← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း ၂၅၇- ငါကပဲ အပျော်တမ်း ဖြစ်နေတာလား။

“ငါတို့ရဲ့ ထုတ်လုပ်မှု စွမ်းအားက ဘယ်လောက်ရှိလဲ။”

စာချုပ်ကို ကြည့်ရင်း လုပေါင်က တင်းလင်ကို ခပ်တိုးတိုး မေးလိုက်သည်။

ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ တင်းလင်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။

သူမစိတ်ထဲတွင်။

‘ဒီလိုအချက်အလက်မျိုးကိုမသိရင်လည်း အစောကြီးကတည်းက မမေးဘူး။ ဘယ်သူက ဖောက်သည်ရှေ့မှာ ဒီလိုကြီး လာမေးနေလို့လဲ။’

လောလောဆယ်တွင်သူမသည် ရော့စ်ကို အားနာသလို ပြုံးပြလိုက်ပြီးနောက် လုပေါင်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ကုန်ကြမ်းတွေကို တည်တည်ငြိမ်ငြိမ် ထောက်ပံ့ပေးနိုင်မယ်ဆိုရင် အရည်အသွေးကို အာမခံပြီး တစ်နှစ်ကို ပုလင်းပေါင်း တစ်သောင်းလောက် ပုံမှန် ထုတ်ပေးနိုင်ပါတယ်။”

ထိုစကားကို ကြားတော့ လုပေါင် ခေါင်းညိတ်လိုက်သည်။

သူ၏ စိတ်ထဲတွင်။

‘ဒါဆိုတစ်ပုလင်း သုံးသောင်းနဲ့ဆိုရင် တစ်နှစ်ကို သန်း ၃၀၀ ပဲ ရမှာပေါ့။”

ယခင်ကဆိုလျှင် ဤဈေးနှုန်းမှာ လုပေါင်အတွက် နက္ခတ္တဗေဒ ကိန်းဂဏန်းကြီး ဖြစ်နေပါလိမ့်မည်။ သို့သော် ယခုအခါ လုပေါင်၏ မျိုးရိုးဗီဇဆေးရည် တစ်လုံး၏ ဈေးနှုန်းမှာပင် ထိုထက်မကကြောင်း သိထားရမည်။ထို့ကြောင့် ဤပမာဏမှာ လုပေါင်အတွက် အလွန်နည်းပါးလွန်းလှသည်။ ပြီးတော့ ဒီဝိုင်ချက်စက်ရုံက ရွှေရောင်ကမ်းခြေ ပေါ်မှာ နေရာယူထားပြီး အသုံးပြုခွင့်ကို စနစ်က လက်ဆောင်ပေးထားတာ မှန်ပေမဲ့ ညအကယ်၍ ငှားရမ်းခဈေးနှုန်းနဲ့ တွက်မယ်ဆိုရင် ဒီဝင်ငွေက ရင်းနှီးရတဲ့ ကုန်ကျစရိတ်တောင် ကာမိမှာ မဟုတ်ပေ။

“ဘယ်လိုထင်လဲ။”

ဤအချိန်တွင် လုပေါင်က စာချုပ်ကို ကိုင်ထားပြီး ဘာမှမပြောဘဲ ကြည့်နေသဖြင့် ရော့စ်က စိုးရိမ်တကြီး မေးလိုက်သည်။

လုပေါင်နှင့် တင်းလင်တို့၏ ဝိုင်မှာ ရော့စ် တစ်သက်တာတွင် မြင်ဖူးသမျှ အကောင်းဆုံး ဝိုင်ဖြစ်သည်။ တင်းလင်မှာ ငယ်ရွယ်သေးပြီး ဝိုင်ချက်သည့် မိသားစုမှ လာသူဖြစ်သော်လည်း ဝိုင်အရသာ ခံစားမှု ပိုင်းတွင် အတွေ့အကြုံ နုနယ်သေးသည်။ ထိုစဉ်က ပွဲ၌ သူသည် ဝယ်ယူရန် စိတ်ကူးရှိနေသဖြင့် ဝိုင်ကို အလွန်အကျွံ မချီးမွမ်းခဲ့ပေ။ ထိုအမျိုးအစား ဝိုင်နမူနာမှာ အခြားကုန်အမှတ်တံဆိပ်များ၏ နှစ်ပေါင်းများစွာ နှပ်ထားသော ဝိုင်များနှင့် အရည်အသွေး တူညီကြောင်းသာ ခပ်စမ်းစမ်း ပြောခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ တင်းလင်ကလည်း ဤအချက်အပေါ် ဘာမှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။

