမည်။ ချီမုကော၏အင်အားသည် လျိုလောင်ကွေ့နှင့် တန်းတူလောက်ဖြစ်သည်။

အန္တရာယ်များဆုံးအခြေအနေမှာ ထိုသုံးဦးစလုံး သူ့ကို တစ်ပြိုင်နက်တိုက်ခိုက်လာခြင်း ဖြစ်လိမ့်မည်။ နန်ပါးထျန်းအတွက် အကောင်းဆုံးရွေးချယ်မှုမှာ တစ်ဖက်သို့ပြေးသွားပြီး ရန်သူကို အမြန်သတ်ဖြတ်ကာ အဝိုင်းခံထားရသည့်အခြေအနေမှ ထွက်ပြေးလွတ်မြောက်ရန် ဖြစ်သည်။

သို့ဖြစ်ရာ ပိုမိုလွယ်ကူမည့် ရန်သူကို ရွေးချယ်ရပေမည်။

ထိုစဉ် ယဲ့လုဖုန်းသည် မြင်းပေါ်မှ နန်ပါးထျန်းကို ငုံ့ကြည့်လျက် ပြောသည်။

“နန်ပါးထျန်း မင်းမှာ ပြောစရာစကားရှိသေးသလား”

နန်ပါးထျန်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

“သခင်ကြီးယဲ့လု ကျွန်တော် မတရားစွပ်စွဲခံရတာပါ။ ကျွန်တော် ဒီလူတွေကို မသိပါဘူး”

ထိုအခါ ယဲ့လုဖုန်း နန်ပါးထျန်းကို ပြန်လှည့်ကြည့်လာသည်။

“ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဒီလိုမျိုး တာဝန်ကိုရှောင်လွှဲနေတာ မင်းရဲ့ဂုဏ်သိက္ခာကို ပျက်စီးစေလိမ့်မယ်”

“သခင်ကြီးယဲ့လု ကျွန်တော့်မှာ ဘာဂုဏ်သိက္ခာများရှိလို့လဲ။ ကျွန်တော်က သခင်ကြီးယဲ့လုရဲ့ မျက်နှာသာပေးမှုအောက်မှာ ရှင်သန်နေရတဲ့ ခွေးတစ်ကောင်ပါပဲ။ အခု သခင်ကြီးက ကျွန်တော်အိုမင်းလာလို့ အသုံးမဝင်တော့ဘူးဆိုပြီး ငြိုငြင်လာပြီး ကျွန်တော့်နေရာကို နောက်ထပ်ခွေးတစ်ကောင်နဲ့ အစားထိုးချင်နေတာလေ။ မဟုတ်ရင် ကျွန်တော့်ကို သေတွင်းတွန်းပို့စရာ အကြောင်းရှိပါ့မလား”

“ဒီလိုဆိုမှတော့ ကျွန်တော် ဆန္ဒအလျောက် ငါးဖမ်းကုန်သည်အဖွဲ့ကနေ နှုတ်ထွက်ပေးပါတယ်။ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ရာထူးကို ချန်ကျိုစစ်ကို ပေးလိုက်ပါ။ သခင်ကြီးအနေနဲ့ ကျွန်တော့်ကို လွတ်လမ်းတစ်ခုပဲ ချန်ပေးပါ။ ကျွန်တော့်ကို မျန့်ရွှေကနေ ထွက်သွားခွင့်ပြုပါ။ သခင်ကြီး လက်ခံပေးနိုင်မလား”

နန်ပါးထျန်းသည် ယဲ့လုဖုန်းကို တောင်းဆိုသည်။ ယဲ့လုဖုန်း၏မျက်နှာထက်တွင် ခပ်မြူးမြူးအပြုံးတစ်ခု ဖြစ်တည်နေပေသည်။

“ငါ မင်းကို လွှတ်ပေးမယ်ထင်သလား”

ယဲ့လုဖုန်းကိုကြည့်နေသည့် နန်ပါးထျန်း၏မျက်နှာအမူအရာမှာ ရုတ်ချည်း မည်းမှောင်သွားတော့သည်။

