← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း ၂၅၉- မီးပုရွက်ဆိတ်နီများ၏ ဗီဇပြောင်းလဲမှု။

နဂါးဧရာကျွန်း ပေါ်ရှိ အရာအားလုံးကို စီစဉ်ပြီးနောက် လုပေါင် အရင်ဆုံး ပြန်လာခဲ့သည်။ မူလမျောက်ဝံအုပ်စုက နမူနာကောင်းများ ဖြစ်နေသဖြင့် အသစ်ရောက်လာသော မျောက်ဝံများကို လုပေါင်အနေဖြင့် တိုက်တွန်းနေစရာ မလိုတော့ဘဲ သူတို့အားလုံးသည် တစ်ယောက်ထက်တစ်ယောက် ပို၍ ကြိုးစားပမ်းစား အလုပ်လုပ်နေကြသည်။

နဂါးဧရာကျွန်းမှ ထွက်ခွာပြီးနောက် လုပေါင်သည် သူ၏ ကားဆီသို့ တစ်ဖန် ပြန်ရောက်လာသည်။ သူ ပြန်ရောက်သည်နှင့် ချက်ချင်းပင် တွင်းနက်ကို ဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည်။ မျိုးစေ့များ ထုတ်ယူစဉ်ကတည်းက တွင်းနက်အတွင်း၌ အပြောင်းအလဲအချို့ ရှိနေကြောင်း သူ ခံစားမိခဲ့သည်။

တွင်းနက်ထဲသို့ တစ်ဖန်ဝင်ကြည့်လိုက်သောအခါ မြေပြင်တစ်ခုလုံးမှာ မီးပုရွက်ဆိတ်နီများ၏ အလောင်းများဖြင့် ဖုံးလွှမ်းနေသည်ကို လုပေါင် တွေ့လိုက်ရသည်။သူ ကြွက်အုပ်စုကို ရရှိပြီးကတည်းက ဤကဲ့သို့ မြင်ကွင်းမျိုး မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မီးပုရွက်ဆိတ်နီများ၏ အလောင်းများမှာ ကြွက်အုပ်စုအတွက် အကောင်းဆုံး အာဟာရ မဟုတ်ပါလား။ သို့သော် ယခုအခါ မီးပုရွက်ဆိတ်နီ အလောင်းများမှာ တစ်ပေခွဲခန့်အထိ ပုံနေတော့သည်။

“သခင်... တစ်ခုခု မှားနေပုံရတယ်။”

လုပေါင် တွေးတောနေစဉ်မှာပင် နက်နက်ကြီးတစ်နေရာမှ ထွက်လာပြီး လုပေါင်ကို ပြောလိုက်သည်။

“ငါ့ကို လိုက်ပြစမ်း။”

လုပေါင် ခေါင်းညိတ်လိုက်ပြီး နက်နက်ကြီး၏ ဦးခေါင်းပေါ်သို့ တက်လိုက်သည်။ လက်ရှိ အခြေအနေအရ ပြဿနာအကြီးအကျယ် ရှိနေပြီဆိုသည်ကို သူ ပြောစရာမလိုဘဲ သိနေသည်။နက်နက်ကြီးသည် မဆိုင်းမတွပင် လုပေါင်ကို တင်ဆောင်ကာ တွင်းနက်၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်သွားတော့သည်။

မကြာမီနက်နက်ကြီးသည် အဖြစ်အပျက် ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည်။ ရောက်ရောက်ချင်းမှာပင် လုပေါင် မှင်သက်သွားရသည်။ မရေမတွက်နိုင်သော မီးပုရွက်ဆိတ်နီများသည် လေထဲတွင် စုပြုံနေကြပြီး ကြီးမားသော အနီရောင် လုံးကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို သူ မြင်လိုက်ရသည်။ ဤအလုံးကြီးမှာ ဖန်သားကဲ့သို့ ကြည်လင်နေပြီး အလွန်ပင် လှပသည်။ သို့သော် ထိုအလုံးကြီးမှ အပိုင်းအစများ အဆက်မပြတ် ကြွေကျနေပြီး ထိုအရာများမှာ မီးပုရွက်ဆိတ်နီများ၏ အလောင်းများပင် ဖြစ်သည်။ ဤအချိန်တွင် တွင်းနက်ထဲရှိ သတ္တဝါအားလုံးမှာ စပ်စုချင်စိတ်ဖြင့် ဝိုင်းကြည့်နေကြပြီး ကြွက်အုပ်စုမှာမူ အောက်မှနေ၍ မီးပုရွက်ဆိတ်နီ အလောင်းများကို အငမ်းမရ စားသောက်နေကြသည်။

