အခန်း (၂၄၇-၂၄၈)
Vol. 25 Ch. 247-248
အခန်း ၂၄၇- အရိုက်ခံရဖို့ စောင့်နေခြင်း။
အပြင်ဘက်တွင် ရန်သူများ ပိုမိုစုဝေးလာသည်ကို မြင်သောအခါ လုပေါင်သည်လည်း စတင်၍ ဂယောက်ဂယက် ဖြစ်လာတော့သည်။
“တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ စီနီယာ... အခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းနဲ့ အစအဆုံး ရှင်းပြပါဦး။ ဒါမှ ကျွန်တော်တို့ အစီအစဉ်တစ်ခု ဆွဲလို့ရမှာ။”
လုပေါင် သက်ပြင်းတစ်ချက်ချကာ ပေါင်ရှင်းကျီကို လေးလေးနက်နက် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ပေါင်ရှင်းကျီသည် ဝေခွဲမနေတော့ဘဲ တိုက်ရိုက်ပင် ရှင်းပြတော့သည်။ ထိုဗုဒ္ဓရုပ်ပွားတော်၏ နောက်ကွယ်တွင် ရတနာတစ်ခုခု ဝှက်ထားပုံရပြီး ရုပ်ပွားတော်ကိုယ်တိုင်မှာ ခုခံကာကွယ်ရေးအတွက် ဖြစ်သည်။ ပေါင်ရှင်းကျီမှာ ဂါထာတစ်ခု၏ လွှမ်းမိုးမှုကို ခံရပြီး ဤနေရာသို့ တိုက်ရိုက် အဆွဲခံလိုက်ရသူ ဖြစ်သည်။ ဖြူကြီးနှင့် လုပေါင်တို့မှာမူ သူ့ကြောင့် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။ ယခင်က လုပေါင်ထံ ဖုန်းဆက်ခဲ့သည်မှာလည်း သူ၏ စိတ်ဝိညာဉ်အာရုံ ကို အသုံးပြု၍ လုံးဝ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
“ဘုရားရေ... အဲဒါမျိုးတောင် ဖြစ်နိုင်တာလား။”
ထိုစကားကို ကြားရသည့်အခါ လုပေါင်မှာ လုံးဝကို မှင်သက်သွားရသည်။
ပေါင်ရှင်းကျီက တည်ငြိမ်စွာ ခေါင်းညိတ်ပြီး။
“ဒါက ထူးခြားတာ မဟုတ်ပါဘူး လျှပ်စစ်သံလိုက်လှိုင်းတွေကို စိတ်ဝိညာဉ်အာရုံနဲ့ ချိတ်ဆက်လိုက်ရုံပါပဲ။ အဲဒါထက် ငါတို့ ဒီကနေ ဘယ်လို ပြန်ထွက်ကြမလဲဆိုတာကိုပဲ ပြောကြရအောင်။”
အနားတွင် ရပ်နေသော ဖြူကြီးကလည်း စိုးရိမ်စိတ်ဖြင့်
“ဟုတ်တယ် ငါတို့ ဘယ်လို ထွက်မလဲ။”
ထိုအခါ ပေါင်ရှင်းကျီ၏ အမူအရာမှာ တဖြည်းဖြည်း လေးနက်လာတော့သည်။ ဤနေရာမှာ သူ၏ စိတ်အာရုံနယ်ပယ်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ သူတို့ သုံးယောက်လုံး၏ အသိစိတ်မှာ ထိုဗုဒ္ဓရုပ်ပွားတော်ထဲသို့ ရောက်နေခြင်းပင်။ ၎င်းမှာ ပေါင်ရှင်းကျီ တစ်ယောက်တည်း ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။ သူ၏ ရင်ဘတ်ပေါ်ရှိ ဂါထာအမှတ်အသားမှာ လွတ်မြောက်ရန် သော့ချက်ဖြစ်ပြီး ၎င်းကို ဖွင့်ရန်အတွက် ထိုဗုဒ္ဓကျောင်းဆောင်ဆီသို့ သွားရမည်ဖြစ်သည်။ သို့သော် ပြဿနာမှာ သူတို့ ထိုကျောင်းဆောင်ထဲသို့ ဝင်၍မရခြင်းပင်။
“ဒီမှော်ပစ္စည်းကို ထားခဲ့တဲ့လူက ဦးနှောက်ထဲမှာ ဝက်အူတစ်ခုခု လျော့နေတာလား မသိဘူး။”
ဤနေရာသို့ ရောက်သောအခါ ပေါင်ရှင်းကျီ တစ်ယောက် အော်ဟစ်ဆဲဆိုမိတော့သည်။
ထိုခဏမှာပင် တန်ဆောင်းကြီးမှာ ဝိုးတဝါး ဖြစ်လာပြီး ပျောက်ကွယ်တော့မည့်ပုံ ပေါ်လာသည်။ ၎င်းကို မြင်သောအခါ သုံးယောက်လုံး ထိတ်လန့်သွားပြီး ချက်ချင်း ထရပ်လိုက်ကြသည်။
“ဖြူကြီး... ခင်ဗျားပဲပြောတော့ ဒီနေရာက နာရီဝက် တောင့်ခံနိုင်မယ်ဆို။”
လုပေါင်က ဖြူကြီးကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ ဖြူကြီးကလည်း သူ့ဘေးက ပေါင်ရှင်းကျီကို ပြန်ကြည့်ကာ။
“ငါလည်း မသိဘူးလေ၊ ပေါင်ရှင်းကျီ ပြောလို့ ပြောတာ။”
“ဟူး... နတ်ဘုရားဆရာကြီး သာ ဒီမှာ ရှိနေရင်၊ ဒီအခြေအနေက သူ့အတွက်တော့ အေးဆေးပဲ...”
