← Chapters

ထိုအသံ

Vol. 24 Ch. 334

ထိုအသံ

Vol. 24 Ch. 334

'ဝိညာဉ်လုယက်ဖန်တီးဖို့ အဲအရာကိုသုံးနိုင်မလား ငါသိချင်လိုက်တာ...' စုမင်ခေါင်းထဲတွင် ထိုအတွေးပေါ်လာပြီး 'ထာဝရရှင်သန်ခြင်း'ဆိုသော ထိုအရာအပေါ်လိုချင်စိတ် ပြင်းပြလာခဲ့သည်။

စုမင်ထံသို့ ထိုလူနီးကပ်လာသောအခိုက်အတန့်မှာပင် စုမင်နောက်သို့စဆုတ်လိုက်သည်။ ထာဝရရှင်သန်ခြင်းသည် စုမင်နောက်သို့ချက်ချင်းလိုက်ဖမ်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့နှစ်ဦးသည် ဝူတုနှင့်ကောင်လေး၏ တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွားကြသည်။

ဝူတုသည် စုမင်ထွက်ခွာသွားသည်ကို စောင့်ကြည့်နေရုံသာတတ်နိုင်ပြီး ရပ်တန့်အောင်မပြုလုပ်နိုင်ခဲ့ပေ။ ကောင်လေးသည်တော့

မျက်လုံးများကို ပိတ်ထားသော်လည်း ဖြစ်ပျက်သွားသောအရာများကို သတိပြုမိနေဆဲဖြစ်သည်။

သို့သော် သူစုမင်ကို လုံးဝအာရုံမစိုက်ခဲ့ချေ။ သူ့အတွက်တော့ ဝူတုကသာ သူ့ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။

စုမင် သာမန်အရှိန်နှုန်းဖြင့်သာ နောက်ဆုတ်လာပြီး ထာဝရရှင်သန်ခြင်းလူ သူ့နောက်သို့လိုက်ဖမ်းရန် မျှားခေါ်လာခဲ့သည်။ ဝူတုနှင့် အကွာအဝေးတစ်ချို့သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် စုမင်မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူ့မျက်ခုံးများအလယ်တွင် အစိမ်းရောင် အလင်းတစ်ဖြာတောက်ပသွားသည်။ ကျောက်စိမ်းဓားမြောင်ငယ်လေးသည် အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ထိုလူ့ထံတိုးထွက်သွားခဲ့သည်။

ထိုလူသည် ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ချေ။ ဓားရှည်သည် သူ့မျက်ခုံးများအလယ်သို့ ချက်ချင်းထိုးဖောက်သွားသော်လည်း ဒဏ်ရာမှနေ၍ သွေးများထွက်ပေါ်မလာခဲ့ပေ။ အမာရွတ်နှင့်လူသည် အနည်းငယ်သာတုန်ယင်သွားပြီး ထိုတိုက်ခိုက်မှုကြောင့် များစွာသက်ရောက်မခံလိုက်ရသည်မှာ ရှင်းလင်းနေ၏။ ထိုလူ့မျက်လုံးများအတွင်း ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ခုဖြစ်ပေါ်လာပြီး ခပ်တိုးတိုးမာန်ဖီဟိန်းဟောက်သံနှင့်အတူ စုမင်အားခုန်အုပ်လာခဲ့သည်။

စုမင်မျက်လုံးတို့ ကျဉ်းမြောင်းသွားရသည်။ ထိုလူခုန်အုပ်လာသည်နှင့် အလိုလို ဘေးသို့ခြေလှမ်း၍ ရှောင်ရှားလိုက်သည်။ စုမင်၏ အလွန်လျင်မြန်သော အမြန်နှုန်းကြောင့် အနောက်ဘက်တွင် ပုံရိပ်ယောင်တစ်ခုသာ ကျန်ရစ်ခဲ့သဖြင့် ထိုလူအား လေဟာနယ်ကိုသာ ခုန်အုပ်မိသွားစေသည်။ သို့သော် ၎င်းက စုမင်အား ချက်ချင်းလှည့်ကြည့်၍ ဟိန်းဟောက်လာခဲ့သည်။