တကယ်တမ်းတွင် ထိုဝိုင်နမူနာ တစ်ခုတည်းကပင် အခြားအမှတ်တံဆိပ်များ၏ ၁၀ နှစ်သက်တမ်းရင့် ဝိုင်များကို ယှဉ်နိုင်စွမ်းရှိသည်။ ထိပ်တန်း အမှတ်တံဆိပ်အချို့၏ သီးသန့်နှစ်များမှ ထွက်သော ဝိုင်များကိုပင် ယှဉ်နိုင်ပေလိမ့်မည်။ဒါက နမူနာပဲ ရှိသေးတာ။ အကယ်၍ သေသေချာချာ နှပ်ထားပြီး အချဉ်ဖောက်ပြီးပြီဆိုလျှင် ဝိုင်နီလောကကို အပြတ်အသတ် လွှမ်းမိုးနိုင်မည်ဟု သူ ယုံကြည်နေသည်။ ထိုအချိန်ကျလျှင် တစ်ပုလင်းကို သိန်းပေါင်းများစွာ ရောင်းလျှင်ပင် ပြဿနာရှိမည်မဟုတ်။

ဘာပဲဖြစ်ဖြစ် တင်းလင်၏ ဝိုင်ချက်စက်ရုံလေးမှာ ထုတ်လုပ်မှု ကန့်သတ်ချက်ရှိရာ ရှားပါးမှုက တန်ဖိုးကို မြင့်တက်စေလိမ့်မည်။ အခုသာ လုပေါင် ခေါင်းညိတ်ပြီး စာချုပ်ချုပ်လိုက်လျှင် နောင်တစ်ချိန်မှာ ဘယ်လောက်ပဲ အမြတ်ထွက်ပါစေ လုပေါင်တို့နဲ့ ဘာမှ မဆိုင်တော့ပေ။

“ဒီဈေးနှုန်းကို ထပ်ပြီး ဆွေးနွေးဖို့ လိုမယ်လို့ ထင်တယ်။”

ထိုအချိန်တွင် လုပေါင်သည် စာချုပ်ကို အသာအယာ ချလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

ထိုစကားကြောင့် တင်းလင်း၏ ရင်မှာ ဒိတ်ခနဲ ဖြစ်သွားသည်။ အရင်က သူတို့ စက်ရုံက ဝိုင်တစ်ပုလင်းကို နှစ်ထောင် ဝန်းကျင်ပဲ ရောင်းရတာကို သူမ သိထားသည်မဟုတ်ပါလား။အကယ်၍ သူမသာ မန်နေဂျာ မဟုတ်ခဲ့လျှင် ထိုစဉ်က ပွဲ၌ပင် ဤဈေးနှုန်းဖြင့် စာချုပ်ချုပ်လိုက်မိမှာ သေချာသည်။

‘ငါ လုပေါင်ကို ဒီကို မခေါ်လာသင့်ဘူး။ အခု ဖောက်သည်သာ ထွက်ပြေးသွားရင် ငါ ဘယ်သူ့ကို သွားတိုင်တည်ရမလဲ။’

တင်းလင်းက အခြေအနေကို ပြန်ထိန်းရန် ပြင်လိုက်သည်။

သို့သော် တစ်ဖက်မှ ရော့စ်က အားနာသလို ပြုံးကာ ခေါင်းညိတ်ပြပြီး။

“ဟုတ်ပါတယ် ဒီစာချုပ်က မူကြမ်းပဲ ရှိပါသေးတယ်။ ခင်ဗျားအနေနဲ့ ဘယ်လောက်ဈေးဆိုရင် သင့်တော်မယ်လို့ ထင်ပါသလဲ။”

ချက်ချင်းပင် တင်းလင်မျက်လုံးပြူးသွားတော့သည်။ ဤ ရော့စ် ဆိုသူမှာ ဥရောပတွင် အကြီးဆုံး ဝိုင်နီ လက်ကားဖြန့်ချိသူ တစ်ဦး ဖြစ်ကြောင်း သိထားရမည်။ ဤအဆင့်ရှိသော စီးပွားရေးသမားတစ်ဦးက ဤမျှအထိ စကားပြောရ လွယ်ကူနေသည်လား။

“ဒီစာချုပ်အရဆိုရင် ခင်ဗျားက ငါတို့ထုတ်သမျှ ဝိုင်တွေအားလုံးကို တစ်ဦးတည်းမူပိုင် ရယူမယ်ဆိုတဲ့ သဘောလား။”

လုပေါင်က ရော့စ်ကို ကြည့်ကာ အသာအယာ မေးလိုက်သည်။

ထိုစကား ထွက်လာသည်နှင့် ရော့စ်က လက်ကို အမြန်ဝှေ့ယမ်းကာ ရယ်မောလိုက်ပြီး။

“ဒါကို ဘယ်လိုလုပ် တစ်ဦးတည်းမူပိုင်လို့ ခေါ်လို့ရမှာလဲ။ ခင်ဗျားတို့ ထုတ်သမျှအားလုံးကို ကျွန်တော်က ဝယ်ယူလိုတဲ့ ဆန္ဒရှိတယ်လို့ပဲ ပြောတာပါ။”

