အခန်း (၆၅၈)
Vol. 55 Ch. 658
ချန်ကျဲ့သည် လှံရှည်ဖြင့် တိုက်ခိုက်သည်။
ထိုအခိုက်အတန့်၌ ချန်ကျဲ့၏ မီးနဂါးလှံသည် စူးရှသည့်အသံတစ်ခုကို ထုတ်လွှတ်လျက် နန်ပါးထျန်းသို့ ဦးတည်တိုက်ခိုက်သည်။
တစ်ဖက်သွားဓားနှင့် လှံသည် နန်ပါးထျန်းအား ဘေးတစ်ဖက်တစ်ချက်စီမှ တစ်ပြိုင်နက် တိုက်ခိုက်သည်။
နန်ပါးထျန်းမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေအတွင်း ပိတ်မိလုနီးပါး ဖြစ်သွားရသည်။
အကျပ်ရိုက်သည့်အခြေအနေကြောင့် နန်ပါးထျန်းသည် သံမဏိမြင်းထိုးဖောက်ခြင်းသိုင်းကို အသုံးပြု၍ ချီမုကော၏ဓားကို ရှောင်လိုက်သည်။
ချန်ကျဲ့၏လှံသည်တော့ ရှေ့သို့ ဆက်တိုးလာ၏။
နန်ပါးထျန်းသည် လက်ဆန့်ထုတ်၍ လှံထိပ်ဖျားကို ဆုပ်ကိုင်လိုက်သည်။ ၎င်းတွင် ချန်ကျဲ့၏ချီစွမ်းအင်စီးဆင်းလာခဲ့ရာ နန်ပါးထျန်း၏အအေးဓာတ်ချီစွမ်းအင်သည် ဝါးမျိုသွားခဲ့သည်။
ချန်ကျဲ့၏လှံထိပ်ဖျားမှာ ရေခဲမှုန်တစ်လွှာဖြင့် ရုတ်ချည်း ဖုံးအုပ်သွား၏။
ချန်ကျဲ့သည် လှံရှည်၏ ပြန်လှန်စွမ်းရည်ကို အသုံးပြု၍ နန်ပါးထျန်းကို ခါထုတ်ရန် ကြိုးပမ်းလိုက်သည်။ နန်ပါးထျန်းသည် ရေခဲတမျှ အေးစက်သည့်မျက်နှာဖြင့် ပြောသည်။
“ချန်ကျိုစစ် ငါက မင်းကို လိုက်မဖမ်းရသေးဘူး မင်းကိုယ်တိုင် ငါ့ရှေ့ ရောက်လာတာနော်။ ဒါဆိုလည်း ကောင်းပြီ၊ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်— သေလိုက်တော့”
နန်ပါးထျန်းသည် လှံထိပ်ဖျားကို ကိုင်ထားလျက် ချန်ကျဲ့ဆီသို့ အလွန်လျင်မြန်သည့်အရှိန်နှုန်းဖြင့် ရှေ့တိုးလာသည်။
လှံသည် နန်ပါးထျန်း၏ညာလက်ထဲမှ လွတ်ထွက်သွားသည်။
သို့သော် သူသည် ချန်ကျဲ့ရှေ့သို့ လျင်မြန်စွာပင် ရောက်ရှိသွားပြီး ရေခဲစိတ်စွမ်းအင်လက်ဝါးသိုင်းဖြင့် ချန်ကျဲ့အား အပြင်းအထန် ရိုက်ချလိုက်သည်။
ချန်ကျဲ့သည် ထိုတိုက်ခိုက်မှုကြောင့် ထိတ်ပျာသွားရကာ ဘယ်လက်ကိုမြှောက်၍ သံမဏိလက်ဝါးသိုင်း၏၈ကွက်မြောက်သိုင်းကွက်ဖြစ်သည့် နဂါးဖမ်းချုပ်လက်ဝါးသိုင်းဖြင့် အမြန်ခုခံကာကွယ်လိုက်သည်။
ထိခတ်သံကျယ်ကြီးနှင့်အတူ
ချန်ကျဲ့မှာ နောက်သို့ ငါးလှမ်းဆုတ်သွားရပြီး နန်ပါးထျန်းသည်လည်း နှစ်လှမ်းနောက်ဆုတ်သွားသည်။
