အခန်း (၂၅၃-၂၅၄)
Vol. 26 Ch. 253-254
အခန်းး ၂၅၃- ငါက အနိုင်ကျင့်ရလွယ်တဲ့ပုံ ပေါက်နေလို့လား။
“ရှူး... ရှူး..”
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် လေတိုးသံသဲ့သဲ့မှာ သူတို့သုံးဦး၏ နားထဲသို့ တိုးဝင်လာသည်။ ဤအခန်းမှာ သိပ်မကျယ်လှဘဲ အလွန်ဆုံးရှိလှမှ စတုရန်းပေ ၃၀၀ ခန့်သာ ရှိမည်ဖြစ်သည်။ အခန်းအတွင်း၌ နိမ့်သော စက်ဝိုင်းပုံ အဆင့်ဆင့်ရှိပြီး အလယ်တည့်တည့်တွင် စင်မြင့်တစ်ခု ရှိနေသည်။
ထိုစင်မြင့်ပေါ်တွင် လူတစ်ယောက်မှာ တင်ပလ္လင်ခွေ ထိုင်နေသော်လည်း ကြည့်ရသည်မှာ ခြောက်ကပ်နေသော အလောင်းကြီး တစ်ခုကဲ့သို့ပင်။အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ အစက မှောင်မည်းနေသော အခန်းမှာ ရုတ်တရက် လင်းထိန်သွားသည်။ ထိုအလင်းရောင်မှာ ကြမ်းပြင်ပေါ်တွင် ချထားသော မရေမတွက်နိုင်သည့် ဖယောင်းတိုင်များဆီမှ လာခြင်းဖြစ်ပြီးခုနက ကြားလိုက်ရသည့် အသံမှာ ထိုဖယောင်းတိုင်များ အလိုအလျောက် မီးတောက်သွားသည့် အသံပင် ဖြစ်သည်။
“ဘုရားရေ... တော်တော်လေး ကြောက်စရာကောင်းတာပဲ...”
လုပေါင်သည် ထိုခြောက်ကပ်နေသော အလောင်းကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။ သို့သော် ထိုခဏမှာပင် အလောင်းကြီး၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာပြီး လုပေါင်ကို စိုက်ကြည့်လိုက်တော့သည်။
“ဟားဟားဟား... နှစ်ပေါင်းများစွာ ကြာပြီးမှ နောက်ဆုံးတော့ လူတစ်ယောက် ရောက်လာပြီဟေ့။”
မျက်လုံးပွင့်လာသည်နှင့်အမျှ ထိုအလောင်းကြီး၏ ပါးစပ်မှ ယုတ်မာကောက်ကျစ်သော ရယ်သံကြီး ထွက်ပေါ်လာသည်။ ထိုအသံမှာ သံချောင်းနှစ်ခုကို ပွတ်တိုက်နေသကဲ့သို့ ခံစားရပြီး နားထောင်ရသည်မှာ တစ်ကိုယ်လုံး သိပ်မသက်သာလှပေ။
လုပေါင်မှာ အလွယ်တကူ ကြောက်တတ်သူ မဟုတ်ပါ။ ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူသည် ရွှေရောင်အလင်းလျှပ်စီး တစ်ခုကို ချက်ချင်း ပစ်လွှတ်လိုက်တော့သည်။
“ဒုန်းးး”
ရွှေရောင်အလင်းလျှပ်စီးသည် အလောင်းကြီးနှင့် ထိတွေ့ရုံရှိသေးသည်။ အလောင်းကြီးမှာ ကြေမွသွားပြီး သဲပွင့်များအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် အခန်းအတွင်း၌ လေပြင်းတစ်ချက် ဝေ့တိုက်သွားပြီး ထိုသဲပွင့်များမှာ သူတို့လူအုပ်စုဆီသို့ တိုက်ရိုက် လွင့်စင်လာတော့သည်။
ဖြူကြီးက အရင်ဆုံး တုံ့ပြန်လိုက်ပြီး ပေါင်ရှင်းကျီကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းကာ အကာအကွယ်ပေးလိုက်သည်။ လုပေါင်မှာမူ ဒေါ့မြတ်နိုးအပ်သော ခန္ဓာကိုယ် ကာကွယ်မှု ရှိနေသဖြင့် ဘာမှ မလှုပ်ရှားပေ။ သို့သော် သူတို့ အံ့သြသွားသည်မှာ ထိုသဲပွင့်များမှာ တိုက်ခိုက်နိုင်စွမ်း မရှိခြင်းပင်။ ၎င်းတို့သည် လေနှင့်အတူ ဒုတိယအခန်းထဲသို့သာ လွင့်ပါသွားကြသည်။ ထို့နောက် ထိုသဲပွင့်များမှာ တဖြည်းဖြည်း ပြန်လည် စုစည်းလာပြီး ခုနက ခြောက်ကပ်နေသော အလောင်းကြီးအသွင်သို့ ပြန်လည် ပြောင်းလဲသွားပြန်သည်။
“ဟားဟားဟား... လူတွေ ရောက်လာပြီပဲ။ ငါ့ရဲ့ ဝိညာဉ်ရုပ်သေးတွေက မင်းတို့ကို ဘယ်လို အပိုင်းပိုင်း လုပ်ပစ်မလဲဆိုတာ စောင့်ကြည့်လိုက်စမ်း...”
