← Chapters

ထာဝရရှင်သန်ခြင်း ဘိုးဘေးအမွေအနှစ် လမင်းရှာမန် ဆယ့်နှစ်ယောက်

Vol. 25 Ch. 335

ထာဝရရှင်သန်ခြင်း ဘိုးဘေးအမွေအနှစ် လမင်းရှာမန် ဆယ့်နှစ်ယောက်

Vol. 25 Ch. 335

ထိုအသံနှင့်ပတ်သက်၍ စုမင် မေ့ပျောက်လုလုပင် ဖြစ်နေချေပြီ။ သူ့မှတ်ဉာဏ်များထဲတွင်တော့ ထိုအသံ နောက်ဆုံးအကြိမ်ပေါ်လာခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။

သို့သော် ယခုထိုအသံပေါ်လာသော အခိုက်အတန့်တွင် စုမင်ခန္ဓာကိုယ် တစ်ခုတည်းသာ တုန်ယင်သွားခြင်းမဟုတ်ပဲ သူ့စိတ်ဝိညာဉ်ကပါ တုန်လှုပ်သွားခဲ့ရ၏။

ထိုအသံက နီးကပ်လာပြီး တစ်ဖန်ပြန်လည် ဝေးကွာသွားပြန်သည်။ ထိုအသံသည် သူယခင် အတိတ်တုန်းက ကြားခဲ့သလိုပင် တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းနေပုံပေါ်သော်လည်း ၎င်းနှင့်ပတ်သက်၍ ကွဲပြားခြားနားမှုတစ်စုံတစ်ရာ ရှိနေခဲ့သည်။ ထိုကွဲပြားမှုသည် အသံထဲမှ စိုးရိမ်သောကများဖြစ်ပြီး ထိုစိုးရိမ်သောကများနှင့်အသံက အသံပိုင်ရှင်သူမသည် ငိုကြွေးနေသကဲ့သို့ပင်ဖြစ်သည်။

"အစ်ကိုကြီး... အခုက အရမ်းနောက်ကျလုနီးပါး ဖြစ်နေပြီ... အစ်ကိုကြီး..."

"အစ်ကိုကြီး၊ မြန်မြန်ထ...  နိုးထတော့..."

"အစ်ကိုကြီး သူရပ်သွားပြီ..."

"အစ်ကိုကြီး..."

စုမင်မျက်လုံးများမှာ အလျင်အမြန်ပြန်ပွင့်လာပြီး သူ့တစ်ကိုယ်လုံးမှ ချွေးအေးများစိမ့်ထွက်နေခဲ့သည်။ သူမျက်လုံးများပြန်ဖွင့်လိုက်သော အခိုက်အတန့်မှာပင် ယခင်ကကြားခဲ့ရသော မီးတောက်မျောက်ဝံ၏ မာန်ဖီဟိန်းဟောက်သံများ၊ ဝူတု၏ စကားသံများနှင့် ကောင်လေး၏ဆိုးယုတ်သော ရယ်မောသံများက စုမင်နားထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ယခင်က အလျင်အမြန်ပြိုကွဲပျက်စီးသွားခဲ့သော သူ့မြင်ကွင်းထဲမှ လောကသည်လည်း သူ့မျက်လုံးများရှေ့ ပြန်လည်ရောက်ရှိလာသည်။ သူ့နားထဲသို့ ပြန်လည်ရောက်ရှိလာသော အသံများနှင့်အတူ သူမျက်လုံးများ ဖွင့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရသောအရာသည် သူ့မျက်စိရှေ့မှာပင် အလျင်အမြန် နောက်သို့ဆုတ်ခွာလာနေသော မီးတောက်မျောက်ဝံဖြစ်သည်။

၎င်းအရှေ့တွင်တော့ လူတစ်ဦး၏မျက်နှာရှိသော ခေါင်းနှင့် မြွေကိုယ်ရှိသော လုံးဝိုင်းဝိုင်းပုံရိပ်ယောင်အရာတစ်ခု ရှိနေသည်။ ထိုလူခေါင်းသည် နီရဲနေပြီး ပေ တစ်ရာခန့်အရွယ်အစားရှိသည်။ ၎င်းသည် ပါးစပ်ကြီးကို ကျယ်လောင်စွာဟထားပြီး သူ့ခန္ဓာကိုယ်အတွင်း တောက်လောင်နေသော မီးတောက်လုံးတစ်ခုကို တွေ့မြင်နိုင်သည်။ ၎င်းက ပုံရိပ်ယောင်ဖြစ်သော်လည်း မီးတောက်မျောက်ဝံလေးသည် မာန်ဖီဟိန်းဟောက်လျက် နောက်သို့တဆုတ်တည်း ဆုတ်နေရလေသည်။