ချန်ကျဲ့ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ သူ၏လက်များမှာ ရေခဲတုံးကြီးတစ်တုံးကို ဆုပ်ကိုင်ခဲ့မိသည့်အလား အအေးဓာတ်သည် လက်များမှသည် သူ၏ဝိဉာဉ်အထိတိုင် စိမ့်ဝင်လာခဲ့သည်– သူတစ်ကိုယ်လုံး အေးစိမ့်သွား၏။
ကိုယ်တွင်းမှ အအေးဓာတ်ကို ဖယ်ထုတ်ရန် ချန်ကျဲ့ အတွင်းအားသုံးလိုက်သည်။
နန်ပါးထျန်းလည်း အံ့ဩသွား၏။ သံမဏိလက်ဝါးသိုင်း၏အင်အားကို သူသိသည်။ ၎င်းသည် သူ၏ရေခဲစိတ်စွမ်းအင်သိုင်းနှင့် မယှဉ်နိုင်ပေ။ သို့သော် ခုနက လက်ဝါးသိုင်းတွင် သူ့အား နောက်ဆုတ်သွားစေသည်အထိ ကြောက်မက်ဖွယ်သောအင်အားကြီး ပါဝင်နေပေသည်။
ချန်ကျဲ့ရဲ့ ဒီသံမဏိလက်ဝါးသိုင်းကွက်က တကယ် တစ်ခုခုပဲ။
နန်ပါးထျန်းသည် ထိုသို့တွေးတောရင်း မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။
ချန်ကျဲ့သည် နန်ပါးထျန်းကို မျက်လုံးမှေးကျုံ့လျက် ကြည့်နေခဲ့သည်။ ခုနက တိုက်ခိုက်မှုတွင် သူအလေးမသာခဲ့သော်ငြား နန်ပါးထျန်းကို အတော်လေး နားလည်သွားခဲ့သည်။
သူနားလည်သွားခဲ့သည်မှာ နန်ပါးထျန်းသည် ပြိုင်ဘက်ကင်းမဟုတ်၊ သူ၏ရေခဲစိတ်စွမ်းအင်သိုင်းသည် အင်အားကြီးမားပြီး သူ၏ကျင့်ကြံဆင့်သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းလုနီးဖြစ်သော်လည်း သူ့အား အနိုင်ရနိုင်ခြေရှိသည့် အခွင့်အရေးကို ချန်ကျဲ့မြင်နိုင်ခဲ့သည်။
အဲဒါက နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ပဲ၊ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ပဲ။
ချန်ကျဲ့သည် သူအနိုင်ရနိုင်သည်ဟု ခံစားလိုက်ရသည်။ အနည်းဆုံးတော့ အနိုင်ရနိုင်ခြေမှာ ၅၀-၅၀ ရှိသည်။
သို့ဖြင့် ချန်ကျဲ့ ယုံကြည်မှုမြင့်မားလာခဲ့သည်။
ထိုစဉ် မနီးမဝေးရှိ အိမ်ခေါင်မိုးထက်မှ ကျောက်ယာသည် အနည်းငယ် မျက်မှောင်ကြုတ်လျက် ပြောသည်။
“အဲဒီချန်ကျိုစစ် သူခုနက သုံးလိုက်တဲ့လက်ဝါးသိုင်းက ဘာသိုင်းလဲ။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်နဲ့ နည်းနည်းတူနေသလိုပဲ”
ထိုအခါ အားသာ့မှ ပြောသည်။
“အင်း နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်နဲ့ တကယ်ဆင်တူတယ်။ အားစန်း မင်း နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်က သိုင်းကွက်တစ်ကွက်ကို သင်ဖူးတယ်မလား။ တစ်ခုခုသတိမထားမိဘူးလား”
