ကောင်းကင်မြူခိုးသို့ ပိုမိုနီးကပ်လာပြီ
Vol. 25 Ch. 336
စုမင်အဖြေက မူလကသွေးဆုတ်ဖြူရော်နေခဲ့သော ကောင်လေး၏မျက်နှာကို နီရဲသွားစေသည်။ မကြာမီမှာပင် ကောင်လေး၏နှုတ်ခမ်းမှ အမျက်ဒေါသများဖြင့် ပြည့်နေသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအော်ဟစ်သံသည် နားများအတွင်း စူးရှကျယ်လောင်စွာ ဝင်ရောက်လာခဲ့ပြီး ကောင်လေး၏နှလုံးသားအတွင်း မည်မျှ ထိတ်လန့်ချောက်ချားနေသည်ကို ဖော်ပြလို့နေ၏။
အဝေးတွင်ရှိနေသော ဝူတုတစ်ယောက် အသက်ကိုပင် ပြင်းပြင်းရှူရှိုက် လိုက်မိသည်။ စုမင်သည် ကောင်လေး၏ ဒဏ်ရာများထဲသို့ ဆေးပင်များထိုးထည့်နေရင်း ထိုကောင်လေး၏ ရုန်းကန်အော်ဟစ်မှုများအား တည်ငြိမ်စွာပင် လျစ်လျူရှုထားသည်ကို ဝူတုမှင်တက်စွာငေးကြည့်နေမိသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ စုမင်အမြန်နှုန်းကလည်း တိုးမြှင့်လာခဲ့သည်။ အမွှေးတိုင် တစ်ဝက်ထွန်းစာခန့် ကုန်ဆုံးသွားပြီးချိန်တွင်တော့ စုမင်သည် ကောင်လေး၏ခန္ဓာကိုယ်ထဲသို့ နောက်ဆုံးဆေးပင်ကို ထည့်သွင်းပြီးသွားခဲ့ချေပြီ။ ထို့နောက် သူသည် ညာလက်ကိုမြှောက်ကာ လေထဲရှိကောင်လေး၏ခန္ဓာကိုယ်ကို ပုတ်လိုက်ရာ ကောင်လေး၏ ဝမ်းဗိုက်ပေါ်တွင် ထူးဆန်းသော လှုပ်ရှားမှုများ ချက်ချင်းပေါ်ထွက်လာခဲ့သည်။
"ငါ မင်းကိုခွင့်မလွှတ်ဘူး။ ငါသေသွားရင်တောင် အငြိုးအတေးဝိညာဉ်အဖြစ် ပြန်လာပြီး မင်းကိုလက်စားချေမယ်ကွ" ကောင်လေး၏မျက်နှာသည် အဆုံးမရှိသော အမုန်းတရားများကြောင့် တွန့်ချိူးလို့နေသည်။ သူသည် စုမင်ကိုစိုက်ကြည့်လျက် စူးရှစွာ အာခေါင်ကွဲမတတ်အော်ဟစ်လိုက်သည်။
"မင်းက အငြိုးအတေးဝိညာဉ်အဖြစ် ပြန်လာနိုင်မှာမဟုတ်ဘူး။ ငါ မင်းခန္ဓာကိုယ်ကို သန့်စင်ပြီးတဲ့အထိ မင်းဝိညာဉ်က ရှိနေတုန်းပဲဆိုရင် မင်းက ငါ့ဆေးထဲမှာပဲ တည်ရှိနေရတော့မှာ" စုမင်အေးစက်စက် တုန့်ပြန်လိုက်ပြီး ညာလက်ကိုမြှောက်၍ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ စုမင်လက်ဖဝါးထဲတွင် လျှပ်စီးအလင်းတန်းများ ချက်ချင်းစတင်ကူးခတ်လာခဲ့သည်။
ကောင်လေးကိုယ်ပေါ်တွင် စိုက်ပျိုးထားသော ထိုအပင်များသည် စတင်ကြီးထွားလာကြသည်နှင့်အမျှ သေဆုံးခြင်းအငွေ့အသက်များစွာသည်လည်း ကောင်လေး၏ခန္ဓာကိုယ်မှတစ်ဆင့် ထိုဧရိယာထဲသို့ ပျံ့နှံသွားသည်။ သို့သော် ထိုသေဆုံးခြင်းအငွေ့အသက်များက လျှပ်စီးများကျဆင်းလာအောင် ဆွဲဆောင်နိုင်ရန်တော့ မလုံလောက်ခဲ့ပေ။