“နီနီလေး ရော ဘယ်မှာလဲ။”

ဤမြင်ကွင်းကို ကြည့်ပြီး လုပေါင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။

“ဝုဖ်”

(အထဲမှာပဲ ရှိနေတာ)

‌ဟေးမီ နှင့် ဒါပေါင်တို့က အရင်ဆုံး ပြေးလာပြီး လုပေါင်ကို ဟောင်ကာ အသိပေးသည်။ နှင်းလုံးလေး ကတော့ သူ့ရဲ့ ဗီဇအတိုင်း မြေပြင်ပေါ်က ပုရွက်ဆိတ်အလောင်းတွေကို အဆက်မပြတ် ထိုးဆိတ်စားသောက်နေသည်။ အတန်ကြာ စားပြီးနောက် နှင်းလုံးလေးသည် လုပေါင်၏ ပုခုံးပေါ်သို့ ပျံတက်လာသည်။

“အဟက် ဘာအာဟာရမှ မရှိဘူး။အခွံချည်းပဲ။ဒီငှက်ဘုရင်ရဲ့ အချိန်တွေကို စားရင်းနဲ့ အလဟဿ ဖြုန်းတီးပစ်လိုက်တာပဲ။”

နားနားချင်းမှာပင် နှင်းလုံးလေးက ဒေါသတကြီး ညည်းညူတော့သည်။

နှင်းလုံးလေး၏ စကားကို ကြားသောအခါ လုပေါင် မျက်ခုံးပင့်လိုက်မိပြီး ပြဿနာ၏ အဖြေကို ရိပ်မိလိုက်သည်။ မီးပုရွက်ဆိတ်နီများသည် အကြိမ်ကြိမ် ဗီဇပြောင်းလဲပြီးနောက် ပိုမိုပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်တော့မည်လား။သေချာပေါက်ပင် ဤမေးခွန်း၏ အဖြေကို ချက်ချင်း ရရှိနိုင်မည်မဟုတ်ပေ။ ကံကောင်းသည်မှာ ကြွက်အုပ်စုက အစားမရွေးခြင်းပင်။ အခွံဖြစ်စေ ဘာဖြစ်စေ သူတို့အတွက်တော့ အဆင့်တက်ဖို့ အထောက်အကူ ဖြစ်နေဆဲဖြစ်ရာ မညည်းမညူ ဆက်စားနေကြသည်။

“ဒီကိုလာ။”

ချက်ချင်းပင် လုပေါင်သည် လက်ကိုမြှောက်ကာ အနားတွင် တစ်ဖက်သား အခက်ကြုံနေသည်ကို ကြည့်ပြီး ဝမ်းသာနေသော ရုပ်ဆိုးလင်းနို့ ကို လက်ယမ်းခေါ်လိုက်သည်။ သားရဲထိန်းကျောင်းခြင်း အနုပညာ ၏ ထိန်းချုပ်မှုအောက်တွင် လင်းနို့သည် လုပေါင်၏ အမိန့်ကို မဖီဆန်ဝံ့ပေ။

“ဘာများ ခိုင်းစရာရှိလို့လဲ သခင်။”

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် လုပေါင်ရှေ့သို့ ပျံသန်းလာပြီး ရိုရိုသေသေ ကြည့်လိုက်သည်။

“မင်း ဒီမှာနေပြီး သေသေချာချာ စောင့်ကြည့်နေ။ မီးပုရွက်ဆိတ်နီတွေမှာ တစ်ခုခု ပြောင်းလဲတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြားရမယ်။ နားလည်လား။”

လုပေါင်က အမိန့်ပေးလိုက်သည်။ သူသည် လင်းနို့နှင့် သားရဲထိန်းကျောင်းခြင်း အနုပညာမှတစ်ဆင့် ဆက်သွယ်ထားသဖြင့် လင်းနို့မှာ တွင်းနက်ထဲ၌ ရှိနေသော်လည်း လုပေါင်ထံ သတင်းအချက်အလက်အချို့ ပေးပို့နိုင်သည်။ လင်းနို့ကလည်း ရိုသေသေဖြင့် ချက်ချင်း ပြန်ထူးသည်။

“သိပ်ပြီး စိတ်မပူပါနဲ့ ဒါက ပြဿနာကြီးကြီးမားမား မဟုတ်လောက်ပါဘူး။”

