အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
အခန်း ၂၅၅- အံ့ဖွယ်မြေထည်မှုန့်များ။
လူသူကင်းမဲ့သောနေရာ ၏ ဆင်ခြေဖုံးအရပ်။
ဖြူကြီး နှင့် ပေါင်ရှင်းကျီ တို့တွင် ကိုယ်ပိုင်ခရီးသွားလာရေး နည်းလမ်းများ ရှိကြသဖြင့် လုပေါင်အနေဖြင့် သူတို့ကို လိုက်ပို့ရန် မလိုအပ်ပေ။
“ပေါင်ရှင်းကျီ... ငါတို့ကြားမှာ အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ နောက်ခါ အန္တရာယ်တစ်ခုခုနဲ့ ကြုံရရင် ငါ့ကို ဖုန်းဆက်ဖို့ မမေ့နဲ့ဦးနော်။”
ထွက်ခွာသွားကြသော ပေါင်ရှင်းကျီ နှင့် ဖြူကြီးတို့၏ ကျောပြင်ကို ကြည့်ရင်း လုပေါင်က ပြုံးဖြီးဖြီးဖြင့် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။
ထိုစကားကို ကြားသောအခါ မြစ်ဝါမင်းကြီး၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။ သူက နှုတ်ဖြင့်သာ အသိအမှတ်ပြုလိုက်သော်လည်း စိတ်ထဲတွင်မူ နောင်မှာ ငါတကယ် သေခါနီးဖြစ်နေရင်တောင် လုပေါင်ကိုတော့ အကူအညီ မတောင်းတော့ဘူး ဟု တွေးနေမိသည်။ သူ ခက်ခက်ခဲခဲ ရှာဖွေထားခဲ့သော နေရာမှ ရတနာအများစုကို လုပေါင်က သိမ်းသွားခဲ့သည်မဟုတ်ပါလား။ သူ၏ နာကျည်းချက်များကို မည်သူ့ကိုမှလည်း ဖွင့်ဟပြော၍ မရနိုင်ပေ။
“တကယ်တော့ လုပေါင်က လူကောင်းတစ်ယောက်ပါပဲ။”
ပေါင်ရှင်းကျီဘေးတွင် လျှောက်လာသော ဖြူကြီးက တိုးတိုးလေး ပြောလိုက်သည်။
ထိုစကားကြောင့် ပေါင်ရှင်းကျီမှာ သွေးအန်မတတ် ဖြစ်သွားတော့သည်။ အဲဒီ ပြဿနာကောင်က လူကောင်း ဟုတ်လား။
သေချာပေါက်ပင် ဤလောကကြီးတွင် လုပေါင်ကဲ့သို့ ထူးခြားသော တည်ရှိမှုမျိုးကသာ ပေါင်ရှင်းကျီကို ဤမျှအထိ စနောက်နိုင်ပြီး ဘာမှ ပြန်မပြောနိုင်အောင် လုပ်နိုင်စွမ်းရှိခြင်း ဖြစ်ပေလိမ့်မည်။
သူတို့၏ အရိပ်များ ဝေးကွာ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လုပေါင်သည် သူ၏ လင်းနို့ ကို ခေါ်ယူကာ ပျော်ရွှင်စွာဖြင့် ပြန်လာခဲ့သည်။ ဤခရီးစဉ်၏ ရလဒ်မှာ နည်းသည်ဟု မဆိုနိုင်ပေ။ ကျင့်စဉ်ရော ရတနာများပါ ရရှိခဲ့သဖြင့် လုပေါင် အတော်လေး ကျေနပ်နေသည်။
လက်ရှိတွင် သူသည် ကျောင်းဆောင်၌ နေထိုင်မည်ဟု လုပေါင်ဟောင်ကို ပြောထားသဖြင့် အိမ်သို့ ပြန်၍မရပေ။ ထို့ကြောင့် ဝိုင်ချက်စက်ရုံသို့သာ ပြန်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဝိုင်ချက်စက်ရုံ ပြန်လည်ပြင်ဆင်ပြီးနောက် ဧည့်ခန်းများ အားလုံးမှာ နောင်လာမည့် ဧည့်သည်များအတွက် အဆင့်မြှင့်တင်ထားသဖြင့် နေထိုင်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လုပေါင် ဝိုင်ချက်စက်ရုံသို့ ပြန်ရောက်သည့်အခါ ညနက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကာ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ အလုပ်ရှင်ဖြစ်သည့်အတိုင်း တင်းလင် က စက်ရုံအတွင်းရှိ လက်ဗွေနှိပ်သော တံခါးများအားလုံးတွင် သူ၏လက်ဗွေကို မှတ်ပုံတင်ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် လုပေါင်အတွက် အဝင်အထွက်မှာ ပြဿနာမရှိပေ။