ဤမတိုင်မီက ဝိညာဉ်လုယက်ဖန်တီးရန်အတွက် စုမင် သေဆုံးခြင်းအငွေ့အသက်များကို စုဆောင်းရန် အမြဲတမ်းလိုအပ်ခဲ့သည်။ လွန်ခဲ့သော အချိန်အနည်းငယ်တုန်းကပင် သူသည် အစ်ကိုနှစ်အား သူ့ကိုကူညီရန် သေဆုံးခြင်းအငွေ့အသက်များ ထပ်မံယူဆောင်လာပေးဖို့ တောင်းဆိုနေခဲ့ရဆဲ ဖြစ်၏။ သို့သော် နောက်ဆုံးအကြိမ် ဝိညာဉ်လုယက်ဖန်တီးပြီးနောက် သူ့မူလလျှပ်စီးနှင့် ပတ်သက်၍ သဘောပေါက်နားလည်မှုအချို့ ရရှိခဲ့ပြီးချိန်တွင်တော့ အနားပတ်ဝန်းကျင်တွင် သေဆုံးခြင်းအငွေ့အသက်များ မရှိလျှင်တောင် လျှပ်စီးအား ဆင့်ခေါ်နိုင်မည့် နည်းလမ်းတစ်ခုကို သူကျွမ်းကျင်စွာအသုံးပြုနိုင်လာခဲ့ပြီ ဖြစ်သည်။
သူ့ကိုယ်ပေါ်တွင်သာ မြောက်များစွာသော မြေကမ္ဘာလျှပ်စီးများကို စုဝေးထားမည်ဆိုလျှင် မမြင်ရသော ဟင်းလင်းပြင်လျှပ်စီးသည် သူ့ထံသို့အလိုလို တိုးဝင်လာပေလိမ့်မည်။ ၎င်းတို့အချင်းချင်း ထိမိသွားသည်နှင့်တစ်ပြိုင်နက် သူ့ကိုယ်ပေါ်သို့ မိုးကြိုးလျှပ်စီး ကျရောက်လာသောမြင်ကွင်းတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားပေလိမ့်မည်။
"တစ်ကယ်လို့... တကယ်လို့ မင်း မအောင်မြင်ခဲ့ရင်ရော" စုမင် လျှပ်စီးကိုဆင့်ခေါ်တော့မည့်အချိန်မှာပင် အဝေးတွင် ရပ်နေသော ဝူတုတစ်ယောက် ခဏတာ တွန့်ဆုတ်နေမိပြီးမှ ထုတ်မေးလိုက်မိသည်။
"အကယ်၍ ငါမအောင်မြင်ခဲ့ရင်..." စုမင် ဘယ်လက်ကိုမြှောက်၍ သူ့အား ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေသည့် ကောင်လေး၏ ဦးခေါင်းပေါ်သို့ ဖိကပ်လိုက်သည်။ ကောင်လေးသည် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း သူ့တုန်ရီနေမှုများက
သူ့နှလုံးသားထဲရှိ ဖော်ပြ၍မရနိုင်သော အကြောက်တရားများကို ပေါ်လွင်နေစေသည်။
ကောင်လေး၏ ဦးခေါင်းပေါ်သို့ စုမင်လက်ဖိကပ်လိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်ထက်ရှိ နေရာတိုင်းတွင် တည်ရှိနေသော မြေကမ္ဘာလျှပ်စီးများသည် ကောင်လေး၏ ခန္ဓာကိုယ်အား ဗဟိုပြုလျက် မည်သူတစ်ဦးတစ်ယောက်မျှ မမြင်နိုင်သောပုံစံမျိုးဖြင့် အရပ်မျက်နှာအနှံ့မှ ချက်ချင်းတိုးဝင်လာကြသည်။
"သူက စိတ်ညာဉ်ဖမ်းစားသူ တစ်ယောက် ဖြစ်နေရင်တောင်၊ အငြိုးအတေး ဝိညာဉ်တစ်ခုအဖြစ် ပြောင်းသွားနိုင်စရာ အခွင့်အရေးမရှိဘူး။ ဘာလို့လဲဆိုတော့ ငါမအောင်မြင်ခဲ့ရင် သူ့စိတ်ဝိညာဉ်က ပျောက်ကွယ်သွားမှာမို့လို့ပဲ။ သူနဲ့ပက်သက်သမျှ အရာအားလုံးလည်း ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒါက အခြားတစ်စုံတစ်ရာအဖြစ် သန့်စင်ခံလိုက်ရတာထက်စာရင်တော့ ပိုကောင်းမှာပါ" စုမင် ပြန်ဖြေလိုက်သည့် အခိုက်အတန့်မှာပင် ကောင်းကင်မှ နားအူဖွယ် မြည်ဟည်းသံကြီးတစ်သံ ချက်ချင်းထွက်ပေါ်လာခဲ့သည်။