လုပေါင်သည် လက်လှမ်းကာနက်နက်ကြီး၏ ခေါင်းကို ပုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။နက်နက်ကြီးသည် ယခုအခါ တွင်းနက်တစ်ခုလုံး၏ အစ်ကိုကြီးသဖွယ် ဖြစ်နေပြီး လုပေါင်အတွက် အရာရာကို စီမံပေးနေသူ ဖြစ်သည်။ လုပေါင်၏ ညွှန်ကြားချက်ကို ရရှိပြီးမှသာ ဒါဟေးက ပြန်လည် တုံ့ပြန်သည်။

“ဝုဖ် ဝုဖ်”

(သခင်... ကျွန်တော်တို့ကို ဘယ်တော့ အပြင်ပေးထွက်မှာလဲ)

ထိုအချိန်တွင် အောက်မှ ဟေးမီကလည်း ဟောင်လိုက်သည်။ သူတို့သည် တွင်းနက်ထဲတွင် နေထိုင်လာသည်မှာ အတန်ကြာပြီဖြစ်ကာ အင်အားများလည်း တိုးတက်လာသဖြင့် ဤနေရာတွင် ပိတ်မိနေရသည်မှာ ငြီးငွေ့စရာ ကောင်းနေပုံရပြီး သူတို့ဇာတိမှ ဝက်လက်စွပ်ပြုတ်ကို လွမ်းဆွတ်နေကြပုံရသည်။

“မင်းတို့ကတော့လေ...”

ဟေးမီ ဒါပေါင်နှင့် နှင်းလုံးလေး တို့၏ ခွေးနှစ်ကောင် ငှက်တစ်ကောင် ပေါင်းစပ်မှုကို ကြည့်ပြီး လုပေါင် ခေါင်းကိုက်သွားသည်။ သူသာ ဘေးမှာမရှိလျှင် ဤကောင်တွေသည် သေချာပေါက် ပြဿနာရှာကြလိမ့်မည်။ အရင်ကဆိုလျှင် ကိစ္စမရှိသော်လည်း။အခုတော့ တစ်ကောင်က နဂါးအသက်ရှူခြင်း ရှိနေပြီး၊ နောက်တစ်ကောင်က နဂါးဟိန်းသံရှိနေကာ၊ နှင်းလုံးလေးကလည်း ပြဿနာရှာရတာ ဝါသနာပါသူ ဖြစ်နေသည်။ သူ မရှိသည့်အချိန်တွင် ဤသုံးကောင် ပေါင်းမိလျှင် ဘယ်လောက်ထိ ပြဿနာတက်မလဲဆိုသည်ကို လုပေါင် မတွေးရဲပေ။

“လောလောဆယ်တော့ ဒီထဲမှာပဲ နေဦး။ သင့်တော်တဲ့ နည်းလမ်းတစ်ခုခု စဉ်းစားမိမှ ငါ အပြင်ထုတ်ပေးမယ်။”

တွေးလိုက်ရုံနှင့်ပင် လုပေါင် ခေါင်းအလွန်ကိုက်သွားသဖြင့် ခေါင်းကိုပွတ်ကာ အားကိုးရာမဲ့စွာ ပြောလိုက်သည်။ သားရဲထိန်းကျောင်းခြင်း အနုပညာဖြင့် ထိန်းချုပ်နိုင်သော်လည်း ဤသို့ အတင်းအကျပ် ထိန်းချုပ်ခြင်းကို သူ မနှစ်သက်သဖြင့် တတ်နိုင်သမျှ ရှောင်ကြဉ်လေ့ရှိသည်။

အခြားပြဿနာ မရှိသည်ကို အတည်ပြုပြီးနောက် လုပေါင်သည် ချီလင်လေးဆီသို့ သွားကြည့်သည်။ ချီလင်လေးမှာ ယခုအခါ ပို၍ပို၍ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး လုပေါင် ရောက်လာသည်ကိုပင် မသိဘဲ ဆက်လက် အိပ်စက်နေသည်။ ဘာပဲဖြစ်ဖြစ် ဖြူကြီးသည် ကြီးထွားမှု အဆင့် ၌သာ ရှိသေးသဖြင့် ဤကဲ့သို့ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ အိပ်ပျော်နေသောချီလင်လေးကို ကြည့်ပြီး လုပေါင်က သူ၏ခေါင်းလေးကို အသာအယာ ပွတ်ပေးလိုက်သည်။ ချီလင်လေး ခံစားမိပုံရပြီး ချစ်စဖွယ် အသံလေးပြုကာ ခေါင်းလေးကို ဝှက်ပြီး ဆက်အိပ်နေတော့သည်။

