← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း။ ၂၁၁

“အဟူး... ငါ့စိတ်ထဲမှာ ဘာလို့ ဒီလောက်တောင် မကောင်းတဲ့ နိမိတ်တွေ ခံစားနေရတာလဲ”

လီချန်စိမ်းသည် သူ၏ နှာတံကို လက်ဖြင့် ညှစ်လိုက်ရင်း ခပ်တိုးတိုး သက်ပြင်းချမိသည်။

ဤကျင့်ကြံခြင်းလောကကြီးက အန္တရာယ် များလွန်းလှသည်။ သူ၏ မိဘများသည် ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်သည်ကို သွားရောက်ကြည့်ရှုရုံမျှဖြင့် ဘေးထွက်ဒဏ်ချက်သင့်ကာ အသက်ဆုံးပါးခဲ့ရသည်။

ထို့ကြောင့် သူသည် နှစ်ပေါင်းတစ်ရာကျော်အတွင်း ဖြစ်ပျက်ပြောင်းလဲမှုများစွာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက် အချက်တစ်ချက်ကို အသည်းစွဲ၍ နားလည်ထားခဲ့သည်။

၎င်းမှာ ဤကျင့်ကြံခြင်းလောကတွင် အသက်ရှင်လိုပါက မသိမသာသာ အင်အားချဲ့ထွင်ရမည်ဖြစ်ပြီး မည်သည့်အခါမျှ မဆင်မခြင် မလုပ်မိရန်နှင့် အောင်မြင်မှုအနည်းငယ်ရရုံဖြင့် လောကအလယ်တွင် ဝံ့ကြွားခြင်း မပြုရန်ပင်။

ထိုသို့ ဝံ့ကြွားခဲ့သူများကို သူ အများကြီး မြင်ဖူးခဲ့သော်လည်း ထိုသူအားလုံးမှာ ယခုအခါ သူတို့၏ အုတ်ဂူပေါ်တွင် မြက်ပင်များပင် သုံးပေခန့် ရှည်နေကြပြီဖြစ်သည်။

ထို့ကြောင့်ပင် လွန်ခဲ့သော ဆယ်နှစ်တာ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည့် ကာလပတ်လုံး လီချန်စိမ်းသည် သူ၏ ကျင့်ကြံမှုကို မည်သူ့ရှေ့တွင်မှ ထုတ်မပြခဲ့ဖူးချေ။

သို့သော် လွန်ခဲ့သော ရက်ပိုင်းက သာယာကြည်နူးခြင်း မိစ္ဆာဂိုဏ်းမှ မိစ္ဆာတစ်စုသည် သူ၏ မယားငယ် ရာနှင့်ချီသော အဆောင်တော်ကို ပစ်မှတ်ထားလာကြသဖြင့် အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး သူ လက်တုံ့ပြန်ခဲ့ရသည်။

သူသည် ထိုမိစ္ဆာအုပ်စုကို အမြစ်ပြတ် သုတ်သင်နိုင်ခဲ့သော်လည်း သူ၏ ကျင့်ကြံမှုမှာ တစ်လောကလုံးရှေ့တွင် ဗူးပေါ်သလို ပေါ်သွားခဲ့တော့သည်။

ရုတ်တရက်ပင် တစ်ကမ္ဘာလုံး တုန်လှုပ်သွားခဲ့ရသည်။ မိုင်ပေါင်းသောင်းချီ ဝေးကွာသော ယန်ပြည်နယ်ကဲ့သို့သော နေရာများကပင် လီချန်စိမ်း၏ ဆယ်နှစ်တာအတွင်း နိဗ္ဗာန်နနယ်ပယ်သို့ ရောက်ရှိသွားသည့် သတင်းကို သိရှိသွားကြတော့သည်။

“တစ်လောကလုံးမှာ နာမည်ကျော်ဖို့က ငါ့ဆန္ဒမဟုတ်ပါဘူး။ လူ့လောကမှာ တည်တည်ငြိမ်ငြိမ် နေထိုင်သွားဖို့ကသာ ငါ့ရဲ့ မှန်ကန်တဲ့ လမ်းစဉ်ပဲ”