မီးတောက်မျောက်ဝံ၏ မီးတောက်နီရောင်အမွေးများသည် ၎င်းတို့၏တောက်ပမှုများကို အလျင်အမြန်ဆုံးရှုံးနေပြီး အောက်ကျွတ်ကျနေသော အမွေးများပင် များစွာရှိနေချေပြီ။ မီးတောက်မျောက်ဝံ၏ပုံစံသည် ဆက်လက်တိုက်ခိုက်ရန် အလွန်ခက်ခဲနေပုံပေါ်နေပြီး ၎င်းလက်များထဲရှိ တိုက်ပွဲပုဆိန်ကြီး၏ ပုဆိန်သွားသည်ပင် လူမျက်နှာ-မြွေကိုယ် သတ္တဝါ၏ တိုက်ခိုက်မှုများကို တားဆီးပိတ်ဆို့ရင်း အလျင်အမြန် အရည်ပျော်ကျလို့နေ၏။

ဝူတုသည်လည်း အလားတူဖွဲ့စည်းပုံရှိသော ဦးခေါင်းတစ်လုံးနှင့် တိုက်ခိုက်နေသည်။ ဝူတုအမူအရာက တင်းမာနေပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် များပြားသောရေခဲများ လှည့်ပတ်လှုပ်ရှားနေကာ လေထုကို ပြင်းထန်လာစေရန် လှုံ့ဆော်နေသည်။ လေအေးများ ပြင်းထန်လာသောအခါ ဝူတုသည် ညာလက်ကိုမြှောက်၍ ထူးဆန်းသော ချိပ်တံဆိပ်တစ်ခု ပြုလုပ်လိုက်၏။

ထိုအရာကိုပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် သူ့ညာလက်ပေါ်ရှိ အမွေးအမျှင်အားလုံး ချက်ချင်းပြုတ်ကျသွားလေသည်။

"ပြန်လည်ရှင်သန် ထမြောက်ကြလော့"

ဝူတု၏ ဟိန်းဟောက်အော်ဟစ်သံနှင့်အတူ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ သူ့ခြေထောက်အောက်ရှိ အဆုံးမရှိသောမြေပြင်ပေါ်မှ မြက်ပင်များသည် လေကြောင့်ကွဲထွက်သွားပြီး မြေပြင်ထက်တွင် ကြီးမားသော လက်စွပ်ကွင်းပုံသဏ္ဌာန်ကြီး ပေါ်လာခဲ့သည်။ အပြာရောင်အလင်းတစ်ဖြာ တောက်ပလာခြင်းနှင့်အတူ မမြင်ရသောစွမ်းအင်တစ်ခုသည်လည်း အောက်မှ ထွက်လာခဲ့သည်။

ထိုစွမ်းအင်သည် ပထမဆုံးပေါ်လာချိန်တွင် မယုံနိုင်ဖွယ်ကြီးမားသော ဧရိယာအတွင်း ထင်ရှားပေါ်ထွက်လာခြင်း ဖြစ်သော်လည်း ၎င်းသည် လေထဲသို့ မြင့်တက်လာသည်နှင့်အမျှ တဖြည်းဖြည်း စတင်ကျုံ့ဝင်လာခဲ့ပြီး အဆုံးတွင် အပြာရောင်အလင်းသည် ပေ ၁၀၀ အရွယ်အစားခန့်သာ ကျန်ရှိတော့သည်။ အဝေးမှကြည့်လျှင် အပြာရောင် အလင်းတိုင်ကြီးတစ်တိုင် မြေပြင်မှတိုးထွက်လာပြီး လူမျက်နှာနှင့် မြွေကိုယ်ထည်ရှိသော သတ္တဝါကြီး၏ ဦးခေါင်းကို ထွင်းဖောက်သွားသကဲ့သို့ ဖြစ်သည်။

ထူးဆန်းသောသတ္တဝါ၏ ဦးခေါင်းဖျက်ဆီးခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ကောင်လေး၏ ဦးခေါင်းသည် ကျယ်လောင်စူးရှစွာ အော်ဟစ်ရင်း အလျင်အမြန် ခြောက်ကပ်သွားခဲ့သည်။

ဤအရာများ အားလုံးသည် တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်ပြီး စုမင်မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် ပထမဆုံးမြင်လိုက်ရသော အရာလည်းဖြစ်သည်။