အလောင်းကြီး ပြန်ပေါ်လာသည်နှင့် ရူးသွပ်သော အပြုံးဖြင့် အော်ဟစ်လိုက်တော့သည်။ သို့သော် စကားမဆုံးခင်မှာပင် သူ ကြောင်အသွားတော့သည်။ သူ၏ မျက်လုံးများမှာ ပတ်ဝန်းကျင်ကို အမြန်လှည့်ကြည့်ပြီး နေရာမှားနေသလားဟု အသေအချာ စစ်ဆေးနေမိသည်။ သို့သော် အခန်းမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ဝိညာဉ်ရုပ်သေး တစ်ခုမှ မရှိတော့ပေ။
“ဘာတွေဖြစ်ကုန်တာလဲ။ငါ့ရဲ့ ရုပ်သေးတွေ ဘယ်ရောက်ကုန်ပြီလဲ။”
အလောင်းကြီး၏ မျက်လုံးများ ပြူးကျသွားပြီး မျက်နှာပေါ်ရှိ အပြုံးမှာလည်း တောင့်ခဲသွားသည်။
လုပေါင်က အပြစ်ကင်းစင်သော အမူအရာဖြင့် ပုခုံးတွန့်ကာ
“မသိဘူးလေ။”
“အား မင်း ငါ့ကို တော်တော် ဒေါသထွက်အောင် လုပ်တာပဲ။ထားလိုက်တော့... ဝိညာဉ်ဝင်စားခြင်း။”
အလောင်းကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ချက်ချင်း ပြိုကွဲပျောက်ကွယ်သွားသည်။ ထို့နောက် သူ ပျောက်ကွယ်သွားသော နေရာမှ သရဲတစ္ဆေဆန်သော အပြာရောင် ဝိညာဉ်ကိုယ်ထည်တစ်ခု ထွက်ပေါ်လာပြီး လုပေါင်တို့ဆီသို့ ပြေးဝင်လာတော့သည်။
လုပေါင်က အော်ဟစ်လိုက်ပြီး နောက်ထပ် ရွှေရောင်အလင်းလျှပ်စီး တစ်ခု ပစ်လိုက်သော်လည်း ၎င်းမှာ ဝိညာဉ်ကိုယ်ထည်ကို တိုက်ရိုက် ဖြတ်သန်းသွားပြီး ဘာမှ မထိခိုက်ပေ။သူသည် ချီလင်လေး ကို ခေါ်ရန် စဉ်းစားလိုက်သော်လည်း ရန်သူ၏ နောက်ခံကို မသိသေးသဖြင့် ချီလင်လေး ထိခိုက်မှာကို စိုးရိမ်မိသည်။
သူ့ဘေးရှိ ပေါင်ရှင်းကျီမှာမူ ထိုဝိညာဉ်ကိုယ်ထည်ကို ပြုံးလျက် ကြည့်နေသည်။ ချီ ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤကဲ့သို့သော ဝိညာဉ်ကိုယ်ထည်များကို ကိုင်တွယ်ရသည်မှာ သူ့အတွက်တော့ ကလေးကစားစရာပင်။ သို့သော် ပေါင်ရှင်းကျီက လက်ဟန်ပြုလုပ်၍ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်။
သဲပွင့်များကို ကာကွယ်ရန် သူ့နောက်မှာ ရပ်နေခဲ့သော ဖြူကြီးက ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူ့ရှေ့တွင် ပိတ်ရပ်လိုက်ပြန်သည်။
“ဖြူကြီး...”