လီချန်စိမ်းသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။ မူလက သူသည် သားသမီးများလေ၊ ကံကောင်းလေ ကျင့်စဉ်ကို အသုံးချပြီး ထာဝရအသက်ရှည်ခြင်းနယ်ပယ်အထိ တိတ်တဆိတ် ကျင့်ကြံရန်နှင့် တစ်လောကလုံးမှာ ပြိုင်ဘက်ကင်း ဖြစ်လာမှသာ လူမြင်ကွင်းသို့ ထွက်လာရန် ရည်ရွယ်ထားခဲ့ခြင်းပင်။

ဤအစီအစဉ်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ရသော်လည်း ကိစ္စက ဖြစ်ပြီးသွားပြီမို့ သူ အပိုတွေ တွေးမနေတော့ပေ။

နိဗ္ဗာန်နနယ်ပယ် ဆိုသည်မှာလည်း ဤလောကတွင် အာဏာရှိသော အဆင့်တစ်ခုပင်။ ထို့အပြင် သူ့တွင် ထူးခြားသော နတ်ဘုရားခန္ဓာကိုယ်အများအပြား ရှိနေသဖြင့် နိဗ္ဗာန်န

နယ်ပယ်မှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် မတွေ့သရွေ့တော့ ပြဿနာရှိမည်မဟုတ်ဘူးဟု သူ တွေးထားသည်။

“သခင်ကြီး... မိန်းကလေး တိုက်အာရောက်ပါပြီ"

အခန်းပြင်ပမှ အစေခံ၏ ရိုသေသော အသံ ထွက်ပေါ်လာသည်။

“ကောင်းပြီ"

လီချန်စိမ်းက ပြန်ထူးလိုက်ပြီး သူ၏ ရင်ဘတ်တွင် တောက်ပသော အနီရောင် ပန်းပွင့်ကြီးကို ချိတ်ကာ အဆောင်တော်အတွင်းမှ ထွက်ခွာလာခဲ့သည်။

ပင်မခန်းမဆောင်ကြီးအတွင်း၌ လူများမှာ အလွှာလိုက် ထပ်နေအောင် စည်ကားနေ၏။ သူတို့မှာ သူ၏ ဇနီးမယားများ ဖြစ်ကြပြီး အချို့က နုနုနယ်နယ်ဖြစ်ပြီး အချို့က ဆွဲဆောင်မှုရှိကာ အချို့က အေးစက်စက်နှင့် အချို့ကမူ ကိုယ်လုံးကိုယ်ပေါက် ထင်ရှားလှပသူများ ဖြစ်ကြသည်။ အမျိုးသမီးတိုင်းမှာ ခြွင်းချက်မရှိ အလှပဂေးများချည်းပင်။

“ယောက်ျားရေ~~~”

လီချန်စိမ်း ထွက်လာသည်ကို မြင်သည်နှင့် ရှိနေသော အမျိုးသမီး ဒါဇင်ပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း ချိုသာစွာ ခေါ်လိုက်ကြသည်။ ထိုအသံများမှာ အလွန်ပင် နှစ်လိုဖွယ်ကောင်းလှသဖြင့် မည်သူမဆို မိန်းမောသွားနိုင်သည်။

လီချန်စိမ်းက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဇနီးမယားများအားလုံး၏ အလယ် ပင်မထိုင်ခုံတွင် ထိုင်နေသော ဆံပင်ဖြူဖြူ၊ မျက်နှာတွင် အရေးအကြောင်းများဖြင့် တစ်ဦးတည်းသော သက်ကြီးရွယ်အို အမျိုးသမီးကြီးကို ကြင်နာစွာ ကြည့်လိုက်သည်။

“ကျီနု ... မင်း အခန်းထဲမှာ မနားဘဲ ဘာလို့ ဒီလို ဆူညံတဲ့နေရာကို ထွက်လာရတာလဲ”

လီချန်စိမ်းက အနားသို့ ချဉ်းကပ်သွားပြီး သံယောဇဉ်ကြီးစွာဖြင့် မေးလိုက်သည်။

ဤဆံပင်ဖြူ အမျိုးသမီးကြီးမှာ သူ ဆင်းရဲဒုက္ခရောက်စဉ်ကတည်းက လက်ထပ်ခဲ့သော သူ၏ တစ်ဦးတည်းသော ဇနီးအစစ်ဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီများစွာကို အတူဖြတ်သန်းကာ အတူအိုမင်းလာခဲ့သူ ဖြစ်သည်။