“ဒီထူးခြားတဲ့ပစ္စည်းက တစ်ကယ့်ကို ပေါ့ပါးသွက်လက်တာပဲ။ တည့်တည့်တိုးဝင်လာတဲ့အချိန် သူ့အမြန်နှုန်းက မနှေးပေမယ့် ရှောင်တိမ်းပြီး လမ်းကြောင်းပြောင်းနိုင်တဲ့ စွမ်းရည်ကတော့ တေယ်တော်နိမ့်သေးတယ်...” စုမင် တီးတိုးရေရွတ်လိုက်သည်။ သူ ညာလက်ကိုမြှောက်လိုက်ရာ အစိမ်းရောင်အလင်းသည် နောက်ပြန်ဆုတ်လာပြီး စုမင်လက်ထဲတွင် ဓားငယ်တစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ စုမင်သည် ၎င်းကို လက်ချောင်းနှစ်ချောင်းကြားထဲ ကိုင်ဆောင်ထားပြီး ထိုလူနှင့် မျက်နှာချင်းဆိုင်လျှောက်သွားလိုက်သည်။

ထိုလူသည် အော်ဟစ်၍ နောက်တစ်ကြိမ်ခုန်အုပ်လာပြန်သည်။ စုမင်မျက်လုံးများက တောက်ပသွားသည်။ အမာရွတ်လူ၏ ခန္ဓာကိုယ်နှင့် ထိတော့မည့်အချိန်မှာပင် သူ့လက်ချောင်းကြားရှိ ဓားက ထိုလူ့ညာလက်မောင်းကို ပိုင်းဖြတ်သွားသည်။ စုမင် သူ့ရန်သူနောက်တွင်ပေါ်လာပြီး ၎င်း၏ဘယ်လက်ကိုနောက်တစ်ကြိမ် ပိုင်းဖြတ်လိုက်ပြန်သည်။ ထို့နောက် အသက်တစ်ကြိမ်ရှူစာအတွင်းမှာပင် ခြေတစ်လှမ်းရွှေ့လိုက်ရာ ခပ်တိုးတိုးအော်ဟစ်လျက် သည်ဘက်လှည့်လာသော ထိုလူ၏နောက်ကျောဘက်တွင် ပြန်ပေါ်လာခဲ့ချေသည်။

ဓားချက်တစ်ချက်နှင့်အတူ စုမင်လက်ထဲရှိဓားသည် အမာရွတ်လူ၏ ညာခြေထောက်ကို တိတိရိရိပိုင်းဖြတ်သွားသည်။ သို့သော် ဓားချက်သည် ထိုနေရာတွင်သာ ရပ်မသွားပဲ ဘယ်ဘက်ခြေထောက်ကိုပါ ဆက်လက်ပိုင်းဖြတ်သွားလေသည်။

ထိုသို့လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် စုမင်သက်သောင့်သက်သာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ပြီး သူ့အားကျောခိုင်းထားသော အမာရွတ်နှင့်လူကို ကြည့်လိုက်သည်။ ထိုအမာရွတ်လူ ပြန်လှည့်လာချိန်တွင်တော့ ၎င်း၏လက်များ၊ ခြေထောက်များသည် ခန္ဓာကိုယ်မှ ချက်ချင်းပြတ်ထွက်သွားသည်ကို စုမင်တွေ့လိုက်ရချေသည်။

သို့သော် မကြာမီမှာပင် ထူးဆန်းသောမြင်ကွင်းက နောက်တစ်ကြိမ်ပြန်ပေါ်လာခဲ့သည်။ စုမင်ပိုင်းဖြတ်ခဲ့သော ခြေလက်လေးချောင်းမှ မှိန်ဖျော့ဖျော့အလင်းတစ်ဖြာ တောက်ပလာပြီး ၎င်းတို့သည် အမာရွတ်လူ၏ ခန္ဓာကိုယ်သို့ သူတို့ဘာသာ ပြန်လည်ချိတ်ဆက်သွားကြသည်။ ထိုလူ့ပါးစပ်မှ အဝါရောင်အရည်များစွာ စီးကျလာပြီး စုမင်အား နောက်တစ်ကြိမ်ခုန်အုပ်လာပြန်သည်။