ပေါင်ရှင်းကျီ၏ နှုတ်ခမ်းများ တွန့်သွားသည်။ ဖြူကြီးသည် သူ့ကို ကလေးတစ်ယောက်လို ဆက်ဆံနေခြင်းဖြစ်သည်။ သူ အစွမ်းပြမည့်ဆဲဆဲမှာတင်။
သို့သော် ပေါင်ရှင်းကျီ လှမ်းခေါ်သံကို ကြားသောအခါ ဖြူကြီးက သူ စိတ်လှုပ်ရှားသွားသည်ဟု ထင်မှတ်ကာ ချက်ချင်း လှည့်ကြည့်ပြီး ကြင်နာစွာဖြင့်
“ကျေးဇူးတင်စရာ မလိုပါဘူး။ဒါ ငါ့တာဝန်ပဲလေ။”
“ကျေးဇူးတင်စရာ မလိုဘူးဆိုတာ မင်းကို ပြောရမှာ။ငါ သူ့ကို တိုက်မလို့ဟ။”
ပေါင်ရှင်းကျီသည် ဖြူကြီး၏ အကြည့်ကို ရှောင်လိုက်ပြီး ငိုချင်သော်လည်း မျက်ရည်မထွက်ဘဲ အားကိုးရာမဲ့စွာ ပြောလိုက်သည်။
သူတို့နှစ်ဦး အချိန်ဆွဲနေစဉ်မှာတော့ ထိုဝိညာဉ်အရိပ်က စောင့်မနေပါ။ ပေါင်ရှင်းကျီကို ဖြူကြီးက ကာကွယ်ထားသဖြင့် ဝိညာဉ်အရိပ်သည် လုပေါင်ဆီသို့ ဦးတည်သွားတော့သည်။ ဘာပဲဖြစ်ဖြစ် ဒါက ဝိညာဉ်ဝင်စားခြင်းဖြစ်ရာ ဖြူကြီးကဲ့သို့သော မျောက်ဖြူကြီးထဲသို့ သူ ဝင်စားချင်မည် မဟုတ်ပေ။
“ဟားဟားဟား... ကောင်လေး ငါ မင်းကို ဝင်စားတာဟာ မင်းအတွက် ကံကောင်းခြင်းပဲ။ မင်းရဲ့ ခန္ဓာကိုယ်ကို သုံးပြီး ငါက...”
လုပေါင်၏ ရှေ့သို့ ရောက်လာသည်နှင့် ထိုမနှစ်မြို့ဖွယ် အသံမှာ ဝိညာဉ်အရိပ်အတွင်းမှ ထပ်မံ ထွက်ပေါ်လာသည်။
သို့သော် ထိုခဏတွင် သာယာသော အသံတစ်ခုနှင့်အတူ လုပေါင်၏ ခန္ဓာကိုယ်မှ စင်ကြယ်သော အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက် လင်းထိန်လာသည်။
“နတ်ဘုရားဆရာကြီးရဲ့ လမ်းစဉ်... ဝိညာဉ်လောင်မြိုက်စေသော အလင်းတန်း။”
လုပေါင်ဆီမှ အလင်းကို မြင်လိုက်ရသည့်အခါ ပေါင်ရှင်းကျီ မျက်လုံးပြူးသွားပြီး ရေရွတ်လိုက်သည်။ ဤသည်မှာ နတ်ဘုရားဆရာကြီးများသာ သင်ယူနိုင်သော ကျင့်စဉ်တစ်ခုဖြစ်ပြီး ရွှေရောင်အလင်းဂါထာနှင့် အဆင့်အတန်း တူညီလှသည်။
အစက ဝင့်ကြွားနေသော ဝိညာဉ်အရိပ်သည် ထိုအလင်းတန်းနှင့် ထိတွေ့လိုက်သည်နှင့် စူးရှစွာ အော်ဟစ်လိုက်တော့သည်။ လုပေါင် မျက်တောင်ခတ်လိုက်သည်။ သူသည် ထိုအလင်းတန်းမှာ မည်သည့်ကျင့်စဉ်မှန်း မသိသော်လည်း တစ်ခုတော့ သိလိုက်သည်၊ ဤအရာမှာ ထိုဝိညာဉ်အရိပ်ကို အပြတ်အသတ် နှိမ်နင်းနိုင်ခြင်းပင်။
ဝိညာဉ်အရိပ်မှာ ချက်ချင်းပင် လောင်မြိုက်ခံလိုက်ရပြီး နောက်သို့ ဆုတ်သွားတော့သည်။ ခုနကလို မာန်တက်မနေတော့ပေ။ သို့သော် လုပေါင်က ထွက်ပြေးခွင့် ပေးမည်လား။ မဖြစ်နိုင်ပါ။ချက်ချင်းပင် လုပေါင် လှုပ်ရှားလိုက်ပြီး ဝိညာဉ်အရိပ်ဆီသို့ အနားကပ်သွားသည်။
အလင်းတန်း၏ စွမ်းအားကို မြည်းစမ်းပြီးသော ဝိညာဉ်အရိပ်သည် အနားမကပ်ရဲတော့ဘဲ လုပေါင်၏ ဖိအားအောက်တွင် နောက်သို့သာ ဆုတ်နေရတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လုပေါင်ကြောင့် ထောင့်သို့ ရောက်သွားပြီး ပြေးစရာ နေရာမရှိတော့ပေ။
“မာန်တက်နေတာလား။ ဝိညာဉ်ဝင်စားမလို့လား။ ကံကောင်းခြင်းဆိုတာ ဒါလား။”
လုပေါင်က မေးမြန်းရင်း ဝိညာဉ်အရိပ်ကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ ရိုက်လိုက်တိုင်း ဝိညာဉ်အရိပ်မှာ နာကျင်စွာ အော်ဟစ်နေရသည်။ ခဏအကြာတွင် ဝိညာဉ်အရိပ်မှာ အစကဲ့သို့ အပြာရင့်ရောင် မဟုတ်တော့ဘဲ အပြာနုရောင်သို့ ပြောင်းလဲသွားတော့သည်။
“ကျွန်တော် မှားပါပြီ ထပ်မရိုက်ပါနဲ့တော့...