လီချန်စိမ်းသည် မယားငယ်ပေါင်း တစ်ရာကျော် ယူခဲ့သော်လည်း သူ၏စိတ်ထဲတွင်

ထိုမယားငယ်များသည် သူ့ကို အင်အားကြီးစေရန် ကူညီပေးသည့် ကိရိယာများသာ ဖြစ်ကြသည်။

သူ ဆင်းရဲစဉ်က လက်ထပ်ခဲ့ပြီး ယခုအခါ အလှအပများ ကုန်ဆုံးကာ အိုမင်းနေပြီဖြစ်သော ဤအမျိုးသမီးသာလျှင် သူ၏ ဘဝတစ်ခုလုံးအတွက် စစ်မှန်သော အချစ်ဦး ဖြစ်သည်။

လောကကြီး မည်မျှပင် ပြောင်းလဲပါစေ သူမ၏ အဆင့်အတန်းမှာ သူ၏ နှလုံးသားထဲတွင် ပြောင်းလဲခြင်း မရှိခဲ့ချေ။

“အမေက ပြောတယ်... သူ အိုနေပြီဆိုတော့ အဖေ့ရဲ့ ဒီလို ပျော်စရာကောင်းတဲ့ အခမ်းအနားမှာ နောက်ဆုံးတစ်ခေါက်လောက် လာကြည့်ပြီး ပျော်ရွှင်မှုတွေကို ခံစားချင်လို့တဲ့"

လီချန်စိမ်းနှင့် ရုပ်ချင်းဆင်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြုံးလျက် ဝင်

ပြောသည်။ ၎င်းမှာ လီချန်စိမ်းနှင့် ကျီနုတို့ ရရှိထားသည့် အငယ်ဆုံးသား ဖြစ်သည်။

ပြောရလျှင် လီချန်စိမ်းတွင် သားသမီးမြေးမြစ် ပေါင်းတစ်ရာကျော် ရှိနေပြီ ဖြစ်သော်လည်း သူ၏ နှလုံးသားထဲတွင် တန်ဖိုးအထားရဆုံးသော သူများမှာ ကျင့်ကြံခြင်း ပါရမီမပါရှိဘဲ ငယ်စဉ်ကတည်းက လူ့လောကတွင် အတူရုန်းကန်ခဲ့ကြသည့် ကျီနုနှင့် ရရှိခဲ့သော သားသမီးများသာ ဖြစ်ကြသည်။

“ချန်စိမ်း... မကြာသေးခင်က ငါ အိပ်မက်တွေ ခဏခဏ မက်တယ်။ သားကြီးနဲ့ သားလတ်တို့ ငါ့ဆီ လာလည်ကြတယ်လေ။ မင်းပြောပါဦး... ငါ့ရဲ့ အချိန်တွေ နီးကပ်နေပြီ ထင်လား”

ကျီနုသည် စန္ဒကူးကုလားထိုင်ပေါ်တွင် ထိုင်ရင်း လက်ကိုင်တုတ်ကို အမှီပြုကာ မေးလိုက်သည်။ သူမ၏ အသံမှာ အိုမင်းရင့်ရော်ကာ အက်ကွဲနေပြီး အရင်ကကဲ့သို့ ကြည်လင်ခြင်း မရှိတော့ချေ။

“စိတ်မပူပါနဲ့... ငါ ဒီမှာရှိနေသရွေ့ ဘယ်သူမှ မင်းရဲ့ အသက်ကို လာယူလို့မရစေရဘူး"

လီချန်စိမ်းက ကျီနု၏ ခြောက်သွေ့နေသော လက်ကလေးကို သူ၏ လက်ဖဝါးထဲတွင် အသာအယာ ဆုပ်ကိုင်ရင်း နွေးထွေးစွာ ပြောလိုက်သည်။