“သခင်ကြီး ကျွန်တော်တို့အချင်းချင်း သိကျွမ်းလာတာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိခဲ့ပါပြီ။ ကျွန်တော်တို့ ဒီလောက်အထိ ဖြစ်ရမှာလား”

ယဲ့လုဖုန်းသည် နန်ပါးထျန်းကို စေ့စေ့ကြည့်လိုက်ပြီး ပြောသည်။

“နန်ပါးထျန်း ငါက အရာရှိတစ်ယောက်ပဲ။ မင်းကတော့ သိုင်းလောက,က ဓားပြတစ်ယောက်လေ။ ငါတို့ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုး ရှိနိုင်မှာတဲ့လဲ။ ပြီးတော့ မင်းက မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး စစ်လက်နက်တွေ လျှို့ဝှက်ထုတ်လုပ်ပြီး ငါ့ကို အကြိမ်ကြိမ် လိမ်လည်လှည့်ဖျားခဲ့တယ်။ မင်းက တကယ်ကြီး ငါ့ကိုအရူးလုပ်ရတာ လွယ်တယ်လို့ ထင်နေတာလား”

နန်ပါးထျန်း၏မျက်နှာ တင်းမာသွား၏။ ယဲ့လုဖုန်းမှ ကြေညာသည်။

“အားလုံးပဲ သေချာနားထောင်ကြ။ ဒီနေ့ စုံစမ်းမေးမြန်းမှုမှာ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နန်ပါးထျန်းက မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး စစ်လက်နက်တွေ လျှို့ဝှက်ထုတ်လုပ်ပြီး ပုန်ကန်ဖို့ကြံစည်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်။ အားလုံးပဲ ဘယ်ညာခြံရံပြီး ဒီသစ္စာဖောက်ကို ဖမ်းဆီးကြမယ်”

“ဟုတ်ကဲ့”

သို့ဖြင့် ဝန်းရံထားသည့် စစ်သည်များသည် ရုတ်ချည်း ချဉ်းကပ်လာကြသည်။ ကုန်သည်အဖွဲ့သားများသည်လည်း ဖြည်းဖြည်းချင်း ရှေ့တိုးလာကြသည်။

နန်ပါးထျန်း၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။ နန်းပါးထျန်းသည် မျက်နှာပျက်ယွင်းလျက် ခေါ်လိုက်သည်။

“ချင်းယင်”

“ခေါင်းဆောင်”

ချင်းယင်သည် နန်ပါးထျန်း၏နောက်မှ စဉ်းလဲသည့်အသံဖြင့် ပြန်တုံ့ပြန်သည်။ သူ၏အင်္ကျီလက်ထဲတွင် ဓားမြှောင်တစ်ချောင်းကို ဖွက်ကိုင်ထား၏။

“မင်း လျိုလောင်ကွေ့ကို ထိန်းထား… နေဦး မင်းက..”

နန်ပါးထျန်းသည် သူ ချန်ကျိုစစ်ကို အနိုင်တိုက်ဖို့ အချိန်ဆွဲပေးရန်အတွက် ချင်းယင်အား လျိုလောင်ကွေ့ကို ထိန်းထားရန် ညွှန်ကြားနေစဉ် သူ့ကိုဝန်းရံထားသူများထဲမှ လင်းယုန်ခန်းမ၏ချင်းပေါင်ကို အမှတ်တမဲ့ မြင်လိုက်လေသည်။

ချက်ချင်းပင် နန်ပါးထျန်း သတိနိုးကြားသွားသည်။

ချင်းပေါင်က ယဲ့လုဖုန်းဆီ ဘက်ပြောင်းသွားပြီဆိုရင် ချင်းယင်ကရော။

ထိုသို့တွေးမိသည်တွင် နန်ပါးထျန်းသည် သူ၏နောက်မှ ချင်းယင်ကို ခံစားမိလိုက်သည်။ နန်ပါးထျန်း လန့်သွားပြီး ချက်ချင်း နောက်လှည့်ကြည့်လိုက်ရာ သူ့ထံ ဦးတည်လာသည့် ချင်းယင်၏ဓားမြှောင်ကို မြင်လိုက်ရသည်။