“ကောင်းပြီလေ ဒါဆို ဒီဈေးနဲ့ပဲ သွားရအောင်။”

လုပေါင် ခေါင်းညိတ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်ချောင်း ၃ ချောင်း ထောင်ပြလိုက်သည်။

“သုံးသောင်း လား။ အဲဒါက စာချုပ်ထဲက ဈေးနှုန်းပဲလေ။ ခင်ဗျား သုည တစ်လုံး ကျန်ခဲ့တာလား။”

လုပေါင်၏ လက်ဟန်ကို ကြည့်ပြီး ရော့စ် ဇဝေဇဝါဖြင့် မျက်တောင်ခတ်ကာ မေးလိုက်သည်။ သို့သော် ထိုစကားကို ကြားသောအခါ လုပေါင်က ပြုံးလျက် ခေါင်းခါပြသည်။

“ခင်ဗျား ငါ့ဆိုလိုရင်းကို သိပ်နားမလည်သေးဘူး ထင်တယ်။ ငါပြောတာက သုံးသိန်းပါ။”

လုပေါင်သည် စာချုပ်ကို ရော့စ်၏ ရှေ့သို့ တိတ်တဆိတ် တွန်းပို့လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ဘေးက တင်းလင်းမှာ လုံးဝ ဆွံ့အသွားသည်။

‘ဘာကြီးလဲ... သုံးသိန်းလား။’

‘ဒါက ထိပ်တန်း ဝိုင်နီတွေရဲ့ ဈေးနှုန်းလေ။ ဒီထက် ဈေးကြီးတာတွေ ရှိပေမဲ့ အဲဒါတွေက ထိပ်တန်း အမှတ်တံဆိပ်တွေရဲ့ အကောင်းဆုံးနှစ်တွေက ထွက်တဲ့ ဝိုင်တွေမှသာ ရတာ။သူတို့ စက်ရုံလေးကနေ ဒီဈေးနဲ့ ရောင်းမယ်ဆိုတာ ဟာသဖြစ်နေမှာ မဟုတ်ဘူးလား။’

တင်းလင်သက်ပြင်းရှည်ကြီး ချလိုက်သည်။ လုပေါင်က ဈေးကွက်ကို နားမလည်လို့သာ ဤသို့ ပြောခြင်းဖြစ်မည်ဟု တွေးကာ သူ့ကို ရှင်းပြရန် ပြင်လိုက်သည်။ သို့သော် တင်းလင်မလှုပ်ရှားမီမှာပင် တစ်ဖက်မှ ရော့စ်က မျက်မှောင်ကြုတ်ကာ လုပေါင်ကို စိုက်ကြည့်လိုက်သည်။ ထိုခဏတွင် သူ၏ အကြည့်ထဲ၌ ထိပ်တန်း လက်ကားကုန်သည်ကြီးတစ်ဦး၏ အရှိန်အဝါများ အပြည့်အဝ ထွက်ပေါ်လာသည်။

“မစ္စတာ လု... ခင်ဗျားက ဒီဈေးနဲ့ ကျွန်တော်တို့ကို ငတုံးတွေလို့ မှတ်နေတာလား။”

ရော့စ်က လုပေါင်ကို စိုက်ကြည့်ကာ စကားတစ်လုံးချင်းစီကို အလေးအနက် ပြောလိုက်သည်။

လုပေါင်က တစ်ဖက်လူကို ကြည့်ရင်း စိတ်ထဲတွင်။

‘ခင်ဗျားက ငတုံး မဟုတ်ရင် ဘယ်သူက ဖြစ်မှာလဲ။’

သေချာပေါက်ပင်အပြင်ထုတ်ပြော၍တော့ မရပေ။

“အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါက ငါ့ရဲ့ စိတ်ကူးထားတဲ့ ဈေးနှုန်းပဲ။ ခင်ဗျား ဘယ်လိုထင်လဲ။”

လုပေါင်က တည်ငြိမ်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

အမှန်စင်စစ် တင်းလင်ထင်သည့်အတိုင်း လုပေါင်သည် ဤဈေးကွက်ကို နက်နက်ရှိုင်းရှိုင်း နားမလည်ပေ။ သို့သော် သူ၏ ထုတ်ကုန်အရည်အသွေးနှင့် ပတ်သက်လျှင်မူ လုပေါင်သည် မည်သူထက်မဆို ပို၍ သိထားသည်။ ဤဈေးနှုန်းကို သတ်မှတ်ခြင်းမှာ တစ်ဖက်လူကို လယ်လှီးချင်ရုံသက်သက် မဟုတ်ဘဲ နဂါးဧရာကျွန်းမှ ထွက်သော ထုတ်ကုန်များအပေါ် ယုံကြည်မှုကြောင့်လည်း ဖြစ်သည်။

