← Chapters

အခန်း (၆၅၆)

Vol. 55 Ch. 656

အခန်း (၆၅၆)

Vol. 55 Ch. 656

“ခင်ဗျားတစ်ယောက်ပဲ နေ့တိုင်း ကျုပ်ကို အမှိုက်ကောင်လို့ခေါ်ပြီး သေသင့်တယ် သေသင့်တယ်နဲ့ ပြောနေတာ”

ချင်းယင်သည် သူ၏ မကျေချမ်းမှုများအားလုံးကို ထုတ်ပြောတော့သည်။

“ကျုပ် နေ့တိုင်း ခင်ဗျားရဲ့ကျွန်တစ်ယောက်လို လုပ်ပေးခဲ့တာကို ခင်ဗျားကတော့ ကျုပ်ကို တကယ်ကြီး ခွေးတစ်ကောင်လို ဆက်ဆံခဲ့တယ်။ ကျုပ်စိတ်ထဲ ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေနိုင်မှာလဲ”

ထိုအခါ နန်ပါးထျန်း တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ဒေါသတကြီး ကြိမ်းမောင်း၏။

“အဲဒါလေးကြောင့်နဲ့ မင်းက ငါ့ကို သစ္စာဖောက်တယ်ပေါ့လေ”

“အဲဒါက အသေးအမွှားလေးမလို့လား။ ကျုပ် ခင်ဗျားကို နေ့တိုင်း အခြေအနေအချိန်အခါမရွေးဘဲ ခွေးအိုကြီးလို့ ခေါ်မယ်လေ။ ခင်ဗျား ဒေါသမထွက်ဘဲ နေနိုင်မလား”

ချင်းယင်ပြောသည်မှာ မှန်ပေသည်။ ထိုသို့အပြုအမူများသည် သူ၏မာနကို ထိခိုက်စေခဲ့သည်။ သို့သော် ဤသည်မှာ ချင်းယင် နန်ပါးထျန်းကို သစ္စာဖောက်ရသည့် အဓိကအကြောင်းအရင်း မဟုတ်ပေ။ အဓိကအကြောင်းအရင်းမှာ နန်ပါးထျန်းပြိုလဲတော့မည်ဟူသည့်အချက် ဖြစ်သည်။

ဉာဏ်ပညာရှိသည့်ငှက်သည် သူနားနေမည့် သစ်ပင်ကို ရွေးချယ်သကဲ့သို့ပင် နန်ပါးထျန်းမှာ ပြိုလဲတော့မည်ဖြစ်ရာ သူသည်လည်း သခင်ပြောင်းသင့်သည် မဟုတ်ပါလော။

သို့သော် ချင်းယင်သည် ထိုအကြောင်းအရင်းကို ထုတ်ပြောလို့မဖြစ်ပေ။ ၎င်းကို ထုတ်ပြောလိုက်ပါက သူ့အား ကျေးဇူးမသိတတ်သူအဖြစ် မကောင်းသည့်ဂုဏ်သတင်းကို ရရှိစေလိမ့်မည်။ သို့ဖြစ်ရာ အခြားအသေးအမွှားကိစ္စများကို အလေးပေးပြောဆိုရတော့သည်။

နန်ပါးထျန်းသည် ချင်းယင်၏ စော်ကားပြစ်တင်ခြင်းခံလိုက်ရရာ မထိန်းချုပ်နိုင်စွာ ဒေါသထွက်လာတော့သည်။ ထို့နောက် ရေခဲစိတ်စွမ်းအင်သိုင်းဖြင့် ချင်းယင်ကို လက်ဝါးတိုက်ကွက်တစ်ကွက်ဖြင့် တိုက်ခိုက်လိုက်သည်။ တစ်ချက်ထိရုံဖြင့်ပင် ချင်းယင်မှာ ဒဏ်ရာအပြင်းအထန်ရသွားနိုင်သည်။

သို့သော် ချင်းယင်၏ ကိုယ်ဖော့သိုင်းသည် အတော်ကောင်းမွန်၏။ နန်ပါးထျန်း၏တိုက်ကွက်များကို တစ်ချက်မှ မထိဘဲ ငှက်တစ်ကောင်အလား လျင်မြန်စွာ ရှောင်တိမ်းနိုင်လေသည်။

သို့သော်ငြား ချင်းယင်သည် အဖေအမေကို တမ်းတရသည်အထိ နောက်မှလိုက်ဖမ်းခံနေရဆဲဖြစ်သည်။ နောက်ဆုံးတွင်တော့ အသက်တစ်ချက်ရှူချိန်ရလိုက်သဖြင့် အော်ဟစ်လေသည်။