ထိုအခြင်းအရာကို မြင်သဖြင့် လုပေါင်လည်း ဆက်မနှောင့်ယှက်တော့ဘဲ တွင်းနက်ထဲမှ ထွက်ကာ ကားဆီသို့ ပြန်လာခဲ့သည်။ ကိစ္စအဝဝကို ကိုင်တွယ်ပြီးနောက် လုပေါင်သည် ဝိုင်ချက်စက်ရုံဘက်သို့ ကားမောင်းပြန်လာခဲ့သည်။

ရွှေရောင်ကမ်းခြေ ဗီလာဧရိယာ။

ရိုက်ကူးရေးအဖွဲ့မှာ အသည်းအသန် ရိုက်ကူးနေဆဲ ဖြစ်သော်လည်း အခြေအနေမှာ အနည်းငယ် ထူးခြားနေသည်ကို သူတို့ သတိပြုမိကြသည်။ ဤကဲ့သို့ ပွဲသများစွာ ရှိသော်လည်း ဤအစီအစဉ်၏ လူကြိုက်များမှုမှာ သူတို့ မျှော်လင့်ထားသည်ထက် နှစ်ဆ သို့မဟုတ် ထို့ထက်မက ပိုမို မြင့်တက်နေခြင်း ဖြစ်သည်။အထူးသဖြင့် လုရှောင်မုန့်ပါဝင်လာသည့်အခါ လူကြိုက်များမှုမှာ သိသိသာသာ မြင့်တက်သွားခဲ့သည်။

လုရှောင်မုန့်မှာ လုပေါင်၏ ညီမဖြစ်ကြောင်း သိလိုက်ရကတည်းက လုပေါင် လိုက်ဖ် မလွှင့်သည့် အချိန်တိုင်းတွင် ပရိသတ်များသည် လုရှောင်မုန်းကို အားပေးရန် ဤနေရာသို့ ရောက်လာကြသည်။ ရလဒ်အနေဖြင့် အစီအစဉ်၏ ကြည့်ရှုနှုန်း မှာ ပလက်ဖောင်းအားလုံးတွင် နံပါတ် (၁) ရရန် နီးစပ်နေပြီဖြစ်သည်။

“ဒါရိုက်တာ... အချက်အလက်တွေ ထွက်လာပါပြီ။ ကျွန်တော်တို့ရဲ့ မှတ်ချက်တွေထဲမှာ အခေါ်ခံရဆုံး နာမည်က ရတနာနတ်ဘုရား ပါပဲ။ ဒီ ရတနာနတ်ဘုရား ဆိုတာ ဘယ်သူလဲ။ဒီလူကြိုက်များမှုကို ဘယ်လို ထပ်ပြီး မြှင့်တင်ရမလဲ။”

ဒါရိုက်တာ နားနေခန်းထဲသို့ လက်ထောက်ဖြစ်သူက စာရွက်စာတမ်းအချို့ ကိုင်ဆောင်ကာ ဝင်လာပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ဒါရိုက်တာ၏ မျက်လုံးများ လင်းလက်သွားသည်။ အခြားသူတွေ မသိသော်လည်း သူကတော့ ရတနာနတ်ဘုရား ဆိုတာ ဘယ်သူလဲဆိုတာကို သိနေသည် မဟုတ်ပါလား။ ဒါဆို လူကြိုက်များမှု အားလုံးရဲ့ အရင်းအမြစ်က လုပေါင် ပေါ့။ ဒါဆိုရင် လုပေါင်ကို ဒီအစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်လာအောင် နည်းလမ်းရှာဖို့ လိုအပ်နေပြီ။

“သွား... လုရှောင်မုန့်ကို ဒီကို ခေါ်ခဲ့စမ်း။”

ချက်ချင်းပင် ဒါရိုက်တာက မော့ကြည့်ကာ သူ၏ လက်ထောက်ကို အမိန့်ပေးလိုက်လေတော့သည်။

အခန်း ၂၆၀- ရတနာနတ်ဘုရား၏ ဆွဲဆောင်မှု။

မကြာမီမှာပင် လေ့ကျင့်ရေးဆင်းနေသော လုရှောင်မုန့်သည် လက်ထောက်၏ ခေါ်ယူမှုကြောင့် ဒါရိုက်တာ ဝမ်ဟောက်၏ နားနေခန်းသို့ ရောက်ရှိလာသည်။

“ဒါရိုက်တာ... ကျွန်မကို တစ်ခုခုခိုင်းမလို့လားရှင့်။”