ဝိညာဉ်အရိပ်၏ အသံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ငိုယိုကာ တောင်းပန်နေတော့သည်။
“အခုမှ မှားမှန်း သိတာလား။ ဟိုမှာ နောက်တစ်ယောက် ရှိနေတာကို ဘာလို့ ငါ့ဆီကိုပဲ တိုးလာတာလဲ။ ငါက အနိုင်ကျင့်ရလွယ်တဲ့ပုံ ပေါက်နေလို့လား။”
လုပေါင် လက်ကို ပြန်ရုပ်လိုက်ပြီး တစ်ဖက်လူကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။
“အဲဒါ မဟုတ်ပါဘူး အစ်ကိုကြီးရယ်။ ကြည့်ပါဦး... ဟို မျောက်ဖြူကြီးက သူ့ကို ကာကွယ်ထားတာလေ။ ကျွန်တော့်ရဲ့ ဝိညာဉ်ဝင်စားခြင်း အစွမ်းက ခန္ဓာကိုယ်နဲ့ ထိတာနဲ့ အလိုအလျောက် အလုပ်လုပ်တာ။ ကျွန်တော်က အဲဒီ မျောက်ကြီးထဲကို ဝင်စားလို့ မဖြစ်ဘူးမလား။”
ဝိညာဉ်အရိပ်က လုပေါင်ကို အားကိုးရာမဲ့စွာ ရှင်းပြသည်။
လုပေါင်က ဖြူကြီးကို ပြန်ကြည့်ပြီး စဉ်းစားလိုက်သည်။ အကယ်၍ သူသာ တစ်စုံတစ်ယောက်ကို ဝင်စားပြီး ဖြူကြီးလို ပုံစံမျိုး ဖြစ်သွားခဲ့မယ်ဆိုရင် ထိုသို့ တွေးလိုက်ရုံနှင့်ပင် လုပေါင် တစ်ကိုယ်လုံး တုန်သွားပြီး လက်မခံနိုင်စရာပင်။ သို့သော် လုပေါင် ခေါင်းလှည့်ကြည့်လိုက်သည့် ခဏလေးအတွင်းမှာပင်။
ဝိညာဉ်အရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ထောင့်ကို ပတ်ပြေးသွားတော့သည်။ ထို့နောက် သူသည် ရူးသွပ်စွာ ရယ်မောလိုက်ပြီး ဖြူကြီးကို ဘေးသို့ ဆွဲထုတ်လိုက်သော ပေါင်ရှင်းကျီဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
“ဟားဟားဟား ငါ့ရဲ့ ဝိညာဉ်ကိုယ်ထည်ကို မြင်ပြီးတာတောင် မပြေးဘူးလား။မင်းတော့ သေပြီသာမှတ်။”
မနှစ်မြို့ဖွယ် အသံကြီးနှင့်အတူ သူသည် ပေါင်ရှင်းကျီ၏ ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားလေတော့သည်။
အခန်း ၂၅၄- ငါ့မှာ ဖြူကြီး ရှိတယ်။
ဝိညာဉ်အရိပ် ပြေးဝင်လာသည်ကို မြင်သော်လည်း ပေါင်ရှင်းကျီသည် အလောတကြီးမရှိဘဲ လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်သည်။ ထို့နောက် ပေါင်ရှင်းကျီ၏ လက်ပေါ်တွင် မှိန်ဖျဖျ မီးတောက်ကလေးတစ်ခု တောက်လောင်လာသည်။
ဝိညာဉ်အရိပ်မှာ အရှိန်ဖြင့် ပြေးဝင်လာခဲ့သော်လည်း ထိုမီးတောက်နှင့် ထိတွေ့လိုက်သည်နှင့် သူ၏ ရူးသွပ်သော ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။ ချက်ချင်းဆိုသလိုပင် မီးတောက်များမှာ မျက်စိတစ်မှိတ်အတွင်း ပြန့်နှံ့သွားပြီး ဝိညာဉ်ကိုယ်ထည်တစ်ခုလုံးမှာ မီးတောက်အောက်တွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
“ငါက အနိုင်ကျင့်ရလွယ်တဲ့သူ မဟုတ်ဘူးလို့ တွေးနေတာ... ဒီကောင် ဘာတွေ စဉ်းစားနေတာလဲ မသိဘူး...”