“ခေါင်းဆောင် ခေါင်းဆောင် စိတ်အေးအေးထားပါ စိတ်အေးအေးထားပါ။ ကျွန်တော် ခေါင်းဆောင်ကို သစ္စာဖောက်မိတာ ကျွန်တော်မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုသတ်မယ်လို့ကြုံးဝါးပြီး နောက်က လိုက်ဖမ်းနေတာကို ရပ်လိုက်ပါတော့။ ခေါင်းဆောင် သေချာစဉ်းစားကြည့်ပါဦး။ ခေါင်းဆောင် ဒီနေ့ ဒီလိုအခြေအနေဖြစ်သွားရတဲ့ တကယ့်အကြောင်းအရင်းက ဘယ်သူကြောင့်ပါလဲ”

ချင်းယင် ဒေါသတကြီး အော်ပြောလိုက်သည်။ နန်ပါးထျန်း ခဏမျှတန့်သွား၏။ ကြည့်ရသည်မှာ ချင်းယင်၏စကားများကို နားဝင်သွားပုံရသည်။ ချင်းယင်မှ ချက်ချင်း ဆက်အော်ပြောသည်။

“ခေါင်းဆောင် စဉ်းစားကြည့်ပါ။ ခေါင်းဆောင် ဒီနေ့ ဒီလိုဖြစ်သွားရတာ အကုန်လုံးက ချန်ကျိုစစ်ကြောင့်ပဲ”

“သူ ခေါင်းဆောင်ကို အကြိမ်ကြိမ်ထောင်ချောက်ဆင်နေတာကြောင့်သာ မဟုတ်ခဲ့ရင် ခေါင်းဆောင်က အန္တရာယ်ကိုစွန့်စားပြီး ဒီအခြေအနေအထိ ရောက်သွားပါ့မလား။ ခေါင်းဆောင် ကျွန်တော်သာ ခေါင်းဆောင်နေရာမှာဆိုရင် ကျိန်းသေပေါက် ချန်ကျိုစစ်ကို အရင်သတ်မှာ”

ချင်းယင်၏အသံမှာ ကြောက်ရွံ့ထိတ်လန့်နေကြောင်း သိသာနေကာ ချန်ကျိုစစ်ထံ အပြစ်လွှဲချရန်ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာလှသည်။

သူ၏ပစ်မှတ်မှာ ချန်ကျိုစစ်ဖြစ်သည်။

ချင်းယင် တစ်ကိုယ်တည်း တွေးတောလိုက်သည်။

အကုန်လုံး ငါ့ကိုပဲ လာအပြစ်တင်လို့မရဘူး။ ငါသေရမယ်ဆိုရင် မင်းလည်း အတူသေရမယ်။

ချင်းယင်၏စကားအဆုံး၌ နန်ပါးထျန်းမှ အော်ဟစ်ကြိမ်းမောင်းသည်။

“ချင်းယင် ပေါက်ကရပြောနေတာ ရပ်လိုက်တော့။ ငါချန်ကျိုစစ်ကို သတ်ချင်တာမှန်တယ်။ ဒါပေမဲ့ မင်းလိုသစ္စာဖောက်ကောင်ကို ပိုသတ်ချင်တယ်။ ခွေးကောင် ငါမင်းကို ဘယ်တုန်းကများ မတရားဆက်ဆံဖူးလို့လဲ။ ငါက မင်းကို ညီနောင်တစ်ယောက်လို မဆက်ဆံခဲ့ဘူးလို့ မင်းပြောတယ်နော်။ မင်းနဲ့မင်းညီတွေ ငတ်ပြတ်နေတုန်းက ဘယ်သူက မင်းတို့ကို ကုန်သည်အဖွဲ့ထဲ ခေါ်လာခဲ့တာလဲ”

“အခုကျ ငါ မင်းကို အကြိမ်နည်းနည်းလောက် ဆူပူမိတဲ့အကြောင်းပြချက်လေးနဲ့ မင်းက ငါ့ကိုသစ္စာဖောက်သွားတယ်။ ငါ့နောက်ကျောကိုလည်း ဓားနဲ့ထိုးလိုက်သေးတယ်။ မင်းက တိရစ္ဆာန်ကောင်ပဲ သစ္စာဖောက်ခွေးကောင်”

နန်ပါးထျန်းသည် ချင်းယင်ကို လက်ဝါးသိုင်းဖြင့် တိုက်ခိုက်ရင် အကြိမ်ကြိမ် အော်ဟစ်ပြောဆိုသည်။

