ကောင်လေး
Vol. 24 Ch. 333
စုမင် အေးခဲကောင်းကင်မှ ထွက်ခွာလာပြီးနောက် ပဉ္စမမြောက်နေ့ နေ့လည်ခင်းတွင် နေရောင်ခြည်သည် တောက်ပစွာဖြာကျနေပြီး လေပြေညင်းတို့က ညင်သာစွာတိုက်ခတ်နေကာ ကောင်းကင်ထက်တွင် တိမ်စိုင်များက အကြေးခွံများသဖွယ် ပြန့်ကျဲနေသည်။ နေသည် လွင်ပြင်များအပေါ် ထွန်းလင်းတောက်ပနေသည်။ အလင်းရောင်သည်ပင် လေပြေညင်းနှင့် ပေါင်းစည်းသွားသကဲ့သို့ ဖြစ်ပြီး လေထဲတွင် မြက်ပင်များ၏ တရှဲရှဲမြည်သံများ ပြည့်နှက်နေသည်။
ဝူတုသည် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် အလင်းတန်းရှည်ကြီးသဖွယ် အရှေ့သို့ဦးတည်နေဆဲ ဖြစ်သည်။ သူ့ဘေးတွင်ရှိနေသော စုမင်၏ဝတ်ရုံများသည်လည်း တဖျတ်ဖျတ်လှုပ်ခတ်လို့နေသည်။ စုမင်မျက်နှာထက်တွင် စိတ်သက်သောင့်သက်သာဖြစ်မှုများသာ ရှိနေ၍ သူ့အမူအယာမှတစ်ဆင့် သူ့အတွေးများကို ဖတ်ရန်မဖြစ်နိုင်ချေ။
သူ ဝုတုနောက်မှလိုက်ရန် မရွေးချယ်ခဲ့ပေ။ အဆုံးတွင်တော့ သူတို့နှစ်ဦးသည် မကြာသေးခင်ကမှ အချင်းချင်းသိခဲ့ကြခြင်းဖြစ်ပြီး သူတို့သိကျွမ်းခဲ့သည့်ဖြစ်ရပ်ကလည်း ကောင်းကောင်းမွန်မွန် မဟုတ်ခဲ့ချေ။ ထို့ကြောင့် နားလည်မှုလွဲမှားသွားစေနိုင်သည့် မည်သည့်အရာကိုမှ လုပ်ဖို့မလိုခြင်းဖြစ်သည်။
ဤအရာကပင် မည်သူ့ဘက်ကမဆို ခေါင်းမော့ကြည့်လု်က်လျှင် သူတို့နှစ်ဦးကြား အကွာအဝေးသည် သိပ်ဝေးကွာပုံမပေါ်သော်ငြား အမှန်စင်စစ်တွင်တော့ သူတိုနှစ်ဦးကြား ပေ ၁၀၀၀ကွာဝေးနေရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။
သူတို့ရှေ့သို့ဦးတည်နေစဉ် ဝူတုသည် သူ၏အမြန်နှုန်းကို ရည်ရွယ်ချက်ရှိရှိ လျှော့ချပြီး စုမင်ကို စောင့်ကြည့်လေ့လာတတ်သော်လည်း သူ မည်မျှ အကြိမ်ကြိမ်စောင့်ကြည့်လေ့လာပါစေ၊ မည်သည့်သဲလွန်စမှ ရှာမတွေ့ချေ။ စုမင်မည်သည့်နေရာမှလာကြောင်း မပြောနိုင်သဖြင့် စုမင်ဘေးမှနေ၍ သူတို့နှင့်အတူလိုက်ပါလာသည့် မီးတောက်မျောက်ဝံထံသို့သာ သူ့အာရုံစိုက်မှုကို ပြောင်းရွှေ့လိုက်တော့သည်။
'ဒီမော့စုက အိုမင်းနေတဲ့ပုံ မပေါ်ပေမယ့် သူ့လုပ်ရပ်တွေကတော့ အတွေ့အကြုံရှိတဲ့ပုံပဲ။ သူ့စကားလုံးတွေကလည်း အရမ်းထက်ရှတယ်။ သူက သူ့ကလန်၊ ဒါမှမဟုတ် မျိုးနွယ်စုကနေ မကြာသေးခင်ကမှ ထွက်ခွာလာတဲ့လူမဟုတ်တာ ရှင်းလင်းနေပြီ။ သူက အမှီအခိုကင်း၊ လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ရည်မှန်းချက်ပန်းတိုင်ကလည်း အရမ်းရှင်းလင်းပြတ်သားတယ်။ ရှာမန်တွေကိုသတ်ပြီး အောင်မြင်မှုတွေရနိုင်မယ်လို့ ပြောပြီး ဆွဲဆောင်သိမ်းသွင်းခဲ့တာကြောင့်သာ မဟုတ်ရင်၊ သူငါနဲ့ လိုက်လာဖို့သေချာပေါက် သဘောတူမှာ မဟုတ်ဘူး'