မီးတောက် မျောက်ဝံလေးက ဆက်လက်မတိုက်ခိုက်နိုင်တော့ချေ။ သူ၏အကြီးဆုံး အစ်ကိုကြီးပေးခဲ့သော အစေခံတစ်ဖြစ်လည်း လက်ကောက်သည်လည်း သူတစ်ဦးတည်းကိုသာ ကာကွယ်ပေးလိမ့်မည်ဖြစ်ပြီး

မီးတောက်မျောက်ဝံလေးကို ကာကွယ်ပေးလိမ့်မည်မဟုတ်သည့်အပြင် ဟယ်ဖုန်းနှင့် မီးတောက်မျောက်ဝံသည်လည်း အပြန်အလှန်မုန်းတီးနေကြကြောင်း စုမင်သိ၏။ ထို့အပြင် စုမင်သည်လည်း မည်သည့်အန္တရာယ်မှ မကျရောက်သေးသဖြင့် သူတိုက်ခိုက်စရာမလိုသည့် အကြောင်းအရင်းများစွာ ရှိပေသည်။

စုမင် တုံ့ဆိုင်းမနေတော့ပဲ ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး မီးတောက်မျောက်ဝံရှေ့၌ ပြန်ပေါ်လာခဲ့သည်။ သူနောက်သို့ အနည်းငယ်ဆုတ်လိုက်ရာ မီးတောက်မျောက်ဝံလေးနှင့် စုမင် နောက်ကျောတို့ ထိကပ်သွားသည်နှင့် တစ်ပြိုင်နက်  နူးညံ့သိမ်မွေ့သော စွမ်းအင်တစ်ခုကို မျောက်ဝံထံ ကူးပြောင်းပေးလိုက်သည်။ ထိုစွမ်းအင်သည် မီးတောက်မျောက်ဝံကို အနောက်သို့ တွန်းထုတ်လိုက်ပြီး ထိုအချိန်အခိုက်အတန့်မှာပင် ထူးဆန်းသောသတ္တဝါ၏ ဦးခေါင်းသည်လည်း စုမင်ထံ အော်မြည်ဟိန်းဟောက်လျက်  ဦးတည်တိုးဝင်လာခဲ့ချေသည်။

စုမင်မျက်လုံးများအတွင်း သတ်ဖြတ်လိုသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ လူရိုင်းမျိုးနွယ်စု၏ နတ်ဘုရားစွမ်းရည်ပညာရပ်များနှင့်ပက်သက်သည့် ထူးဆန်းသော သဘာဝကို သူနောက်တစ်ကြိမ်ထပ်မံ၍ လေးလေးနက်နက် နားလည်သဘောပေါက်သွားရပြန်သည်။ ထူးဆန်းသောသတ္တဝါ စုမင်အပေါ်ခုန်အုပ်လာချိန်တွင် စုမင် ညာလက်ကိုမြှောက်၍ ၎င်းအပေါ်တွင် မျဉ်းကြောင်းတစ်ကြောင်း ဆွဲသားလိုက်သည်။

ထိုမျဉ်းကြောင်းကို စုမင်ဖန်တီးထားခြင်းဖြစ်ပြီး ၎င်းတွင် မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်းဟူသည့် လှပသောအမည်တစ်ခုပင် ရှိ၏။

မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်းကို ထုတ်ဖော်လိုက်သည်နှင့် လူမျက်နှာ၊ မြွေကိုယ်နှင့်ဦးခေါင်းကြီးသည် စုမင်ပုံဆွဲသားရန် စာရွက်လွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ စုမင်သည် သာမန်အတိုင်း ပန်းချီဆွဲနေသကဲ့သို့ပင် ထိုသတ္တဝါ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်သည်။ စုမင်၏ မျဉ်းကြောင်းနှင့်အတူ ရာသီဥတုများ ပြောင်းလဲသွားပြီး လေပြင်းများ၊ တိမ်စိုင်များသည်လည်း နောက်သို့ ပြန့်ကျဲသွားခဲ့သည်။ ထိုထူးဆန်းသောသတ္တဝါသည် အပြင်းအထန် တုန်ယင်သွားပြီး ကျယ်လောင်စူးရှစွာ အော်မြည်လိုက်သည်။