ကြည်လင်နေသော ကောင်းကင်အား တိမ်စိုင်မည်းများ ရုတ်တရက် ဖုံးအုပ်လာခဲ့သည်။ ၎င်းတိမ်စိုင်မည်းများအတွင်းရှိ မိုးကြိုးလျှပ်စီးများသည် များပြားလှသော လျှပ်စီးနဂါးများအဖြစ် ပြောင်းလဲသွားပြီး တိမ်စိုင်များကြားရှိ အက်ကြောင်းများအတွင်း ထွန်းလင်းတောက်ပနေကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မှ လျှပ်စီးတန်းတစ်ခုသည် စုမင်ထံသို့ တည့်တည့် ဆင်းသက်လာခဲ့သည်။ ပိုမိုတိကျစွာပြောရလျှင် ၎င်းက စုမင်ဘေးရှိ ကောင်လေးထံသို့ တည့်တည့်တိုးဝင်လာခဲ့ခြင်း ဖြစ်သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး ၎င်းလျှပ်စီးတန်းသည် ဝူတု၏နှလုံးသားပေါ် တည့်တည့်ဆင်းသက် သွားသကဲ့သို့ပင် ခံစားလိုက်ရ၏။ ထိုအရာက ဝူတုအား ကြက်သီးမွေးညင်းများ ထသွားစေသည်။ ကောင်လေးသည် လျှပ်စီးတန်းဖြင့် ရိုက်ခတ်ခံလိုက်ရပြီးသည်နှင့် အပြင်းအထန် တုန်ယင်သွားကြောင်းကိုလည်း သူ့ကိုယ်ပိုင်မျက်လုံးများဖြင့် တွေ့မြင်လိုက်ရသည်။ ကောင်လေးမျက်နှာက ချက်ချင်းတွန့်လိမ်ရှုံ့မဲ့သွားသည်။ ၎င်း၏အော်ဟစ်သံများက အက်ကွဲနေပြီဖြစ်ပြီး သူ့မျက်လုံးများထဲတွင်လည်း မုန်းတီးမှုများ မရှိတော့ပဲ အကြောက်တရားများသာ ကြီးစိုးနေခဲ့ချေပြီ။ အမှန်စင်စစ်တွင် မထင်မရှား အသနားခံဟန်တစ်ခုပင် ရှိနေခဲ့သည်။
ဝူတုတစ်ယောက် အသက်ရှူသံများ အလိုလိုလျင်မြန်သွားပြီး သူ့အကြည့်က စုမင်အပေါ် ကျရောက်သွားခဲ့သည်။ ထို့နောက် စုမင်မည်မျှတည်ငြိမ်အေးဆေးနေကြောင်း တွေ့လိုက်ရသောအခါ၊ ဝူတုနှလုံးသားအတွင်း အေးစက်မှုတစ်ခု မြင့်တက်ဖြစ်ပေါ်လာခဲ့၏။
"ဒီလူက ရက်စက်ပြီး အကြင်နာတရားမရှိဘူး။ သူက ကိစ္စတွေကို ပြတ်ပြတ်သားသားလုပ်ပြီး... သူ့စွမ်းအားကလည်း ငါနင်းခြေနိုင်ရလောက်အောင် အားမနည်းဘူး။ သူ့မှာ ထူးခြားဆန်းကြယ်တဲ့ ရတနာတွေအများကြီးရှိတယ်။ ပြီးတော့ သူ့ပညာရပ်တွေကိုလည်း ငါတစ်ခါမှ မမြင်ဖူးဘူး။ လုံးဝမလိုအပ်သေးသရွေ့၊ ငါ ဒီလိုလူမျိုးကို ကျိန်းသေပေါက် အပြစ်ပြုလို့မဖြစ်ဘူး"
"တွန်းအားပေးခံခဲ့ရရင်တောင်မှ သူ့ကိုရှောင်ကြဉ်ရမယ်။ ငါသူ့ကိုထိပ်တိုက် ရင်ဆိုင်လို့မရဘူး"
စုမင်ပြုလုပ်ခဲ့သော အရာများကို မြင်ခဲ့ရစဉ်အချိန်တစ်လျှောက် စုမင်အပေါ်ထားရှိသော ဝူတုသဘောထားက အကြိမ်များစွာ ပြောင်းလဲခဲ့သည်။ ယခုအချိန်တွင်တော့ စုမင်အပေါ် သူ့ထင်မြင်ချက်က ပြီးပြည့်စုံသော ပုံစံတစ်ခု ဖြစ်သွားခဲ့ချေပြီ။
ကောင်းကင်တွင် မြည်ဟည်းသံများ ဆက်လက် ထွက်ပေါ်နေသည်။ လျှပ်စီးအလင်းတန်းများသည် မြေပြင်ဆီသို့ ဆွဲဆောင်ခံလိုက်ရပုံပေါ်ပြီး လေထုအား ဖြတ်သန်းလျက် စုမင်အနီးရှိ ကောင်လေးအပေါ်သို့ ကျရောက်လာခဲ့ကြသည်။