“ဒါက ခင်ဗျားရဲ့ စိတ်ကူးထဲက ဈေးနှုန်းဆိုရင်တော့... ကျွန်တော်တို့ ဆက်ဆွေးနွေးစရာ မရှိတော့ဘူး ထင်တယ်။”

ရော့စ်က သက်ပြင်းချကာ ထွက်ခွာတော့မည့် အမူအရာ ပြုလုပ်လိုက်သည်။

ဘေးက တင်းလင်မှာတော့ ပူထူနေပြီဖြစ်သည်။

သူမစိတ်ထဲတွင်။

‘ငါ့ရဲ့အပျော်တမ်း သူဌေးကြီးကို ခေါ်လာပြီး ဆွေးနွေးခိုင်းတာ တကယ် မှားသွားပြီ။ သူက ငါတို့ ဖောက်သည်ကို မောင်းထုတ်နေတာပဲ။’

‘အခုပေးထားတဲ့ ဈေးကတောင် သူဌေးကြီးတစ်ယောက်မို့ ပေးတာ။ တခြားဖောက်သည်ဆိုရင် သုံးသောင်းတောင် ရဖို့ မလွယ်ဘူး။’

“ထွက်သွားချင်ရင်လည်း သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့ဈေးပဲ။ ခင်ဗျား မယူချင်လည်း တခြား ယူမယ့်သူတွေ ရှိလာမှာပါလို့ ငါ ယုံကြည်တယ်။”

တစ်ဖက်လူ၏ ခြိမ်းခြောက်ဟန်ကို ကြည့်ပြီး လုပေါင်က ပုခုံးတွန့်ကာ ဆိုဖာပေါ်တွင် မှီချလိုက်သည်။

ထိုစကားကို ကြားသောအခါ ရော့စ်၏ မျက်နှာမှာ တောင့်ခဲသွားသည်။ စီးပွားရေးလောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း ဤကဲ့သို့သော ဆွေးနွေးမှုမျိုးကို သူ တစ်ခါမှ မကြုံဖူးပေ။ သို့သော် အဓိကအချက်မှာ ရော့စ်သည် လုပေါင်တို့၏ ဝိုင်တန်ဖိုးကို အလွန် ကောင်းကောင်း သိထားခြင်းဖြစ်သည်။ အနည်းငယ်မျှ ပြုပြင်မွမ်းမံလိုက်ရုံနှင့် သုံးသိန်းမက လေးသိန်းဖြင့် ရောင်းလျှင်ပင် အမြတ်ကျန်ဦးမည် ဖြစ်သည်။

“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ခင်ဗျားက တကယ်ကို ဝိုင်ချက်စက်ရုံ ပိုင်ရှင်ပီသပါတယ်။ ဈေးနှုန်းကို အလွန် တိတိကျကျ ကိုင်တွယ်နိုင်တာပဲ။”

ခဏမျှ တွေဝေသွားပြီးနောက် ရော့စ်က သွားအစ်ကာ ပြောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည် ပေါ်လာသည်။

“ဟုတ်ပါတယ် ကျွန်မတို့ သူဌေးက... ဘာ။”

တင်းလင်က အခြေအနေကို ပြေလည်အောင် လုပ်ရန် အရင်ဆုံး ပြုံးလျက် တုံ့ပြန်လိုက်သော်လည်း။စကားအဆုံးကို ကြားလိုက်ရသည့်အခါ သူမ လုံးဝ အံ့သြမှင်သက်သွားတော့သည်။

‘ဒါဘာတွေလဲ။ခုနလေးတင် ငါက လုပေါင်ကို အပျော်တမ်းသမားလို့ ထင်ခဲ့တာလေ။ အခုကြည့်ရတာ ငါကိုယ်တိုင်ကသာ အပျော်တမ်း ဖြစ်နေတာလား။’

“မစ္စတာ ရော့စ်က ငါကမ်းလှမ်းတဲ့ ဈေးကို လက်ခံတယ်လို့ ယူဆရမလား။”

လုပေါင်၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာကာ တိုးတိုးလေး မေးလိုက်သည်။ အကယ်၍ ထိုသို့သာဆိုလျှင် တစ်နှစ်ထုတ်လုပ်မှုမှာ သန်းပေါင်း ၃,၀၀၀တန်ဖိုး ရှိလာမည်ဖြစ်သည်။

“ဟုတ်ကဲ့ ခင်ဗျားပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ အခုပဲ စာချုပ်ကို ပြန်ပြင်လိုက်ပါ့မယ်။”