၎င်း၏ ဦးခေါင်းကြီးသည် စုမင်ထံရောက်ရှိလာသောအခါ ထက်ခြမ်းကွဲထွက်သွားခဲ့ချေသည်။ အပိုင်းနှစ်ပိုင်းသည် စုမင်အားဖြတ်ကျော်သွားပြီး အနီရောင်မီးခိုးငွေ့အဖြစ် ပြောင်းလျက် ပျောက်ကွယ်သွားကြသည်။

ထူးဆန်းသော သတ္တဝါကြီး သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် စုမင်မျက်ဝန်းတို့ ကျဉ်းမြောင်းသွားခဲ့ရသည်။ ၎င်း၏ခန္ဓာကိုယ်ကြီး ပျောက်ကွယ်သွားသော်လည်း အနီရောင် မီးခိုးငွေ့အစုအဝေးတစ်ခုသည် မယုံနိုင်ဖွယ်အမြန်နှုန်းဖြင့် သူ့ထံတိုးဝင်လာသည်ကို စုမင်သတိပြုမိလိုက်ခြင်းကြောင့် ဖြစ်၏။ ၎င်းတို့သည် ဟန်တောင်တန်းခေါင်းလောင်းအတွင်း စုမင်သိမ်းဆည်းထားသော အနားယူနေသည့် တုတ်ချောင်းပုံ မျိုးစပ်မြွေလေးအတွင်း စိမ့်ဝင်သွားကြသည်။ ထိုပိုးကောင်မြွေ မျိုးစပ်လေးသည် အနီရောင်မီးခိုးငွေ့များကို  ရှူရှိုက်လိုက်ပြီးသည်နှင့် ၎င်း၏မျက်နှာထက်တွင် စိတ်လှုပ်ရှားပျော်ရွှင်နေသော အမူအရာတစ်ခုပင် ပေါ်လာခဲ့သည်။

စုမင်စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသော်လည်း ယခုက ရှည်ရှည်ဝေးဝေး စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ ထူးဆန်းသော သတ္တဝါ သေဆုံးသွားသည်နှင့် လေထဲတွင်လွင့်မျောနေသော ကောင်လေး၏ ဦးခေါင်းသည် နောက်တစ်ကြိမ် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၎င်းခြောက်ကပ်သွားနေသည့် အမြန်နှုန်းကလည်း တိုးမြင့်လာခဲ့သည်။

အထူးသဖြင့် ကောင်လေး၏မျက်လုံးများအတွင်းမှ အနက်ရောင်သွေးများ စီးကျလာကြသည်။ ၎င်းတို့သည် ယခုအချိန်တွင်တော့ စုမင်နှင့် ဝူတုတို့၏ နည်းအမျိုးမျိုးသုံး၍ ဖျက်ဆီးခြင်းကို ခံလိုက်ရချေပြီ။

ကောင်လေး၏ ဦးခေါင်းသည် စူးရှစွာအော်ဟစ်ရင်း နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားသည်။ တစ်ချိန်တည်းလိုလိုပင် မြေပြင်ထက်တွင် လဲပြိုကျနေသော သူ့ခန္ဓာကိုယ်သည်လည်း ချက်ချင်း ထရပ်လာပြီး ၎င်း၏ဦးခေါင်းဖြင့် ပြန်လည်ပေါင်းစည်းလိုဟန်နှင့် လေထဲသို့ မြင့်တက်လာခဲ့သည်။

"ထာဝရရှင်သန်ခြင်း ဘိုးဘေးအမွေအနှစ် လမင်းရှာမန် ဆယ့်နှစ်ယောက်တို့၊ နှစ်ပေါင်း ၁၈၀ကြာရှည်ခဲ့တဲ့ မီးတောက်နဂါးရဲ့ စွမ်းအားတွေကို ပြန့်ကျဲစေလိုက်တော့" ကောင်လေး၏ ဦးခေါင်းသည် နောက်သို့ ပြန်ဆုတ်ရင်း သူ့ခန္ဓာကိုယ်နှင့် နီးကပ်လာစဉ်မှာပင် ထိုစကားလုံးများက သူ့ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။

"နှစ်ပေါင်း ၁၈၀တဲ့လား။ ဘာကြောင့် သူအဲလောက်အစွမ်းထက်နေလဲ ငါသိချင်နေခဲ့တာ၊ လက်စသတ်တော့ သူက အထွတ်အထိပ်ရောက်နေတဲ့ ရှာမန်ငယ်တစ်ယောက် ဖြစ်နေတာကိုး။ သူက အလယ်အလတ် စိတ်ဝိညာဉ် ဖမ်းစားသူတစ်ယောက် ဖြစ်အောင်ကြိုးစားဖို့ သူ့ဘဝရဲ့ နှစ်ပေါင်း၁၈၀တောင် ဖိနှိပ်ထားခဲ့တာပဲ"