ဝင်ဝင်ချင်းမှာပင် လုရှောင်မုန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“ရှောင်မုန့်... မင်းရဲ့ နောက်ပိုင်း စွမ်းဆောင်ရည်တွေက အရမ်းကောင်းလာနေတယ်နော်။”

လုရှောင်မုန့်ကို မြင်သည်နှင့် ဝမ်ဟောက်၏ မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခု ပေါ်လာသည်။

“ဒါက ဆရာတွေ သေချာသင်ပေးလို့ပါရှင်။”

လုရှောင်မုန့်မှာ အခြေအနေကို ဇဝေဇဝါ ဖြစ်နေသော်လည်း ယဉ်ကျေးစွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။

“ဒီလိုပါ မင်းရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ပြီး ငါက မင်းကို အခွင့်အရေး တွေ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။”

ထိုအချိန်တွင် ဝမ်ဟောက်က ချောင်းဟန့်ရင်း စကားစလိုက်သည်။

ထိုစကားကို ကြားသည်နှင့် လုရှောင်မုန့်၏ မျက်လုံးများ လင်းလက်သွားတော့သည်။ ဤအစီအစဉ်တွင် ပါဝင်သူအများစုမှာ နောက်ခံအင်အား ရှိသူများဖြစ်ကြပြီး ထိပ်တန်းစတားများ၏ အမျိုးအဆွေများလည်း ပါဝင်ကြသည်။ အစီအစဉ်၏ ပြသချိန် အများစုကို သူတို့သာ ရရှိကြခြင်းဖြစ်သည်။ လုရှောင်မုန့်ကဲ့သို့ သာမန်လူတစ်ယောက်မှာ တစ်ခါတစ်ရံမှသာ ကင်မရာထဲ ပါခွင့်ရပြီး အခြားသူများကို ပံ့ပိုးပေးရသူ သက်သက်သာ ဖြစ်နေခဲ့သည်။

သို့သော်လည်း လုရှောင်မုန့်သည် ချက်ချင်းပင် ဝမ်ဟောက်ကို သံသယဖြင့် ကြည့်ကာ။

“ဒါဆို... အပြန်အလှန်အနေနဲ့ ကျွန်မ ဘာလုပ်ပေးရမလဲ။”

ဖျော်ဖြေရေးလောက၏ မပြောမဆိုဘဲ လိုက်နာရသည့် စည်းမျဉ်းဆိုးများ အကြောင်းကို လုမင်ယောင်ထံမှ ကြားထားဖူးသဖြင့် သူမ သတိထားနေခြင်းဖြစ်သည်။

“ဘာမှ မလုပ်ပေးရပါဘူး။ ငါတို့ မြို့ထဲက ကွင်းမှာ လူကိုယ်တိုင် လာကြည့်ရမယ့် ပြိုင်ပွဲ တစ်ခု ကျင်းပတော့မယ်။ အဲဒီအချိန်ကျရင် မင်းရဲ့ အစ်ကိုကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ပေးရုံပါပဲ။”

ဝမ်ဟောက်က သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“ကျွန်မ အစ်ကိုလား။ သူ့ကို ဖိတ်ရုံနဲ့ အခွင့်အရေးတွေ ရမှာလား။”

လုရှောင်မုန့် မျက်တောင်ခတ်ကာ ဇဝေဇဝါ ဖြစ်သွားသည်။ ဤအရာနှစ်ခုကြား ဆက်နွယ်မှုကို သူမ ချက်ချင်း သဘောမပေါက်သေးပေ။

“ဟုတ်တယ် မင်းအစ်ကိုက အထူးဧည့်သည်အဖြစ် လာပေးမယ်ဆိုရင် ငါ မင်းကို ဖျော်ဖြေပွဲမှာ အလယ်ဗဟိုနေရာ ပေးမယ့်အပြင် ပြသချိန် အများဆုံး ရအောင် လုပ်ပေးမယ်။”

ဝမ်ဟောက်က အတည်ပြုရင်း ဆက်လက် ဆွဲဆောင်နေသည်။

ဤကမ်းလှမ်းချက်ကြောင့် လုရှောင်မုန့်အတော်လေး မှင်သက်သွားရသည်။ သူမသည် လုပေါင်ကို ရတနာနတ်ဘုရားအဖြစ် သိထားသော်လည်း သူမအမြင်တွင် လုပေါင်မှာ မည်မျှပင် ထူးချွန်ပါစေ Streamer တစ်ဦးသာ ဖြစ်သည်။ အနုပညာရှင်လောကနှင့် ယှဉ်လျှင် ကွာဟချက် အကြီးကြီး ရှိသည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် အခုတော့