ရော့စ်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။ သူသည် ဤမျှအထိ အကျပ်ကိုင်ခံရသည်မှာ ပထမဆုံးအကြိမ်ပင်။ သူ မျှော်လင့်နေသည်မှာ စာချုပ်ကို အမြန်ဆုံး လက်မှတ်ထိုးနိုင်ရန်သာ ဖြစ်သည်။ မဟုတ်လျှင် လုပေါင်က ဈေးထပ်တင်လိုက်ပါက သူ ဘယ်သူ့ကိုမှ သွားတိုင်လို့ ရတော့မည် မဟုတ်ပေ။

အခန်း ၂၅၈- မျောက်ဝံတို့၏ ရှေးဦးမျိုးနွယ်စု။

စာချုပ်တွင် လက်မှတ်ရေးထိုးသည်ကို ကြည့်ရင်း ဘေးတွင်ရပ်နေသော တင်းလင်းမှာ လုံးဝ ဆွံ့အသွားတော့သည်။

“ဒါဆိုရင် ကျေနပ်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် အခု ပြန်ခွင့်ပြုပါဦး။နောက်နှစ် ဝိုင်ထုတ်လုပ်မယ့် အချိန်ကျမှ ပြန်လာခဲ့ပါ့မယ်။”

လုပေါင်က စာချုပ်တွင် လက်မှတ်ထိုးပြီး ဝိုင်ချက်စက်ရုံ၏ တရားဝင်တံဆိပ်တုံးကို ခတ်နှိပ်ပေးလိုက်သည်ကို မြင်သောအခါ သူက စိတ်သက်သာရာရသွားသော လေသံဖြင့် ပြောလိုက်သည်။ အကြောင်းရင်းမသိဘဲ လုပေါင်၏ ရှေ့တွင် သူသည် အမြဲတမ်း ထိန်းချုပ်ခံထားရသည်ဟု ခံစားနေရသည်။ သူ ယခင်က လုပ်ခဲ့ဖူးသော မည်သည့် စီးပွားရေးဆွေးနွေးမှုတွင်မျှ ဤကဲ့သို့သော ခံစားချက်မျိုး မရရှိဖူးပေ။

“ကောင်းကောင်းသွားပါ မစ္စတာ ရော့စ် လိုက်မပို့တော့ဘူးနော်။”

လုပေါင်က အသာအယာ ရယ်မောရင်း ထရပ်ကာ သူတို့ကို ပို့ဆောင်ပေးလိုက်သည်။

ရော့စ်တို့ အဖော်တစ်စု ထွက်ခွာသွားသည်ကို ကြည့်ပြီးမှ လုပေါင် သက်ပြင်းတစ်ချက် ချလိုက်ကာ သူ၏ စစ်မှန်သော ချီလည်ပတ်မှုကို တိတ်တဆိတ် ရပ်တန့်လိုက်သည်။ ခုနက ဆွေးနွေးမှုအတွင်း ရော့စ် ခံစားခဲ့ရသော ဖိအားမှာ လေထဲကပေါ်လာခြင်း မဟုတ်ပေ။ ရော့စ်က ထွက်သွားမည့်အမူအရာ ပြုလုပ်လိုက်သည့်အချိန်တွင် လုပေါင်သည် သူ၏ ချီ ဖိအားကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ သာမန်လူတစ်ယောက်သည် ၎င်းကို တိုက်ရိုက် မခံစားရသော်လည်း လေးလံထိုင်းမှိုင်းသော ဖိအားတစ်ခုကိုမူ ခံစားရစေသည်။ ထို့ကြောင့် ထိုအခြေအနေတွင် ရော့စ်သည် လုပေါင် သတ်မှတ်သော အနိမ့်ဆုံးဈေးနှုန်းကို အလွယ်တကူ လက်ခံသွားခြင်း ဖြစ်သည်။ မဟုတ်လျှင် ဤဈေးနှင့် အလုပ်ဖြစ်ဖို့အတွက် သူတို့နှစ်ဦး တစ်နေကုန် ဆွေးနွေးနေရပေလိမ့်မည်။

လုပေါင်တွင် ဤနယ်ပယ်၌ သဘာဝပါရမီ မရှိသော်လည်း သူ၏ ဤလုပ်ဆောင်ချက်က ယနေ့ဆွေးနွေးမှုကို များစွာ လွယ်ကူသွားစေခဲ့သည်။

“ဘာဖြစ်လို့လဲ ဘာလို့ စိတ်မကောင်းဖြစ်နေတဲ့ ပုံစံပေါက်နေတာလဲ။”

လုပေါင် ခန်းမထဲသို့ ပြန်ဝင်လာပြီး မှင်သက်နေဆဲဖြစ်သော တင်းလင်ကို ကြည့်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ ထိုအခါမှ တင်းလင် သတိပြန်ဝင်လာတော့သည်။ သူမ စိတ်မကောင်းဖြစ်နေခြင်း မဟုတ်ဘဲ လုံးဝကို အံ့သြမှင်သက်နေခြင်း ဖြစ်သည်။

“အမှန်အတိုင်း ပြောရရင်လေ...”