"သူက ထာဝရရှင်သန်သူဖြစ်နိုင်ဖို့ သူ့ကိုယ်သူတောင် ရုပ်သေးတစ်ခုအဖြစ် ပြောင်းထားသေးတယ်။ အဲဒါက စိတ်ဝိညာဉ်ဖမ်းစားသူတွေကြားမှာတောင် တားမြစ်မန္တာန်တစ်ခုကို"

ဝူတုသည် စုမင်ဘေးတွင် လာရပ်လိုက်ပြီး ညာလက်ကို မြှောက်လိုက်ရာ သူ့လက်ဝါးထံမှ လေအေးများ ချက်ချင်းပျံ့နှံ့သွားသည်။ ထိုလေအေးများသည် များစွာသောရေခဲလွှာများအဖြစ် ပြောင်းလဲသွားပြီး ဝူတုခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ လေထဲတွင် မြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီးနောက် ၎င်းရေခဲလွှာများသည် ဝူတုခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး ကောင်လေး၏ ဦးခေါင်းဆီသို့ အလျင်အမြန်တိုးဝင် ပျံ့နှံ့သွားကြသည်။

၎င်းတို့ ပျံ့နှံ့သွားသည်နှင့် ဝူတုက ခေါင်းမော့၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ့နံဖူးပေါ်မှ မျက်ခုံးမွှေးအချို့အပါအဝင် သူ့ကိုယ်ပေါ်မှ အမွေးအမှင်များစွာ ဆက်တိုက်ပြတ်ကျသွားခဲ့သည်။

သူ့အမွေးအမှင်များကို ခန္ဓာကိုယ်မှ ဖယ်ထုတ်လိုက်ချိန်တွင် ကောင်လေးဆီသို့ ဆန့်ထွက်နေသော ရေခဲလွှာသည် ဆယ်ဆကျော်ခန့် ချက်ချင်းပိုမိုကြီးထွားလာခဲ့၏။ ၎င်းတို့က ပိုမို၍လည်း မြန်ဆန်လာခဲ့သည်။ ကောင်လေး၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါင်းစည်းသွားပြီး ဦးခေါင်းနှင့်ခန္ဓာကိုယ်သည် အတူတကွ ပြန်ချုပ်ခံနေရဟန်ဖြင့် ပြတ်ရှရာမှ မှိန်ဖျော့ဖျော့အလင်း တောက်ပလာသောအခါ ရေခဲလွှာမှာ ၎င်းတို့ထံ ရောက်ရှိသွားခဲ့ချေပြီ။  ကောင်းကင်ကိုပင် တုန်ခါသွားစေသော မြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး ကောင်လေး၏ခန္ဓာကိုယ်သည် ရေခဲများဖြင့် ချက်ချင်းဖုံးအုပ်ခံလိုက်ရသည်။ ထို့နောက် လေထုအလယ်တွင် လွင့်မျောနေသည့် ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"ညီနောင်မော့ ကျုပ်သူ့ကို တစ်နာရီရဲ့ လေးပုံတစ်ပုံစာလောက်ပဲ ရေခဲတွေနဲ့ ချိပ်ပိတ်ထားနိုင်တာ။ သူ့ခန္ဓာကိုယ် ပြန်ပေါင်းစည်းပြီးသွားတာနဲ့ သူ့ရဲ့ ထာဝရရှင်သန်သူခန္ဓာကိုယ်ကို အလုပ်လုပ်စေဖို့ သူအလယ်အလတ်ရှာမန်အဖြစ် ပြောင်းလဲဖို့ နှစ်ပေါင်း၁၈၀လုံး စုဆောင်းထားတဲ့ စွမ်းအင်တွေကို ပြန့်ပွားစေလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့သူ့ကိုသတ်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်"

"ငါတို့ ခဏလောက် သတိလွတ်သွားတာနဲ့ သေချာပေါက် ဒဏ်ရာ အပြင်းအထန် ရသွားမှာပဲ။ ငါတို့ သူ့ကိုသတ်နိုင်ခဲ့ရင်တောင် ဘာမှရမှာမဟုတ်ဘူး။ ဘာလို့ ငါတို့ဒီနေရာက ထွက်ခွာပြီး တခြားရှာမန်တွေကိုပဲ သတ်ဖို့သွားမရှာကြတာလဲ။ အဲဒါက ပိုလွယ်ပြီး အကျိုးကျေးဇူးများလိမ့်မယ်"