တစ်နာရီကျော်ကြာသည်အထိ မြည်ဟည်းသံများ ထွက်ပေါ်နေခဲ့၏။ လျှပ်စီးအလင်းတန်းများသည်လည်း အောက်သို့ကျဆင်းလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာကြပြီး အဆုံးတွင်တော့ မိုးကြိုးလျှပ်စီးတန်းတစ်ခုစီ၏ အကျယ်သည် လက်ဆွဲရေပုံးတစ်ခု အရွယ်အစားပင် ရှိလာခဲ့သည်။ ၎င်းတို့ အောက်သို့ရိုက်ခတ်နေသော ပုံစံသည် ကောင်းကင်ဘုံများ၏ အမျက်ဒေါသထွက်လျက် ပြစ်ဒဏ်ပေးနေသကဲ့သို့ပင် ဖြစ်သည်။
လျှပ်စီးတန်းတစ်ခု ကျဆင်းလာချိန်တွင်တော့ ဝူတုအလွန်အမင်း ကြောက်ရွံ့တုန်လှုပ်သွားရသည်။ ဤတစ်ကြိမ် ရိုက်ခတ်လာသော လျှပ်စီးတန်းသည် ခရမ်းရောင်ဖြစ်နေသဖြင့် သူလုံးဝတွန့်ဆုတ်မနေပဲ ပေထောင်ပေါင်းများစွာအဝေးသို့ ချက်ချင်းဆုတ်ခွာလိုက်မိ၏။
ကောင်လေးထံ ဦးတည်လာသော ခရမ်းရောင်လျှပ်စီးထဲတွင် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးပစ်မည်ဟု ကြွေးကြော်နေပုံပေါ်သော အစွမ်းထက်အရှိန်အဝါတစ်ခု ပါဝင်နေသည်။
စုမင်မှာ ခေါင်းမော့၍ ကောင်းကင်သို့ မော့ကြည့်နေဆဲ ဖြစ်သည်။ ထိုအခိုက်အတန့်တွင်တော့ မျက်မှောင်ကြုတ်လျက် သက်ပြင်းဖွဖွ ချလိုက်ချေသည်။ ဤတစ်ကြိမ် ပြုပြင်သန့်စင်မှုက မအောင်မြင်နိုင်ကြောင်း သူသိနေခဲ့ပြီး ဖြစ်သည်။ ဝိညာဉ်လုယက် ဖန်တီးရန် ဤနည်းလမ်းကို အသုံးပြုခြင်းက အများကြီး ပိုမိုခက်ခဲပေသည်။
ခရမ်းရောင်လျှပ်စီးမှာ ကောင်လေးအပေါ် နီးကပ်လာသည်။ ကောင်လေးရင်ဘတ်အား လျှပ်စီးတန်း ရိုက်ခတ်သွားသောအခါ သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး စတင်၍ အက်ကွဲပျက်စီးလာခဲ့သည်။ ၎င်း၏အောက်ပိုင်းက ချက်ချင်းပြာဖြစ်သွားပြီး အပေါ်ပိုင်းကတော့ တစ်လက်မချင်းစီ ကွဲကြေပျက်စီးသွားလေသည်။
၎င်းလည်ပင်းသို့ အက်ကြောင်းများ ရောက်လာသောအခါ စုမင် ခေါင်းခါယမ်းလိုက်မိသည်။ ထို့နောက် ကောင်လေး၏ တစ်ခုတည်းသော ကြွင်းကျန်ရစ်သည့်ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်သော ဦးခေါင်းကို ဘယ်လက်ဖြင့် ဆွဲယူလိုက်သည်။ စုမင်၏ မူလလျှပ်စီးသည် ဘယ်လက်မှတစ်ဆင့် ၎င်း၏ဦးခေါင်းထဲသို့ တိုးဝင်သွားသည်။ မူလလျှပ်စီးနှင့် ရင်ဘတ်နေရာမှ ပျံ့နှံ့လာသော လျှပ်စီးများတိုက်မိသွားသည်နှင့် တစ်ပြိုင်နက် လေထဲသို့ အက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်။
