အခန်း (၂၅၁-၂၅၂)
Vol. 26 Ch. 251-252
အခန်း ၂၅၁- အကာအကွယ်ပေးထားသော အထူးစစ်ဘက်ဆိုင်ရာတပ်ဖွဲ့။
ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဌာန။
ဤနေရာသို့ ပြောင်းရွှေ့ခံရသူများမှာ အသက်ကြီးနေသူများ သို့မဟုတ် ရာထူးတိုးရန် မျှော်လင့်ချက်မရှိသူများသာ ဖြစ်သည်။ ထို့ကြောင့် ကွန်ရက်စောင့်ကြည့်ရေးဌာနဆိုသည်မှာ အမှန်တကယ်တွင် အသုံးမဝင်လှပေ။ လူတိုင်း၏ နေ့စဉ်အလုပ်မှာ စာအုပ်ဖတ်ခြင်း သတင်းစာဖတ်ခြင်းနှင့် ဖုန်းကစားခြင်းသာ ဖြစ်သည်။
ဤကွန်ရက်စောင့်ကြည့်ရေးရုံး၏ အကြီးအကဲမှာ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် လက်အောက်ငယ်သားတစ်ဦးအပေါ် မလျော်သြဇာသုံးရန် ကြံစည်ခဲ့သော်လည်း ငြင်းပယ်ခံရကာ တိုင်ကြားခံခဲ့ရသည်။ ထို့ကြောင့် အနာဂတ်တောက်ပခဲ့သော သူသည် ဤနေရာသို့ ပြောင်းရွှေ့ခံခဲ့ရခြင်းဖြစ်သည်။ ယနေ့တွင် သူသည် ဗီဒီယိုများကြည့်ရင်း အချိန်ဖြုန်းရန်သာ ရည်ရွယ်ထားသော်လည်း Ocean Live Stream ၏ တွန်းအားပေးမှု က အလွန်အားကောင်းနေသဖြင့် လုပေါင်၏ Live stream ကို တွေ့ရှိကာ စပ်စုချင်စိတ်ဖြင့် ဝင်ကြည့်မိခြင်းဖြစ်သည်။
ထို့ကြောင့်ပင် လုပေါင်၏ Live stream အခန်းတွင် ခုနက အခြေအနေများ ဖြစ်ပျက်ခဲ့ခြင်းပင်။ ဤ Live stream အခန်းတွင် ထိပ်ဆုံး၌ စာတန်းကပ်ရန် ဆိုသည်မှာ မည်သူမဆို ပေးပို့နိုင်သည်မဟုတ်ကြောင်း သိထားသင့်သည်။
ယခုအချိန်တွင် သူ၏မျက်နှာ၌ ကျေနပ်ဂုဏ်ယူနေသော အပြုံးတစ်ခု ရှိနေပြီး။
"ဟဲဟဲ... ဒီလိုပစ္စည်းတွေက ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုး မရှိဘူး။ ဒါတွေကို သိမ်းဆည်းနိုင်ရင် ငါတို့အတွက် ဝင်ငွေရအောင် လုပ်ပေးသလိုဖြစ်သွားမှာ။ အနည်းဆုံးတော့ ငါ့ကို မူလရာထူး ပြန်ပေးရမယ်ာ"
တစ်ယောက်တည်းပြုံးစိစိဖြင့် ရေရွတ်နေသည်။
သို့သော် ထိုအပြုံးမှာ ပေါ်လာပြီးပြီးချင်းမှာပင် အေးခဲသွားတော့သည်။ သူ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် စာလုံးအနီကြီးများ လင်းလာသည်။
"သင့်ကို Ban လိုက်ပါပြီ။ နောက် ၁၂၃,၄၅၆ ရက်ကြာမှ ပြန်ဖွင့်ပေးပါမည်။"
"ဘာလဲဟ။"
သူ၏ မျက်လုံးများ ပြူးကျသွားပြီး လုံးဝ မှင်သက်သွားတော့သည်။ ဤ Ban လိုက်သည့် သတ်မှတ်ချိန်မှာ လုလင်းဟွာ က ခုနက လက်ဖြင့် ရိုက်ထည့်လိုက်ခြင်းဖြစ်ပြီး ထိုလူ ထပ်မံ ပြဿနာမရှာနိုင်စေရန် အချိန်ကို ကြုံသလို ပေးလိုက်ခြင်းဖြစ်သည်။