'အဲဒီ အချက်တစ်ချက်တည်းနဲ့တင် ဒီလူက အားနည်းချက်မရှိတဲ့လူ မဟုတ်ဘူးဆိုတာ ပြောနိုင်နေပြီ။ ဒီလူ့ရဲ့ အောင်မြင်မှုရချင်တဲ့စိတ်က အရမ်းကြီးမားနေတာပဲ'
မျောက်ဝံသည် မျိုးစိတ်အသစ်တစ်ခုဖြစ်၍ ဝူတုသိသည့် တစ်စုံတစ်ရာမဟုတ်ချေ။ သူပိုမိုလေ့လာလေလေ၊ စုမင်နှင့် ပက်သက်သည့် လျှို့ဝှက်ဆန်းကြယ်မှုများကို ပိုရှာတွေ့လေလေဖြစ်သည်။ ဝူတု၏ စိတ်ထဲတွင် ယုတ်မာသည့်စိတ်ထား မရှိခဲ့ခြင်းမဟုတ်သော်လည်း ဤခရီးသွားဖော်အသစ်၏ လျှို့ဝှက်ဆန်းကြယ်မှူများအပေါ် သူ၏မသေချာမရေရာမှုများကြောင့် အန္တရာယ်ပြုလိုသည့် ရည်ရွယ်ချက်သည်လည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ချေပြီ။
ဝူတု၏ လုပ်ရပ်များအားလုံးကို စုမင်မြင်နေရသည်။ ဝူတု ဘာတွေစဉ်းစားနေတာဆိုသည်ကို သူမသိသော်လည်း တစ်စုံတစ်ရာကိုတော့ ခန့်မှန်းမိပေသည်။ သူ့ခန့်မှန်းမှုများသည် မှန်ချင်မှမှန်နိုင်မည် ဖြစ်သော်လည်း သူတိတ်ဆိတ်စွာဆက်နေမည်ဆိုလျှင် ဝူတုသည် မဆင်မခြင်အလျင်စလို ပြုမူလှုပ်ရှားရဲလိမ့်မည်မဟုတ်ကြောင်းတော့ စုမင်သိသည်။ ဤအရာက သူစုမင်နောက်သို့ ဆက်တိုက်လိုက်ခဲ့သော်လည်း မတိုက်ခိုက်ခဲ့ခြင်းမှပင် ရှင်းလင်းစွာတွေ့မြင်နိုင်ချေ၏။
“ဒီလူက သံသယများတဲ့လူပဲ။ အဲဒါက သူ့ကောင်းကွက်ဖြစ်နိုင်သလို သူ့အားနည်းချက်လည်း ဖြစ်နိုင်တယ်။ သံသယများတဲ့လူတစ်ယောက်က လုံးဝမသေချာပဲနဲ့တော့ သေချာပေါက်တိုက်မှာမဟုတ်ဘူး'
စုမင် ဝုတုထံမှ အကြည့်ပြန်လွှဲလိုက်ပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် ကောင်းကင်အားဖြတ်၍ အရှေ့သို့တည်ငြိမ်စွာ ဆက်သွားလိုက်သည်။
နှစ်ဦးစလုံး တွေးတောစဉ်းစားနေကြရင်း အချိန်များက ဖြည်းဖြည်းချင်းကုန်လွန်သွားသည်။ မွန်းတည့်ချိန်လွန်သွားသောအခါ ဝူတုသည် ရုတ်တရက်ရပ်တန့်သွားသဖြင့် စုမင်လည်း သူ့အနောက် ပေ ၁၀၀၀ အကွာအဝေးတွင် ရပ်တန့်လိုက်သည်။
ဝူတုသည် သူတို့ပတ်ဝန်းကျင်အား စစ်ဆေးရန် အထူးနည်းလမ်းတစ်ချို့ သုံးနေပုံဖြင့် မျက်လုံးများကို ပိတ်ထားချေသည်။ အချိန်တစ်ချို့ကြာပြီးနောက် သူ့မျက်လုံးများ ပြန်ပွင့်လာပြီး ရက်စက်စွာပြော၏။