အားစန်းသည် အဓိကအားဖြင့် ရုပ်ခန္ဓာပိုင်းသိုင်းကို ကျင့်ကြံသူဖြစ်သောကြောင့် မင်းသားအိမ်တော်သို့ ဝင်ရောက်ပြီးနောက်တွင် မင်းသားရူယန်သည် အားစန်းကို နဂါးနိုင်လက်ဝါးသိုင်း၁၈ကွက်ထဲမှ သိုင်းကွက်တစ်ကွက်ကို ချီးမြှင့်ခဲ့သည်။
မုလန်လူမျိုးများလက်ထဲတွင် နဂါးနိုင်လက်ဝါးသိုင်း ရှိနေသည်။
သိုင်းကွက်၁၃ကွက်ကိုသာ သိရှိထားပြီး နောက်ဆုံး၅ကွက်မှာ ပျောက်ကွယ်သွားခဲ့သော်ငြား မုလန်လူမျိုးများသည် သူဖုန်းစားဂိုဏ်းထက် ပို၍ သိုင်းကွက်များကို သိထားပေသည်။
နဂါးနိုင်လက်ဝါးသိုင်းကို မုလန်လူမျိုးများ ပိုင်ဆိုင်နေရသည့် အကြောင်းအရင်းကို သိလိုပါက လွန်ခဲ့သည့်နှစ်များက ရှန်းယန်တိုက်ပွဲအကြောင်းကို ပြန်ပြောရပေမည်။
ထိုတိုက်ပွဲ၌ သူရဲကောင်းကောသည် အရာအတော်များများ ချန်ထားရစ်ခဲ့သည်။ မုလန်လူမျိုးများလည်း အကျိုးအမြတ်မနည်းရခဲ့သည်။ သူရဲကောင်းကောသည် မူလက သူဖုန်းစားဂိုဏ်းကို သိုင်းကျမ်းပေးခဲ့သော်ငြား မုလန်လူမျိုးများသည် သူဖုန်းစားဂိုဏ်းကို ဖြားယောင်းသွေးဆောင်ခဲ့ပြီး နောက်ဆုံးတွင် သူဖုန်းစားဂိုဏ်းကြီး ပြိုကွဲသွားစေခဲ့ကာ နောက်ဆုံးတွင်မူ မုလန်လူမျိုးများသည် နဂါးနိုင်လက်ဝါးသိုင်း၁၃ကွက်ကို ရယူနိုင်ခဲ့သည်။
အားစန်းသည် ခရိုင်မင်းသမီး၏ အစေခံဖြစ်သောကြောင့် မင်းသားရူယန်သည် ချွင်းချက်ထား၍ အားစန်းကို နဂါးနိုင်လက်ဝါးသိုင်းတစ်ကွက် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အားစန်းမှ ပြောသည်။
“သိုင်းကွက်အစပိုင်းက နဂါးနိုင်လက်ဝါးသိုင်းနဲ့ ဆင်တူပေမဲ့ အင်အားက နဂါးနိုင်လက်ဝါးသိုင်းထက် အတော်နည်းတယ်။ ရေခဲစိတ်စွမ်းအင်သိုင်းကိုတောင် မယှဉ်နိုင်ဘူး”
ထိုအခါ အားအာ့မှ ပြောသည်။
“ဟုတ်တယ်။ စွမ်းအင်စီးဆင်းပုံက မမှန်နေဘူး။ ဒီတိုင်း နဂါးနိုင်လက်ဝါးသိုင်းနဲ့ ဆင်တူနေရုံပဲ”
ထိုအခါ ကျောက်ယာသည် အသာခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ဪ”
သူတို့စကားပြောနေစဉ် အောက်ဘက်ရှိတိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။
လျိုလောင်ကွေ့သည် သူ၏မီးလျံသိုင်းဖြင့် နန်ပါးထျန်း၏ရေခဲစိတ်စွမ်းအင်သိုင်းကို ထိပ်တိုက် တိုက်ခိုက်သည်။ ချီမုကောသည် သူ၏တစ်ဖက်သွားဓားသိုင်းဖြင့် နန်ပါးထျန်း၏လွတ်မြောက်လမ်းများကို ပိတ်ဆို့သည်။