သူ၏လက်ဝါးသိုင်းကွက်များသည် ချင်းယင်အား လွတ်လမ်းမရှိတော့လုနီးပါး ပိတ်ဆို့ထားခဲ့သည်။ ချင်းယင်သည် ထိတ်ပျာလျက် လက်မြှောက်ကာ နန်ပါးထျန်း၏ လက်ဝါးသိုင်းကို ခုခံလိုက်သည်။

မမျှော်လင့်စွာဖြင့် ချင်းယင်သည် ထိုလက်ဝါးသိုင်းကွက်ကို မခုခံနိုင်ခဲ့ဘဲ သွေးတစ်ပွက်အန်ထွက်သွားရလေသည်။

သို့သော် တန်ပြန်အားကို အသုံးပြု၍ အကွာအဝေးတစ်ခုအထိ ထွက်ပြေးနိုင်ခဲ့သည်။ ထို့နောက် အော်ဟစ်မြည်းတမ်းလေသည်။

“ခေါင်းဆောင် ခင်ဗျားဘာလို့ အမှားနဲ့အမှန်ကို မခွဲခြားနိုင်ရတာလဲ။ ချန်ကျိုစစ်က ခင်ဗျားကို ထောင်ချောက်ဆင်ခဲ့တာကို ခင်ဗျားက ကျုပ်ကိုသတ်ဖို့ပဲ စွဲလမ်းနေတယ်။ ကျုပ်က တစ်ချိန်လုံး ခင်ဗျားရဲ့ညီနောင်ကောင်းတစ်ယောက်ဖြစ်ခဲ့တာ။ ခင်ဗျားရဲ့ဆုံးဖြတ်ချက်တိုင်းကို ကျုပ် ထောက်ခံအားပေးခဲ့တယ်။ ခင်ဗျား ကျုပ်ကို ဒီလိုမျိုး ဆက်တိုက်လိုက်ဖမ်းနေလို့ မရဘူးလေ”

“ခင်ဗျား ကျုပ်ကို သေအောင်ရိုက်သတ်လိုက်လို့ရော ခင်ဗျားအတွက် ဘာအကျိုးရှိသွားမှာလဲ။ ခင်ဗျားက ကျုပ်အတွက်နဲ့ ခင်ဗျားရဲ့ချီစွမ်းအင်တွေကို အလဟသဖြုန်းတီးပစ်နေတာပဲ။ ခင်ဗျား ပြီးရင် လျိုလောင်ကွေ့၊ ချီမုကော၊ ချန်ကျိုစစ်တို့နဲ့ တိုက်ခိုက်ရဦးမှာလေ။ ခင်ဗျား အခုနေ ထွက်ပြေးရင် အခွင့်အရေးရှိနိုင်သေးတယ်”

“ထွက်ပြေးရမယ်တဲ့လား။ ငါထွက်ပြေးမယ်ဆိုလည်း အရင်ဆုံး မင်းကိုသတ်သွားမယ် သစ္စာဖောက်ခွေးကောင်။ ငါမင်းကို လုံးဝခွင့်မလွှတ်ဘူး။ ရေခဲစိတ်စွမ်းအင်လက်ဝါးသိုင်း”

နန်ပါးထျန်းသည် ချင်းယင်ကို နောက်တစ်ကြိမ်တိုက်ခိုက်ပြန်သည်။

ထိုအခါ ချင်းယင်သည် ရွေးချယ်စရာမရှိတော့ဘဲ သူ၏ချီစွမ်းအင်အားလုံးကို စုစည်းလိုက်ရကာ ဒေါသတကြီး အော်ဟစ်တော့သည်။

“နန်ပါးထျန်း ကျုပ်က ခင်ဗျားကို တကယ်ကြီး ကြောက်မယ်ထင်နေလား။ သေပေတော့ သွေးလင်းယုန်လက်သည်း”

ဂါးးး

ချီစွမ်းအင်များ လှိုက်တက်လာကာ သွေးလင်းယုန်လက်သည်းသိုင်းဖြင့် နန်ပါးထျန်းကို ဦးတည်တိုက်ခိုက်သည်။

တစ်ပြိုင်နက်တည်း၌ နန်ပါးထျန်း၏လက်ဝါးသိုင်းကွက်မှာလည်း အအေးဓာတ်ချီစွမ်းအင်များအပြည့်ဖြင့် ချင်းယင်သို့ ဦးတည်သွားသည်။

လက်ဝါးသိုင်းကွက်နှင့် လက်သည်းသိုင်းတို့ ထိခတ်သွားပြီး ချီစွမ်းအင်များ ပေါက်ကွဲထွက်ကုန်သည်။