သူနီးကပ်လာသည်နှင့်တစ်ပြိုင်နက် စုမင်နောက်သို့ ဆုတ်လိုက်ပြီး သူ့မျက်လုံးများအတွင်း စပ်စုလိုသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုလူ့ခန္ဓာကိုယ်အားဖုံးအုပ်လျက် သူ့နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ထိုလူ့ခန္ဓာကိုယ်ထဲတွင် အပြည့်ရှိနေသည့် အသက်ဓာတ်အလုံးလေးတစ်ခုကို သူရှင်းရှင်းလင်းလင်း မြင်လိုက်ရချေသည်။ ၎င်းသည် ထိုလူ့ခန္ဓာကိုယ်ကို မပြီးနိုင်မဆုံးနိုင် အတူတကွပြန်လည်စုဝေးစေရန် ပြုလုပ်ပေးနေသည့် အသက်ဓာတ်ဖြစ်သည်။

'အဲဒီ အသက်ဓာတ်က စိတ်ဝိညာဉ်ဖမ်းစားသူရဲ့ လျှို့ဝှက်ချက်များ ဖြစ်နိုင်မလား... အဲလိုသာဆိုရင် ဝိညာဉ်လုယက်က ဒီလူ့အပေါ်မှာ အထူးသက်ရောက်မှုတစ်ခု ရှိကောင်းရှိနိုင်တယ်'

နောက်သို့ဆက်ဆုတ်ခွာနေရင်း စုမင်မျက်လုံးများက တောက်ပနေသည်။ ထိုလူအား ဆက်လက်လေ့လာနေရင်းမှ သူ့ညာလက်ထဲရှိ ဓားရှည်ကို အလျင်အမြန်မြှောက်၍ အောက်သို့ ဝှေ့ယမ်းချလိုက်သည်။ ထိုလူ့ရင်ဘတ်တွင် ဟက်တက်ကွဲဒဏ်ရာတစ်ခု ချက်ချင်းပေါ်လာပြီး နောက်သို့ဒေါင်လိုက်လွင့်သွားခဲ့သည်။ ပုပ်စပ်စပ်အနံ့တစ်မျိုးသည် စုမင်နှာခေါင်းဝသို့ လာရောက်တိုက်ခတ်သော်လည်း  ထိုဟက်တက်ကွဲဒဏ်ရာအတွင်းတွင်တော့ ဗလာဖြစ်နေချေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် မည်သည့်ကိုယ်တွင်းအင်္ဂါမှ မရှိပေ။

ထိုနေရာတွင် စုမင်၏နတ်ဘုရားစိတ်အာရုံ ရှာဖွေတွေ့ရှိခဲ့သော မီးခိုးရောင် အခိုးအငွေ့အစုအဝေးတစ်ခုသာရှိနေပြီး ထိုမီးခိုးငွေ့များသည် အမာရွတ်လူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှ စိမ့်ထွက်နေခဲ့သည်။

'ဒီလူ့ရဲ့ သေဆုံးခြင်းအငွေ့အသက်တွေက အရမ်းထူထပ်လွန်းလို့ အရမ်းအလွယ်တကူ ပရမ်းပတာဖြစ်သွားနိုင်တာတော့ စိတ်မကောင်းစရာပဲ။ အဲဒီထူးဆန်းတဲ့ အသက်ဓာတ်ကသာ ထောက်ပံ့ပေးမထားရင် သူကပြိုလဲသွားတာ ကြာလောက်ပြီ။ ဒီလူက မကြာသေးခင်ကမှ ဖန်တီးခံထားရတယ်ဆိုတာ ထင်ရှားနေတယ်။ အဲလိုမှမဟုတ်ပဲ ပိုတည်ငြိမ်တဲ့ သေဆုံးခြင်းအငွေ့အသက်တွေ ရှိတဲ့လူတစ်ယောက်နဲ့ တွေ့ရမယ်ဆိုရင် ငါ အဲလူကို ဝိညာဉ်လုယက်ဖန်တီးဖို့ သုံးလို့ရနိုင်လောက်တယ်' စုမင် ခေါင်းခါယမ်းလိုက်ရင်း ဤလူ့အပေါ် စိတ်ဝင်စားမှုများ ကုန်ဆုံးသွားခဲ့ချေသည်။