“ငါ့ကို နှစ်သိမ့်မနေပါနဲ့တော့။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲလေ။ ဒါက ကိစ္စအကြီးကြီးမဟုတ်ပါဘူး။ ငါ လက်ခံထားပြီးသားပါ”

ကျီနု၏ အိုမင်းနေသော မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“သားကြီးနဲ့ သားလတ်တို့ မြေအောက်ကို ရောက်သွားတာ ကြာပြီပဲ။ သူတို့လည်း သူတို့အမေကို လွမ်းနေကြမှာပေါ့။ တစ်ခါတလေ ငါတွေးမိတယ်... အခု မင်းကလည်း ဒီလောက်အထိ အောင်မြင်နေပြီဆိုတော့ ငါ့ကို လိုမှာမဟုတ်တော့ပါဘူး။ ငါ သားကြီးတို့ဆီကို သွားပြီး အဖော်လုပ်ပေးသင့်ပြီ ထင်တယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် လီချန်စိမ်း၏ ရင်ထဲ၌ အပ်ဖြင့် ထိုးလိုက်သကဲ့သို့ ပြင်းပြင်းထန်ထန် နာကျင်သွားရသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း

သူ၏ နုပျိုလှပသော အချစ်ဦး ဇနီးသည်လေးမှာ အချိန်၏ တိုက်စားမှုအောက်တွင် တဖြည်းဖြည်း အိုမင်းလာသည်ကို သူ ငေးကြည့်ခဲ့ရသည်။

အချိန်ကာလသည် သူမ၏ အလှတရားကို ဖျက်ဆီးခဲ့ပြီး ကျောကို ကွေးညွတ်စေကာ မျက်နှာပေါ်တွင်လည်း ဓားဖြင့် ထွင်းထုထားသကဲ့သို့ နက်ရှိုင်းသော အရေးအကြောင်းများကို ချန်ရစ်ခဲ့သည်။

သူ၏ သားဦးနှင့် ဒုတိယသားတို့မှာပင် အချိန်၏ ဝါးမြိုမှုကို ခံလိုက်ရပြီး အရိုးပုံများ ဖြစ်သွားခဲ့ကြကာ တစ်ခါတစ်ရံတွင် လီချန်စိမ်း မတွေးဘဲ မနေနိုင်တော့ချေ။

ထာဝရအသက်ရှည်ခြင်း... ထာဝရအသက်ရှည်ခြင်းဆိုတာ... လူတစ်ယောက်တည်း အသက်

ရှည်နေရတာက တကယ်ပဲ အဓိပ္ပာယ်ရှိရဲ့လား။

“ကျီနု... ငါ... ငါ မင်းအပေါ် အကြွေးတွေ အများကြီး တင်ခဲ့ပါပြီ"

လီချန်စိမ်း၏ အသံမှာ တိမ်ဝင်သွားခဲ့သည်။

“ကဲပါ... အဲဒီလို မျက်နှာကြီးနဲ့ မနေပါနဲ့။ ဒီနေ့က မင်းရဲ့ မင်္ဂလာနေ့ပဲလေ။ နည်းနည်းလောက် ပြုံးစမ်းပါ။ မဟုတ်ရင် ဒီအဖွားကြီးက မင်းကို ဒုက္ခပေးနေတယ်လို့ လူတွေ ထင်ကုန်ဦးမယ်”

ကျီနုက ခပ်ဖွဖွ ရယ်မောလိုက်သည်။

ခဏအကြာတွင် မောင်းသံ၊ ဗုံသံများနှင့်အတူ အနီရောင် ပုဝါခြုံထားသော နုပျိုလှပသည့် မိန်းမပျိုလေးကို ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်လာခဲ့ကြသည်။ ဧည့်သည်တော်များ၏ ဂုဏ်ပြုစကားများကြားတွင် မင်္ဂလာအခမ်းအနားမှာ ပြီးဆုံးသွားခဲ့သည်။

မယားငယ်ပေါင်း တစ်ရာကျော် ယူခဲ့ဖူးသဖြင့် လီချန်စိမ်း၏ စိတ်မှာ ရှေးဟောင်း ရေတွင်းပျက်ကြီးကဲ့သို့ပင် တည်ငြိမ်နေခဲ့သည်။