“နန်ပါးထျန်း သွားသေလိုက်တော့”

ချင်းယင်မှ အော်ဟစ်လိုက်သည်။

နန်ပါးထျန်း အံ့အားသင့်စွာ မျက်လုံးပြူးကျယ်လျက် မျက်နှာထက်တွင် ချောက်ချားတုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့သည်။

“ချင်းယင် မင်း…”

နန်ပါးထျန်းသည် ကြိမ်းမောင်းလိုက်ရင်း ချင်းယင်၏အသက်နုတ်တိုက်ကွက်ကို အမြန်ရှောင်တိမ်းလိုက်သည်။ တိုက်ခိုက်မှု မအောင်မြင်သည်ကို မြင်သောအခါ ချင်းယင်သည် လက်ကို အမြန်ပြန်ပြောင်းလိုက်ပြီး နန်ပါးထျန်းကို နောက်တစ်ကြိမ် ဓားဖြင့် ထိုးသွင်းတိုက်ခိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ နန်ပါးထျန်းသည် အခြေအနေကို နားလည်သွားပြီဖြစ်ရာ နီရဲတောက်လောင်နေသည့် မျက်လုံးများဖြင့် ဒေါသတကြီး တုံ့ပြန်တော့သည်။ နန်ပါးထျန်းသည် လက်ဝါးသိုင်းကွက်ဖြင့် ချင်းယင်၏ဓားကိုင်ထားသည့် လက်ကို ဦးတည်တိုက်ခိုက်လိုက်သည်။

ချင်းယင်လည်း စိုးထိတ်သွားပြီး ဓားကို လွှတ်ချလိုက်သည်။ သူ့တွင် လက်နက်ရှိသော်လည်း သူ နန်ပါးထျန်းကို ထိပ်တိုက် မတိုက်ခိုက်ရဲပေ။ သို့ဖြင့် ဓားကို လွှတ်ချလိုက်ပြီး လင်းယုန်လက်သည်းကဲ့သို့ လက်ဟန်သို့ပြောင်းလဲကာ သူကျွမ်းကျင်သည့်သိုင်းဖြစ်သော သွေးလင်းယုန်လက်သည်းသိုင်းဖြင့် ဆက်လက်တိုက်ခိုက်သည်။

ချင်းယင်သည် သွေးလင်းယုန်လက်သည်းသိုင်းကို သူ၏လက်သည်းများနှင့် ချီစွမ်းအင်များ ပေါင်းစည်းသွားကာ ကျောက်တုံးများကို အလွယ်တကူ ဖြိုခွဲပစ်နိုင်သည့် သတ္တုတမျှ မာကြောခိုင်မာသည့် လက်သည်းများဖြစ်သည်အထိ ကျင့်ကြံထားပြီးလေပြီ။ သူ၏လက်သည်းများဖြင့် လူ၏အရိုးကို ဆွဲကုပ်လိုက်မိပါက ထိုအရိုးကို ချက်ချင်း တစ်စစီ ပျက်စီးစေနိုင်စွမ်းပေသည်။

အထူးသဖြင့် ချင်းယင်သည် ထိုသိုင်းကို နဝမအဆင့်အထိ လျှို့ဝှက်ကျင့်ကြံထားခဲ့သည်။

၎င်းမှာ အင်အားအကြီးမားဆုံးအဆင့်ဖြစ်ပြီး သူ၏လက်ရှိ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် လွန်ခဲ့သည့်နှစ်ဝက်က ချန်ကျိုစစ်၏အင်အားနှင့် ညီမျှသည်။

ဓားဖြင့်လုပ်ကြံမှု မအောင်မြင်သောအခါ ချင်းယင်သည် လက်သည်းနှင့်ချီစွမ်းအင်ကို ပေါင်းစည်းလိုက်သည်။ သူ၏လက်သည်းများသည် တစ်လက်မခန့် ရှည်ထွက်လာခဲ့ပြီး ထိုလက်သည်းများမှ အနက်ရောင်အလင်းဖျော့ဖျော့ ထွက်နေသည်။ ဤသည်မှာ ချင်းယင်၏ ချီစွမ်းအင်အရောင်ဖြစ်သည်။