"ဟင်း ဝဘ်ဆိုဒ်ကုမ္ပဏီလေးကများ ငါ့ရဲ့ ဥပဒေကို နှောင့်ယှက်ရဲတယ်ပေါ့ မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်။"
သူသည် ဒေါသတကြီး အော်ဟစ်ကာ စားပွဲကို ရိုက်၍ ထရပ်လိုက်သည်။ ချက်ချင်းပင် ရုံးခန်းအတွင်းရှိ လူတိုင်းက သူ့ကို လှည့်ကြည့်ကြသည်။
"ရှောင်လီ... ဒေါသမကြီးစမ်းပါနဲ့။"
အဘိုးအိုတစ်ဦးက သူ့ကို လှမ်းကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ သို့သော် ထိုစကားကို ကြားသောအခါ သူ၏မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး။
"ဟင်း ခင်ဗျားတို့ကတော့ ဒီမှာပဲ သေဖို့ စောင့်နေကြတော့။ ကျွန်တော်ကတော့ မူလရာထူး ပြန်ရတော့မှာ။"
အေးစက်စက်ပြောကာ ဘယ်သူ့စကားကိုမျှ မစောင့်တော့ဘဲ နေရာတွင် ပြန်ထိုင်လိုက်သည်။
သူသည် ယခုအခါ Ocean Live Stream ၏ ဖုန်းနံပါတ်ကို ရှာဖွေပြီး ဖုန်းဖြင့် တိုက်ရိုက် သတိပေးရန် ပြင်ဆင်နေတော့သည်။ သို့သော် ဖုန်းနံပါတ် မနှိပ်ရသေးမီမှာပင် ဖုန်းတစ်လုံးဝင်လာသည်။ အလုပ်ကို အမြန်လက်စသတ်ချင်နေသော်လည်း ၎င်းမှာ အလုပ်ဖုန်းဖြစ်နေသဖြင့် ဘာမှမစဉ်းစားဘဲ ချက်ချင်း ကိုင်လိုက်သည်။
"ဟယ်လို... ကျွန်တော်က..."
သူ စကားမဆုံးသေးမီမှာပင် တစ်ဖက်မှ ဒေါသထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါက ဝန်ကြီးပဲ မင်း ဘာတွေ လုပ်လိုက်ပြန်ပြီလဲ။ အထူးစစ်ဘက်ဆိုင်ရာတပ်ဖွဲ့ ဌာနချုပ်ကတောင် ဖုန်းဆက်လာတယ်။"
"ဗျာ ကျွန်တော် ဘာမှ မလုပ်ပါဘူး။ကျွန်တော်..."
သူ ကြောင်အသွားပြီး အံ့သြတုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျသွားသည်။
"ဘာမှ ထပ်မပြောနဲ့တော့ မင်းကို အခုပဲ ရာထူးက ထုတ်ပယ်လိုက်ပြီ။ အခုချက်ချင်း အိမ်ကို လစ်လိုက်တော့။"
တစ်ဖက်လူက သူ၏ ရှင်းပြချက်ကို မစောင့်တော့ဘဲ အော်ဟစ်ပြီးနောက် ဖုန်းချသွားလေတော့သည်။ သူသည် နေရာတွင် ကြောင်တောင်တောင်ကြီး ထိုင်နေပြီး သူ ဘာမှားသွားသနည်းဆိုသည်ကို ခဏမျှ စဉ်းစား၍မရ ဖြစ်နေတော့သည်။
ရုံးခန်းမှာ ကျဉ်းကျဉ်းလေး ဖြစ်သည့်အပြင် ဖုန်းစပီကာ မဖွင့်ထားသော်လည်း တစ်ဖက်လူ၏ အော်သံမှာ အလွန်ကျယ်လောင်းလှသဖြင့် လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"ဟိုး... အံ့သြစရာမရှိပါဘူး။ သူ့ရဲ့ ဒေါသကတော့ အိမ်ပြန်ရတော့မှာမို့လို့ကိုး။"