အမာရွတ်လူ ခုန်အုပ်လာသည့်အခိုက်အတန့်မှာပင် စုမင်ညာလက်ကိုမြှောက်လိုက်ရာ သူ့လက်ဝါးထဲတွင် အခြားပစ္စည်းတစ်ခု ပေါ်လာခဲ့သည်။ ထိုပစ္စည်းသည် ပုလဲတစ်လုံးဖြစ်ပြီး စုမင်၏ဝိညာဉ်လုယက်ပင်ဖြစ်သည်။

ဝိညာဉ်လုယက်ကို ထိုလူ့ထံလှမ်းပစ်လိုက်စဉ် စုမင်အကြည့်က တည်ငြိမ်အေးဆေးနေခဲ့သည်။ ဆေးလုံးထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုလူ၏မျက်လုံးများအတွင်း အံ့သြတကြီး အကြည့်တစ်ခုပေါ်လာသော်လည်း ၎င်းသည် မကြာမီမှာပင် ဗလာအကြည့်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ထိုလူသည် လှုပ်ရှားနေရာမှရပ်တန့်သွားပြီး သူ့ရှေ့တွင်လွင့်မျောနေသော ဝိညာဉ်လုယက်ကိုသာ ဗလာအကြည့်များဖြင့် ငေးကြည့်နေခဲ့သည်။

ထိုလူ၏ ပါးစပ်၊ နှာခေါင်း၊ နားများ၊ မျက်လုံးများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုစီတိုင်းမှ မီးခိုးရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ၎င်းမီးခိုးငွေ့အစုအဝေးများသည် ဝိညာဉ်လုယက်ထံသို့ ထိတ်လန့်ဖွယ်အမြန်နှုန်းဖြင့် တိုးဝင်လာကြသည်။ ဤအရာအားလုံးသည် အသက်ရှူကြိမ်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး ထို့နောက်တွင်တော့ အမာရွတ်နှင့်လူသည် တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်က တစ်ဖြည်းဖြည်း ပြိုကွဲသွားချေသည်။ ထိုလူ့ခြေလက်အင်္ဂါများက ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်သည်လည်း ကျိုးကြေပျက်စီးသွားကာ မြေပြင်ပေါ်ပြန့်ကျဲနေသည့် အသားစိုင်များအဖြစ် ပြောင်းလဲသွားတော့သည်။

မီးခိုးရောင်အခိုးအငွေ့များစွာကို စုပ်ယူပြီးနောက်တွင် ဝိညာဉ်လုယက်က အနည်းငယ်ကွဲပြားခြားနားသွားသည်။ ၎င်း၏အတွင်းထဲတွင် မှုန်မှိုင်းနေသော်လည်း ၎င်းအထဲတွင် လိမ်ပတ်လှုပ်ရှားနေသော တက်ကြွနေပုံပေါ်သည့် အသက်ဓာတ်အလုံးလေးတစ်ခု ရှိနေသည်။ စုမင် ပုလဲကိုပြန်လည်ဆင့်ခေါ်ပြီးသည်နှင့် ၎င်းကို လက်ထဲတွင်ကိုင်၍ အကြိမ်အနည်းငယ်ခန့်ကြည့်လိုက်သည်။

'ဒီထူးဆန်းတဲ့အသက်ဓာတ်က စိတ်ဝိညာဉ်ဖမ်းစားသူတွေရဲ့ လျှို့ဝှက်ချက်ဖြစ်ရမယ်'

စုမင်ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီး အဝေးမှ ဝိုးတဝါးမြည်ဟည်းသံများကို နားထောင်နေလိုက်သည်။ ဝူတုနှင့် ကောင်လေး၏တိုက်ပွဲသည် မယုံနိုင်လောက်အောင်ပင် အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်သည်မှာ ထင်ရှားလို့နေ၏။

စုမင် ဝိညာဉ်လုယက်ကိုသိမ်း၍ အသံများထွက်ပေါ်လာနေရာဆီသို့ လျှောက်သွားလိုက်သည်။ မီးတောက်မျောက်ဝံလေးသည်လည်း သူ့ဘေးမှဆက်လက်လိုက်ပါလာလေသည်။ ဖြစ်ပျက်သွားသမျှအရာအားလုံးကို စောင့်ကြည့်နေရသဖြင့် မျောက်ဝံလေး၏မျက်နှာထက်တွင် စိတ်မရှည်မှုများ အထင်းသားပေါ်နေချေပြီ။ ၎င်းသည် အဆင်မပြေမှုကြောင့် တိုက်ပွဲပုဆိန်ကြီးကို အောက်ချ၍ စုမင်အားသွားဖြဲပြလာခဲ့သည်။