ဤတစ်ကြိမ်၌ ချင်းယင်သည် နန်ပါးထျန်း၏လည်မျိုကို လက်သည်းဖြင့် ဦးတည်တိုက်ခိုက်သည်။

ဤလက်သည်းတိုက်ကွက်သာ ထိသွားခဲ့ပါက နန်ပါးထျန်း၏လည်မျိုမှာ တစ်စစီ ဆုတ်ဖြဲခံလိုက်ရကာ အသက်ဆုံးရှုံးသွားရလိမ့်မည်ပင်။

နန်ပါးထျန်းသည် ချင်းယင်၏ အသက်နုတ်တိုက်ကွက်ကို ရှောင်တိမ်းလိုက်ပြီး နားစည်အနီးမှ လေထုကို ထိုးခွင်းသွားသည့် လက်သည်းဖြတ်သွားသံကို ကြားလိုက်ရသည်။ ချင်းယင်မှ နောက်တစ်ကြိမ် တိုက်ခိုက်လာသည်ကို သိနေသော်ငြား နန်ပါးထျန်းသည် ကိုယ်ဟန်အနေအထားကို မပြောင်းလဲဘဲ ဗုဒ္ဓကို ရှိခိုးဝတ်ပြုနေသည့် လက်ဟန်လုပ်လိုက်ရာ ဒေါင်လိုက်အနေအထားဖြင့် လက်တစ်ဖက်သည် သူ၏ရှေ့မှ ချင်းယင်၏လက်သည်းတိုက်ကွက်ကို ဟန့်တားပေးလိုက်သည်။

ချင်းယင်သည် မိမိမှာ နန်ပါးထျန်း၏ပြိုင်ဘက်မဟုတ်ကြောင်း သေချာသိသည်။ သူ၏ ဤတိုက်ခိုက်မှုမှာ ဟန်ပြဖြစ်သည်။

နန်ပါးထျန်း၏ ခုခံမှုကို မြင်သောအခါ ချင်းယင်သည် သူ၏တိုက်ကွက်ကို လမ်းခုလတ်တွင် ပြောင်းလဲလိုက်ပြီး လက်သည်းများကို နန်ပါးထျန်း ပေါင်သို့ ပြောင်းလဲဦးတည်လိုက်သည်။

“ချင်းယင် မင်းဘယ်လိုတောင်အတင့်ရဲတာလဲ”

ချင်းယင်သည် သူ၏ကိုယ်အောက်ပိုင်းကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း မြင်လိုက်ရသည်တွင် နန်ပါးထျန်း ဒေါသပေါက်ကွဲတော့သည်။ နန်ပါးထျန်းသည် ထိုခန္ဓာကိုယ်အောက်ပိုင်းသို့ တိုက်ခိုက်ခြင်းကို အမုန်းတီးဆုံးဖြစ်သည်။ ဒေါသပေါက်ကွဲသွားသည့် နန်ပါးထျန်းသည် ချီစွမ်းအင်ကို ခန္ဓာကိုယ်အတွင်း လည်ပတ်စီးဆင်းစေလိုက်သည်။

ရေခဲစိတ်စွမ်းအင်သိုင်း ရုတ်ချည်း အသက်ဝင်လာပြီး သူ၏ဘေးပတ်လည်ရှိ လေထုသည် အပူချိန်လျော့ကျသွားခဲ့သည်။

ချီစွမ်းအင်အအေးဓာတ်သည် သူ၏တစ်ကိုယ်လုံးကို ကာကွယ်ပေးထားသည်။ ချင်းယင်၏လက်သည်းများ ပစ်မှတ်နှင့် ထိသွားသောအခါ ချင်းယင်မှာ အလွန်အေးစက်မှုကြီးကို ခံစားလိုက်ရသည်။ ချင်းယင်သည် နန်ပါးထျန်းကို ထိုနေရာတွင်ပင် အဆုံးသတ်ပစ်ချင်နေခဲ့သည်။

All Chapters