“ကျွန်မ ဖိတ်ချင်တာပေါ့ ဒါပေမဲ့ အစ်ကိုက အခု ကျောင်းတက်နေတာလေ။ ကျောင်းပိတ်ရက် မဟုတ်ရင် မိဘတွေက လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး။”

လုရှောင်မုန့် အတော်လေး စိတ်ဝင်စားသော်လည်း အခြေအနေကို စဉ်းစားပြီးနောက် အားကိုးရာမဲ့စွာ ပြောလိုက်သည်။

“ကျောင်းလား ဘယ်ကျောင်းလဲ ငါကိုယ်တိုင် သွားပြီး ခွင့်တိုင်ပေးမယ် မင်းက သူ သဘောတူအောင်ပဲ လုပ်ပေး။”

ချက်ချင်းပင် ဝမ်ဟောက် ထရပ်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ နောက်ပြောင်နေတာလား။အခု အခြေအနေအရ ရတနာနတ်ဘုရားရဲ့ ညီမဖြစ်ရုံနဲ့တင် အစီအစဉ်ရဲ့ လူကြိုက်များမှုက နှစ်ဆ တက်နေတာ။ အကယ်၍ ရတနာနတ်ဘုရား ကိုယ်တိုင်သာ လာမယ်ဆိုရင်တော့ မတွေးရဲစရာပဲ။လုပေါင်သာ လာမယ်ဆိုရင် ခွင့်တိုင်ပေးဖို့ မပြောနဲ့ သူ့ကိုယ်စား ကျောင်းတက်ပေးဖို့တောင် အသင့်ပဲ။

ဝမ်ဟောက် စိတ်လှုပ်ရှားနေသည်ကို ကြည့်ပြီး လုရှောင်မုန်း ပို၍ ဇဝေဇဝါ ဖြစ်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ ဒါဆို ကတိနော်။”

“ကတိ။”

ဝမ်ဟောက်က အတည်ပြုလိုက်သည်။

လုရှောင်မုန့်ထွက်သွားပြီးနောက် ဝမ်ဟောက်သည် သူ၏ လက်ထောက်ကို ကားအမြန်ပြင်ခိုင်းကာ လုပေါင်၏ ကျောင်းသို့ မောင်းသွားတော့သည်။ ဝမ်ဟောက်သည် ဤကျောင်းနှင့် အတော်လေး ရင်းနှီးသည်။ အနုပညာလေ့ကျင့်သူ အများအပြားမှာ ဤကျောင်းမှ လာကြခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီချမ်းသာတဲ့ လူချမ်းသာသားသမီးတွေက ဘာအရည်အချင်းမှ မရှိဘဲ အနုပညာလမ်းကြောင်းပေါ်ကနေ သူတို့ကိုယ်သူတို့ နာမည်ကြီးအောင် လုပ်ရတာ ဝါသနာပါကြသည် မဟုတ်ပါလား။

အရင်က ပြောခဲ့သလိုပဲ လုပေါင်၏ ကျောင်းမှာ ပုဂ္ဂလိကကျောင်းဖြစ်ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပိုက်ဆံကိုသာ ကြည့်သူများဖြစ်သည်။ ထို့ကြောင့် ခွင့်ရဖို့ကိစ္စတွင် ဝမ်ဟောက်မှာ အပြည့်အဝ ယုံကြည်ချက် ရှိနေသည်။

“အို... ဒါရိုက်တာ ဝမ်ပါလား။ လာခဲလှချည်လား ဘာကိစ္စများ ရှိလို့လဲ။”

ကျောင်းအုပ်ကြီးသည် ဝမ်ဟောက် ဝင်လာသည်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။ ဝမ်ဟောက်သည် သူ့အတွက် ပိုက်ဆံ လာပေးမည်ဆိုသည်ကို သူ သိနေသည်။

“ကျောင်းသားတစ်ယောက်အတွက် ခွင့်လာတိုင်တာပါ။ အဆင်ပြေမလားလို့ သိချင်လို့ပါ။”

ဝမ်ဟောက်က ကျောင်းအုပ်ကြီး၏ စားပွဲရှေ့တွင် ရင်းနှီးစွာ ထိုင်လိုက်ပြီး ပြောလိုက်သည်။

“ဒါကတော့ ဆွေးနွေးလို့ ရတာပေါ့။ ငါတို့ ပုံမှန်အတိုင်းပဲ သွားကြတာပေါ့။”