ပြန်လည်ဆုတ်ခွာရန် အကြံအစည်သည် ဝူတု၏ခေါင်းထဲတွင် ပေါ်နေခဲ့တာကြာပြီ ဖြစ်သည်။ ရတနာအချို့မစွန့်လွှတ်သရွေ့ ရှာမန်မျိုးနွယ်စု၏ စိတ်ဝိညာဉ် ဖမ်းစားသူများကိုသတ်ရန် အလွန်ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်းသိ၏။ သူ့စိတ်ထဲတွင်တော့ ဤအတွက် တန်ဖိုးက အလွန်နိမ့်ပါးနေချေသည်။

ဝူတု စကားဆုံးသည်နှင့် လေထဲတွင် မြည်ဟည်းသံများ ပျံ့လွင့်လာပြီး ကောင်လေးအား ပိတ်လှောင်ထားသော ရေခဲပေါ်တွင် အက်ရာများ ပေါ်လာသည်ကို သူသတိပြုမိလိုက်၏။ ရေခဲအတွင်းမှကောင်လေး၏ ဦးခေါင်းက ဖြည်းညင်းစွာမော့လာခဲ့သည်။ စုမင်နှင့် ဝူတုအားစိုက်ကြည့်နေသည့် သူ၏ထူးဆန်းစွဲမက်ဖွယ် ကောင်းသော မျက်လုံးများမှာ မီးခိုးရောင် အလင်းတစ်ဖြာ တောက်ပလို့နေသည်။ သူ့ခေါင်းထဲရှိ ထိုလူနှစ်ဦး၏ပုံရိပ်ကို ပြာချလောင်ကျွမ်းပစ်လိုဟန်ဖြင့် သူ့မျက်နှာပေါ်တွင်လည်း မုန်းတီးမှုများပေါ်လာခဲ့သည်။

"သွားကြစို့" ဝူတု မျက်မှောင်ကြုတ် လိုက်မိသည်။ သူထွက်ခွာရန်ပြင်လိုက်သော်လည်း စုမင်ကတော့ လှုပ်တောင်လှုပ်မလာချေ။ ထိုအစား မျက်လုံးများအတွင်း သတ်ဖြတ်လိုသောအသိတစ်ခုနှင့်အတူ ရေခဲအတွင်းရှိကောင်လေးကိုသာ စိုက်ကြည့်နေခဲ့လေသည်။

မီးတောက်မျောက်ဝံလေးက စုမင်အနောက်၌ ရှိနေသည်။ ၎င်းအမွေးများက မှုန်မှိုင်းနေပြီး အတော်အတန်ပင်ကြည့်ရဆိုးနေခဲ့၏။ ထိုအရာက စုမင်လက်မခံနိုင်သော အရာဖြစ်သည်။

"နေဦး" စုမင် လှမ်းပြောလိုက်သည်။ ဝိညာဉ်လုယက် လက်အောက်တွင် အမာရွတ်နှင့်လူ သေဆုံးသွားသော မြင်ကွင်းကိုပြန်သတိရမိသောအခါ သူ့ရင်ဘတ်ထဲရှိ ဝိညာဉ်လုယက်သုံးလုံးကို ညာလက်ဖြင့်ထုတ်ယူလိုက်သည်။  ထို့နောက် ၎င်းတို့ကို အရှေ့သို့ အားအပြည့်ပစ်ထုတ်လိုက်ရာ ဝိညာဉ်လုယက်သုံးလုံးသည် ကောင်လေးကိုပိတ်လှောင်ထားသော ရေခဲတုံးထံ အလျင်အမြန် တိုးဝင်သွားကြသည်။

ဝိညာဉ်လုယက်သုံးလုံးသည် အသံထက်မြန်သော အမြန်နှုန်းဖြင့် လေထုကို ဖြတ်သန်းသွားရာ ဝုန်းခနဲအသံကျယ်ကြီးပင် ထွက်ပေါ်လာစေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းတို့သည် ရေခဲအနီးသို့ ရောက်ရှိသွားပြီး ကောင်လေး၏ ရေခဲပန်းပုရုပ်ပတ်လည်တွင် အနားညီတြိဂံတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