ခုနက အော်ခံလိုက်ရသော အဘိုးအိုကလည်း ပြုံးစိစိဖြင့် လှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်။ သူသည် နေရာတွင် စိတ်ပျက်လက်ပျက် ထိုင်နေပြီး သူ ဘာလုပ်မိခဲ့သလဲဆိုသည်ကို လုံးဝ မသိရှာပေ။
တစ်ချိန်တည်းမှာပင် တရုတ်အထူးစစ်ဘက်ဆိုင်ရာတပ်ဖွဲ့ ဌာနချုပ်တွင်။
ဌာနချုပ် စစ်ဦးစီးအရာရှိက ချန်ချုံရှန်း ကို ဇဝေဇဝါဖြင့် ကြည့်ကာ။
"အိုချန်... မင်း ဘာလို့ ဒီလိုလုပ်တာလဲ။ ဒီကိစ္စက ငါတို့ စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူးလေ။"
ချန်ချုံရှန်း က အသာအယာ ပြုံးလိုက်ပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိ လုပေါင် ကို လက်ညှိုးညွှန်ကာ။
"သူက ဂုဏ်ထူးဆောင်ဆရာ တစ်ယောက်ပဲ။ ဒါ့အပြင် ခိုင်လုံတဲ့ သတင်းအရ သူဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နဂါးကျားတောင် မှာ နတ်ဘုရားဆရာကြီးရဲ့ အမွေဆက်ခံမှုကို ရရှိခဲ့ပြီး အခု နဂါးကျားတောင်ရဲ့ နတ်ဆရာကြီး ဖြစ်နေပြီ။"
"ဘာ ဒီလူငယ်လေးက... နတ်ဘုရားဆရာကြီးလား။"
စစ်ဦးစီးအရာရှိသည် မျက်နှာပြင်ပေါ်ရှိ လုပေါင် ကို ကြည့်ရင်း မျက်လုံးများ ပြူးကျသွားသည်။ အတော်ကြာပြီးနောက် သူက ရေရွတ်လိုက်သည်။
"ဒါဆိုလည်း ထားလိုက်ပါတော့ ဒီလို သေးဖွဲတဲ့ ကိစ္စတွေကို မေ့လိုက်စမ်းပါ။ သူ ဒီနေရာကို ဖောက်ခွဲပစ်ရင်တောင် ငါတို့က သူ့ကို အကာအကွယ်ပေးရမှာပဲ။"
ထိုစကားကို ကြားသောအခါ ချန်ချုံရှန်း က ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ သူတို့အပေါ် အလွန်ဖော်ရွေသော သဘောထားရှိသည့် ဤကဲ့သို့သော အလားအလာရှိသည့် ဂုဏ်ထူးဆောင်ဆရာ တစ်ဦးမှာ တရုတ်ပြည်အတွက် မည်မျှ တန်ဖိုးရှိသည်ကို သူတို့သာ ရှင်းလင်းစွာ သိကြသည်။ သေချာပေါက်ပင် လုပေါင်သည် ဤအကြောင်းအရာများကို မသိရှိပေ။
သို့သော် သူလည်း စိုးရိမ်မနေပါ။ ဘာပဲဖြစ်ဖြစ် သူသည် Live လွှင့်နေစဉ်အတွင်း ဤပစ္စည်းများကို ယူဆောင်သွားမည် မဟုတ်ပေ။ ယဉ်ကျေးမှုအမွေအနှစ်ဌာနက တကယ်ပဲ လာရောက်ရှာဖွေလျှင်ပင် သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်။
"ရတနာနတ်ဘုရားကတော့ အလန်းကြီးပဲ။"
"ခင်ဗျား တော်တော် တောင့်ခံနိုင်တာပဲ ရတနာနတ်ဘုရား တကယ်ကြီး ပြန်ပြောရဲတယ်။"
"ရတနာနတ်ဘုရားကတော့ ကျွန်တော့်ရဲ့ တစ်သက်တာ idol ပါပဲ။"
Live stream အခန်းတွင် Ban လိုက်သည့် စာတန်းများ တောက်လျှောက် ပေါ်လာသည်ကို မြင်ရသည့်အခါ ပရိသတ်များမှာ လုံးဝကို ရူးသွပ်သွားကြသည်။ လုပေါင်သည် ပြုံးလျက် ခေါင်းခါလိုက်ပြီး..