ကျောင်းအုပ်ကြီးက ပြုံးလျက် ပြန်ဖြေသည်။ သူ၏ ဘဏ်အကောင့်ထဲသို့ ပိုက်ဆံတွေ ရောက်လာတော့မည်ကို သူ မြင်ယောင်နေပြီဖြစ်သည်။

“ဒီကျောင်းသားက ဘယ်နှစ်နှစ်လဲ နာမည်က ဘယ်သူလဲ။”

“သူ့နာမည်က လုပေါင် ပါ ဒီကျောင်းက တတိယနှစ် ကျောင်းသားပါ။”

ဝမ်ဟောက်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“အို... ဒါကတော့ ကိုင်တွယ်ရ လွယ်ပါတယ်။ လုပေါင် ဟုတ်လား တတိယ... ဘယ်သူလို့ ပြောလိုက်တာလဲ။”

ကျောင်းအုပ်ကြီးက ပြုံးလျက် ကျောင်းသားမှတ်တမ်းကို ဖွင့်ကြည့်ရန် ပြင်လိုက်သော်လည်း၊ူ ချက်ချင်းပင် အမူအရာ ပြောင်းလဲသွားကာ အံ့သြတုန်လှုပ်စွာဖြင့် မော့ကြည့်လာသည်။

“လုပေါင် လေ ဘာဖြစ်လို့လဲ။”

ကျောင်းအုပ်ကြီး၏ တုံ့ပြန်မှုကို ကြည့်ပြီး ဝမ်ဟောက်လည်း ဇဝေဇဝါ ဖြစ်သွားကာ မေးလိုက်သည်။

‘တကယ်ပဲ ဒီနတ်ဘုရားကြီး ဖြစ်နေတာလား... ‘

ကျောင်းအုပ်ကြီး၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။ လွန်ခဲ့သော အကြိမ်က ချန်ချောင်ရှန်း ကိုယ်တိုင် လာရောက်ပြီး လုပေါင်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ အထူးအတိုင်ပင်ခံ ဖြစ်ကြောင်း ပြောသွားခဲ့သည် မဟုတ်ပါလား။ လုပေါင်၏ ကိစ္စနှင့် ပတ်သက်လျှင် သူက ဘာစကား ပြောဝံ့ပါမည်နည်း

ချက်ချင်းပင် သူက ချောင်းဟန့်လိုက်ပြီး။

“အဟမ်း... သူ့အတွက် ခွင့်တိုင်ပေးစရာ မလိုပါဘူး။ သူက အခုလည်း ကျောင်းမှာ ရှိမနေပါဘူး။ ဒါရိုက်တာ ဝမ် တခြားကိစ္စ မရှိတော့ဘူးဆိုရင် ပြန်နိုင်ပါပြီ။”

“ခွင့်တိုင်ပေးစရာ မလိုဘူးလား။ ဒါဆိုရင်တော့ ပြီးတာပါပဲ။နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။”

ဝမ်ဟောက်လည်း မှင်သက်သွားသည်။ ပုံမှန်ဆိုလျှင် ပိုက်ဆံကိုသာ ကြည့်တတ်သော ကျောင်းအုပ်ကြီးက ယခု ပိုက်ဆံကို ငြင်းပယ်လိုက်သည်မှာ သူ မျှော်လင့်မထားသော အခြေအနေပင်။ တစ်ဖက်လူက အကျယ်တဝင့် မပြောချင်သည်ကို မြင်သဖြင့် ဝမ်ဟောက်လည်း ဆက်မနေတော့ဘဲ ထွက်လာခဲ့သည်။

ကျောင်းမှ ထွက်လာပြီးနောက် ဝမ်ဟောက်သည် လုရှောင်မုန့်ကို အခြေအနေအကြောင်း ဖုန်းဆက်ပြောလိုက်သည်။

“အစ်ကိုက အခု ကျောင်းမှာ မရှိဘူး ဟုတ်လား။ဒါဆို ပိုကောင်းတာပေါ့။သူ ဧည့်သည်အဖြစ် လာပေးဖို့ ကျွန်မ အာမခံပါတယ်။”

ဖုန်း၏ အခြားတစ်က်မှ လုရှောင်မုန့်သည် လုပေါင် ကျောင်းမှာ မရှိကြောင်း သိလိုက်ရသည်နှင့် ချက်ချင်းပင် အားတက်သရော အာမခံလိုက်တော့သည်။