အဝေးတွင် ထိုဝိညာဉ်လုယက်များ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝူတု၏ မျက်ဆန်များက ကျဉ်းမြောင်းသွားပြီး အသက်ရှူသံများပင် လျင်မြန်လာခဲ့သည်။ မျက်နှာထက်တွင် မယုံကြည်နိုင်မှု အထင်းသားဖြင့် ဝူတုတစ်ယောက် ၎င်းတို့ကို ငေးစိုက်ကြည့်နေမိချေ၏။

အမူအရာ ပြောင်းလဲသွားရသော အခြားလူတစ်ဦးမှာ ရေခဲများအတွင်းမှ ကောင်လေးဖြစ်သည်။ သူ့မျက်နှာသည် အလွန်အမင်းချောက်ချားသွားပြီး သူ့နှုတ်ခမ်းများမှ စူးစူးဝါးဝါးအော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့မည်ကဲ့သို့ ကောင်လေး၏ပါးစပ်များက ပွင့်ဟလာသော်ငြား မည်သည့်အသံမှ ထွက်ပေါ် မလာနိုင်ခဲ့ပေ။ သို့သော် သူ့အမူအယာနှင့် သူ့မျက်ဝန်းများထဲတွင်တော့ ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာတစ်ခုတည်းမှနေ၍ ကောင်လေးသည် ဝိညာဉ်လုယက် အကြောင်းကိုသိပြီး ၎င်းကိုကြောက်ရွံ့တုန်လှုပ်နေကြောင်း တွေ့မြင်နိုင်ပေသည်။

ဝိညာဉ်လုယက်ဖြင့် သူ့အားသတ်နိုင်မလားဆိုသည်ကို စုမင်စမ်းသပ်ပြီးနောက် ကောင်လေးတွေးတောနေသောအရာကို စုမင်ကောက်ချက်ချနိုင်ချေသည်။ ဝိညာဉ်လုယက်များကို ပစ်လွှတ်ခြင်းဖြင့် ကောင်လေးအား စမ်းသပ်ကြည့်ပြီးသည်နှင့် တစ်ပြိုင်နက် စုမင်ညာလက်ကို မြှောက်၍ ၎င်းတို့ကို ညွှန်ပြလိုက်သည်။

ဝိညာဉ်လုယက်သုံးလုံးသည် ချက်ချင်းပင် မှောင်မိုက်သောအလင်းတစ်ဖြာ ထုတ်လွှတ်လာသည်။ ထိုမှောင်မိုက်သောအလင်းသည် ရေခဲထဲသို့ ချက်ချင်းစိမ့်ဝင်သွားပြီး အတွင်းတွင် ပိတ်လှောင်ခံထားရသော ကောင်လေးထံ တိုးဝင်သွားသည်။

ကောင်လေးက စတင်ရုန်းကန်သည်။ သူ့မျက်နှာသည် အကြောက်တရားများဖြင့် ပြည့်နေပြီး သူ၏ရုန်းကန်နေမှုကြောင့် ရေခဲပေါ်ရှိ အက်ကွဲရာများသည်လည်း ပိုမိုတိုးများလာခဲ့သည်။ လေထဲတွင် မြည်ဟည်းသံများ ပဲ့တင်ထပ်ပျံ့လွင့်နေပြီး အချို့အက်ကြောင်းများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်သွားသောကြောင့် ရေခဲချပ်ကြီးအား စတင်ပြိုကွဲလာစေသည်။

သို့သော် ကောင်လေး အပြင်းအထန် ရုန်းကန်နေရသကဲ့သို့ပင် ဝိညာဉ်လုယက်သုံးလုံးထံမှ ရေခဲထဲသို့တိုးဝင်နေသော အနက်ရောင်အခိုးအငွေ့များသည်လည်း ပိုမိုလျင်မြန်လာခဲ့သည်။ ကောင်လေးသည် စူးရှနာကျင်စွာ အော်ဟစ်နေရဟန်ဖြင့် သူ့အမူအယာက ပိုမို၍တွန့်လိမ်ရှုံ့မဲ့လာသည်။ ထိုကောင်လေးမှာ တုန်ယင်နေပြီး သူ့ကိုယ်ထဲမှ မီးခိုးရောင်အခိုးအငွေ့များသည်လည်း ဝိညာဉ်လုယက်ထံသို့ ထိန်းချုပ်မရစွာ ရောက်ရှိသွားကြသည်။

ထိုကောင်လေးသည် အလွန်နာကျင်နေပုံရပြီး အပြင်းအထန်တုန်ယင်နေကာ မီးခိုးရောင်အခိုးအငွေ့အများစု ထွက်ခွာသွားမှုကို တောင့်မခံနိုင်တော့ပဲ အဆုံးတွင်တော့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအများစုက ပေါက်ကွဲသွားပြီး သူ့ခန္ဓာကိုယ်၏ ခပ်သေးသေး အစိတ်အပိုင်းတစ်ခုသာ အနီး၌ကျန်ရစ်ခဲ့သည်။