ယခု စုမင်သည် တိုက်ပွဲကွင်းပြင်သို့ ဦးတည်နေသည်ကိုမြင်သောအခါ မီးတောက်မျောက်ဝံလေးသည် စုမင်နောက်မှ အလျင်အမြန် လိုက်ပါသွားလိုက်သည်။ မကြာမီမှာပင် ဝူတုရှိနေသောနေရာသို့ စုမင်ပြန်ရောက်လာသောအခါ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ရသည်။ မြေပြင်ထက်တွင် ဧရာမရေခဲတုံးကြီးကိုးခုရှိနေပြီး ရေခဲတုံးတစ်တုံးချင်းစီတိုင်း၏ အထဲတွင် ခြောက်ကပ်နေသော အလောင်းတစ်ခုဆီအား ပိတ်လှောင်ထားခဲ့၏။ ၎င်းတို့အားလုံးသည် တူညီသောပုံစံအနေအထားဖြင့် အေးခဲနေကြသည်။

ကောင်လေးသည် ကောင်းကင်တွင် ပျံဝဲနေပြီး သူ့ပတ်လည်တွင် အနက်ရောင်မီးခိုးငွေ့အကွက်သုံးခု ရှိနေသည်။ ထိုအကွက်သုံးကွက်သည် ရက်စက်ကြမ်းကြုတ်သော စိတ်ဝိညာဉ်သဖွယ် အရိပ်များအဖြစ်ပြောင်းလျက် ဝူတုနှင့်တိုက်ခိုက်နေကြချေသည်။

ဝူတုပုံစံက အတော်သနားစရာကောင်းနေခဲ့သည်။ သူသည် သားရဲအရေများဖြင့် ပြုလုပ်ထားသော ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ညာလက်တွင် ဓားတစ်ချောင်းအားကိုင်၍ ဘယ်လက်ထဲတွင်တော့ ထိပ်ဖျားတွင်မြွေခေါင်းတပ်ထားသည့် အရိုးသွားတစ်ခုကို ကိုင်ဆောင်ထားချေသည်။ သူသည် ထိုဓားကိုဝှေ့ယမ်းလိုက်စဉ် ဓားသွားသည် လေဟာနယ်ကိုပင် ပိုင်းဖြတ်နိုင်ပုံပေါ်နေခဲ့သည်။ သူ့အနောက်ဘက်တွင်တော့ အနက်ရောင် ပုံရိပ်ယောင်မျှော်စင်တစ်ခု ရှိနေ၏။

မျှော်စင်တစ်ဝက်ကို မြူခိုးများဝန်းရံနေသည်။ ၎င်းပုံစံက အတော်မှုန်ဝါးနေပြီး အတွင်းမှထွက်ပေါ်လာနေသည့် ခပ်တိုးတိုးမာန်ဖီဟိန်းဟောက်သံများကိုပင် ကြားနိုင်ချေ၏။ ၎င်းတို့က မြေပြင်ကိုပင် တုန်ခါနေစေပြီး ကြားလိုက်ရသူတိုင်းအား ကျောရိုးထဲမှပင် စိမ့်သွားစေနိုင်သည်။

စုမင်၏ရောက်ရှိလာမှုကြောင့် ဝူတုမျက်နှာထက်တွင် အံ့သြဝမ်းသာမှုများ အထင်းသားပေါ်လာခဲ့သည်။ မူလကတော့ စုမင်တစ်ယောက် ထွက်ပြေးသွားပြီဟု သူတွေးထားခဲ့ခြင်းဖြစ်ပြီး ယခု သူ့အားနောက်တစ်ကြိမ်မြင်လိုက်ရသောအခါ ဝူတုသူ့အား ချက်ချင်းအော်ဟစ်လိုက်တော့သည်။

“ညီနောင်မော့၊ ဒီလူ့ကို ကူသတ်ပေးစမ်းပါ။ သူ့ခေါင်းက ကျန်တာတွေအားလုံးထက် အများကြီးပိုတန်ဖိုးရှိတယ်”