သူသည် သူတော်စင်မလေးကို အိပ်ဆောင်သို့ ပို့ဆောင်ရန် အစေခံများကို အမိန့်ပေးလိုက်ပြီးနောက် ဧည့်သည်တော်များနှင့် စကားပြောဆိုကာ အိပ်ဆောင်သို့ ဝင်ရန် ပြင်လိုက်သည်။ သို့သော်လည်း မုတ်ဆိတ်မွှေးမရှိဘဲ ဖြူဖွေးသော မျက်နှာနှင့် သားမြီးယပ်ကို ကိုင်ထားသော လူတစ်ဦးက သူ့ကို တားလိုက်သည်။

“မိတ်ဆွေ စီကုန်းက နှုတ်ဆက်ပါတယ်ဗျာ"

လီချန်စိမ်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“မိတ်ဆွေလီ... အားနာစရာ မလိုပါဘူး။ ခဏလောက် အချိန်ပေးပြီး စကားပြောလို့ ရမလား”

ထိုလူက ပြုံးလျက် မေးသည်။

“ရတာပေါ့"

စီကုန်းမိသားစု၏ တတိယမြောက်သခင်ကို လီချန်စိမ်းမှာ လျစ်လျူမရှုရဲသဖြင့် တိတ်ဆိတ်သော စာကြည့်ခန်းသို့ ဖိတ်ခေါ်လိုက်သည်။

အစေခံများကို လက်ဖက်ရည် တည်ခိုင်းပြီး တံခါးပိတ်လိုက်ပြီးနောက် “မိတ်ဆွေစီကုန်း... ဘာများ လမ်းညွှန်ချင်လို့လဲ” ဟု မေးလိုက်သည်။

“အရှေ့ဘက်နယ်မြေရဲ့ ပြိုင်ပွဲကြီးက စတော့မယ်။ မိတ်ဆွေလီကရော ပါဝင်ဖို့ အစီအစဉ် ရှိလား”

ထိုစကားကြောင့် လီချန်စိမ်းမှာ ခေါင်းခါလျက် ပြုံးလိုက်သည်။

“အဲဒီပြိုင်ပွဲက တိုက်ပွဲတွေ အရမ်းများတဲ့နေရာလေ။ ကျွန်တော့်ရဲ့ အရည်အချင်းက မလုံလောက်ပါဘူး။ ပြီးတော့ ကျွန်တော်က ပဋိပက္ခတွေကိုလည်း မကြိုက်ဘူး။ ဒါကြောင့် ကျွန်တော် မပြိုင်တော့ပါဘူး”

“အော်... မိတ်ဆွေလီက မသေမျိုး တာအိုမျိုးနွယ်စုထဲကို ဝင်ဖို့ စိတ်မကူးဘူးပေါ့”

“ကျွန်တော်က ရိုးရိုးသားသား နေတတ်တဲ့သူပါ။ ရှေးစကားပုံ ရှိတယ်မဟုတ်လား... ရွှေအိမ်၊ ငွေအိမ်ထက် ကိုယ့်အိမ်က ပိုကောင်းတယ်တဲ့။ ကျွန်တော်က လွတ်လွတ်လပ်လပ် နေရတာကို ပိုကြိုက်တယ်ဗျ”

“တကယ်ပဲလား”

စီကုန်းသခင်က အနည်းငယ် အံ့သြသွားပုံပင်။

“နာမည်ကျော်ကြားမှုကို စိတ်မဝင်စားတာကတော့ တကယ် ချီးကျူးစရာပါပဲ။ ဒါပေမဲ့ မိတ်ဆွေလီ... ထာဝရအသက်ရှည်ခြင်း အခွင့်အရေးက မသေမျိုးမျိုးနွယ်စုတွေဆီမှာပဲ ရှိတာလေ။ မင်းက ထာဝရအသက်ရှည်ဖို့ကိုတောင် စိတ်မဝင်စားဘူးလား”

လီချန်စိမ်း စကားပြန်ပြောရန် ပြင်လိုက်သော်လည်း “မင်းကတော့ ထာဝရအသက်ရှည်တာကို စိတ်မဝင်စားဘူး ထားပါတော့။ ဒါပေမဲ့ ငါသတိထားမိတာက... မင်းရဲ့ ဇနီးဦးက သူ့ရဲ့ သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ သူက သာမန်လူသားတစ်ယောက်ဆိုတော့ ရတနာတွေ၊ ဆေးကောင်းတွေ သုံးရင်တောင် ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတော့ဘူး မဟုတ်လား”