"ကဲ.. သွားကြမယ် အတွင်းထဲကို ဝင်ကြည့်ရအောင်။"
ထိုအခါ လုပေါင်သည် ရှေ့သို့လှမ်းကာ အခန်းထဲသို့ ဝင်လိုက်သည်။ သို့သော် သူ ဝင်လိုက်သည်နှင့် လုပေါင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။ ပေါင်ရှင်းကျီသည် လူကောင်းတစ်ယောက်လို ပြုမူမနေတော့ပေ။ လုပေါင် Live ပေါ်တွင် တစ်စုံတစ်ယောက်ကို ပြန်လည် တုံ့ပြန်နေစဉ်မှာပင် ပေါင်ရှင်းကျီသည် သူ၏ သိုလှောင်အိတ်ကို သုံး၍ ရွှေတုံးများနှင့် ကျောက်မျက်ရတနာ တော်တော်များများကို ထုပ်ပိုးသိမ်းဆည်းလိုက်ပြီးပြီ ဖြစ်သည်။
သေချာပေါက်ပင် ပေါင်ရှင်းကျီ၏ အိတ်မှာ လုပေါင်၏ တွင်းနက်နှင့် မနှိုင်းယှဉ်နိုင်သလိုနတ်ဆရာကြီးဟောင်း၏ အိတ်ကိုတောင် မမီပေ။ သူ ယူနိုင်ခဲ့သည့် ပမာဏမှာ ဤနေရာရှိ ပစ္စည်းများ၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။
"ငါ့ကို လာမကြည့်နဲ့။ မင်းရဲ့ စရိုက်ကို ငါမသိဘူးများ မှတ်နေလာ။ ငါသာ နည်းနည်းလေး နှေးသွားရင် ဒီက ပစ္စည်းတွေကို ထိတောင် ထိလိုက်ရမှာ မဟုတ်ဘူး။"
လုပေါင်၏ အကြည့်ကို သိလိုက်သဖြင့် ပေါင်ရှင်းကျီက အသံလှိုင်းဖြင့် တိတ်တဆိတ် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ လုပေါင် ချောင်းတစ်ချက်ဟန့်ကာ မျက်နှာလွှဲလိုက်သည်။
"မိသားစုဝင်တို့ရေ... ကျွန်တော်တို့ ဒီက ပစ္စည်းတွေကို မထိပါဘူး။ ကျွန်တော်တို့ရဲ့ Live က အဓိကအားဖြင့် စွန့်စားခန်းအကြောင်းပါ။"
ချက်ချင်းပင် လုပေါင်က ကင်မရာကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"အာ... ဟုတ်တယ် ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာ ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိဘူးလေ။ဒီပစ္စည်းတွေကို ဒီမှာပဲ ပိတ်လှောင်ထားလိုက်ရအောင်။"
"ဟားဟားဟား... ရတနာနတ်ဘုရား ခင်ဗျားသိတယ် ကျွန်တော်သိတယ်။ ကျွန်တော့်ကိုတော့ နှုတ်ပိတ်ခအဖြစ် တစ်ဝက်လောက် ပေးသင့်တယ်နော်။"
"ရတနာနတ်ဘုရား... ကျွန်တော်က ခင်ဗျားရဲ့ fan အဟောင်းပါ။ လိပ်စာလေးလောက် ပေးလို့ ရမလားလို့ပါ။"
ထိုစကားများ ထွက်လာသည်နှင့် Live stream အခန်းမှာ ထောက်ခံသည့်အသံများနှင့် ထူးဆန်းစွာ လှောင်ပြောင်သော အသံများဖြင့် ပြည့်နှက်သွားတော့သည်။ ပရိသတ်အဟောင်းများ အားလုံး သိကြသည်မှာ လုပေါင် ယခု မသိမ်းဆည်းခြင်းမှာ ဤနေရာတွင် ပစ္စည်းများ ပေးအပ်မည့် မျောက်ဖြူကြီး ကဲ့သို့သော စီနီယာမရှိသောကြောင့်သာ ဖြစ်သည်။
Live stream သာ ပြီးသွားပါက ဤနေရာ၌ တစ်ခုမှ ကျန်တော့မည် မဟုတ်ကြောင်း သူတို့ သိနေကြလေသည်။
အခန်း ၂၅၂- ဝိညာဉ်ရုပ်သေး။
မကြာမီမှာပင် လုပေါင် နှင့် အခြားသူများသည် အခန်းအတွင်း၌ အနည်းငယ် ရှာဖွေပြီးနောက် အတွင်းဘက်သို့ ပိုမိုနက်ရှိုင်းစွာ ဦးတည်ထားသော တံခါးကြီးတစ်ချပ်ကို တွေ့ရှိခဲ့ကြသည်။ ၎င်းမှာ သာမန်သစ်သားတံခါးတစ်ခုသာ ဖြစ်ပြီး အပြင်အဆင်များ ရှိသော်လည်း မည်သည့်ယန္တရားမှ မရှိကြောင်း သူတို့ ခံစားမိကြသည်။