“ညီနောင်မော့၊ ငါတို့အရှေ့တည့်တည့်မှာ ရှာမန်တွေရှိတယ်”
အမှန်တစ်ကယ်တော့ ဝူတုသည် ထိုမျက်နှာအမူအယာကို တမင်သက်သက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်ဧရိယာတွင် ရှာမန်များရှိ၊မရှိကို သူ မသိသော်လည်း အရောင်းအဝယ်အတွက် ရှာမန်များနှင့်တွေ့ရန် စီစဉ်ထားသော နေရာကိုတော့ သူသိပေသည်။
သူတို့အား မာန်စွမ်းအားရှင်များအဖြစ်ပြောင်းရန် နည်းလမ်းကိုပေးသည့် အလဲအလှယ်အနေဖြင့် ရှာမန်သလင်းကျောက်များကို သူလက်ခံရရှိပေလိမ့်မည်။ ထိုအရာက မူလအစီအစဉ်ဖြစ်သော်လည်း စုမင်ကိုတွေ့ပြီးနောက် ဝူတု သူ၏အစီအစဉ်များကို ပြောင်းလဲလိုက်ချေပြီ။
ရှာမန်ဟူသော သူတို့ဇစ်မြစ်အား ဖုံးကွယ်နိုင်မည့်နည်းလမ်းကို ဝူတု သူတို့ထံ မပေးချင်သော်လည်း ရှာမန်သလင်းကျောက်များကိုတော့ သူလိုချင်ပေသည်။
“ငါအာရုံခံမိတာအရဆိုရင်၊ အရှေ့မှာလူတစ်ယောက်ပဲ ရှိတယ်။ အဲဒီလူရဲ့ စွမ်းအားအတက်အကျက သိပ်မပြင်းထန်ဘူးဆိုတော့ တိုက်ပွဲရှာမန်ငယ်တစ်ယောက်ပဲ ဖြစ်လိမ့်မယ်။ ငါ သူ့ကိုသတ်ဖို့ မခက်လောက်ဘူး။ ဒီတော့ ငါ့ရိုးသားမှုကို ပြဖို့အတွက် မင်းဘေးကနေပဲ စောင့်ကြည့်နိုင်တယ်။ ဒီကိစ္စကို ငါ့ဘာသာကိုင်တွယ်လိုက်ပါ့မယ်” ဝူတုသည် စုမင်အား စိုက်ကြည့်လာပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေသော်ငြား သူ့မျက်လုံးများထဲတွင်လည်း အေးသက်စက်အကြည့်တစ်ခု ရှိနေလေသည်။
သို့သော် ထိုအေးစက်စက်အကြည့်သည် စုမင်အား ရည်ရွယ်ခြင်းမဟုတ်သည်မှာတော့ ရှင်းလင်းနေသည်။
ထိုစကားများကိုကြားသည်နှင့် စုမင်ခေါင်းညိတ်ပြလိုက်သော်လည်း သူ့နှလုံးသားထဲတွင်တော့ ရှာမန်များ၏ တည်နေရာကိုထောက်လှမ်းရန် ဝူတုသုံးခဲ့သော ထူးခြားဆန်းကြယ်သည့်စွမ်းရည်နှင့်ပက်သက်၍ သံသယဝင်နေဆဲ ဖြစ်သည်။
ဝူတုမျက်လုံးများသည် အေးစက်စက်အကြည့်ဖြင့် တောက်ပနေပြီး သူသည် ရှေ့သို့ ခြေတစ်လှမ်းအလျင်အမြန်လှမ်း၍ လွင်ပြင်များ၏ အဆုံးသို့ ဦးတည်သွားလေသည်။ သူသည် အလွန်လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပေ ၁၀၀၀အား ဖြတ်သန်းသွားချေပြီ။ ကြွေကျလာသော ကြယ်တာရာတစ်လုံးသဖွယ် မြေပြင်ဆီသို့ ပိုမိုနီးကပ်သွားခဲ့သည်။
စုမင်သည် ဝူတုနောက်မှ လိုက်ပါလာရင်း လျှပ်စီးကဲ့သို့အကြည့်နှင့် ဝူတုသွားနေသောနေရာသို့ စူးစိုက်ကြည့်လိုက်သည်။