ပေါင်ရှင်းကျီ နှုတ်ခမ်းကို တွန့်လိုက်ပြီး ရေရွတ်လိုက်သည်။
ဒီသနားစရာကောင်းတဲ့ ကောင်လေးမှာ ဤနေရာကို စောင့်ရှောက်နေခဲ့သည်မှာ နှစ်ပေါင်းမည်မျှရှိပြီလဲ မသိပေ။ နောက်ဆုံးတွင် လူနှင့် တွေ့ရသည့်အခါ၌လည်း ချီ ကျင့်ကြံသူ ပေါင်ရှင်းကျီ သို့မဟုတ် လုပေါင်ကဲ့သို့သော အရင်ကလည်း မရှိခဲ့ဖူးသလို နောက်လည်း ပေါ်လာဖို့မရှိသည့် ထူးဆန်းသောလူမျိုးနှင့် လာတိုးနေရသည်။ သူ၏ ကံကြမ္မာမှာ မည်မျှ ဆိုးရွားလှသနည်း။
“အကုန် ရှင်းသွားပြီလား။”
လုပေါင်သည် စပ်စုချင်စိတ်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း ပေါင်ရှင်းကျီ၏ အနားသို့ ပြန်လာသည်။ လုပေါင်၏ မေးခွန်းကို ကြားသောအခါ ပေါင်ရှင်းကျီက သူ့ကို လှမ်းကြည့်ရင်း ခဏမျှ စကားမထွက်နိုင် ဖြစ်သွားသည်။
‘မင်းမှာ ဒီလောက် အစွမ်းရှိနေပြီး ဘာလို့ ဘာမှ နားမလည်တာလဲ။’
“အေး... သူ လုံးဝ ပျောက်ကွယ်သွားပြီ။”
ပေါင်ရှင်းကျီ အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ဖယောင်းတိုင်များဖြင့် ပြည့်နေသော အခန်းထဲသို့ လှည့်ဝင်သွားသည်။ ဤသည်မှာ နောက်ဆုံးအခန်းဖြစ်ပြီး အတွင်းထဲတွင် အခြားနေရာသို့ ဦးတည်သော တံခါးများ မရှိတော့ပေ။ လုပေါင်မှာမူ တံခါးဝတွင် ရပ်ကာ ဉာဏ်အလင်းပွင့် မျက်လုံးဖြင့် စစ်ဆေးကြည့်ပြီးနောက် ကောင်းမွန်သော ပစ္စည်းများ မရှိကြောင်း အတည်ပြုပြီးသည်နှင့် တံခါးဝတွင်သာ တည်ငြိမ်စွာ စောင့်နေလိုက်သည်။ ရတနာများ မရှိသဖြင့် လုပေါင်သည် အခန်းထဲဝင်ကြည့်ရန်ပင် စိတ်မပါတော့ပေ။
ခဏအကြာတွင် ပေါင်ရှင်းကျီ ပြန်ထွက်လာသည်။
“ဘယ်လိုလဲ။ တစ်ခုခု သိလိုက်ရလား။”
ဖြူကြီးသည် ပေါင်ရှင်းကျီ ပြန်ထွက်လာသည်ကို မြင်သောအခါ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ ထိုအခါ ပေါင်ရှင်းကျီ ခေါင်းညိတ်ပြပြီး တိုးတိုးလေး ရှင်းပြတော့သည်။
ဤလူမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကွန်လွန်တောင်တန်းမှ ထိုဂိုဏ်း၏ နောက်ဆုံးသော အဖွဲ့ဝင် ဖြစ်ပုံရသည်။ ဤအခန်းတွင် သူသည် ထိုဖယောင်းတိုင်များကို သုံး၍ ဝိညာဉ်စုစည်းမှု စစ်ဗျူဟာ တစ်ခု တည်ဆောက်ခဲ့သည်။ သူ၏ ခန္ဓာကိုယ် သေဆုံးသွားသော်လည်း ဝိညာဉ်မှာ ပျက်ပြယ်မသွားပေ။ တစ်စုံတစ်ယောက်က တံခါးကို ဖွင့်လိုက်သည်နှင့် ဖယောင်းတိုင်များ ပြန်လည် တောက်လောင်လာပြီး သူ၏ ဝိညာဉ်ကို နိုးထစေခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ခုနက အခြေအနေများ ဖြစ်ပျက်ခဲ့ခြင်းပင်။
“နေပါဦး... ဒါဆို ဒီကောင်က ဝိညာဉ်ဝင်စားဖို့ လူလာစောင့်နေတာပေါ့။ ဒါဆို ဘာလို့ အပြင်ဘက်မှာ လူတွေ မဝင်နိုင်အောင် အတားအဆီးတွေ အများကြီး လုပ်ထားတာလဲ။”
လုပေါင် ဇဝေဇဝါဖြင့် မျက်တောင်ခတ်ကာ မေးလိုက်သည်။ အပြင်က အတားအဆီးတွေကြောင့်ပဲ လူတွေ မဝင်နိုင်ခဲ့တာ ဖြစ်လိမ့်မည်။ မဟုတ်လျှင် သူ ဤမျှကြာအောင် စောင့်နေစရာ လိုမည်မဟုတ်ပေ။
လုပေါင်၏ စကားကို ကြားသောအခါ ပေါင်ရှင်းကျီ ခေါင်းခါလိုက်ပြီး
“ဒါက အမှန်တော့ ရွေးချယ်မှု ယန္တရား တစ်ခုပဲ။”
“ရွေးချယ်မှု ယန္တရား။ သြော် အခုမှ သဘောပေါက်တော့တယ်။”
လုပေါင် ခဏမျှ မှင်သက်သွားသော်လည်း ချက်ချင်းပင် နားလည်သွားသည်။ တစ်ဖက်လူမှာ သေဆုံးနေပြီဖြစ်ရာ သူ၏ ဝိညာဉ်ဝင်စားမည့် ပစ်မှတ်ကို စိတ်ကြိုက် ရွေးချယ်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူသည် အတားအဆီး ယန္တရားများစွာကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့် အထဲသို့ ရောက်အောင် လာနိုင်သူမှာ အနည်းဆုံးတော့ ဂုဏ်ထူးဆောင်ဆရာ အဆင့် ဖြစ်ရမည်။ ထို့နောက် ဝိညာဉ်ရေးရာဥပဒေရုပ်သေးများကို သုံး၍ ထိုသူကို နှိမ်နင်းကာ ကောင်းမွန်သော ခန္ဓာကိုယ်တစ်ခုကို ရယူရန် ကြံစည်ထားခြင်းပင်။
သို့သော်လည်း အစီအစဉ်များမှာ ပြီးပြည့်စုံနေသော်လည်း လက်တွေ့မှာမူ ရက်စက်လှသည်။ လုပေါင်ကဲ့သို့သော လူမျိုး ပေါ်လာလိမ့်မည်ဟု သူ အိပ်မက်တောင် မမက်ဖူးပေ။ ထိုကဲ့သို့ များပြားလှသော ဝိညာဉ်ရေးရာဥပဒေရုပ်သေးများကို လုပေါင်က အကုန်လုံး သိမ်းကျုံးယူသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ့အတွက် လှုပ်ရှားစရာ နေရာပင် မကျန်တော့ဘဲ။
“ဂျိ...”