ပေါင်ရှင်းကျီက မျက်နှာလွှဲကာ သက်ပြင်းချလိုက်သည်။ သို့သော် ထိုစကားကို ကြားသည်နှင့် လုပေါင် စိတ်ဝင်စားသွားပြီး။
“နတ်ဘုရားဆရာကြီး ရှိရင် ဘာလို့ အဆင်ပြေမှာလဲ။”
“တာအိုနတ်ဆရာကျင့်စဉ်မှာ ရွှေရောင်အလင်းဖြင့် အမြင်မှားများကို ဖျက်ဆီးခြင်းအတတ် ဆိုတာ ရှိတယ်။ အဲဒါက ငါ့ကို ဒီပတ်ဝန်းကျင်ကနေ ခဏလောက် ဆွဲထုတ်ပေးနိုင်ပြီး ကျန်တာကတော့ လွယ်သွားပြီပေါ့။”
ပေါင်ရှင်းကျီက ခေါင်းညိတ်ရင်း ရေရွတ်လိုက်သည်။
“အာ... အခုချိန်မှာ ဒါတွေ ပြောနေလည်း အပိုပါပဲ။ ဒီတန်ဆောင်း ပျောက်သွားရင် ဘာဆက်လုပ်မလဲဆိုတာပဲ သေချာစဉ်းစားကြရအောင်။”
ပေါင်ရှင်းကျီ ခေါင်းခါကာ ခါးခါးသီးသီး ပြုံးလိုက်သည်။
သို့သော် ထိုခဏတွင် လုပေါင် ချောင်းတစ်ချက် ဟန့်လိုက်သည်။
“ဘာဖြစ်လို့လဲ။”
ပေါင်ရှင်းကျီ ဇဝေဇဝါဖြင့် လှမ်းကြည့်သည်။
“တာအိုနတ်ဆရာရဲ့ မျိုးဆက်သစ် နတ်ဆရာကြီး လုပေါင်က ခင်ဗျားတို့ နှစ်ယောက်ကို နှုတ်ဆက်ပါတယ်။”
ချက်ချင်းပင် လုပေါင်သည် လက်သီးဆုပ်ကာ သူတို့နှစ်ဦးကို ဦးညွတ်နှုတ်ဆက်လိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“မင်းက နတ်ဆရာကြီးလား။”
“မင်း အမွေဆက်ခံခွင့် ရခဲ့တာလား။”
တစ်ခဏအတွင်းမှာပင် ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့နှစ်ဦးလုံး မှင်သက်သွားကြသည်။
လုပေါင်က အသာအယာ ခေါင်းညိတ်ပြပြီး။
“ဒီကို မလာခင်လေးတင် နဂါးကျားတောင် ကနေ ဆင်းလာတာပါ။”
လုပေါင်၏ စကားကို ကြားသောအခါ ပေါင်ရှင်းကျီ၏ မျက်နှာတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။ သူသည် လက်နှစ်ဖက်ကို ပွတ်သပ်က။
“ဒါဆို ဘာစောင့်နေတာလဲ ကဲ... မင်းက အမြင်မှားတွေကို ဖျက်ဆီးတဲ့အတတ်ကို သုံးလိုက် ကျန်တာကို ငါတာဝန်ယူမယ်။”
“ဟို... ဒါပေမဲ့ ကျွန်တော် အဲဒါကို ဘယ်လိုသုံးရမလဲဆိုတာ မသိဘူး။”
လုပေါင် ခေါင်းကို ကုတ်ရင်း ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။ သူက နည်းနည်း ကြွားချင်ရုံသာ ရှိသေးသည်။
“မင်း အမွေဆက်ခံထားတာပဲ ဘယ်လိုဖြစ်ပြီး မသိရတာလဲ။”
ပေါင်ရှင်းကျီ မျက်လုံးပြူးကာ ဇဝေဇဝါ မေးတော့သည်။ ချက်ချင်းပင် လုပေါင်က တိုးတိုးလေး ရှင်းပြလိုက်သည်။
“ကျွန်တော့်မှာ တာအို မြင့်မြတ်လှသော ခန္ဓာကိုယ် ကာကွယ်မှု ဆိုတာ ရှိပြီးကျွမ်းကျင်မှုအားလုံးက အလိုအလျောက် အစွမ်းပြတဲ့ ပုံစံ ဖြစ်နေလို့ပါ...”