တင်းလင် သက်ပြင်းချကာ လုပေါင်ကို မော့ကြည့်လိုက်သည်။ လုပေါင်က မျက်တောင်ခတ်ပြပြီး ဆက်ပြောရန် အချက်ပြလိုက်သည်။

“ရှင်က ရော့စ်ရဲ့ တရားမဝင်တဲ့ သားများလား။ဒီဈေးနှုန်းက တကယ်ကို မယုံနိုင်စရာပဲ။ သူက ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ သဘောတူသွားတာလဲ။”

တင်းလင်သည် သူမ၏ ဆံပင်ကို ပွတ်သပ်ရင်း ဘဝကို သံသယဖြစ်နေသော ပုံစံဖြင့် မေးလိုက်သည်။

လုပေါင်၏ နှုတ်ခမ်းများ တွန့်သွားပြီး တင်းလင်းမှာ အံ့သြလွန်း၍ ကြောင်နေခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားသည်။

“ဟားဟား... နောက်ဆိုရင် ငါတို့ ဝိုင်ချက်စက်ရုံရဲ့ ထုတ်ကုန်တွေကို ဈေးသတ်မှတ်တဲ့အခါ ဒီထက်ပိုပြီး ယုံကြည်မှုရှိစမ်းပါ။”

လုပေါင်က လက်လှမ်းကာ တင်းလင်၏ ပုခုံးကို ပုတ်ပြီး ရယ်မောလျက် ပြောလိုက်သည်။

အဆိုးအကောင်း တစ်ခုခု မရှိခဲ့လျှင် လုပေါင်၏ ဝိုင်ချက်စက်ရုံမှ ထွက်သမျှ မည်သည့်ပစ္စည်းမဆို ကမ္ဘာ့အကောင်းဆုံး ဖြစ်လာလိမ့်မည်။တင်းလင်က တွေဝေစွာ ခေါင်းညိတ်ပြပြီး ထရပ်ကာ လုပေါင်ကို ပြောလိုက်သည်။

“မနက်ဖြန်ကစပြီး ထုတ်လုပ်မှု အပြည့်အဝ စတင်တော့မယ်။ ရှင်လည်း ကုန်ကြမ်းတွေကို အမှီပေးနိုင်အောင် လုပ်ထားဦး။”

စကားအဆုံးတွင် တင်းလင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်ရိပ်များ ပေါ်လာတော့သည်။ သူမသည် ဝိုင်ချက်စက်ရုံ အတွင်းဘက်သို့ ပျော်ရွှင်စွာ လျှောက်သွားသည်။ ထွက်ခွာသွားသော တင်းလင်၏ ကျောပြင်ကို ကြည့်ပြီး လုပေါင် ခဏမျှ သဘောကျနေမိသည်။ တင်းလင်၏ မျက်နှာပေါ်တွင် ဤမျှအထိ အံ့သြမှင်သက်နေသော အမူအရာမျိုးကို သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်ပြီး အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေသည်။

ယခု လုပေါင်သည် ဝိုင်ချက်စက်ရုံမှ ထွက်လာခဲ့ပြီး နဂါးဧရာကျွန်း တွင် စိုက်ပျိုးရန် စပျစ်မျိုးစေ့ အချို့ကို ဝယ်ရန် စီစဉ်လိုက်သည်။ သို့သော် ဝိုင်ချက်စက်ရုံ ခြံစည်းရိုး အပြင်ဘက်သို့ ခြေလှမ်းလိုက်သည်နှင့် လုပေါင်၏ အမူအရာမှာ တောင့်ခဲသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။အဝေးက ကမ်းခြေပေါ်တွင် သစ်သီးပင်တစ်ပင်မှာ တစ်ပေခွဲခန့် မြင့်နေပြီဖြစ်သည်။ယ

“ဒါက...”