“ဒါက ဘာအတွက် သုံးတာလဲ။”
ဧည့်ခန်းထဲတွင် တည့်တည့်ထိုင်ရင်း လုပေါင်သည် မိမိရှေ့ရှိ သဲမြေပုံကြီးကို စိုက်ကြည့်ကာ တစ်ယောက်တည်း ရေရွတ်နေသည်။ ဤသဲမြေများမှာ အခြားမဟုတ်ဘဲ ပေါင်ရှင်းကျီက ဗုဒ္ဓရုပ်ပွားတော်ကို ရိုက်ခွဲလိုက်စဉ်က ကျန်ရစ်ခဲ့သော မြေထည်အပိုင်းအစများကို လုပေါင် စုဆောင်းလာခဲ့ခြင်းဖြစ်သည်။
အတော်ကြာအောင် လေ့လာကြည့်သော်လည်း ထူးခြားမှု မတွေ့သဖြင့် လုပေါင်သည် ထိုမြေပုံကို ခုတင်ဘေးစားပွဲပေါ်တွင် တင်ထားလိုက်ပြီး အားလပ်သည့်အချိန်မှသာ ထပ်မံလေ့လာရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ၎င်းတို့မှာ ကြေမွနေသော မြေထည်အပိုင်းအစများ ဖြစ်သည့်အတိုင်း သူ မလိုက်သည့်အခါ အမှုန့်အချို့မှာ လွင့်စင်သွားခဲ့သည်။ အမှုန့်အချို့မှာ ခုတင်ဘေးရှိ အိုးလေးထဲတွင် စိုက်ထားသော အလှစိုက်ပင်လေးထဲသို့ ကျရောက်သွားခဲ့သော်လည်း လုပေါင်ကတော့ ထိုသေးငယ်သော ပြောင်းလဲမှုကို သတိမပြုမိခဲ့ပေ။
မြေထည်များကို ချထားပြီးနောက် လုပေါင် ခုတင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူသည် တင်ပလ္လင်ခွေ ထိုင်ကာ လက်ဝါးနှစ်ဖက်ကို ပေါင်ပေါ်တွင် တင်လိုက်ပြီး သူ၏ အသက်ရှူနှုန်းကို စည်းချက်ကျကျ မှန်မှန်ကန်ကန် ဖြစ်အောင် စတင် ထိန်းညှိလိုက်သည်။ ယခု သူ လုပ်ဆောင်နေသည်မှာ စနစ်က ဆုလာဘ်အဖြစ် ပေးထားသော ချီ လမ်းညွှန်ပညာ ပင် ဖြစ်သည်။
ယခင်က စနစ်ကပေးသော အရာများနှင့် လုပေါင် ကိုယ်တိုင်ရရှိခဲ့သော အရာများမှာ ရန်သူကို တိုက်ခိုက်ရန်အတွက် ကျင့်စဉ်များသာ ဖြစ်ကြသည်။ ကျင့်ကြံခြင်းအတွက် အသုံးပြုရသော ဤကဲ့သို့သော ချီ လမ်းညွှန်ပညာ မျိုးကိုမူ လုပေါင် ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်သည်။ သူ၏ စပ်စုချင်စိတ်မှာ အတိုင်းအထက်အလွန်ပင်။
လုပေါင် မျက်လုံးမှိတ်လိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးမှာ စည်းချက်ကျကျ အသက်ရှူခြင်းနှင့်အတူ ငြိမ်သက်သွားသလို ခံစားရသည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိလုပေါင်သည် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ပြန်လည် လေ့လာနိုင်နေပြီဖြစ်ကြောင်း သတိပြုမိကာ အံ့သြသွားသည်။ ဤသည်မှာ ဒဏ္ဍာရီလာ အတွင်းပိုင်းအမြင်ပင် ဖြစ်သည်။ မိမိကိုယ်မိမိ ပြန်လည် လေ့လာနိုင်စွမ်းရှိခြင်းမှာ အဆင့်မြင့် ချီ ကျင့်ကြံသူများသာ ရရှိနိုင်သည့် အရာဖြစ်သည်။ လုပေါင် ဤသို့ လုပ်ဆောင်နိုင်ခြင်းမှာ သူသည် ထိပ်တန်းကျင့်စဉ်များစွာကို သိရှိထားပြီး သူ၏ စစ်မှန်သော ချီများမှာ အလွန် အားကောင်းနေသောကြောင့်သာ ဖြစ်သည်။