ဝူတုအော်ဟစ်လိုက်သည့် အခိုကိအတန့်မှာပင် မျက်လုံးများပိတ်ထားဆဲဖြစ်သော ကောင်လေးက ဟမ့်ခနဲ အေးစက်စွာအသံပြုလိုက်သည်။ သူ့ခန္ဓာကိုယ်အား ဝန်းရံနေသော အနက်ရောင်မီးခိုးငွေ့သုံးကွက်ထဲမှ တစ်ခုသည် ချက်ချင်းပြိုကွဲသွားပြီး စုမင်ထံတိုးဝင်လာသည်။ ၎င်းသည် စုမင်အရှေ့ ပေ ၁၀၀၀ခန့်တွင် ရက်စက်ကြမ်းကြုတ်သော စိတ်ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျယ်လောင်စွာဟိန်းဟောက်၍ စုမင်အားဝါးမြိုဖျက်ဆီးရန် လှုပ်ရှားလာခဲ့သည်။

မီးတောက်မျောက်ဝံလေးသည် မာန်ဖီဟိန်းဟောက်၍ ၎င်းလက်ထဲမှ တိုက်ပွဲပုဆိန်နှင့်အတူ တိုးဝင်သွားခြင်းနှင့်ပက်သက်၍ စုမင်တုန့်ပြန်ချိန်ပင် မရလိုက်ပေ။ ထို့ကြောင့် သံကြိုးကိုသာ လွှတ်ပေးလိုက်ပြီး ၎င်းကို ယာယီကင်းလွတ်ခွင့်ပြုပေးလိုက်ရသည်။ မီးတောက်မျောက်ဝံသည် ကြမ်းကြုတ်သောစိတ်ဝိညာဉ်ထံသို့ သံကြိုးတန်းလန်းနှင့်ပင် နီးကပ်သွားပြီး ၎င်းအား စတင်တိုက်ခိုက်လိုက်ချေသည်။

အဝေးရှိကောင်လေးသည် မျက်မှောင်ကြုတ်သွားသော်လည်း သူဘာမှမလုပ်နိုင်ခင်မှာပင် စုမင်သည်ညာခြေကိုမြှောက်၍ ရှေ့သို့တစ်လှမ်းတက်လာခဲ့သည်။  ခြေပြန်ချလိုက်သည့်အခိုက်အတန့်မှာပင် သူ့ပတ်ဝန်းကျင်လေဟာနယ်အတွင်း တွန့်လိမ်ပုံပျက်မှုများ ချက်ချင်းပေါ်လာခဲ့သည်။ ထို့နောက် ၎င်းလှိုင်းဂယက်များနှင့်အတူ ပျောက်ကွယ်သွားပြီး သူ့အမြန်နှုန်းက ဖော်ပြ၍မရနိုင်သောအခြေအနေသို့ ရောက်ရှိသွားသည်။

စုမင်အမြန်နှုန်းသည် အလွန်လျင်မြန်လှပြီး ထိုအရာက မည်သူမှထင်မှတ်မထားသော အရာဖြစ်သည်။ ဝူတုသည်ပင် ထိုအရာကိုမမျှော်လင့်ထားမိသဖြင့် ကောင်လေးဆိုလျှင် ပိုမို၍ပင်ဆိုးရွားသေးသည်။ ရုတ်တရက်ပျောက်ကွယ်သွားသော မာန်စွမ်းအားရှင်၏ အရှိန်အဝါကိုသာ သူခံစားလိုက်မိပြီး ထိုလူသည် ပြန်ပေါ်လာသောအခါ သူ့အရှေ့တည့်တည့်သို့ ရောက်နေခဲ့ချေပြီ။

စုမင်ပေါ်လာသောအခါ သူသည် ကောင်လေးနှင့် ဆယ်ပေခန့်ပင်မဝေးတော့ချေ။ သူ့ညာလက်ထဲရှိ ကျောက်စိမ်းဓားမြှောင်ငယ်လေးကို ဘေးဘက်သို့ဝှေ့ယမ်းလိုက်ရာ ဓားသွားသည် ကောင်လေးလည်ပင်းပေါ်သို့ ကျရောက်သွားပြီး ဖော်ပြ၍ မရနိုင်သော အမြန်နှုန်းဖြင့် ၎င်းကိုပိုင်းဖြတ်သွားတော့သည်။