ဝူတု မြေပေါ်ဆင်းသက်လိုက်သည့် အခိုက်အတန့်မှာပင် မြက်ပင်များထံမှ လူတစ်ဦးရုတ်တရက်ထရပ်လာခဲ့သည်။ ထိုလူသည် မယုံနိုင်လောင်အောင်ပင် အရပ်ရှည်ပြီး နွားချိုများဖြင့် သားရေဦးထုပ်တစ်လုံးကို ဆောင်းထားချေ၏။ ထိုလူအား ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဝန်းရံနေပြီး သူမတ်တပ်ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် လေပြင်းများတိုက်ခတ်သွားသဖြင့် ပတ်ဝန်းကျင်ဧရိယာအတွင်းရှိမြက်ပင်များကို အဆက်မပြတ်ယိမ်းထိုး လှုပ်ရှားသွားစေသည်။
ထိုယောကျ်ား၏ မျက်နှာထက်တွင် ဆေးမင်ကြောင်တစ်ခုရှိနေသော်လည်း ထိုဆေးမင်ကြောင်က အတော်မှုန်မှိုင်းနေသဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရချေ။ အလွယ်တကူမြင်နိုင်သောအရာသည် ထိုယောကျ်ား၏ နှုတ်ခမ်းများအား လေးပိုင်းကွဲနေပုံ ပေါ်နေစေသည့် နှုတ်ခမ်းများပေါ်မှ ဒေါင်လိုက်အမာရွတ်ဖြစ်ပြီး ထိုအရာက မြင်လိုက်ရသူတိုင်းကို ထိတ်လန့်သွားစေနိုင်၏။
ထိုယောကျ်ားသည် သူ့ထံသို့လေထဲမှတိုးဝင်လာနေသော ဝူတုကိုမြင်သောအခါ သူ၏မှုန်မှိုင်းနေသောမျက်လုံးများက တောက်ပသွားပြီး ဝူတုအား ပြုံးပြလိုက်သော်လည်း သူ့နှုတ်ခမ်းများကွဲထွက်သွားသည်ကို မြင်ရသည်က ထိတ်လန့်ဖွယ်ကောင်းချေသည်။ ထိုသူပြုံးလိုက်စဉ် ဝဖြိုးနေသောလောက်ကောင်ကြီး အချို့သည်ပင် ထိုယောကျ်ား၏ ပါးစပ်ထဲမှ တွားထွက်လာကြပြီး တွန့်လိမ်နေသော သူတို့ခန္ဓာကိုယ်ကြီးများက ပြုတ်ကျလာကြသည်။
ဝူတုသည် မူလက အလျင်အမြန်သွားနေခြင်းဖြစ်သော်လည်း အနီးသို့ရောက်သွားချိန် ထိုယောကျ်ား၏ နှုတ်ခမ်းနှင့် ၎င်း၏ပါးစပ်ထဲမှ လောက်ကောင်များကို မြင်သောအခါ ဝူတုအမူအယာက ချက်ချင်းပြောင်းလဲသွားသည်။
သူ ရုတ်တရက်ရပ်တန့်သွားပြီး နောက်ပြန်ဆုတ်ရန်ပြင်လိုက်စဉ်မှာပင် အမာရွတ်နှင့်လူက ခေါင်းမော့၍ ခပ်တိုးတိုးအော်ဟစ်မြည်ကြွေးလိုက်သည်။ ထိုအော်ဟစ်မြည်ကြွေးသံအတွင်း ဆိုးယုတ်မှုများဖြင့် ပြည့်နေပြီး ၎င်းသည် ဝူတုအား ပိတ်ကာထားရန် လက်မောင်းများကိုကျယ်ပြန့်စွာဖြန့်၍ ရှေ့သို့ခုန်ထွက်လာခဲ့သည်။