အတွင်းပိုင်းအမြင် အခြေအနေသို့ ရောက်ရှိသွားသောအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော ချီ များမှာ အလွန်ပင် ရှုပ်ထွေးနေကြောင်း သိလိုက်ရသည်။ သူသည် သာမန် ကျင့်ကြံသူများနှင့် မတူပေ။ သာမန် ကျင့်ကြံသူများသည် ကျင့်စဉ်တစ်ခုတည်းကို တစ်ဆင့်ချင်း ကျင့်ကြံကြသော်လည်း လုပေါင်မှာမူ စနစ်ဆီမှ တိုက်ရိုက် ရရှိခြင်းဖြစ်ရာ ကျင့်ကြံခြင်း လုပ်ငန်းစဉ်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ကျင့်စဉ်တစ်ခု ရတိုင်း စနစ်က စစ်မှန်သော ချီ တစ်မျှင်ကို သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်ပေးလိုက်ခြင်းဖြင့် ထိုကျင့်စဉ်ကို အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းနှင့် ပွတ်တိုက်အားပေးခြင်း မရှိသဖြင့် ထို ချီ မျှင်များမှာ အသီးသီး ကစဥ့်ကလျား ဖြစ်နေကာ လုံးဝ ရှုပ်ထွေးနေတော့သည်။
ချက်ချင်းပင် လုပေါင်သည် ချီ လမ်းညွှန်ပညာ အတိုင်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရှုပ်ထွေးနေသော စစ်မှန်သော ချီ များကို ပြန်လည် စုစည်းလိုက်သည်။ ထိုအချိန်တွင် အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်မှာ စတင် လင်းလာပြီဖြစ်သည်။ သို့သော် လုပေါင်မှာမူ ကျင့်ကြံခြင်းထဲတွင် နစ်မြုပ်နေသဖြင့် အပြင်လောကမှ အချိန်ကုန်ဆုံးသွားခြင်းကို လုံးဝ မသိရှိပေ။
သူ၏ မျက်နှာပေါ်တွင် အေးမြသော ခံစားချက်တစ်ခု ပေါ်လာသည်အထိပင်။ ထိုခံစားချက်မှာ တစ်စုံတစ်ခုက သူ့ကို ပွတ်သပ်နေသကဲ့သို့ပင်။ လုပေါင် ဇဝေဇဝါဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
“ဘာကြီးလဲဟ။”
ချက်ချင်းပင် လုပေါင်၏ ပါးစပ်မှ အံ့သြတုန်လှုပ်သံ ထွက်ပေါ်လာသည်။ ခုတင်ဘေးစားပွဲပေါ်ရှိ အိုးထဲတွင် စိုက်ထားသော အလှစိုက်ပင်လေးမှာ ယခုအခါ သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာသည်ကို သူ မြင်လိုက်ရသည်။သူ ခံစားလိုက်ရသည့် အရာမှာ သူ့မျက်နှာကို လာထိနေသော သစ်ကိုင်းပေါ်မှ သစ်ရွက်များပင် ဖြစ်သည်။
“ဒါ ဘာတွေ ဖြစ်ကုန်တာလဲ...”
လုပေါင် မျက်မှောင်ကြုတ်လျက် ခုတင်ပေါ်မှ ဆင်းကာ အနားသို့ သွားကြည့်လိုက်သည်။ ထိုအခါမှ အလှစိုက်အိုးလေးမှာ ကြီးထွားလာသော သစ်ပင်ကြောင့် အပိုင်းပိုင်း ကွဲအက်နေသည်ကို မြင်လိုက်ရသည်။
ဉာဏ်အလင်းပွင့်မျက်လုံးကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထိုမျက်လုံးအောက်တွင် အလှစိုက်ပင်၏ ပြောင်းလဲမှုအားလုံးကို လုပေါင် ရှင်းလင်းစွာ မြင်လိုက်ရသည်။ ဤအလှစိုက်ပင်မှာ အလှဆင်ရန်အတွက်သာ ဖြစ်သည်။ အပြင်ဘက်ရှိ သဲသောင်ပြင်နှင့် လိုက်ဖက်အောင် အောက်ခြေတစ်ဝက်မှာ မြေကြီးဖြစ်ပြီး အပေါ်ပိုင်းကို သဲသောင်ပြင်မှ သဲများဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။ သို့သော် ထိုသဲများမှာ ယခုအခါ အပင်ကြီးထွားမှုကို အဆမတန် မြန်ဆန်စေနိုင်သည့် အာဟာရဓာတ်များဖြင့် ပြည့်နှက်နေတော့သည်။
“ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ငါ ကျင့်ကြံနေတုန်း စစ်မှန်သော ချီတွေ ယိုစိမ့်သွားတာလား။ ဒါပေမဲ့ အဲဒါကလည်း အဓိပ္ပာယ်မရှိပါဘူး။ငါ့ရဲ့ ချီတွေက အပင်တွေကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ စွမ်းအား မရှိဘူးလေ။ ဒါဆိုရင်...”