တံခါးကို သတိပြုမိပြီးနောက် ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့သည် တိတ်တဆိတ် ဘေးသို့ ဆုတ်လိုက်ကြပြီး လုပေါင် ဝင်သွားပြီးမှသာ နောက်ကလိုက်ရန် ပြင်ဆင်လိုက်ကြသည်။ သူတို့နှစ်ဦးမှာ အလွန်ပါးနပ်ကြသည်။ ဤနေရာမှာ လုံးဝ လုံခြုံသည်ဟု မည်သို့မျှ မပြောနိုင်ပေ။ ဘာပဲဖြစ်ဖြစ် လုပေါင်တွင် ခန္ဓာကိုယ် ကာကွယ်မှု ရှိနေသဖြင့် သူ့ကို ရှေ့ပြေးစေလွှတ်ခြင်းမှာ အလုံခြုံဆုံး ရွေးချယ်မှုပင်ဖြစ်၏။
လုပေါင်သည် သူတို့၏ မျှော်လင့်တကြီး အမူအရာများကို ကြည့်ပြီး နှုတ်ခမ်းများ တွန့်သွားသည်။ သို့သော် ၎င်းမှာ Live လွှင့်နေခြင်းဖြစ်ပြီး သူတို့ကလည်း မျက်နှာမပြလိုကြသဖြင့် သူ ဘာမှ အများကြီး မပြောနိုင်ပေ။
“မိသားစုဝင်တို့ရေ... ဒီမှာ နောက်ထပ် တံခါးတစ်ခု ရှိသေးတယ်။ အထဲဝင်ပြီး ရှာဖွေကြည့်ကြရအောင်။”
လုပေါင် သက်ပြင်းတစ်ချက်ချကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ စကားပြောရင်း သူသည် တည့်တည့်လျှောက်သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။
တံခါးပွင့်သွားသည်နှင့် လုပေါင် တစ်ယောက် ထပ်မံ မှင်သက်သွားပြန်သည်။ တံခါးနောက်ကွယ်တွင် ပို၍ကြီးမားသော အခန်းတစ်ခုရှိပြီး ဘေးတစ်ဖက်တစ်ချက်စီ၌ ရုပ်တုတန်းကြီးများ ရှိနေသည်။ ဤရုပ်တုများမှာ လူတစ်ရပ်စာ အရွယ်အစားရှိပြီး ခြွင်းချက်မရှိ ရွှေအနားကွပ် ကျောက်စိမ်း များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ခန္ဓာကိုယ်များမှာ ကျောက်စိမ်းများဖြစ်သော်လည်း အပြင်ဘက်မှ ဝတ်စုံနှင့် ချပ်ဝတ်တန်ဆာများမှာ ရွှေစစ်စစ်များဖြင့် ပြုလုပ်ထားသည်။
“ရတနာနတ်ဘုရား... ဒီတစ်ခါ ဘာတွေ့တာလဲ။ ကျွန်တော်တို့ ညီအစ်ကိုတွေကိုလည်း ပြပါဦး။”
“ဟုတ်တယ်... နောက်ထပ် ရတနာတွေ ရှိနေသေးတာလား။”
“ကင်မရာကို လှည့်ပါဦး ဘာလို့ ငြိမ်နေတာလဲ။”
Live stream အခန်းထဲရှိ လူတိုင်းက မျှော်လင့်တကြီး စောင့်နေကြသော်လည်း မျက်နှာပြင်မှာ လုံးဝ ရပ်တန့်သွားသည်။ ထို့နောက် မျက်နှာပြင်မှာ မည်းမှောင်သွားတော့သည်။ ဤတစ်ကြိမ်တွင် မျက်နှာပြင်မည်းသွားရုံသာမက Streamer က Live ပိတ်လိုက်ပြီဖြစ်ကြောင်း ပြသနေသည်။
ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဌာနဘက်တွင် ချန်ချုံရှန်း က သူ့အတွက် ကိစ္စများကို ဖြေရှင်းပေးထားပြီဖြစ်ကြောင်း လုပေါင် မသိသေးပေ။ ခုနက ရွှေတုံးများကပင် ယဉ်ကျေးမှုဌာန၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့သော တစ်ပုံစံတည်းတူသည့် ရွှေအနားကွပ်ကျောက်စိမ်းရုပ်တုများမှာ အခြားသူများကို ထွက်လာအောင် ဆွပေးသလို ဖြစ်နေလိမ့်မည်။ ထို့ကြောင့် လုပေါင်သည် ပြတ်ပြတ်သားသားပင် Live ပိတ်ရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ထို့နောက် သူသည် တောင်ပေါ်တွင် လိုင်းမကောင်းသဖြင့် Live ဆက်မလွှင့်နိုင်တော့ကြောင်း သူ၏ ဗီဒီယိုအကောင့်တွင် စာတင်လိုက်သည်။ သို့သော် လုပေါင်၏ ပရိသတ်ဟောင်းများထဲမှ မည်သူက မသိဘဲ နေမည်နည်း။ သူ၏ အစွမ်းထက်လှသော Live စက်ပစ္စည်းမှာ ပင်လယ်ရေအောက် နက်ရှိုင်းသောနေရာရှိ ချော်ရည်ပင်လယ်ထဲတွင်ပင် လွှင့်နိုင်ခဲ့သည်မဟုတ်ပါလား။ ဒီတောင်ပေါ်မှာတင် လိုင်းမရှိစရာ အကြောင်းမရှိပေ။ ရလဒ်အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဌာန၏ Weibo အောက်တွင် လှောင်ပြောင်သော မှတ်ချက်များစွာ ပေါ်ပေါက်လာတော့သည်။
Ocean Live Stream ဌာနချုပ်တွင်။
လုလင်းဟွာသည်လည်း လုပေါင် ရုတ်တရက် Live ပိတ်လိုက်သဖြင့် မှင်သက်သွားသော်လည်း နောက်မှ ခါးသီးစွာ ရယ်မောလိုက်သည်။ သူ ဘာမှမတတ်နိုင်ပါ။ လက်ရှိ Ocean Live Stream သည် လုပေါင်၏ ကြည့်ရှုသူဦးရေပေါ်တွင်သာ မှီခိုနေရသဖြင့် သူ ဘာတစ်လုံးမှ မပြောရဲပေ။ ပြဿနာများက သူ၏ကုမ္ပဏီပေါ်သို့ ပုံမကျလာခြင်းကိုသာ ကျေးဇူးတင်နေရသည်။
တစ်ချိန်တည်းမှာပင် Ansike ကုမ္ပဏီမှ လူများမှာလည်း တိတ်တဆိတ် ဝမ်းသာနေကြသည်။ လုပေါင် Live လွှင့်သည်မှာ ခဏလေးသာ ရှိသေးသော်လည်း အမြင့်ဆုံး ကြည့်ရှုသူဦးရေမှာ ၁၃ သန်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပြီး လုပေါင်၏ လူကြိုက်များမှု မြင့်တက်လာပါက သန်း ၃၀ ဆိုသည်မှာ တကယ် ဖြစ်နိုင်ချေရှိသည်။
“လိုင်းလွှင့်စခန်း တွေကို ဆက်ပြီး အဆင့်မြှင့်ကြမယ်...”
ဒုတိယဥက္ကဋ္ဌကမျက်နှာပျက်ပျက်ဖြင့် ညည်းတွားလိုက်သည်။
ဂူအတွင်း၌။
လုပေါင်က သူ၏ Live စက်ပစ္စည်းများကို သိမ်းလိုက်သည်ကို မြင်သောအခါ ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့သည် သူ၏ဘေးတွင် ပြန်လည်ရပ်လိုက်ကြသည်။
“ဟဲဟဲ... စီနီယာ ပေါင်ရှင်းကျီ ဒါတွေက ကောင်းတဲ့ပစ္စည်းတွေပဲ။ ခင်ဗျားကို တစ်ဝက်ပေးမယ်။”
လုပေါင်က အနည်းငယ် ပြုံးလျက် ပေါင်ရှင်းကျီကို ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ပေါင်ရှင်းကျီက သူ့ကို အားကိုးရာမဲ့စွာ လှမ်းကြည့်သည်။ ဤရုပ်တုများ၏ အရွယ်အစားကို ကြည့်ရုံနှင့်ပင် သူ၏ သိုလှောင် တစ်ခုလုံးကို သွန်လိုက်လျှင်တောင် တစ်ခုတောင် ယူနိုင်မည်မဟုတ်ကြောင်း သိနေသည်။
“ဟို... ဒါတွေက အရမ်းကြီးတယ်၊ငါ မယူနိုင်ဘူး။”
ပေါင်ရှင်းကျီက ချက်ချင်းပင် ခါးသီးစွာ ရယ်မောရင်း ပြောလိုက်သည်။
“အို... နှမြောစရာကြီးပဲ။ ဒါဆိုလည်း ကျွန်တော်ပဲ မတတ်သာလို့ အကုန်ယူလိုက်တော့မယ်။”
လုပေါင် အသာအယာ ချောင်းဟန့်လိုက်ပြီးနောက် မတတ်သာသည့် အမူအရာမျိုး လုပ်လိုက်သည်။
“ဒီကောင်စုတ်လေး...”