ဖြစ်စဉ်တစ်ခုလုံးသည် မျက်စိတစ်မှိတ်စာသာ ကြာမြင့်ခဲ့သည်။ စုမင် ပျောက်ကွယ်သွားပြီး နောက်တစ်ဖန် ပြန်ပေါ်လာသောအခါ သူသည် ဘယ်တုန်းကမှ ရှေ့တိုးထွက်မသွားခဲ့ဖူးသကဲ့သို့ မူလနေရာတွင် ပြန်ရောက်နေခဲ့လေပြီ။ သူသည် ထိုနေရာတွင်ရပ်လျက် အဝေးရှိကောင်လေးအား အေးစက်စွာစိုက်ကြည့်နေလိုက်သည်။

ကောင်လေး၏လည်ပင်းမှ သွေးများပန်းထွက်လာပြီး သူ့ဦးခေါင်းက လေထဲလွင့်ထွက်သွားသည်။ ဝူတုအား တိုက်ခိုက်နေသော အနက်ရောင်မီးခိုးငွေ့နှစ်စု၊ မီးတောက်မျောက်ဝံလေးတို့အပါအဝင် ကောင်လေးပတ်ဝန်းကျင်ရှိ မီးခိုးငွေ့များပါ ချက်ချင်းပြိုကွဲသွားသည်။ ၎င်းတို့အားလုံးသည် လေထဲသို့ ပြိုကွဲပျောက်ကွယ်သွားကြလေသည်။

ဝူတု မင်သက်သွားရသည်။ အသက်ပြင်းပြင်းရှူရှိုက်လိုက်မိပြီး စုမင်အား ယခုမှပထမဆုံးတွေ့ဖူးသူကဲ့သို့ လှည့်ကြည့်လိုက်မိ၏။ သူ့နှလုံးသားအတွင်း ကျန်ရှိနေသေးသော အန္တရာယ်ပြုလိုသည့် ရည်ရွယ်ချက်အနည်းငယ်လေးသည်လည်း ချက်ချင်းဆိုသလို အပြီးပိုင်ပျောက်ကွယ်သွားတော့သည်။

စုမင် ဝူတုကို တည်ငြိမ်စွာ တစ်ချက်ကြည့်ပေးလိုက်သည်။ ကောင်လေးကို သတ်ရန်သာမဟုတ်မဟုတ်ပဲ ဝူတုကိုခြောက်လှန့်ရန်အတွက်ပါ သူထိုအရာကိုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤကုန်သွယ်မှုကို ဆက်လက်လုပ်ဆောင်လိုလျှင် သူတို့နှစ်ဦးအနက် တစ်ဦးက သာလွန်၍ တစ်ဦးကနိမ့်ကျသော ဆက်ဆံရေးတစ်ခုအား သေချာပေါက် တည်ဆောက်ရန်လိုအပ်ပေသည်။

ဤဆက်ဆံရေးတွင် စုမင်သည်နိမ့်ကျသူမဖြစ်ချင်သဖြင့် သူ့အတွက် အထက်မှနေရန်သာရှိပေသည်။

“ညီနောင်မော့...” ဝူတုသည် စုမင်အားကြည့်မိသောအခါ အပြုံးတစ်ခုအား အားတင်းပြုံးပြလိုက်ရချေသည်။  သူစကားပြောရန်ပြင်လိုက်စဉ်မှာပင် သူ့အမူအယာက ရုတ်တရက်ပြောင်းလဲသွားရသည်။

“မပြီးသေးဘူးကွ”

ဧရိယာတစ်ခုလုံးမှ စူးရှသောမာန်ဖီဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး အဆုံးတွင် အသံမဲ့အသံအဖြစ် ပြောင်းလဲသွားခဲ့သည်။ စုမင်လည်ဖြတ်ခဲ့ချိန်က လေထဲသို့လွင့်ပျံသွားခဲ့သော ကောင်လေး၏ ဦးခေါင်းသည် ခန္ဓာကိုယ်နှင့်အတူ မြေပေါ်ပြုတ်ကျမသွားခဲ့ပေ။ ထိုအစား လေထဲတွင် လွင့်မျောနေပြီး ၎င်း၏မျက်လုံးများက စေ့ပိတ်ထားဆဲဖြစ်ကာ ထိုစူးရှစွာအော်ဟစ်သံသည် ၎င်း၏ပါးစပ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