ထိုစကား ထွက်လာသည်နှင့် ဖြူကြီးက သိပ်မထူးခြားသော်လည်း ပေါင်ရှင်းကျီမှာမူ လုပေါင်ကို လူဆန်းတစ်ယောက်လို ကြည့်နေတော့သည်။
“မင်း... အသက် ဘယ်လောက်ရှိပြီလဲ။”
ပေါင်ရှင်းကျီ အသက်ပြင်းပြင်းရှုကာ မေးလိုက်သည်။
“နှစ်ဆယ့်တစ်နှစ် ဘာဖြစ်လို့လဲ နှစ်ဆယ့်နှစ်နှစ် ပြည့်ဖို့တောင် လိုသေးတယ်။”
လုပေါင် ဇဝေဇဝါ ပြန်ကြည့်သည်။
“အသက် နှစ်ဆယ့်တစ်နှစ်နဲ့ တာအိုနတ်ဆရာရဲ့ မြင့်မြတ်လှသော ခန္ဓာကိုယ် ကာကွယ်မှု ကို ရထားတယ်... မင်းက တကယ့် လူထူးလူဆန်းပဲ...”
ပေါင်ရှင်းကျီသည် လုပေါင်ကို ကြည့်နေသော အကြည့်မှာ ဘီလူးသရဲတစ်ကောင်ကို ကြည့်နေသည့်အလားပင်။ စကားပြောနေရင်း သူသည် အပြင်ဘက်မှ သားရဲကြီးများကို လက်ညှိုးညွှန်ပြကာ လုပေါင်ကို ပြောလိုက်သည်။
“မင်းမှာ အဲဒီကာကွယ်မှု ရှိနေမှတော့ လွယ်သွားပြီ။ မင်း အပြင်ထွက်ပြီး သူတို့ ကိုတိုက်လိုက်။”
“ဗျာ”
လုပေါင် မျက်တောင်ခတ်ရင်း ထူးဆန်းစွာ မေးလိုက်သည်။
ပေါင်ရှင်းကျီ ခေါင်းခါပြကာ။
“ရပါတယ် အဲဒီကာကွယ်မှုနဲ့ဆိုရင် မင်း ဒဏ်ရာမရပါဘူး။ အချိန်ကျရင် အမြင်မှားဖျက်ဆီးတဲ့ အတတ်က အလိုအလျောက် ပေါ်လာလိမ့်မယ်။”
ပေါင်ရှင်းကျီ၏ စကားကြောင့် လုပေါင်သည် ယခင်က ဖြစ်ရပ်ကို သတိရသွားသည်။ နဂါးကျားတောင်ပေါ်ရှိ ခန်းမဆောင်ကြီးထဲတွင် နတ်ဘုရားဆရာကြီးက သူ့ကို ရိုက်လိုက်စဉ်က သူသည် မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ လွင့်ထွက်သွားခဲ့ဖူးသည်။ ဤသည်ကို တွေးမိသည်နှင့် လုပေါင် စိတ်ဝင်စားသွားပြီး စမ်းသပ်ကြည့်ရန် အခွင့်အရေးကောင်းဟု ယူဆလိုက်သည်။
ချက်ချင်းပင် လုပေါင်သည် တန်ဆောင်းအပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်သည်။ သေချာပေါက်ပင် သူ ထွက်လိုက်သည်နှင့် ထိုသားရဲကြီးများအားလုံးက သူ့ဆီသို့ အုပ်စုလိုက် ပြေးဝင်လာကြသည်။ လုပေါင်မှာ အလိုအလျောက် ပြန်လည်တိုက်ခိုက်ချင်စိတ် ပေါ်လာသော်လည်း ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းကာ ဘာမှမလုပ်ဘဲ နေလိုက်သည်။
မကြာမီမှာပင် လုပေါင်၏ ရှေ့တည့်တည့်တွင် အရိပ်တစ်ခု ပေါ်လာပြီး သူ၏ မျက်နှာကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်သည်။
‘ကျွန်တော့်ကို ကာကွယ်ပါဦး ဒါသာ ကျွန်တော့်မျက်နှာကို ထိရင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတော့မှာ။’
လုပေါင် စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းနေသော်လည်း ပြန်တိုက်ခိုက်ချင်စိတ်ကို အောင့်ထားဆဲပင်။