ချီမုကော၏အင်အားသည် လျိုလောင်ကွေ့နှင့် တန်းတူမျှဖြစ်သည်။ သူသည် အလျင်ဓားသိုင်းကို ကျွမ်းကျင်ပြီး တစ်ဖက်သွားဓားသိုင်းမှာလည်း အံ့ချီးဖွယ်ဖြစ်သည်။ ဓားချက်တစ်ချက်တိုင်းမှာ အလင်းတစ်စ ဖြာထွက်သွားတတ်ကာ ချဉ်းကပ်ဖို့ရာ ခက်ခဲပေသည်။
ချီမုကော၏ တိုက်ကွက်များသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး စစ်မှန်သည့် တစ်ဖက်သွားဓားသိုင်းသမားတစ်ဦး၏ အရှိန်အဝါရှိသည်။
နန်ပါးထျန်းသည် ထိုနှစ်ဦး၏ အပြင်းအထန် ဖိနှိပ်ခံနေရသည်။ ချန်ကျဲ့သည် လှံရှည်ဖြင့် အတိဒုက္ခဆယ့်သုံးပါးလှံသိုင်းကို အသုံးပြုကာ တိုက်ခိုက်နေသည်။ သို့တိုင် ၎င်းအင်အားသည် နန်ပါးထျန်းကို အနည်းငယ် ခြိမ်းခြောက်မှုဖြစ်စေရုံမျှသာ ရှိလေသည်။
သို့ဖြင့် သုံးဦးသည် နန်ပါးထျန်းကို အတူတကွ တိုက်ခိုက်နေခဲ့ကြသည်။ ခဏကြာပြီးနောက်၌ နန်ပါးထျန်းသည် မိမိမှာ အရေးနိမ့်နေကြောင်း သိသိသာသာ သတိထားမိလာရသည်။ ကျင့်ကြံဆင့်တူညီသည့် သိုင်းပညာရှင်သုံးယောက်ကို သူတစ်ဦးတည်းဖြင့် ဤမျှခုခံတိုက်ခိုက်နိုင်ခြင်းသည်ပင် အတော်လေး အံ့ချီးဖွယ်ကောင်းနေလေပြီ။
အချိန်ကြာလာသည်နှင့်အမျှ နန်ပါးထျန်းမှာ ပို၍ အရေးနိမ့်လာခဲ့သည်။
ဝှစ်
ချီမုကော၏ ဓားဖျားကောက်သည် နန်ပါးထျန်း၏မျက်နှာအနီးမှ ဖြတ်တိုက်သွားသည်မှာ သူ၏ရုပ်ရည်ကို ဖျက်ဆီးမိလုနီးပါးပင်။ အဖျားကောက်ဓားသည် မုလန်လူမျိုးများ၏ ထူးခြားချက်တစ်ခုဖြစ်ပြီး လွှဲရမ်းလိုက်လျှင် လခြမ်းကွေးကဲ့သို့ အလင်းသိပ်သိပ်ကို ထုတ်လွှတ်နေသည်။
လျိုလောင်ကွေ့သည် အနီရောင်ချီစွမ်းအင်များ လွှမ်းခြုံလျက် ဒေါသတကြီး တိုက်ခိုက်သည်။
“နန်ပါးထျန်း လာတိုက်စမ်း”
သူ၏လက်များမှာ မီးလျံသဏ္ဍာန်အနီရောင်ချီစွမ်းအင်များ ထုတ်လွှတ်၍ သူ၏မီးလျံသိုင်းကို အဆုံးစွန်အထိ ထုတ်သုံးတိုက်ခိုက်သည်။
ချန်ကျဲ့သည် အရိပ်လုပ်ကြံရေးသမားတစ်ဦးကဲ့သို့ လှံရှည်ကို ကိုင်ဆောင်လျက် နန်ပါးထျန်း၏အားနည်းချက်များကို အထူးအလေးပေး တိုက်ခိုက်သည်။
နန်ပါးထျန်းသည် အဆက်မပြတ် အန္တရာယ်ကျရောက်နေရလျက် ရှုံးနိမ့်လုနီးပါး ဖြစ်နေတော့သည်။ ထိုစဉ် သူကြုံးဝါးလိုက်သည်။
“ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်”
ဝှစ်…