တစ်ခဏကြာပြီးနောက် ကောင်းကင်ရှိ တိမ်စိုင်မည်းများ ရှင်းလင်းသွားသောအခါ လေထဲ၌ စုမင်သည်သာ ဘယ်လက်ထဲတွင် ဦးခေါင်းတစ်လုံးအား ကိုင်လျက် ရပ်နေခဲ့လေသည်။ ထိုဦးခေါင်းမှာ ကောင်လေး၏ဦးခေါင်းဖြစ်ပြီး ၎င်း၏ လည်ချောင်းတစ်ဝိုက်တွင် လောင်ကျွမ်းခံထားရသော နေရာတစ်ခုရှိနေသည်။ စုမင်လက်ထဲတွင် ကောက်ရိုးဖြင့် ရက်လုပ်ထားသော အိတ်တစ်လုံးရှိနေ၏။ ထိုပစ္စည်းမှာ ကောင်လေးပိုင်ဆိုင်သော အရာဖြစ်သည်။ ၎င်းပျက်စီးမသွားခင် စုမင် ထိုအရာကို ကြိုတင်ကောက်ယူထားခဲ့ခြင်း ဖြစ်သည်။
စုမင် ကောက်ရိုးအိတ်ကို ဖွင့်ကြည့်မနေပဲ ထိုအစား သူ့ရင်ဘတ်ထဲသို့ ထည့်သွင်း သိမ်းဆည်းလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်လိုက်ပြီး သူ့လက်ထဲရှိ ဦးခေါင်းကို ဘေးတွင်ရပ်နေသော မီးတောက်မျောက်ဝံထံ ပစ်ပေးလိုက်ပြီးသည်နှင့် ဝူတုအား လှည်းကြည့်လိုက်သည်။
"စိတ်မကောင်းစရာပဲ၊ ငါ မအောင်မြင်ခဲ့ဘူး"
ဝူတု ခါးသီးစွာရယ်မောလျက် စုမင်ရင်ဘတ်အား လှမ်းကြည့်လိုက်မိသည်။ သူ့ပုံစံက တစ်ခုခုပြောချင်ပုံ ပေါ်သွားသော်လည်း အဆုံးတွင်တော့ မည်သည့်စကားမှ မပြောရန်သာ ရွေးချယ်လိုက်မိ၏။ ထိုအချိန်တွင် သူ့နှလုံးသားထဲ၌ ရှုပ်ထွေးသောခံစားချက်များနှင့် သံသယများသာ ရှိနေခဲ့ချေသည်။
ယခင်က သူ ရှာမန်မျိုးနွယ်စု၏ နတ်ဘုရားစွမ်းရည် ပညာရပ်အား ထုတ်ဖော်ခဲ့ချိန်တွင် စုမင် သေချာပေါက် သေဆုံးသွားခဲ့ပြီဟု သူတွေးထင်ထားခဲ့မိ၏။ ထို့ကြောင့်လည်း သူမည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ရန် စွန့်စားခဲ့ခြင်းဖြစ်ပြီး မီးတောက်နဂါး၏ စွမ်းအားကို ချေဖျက်ရန် ရှာမန်မျိုးနွယ်စု၏ မန္တာန်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
စုမင် ထိုအရာကို သတိပြုမိခဲ့ခြင်း ရှိမရှိတော့ သူမသိပေ။ သို့သော် စုမင်၏ ရက်စက်သော လုပ်ရပ်များနှင့် အမည်မသိ တိုက်ပွဲစွမ်းအားတို့ကြောင့် စုမင်အပေါ် ဝူတု၏သတိထားမှုများက ပိုမိုတိုးလာခဲ့သည်။
မီးတောက်မျောက်ဝံလေးသည် ကောင်လေး၏ဦးခေါင်းအား ဆော့ကစားနေလိုက်ပြီးမှ သူ့ခါးပတ်လည်တွင် ချည်နှောင်လိုက်သည်။ အမှန်စင်စစ်တွင် ယခုအချိန်၌ မီးတောက်မျောက်ဝံလေးသည် သက်သောင့်သက်သာဖြစ်နေပုံ မပေါ်သော်လည်း စုမင်နှင့် ယခင်တိုက်ခိုက်ခဲ့သည့် လူ၏ ပျက်စီးနေသော အလောင်းထံ သွားရန်ကိုမူ မေ့လျော့ခြင်းမရှိခဲ့ပေ။ ၎င်းသည် ထိုလူ၏ ကြွင်းကျန်ရစ်သော ဦးခေါင်းတစ်ခြမ်းကို ရှာတွေ့သည်နှင့် ထိုအကြွင်းအကျန်များကိုလည်း သူ့ခါးပတ်လည်တွင် ချည်နှောင်လိုက်ချေသည်။ မီးတောက်မျောက်ဝံလေး တစ်ဖက်လှည့်လာသောအခါ ၎င်း၏လှုပ်ရှားမှုများနှင့်အတူ ထိုခေါင်းငါးလုံးက လိုက်ပါလှုပ်ရှားနေသည့်ပုံမှာ အတော်အတန်ပင် ကြောက်မက်ဖွယ်ကောင်းနေစေသည်။