စုမင်သည် လေထုအတွင်းရှိ ဝေးကွာသောနေရာတစ်ခုတွင်ရပ်၍ ၎င်းမြင်ကွင်းကို စူးစိုက်ကြည့်နေခဲ့သည်။ ထိုယောကျ်ားကိုမြင်သောအခါ စုမင်မျက်ဝန်းတို့ ကျဉ်းမြောင်းသွားခဲ့သည်။ ထိုလူ့ပတ်လည်တွင် သိပ်သည်းသော သေဆုံးခြင်းအငွေ့အသက်များ ပြည့်နေသော်လည်း ထိုလူ သူ့ကိုယ်သူထုတ်ဖော်ပြမလာခင်အချိန်အထိ ၎င်းတို့သည် သူ့ကိုယ်တွင်းမှ ထွက်မလာခဲ့ပေ။ ထိုလူသည် ၎င်းတို့အား သူ့ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ထားခြင်းဖြစ်ကြောင်း ရှင်းလင်းလို့နေသည်။
သို့သော် ထိုအရာက အကုန်မဟုတ်ပေ။ သက်ရှိအလောင်းကောင်များထံမှ စုမင်ရခဲ့ဖူးသော အလားတူခံစားချက်မျိုးကိုပင် ထိုလူ့ထံမှ ခံစားမိနေသည်။ ထိုလူသည် ဝိညာဉ်လုယက်များဖန်တီးရန်အတွက် သူလိုအပ်ခဲ့သော ပစ္စည်းကဲ့သို့ပင် ဖြစ်သည်။
ထိုလူသည် အဘယ်ကြောင့် ဤအခြေအနေရောက်နေမှန်း စုမင်မသိလျှင်တောင် ဝိညာဉ်လုယက်ဖန်တီးရန် သူလိုအပ်ခဲ့သော ပစ္စည်းကိုတော့ လုံးဝမှားယွင်းနိုင်လိမ့်မည် မဟုတ်ဟု စုမင်ခံစားနေရသည်။
'တစ်ခုတည်းသော ကွာခြားချက်က ဝိညာဉ်လုယက်ဖန်တီးဖို့ ငါလိုတဲ့ သက်ရှိအလောင်းက သူ့ကိုမလှုပ်ရှားနိုင်အောင် သူ့ကိုယ်ထဲမှာရှိတဲ့ အာနည်းတဲ့အသက်ဓာတ်ကို ဖိနှိပ်ဖို့အတွက် သေဆုံးခြင်းအငွေ့အသက်တွေ ပိုရှိနေရတာပဲ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ဒါပေမယ့် သူတို့သိစိတ်က ဆက်ရှိနေတုန်းပဲ။ သူတို့အသက်ဓာတ်က ပိတ်လှောင်ခံထားရပြီး သေဆုံးခြင်းအငွေ့အသက်တွေက ခန္ဓာကိုယ်ကို အပြင်ဘက်က ဖုံးအုပ်ထားသလိုပဲ'
'ဒါပေမယ့် ဒီလူကတော့ သေဆုံးခြင်းအငွေ့အသက်ကို သူ့အသက်ဓာတ်ထဲ ရောနှောပေါင်းစည်းထားပြီးတော့ ထူးဆန်းတဲ့မျှခြေတစ်မျိုးကို ရောက်နေတယ်။ သူ့သေဆုံးခြင်းအငွေ့အသက်တွေက အတွင်းမှာပိတ်လှောင်ခံထားရပြီး သူ့ခန္ဓာကိုယ်ကိုတော့ အသက်ဓာတ်တွေက ဝန်းရံထားသလိုပဲ။ အဲဒါနဲ့ဆိုရင် ဒီလူက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်ပြီး သူ့ရဲ့ တစ်ဝက်သေဆုံးနေပေမယ့် တစ်ဝက်ရှင်သန်နေတဲ့ အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်'
စုမင်မျက်လုံးများက တောက်ပနေပြီး စိတ်ဝင်တစားအမူအယာဖြင့် ထိုလူကို ငေးကြည့်နေလိုက်သည်။
စုမင်နှင့် ဆန့်ကျင်ဘက်အားဖြင့် ဝူတုသည်တော့ အရှေ့သို့လျင်မြန်စွာ ဦးတည်နေခဲ့သော်လည်း ကြောက်မက်ဖွယ်ရယ်မောနေသောလူ၏ သူ့အပေါ်ခုန်အုပ်လာမှုက ပိုမိုမြန်ဆန်နေခဲ့သည်။ သူသည် ဝူတုထံ အလျင်အမြန်နီးကပ်လာနေသည့် နံရံကြီးတစ်ချပ်လိုပင် ဖြစ်သည်။