လုပေါင် မျက်တောင်ခတ်ကာ အနားသို့ အမြန် လျှောက်သွားသည်။ ဤသစ်ပင်မှာ ယနေ့နံနက်ကမှ လုပေါင် စိုက်ခဲ့သော မျိုးစေ့ပင် ဖြစ်သည်ာ။ချက်ချင်းပင် လုပေါင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ထို မြေထည်အပိုင်းအစ မှာ တကယ်ပင် အစွမ်းထက်လှသည်။

ချက်ချင်းပင် လုပေါင် ပြန်ပြေးသွားပြီး ခန်းမထဲတွင် ထားခဲ့သော မြေထည်မှုန့်အိတ်ကို ယူကာ ကမ်းခြေတစ်လျှောက် အသာအယာ ဖြူးတော့သည်။ ဤမြေထည်မှုန့်ဖြင့် မြေဆီလွှာ အဆင့်မြှင့်တင်ရာတွင် အများကြီး မလိုပေ။ အမှုန့်အနည်းငယ်ဖြင့်ပင် ဧရိယာအကျယ်ကြီးကို လွှမ်းခြုံနိုင်သည်။ သူ့အခန်းထဲက အိုးထဲမှာ အပင် အဲဒီလောက် မြန်မြန်ကြီးသွားတာက အမှုန့်တွေ အရမ်းများသွားလို့ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ရွှေရောင်ကမ်းခြေက အပြင်ဘက်မှာ ရှိနေတာဖြစ်ပြီး အရာရာကို သိသိသာသာကြီး မဖြစ်စေချင်သဖြင့် လုပေါင်သည် အမှုန့်များကို တတ်နိုင်သမျှ ကျဲကျဲ ဖြူးလိုက်သည်။ တစ်နာရီခန့် ကြိုးကြိုးစားစား ဖြူးပြီးနောက် ဧက ၂၀၀ ခန့်ရှိသော ပထမမြေကွက် တစ်ခုလုံးမှာ ဤမြေထည်မှုန့် အနည်းငယ်ဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။ ယခုအခါ ပထမမြေကွက်မှာ အပြင်ပန်းကြည့်လျှင် မပြောင်းလဲသော်လည်း ကမ္ဘာပေါ်တွင် အမြေဆီလွှာ အကောင်းဆုံးမြေ ဖြစ်သွားပြီကို လုပေါင် စိတ်ထဲက သိနေသည်။

“ငါ့ရဲ့ ရွှေသောင်ပြင်ကို သေသေချာချာ စီမံကိန်းချဖို့ လိုမယ်ထင်တယ်။”

မြေထည်မှုန့်များ ဖြူးပြီးနောက် လုပေါင် မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်သည်။ စနစ်က သူ့ကို ရွှေရောင်ကမ်းခြေ အသုံးပြုခွင့်ပေးတုန်းက စိုက်ပျိုးရေးနှင့် ပတ်သက်သော ကိစ္စများအတွက်သာ ကန့်သတ်ထားသည်ကို သူ မှတ်မိနေသေးသည်။ ယခု ပြုပြင်ပြောင်းလဲမှုမှာ စနစ်၏ စည်းမျဉ်းများနှင့် ကိုက်ညီနေဆဲဖြစ်သည်။

ဤအလုပ်များကို အပြီးသတ်ပြီးနောက် လုပေါင်သည် အနီးဆုံးဈေးသို့ ကားမောင်းသွားကာ မျိုးစေ့များစွာကို ကားအပြည့် ဝယ်ယူခဲ့သည်။ ထို့နောက် လူသူကင်းမဲ့သော နေရာတွင် ကားရပ်ကာ နဂါးကျွန်းဧရာသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။

လုပေါင် နဂါးဧရာကျွန်းသို့ ပြန်ရောက်သည်နှင့် သူ မှင်သက်သွားတော့သည်။ ကျွန်း၏ အစွန်းဘက်တွင် သူ၏ ဗီလာသစ်သားအိမ်နှင့် ဆင်တူသော အိမ်တန်းရှည်ကြီးကို ဆောက်လုပ်ထားသည်ကို တွေ့လိုက်ရသည်။ ပြောနေစရာပင် မလိုပါ။ ဤအိမ်များကို ကျွန်းပေါ်ရှိ မျောက်ဝံ များက ကိုယ်တိုင် ဆောက်ထားခြင်း ဖြစ်သည်။ ယခင်က ကျွန်းပေါ်တွင် သူတို့ထက် သန်မာသော သားရဲများ များပြားလှသဖြင့် အသိုက်အမြုံများကို ရမ်းသမ်းမဆောက်ဝံ့ကြပေ။ သို့သော် ယခု လုပေါင်၏ လက်အောက်သို့ ရောက်ရှိပြီး နဂါးမင်း၏ အကာအကွယ်ကို ရရှိထားသဖြင့် ဤကဲ့သို့ ဗီလာအိမ်များကိုပင် ဆောက်လုပ်နေကြပြီ။

လုပေါင် ထိုဗီလာအိမ်တန်းထဲသို့ ဝင်လိုက်သည်နှင့် ပို၍ပင် အံ့အားသင့်သွားရသည်။ လုပေါင် ပထမဆုံး နှိမ်နင်းထားခဲ့သော မျောက်ဝံအုပ်စုမှာ ယခုအခါ အိမ်ရှေ့တွင် သူဌေးကြီးများကဲ့သို့ အနားယူနေကြသည်။ သူတို့ဘေးတွင် အခြားမျောက်ဝံအချို့က သူတို့၏ ကျောကို နှိပ်နယ်ပေးနေကြသည်။ လုပေါင် ကတိပေးထားခဲ့သော မျောက်ဝံမများကိုလည်း သူတို့သည် အခြားမျိုးနွယ်စုငယ်များထံမှ ကိုယ်စီ ရှာဖွေထားကြပြီး ဖြစ်သည်။

“ဘုရားရေ... ဒါက ရှေးဦးမျိုးနွယ်စုတစ်ခု ဖြစ်လာတော့မှာပဲ...”