လုပေါင် မေးစေ့ကို ပွတ်ရင်း တိတ်တဆိတ် ဆန်းစစ်နေမိသည်။ ရုတ်တရက် သူ၏ မျက်ခုံးများ မြင့်တက်သွားပြီး စားပွဲပေါ်ရှိ မြေထည်များကို လှမ်းကြည့်လိုက်သည်။ မနေ့က သူ ဒါတွေကို သယ်လာတုန်းက အချို့က ထိုအိုးထဲကို ဖိတ်ကျသွားခဲ့သည်ကို အခုမှ ပြန်သတိရလိုက်သည်။
ချက်ချင်းပင် သူ၏ ကျင့်ကြံခြင်းကြောင့် ပြောင်းလဲသွားမှုများကို ခံစားကြည့်ရန်ပင် မစောင့်တော့ဘဲ လုပေါင်သည် ပလတ်စတစ်အိတ်တစ်အိတ်ကို ရှာကာ မြေထည်အပိုင်းအစအားလုံးကို ဂရုတစိုက် ထည့်လိုက်သည်။ မြေထည်များ၏ စွမ်းဆောင်ရည်ကို ခန့်မှန်းမိသွားပြီဖြစ်ရာ အမှုန့်တစ်စလေးတောင် အလဟဿ အဖြစ်မခံလိုတော့ပေ။
မြေထည်များကို ထုပ်ပိုးပြီးနောက် သူ အမြန် ပြေးထွက်လာခဲ့သည်။
“သူဌေး... ဘယ်တုန်းက ပြန်ရောက်တာလဲ။”
ရုံးခန်းထဲတွင် စာရင်းတွက်နေသော တင်းလင် က လုပေါင် အလောတကြီး ပြေးထွက်လာသည်ကို မြင်တော့ ဇဝေဇဝါ ဖြစ်သွားသည်။
“အဲဒါ ထားလိုက်ပါဦး။ မျိုးစေ့တွေ သွားရှာပေးစမ်းပါ ဘာမျိုးစေ့ပဲဖြစ်ဖြစ် ရတယ်။”
လုပေါင် ရှင်းပြဖို့ အချိန်မရှိဘဲ တင်းလင်ကိုသာ အမိန့်ပေးလိုက်သည်။ စကားပြောရင်း သူသည် တံခါးပြင်ပသို့ ရောက်ရှိသွားပြီဖြစ်သည်။ လုပေါင်၏ အလောတကြီး ပုံစံကို ကြည့်ပြီး တင်းလင်း မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်နေမိသည်။ ဒီတစ်ခါ လုပေါင် ဘာတွေ ထပ်လုပ်ဦးမလဲဆိုတာ သူမ မသိပေ။ သို့သော် လွန်ခဲ့သော အကြိမ်က စပျစ်မျိုးစေ့များကို သူမ ရှာပေးခဲ့ပြီးနောက် လုပေါင်က ထိပ်တန်းစပျစ်သီးများကို ယူဆောင်လာခဲ့ဖူးသည်။ ယခု လုပေါင်က မျိုးစေ့များ ထပ်တောင်းနေပြီဖြစ်ရာ သူမ ငြင်းဆန်မည် မဟုတ်ပေ။ ချက်ချင်းပင် သူမလည်း လုပေါင်အတွက် မျိုးစေ့များ သွားရှာပေးတော့သည်။
တစ်ချိန်တည်းမှာပင် လုပေါင်သည် ဝိုင်ချက်စက်ရုံ အပြင်ဘက်ရှိ သဲသောင်ပြင်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် မဆိုင်းမတွပင် အိတ်ထဲမှ အမှုန့်အနည်းငယ်ကို ယူကာ သူ၏ခြေရင်းရှိ သဲများပေါ်သို့ ဖြူးလိုက်သည်။ ခေတ္တကြာလို့ မျိုးစေ့များ ရောက်လာလျှင် သူ၏ ခန့်မှန်းချက်ကို အတည်ပြုနိုင်တော့မည် ဖြစ်သည်။
အခန်း ၂၅၆- ဖောက်သည်တစ်ယောက်လား။ မဟုတ်ဘူး ဒါ လယ်လှီးရမယ့် ကောင်ပဲ။
မကြာမီမှာပင် တင်းလင်သည် မျိုးစေ့အိတ်တစ်အိတ်ကို ကိုင်ဆောင်ကာ လျှောက်လာခဲ့သည်။
“ဒါတွေက ဘာမျိုးစေ့တွေလဲ။”