ထိုလက်သည် လုပေါင်၏ မျက်နှာကို ထိရန် လက်မအနည်းငယ်အလိုမှာပင် သူ၏ စိတ်ဝိညာဉ်အတွင်းရှိ ရွှေရောင်အလင်းမှာ ချက်ချင်း မြင့်တက်လာတော့သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောဝိညာဉ်စွမ်းအား များမှာ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး ရွှေရောင်အလင်းတန်းတစ်ခုမှာ လုပေါင်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ကပ်တွယ်သွားတော့သည်။
“ဘုန်း”
ရွှေရောင်အလင်း ပေါ်လာသည်နှင့် မမြင်ရသော လှိုင်းတစ်ခုမှာ လုပေါင်၏ ခန္ဓာကိုယ်မှ ချက်ချင်း ဖြာထွက်သွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ သူတို့ကို ဝိုင်းရံထားသော ထူထပ်လှသည့် ရန်သူများအားလုံးမှာ ထိုလှိုင်းနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် အရိပ်အကြွင်းအကျန်များအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားကြသည်။
သူတို့တင်မကဘဲ ဤလူသူမနီးသော ဒေသ၏ မြေပြင်နှင့် ကောင်းကင်ယံမှာပါ အမြင်မှားများအဖြစ် ပြောင်းလဲသွားပြီး ထိုခဏမှာပင် ကွယ်ပျောက်သွားတော့သည်။ မှောင်မည်းနေသော လဟာပြင်ကြီးသာ ကျန်ရစ်တော့သည်။
သူ့နောက်ကွယ်တွင် ပေါင်ရှင်းကျီကို မတွေ့ရတော့ဘဲ ဖြူကြီး တစ်ယောက်သာ စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရင်း ကျန်ရစ်ခဲ့သည်။
“ဘုရားရေ... ခန္ဓာကိုယ် ကာကွယ်မှုက ဒီလောက်တောင် အစွမ်းထက်တာလား။ ဒါဆို နောင်ကျရင် ငါ တိုက်ခိုက်နေစရာတောင် မလိုတော့ဘူး အရိုက်ခံရဖို့ပဲ စောင့်နေရတော့မှာလား။”
လုပေါင်သည် သူ၏ လက်နှစ်ဖက်ကို ဖြန့်ကြည့်ရင်း လုံးဝကို အံ့အားသင့်သွားရသည်။
ထိုခဏမှာပင် ရွှေရောင်အလင်းမှာ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားပြီး လုပေါင်မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ ဤကာကွယ်မှုမှာလည်း ဘေးထွက်ဆိုးကျိုး အချို့ရှိပုံရသည်။ သို့သော် လုပေါင် ထပ်မတွေးနိုင်ခင်မှာပင် သူသည် ယခင်က ဤအမြင်မှားထဲသို့ စတင်ဝင်ရောက်စဉ်ကကဲ့သို့ ခေါင်းတရိပ်ရိပ် မူးဝေသွားပြန်သည်။
သူ၏ အသိစိတ်များ ပြန်လည်ကြည်လင်လာသည့်အခါ သူသည် အက်ကွဲကြောင်းကြီး၏ အောက်ခြေရှိ ခန်းမဆောင်ကြီးထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။
“မိတ်ဆွေ လုပေါင်... မင်းရဲ့ အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။”
အသိစိတ် ပြန်ဝင်လာသည်နှင့်တစ်ပြိုင်နက် လုပေါင်သည် သူ့ဘေးရှိ ပေါင်ရှင်းကျီထံမှ ကျေးဇူးတင်စကားကို ကြားလိုက်ရလေတော့သည်။
အခန်းး ၂၄၈- ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ။