ဤမြင်ကွင်းကို ကြည့်ပြီး လုပေါင်ပင် အနည်းငယ် တုန်လှုပ်သွားသည်။ အခြားမျောက်ဝံများမှာ ကျွန်းပေါ်ရှိ အုပ်စုငယ်များမှ ဖြစ်ပြီး ယခုအခါ ဤမျောက်ဝံအုပ်စုက အကုန် သိမ်းသွင်းထားခြင်း ဖြစ်သည်။

“အူး အူး အူး”

နောက်ဆုံးတွင် မျောက်ဝံအချို့က လုပေါင် ရောက်လာသည်ကို သတိပြုမိသွားသည်။ သူတို့သည် စိတ်လှုပ်ရှားစွာ ဟစ်အော်ရင်း သူ့ထံ ပြေးလာကြသည်။

“အဟမ်း... ငါ အဲဒီတုန်းက ဘာပြောခဲ့လဲ ငါ့နောက်လိုက်ပြီး ကြိုးစားပမ်းစား လုပ်ရင် မင်းတို့မှာ ဗီလာရော မိန်းမရော ရလိမ့်မယ်လို့ ပြောခဲ့တယ် မဟုတ်လား။”

ဤမျောက်ဝံအုပ်စုကို ကြည့်ပြီး လုပေါင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“အူး အူး အူး”

ထိုစကားကို ကြားသည်နှင့် မျောက်ဝံအားလုံးက လုပေါင်၏ စကားကို ထောက်ခံသည့်အနေဖြင့် စိတ်လှုပ်ရှားစွာ ဟစ်အော်ကြတော့သည်။

“ဆက်လုပ်ကြ ငါ့အတွက် စပျစ်သီးတွေ သွားစိုက်ကြစမ်း။ ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် နောင်မှာ ဒီထက်ကောင်းတဲ့ နေ့ရက်တွေ ရောက်လာဦးမှာ။”

ချက်ချင်းပင် လုပေါင်သည် သူဝယ်လာသော စပျစ်မျိုးစေ့များကို သူ၏ တွင်းနက်ထဲမှ ထုတ်ယူကာ ကြဲချလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုစကားကို ကြားလျှင် မူလမျောက်ဝံအုပ်စုက မျိုးစေ့များကို ခွဲဝေယူကြပြီးနောက် နောက်မှရောက်လာသူများကို အော်ဟစ်ခိုင်းစေတော့သည်။ သူတို့၏ အမူအရာမှာ လုပေါင် သူတို့ကို အိပ်မက်တွေ ပေးခဲ့စဉ်က ပုံစံနှင့် အတိအကျပင်...။

“ဟင်း... တကယ့်ကို မျောက်ဝံတွေပဲ။ ချက်ချင်းမြင် ချက်ချင်းသင်ပြီး ပြန်သုံးတတ်တာ တကယ်ကို အထင်ကြီးစရာပဲ။”

သူတို့ကို ကြည့်ပြီး လုပေါင် ခါးသီးစွာ ရယ်မောမိသည်။ ဘာပဲဖြစ်ဖြစ် ကျွန်းပေါ်မှာ လုပ်သားအင်အား များလာတာက လုပေါင်ရဲ့ နောင်အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုကောင်းလိမ့်မည်။ မကြာမီမှာပင် နောက်မှရောက်လာသော မျောက်ဝံအုပ်စုမှာ မျိုးစေ့များကို ထမ်းပြီး စိုက်ခင်းများဆီသို့ စိတ်လှုပ်ရှားစွာ ပြေးထွက်သွားကြသည်။

မူလမျောက်ဝံအုပ်စုမှာမူ ကြီးကြပ်ရေးမှူးများအဖြစ် တိုက်ရိုက် ပြောင်းလဲသွားပြီး ကိုယ်တိုင် လုပ်အားပေးစရာ မလိုတော့ပေ။ ဤသို့ဖြင့် လုပေါင်၏ လွှမ်းမိုးမှုအောက်တွင် ဤရှေးဦးမျိုးနွယ်စုလေးမှာ ပုံဖော်လာခဲ့လေတော့သည်။

All Chapters