တင်လင်း ကိုင်ထားသည့် အိတ်ကို ကြည့်ကာ လုပေါင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“အဲဒါ... ကျွန်မလည်း မသိဘူး။ ရှင့်ကိုကြည့်ရတာ အရမ်းအလောတကြီး ဖြစ်နေလို့ ဂိုဒေါင်ထဲမှာ တွေ့တာ အကုန်မွှေနှောက်ယူလာတာပဲ။ ဘာမျိုးစေ့ဖြစ်ဖြစ် ရတယ်လို့ ရှင်ပြောခဲ့တာ မဟုတ်လား။”
တင်းလင်က ခေါင်းခါရင်း ပြန်ပြောသည်။
“ဘာပဲဖြစ်ဖြစ် ရပါတယ်။ စမ်းကြည့်ရအောင်။
လုပေါင်က ပြန်ဖြေရင်း မျိုးစေ့အိတ်ကို လှမ်းယူလိုက်သည်။ သူသည် နယ်မှလာသည့် ကလေးတစ်ယောက် ဖြစ်သည့်အတိုင်း ကိုယ်တိုင် လယ်မစိုက်ခဲ့ဖူးသော်လည်း အခြေခံ လုပ်ငန်းစဉ်ကိုမူ နားလည်သည်။ လုပေါင်သည် မိမိရှေ့ရှိ သဲကို တူးဆွကာ မျိုးစေ့တစ်စေ့ကို မြှုပ်နှံလိုက်သည်။
လုပေါင်၏ လုပ်ဆောင်ချက်ကို ကြည့်ပြီး တင်းလင်း မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်နေမိသည်။ ဤသဲသောင်ပြင်ပေါ်က သဲတွေထဲမှာ အပင်တွေ ရှင်သန်နိုင်စရာ အကြောင်းမရှိပေ။ မဟုတ်လျှင် တင်းလင်၏ မိသားစု အောင်မြင်ကျော်ကြားစဉ်ကတည်းက ဤရွှေရောင်ကမ်းခြေ တစ်ခုလုံးကို ငှားရမ်းပြီး ဝိုင်ချက်စက်ရုံအဖြစ် အပြီးသတ် ဖော်ဆောင်ခဲ့ပြီးသား ဖြစ်လိမ့်မည်။ သို့သော် လုပေါင်နှင့် ပတ်သက်ဖူးသမျှ အခြေအနေများအရ သူ၏ အံ့ဖွယ်စွမ်းရည်များကို သူမ သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် သံသယရှိသော်လည်း တင်းလင်အများကြီးမပြောတော့ပေ။
မျိုးစေ့ကို မြှုပ်ပြီးနောက် လုပေါင်သည် မျှော်လင့်ချက်အပြည့်ဖြင့် ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်ကာ မျိုးစေ့ပေါက်လာမလားဟု စောင့်ကြည့်နေသည်။
“ဒါတော့ မဟုတ်သေးပါဘူး နာရီဝက်လောက် ရှိနေပြီကို ဘာလို့ အပင်မပေါက်သေးတာလဲ။”
နာရီဝက်ခန့် စောင့်ပြီးနောက်တွင်လည်း မျိုးစေ့မှာ အပင်ပေါက်လာခြင်း မရှိသေးပေ။ လုပေါင်၏ တစ်ယောက်တည်း ရေရွတ်သံကို ကြားလိုက်ရသည့်အခါ ဘေးနားက တင်းလင်းမှာ ဆွံ့အသွားတော့သည်။ သူမသည် လုပေါင်နောက်ကို လိုက်လာပြီး သူ ဘာလုပ်မလဲဆိုတာကို အကြာကြီး စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
“ဟိုလေ... ကျွန်မ ယူလာပေးတဲ့ မျိုးစေ့တွေက ဘာမျိုးစေ့တွေလဲဆိုတာ မသေချာပေမဲ့ယေဘုယျအားဖြင့် မျိုးစေ့တွေ အပင်ပေါက်ဖို့ဆိုတာ အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ရမှာပဲလေ...”