ယခုအချိန်တွင် လုပေါင်သည် ပေါင်ရှင်းကျီကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူသည် မျက်စိကိုသာ မှိတ်ထားလိုက်သည်။
“တီ တာဝန် ပြီးမြောက်ပါသည်။ ရရှိသည့်ဆုလာဘ်- အခြေခံကံကောင်းခြင်းအတတ်။”
စနစ်၏ အသံမှာ လုပေါင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
အမှန်စင်စစ် သူ ပြန်ထွက်လာပြီဖြစ်ကြောင်း သိလိုက်ရသည့်ခဏတွင် လုပေါင် အနည်းငယ် နောင်တရမိသွားသည်။ ပြဿနာကို စောစောစီးစီး ဖြေရှင်းလိုက်မိသဖြင့် သတ်မှတ်ချိန်ထက်စော၍ ပြန်ထွက်လာခဲ့ရသောကြောင့်ပင်။ ဘာပဲဖြစ်ဖြစ် သူ၏ တာဝန်မှာ အချိန်မပြည့်သေးပေ။ အဓိကမှာ ဤဖြစ်စဉ်တစ်ခုလုံးသည် လုပေါင်၏ ထိန်းချုပ်မှုအပြင်ဘက်တွင် ရှိနေသဖြင့် သူ ရုတ်တရက် အပြင်သို့ ရောက်လာခြင်းဖြစ်သည်။
သို့သော်လည်း စနစ်၏ ဆုလာဘ်ကတော့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုစိတ်အာရုံနယ်ပယ် ကွယ်ပျောက်သွားသဖြင့် လက်မှတ်ထိုး ဝင်ခြင်းမှာလည်း တိုက်ရိုက်ပြီးဆုံးသွားခြင်း ဖြစ်နိုင်ပါသလား။ လုပေါင် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း သူသည် စနစ်၏ အတိအကျ စည်းမျဉ်းများကို ယခုထိ သေချာနားမလည်သေးပေ။ အခြေခံကံကောင်းခြင်းအတတ် ဆိုသည်မှာလည်း ပေါင်ရှင်းကျီ၏ ကျင့်ကြံသူ အဆင့်အတန်းနှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်ဟု လုပေါင် ခန့်မှန်းလိုက်သည်။
လုပေါင်က တိတ်ဆိတ်စွာ စဉ်းစားနေစဉ် ပေါင်ရှင်းကျီမှာမူ လုပေါင်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရသဖြင့် လုပေါင် ဘာတွေးနေသည်ကို ခဏမျှ ဝေခွဲမရဖြစ်နေသည်။
“ဟို... ငါ မင်းကို တစ်ခုခု စိတ်ဆိုးအောင် လုပ်မိလို့လား။”
ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက် ပေါင်ရှင်းကျီက တိုးတိုးလေး မေးလိုက်သည်။ ထိုအသံကို ကြားမှ လုပေါင် မျက်လုံးဖွင့်လိုက်ပြီး အလွန်ရိုးသားပုံပေါ်နေသော ပေါင်ရှင်းကျီကို ကြည့်ကာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ပေါင်ရှင်းကျီသည် သူ့အပေါ် ဤမျှ ယဉ်ကျေးပျူငှာခဲ့ဖူးခြင်း မရှိပေ။
“ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ အငွေ့အသက်တွေက တစ်မျိုးကြီး ဖြစ်ကုန်ပြီ။”
လုပေါင် ခေါင်းကိုကုတ်ရင်း ဇဝေဇဝါ ပြောလိုက်သည်။ အနားတွင် နိုးနေပြီဖြစ်သော ဖြူကြီးကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြပြီး ပေါင်ရှင်းကျီကို နားမလည်သလို ကြည့်နေသည်။
“အပိုတွေ ပြောမနေနဲ့။ မင်းက နဂါးကျားတောင် ရဲ့ နတ်ဆရာကြီး အဆင့်အတန်းရှိနေတာပဲ ငါက မယဉ်ကျေးလို့ ဖြစ်ပါ့မလား...”