ဘုန်းခနဲ အသံကျယ်ကြီးနှင့်အတူ ချင်းယင်သည် လွင့်ထွက်သွားတော့သည်။ ချင်းယင်သည် နောက်တစ်ကြိမ် သွေးအန်ထွက်သွားရသော်ငြား မျက်နှာမှာ ပြုံးရယ်နေဆဲပင်။

အကြောင်းမှာ လက်သည်းသိုင်းကွက်သည် ဟန်ပြသာ ဖြစ်သည်။ သူ့တွင် နန်ပါးထျန်းနှင့် အသေအကြေတိုက်လိုစိတ် မရှိပေ။ သို့သော် ဤနည်းဖြင့် နန်ပါးထျန်း၏ ဒေါသတကြီးတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

အဟွတ်…

ချင်းယင်သည် ယဲ့လုဖုန်း၏ရှေ့သို့ ပြုတ်ကျလာကာ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။

သို့သော် သူ၏မျက်နှာမှာ အရိုင်းဆန်သည့် အပြုံးတစ်ခုဖြစ်တည်နေခဲ့သည်။

“ဟားဟားဟား… ဟားဟားဟား… နန်ပါးထျန်း နန်ပါးထျန်း အဟွတ် အဟွတ်၊ မင်း ငါ့ကို မသတ်နိုင်သေးဘူး။ ငါအသက်ရှင်နေသေးတယ် အသက်ရှင်နေသေးတယ်”

ချင်းယင်သည် ယဲ့လုဖုန်း၏ရှေ့တွင် ပြုတ်ကျသွားခဲ့သည့်အတွက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဤသည်မှာ နန်ပါးထျန်းလိုက်မလာနိုင်သည့် အလုံခြုံဆုံးနေရာဖြစ်သည်။

ထိုအခိုက်အတန့်၌ နန်ပါးထျန်းသည်လည်း ၎င်းကိုနားလည်သွားပြီး ကျယ်လောင်စွာရယ်မောနေသည့် ချင်းယင်ကို ကြည့်လိုက်သည်။ ချင်းယင်သည် သူ၏လက်များထဲ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပွေ့ဖက်ထားသည့်အလား လက်နှစ်ဖက်ကို ဖြန့်ကျက်ကာ ရယ်မောနေလေသည်။

နန်ပါးထျန်း၏မျက်နှာမှာ အေးစက်သွားခဲ့ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သို့သော် ချီမုကော၏ ဟန့်တားခံလိုက်ရသည်။ ချီမုကောသည် နန်ပါးထျန်းမှ ချင်းယင်ကို လိုက်သတ်နေသည့်မြင်ကွင်းအား ရပ်ကြည့်နေနိုင်သော်ငြား ယဲ့လုဖုန်းအနီးသို့ တိုးကပ်သွားခြင်းကိုဖြင့် ရပ်ကြည့်မနေနိုင်ပေ။

နန်ပါးထျန်း ရပ်တန့်လိုက်ပြီး ချီမုကောကို ကြည့်လိုက်သည်။

“ဖယ်စမ်း၊ ငါ ချင်းယင်ကိုသတ်မလို့”

ချီမုကောမှ ပြန်ပြောသည်။

“ခေါင်းဆောင်နန် ခင်ဗျား အညံ့ခံလိုက်တာ ကောင်းလိမ့်မယ်”

နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်ပြီး ချီမုကောကို ပြောသည်။

“တပ်မှူးချီမုကော မင်း ငါ့ကိုဖမ်းချင်တယ်ဆိုရင် ငါ့မှာ အသက်ရှင်နိုင်တဲ့အခွင့်အရေးရှိနိုင်သေးလို့လား”

ချီမုကောမှ ဖြေသည်။

“သခင်ကြီးယဲ့လုက မင်းအတွက်ဆုံးဖြတ်ပေးပါလိမ့်မယ်”

နန်ပါးထျန်း အေးစက်စက် လှောင်ရယ်လိုက်သည်။

“ငါ ငါက အမြဲတမ်း ကိုယ့်ကံကြမ္မာကို ကိုယ့်လက်နဲ့ စီစဉ်တဲ့သူပဲ။ ဘယ်တုန်းကမှ တစ်ပါးသူရဲ့ သနားညှာတာမှုကို အားမကိုးခဲ့ဖူးဘူး။ အဲဒါကြောင့် ချီမုကော.. မင်း တကယ်ပဲ ငါ့ကိုဖမ်းချင်တယ်ဆိုရင် ကြည့်ရတာ ဒီနေ့တော့ ပြင်းထန်တဲ့တိုက်ပွဲကြီးကို ရှောင်လွှဲလို့ မရနိုင်လောက်တော့ဘူးပဲ”

All Chapters