တင်းလင်း သူမ၏ နဖူးကို လက်ဖြင့်အုပ်ကာ အားကိုးရာမဲ့စွာ ပြောလိုက်သည်။
“အဲလိုလား။အဲဒါလည်း ဟုတ်တာပဲ။ ဒါဆို ပြန်ကြရအောင်။”
လုပေါင် မျက်ခုံးပင့်လိုက်ပြီး အများကြီး ထပ်မရှင်းပြတော့ပေ။ ဘာပဲဖြစ်ဖြစ် ဒီအကြောင်းကို ရှင်းပြနေလျှင်လည်း အတော်လေး တုန်လှုပ်စရာ ကောင်းနေပါလိမ့်မည်။ ချက်ချင်းပင် လုပေါင်သည် တင်းလင်းနောက်မှ လိုက်ကာ ဝိုင်ချက်စက်ရုံဘက်သို့ ပြန်လျှောက်လာခဲ့သည်။
သူတို့နှစ်ဦး လှည့်ထွက်သွားပြီး မကြာမီမှာပင် ကမ်းခြေပေါ်ရှိ သဲများမှာ အနည်းငယ် လှုပ်ရှားသွားပြီးနောက် အပင်ပေါက်လေးတစ်ခုမှာ သဲများကို ထိုးဖောက်ကာ ထွက်ပေါ်လာတော့သည်။
ဝိုင်ချက်စက်ရုံသို့ ပြန်ရောက်သည့်အခါ လုပေါင်သည် သူ၏ အခန်းထဲသို့ပြန်ကာ ချီ လမ်းညွှန်ပညာ ကို ဆက်လက် လေ့လာရန် ရည်ရွယ်ထားသည်။
“ဒီနေ့ လုပ်စရာ တခြားရှိသေးလား။”
သို့သော် ထိုအချိန်တွင် တင်းလင်းက သူ့ကို တားလိုက်သည်။
“မရှိပါဘူး ဘာဖြစ်လို့လဲ။”
လုပေါင် ခဏမျှ ကြောင်သွားပြီး သူမကို ဇဝေဇဝါ ကြည့်လိုက်သည်။
လုပေါင်၏ အမူအရာမှာ တကယ်ပင် ဘာမှမသိသည့်ပုံစံ ဖြစ်နေသဖြင့် တင်းလင် ခါးသီးစွာ ပြုံးလိုက်မိသည်။
“ရှင်... ကျွန်မကို အဲဒီလောက်တောင် ယုံတာလား။”
တင်းလင်က သူ့ကို အားကိုးရာမဲ့စွာ ကြည့်ရင်း မေးလိုက်သည်။
ထိုစကားကို ကြားမှ လုပေါင် သဘောပေါက်သွားတော့သည်။ ဝိုင်ချက်စက်ရုံမှာ ကိုင်တွယ်စရာ ကိစ္စတစ်ခုခု ရှိနေလို့သာ တင်းလင်က ဤသို့ မေးနေခြင်း ဖြစ်လိမ့်မည်။
“အဟမ်း... လူတစ်ယောက်ကို သုံးရင် မယုံနဲ့ ယုံရင်သံသယမရှိနဲ့ ဆိုတဲ့အတိုင်းပဲ။ မင်းရဲ့ အရည်အချင်းကို ငါ ယုံကြည်ပါတယ်။”
လုပေါင် ချောင်းဟန့်ရင်း ရယ်မောကာ ပြောလိုက်သည်။
“ဒါဆိုရင်လည်း ပြီးတာပါပဲ။ ခဏနေရင် ဝိုင်ချက်စက်ရုံမှာ ကိုင်တွယ်စရာ အော်ဒါတစ်ခု ရှိတယ်။ တစ်ဖက်လူက ရှင့်ကို ကိုယ်တိုင် တွေ့ချင်တယ်လို့ ပြောထားတယ်။”
တင်းလင် သက်ပြင်းချကာ လုပေါင်ကို ပြောလိုက်သည်။ ထိုစကားကြောင့် လုပေါင် မျက်တောင်ခတ်ကာ ဇဝေဇဝါဖြင့် တင်းလင်းနှင့်အတူ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ မကြာမီမှာပင် လုပေါင် အခြေအနေကို နားလည်သွားသည်။
လုပေါင်သည် အရာရာကို လွှတ်ထားတတ်သော သူဌေးတစ်ဦး ဖြစ်သော်လည်း တင်းလင်မှာမူ အလွန် တာဝန်ယူမှု ရှိသူဖြစ်သည်။ လွန်ခဲ့သော အကြိမ်က လုပေါင်သည် နဂါးဧရာကျွန်း မှ စပျစ်သီးများကို ယူလာခဲ့စဉ်ကတည်းက သူမသည် စက်ရုံကို ပြင်ဆင်နေရင်း တစ်ဖက်မှလည်း ဝိုင်စတင်ချက်လုပ်နေခဲ့သည်။ သာမန် ဝိုင်နီများမှာ တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း ရလဒ်ထွက်ပေါ်နိုင်သော်လည်း ၎င်းတို့ကို နမူနာအဖြစ်သာ အသုံးပြုပြီး အော်ဒါများ ဆွဲဆောင်လေ့ရှိသည်။ ကျန်ရှိသော ဝိုင်များကိုမူ အချိန်ကြာမြင့်စွာ နှပ်ထား ရသည်။