ဝူတု၏ စွမ်းအားနှင့်ဆိုလျှင် ဤလူကိုမြင်လိုက်ချိန်တွင် ထိူတူန့်ပြန်မှုမျိုး မပြသင့်ခဲ့သော်လည်း သူ့အမူအယာအပြင်းအထန် ပြောင်းလဲသွားခဲ့ရခြင်း၏ နောက်ကွယ်မှအကြောင်းအရင်းသည်ကား ဤလူ၏လက်ရှိအခြေအနေသည် 'ထာဝရရှင်သန်ခြင်း' ဟု ရှာမန်များခေါ်သည့်အရာ ဖြစ်နေမှန်း သူသိနေခဲ့သောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ဤအရာကိုလုပ်နိုင်သူများသည် စိတ်ဝိညာဉ်ဖမ်းစားသူတစ်ဦး၏ လမ်းကြောင်းကိုလျှောက်သော ရှာမန်များသာဖြစ်သည်။
စိတ်ဝိညာဉ်ဖမ်းစားသူများကို ဝူတု ယခင်ကသတ်ခဲ့ဖူးသဖြင့် ထိုလူများ ဘယ်လောက်ကြောက်မက်ဖွယ်ကောင်းကြောင်း သူသိပေသည်။ နောက်သို့ပြန်ဆုတ်နေရင်းမှပင် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီး ပုန်းကွယ်နေသော စိတ်ဝိညာဉ်ဖမ်းစားသူကိုရှာရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရယ်မောနေသောလူ သူ့ထံနီးကပ်လာသည်နှင့် ဝူတုမျက်လုံးများအတွင်း အေးစက်စက်အကြည့်တစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆုတ်နေရင်းမှပင် ညာလက်ကိုမြှောက်၍ ကောင်းကင်ပေါ်သို့လှမ်း၍ ကုပ်ဆွဲယူဟန်ပြုလိုက်သည်။
ခရက်...
ထိုဖမ်းဆုပ်မှုနှင့်အတူ ဝူတုအထက်မှ အက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး လေထဲတွင် ဧရာမအပြာရင့်ရောင် ရေခဲတောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ဝူတုသည် လက်ကိုအောက်ဘက်သို့ ဝှေ့ယမ်းလိုက်သည်နှင့် ရေခဲတောင်ကြီးက ထိုလူ့ထံတိုးဝင်သွားလေသည်။
ထိုလူနှစ်ဦး အချင်းချင်းတိုက်ခိုက်လိုက်စဉ် လေထုအား ထိတ်လန့်ဖွယ်မြည်ဟည်းသံများ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။ အမာရွတ်နှင့်လူသည် တုန်ရီသွားပြီး ရေခဲတောင်ကြီးသည်လည်း တစ်လက်မချင်းစတင်အက်ကွဲလာခဲ့သည်။ ထိုအက်ကြောင်းများသည် အမာရွတ်နှင့်လူကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ ဝူတု၏ နတ်ဘုရားစွမ်းရည်ကြောင့်ဖြစ်သည်။
ရေခဲတောင်ကြီးသည် အက်ကွဲသွားပြီးသည်နှင့် တစ်ပြိုင်နက် ချွန်ထက်သောဓားသွားများစွာအဖြစ် ပြောင်း၍ အမာရွတ်နှင့်လူအား ထိုးဖောက်သွားပြီး သူ့လက်များ၊ ခြေထောက်များ၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်အား အပိုင်းအစများဖြစ်သွားစေသည်။
သူ့ဒဏ်ရာများမှ သွေးတစ်စက်ပင် ထွက်ကျမလာပဲ များစွာသောလောက်ကောင်များသာ လေထဲသို့လွင့်ပျံလာခဲ့သည်။
“ဝူတု မင်းနေကောင်းမယ်လို့ ငါမျှော်လင့်ပါတယ်...”