"ညီနောင်ဝူ နောက်ထပ် ရှာမန်အဖွဲ့က ဘယ်နေရာမှာလဲ"
စုမင် ဝိညာဉ်လုယက်များကို သိမ်းဆည်းလိုက်ရင်း ဝူတုအား အေးအေးဆေးဆေး မေးလိုက်သည်။ သူ့မျက်ခုံးများအလယ်တွင်လည်း အစိမ်းရောင်အလင်းတစ်ဖြာ တောက်ပသွားပြီး ကျောက်စိမ်းဓားမြှောင်ငယ်လေးက ပြန်လည်ရောက်ရှိလာခဲ့၏။
ဝူတု ခဏတာ ငြိမ်သက်နေမိသည်။ သူသည် မူလအစတည်းကပင် ရည်မှန်းချက်ကြီးသူ တစ်ယောက်ဖြစ်၍ စုမင်မေးခွန်းကို ကြားသောအခါ သူ့မျက်နှာထက်တွင် ဆုံးဖြတ်ချက်ချလိုက်ဟန် မျက်နှာထားမျိုး ပေါ်လာခဲ့သည်။ မည်သည့်အရာကိုမှ ထပ်မံဖုံးကွယ်ထားရန် မကြိုးစားတော့ပဲ အဝေးသို့သာ ညွှန်ပြလိုက်သည်။
"ဒီနေရာကနေ လီ နှစ်ထောင် အဝေးမှာ ရှာမန်တွေရှိသေးတယ်။ ကျုပ်ရခဲ့တဲ့ သတင်းအချက်အလက်အရဆို၊ အဲဒီနေရာမှာ လူနှစ်ယောက်ပဲ ရှိလိမ့်မယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အခြေအနေတွေလည်း ကြုံရကောင်းကြုံရနိုင်တယ်"
"ဒါဆို... ငါတို့ သွားကြမလား" စုမင် အသာအယာ ပြုံးလိုက်သည်။
ဝူတု စုမင်အား အရိုအသေပေးသည့် အနေဖြင့် လက်သီးလက်ဝါးထပ်ကာ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင်တော့ ပုံမှန်အတိုင်းပင် သူက အရှေ့ကသွား၍ စုမင်ကအနောက်မှ လိုက်ပါလာခဲ့သည်။
မီးတောက်မျောက်ဝံလေးမှာမူ ၎င်း၏ပခုံးများပေါ်တွင် တိုက်ပွဲပုဆိန်ကြီးအား ထမ်းလျက် အနောက်မှ ဆက်လက်လိုက်ပါလာလေသည်။
သို့သော် ၎င်း၏တိုက်ပွဲပုဆိန်ကြီးသည် လူမျက်နှာ-မြွေကိုယ် သတ္တဝါ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် အသုံးပြုခဲ့ချိန်တည်းကပင် အကြီးအကျယ် အရည်ပျော်သွားခဲ့သည်။ ယခုအချိန်တွင်တော့ တိုက်ပွဲပုဆိန်၏ ပုဆိန်သွားက ကြမ်းတမ်း၍ မညီမညာဖြစ်နေချေပြီ။ သို့သော် လှံရှည်ပုံ ပုဆိန်လက်ကိုင်ကမူ လုံးဝပင် ထိခိုက်ဒဏ်ရာမရှိသလို ၎င်းအား မည်သည့်အရာဖြင့် ပြုလုပ်ထားမှန်းလည်း ဘယ်သူမှ မသိချေ။
မီးတောက်မျောက်ဝံသည် စုမင်နောက်မှ လိုက်ပါလာ၏။ အရှေ့သို့ ဦးတည်သွားနေရင်း ၎င်းသည် သူ့အသားအရေအား ကုတ်ခြစ်သကဲ့သို့ ရံဖန်ရံခါဆိုသလို ပုဆိန်ကိုမြှောက်၍ ၎င်းအမွေးများအား ကုတ်ခြစ်တတ်သည်။
တစ်ကြိမ်တွင်တော့ ၎င်းသည် အတွေးတစ်ခု ပေါ်လာပုံပေါ်ပြီး ကျိုးပဲ့နေသော ပုဆိန်အားဆွဲယူ၍
ကိုက်ချလိုက်သည်။ ပုဆိန်သွားကြောင့် ၎င်းသွားများက အနည်းငယ် နာကျင်သွားပုံရ၏။ ထို့နောက် မီးတောက်မျောက်ဝံသည် ပုဆိန်အားကိုက်ထားရာမှ လွှတ်လိုက်ပြီး လက်သည်းကို မြှောက်၍ ပုဆိန်သွားအား လက်ကိုင်မှချိူးပစ်လိုက်ကာ မြေပြင်ဆီသို့ လွှင့်ပစ်လိုက်သည်။ ထိုသို့လုပ်ပြီးသည်နှင့် အသွားမရှိတော့သော ပုဆိန်လက်ကိုင်ကို စတင်ဝှေ့ယမ်းနေလေသည်။