လုရှောင်မုန်း၏ အာမခံချက်ကို ရရှိပြီးနောက် ဝမ်ဟောက်သည် လက်ထောက်ကို လူပြောအများဆုံး သတင်းများတွင် ပါဝင်လာအောင် ချက်ချင်း စီစဉ်ခိုင်းလိုက်သည်။ ရတနာနတ်ဘုရား ကိုယ်တိုင် လာရောက်မည့် သတင်းက မည်မျှအထိ လူကြိုက်များလာမည်ကို သူ စမ်းကြည့်ချင်သည်။ အကယ်၍ ရလဒ်က သာမန်ပဲဆိုလျှင် လုရှောင်မုန့်အတွက် အခွင့်အရေးတစ်ခု ပေးလိုက်ရုံသာ ရှိမည်။ ဒါပေမဲ့ ရလဒ်ကောင်းလာလျှင်တော့ သူ အကြီးအကျယ် အမြတ်ထွက်လိမ့်မည်။

သို့သော် သူသည် လုပေါင်၏ လက်ရှိ ဆွဲဆောင်နိုင်စွမ်းကို အထင်သေးခဲ့မိသည်။ Trending Search အတွက် စီစဉ်ပြီးသည်နှင့်၊ ဝမ်ဟောက်၏ လက်ထောက်က သတင်းကို ထိပ်ဆုံးရောက်အောင် ပိုက်ဆံတွေ ထပ်အုပ်ဖို့တောင် အချိန်မရလိုက်ဘဲ၊ လုပေါင်၏ ရှိပြီးသား ကျော်ကြားမှုကပင် ဤသတင်းကို နံပါတ် (၁) သို့ တိုက်ရိုက် တွန်းတင်ပေးလိုက်တော့သည်။

“ဘုရားရေ... ရတနာနတ်ဘုရား ကိုယ်တိုင် လာမှာလား။ သူက အဲဒီကို မိန်းမ သွားရွေးမလို့လား။”

“အပေါ်ကလူ လျှောက်မပြောနဲ့။ အဲဒီက သာမန်လူတွေက ငါတို့ ရတနာနတ်ဘုရားနဲ့ ဘယ်တန်ပါ့မလဲ။ သူက သူ့ညီမကို သွားကြည့်မှာပါ။”

“ဘာမှ မပြောနဲ့တော့ ငါ လက်မှတ်သွားဝယ်လိုက်ပြီ။ ဒီအဖိုးကြီးက ဒီဒဏ္ဍာရီလာ လူသားကို ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်လို့။”

ခဏအတွင်းမှာပင် ထိုသတင်း၏ အောက်တွင် မှတ်ချက်များစွာ ပေါက်ကွဲထွက်လာတော့သည်။ Refresh လုပ်လိုက်တိုင်း ရာနှင့်ချီသော ပို့စ်အသစ်များ ပေါ်လာပြီး လူကြိုက်များမှုမှာ ပို၍ပို၍ မြင့်တက်လာနေသည်။ မူလက ဝမ်ဟောက်သည် ဤပြိုင်ပွဲကို သူ၏ နာမည်ရရန်အတွက်သာ ကျင်းပခြင်းဖြစ်ပြီး လူအများကြီး လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ပရိသတ်အပြည့် ဖြစ်နေသော ပုံစံမျိုးရရန်အတွက် အပိုလူ တွေတောင် အများကြီး စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤသတင်း ထွက်လာပြီးနောက် ၅ မိနစ်အတွင်းမှာပင် ပြိုင်ပွဲဝင် လက်မှတ်များအားလုံး ကုန်စင်အောင် ရောင်းချသွားရတော့သည်။ ကားထဲတွင် Trending Search စီစဉ်ပြီး မိနစ်အနည်းငယ်အတွင်း ဖြစ်ပျက်သွားသမျှကို ဝမ်ဟောက်နှင့် သူ၏ လက်ထောက်တို့မှာ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေမိကြသည်။

“ဒီ ရတနာနတ်ဘုရား ဆိုတာ... တကယ်တော့ ဘယ်လို နောက်ခံမျိုး ရှိတာလဲ။”

လက်ထောက်ဖြစ်သူမှာ ပါးစပ်အဟောင်းသားနှင့် ရေရွတ်လိုက်မိသည်။

“ဘုရားရေ... ဒါက ထိပ်တန်း idolတစ်ယောက်ထက်တောင် ပိုပြီး ဆွဲဆောင်မှု ရှိနေပါလား။ သူက တကယ်ပဲ Streamer တစ်ယောက်ပဲလား။”

Trending Search ပေါ်တွင် အချက်အလက်များ အဆက်မပြတ် တက်နေသည်ကို ကြည့်ပြီး ဝမ်ဟောက်လည်း လုံးဝ မှင်သက်သွားရလေတော့သည်။

All Chapters