ကောင်လေးရှေ့တွင် ရေခဲများမရှိတော့သော်လည်း ဝိညာဉ်လုယက်သုံးလုံးသည် ထိုနေရာတွင်သာ ရွေ့လျားခြင်းအလျင်းမရှိ လွင့်မျောနေသဖြင့် ကောင်လေးအား အပြင်းအထန်ရုန်းကန်လျက် စူးရှနာကျင်စွာ အော်ဟစ်နေရစေသည်။ သို့သော် ထိုပုံစံအရဆိုလျှင် ကောင်လေးခန္ဓာကိုယ်က ကန့်သတ်ခံထားရသလိုပင်။ သူ့မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ၊ နားမလည်နိုင်မှုများနှင့်အတူ စိတ်ပျက်အားလျော့မှုများ ပေါ်လာခဲ့သည်။ စုမင် ဝိညာဉ်လုယက်များကို ထုတ်ယူလာခြင်းသည် သူ့အား ထိတ်လန့်တုန်လှုပ် သွားစေသကဲ့သို့ပင် ဖြစ်၏။

"ဝိညာဉ်စုဆောင်းပုလဲ။ ဗလာရှာမန်တွေသာ ဖန်တီးနိုင်တဲ့ ဝိညာဉ်စုဆောင်းပုလဲ" ကောင်လေးအသံက စူးရှအက်ကွဲနေပြီး ၎င်းထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် စုမင်ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သည်။

သူ့အကြည့်များက အေးစက်နေသော်လည်း ကောင်လေးအနီးသို့ နီးကပ်သွားသည်နှင့် သူ့လက်ထဲတွင် အစိမ်းရောင် အလင်းတစ်ဖြာ ပေါ်လာခဲ့သည်။ ကျောက်စိမ်းဓားမြောင်ငယ်လေးသည် ကောင်လေး၏ရင်ဘတ်ကို ပိုင်းဖြတ်သွားပြီး ကြီးမားသော ဟက်တက်ကွဲဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

ဤအတောအတွင်း အဝေးတွင်ရပ်နေသော ဝူတုမျက်နှာက ဖြူရော်နေခဲ့ချေပြီ။ သူ့မျက်နှာထက်တွင်တော့ ရှုပ်ထွေးမှုများသာ ရှိနေခဲ့သည်။ သူယခုမြင်လိုက်ရသော မြင်ကွင်းက ဘယ်သောအခါမှ မမေ့ပျောက်နိုင်တော့မည့် အရာတစ်ခု ဖြစ်သည်။ ထိုအရာက သူ့အား စုမင်အပေါ် မကောင်းသော အကြံအစည်များ ထပ်မထားနိုင်တော့စေရန်လည်း ပြုလုပ်ပေးခဲ့သည်။

မော့စုဟုခေါ်သော လူသည် ရုန်းကန်ရုံမှအပ လှုပ်ရှားနိုင်ခြင်းမရှိသော ကောင်လေး၏ အေးခဲနေသောရင်ဘတ်အား မည်းမှောင်နေသော အမူအယာဖြင့် လှီးဖြတ်လိုက်ပြီးသည်နှင့် သူ့ရင်ဘတ်ထဲမှ ဆေးထက်ဝင်အပင်များစွာကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းဆေးပင်များထဲမှ အချို့ကို ရွေးထုတ်၍ ကောင်လေးရင်ဘတ်ရှိ ဒဏ်ရာများထဲသို့ ထိုးထည့်လိုက်သည်။ စုမင်သည် ထိုအရာအားလုံးကို မျက်နှာအမူအရာတစ်ချက်မပြောင်းပဲ  လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူထိုသို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကောင်လေးမျက်နှာပေါ်တွင် အလွန်အမင်းကြောက်ရွံ့ခြင်းများဖြင့် ပြည့်နေသော စိတ်ဓာတ်ကျဟန်များ ပေါ်လာခဲ့သည်။

"မင်း... မင်းဘာလုပ်နေတာလဲ" ကောင်လေးက တုန်လှုပ်စွာ အော်ဟစ်သည်။

"ဆေး ဖန်တီးနေတာ" စုမင် အေးစက်စက် ပြန်ဖြေပေးလိုက်၏။

***

All Chapters