ပုဆိန်လက်ကိုင်သည် အလွန်ရှည်လျားသဖြင့် လှံရှည်တစ်ချောင်းနှင့် တူနေခဲ့သည်။ ထိုလက်ကိုင်အား မီးတောက်မျောက်ဝံ ဝှေ့ယမ်းနေပုံမှာ လူစွမ်းကောင်း တစ်ယောက်လိုပင် ဖြစ်သည်။ ဝှေ့ယမ်းခံနေရသော လှံရှည်ထံမှ တဝှီးဝှီးမြည်သံများ ထွက်ပေါ်နေပြီး မီးတောက်မျောက်ဝံလေးသည် ရုတ်ခြည်းဆိုသလိုပင် ထိုအရာအား သဘောကျစွာ ရယ်မောလိုက်၏။ ထို့နောက် ၎င်း၏ပုခုံးများထက်တွင် ပုဆိန်လက်ကိုင်ကို ဝှေ့ယမ်းရင်း စုမင်ထံ ပျံသန်းလာခဲ့သည်။
လူနှစ်ဦးနှင့် မျောက်ဝံတစ်ကောင်သည် ကောင်းကင်ထက်တွင် ပျံသန်းလာခဲ့ကြပြီး ညနေစောင်းသောအခါ လီထောင်ပေါင်းများစွာ အဝေးသို့ ရောက်ရှိလာခဲ့ကြသည်။ ခေတ္တခဏရပ်နားပြီးနောက်တွင် ထိုနေရာမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော မြည်ဟည်းသံများနှင့်အတူ စူးရှစွာအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ စုမင်နှင့် ဝူတုတို့ထွက်ခွာသွားသောအခါ မီးတောက်မျောက်ဝံ၏ ခါးထက်၌ နောက်ထပ်ဦးခေါင်းနှစ်လုံး ရှိနေခဲ့ချေပြီ။
ဤဖြစ်ရပ်မှာ လမ်းတစ်လျှောက်လုံး ဆက်လက်ဖြစ်ပွားခဲ့သည်။ ဤခရီးစဉ်တွင် စုမင်နှင့် ဝူတုတို့ တစ်ဦးချင်းစီတိုင်းတွင် ကိုယ်ပိုင်လိုအပ်ချက်များ ရှိနေခဲ့ကြပြီး သူတို့နှစ်ဦး၏ ညှိနှိုင်းဆောင်ရွက်မှုများမှာ ပိုမိုကောင်းမွန်လာခဲ့သည်။ ဆယ်ရက်ကြာပြီးနောက်တွင်တော့... မီးတောက်မျောက်ဝံ၏ အကူအညီနှင့် ဟယ်ဖုန်း၏ ရံဖန်ရံခါ အကူအညီများကြောင့် ယခုအချိန်တွင် မီးတောက်မျောက်ဝံ၏ ခါး၌ချိတ်ဆွဲထားသော ဦးခေါင်းအရေအတွက်မှာ နှစ်ဆယ်ကျော်လာခဲ့ချေပြီ။
မီးတောက်မျောက်ဝံသည် ထိုအရာကို မည်သို့ပြုလုပ်ထားမှန်း မည်သူမှ မသိကြသော်လည်း ဦးခေါင်းတစ်လုံးတစ်လေကမှ သူ့ကိုယ်ပေါ်က ပြုတ်ကျမလာခဲ့ပေ။ မီးတောက်မျောက်ဝံသည် လူဦးခေါင်းများဖြင့် ပြုလုပ်ထားသော အင်္ကျီတစ်ထည်အား ဝတ်ဆင်ထားသည့်ပုံပင် ပေါ်နေခဲ့စေ၏။
ဝူတုသည်လည်း အစပထမတည်းက အားနည်းခြင်းမရှိခဲ့ပေ။ ထို့အပြင် စုမင်၏ ကျင့်ကြံဆင့်ထက် သာလွန်နေသော တိုက်ပွဲဝင်စွမ်းအားများကြောင့် သူတို့နှစ်ဦး၏ ပေါင်းစည်းမှုသည် ကောင်းကင်မြူခိုးမြို့တော် ပိုင်ဆိုင်သော ဧရိယာအတွင်း သွေးလွှမ်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်ဟုပင် ပြောဆိုနိုင်ချေ၏။