ပေါင်ရှင်းကျီ၏ နှုတ်ခမ်းများ တွန့်သွားသည်။ လုပေါင်သည် အသာစီးရနေပြီးမှ ကျေးဇူးပြုနေသလို ပြုမူနေခြင်းမှာ တကယ်ပင် ဒေါသထွက်စရာ ကောင်းလှသည်။
သို့သော်လည်း လုပေါင်က ပေါင်ရှင်းကျီကို စနောက်နေစဉ်မှာပင် ဖြူကြီးသည် ရုပ်တုတစ်ခု၏ အနားသို့ သွားကာ သေသေချာချာ စစ်ဆေးနေပြီဖြစ်သည်။ ထို့နောက် သူသည် အခန်းပတ်ပတ်လည်သို့ အလျင်အမြန် လှည့်ပတ်ကြည့်ရှုလိုက်သည်။
“ဘာဖြစ်လို့လဲ ဖြူကြီး ခင်ဗျား ဒါတွေကို စိတ်ဝင်စားလို့လား။”
ဖြူကြီး၏ လုပ်ဆောင်ချက်များကို ကြည့်ကာ လုပေါင်က ဇဝေဇဝါ မေးလိုက်သည်။ ဖြူကြီးသည် ယခင်က ဤကဲ့သို့သော အရာများကို စိတ်ဝင်စားခဲ့ဖူးခြင်း မရှိပေ။
ဖြူကြီးက လေးနက်သော အမူအရာဖြင့် ခေါင်းခါလိုက်ပြီး သူတို့နှစ်ဦးကို လက်ယပ်ခေါ်လိုက်သည်။
“လာကြည့်ကြဦး။”
ထိုစကားကြောင့် လုပေါင် နှင့် ပေါင်ရှင်းကျီ တို့ ရှေ့သို့ တိုးသွားကြသည်။ အနားသို့ ရောက်သောအခါ ရုပ်တုများ၏ ခန္ဓာကိုယ်နှင့် လက်မောင်းများပေါ်တွင် သူတို့ နားမလည်နိုင်သော ရှုပ်ထွေးသည့် သင်္ကေတ များ ထွင်းထုထားသည်ကို မြင်လိုက်ရသည်။
“ဝိညာဉ်ရုပ်သေး။”
ထိုသင်္ကေတများကို မြင်လိုက်ရသည်နှင့် ပေါင်ရှင်းကျီ၏ မျက်လုံးများမှာ အံ့သြတုန်လှုပ်မှုကြောင့် ပြူးကျသွားတော့သည်။
“ဝိညာဉ်ရုပ်သေး...အဲဒါက ဘာလဲ။”
ပေါင်ရှင်းကျီ၏ အမူအရာကို ကြည့်ပြီး လုပေါင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ ထိုအခါ ပေါင်ရှင်းကျီက အသက်တစ်ချက်ရှုလိုက်ပြီး လုပေါင်ကို ရှင်းပြတော့သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ကွန်လွန်တောင်တန်း တွင် ရှေးဟောင်းဂိုဏ်း တစ်ခုတည်ရှိခဲ့သည်။ ထိုဂိုဏ်း၏ အထူးကျွမ်းကျင်မှုမှာ ဤဝိညာဉ်ရုပ်သေးများကို တည်ဆောက်ခြင်းပင် ဖြစ်သည်။ ကောလာဟလများအရ ဤရုပ်သေးများသည် တိုက်ပွဲဝင်စစ်ဗျူဟာ တစ်ခုကိုလည်း ဖန်တီးနိုင်သည်။ ရုပ်သေး ၅ ခုပါသော စစ်ဗျူဟာတစ်ခုသည် ဂုဏ်ထူးဆောင်တရာ တစ်ယောက်နှင့်ပင် ယှဉ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ဤရုပ်သေးများအတွက် လိုအပ်သော ကုန်ကြမ်းများမှာ ရှာဖွေရန် အလွန်ခက်ခဲသဖြင့် ထိုဂိုဏ်းမှာ တဖြည်းဖြည်း ဆုတ်ယုတ်သွားပြီး နောက်ဆုံးတွင် ကွယ်ပျောက်သွားခဲ့သည်။ သို့သော် ဤနေရာတွင် ဝိညာဉ်ရုပ်သေး စုစုပေါင်း ဆယ့်ရှစ်ခု ရှိနေသည်။ အကယ်၍ ၎င်းတို့ကို အသက်သွင်းနိုင်ပါက ဂုဏ်ထူးဆောင်ဆရာ ၄ ၅ ယောက်ကိုပင် ယှဉ်နိုင်လောက်သည့် စွမ်းအားရှိလိမ့်မည်။