ထိုအချိန်တွင် ကြောက်မက်ဖွယ် စူးရှသောအသံတစ်သံသည် အောက်ဘက်မှ ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုတစ်ခဏမှာပင် စုတ်ပြဲနေသောခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသည့် အမာရွတ်နှင့်လူ၏ ဦးခေါင်းအတွင်းနက်နက်ထံမှ မှိန်ဖျော့ဖျော့အလင်းတစ်ဖြာကြောင့် ထိုလူ့မျက်လုံးများက ရုတ်တရက်တောက်ပလာခဲ့သည်။ အမှန်စင်စစ်တွင် သူ၏ပြုတ်ထွက်နေသော ခြေလက်များအားလုံးသည်လည်း မှိန်ဖျော့ဖျော့အလင်းတစ်ခု တောက်ပလာပြီး စုပ်ယူအားတစ်ခုသည် နေရာတိုင်းမှထွက်ပေါ်လာပုံပေါ်ကာ ၎င်းတို့သည် အလျင်အမြန်စုဝေးသွားကာ ထိုလူ့ခန္ဓာကိုယ်အဖြစ် ပြန်လည်ဖြစ်တည်ပြောင်းလဲသွားသည်။
သို့သော် ခန္ဓာကိုယ်အစိတ်အပိုင်းများစွာတွင် မရေမတွက်နိုင်သော အက်ကွဲရာများရှိနေသဖြင့် ဖျက်စီးထားသောအရုပ်တစ်ရုပ်ကို ပြန်လည်ချူပ်လုပ်ထားသလိုပင် ဖြစ်သည်။ သို့သော် ထိုလက္ခဏာအချို့ရှိနေသင့်သည်မှာ ဧကန်မုချပင် ဖြစ်သည်။
ထိုအမာရွတ်လူသည် ဆိုးဝါးစွာပြုံးရယ်၍ လှုပ်ရှားလိုက်သော်လည်း ဤတစ်ကြိမ်တွင်တော့ သူသည် စိတ်ပျက်နေပုံပေါ်သော ဝူတုထံပြေးဝင်လာခြင်း မဟုတ်ပေ။ ထိုအစား သေဆုံးခြင်းအငွေ့အသက်များ ပြည့်နေသော အလင်းတန်းတစ်ခုအဖြစ်ပြောင်း၍ စုမင်ထံ တိုးဝင်လာခဲ့လေသည်။
သူသည် ယခုလေးတင် အမိန့်အသစ်တစ်ခုရရှိခဲ့သည်မှာ ထင်ရှားလို့နေ၏။
“ယာခယ့်”
ထိုစူးရှသောအသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ဝူတုမျက်နှာက ပိုမိုတင်းမာသွားသည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင်လည်း အခြားအပြာရင့်ရောင် ရေခဲတောင်သုံးတောင် အလျင်အမြန်ထပ်ပေါ်လာခဲ့သည်။ ထိုရေခဲတောင်များသည် သူ့အားဝန်းရံနေပြီး နေရောင်အောက်မှာပင် အေးစက်မှုတစ်ခု ထုတ်လွှတ်နေသည်။
လွင်ပြင်ပေါ်ရှိ မြက်ပင်များစွာသည် ရုတ်တရက်စတင်ခြောက်သွေ့သွားပြီး မြက်ခင်းပြင်များကြားမှ ကောင်လေးတစ်ဦးလျှောက်လှမ်းထွက်လာခဲ့သည်။ မျက်လုံးများပိတ်ထားသော ထိုကောင်လေးသည် လက်များကိုနောက်ပစ်ထားပြီး သူ့မျက်နှာထက်တွင်တော့ ကြောက်မက်ဖွယ်အပြုံးတစ်ခု ရှိနေသည်။