ပေါင်ရှင်းကျီ၏ နှုတ်ခမ်းများ တွန့်သွားပြီး အားကိုးရာမဲ့စွာ ပြောလိုက်သည်။ အပြင်လူများမှာ နတ်ဘုရားဆရာကြီးဟောင်းသည် ထိပ်တန်း ဂုဏ်ထူးဆောင်ဆရာ တစ်ဦးဖြစ်ကြောင်းသာ သိကြသော်လည်း ပေါင်ရှင်းကျီမှာမူ ထိုဆရာကြီး ဒေါသထွက်ပြီး သောင်းကျန်းခဲ့သည်ကို ကိုယ်တိုင် မြင်ဖူးခဲ့သူဖြစ်သည်။ ထို့ကြောင့် သူသည် နဂါးကျားတောင်နှင့် ပတ်သက်သမျှ အရာအားလုံးအပေါ် ရိုသေလေးစားမှု အမြဲရှိနေခဲ့သည်။ အထူးသဖြင့် သူ့ရှေ့မှ လုပေါင်မှာ အသစ်ခန့်အပ်ခံရသော နတ်ဘုရားဆရာကြီး ဖြစ်နေသဖြင့် သူသည် သိသိသာသာပင် ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း ပြုမူလာခြင်း ဖြစ်သည်။
“ကျွန်တော်က ဘာမှ စီမံခန့်ခွဲနေတာမှ မဟုတ်တာ။ ဒီ နတ်ဘုရားဆရာကြီး ဘွဲ့ဆိုတာက နာမည်သက်သက်ပါပဲ အရင်လိုပဲ ပုံမှန်အတိုင်း ဆက်ဆံကြရအောင်။”
ပေါင်ရှင်းကျီ၏ စကားကို ကြားရသည့်အခါ လုပေါင် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ စကားပြောရင်း လုပေါင်သည် နံရံပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်မှာ လုံးဝ ပျက်စီးသွားပြီး မြေမှုန့်ပုံတစ်ခု ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
“ဒါ ခင်ဗျား လုပ်လိုက်တာလား။”
လုပေါင်က မြေမှုန့်ပုံကို လက်ညှိုးညွှန်ကာ ဇဝေဇဝါ မေးလိုက်သည်။
ပေါင်ရှင်းကျီက အသာအယာ ခေါင်းညိတ်ပြီး။
“ဟုတ်တယ် အဲဒါက အဓိက ဇစ်မြစ်ပဲ။ အဲဒါကို ဖျက်ဆီးလိုက်မှပဲ မင်းတို့ကို ကယ်လို့ရမှာမို့လို့။”
“ဒါဆို ခင်ဗျားပြောတဲ့ ရတနာက ဘယ်မှာလဲ။”
ဤနေရာသို့ ရောက်သောအခါ လုပေါင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ပျက်စီးနေသော ဗုဒ္ဓရုပ်ပွားတော်မှလွဲ၍ ဤနေရာတွင် အခြားကောင်းမွန်သော အရာများ ရှိပုံမရပေ။ ဤသို့တွေးကာ လုပေါင်သည် အလိုအလျောက်ပင် သူ၏ ဉာဏ်အလင်းပွင့်မျက်လုံး ကို အသက်သွင်းလိုက်သည်။
ဉာဏ်အလင်းမျက်လုံး ပွင့်လာသည်နှင့် လုပေါင်၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူသည် တိတ်တဆိတ် ရှေ့သို့ တိုးသွားပြီး ထိုမြေမှုန့်ပုံများကို လက်ဖြင့် ဖယ်ရှားလိုက်သည်။ သို့သော် သူ ဖယ်ရှားနေခြင်းမှာ အပေါ်ယံသာဖြစ်ပြီး လက်တွေ့တွင်မူ ထိုအရာများကို တွင်းနက်ထဲသို့ တိတ်တဆိတ် သိမ်းဆည်းနေခြင်း ဖြစ်သည်။
“မင်း ဘာလုပ်နေတာလဲ။”
လုပေါင်၏ ဘေးတွင် ရပ်နေသော ဖြူကြီးက ဇဝေဇဝါ မေးလိုက်သည်။ လုပေါင်က ထိုမြေမှုန့်များကို သိမ်းနေသည်ကို သူ သေချာ မြင်လိုက်ရသောကြောင့်ပင်။