ဝိုင်ချက်သည့် မိသားစုမှ လာသူဖြစ်သည့်အတိုင်း တင်းလင်းသည် ဤအကြောင်းအရာများကို အလွန်နှံ့စပ်သည်။ လုပေါင် ယူလာသော စပျစ်သီးများမှာ အရည်အသွေး အလွန်ကောင်းမွန်သဖြင့် ထိုဝိုင်နမူနာများမှာ နှစ်ပေါင်းများစွာ နှပ်ထားသော ဝိုင်နီများထက်ပင် အရသာ ပိုကောင်းနေတော့သည်။ ရလဒ်အနေဖြင့် တင်းလင်သည် ထိပ်တန်းဖောက်သည်တစ်ဦးကို ဆွဲဆောင်နိုင်ခဲ့ပြီး ယနေ့တွင် တွေ့ဆုံရန် ချိန်းဆိုထားခြင်း ဖြစ်သည်။ တစ်ဖက်လူက စာချုပ်အကြောင်း ဆွေးနွေးရန်အတွက် ပိုင်ရှင်ကိုယ်တိုင်နှင့် တွေ့ချင်သည်ဟု ဆိုထားသည်။
မူလက သူမသည် မွန်းတည့်ပိုင်းမှ လုပေါင်ကို ဆက်သွယ်ရန် ကြံစည်ထားသော်လည်း ယခု လုပေါင် ရောက်နေပြီဖြစ်ရာ ထွက်ပြေးဖို့ မစဉ်းစားနှင့်တော့။
“ဒီလိုကိုး။ အစောကြီးကတည်းက ပြောပါရောလား။ တခြားအရာတွေတော့ ငါ မပြောတတ်ပေမဲ့ ပိုက်ဆံရှာဖို့ဆိုရင်တော့ ငါက တက်တက်ကြွကြွ ရှိပြီးသားပါ။”
တင်းလင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုပေါင် ရယ်မောကာ ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။
လုပေါင်က ငြင်းဆိုခြင်းမရှိသည်ကို တွေ့ရမှ တင်းလင်း သက်ပြင်းချနိုင်တော့သည်။ သူတို့ ချိန်းဆိုထားသော အချိန်မှာ နေ့လည် ၂ နာရီ ဖြစ်သည်။ ယခုမှာ နံနက်ပိုင်းသာ ရှိသေးသဖြင့် စောင့်နေရန် မလိုသေးသော်လည်း တင်းလင်မှာ လုပေါင်ကို လုံးဝ မယုံကြည်ပေ။ ဤလူက စကားကောင်းကောင်း ပြောတတ်သော်လည်း ခဏနေလျှင် ပျောက်သွားနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် သူမသည် အလုပ်များကို ဧည့်ကြိုစားပွဲသို့ ရွှေ့လာကာ စာရွက်စာတမ်းများကိုသာ စစ်ဆေးနေတော့သည်။
လုပေါင်မှာမူ အားကိုးရာမဲ့သော အမူအရာဖြင့် စောင့်နေရသည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ ကျင့်ကြံရန် အကောင်းဆုံးနေရာ မဟုတ်သော်လည်း ချီ လမ်းညွှနပညာ ကို လေ့ကျင့်ရန်မှာ ပြဿနာမရှိပေ။ ထို့ကြောင့် လုပေါင်သည် ဆိုဖာပေါ်တွင် ထိုင်ကာ မျက်လုံးမှိတ်လျက် ကျင့်စဉ်ကို စတင် ကျင့်ကြံနေတော့သည်။ ကျင့်စဉ်ကို လည်ပတ်စေသည်နှင့်အမျှ မမြင်နိုင်သော စစ်မှန်သော ချီ မျှင်တန်းလေးများမှာ လုပေါင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူ့ကို ဝန်းရံထားတော့သည်။