အော်ဟစ်နေစဉ်မှာပင် ကောင်လေး၏မျက်လုံးများက ပွင့်ဟလာခဲ့တော့သည်။

သူ့မျက်လုံးများ ပွင့်လာသည့်အခိုက်အတန့်မှာပင် ဝူတု၏အော်ဟစ်သံက ထွက်ပေါ်လာခဲ့၏ “သူ့မျက်လုံးထဲကို မကြည့်နဲ့”

ထိုမျက်လုံးတစ်စုံတွင် မျက်ဆံများလည်းမရှိသလို ၎င်းတို့က အဖြူရောင်လည်းမဟုတ်ချေ။ ထိုအစား ဗလာဟင်းလင်းပြင်တစ်ခုကဲ့သို့ ဖြစ်ပြီး ကမ္ဘာပေါ်ရှိအရာအားလုံးကို စုပ်ယူနိုင်သည့် စွမ်းအားရှိနေသကဲ့သို့ လုံးဝနက်မှောင်နေသည်။ ထိုမျက်လုံးများသည် ရှာမန်မျိုးနွယ်စု၏ ဒဏ္ဍာရီလာ ထွတ်မြတ်သားရဲ မီးတောက်နဂါးပိုင်ဆိုင်သော မျက်လုံးများဖြစ်သည်။

ရှာမန်မျိုးနွယ်စုအတွင်းရှိ မတူကွဲပြားသော နယ်ပယ်ကြီးခြောက်ခုကြားတွင် စိတ်ဝိညာဉ်ဖမ်းစားသူများသည် သူတို့စွမ်းအားကို မီးတောက်နဂါးထံမှ ရရှိသည်ဟု ပြောဆိုကြသည်။

ထိုမျက်လုံးတစ်စုံကိုမြင်သောအခါ စုမင်အမြင်အာရုံက ချက်ချင်းစတင်ဝေဝါးလာခဲ့သည်။ သူ့အရှေ့ရှိကမ္ဘာလောကသည် အပိုင်းအစများအဖြစ် ပျက်စီးပြိုကွဲသွားပြီး ပရမ်းပတာအခြေအနေတစ်ခုအတွင်း ကျရောက်သွားသကဲ့သို့ပင်ဖြစ်သည်။ သူ့စိတ်သည်လည်း ဗလာဖြစ်သွားခဲ့သည်။

မီးတောက်မျောက်ဝံလေး၏ မာန်ဖီဟိန်းဟောက်သံများ၊ ကောင်လေး၏ ဆိုးညစ်စွာရယ်မောသံများ၊ ဝူတု၏သတိပေးသံများစသည့် သူ့နားထဲမှအသံများသည်လည်း တစ်ဖြည်းဖြည်းအဝေးသို့ အားပျော့သွားကြသည်။

ထိုအသံများအားလုံးသည် စုမင်နားထဲမှ တစ်ဖြည်းဖြည်း ထွက်ခွာသွားကြသကဲ့သို့ ဖြစ်ပြီး ၎င်းတို့ လုံးဝပျောက်ကွယ်သွားတော့မည့် အချိန်မှာပင် စုမင်လည်ပင်းတွင်ချိတ်ဆွဲထားသည့် ထူးခြားဆန်းကြယ်အရာလေးဖြစ်သော သူ့ရင်ဘတ်ပေါ်ရှိ အနက်ရောင်ကျောက်တုံးလေးသည်  အေးစက်စက်လေလှိုင်းတစ်ခု ထုတ်လွှတ်လိုက်ပြီး ၎င်းက စုမင်ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးသို့ စိမ့်ဝင်လာခဲ့သည်။

တွေဝေမိန်းမောမှုအတွင်း စုမင်ပိတ်မိနေစဉ် တစ်ချိန်တည်းမှာပင် အဝေးမှထွက်ပေါ်လာပုံပေါ်သော အသံတစ်သံအား သူ့နားများထဲတွင် ကြားလိုက်ရချေသည်။

“အစ်ကိုကြီး... အစ်ကိုကြီး...”

စုမင် တုန်လှုပ်သွားရချေပြီ။

***

All Chapters