ဝူတု တုန့်ဆိုင်းမနေပဲ ညာလက်ကိုမြှောက်၍ အောက်သို့ညွှန်ပြလိုက်သည်။ ရေခဲတောင်သုံးတောင်သည် ချက်ချင်းပင်အော်မြည်သံတစ်ခုစီပြုလျက် မြေပြင်ဆီသို့ တိုးဝင်သွားပြီး မြေပြင်ထံမှ မြည်ဟည်းသံများထွက်ပေါ်လာစေသည့် သန်မာသောဖိအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကောင်လေးက အေးစက်စက်နှာမှုတ်လိုက်သည်။ ထို့နောက် ရှောင်တိမ်းခြင်းပင်မပြုပဲ ညာလက်ကိုမြှောက်၍ ရှေ့သို့တွန်းထုတ်လိုက်ရာ သူ့လက်ဝါးပေါ်တွင် အနက်ရောင်အလင်းတစ်ဖြာ ချက်ချင်းတောက်ပသွားသည်။ အနက်ရောင်အလင်းသည် ပျံ့နှံ့လာသည်နှင့်တစ်ပြိုင်နက် ကောင်လေးရှေ့တွင် ဘဲဥပုံအလင်းတံခါးပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုအလင်းတံခါးအတွင်းမှ ခပ်တိုးတိုးမာန်ဖီဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး မကြာမီမှာပင် ၎င်းအတွင်းမှ ခြောက်ကပ်နေသောခြေထောက်တစ်ဖက် လှမ်းထွက်လာလေသည်။ ထိုခြေထောက်ပေါ်ရှိအရေပြားသည် လုံးဝခြောက်ကပ်နေပြီး ၎င်းအရေပြားပေါ်တွင် မှုန်မှိုင်းနေသော သွေးအစွန်းအထင်းများစွာ ရှိနေသည်။ ထိုခြေထောက်ထွက်ပေါ်လာပြီးသည်နှင့် တံခါးအတွင်းမှ ဆယ်ပေခန့်ရှည်လျားသည့် လုံးဝခြောက်ကပ်နေသည့်လူတစ်ယောက် ထွက်လာခဲ့ချေသည်။
ဖျတ်ခနဲကြည့်လိုက်မည်ဆိုလျှင် ထိုလူ့ပုံစံက အရိုးခြောက်တစ်ခုသဖွယ် ဖြစ်သော်လည်း ၎င်း၏မျက်လုံးများထဲတွင်တော့ မှိန်ဖျော့ဖျော့အလင်းတစ်ဖြာ တောက်ပနေသည်။ ထိုသူက ထွက်ပေါ်လာသည်နှင့် ဟိန်းဟောက်လိုက်ပြီး ရေခဲတောင်သုံးတောင်ဆီ တိုးဝင်သွားခဲ့သည်။
စိတ်ဝိညာဉ်ဖမ်းစားသူများနှင့်သာ သက်ဆိုင်သည့် ထူးခြားသောအစီအရင်တစ်ခုကို ကောင်လေးဖော်ထုတ်လိုက်သည့် အချိန်မှာပင် ခန္ဓာကိုယ်တွင် အက်ကွဲရာများပြည့်နေသောလူက စုမင်ထံကြမ်းတမ်းစွာ တိုးဝင်လာချေသည်။ ထိုသူက အလွန်လျင်မြန်ပြီး လေထဲတွင် သေဆုံးခြင်းအငွေ့အသက်များကို လှုပ်ရှားသွားစေသည်။ ထိုသေဆုံးခြင်းအငွေ့အသက်များသည် သူ့နောက်တွင် စူးရှစွာအော်မြည်နေကြပြီး ၎င်းတို့က ကောင်းကင်နှင့်မြေပြင်ကိုပင် ဖုံးအုပ်ထားကြပုံပေါ်သည်။
ထိုလူနှင့်စုမင်ကြားအကွာအဝေးက ပိုမိုတိုတောင်းလာခဲ့ချေပြီ။
စုမင် သူ့ထံနီးကပ်လာနေသော ထိုလူကို ငေးစိုက်ကြည့်နေရင်း စုမင်မျက်လုံးများအတွင်း စူးစမ်းလိုသောအကြည့်စူးစူးတစ်ခု ထွက်ပေါ်လာခဲ့သည်။
***