“ဒီနေရာရဲ့ လျှို့ဝှက်ချက်က ဗုဒ္ဓရုပ်ပွားတော်ရဲ့ နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ ကျွန်တော် တွေ့လိုက်ရလို့ပါ။ အဲဒါကြောင့် ဒါတွေကို ဖယ်ပေးနေတာ။”
လုပေါင် ချောင်းတစ်ချက် ဟန့်ကာ ဖြူကြီးကို ရှင်းပြလိုက်သည်။ ဖြူကြီးမှာ ရတနာအမျိုးမျိုးအပေါ် စိတ်ဝင်စားမှု လုံးဝမရှိဘဲ ပေါင်ရှင်းကျီနောက်ကို အဖော်အဖြစ် လိုက်လာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူ ဘာမှ ဆက်မမေးတော့ပေ။ သေချာပေါက်ပင် လုပေါင်မှာ လိမ်နေခြင်း မဟုတ်ပါ။ ဤဗုဒ္ဓရုပ်ပွားတော်၏ နောက်ကွယ်တွင် ပဟေဠိ ကဲ့သို့သော ယန္တရားတစ်ခု အမှန်တကယ် ရှိနေပြီး ၎င်းမှာ ဤနေရာ၏ လျှို့ဝှက်ချက်ကို ဖွင့်ရန် သော့ချက်ပင် ဖြစ်သည်။
သူ သိမ်းယူလိုက်သော မြေမှုန့်များမှာမူ ၎င်းတို့သည် ရတနာများဖြစ်ကြောင်း ဉာဏ်အလင်းမျက်လုံးမှတစ်ဆင့် သူ တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။ မည်သည့်နေရာတွင် အသုံးပြုရမည်ကို မသိသေးသော်လည်း လုပေါင်က ပြတ်ပြတ်သားသား သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။ စကားပြောနေစဉ်မှာပင် လုပေါင်သည် ထိုပဟေဠိကို ချိန်ညှိကာ တစ်ခုခု တွေ့နိုင်မလားဟု စမ်းကြည့်ရန် ပြင်လိုက်သည်။
“အစ်ကိုကြီးရေ... အဲဒါကို လျှောက်မလုပ်နဲ့ဦး။”
လုပေါင် လက်လှမ်းလိုက်သည်နှင့် ပေါင်ရှင်းကျီ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး လုပေါင်၏ ရှေ့တွင် အလျင်အမြန် ပိတ်ဆို့လိုက်သည်။
“ဘာဖြစ်လို့လဲ။”
လုပေါင် ဇဝေဇဝါဖြင့် မျက်တောင်ခတ်ကာ မေးလိုက်သည်။
ပေါင်ရှင်းကျီက သူ၏ နဖူးကို ပွတ်ရင်း ခါးခါးသီးသီး ပြုံးလိုက်ပြီး။
“ဒါကို မင်း စပြီး ရွှေ့လိုက်တာနဲ့ ယန္တရားတွေက ပွင့်လာလိမ့်မယ်။ အကယ်၍ မင်းက ပုံစံအတိအကျကို မရွှေ့နိုင်ဘူးဆိုရင် တိုက်ခိုက်ခံရလိမ့်မယ်။”
“အင်း... ဒါဆို ခင်ဗျားတို့ နောက်ကို ဆုတ်နေကြ။”
လုပေါင် ခဏမျှ သေချာစဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့ကို ပြောလိုက်သည်။
ယခု လုပေါင်တွင်ခန္ဓာကိုယ် ကာကွယ်မှု ရှိနေပြီဖြစ်ရာ တိုက်ခိုက်ခံရမှာကို သူ မကြောက်ပေ။ခုနက အမြင်မှားဖျက်ဆီးခြင်းအတတ်ကို သုံးစဉ်က ခေါင်းမူးသွားရခြင်းမှာ သူသည် စိတ်အာရုံနယ်ပယ်ထဲတွင် ရှိနေခဲ့သောကြောင့်သာ ဖြစ်သည်။ ယခု အပြင်သို့ ရောက်လာပြီဖြစ်ရာ အခြေအနေက ကွာခြားသွားပြီဖြစ်၏။
လုပေါင်၏ စကားကြောင့် ပေါင်ရှင်းကျီမှာ အလိုအလျောက်ပင် တားဆီးချင်သော်လည်း လုပေါင်မှာ ထိုကာကွယ်မှုရထားသော နတ်ဆရာကြီးဖြစ်ကြောင်း ချက်ချင်း သတိရသွားသည်။ ချက်ချင်းပင် သူသည် ဖြူကြီးကို ဆွဲကာ လုပေါင်၏ အနောက် ပေ ၃၀ ခန့်အကွာတွင် တိတ်တဆိတ် သွားရပ်လိုက်သည်။