သို့သော် ထိုခဏမှာပင် နေရာတစ်ခုလုံးမှာ ရုတ်တရက် စတင် တုန်ခါလာတော့သည်။
“မကောင်းတော့ဘူး... သွားကြစို့။”
ပေါင်ရှင်းကျီ မျက်လုံးပြူးသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သေချာပေါက်ပင် ဤအခြေအနေကို ရင်ဆိုင်ရာတွင် လုပေါင်မှာ အော်ပြောနေစရာပင် မလိုပါ။ တုန်ခါမှု စတင်သည်နှင့် သူသည် အရင်ဆုံး ပြေးထွက်သွားပြီးသား ဖြစ်သည်။
ခုနက ဝိညာဉ်လောင်မြိုက်စေသော အလင်းတန်းမှာ အလွန်စွမ်းအားကြီးသော်လည်း စစ်မှန်သော ချီစားသုံးမှုမှာ အလွန်များပြားလှသည်။ လုပေါင်၏ အတွင်းပိုင်းရှိ စစ်မှန်သော ချီမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။ အကယ်၍ သူ ဤအောက်တွင် ပိမိသွားပါက ဒီနေ့တော့ သွားပြီဟု ဆိုရမည်။
တစ်ချိန်တည်းမှာပင် သူ့ဘေးရှိ ဖြူကြီးမှာ အလွန်အားကိုးရသော အမူအရာကို ပြသနေသည်။ ပေါင်ရှင်းကျီ၏ စကားအဆုံးမှာပင် ဖြူကြီးသည် သူ့ကို ပခုံးပေါ်သို့ တိုက်ရိုက် ထမ်းတင်လိုက်ပြီး အပြင်သို့ ထမ်းပြေးတော့သည်။
သူတို့ ခန်းမဆောင်ကြီးသို့ ရောက်သည့်အခါတွင်မူ လုပေါင်၏ အရိပ်ကို တွေ့လိုက်ရသည်။ ကျောက်စိမ်းများနှင့် ရွှေတုံးများဖြင့် ပြည့်နေသော ခန်းမမှာမူ ယခုအခါ လုပေါင်၏ တွင်းနက်ကြီးထဲသို့ အားလုံး ရောက်ရှိသွားပြီဖြစ်သည်။ သူသည် တန်ဖိုးရှိသော ပစ္စည်းတစ်ခုကိုမျှ ချန်မထားခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လုပေါင် ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့မှာ လူသူကင်းမဲ့သော နေရာ သို့ ပြန်လည် ရောက်ရှိလာကြသည်။ အောက်ဘက်တွင်မူ ဂူပြိုကျမှုကြောင့် အောက်ပိုင်းဒေသမှာ အခြေခံအားဖြင့် အကုန်လုံး ပြိုကျပျက်စီးသွားပြီဖြစ်သည်။ နောက်မှ လူတွေ ထပ်ရောက်လာလျှင်တောင် ထိုနေရာတွင် ဘာရှိခဲ့သည်ဆိုသည့် အမှတ်အသားကို ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
“အိပ်မက်တစ်ခုလိုပဲ။ ခုနကတင် ငါတို့ အမဲလိုက်ခံနေရတာ။”
မြေပြင်ပေါ်သို့ ပြန်ရောက်သည့်အခါ ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရင်း ဖြူကြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တစ်ချိန်တည်းမှာပင် လုပေါင်သည် ပြုံးစိစိဖြင့် ပေါင်ရှင်းကျီ၏ ဘေးသို့ ကပ်သွားသည်။
“မင်း ဘာလုပ်တာလဲ။ ငါ့မှာ ဖြူကြီး ရှိပြီးသားဆိုတာ မင်းသိသားနဲ့။”
လုပေါင်၏ ပြုံးဖြီးဖြီး အမူအရာကို မြင်သောအခါ ပေါင်ရှင်းကျီ၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ သူ စဉ်းစားနေမိသည်မှာသေချာပေါက် လုပေါင်ကလည်း ဖြူကြီးလိုမျိုး မဟုတ်လောက်ပါဘူးနော်။ငါက ယောက်ျားလေးတွေ ကြိုက်တာ ခံရလောက်အောင် ဆွဲဆောင်မှု ရှိနေတာလား။
ပေါင်ရှင်းကျီ၏ စကားကို ကြားသောအခါ လုပေါင်၏ နှုတ်ခမ်းများ တွန့်သွားပြီး ရွံရှာစိတ်များ ဝင်လာသည်။
“ပေါင်ရှင်းကျီကို ကျွန်တော် ဘာရည်ရွယ်ချက်မှ မရှိပါဘူး အထင်မလွဲပါနဲ့။ ဖြူကြီး... ငါ့ကို အဲဒီလိုကြီး လာမကြည့်နဲ့ဦး။”