နောက်တဒင်္ဂ၌ လားရာမသိနိုင်သည့် လေအေးတစ်သုတ် တိုက်ခတ်သွားခဲ့ကာ လျှပ်တစ်ပြက်အချိန်လေးအတွင်း၌ နန်ပါးထျန်း၏ အအေးဓာတ်ချီစွမ်းအင်သည် အင်အားနှစ်ဆ တိုးသွားခဲ့သည်။ သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ရုတ်ချည်း သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်အောက်ခြေသို့ ရောက်ရှိသွားခဲ့သည်။
ထိုမြင်ကွင်းတွင် လျိုလောင်ကွေ့သည် နန်ပါးထျန်းကို လက်ဝါးသိုင်းကွက်တစ်ကွက်ဖြင့် တိုက်ခိုက်လိုက်သည်။
“သေစမ်း”
နန်ပါးထျန်းမှ အော်လိုက်သည်။
“ထွက်သွားစမ်း”
ဒုန်းခနဲအသံကြီးနှင့်အတူ လျိုလောင်ကွေ့ လွင့်ထွက်သွားခဲ့သည်။ ချီမုကောသည် နန်ပါးထျန်းကို ဓားဖြင့် ဦးတည်ခုတ်ပိုင်းလိုက်စဉ် နန်ပါးထျန်းမှ သူ့အား လက်ဝါးသိုင်းကွက်ဖြင့် တန်ပြန်တိုက်ခိုက်လာသည်အား မြင်လိုက်ရသည်။ ချီမုကောလည်း လက်ဝါးရိုက်ချက်ကြောင့် နောက်သို့ လွင့်ထွက်သွားရသည်။
ထိုအခွင့်အရေးတွင် နန်ပါးထျန်းသည် အမြန်နှုန်းဖြင့် ခုန်လိုက်ကာ ချန်ကျဲ့အား ရက်စက်ကြမ်းကြုတ်စွာသော လက်ဝါးသိုင်းကွက်ဖြင့် တိုက်ခိုက်သည်။
ချန်ကျဲ့သည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး ရေခဲစိတ်စွမ်းအင်သိုင်းတွင် ကျင့်ကြံသူ၏အင်အားကို နှစ်ဆတိုးစေနိုင်သည့် ပေါက်ကွဲကျင့်စဉ်အကြောင်း အမှတ်ရလိုက်သည်။
၎င်းကို နားလည်လိုက်သဖြင့် ချန်ကျဲ့သည်လည်း သူ၏ အင်အားအကြီးမားဆုံးသိုင်းကို ထုတ်သုံးရတော့သည်။ ချန်ကျဲ့လက်မြှောက်လိုက်သည်တွင် ပတ်ဝန်းကျင်လေထုမှာ နဂါးဟိန်းဟောက်သံ၏ ပဲ့တင်သံများနှင့် ပြည့်နှက်သွားခဲ့သည်။
ချန်ကျဲ့မှ အင်အားကုန်သုံး၍ နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်သုံးလိုက်သည်တွင် နန်ပါးထျန်း အံ့ဩမင်သက်သွားခဲ့သည်။
ဂါး ဂါး ဂါးး…
ထို့နောက် နဂါးဟိန်းဟောက်သံများကြား၌ ချန်ကျဲ့သည် နန်ပါးထျန်းကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်လေသည်။
ချန်ကျဲ့၏နဂါးနိုင်လက်ဝါးသိုင်းနှင့် နန်ပါးထျန်း၏ရေခဲစိတ်စွမ်းအင်လက်ဝါးသိုင်းတို့ ထိခတ်သွားပြီး ဘုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
မိုးကြိုးပစ်ခြင်းအလား သက်ရောက်မှုနှင့်အတူ နန်ပါးထျန်းသည် နောက်သို့ လွင့်ထွက်သွားတော့သည်။
နေရာရှိလူအားလုံး၏အကြည့်များမှာ အံ့အားသင့်မှုများ ပြည့်နှက်နေကြ၏။
“ဒါ ဒါက နဂါးနိုင်လက်ဝါးသိုင်းကွက်ပဲ”