အဆုံးတွင်တော့ သူတို့နှစ်ဦး၏ စွမ်းဆောင်ရည်သည် အလွန်မြင့်မားသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ဝူတုသည် ရှာဖွေရန်အတွက် အရှေ့သို့အရင်ထွက်ခွာပြီး ရှာမန်များ၏ အာရုံကို ဆွဲဆောင်သည်။ ထို့နောက်တွင်တော့ စုမင်သည် ဝူတုကိုပင် ထိတ်လန့်သွားစေနိုင်သော အမြန်နှုန်းဖြင့် ရုတ်တရက် ရှေ့တက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ဝူတုသည်လည်း တိုက်ခိုက်ပေလိမ့်မည်။
ဤဖြစ်စဉ်၏ အချိန်အများစုတွင်တော့ ရှာမန်သုံးဦးပါ အဖွဲ့တစ်ဖွဲ့ထဲမှ နှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရပြီး ရှာမန်တစ်ဦးကတော့ သေဆုံးသွားတတ်သည်။ နောက်ဆုံးကျန်သော တစ်ဦးမှာ ထိခိုက်ဒဏ်ရာရပြီး ကျန်နှစ်ဦး သေဆုံးသွားသော ဖြစ်ရပ်များလည်း ရှိသည်။
ထိုကျန်ရစ်သူများသည်တော့ စုမင်နှင့် ဝူတုတို့အား ပြန်လည်တိုက်ခိုက်ရန် မျှော်လင့်ချက်ပင် မရှိကြတော့ချေ။
ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် လဝက်ခန့်ကြာပြီးမှသာ ရပ်တန့်သွားခဲ့သည်။ ထိုအရာကလည်း သူတို့နှစ်ဦး ကောင်းကင်မြူခိုးမြို့တော်နှင့် သိပ်မဝေးသောနေရာသို့ ရောက်လာကြပြီ ဖြစ်သောကြောင့်ပင်...
စုမင် တောင်ကုန်းအနိမ့်လေးတစ်ခုပေါ်တွင် ရပ်နေခဲ့သည်။ အကယ်၍ သူသာ ထိုနေရာမှ အဝေးသို့လှမ်းကြည့်လိုက်လျှင် မိုးထိလုမတတ် ခန့်ညားထင်ရှားသော၊ ရင်သပ်ရှုမောဖွယ် နံရံကြီးကို တွေ့မြင်နိုင်ပေသည်။ ထိုအရာ၏ ဘေးတွင်တော့... ပထမဆုံးအကြိမ် တွေ့မြင်လိုက်ရသူတိုင်း၏ အသက်ရှူသံများကို လျင်မြန်သွားစေနိုင်သည့် ခမ်းနားထည်ဝါသော မြို့တော်ကြီးတစ်ခု ရှိနေသည်။
"ညီနောင်မော့ ဒီလွန်ခဲ့တဲ့ရက်တွေထဲမှာ မင်းနဲ့အလုပ်တွဲလုပ်ရတာ တစ်ကယ်ပျော်စရာ ကောင်းခဲ့ပါတယ်။ ငါတို့က အစမကောင်းခဲ့ပေမယ့် မင်း အဲဒါကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်" ဝူတုသည် သူ၏မျက်နှာထက်တွင် ခြောက်သွေ့နေသော သွေးစက်များဖြင့် ရပ်နေခဲ့သည်။ သူ့ပုံစံက အတော်လေးပင်ပန်းနေပုံပေါ်သော်ငြား သူ့မျက်လုံးများကတော့ တောက်ပနေလေသည်။
"ငါတို့ အခု ကောင်းကင်မြူခိုးမြို့တော်ကို ရောက်နေပြီ။ မင်း အမြန်နှုန်းနဲ့ဆိုရင် အဲဒီကိုရောက်ဖို့ အချိန်ဘယ်လောက်မှ မလိုလောက်ဘူး။ ငါလုပ်ရမယ့် ကိစ္စတစ်ချို့ရှိနေသေးလို့..."
ဝူတု စကားပြောနေစဉ်မှာပင် ကောင်းကင်မြူခိုးမြို့တော်ရှိရာ ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ စိတ်ပျက်ညည်းညူဖွယ်ကောင်းသော ထိုအသံထဲတွင် ထူးဆန်းသော စွမ်းအားတစ်မျိုး ပါဝင်နေသကဲ့သို့ပင် ဖြစ်ပြီး သူတို့၏နှလုံးခုန်သံများကို လျင်မြန်လာစေခဲ့သည်။
ထိုအသံနှင့် စုမင် အတော်လေး ရင်းနှီးကျွမ်းဝင်ချေသည်...
ဝူတု၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားခဲ့သည်။
***