လုပေါင်၏ စကားကို ကြားသောအခါ ဖြူကြီးသည်လည်း မှုန်ကုပ်ကုပ်ဖြင့် လှည့်ကြည့်လိုက်သဖြင့် လုပေါင် လန့်သွားရသည်။
“ဒါဆို မင်းက ဘာလို့ ငါ့ကို အဲဒီလို အမူအရာနဲ့ ကြည့်နေတာလဲ။”
ပေါင်ရှင်းကျီ ခါးသီးစွာ ရယ်မောရင်း မေးလိုက်သည်။ ထိုအခါ လုပေါင်သည် အောက်ဘက်ရှိ ချောက်ကမ်းပါးကို လက်ညှိုးညွှန်ပြကာ ပေါင်ရှင်းကျီကို ပြုံးလျက် ပြောလိုက်သည်။
“ခင်ဗျား ဒီလိုနေရာမျိုးကို ဘယ်လို ရှာတွေ့တာလဲ။ ကျွန်တော့်ကိုလည်း သင်ပေးပါဦးလား။”
“အဟမ်း... အဲဒါကတော့ ငါတို့ ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲလေ တခြားသူကို ပေးမသိလို့ မရဘူး။”
ပေါင်ရှင်းကျီ အသာအယာ ချောင်းဟန့်လိုက်ပြီး အများကြီး မပြောလိုကြောင်း ပြသလိုက်သည်။ သို့သော် ထို့နောက်တွင် ပေါင်ရှင်းကျီသည် လုပေါင်ကို တိတ်တဆိတ် လှမ်းကြည့်ကာ။
“ဒါပေမဲ့ ငါ့ရဲ့ ဂိုဏ်းဆက်မှာ တပည့်က သိပ်မရှိဘူး။ အကယ်၍ မင်းသာ ငါ့ရဲ့ တပည့်ဖြစ်ဖို့ ဆန္ဒရှိမယ်ဆိုရင်တော့ ငါ မသင်ပေးနိုင်တာ မဟုတ်ပါဘူး။”
“စိတ်မဝင်စားဘူး။”
ချက်ချင်းပင် လုပေါင်၏ အပြုံးများ ပျောက်ကွယ်သွားပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ နောက်တာ မဟုတ်ပါ။ ရှေးခေတ်က ရွှေရောင်အလင်းဂါထာ အတွက်နဲ့ နဂါးကျားတောင်ရဲ့ အမည်ခံတပည့် ဖြစ်ခဲ့ရတာပဲ တော်လှပြီ။ အခုလည်း ဘာကြောင့်မှန်းမသိဘဲ နတ်ဘုရားဆရာကြီး ဖြစ်နေရပြီ။ ပေါင်ရှင်းကျီဆီမှာ ထိုအမှားမျိုးကို ထပ်မလုပ်ချင်တော့ပေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ စနစ် ရှိနေတာပဲ၊ ရတနာရှာဖို့ဆိုတာ တာဝန်တွေ ကျလာဖို့ စောင့်နေရုံပါပဲ။ စနစ်က ပေးတဲ့ နေရာတွေဆိုတာ အမြဲတမ်း ထိပ်တန်းနေရာတွေချည်းပဲ။
သေချာပေါက်ပင် အကယ်၍ ပေါင်ရှင်းကျီသာ လုပေါင် စိုးရိမ်နေတာကို သိခဲ့လျှင် ဒေါသတကြီး ဆဲဆိုမိလိမ့်မည်။ဘယ်သူက မင်းကို အဲဒီလောက် ယုံကြည်မှု ပေးထားလို့လဲ? ငါက မသဘောတူရသေးဘူး။ မင်းက ဂိုဏ်းချုပ်ကြီး ဖြစ်ရမှာကို ကြောက်နေပြီလား။ငါကိုယ်တိုင်တောင် ဂိုဏ်းချုပ် မဟုတ်သေးဘူး။
သို့သော် ထိုခဏတွင် လုပေါင် အသာအယာ ချောင်းဟန့်လိုက်ပြီး ပေါင်ရှင်းကျီကို ပြောလိုက်သည်။
“ဟို... ကျွန်တော်က ခင်ဗျားကို ကယ်ဖို့ ဒီအထိ အဝေးကြီး လာခဲ့ရတာလေ။ အဲဒီအတွက် တစ်ခုခု... လျော်ကြေး မရှိသင့်ဘူးလား။”
လုပေါင်၏ အရှက်မရှိသော စကားကို ကြားသောအခါ ပေါင်ရှင်းကျီ မျက်လုံးပြူးသွားသည်။ အောက်က ကောင်းတဲ့ ပစ္စည်းတွေကို လုပေါင်က အကုန်ယူသွားပြီးပြီလေ။ အခုထိ လျော်ကြေး တောင်းနေသေးတယ်လား။
“ဟုတ်တယ် သူ ငါတို့ကို ကယ်ဖို့ တကယ် အဝေးကြီး လာခဲ့တာ။ ငါတို့ ကျေးဇူးတင်ကြောင်း ပြသင့်တယ်။”
သို့သော် ဘေးနားက ရိုးအလှသော ဖြူကြီးက ခေါင်းညိတ် ထောက်ခံလိုက်သည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ ပေါင်ရှင်းကျီမှာ သွေးအန်မတတ် ဖြစ်သွားတော့သည်။ သူသည် လုပေါင်ကို အားကိုးရာမဲ့စွာဖြင့်သာ။
“ငါ မင်းကို အကြွေးတစ်ခု တင်သွားပြီ။ အဲဒါကို အကြွေးမှတ်တမ်း အဖြစ် ခဏ သတ်မှတ်ထားလိုက်တော့...”