ဘေးတွင် ထိုင်နေသော တင်းလင်မှာ လုပေါင်ကို မော့ကြည့်လိုက်သည့်အခါ သူသည် မျက်လုံးမှိတ်ကာ အနားယူနေသည်ကို တွေ့ရသည်။ သို့သော် အကြောင်းရင်းမသိဘဲ ဤနေရာတွင် ထိုင်နေရသည်မှာ လုပေါင်ထံမှ လာသော အေးချမ်းသည့် ခံစားချက်ကို သူမ ရရှိနေသည်။ သူမ၏ မျက်လုံးထဲတွင် ရှေ့က လုပေါင်မှာ ပို၍ပို၍ လျှို့ဝှက်ဆန်းပြားလာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့လည် ၂ နာရီ ထိုးသွားခဲ့ပြီ။ လုပေါင်ဘေးတွင် ထိုင်နေရသည့် အေးချမ်းသော ခံစားချက်ကြောင့် တင်းလင်းသည် နေ့လည်စာ စားဖို့ပင် မေ့သွားခဲ့သည်။
“မင်္ဂလာပါ မစ္စတင်းလင်။”
ထိုအချိန်တွင် တရုတ်စကားကို ဝဲတဲတဲ ပြောဆိုသံနှင့်အတူ အပြင်မှ လူတစ်ယောက် ဝင်လာသည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသော ဗိုက်ရွှဲရွှဲ နိုင်ငံခြားသားတစ်ဦး ဖြစ်သည်။ သူ့နောက်တွင် အတွင်းရေးမှူး တစ်ယောက်လည်း ပါလာသည်။ ၎င်းမှာ တင်းလင် ရှာထားသော ဖောက်သည်ပင် ဖြစ်သည်။
ဆူညံသံကို ကြားလိုက်ရသဖြင့် လုပေါင်လည်း မျက်လုံးကို အသာအယာ ဖွင့်ကာ ကြည့်လိုက်သည်။
“မစ္စတာ ရော့စ် ဒါက ကျွန်မရဲ့ သူဌေး လုပေါင် ပါ။”
တင်းလင်းက ပြုံးလျက် ကြိုဆိုလိုက်သည်။
“ခင်ဗျားက တင်းလင် ပြောတဲ့ ဖောက်သည်ပေါ့နော်။ ကြိုဆိုပါတယ် ကြိုဆိုပါတယ်။”
လုပေါင်လည်း ပြုံးရွှင်စွာဖြင့် ထရပ်လိုက်သည်။ ရော့စ်သည် မူလက လုပေါင်နှင့် လက်ဆွဲနှုတ်ဆက်ရန် ကြံရွယ်ထားသော်လည်း လုပေါင်၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ရသည့်အခါ တစ်ကိုယ်လုံး မသက်မသာ ဖြစ်သွားတော့သည်။ ထိုခံစားချက်မှာ လုပေါင်၏ အမဲလိုက်ခံနေရသကဲ့သို့ပင်။
သေချာပေါက်ပင် လုပေါင်၏ မျက်လုံးထဲတွင်မူ ဤ ရော့စ် ဆိုသူမှာ အရှင်လတ်လတ် လယ်လှီးရမည့် လယ်လှီးကောင်တစ်ယောက်သာ ဖြစ်သည်...။ သူတို့နှစ်ဦး ခဏမျှ လက်ဆွဲနှုတ်ဆက်ပြီးနောက် ထိုင်ကာ စီးပွားရေးအကြောင်း တရားဝင် စတင် ဆွေးနွေးကြတော့သည်။
“မစ္စတင်းလင်ပြောပြထားချက်အရတစ်နှစ်သက်တမ်းရှိတဲ့ ဝိုင်တွေကို တစ်ပုလင်းကို သုံးသောင်း (၃၀,၀၀၀) နှုန်းနဲ့ ကျွန်တော်တို့ ဝယ်ယူလိုပါတယ်။ တခြား သက်တမ်းရင့် ဝိုင်တွေအတွက်ကတော့ တခြား ဈေးနှုန်းတွေ ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ ရေးဆွဲထားတဲ့ စာချုပ်ပါ။”
ရော့စ်၏ အတွင်းရေးမှူးက စကားပြောရင်း စာချုပ်ကို လုပေါင်ထံသို့ ကမ်းပေးလိုက်လေတော့သည်။