လုပေါင်၏ ရှေ့တွင်ရှိသော ပဟေဠိတွင် အပိုင်းအစ စုစုပေါင်း ဆယ့်ရှစ်ခု ရှိသည်။ ထိုအပိုင်းအစများမှာ နံရံတွင် မြှုပ်နေသော်လည်း လုံးဝ တောင့်တင်းနေခြင်း မဟုတ်ဘဲ အနည်းငယ် ရွှေ့၍ရသည်။ ထိုအပိုင်းအစများမှာ စတုရန်းပုံစံများ ဖြစ်သော်လည်း ၎င်းတို့အပေါ်တွင် သိမ်မွေ့သော ထွင်းထုမှုပုံစံလေးများ ရှိသည်။
လုပေါင်မှာ ယခုအချိန်တွင် မည်သည့် ဖိအားမှ မရှိဘဲ ထိုထွင်းထုထားသော အပိုင်းအစများကို ပုံစံတစ်ခု ဖြစ်အောင် ဆက်စပ်ရန် စတင် လုပ်ဆောင်တော့သည်။ သို့သော် သေချာသည်မှာ လုပေါင်တွင် ဤကဲ့သို့သော အရာများတွင် မည်သည့် ပါရမီမှ မရှိခြင်းပင်။ အချိန်အတော်ကြာ လုပ်ဆောင်ပြီးနောက် သူ ဘယ်လိုကြည့်ကြည့် ပုံစံမကျသဖြင့် လက်ကို ရပ်လိုက်သည်။
လုပေါင် လက်ရပ်လိုက်သည်နှင့် သူ၏ ဦးခေါင်းအထက်ရှိ ကျောက်နံရံမှာ အနည်းငယ် ရွေ့လျားသွားပြီး ချက်ချင်းပင် အက်ကြောင်းထဲမှ မြားတိုများမှာ လုပေါင်ဆီသို့ တစ်ဟုန်ထိုး ပစ်ထွက်လာတော့သည်။
“ချလွမ်း”
ထိုမြားတိုများ လုပေါင်ကို ထိရန် လက်မအနည်းငယ်အလိုမှာပင် သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး မြားများကို တိုက်ရိုက် ကာကွယ်လိုက်သည်။ လုပေါင်၏ ကာကွယ်မှုအောက်တွင် သူ၏ စစ်မှန်သောဝိညာဉ်စွမ်းအား မကုန်ဆုံးသရွေ့ မည်သူမျှ သူ့ကို အန္တရာယ် မပြုနိုင်ပေ။
မျက်စိတစ်မှိတ်အတွင်း နာရီဝက်ခန့် ကုန်ဆုံးသွားသည်။ ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့မှာ မြေပြင်ပေါ်တွင် ထိုင်ကာ ရှေ့သို့ ကြောင်တောင်တောင် ကြည့်နေကြတော့သည်။ မူလက ဤခန်းမဆောင်မှာ အလွန် သန့်ရှင်းသပ်ရပ်သော်လည်း ယခုအခါ လုပေါင်၏ ခြေရင်းတွင် ရှုပ်ပွနေသော လျှို့ဝှက်လက်နက် အကြွင်းအကျန်ပုံကြီး တစ်ခု ရှိနေသည်။
လုပေါင် ပဟေဠိ မှားလိုက်တိုင်း သူသည် တိုက်ခိုက်ခံရသော်လည်း ထိုတိုက်ခိုက်မှုအားလုံးမှာ မည်သည့် အကျိုးသက်ရောက်မှုမှ မရှိပေ။ လုပေါင်မှာမူ ၎င်းတို့ကို လုံးဝ ဂရုမစိုက်ဘဲ ဆက်လုပ်နေသည်။
“ငါပြောမယ်... ဒီကောင်က အသက် ၂၁ နှစ်ပဲ ရှိသေးတာ ဘာလို့ ဒီလောက်တောင် ထူးထူးဆန်းဆန်း အစွမ်းထက်နေရတာလဲ...”
အလွန် အားကောင်းလှသော ပျံလွှားဓားနှစ်လက်မှာ လုပေါင်၏ ကာကွယ်မှုနှင့် ထိပြီး လွင့်ထွက်သွားသည်ကို ကြည့်ရင်း ပေါင်ရှင်းကျီက မေးစေ့ကို ပွတ်ကာ ရေရွတ်လိုက်သည်။
“ကံကောင်းလို့ အရင်က ငါ သူ့ကို ဒေါသထွက်အောင် မလုပ်ခဲ့တာ။ မဟုတ်ရင် ငါလည်း အဲဒီမှာတင် အသက်ပျောက်နေလောက်ပြီ...”
ဖြူကြီးသည်လည်း ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် ထိတ်လန့်သွားရလေတော့သည်။