“အိုဟိုး... ဒီလို ကောင်းတဲ့ပစ္စည်း ရှိတာလား။ဒါဆို ဒါကို ငါယူမယ်။”
ပေါင်ရှင်းကျီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုပေါင်၏ မျက်လုံးများမှာ တောက်ပလာသည်။ ဘာမှ ထပ်မပြောတော့ဘဲ လက်ဝှေ့ယမ်းလိုက်ပြီး ထိုရုပ်သေးအားလုံးကို သူ၏ တွင်းနက်ထဲသို့ သိမ်းကျုံးထည့်လိုက်သည်။ ၎င်းတို့ကို ထိန်းချုပ်မည့်နည်းလမ်း မသိသေးသော်လည်း အရင်ဦးဆုံး လက်ထဲရောက်အောင် ယူထားလိုက်ခြင်းပင်။
လုပေါင်၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှသည်။ နှစ်စက္ကန့်အတွင်းမှာပင် ရုပ်တုတန်း နှစ်ခုစလုံးကို သူ သိမ်းဆည်းလိုက်ပြီဖြစ်သည်။ ပေါင်ရှင်းကျီက လုပေါင်ကို အားကိုးရာမဲ့စွာ ကြည့်လိုက်မိသည်။ လုပေါင်ကို လူကယ်ရန် ခေါ်လာမိသည်မှာ အမှားကြီးဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
‘ငါ့အတွက်ကတော့ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။’
“သွားကြမယ် သွားကြမယ် ရှေ့ကို ဆက်ပြီး ရှာကြည့်ကြရအောင်။”
လုပေါင်သည် ပေါင်ရှင်းကျီ၏ အားကိုးရာမဲ့သော အကြည့်များကို လုံးဝ လျစ်လျူရှုကာ ပြုံးလျက် ပြောလိုက်သည်။ စကားပြောရင်း သူသည် အခန်း၏ အနောက်ဘက်ရှိ တံခါးသို့ ရောက်ရှိလာသည်။ သို့သော် တံခါးသို့ ရောက်သည်နှင့် လုပေါင် မျက်မှောင်ကြုတ်လိုက်သည်။ တံခါးပေါ်တွင် ချိပ်ပိတ်တံဆိပ်တစ်ခု ရှိနေသောကြောင့်ပင်။ ထိုချိပ်ပိတ်တံဆိပ်ပေါ်တွင် လုပေါင် နားမလည်နိုင်သော ဂါထာမန္တန်များဖြင့် ဖုံးလွှမ်းနေသဖြင့် သူ အတော်လေး ဇဝေဇဝါ ဖြစ်သွားသည်။
“ပေါင်ရှင်းကျီ... လာကြည့်စမ်းပါဦး ဒါက ဘာလဲဆိုတာ”
လုပေါင်က ချက်ချင်းပင် လှည့်ခေါ်လိုက်သည်။ ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့ အပြေးအလွှား ရောက်လာကြသည်။ သို့သော် အတန်ကြာအောင် ကြည့်ပြီးနောက် ပေါင်ရှင်းကျီသည်လည်း ဘာမှ ဝေခွဲမရဖြစ်နေသည်။
“ငါတို့ ပြန်ထွက်ကြရင် ကောင်းမလားမသိဘူး။ အပြင်က ဗုဒ္ဓရုပ်ပွားတော်ရယ် ဒီက ဝိညာဉ်ရုပ်သေးတွေရယ်ကို ကြည့်ရင် ရှေ့ဆက်သွားရင် ကောင်းတာတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ငါ ခံစားနေရတယ်။”
ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက် ပေါင်ရှင်းကျီက လေးလံသော အသံဖြင့် ပြောလိုက်သည်။ သို့သော် လုပေါင်ကတော့ ဘာမှ ဂရုမစိုက်ပါ။ ဘာမှမဖြစ်ပါဘူးဟု ရယ်မောပြောဆိုကာ တံခါးကို မဆိုင်းမတွပင် တွန်းဖွင့်လိုက်လေတော့သည်။