စီကုန်းသခင်က အသာအယာ ပြုံးလိုက်ပြီး “ဒါပေမဲ့ ငါတို့ စီကုန်းမိသားစုမှာ သာမန်လူသားတစ်ယောက်ရဲ့ အသက်ကို နောက်ထပ် နှစ်ပေါင်းငါးရာအထိ ဆွဲဆန့်ပေးနိုင်တဲ့ နည်းလမ်းရှိတယ်။ အကယ်၍ မင်းသာ ငါတို့စီကုန်းမိသားစုအတွက် ဒီပြိုင်ပွဲကို ဝင်ပြိုင်ပေးမယ်ဆိုရင်... မင်းရဲ့ ဇနီးဦးနဲ့ သားသမီးတွေရဲ့ သက်တမ်းအတွက် ငါ အာမခံပေးမယ်”

ထိုစကားဆုံးသည်နှင့် လီချန်စိမ်း၏ မျက်ဝန်းအိမ်မှာ သိသိသာသာ ကျုံ့ဝင်သွားတော့သည်။

အခန်း။ ၂၁၂

မျက်တောင်တစ်ခတ်အတွင်းမှာတင် အချိန်တွေ ကုန်ဆုံးသွားခဲ့၏။

တစ်လအကြာ ဇီဝေချန်မိသားစု၊ ပဉ္စမတောင်ထိပ်၊ ကျမ်းစာဆောင်။

“တတိယသခင်လေးက ကျမ်းစာဆောင်ထဲမှာ ရှိနေတုန်းပဲလား”

“ဟုတ်တယ်... သခင်လေး ကျမ်းစာဆောင်ထဲမှာ အောင်းနေတာ အခုဆို တစ်လတောင် ရှိသွားပြီ"

“ငါ အဝေးကနေ လှမ်းကြည့်လိုက်တုန်းကတော့ သခင်လေးဘေးမှာ စာအုပ်တွေပုံထားတာ လူတစ်ရပ်လောက်တောင် မြင့်နေပြီ။ သူ ဘာစာအုပ်တွေ ဒီလောက်တောင် ရှာနေတာပါလိမ့်”

“သွားကြစို့ သွားကြစို့... သခင်လေးကို အနှောင့်အယှက် မပေးမိစေနဲ့"

တိုးတိတ်သော စကားသံများကြားတွင် ကျမ်းစာဆောင်၏ တတိယထပ်၌ ရှေးဟောင်းကျင့်စဉ်စာအုပ်များ အထပ်ထပ် ဝန်းရံထားသည့် အလယ်တွင် ချန်ကျီရှင်းသည် မျက်လုံးများကို အသာအယာမှိတ်လျက် တင်ပျဉ်ခွေ ထိုင်နေသည်။

[တင်း သင်သည် မိုးကြိုးတာအို ကျင့်စဉ်ပေါင်း ရာနှင့်ချီကို လေ့လာခဲ့ပြီး သင်၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော သိမြင်နားလည်မှုဖြင့် ထိပ်တန်း မိုးကြိုးတာအိုကျင့်စဉ်

ဖြစ်သော ကိုးထပ်ကောင်းကင် မိုးကြိုးတာအိုကို ဖန်တီးနိုင်ခဲ့သည်]

ကိုးထပ်ကောင်းကင် မိုးကြိုးတာအိုသည် ခန္ဓာကိုယ်အတွင်းသို့ မိုးကြိုးစွမ်းအင်များကို သွတ်သွင်းကာ ကျင့်ကြံခြင်းဖြစ်ပြီး ကိုးထပ်သော မိုးကြိုးအကျဉ်းထောင်ကို တည်ဆောက်ကာ အလွန်ပြင်းထန်ပြီး သေစေနိုင်သော မိုးကြိုးတာအို ကျင့်စဉ်တစ်ခု ဖြစ်သည်။

ချန်ကျီရှင်း၏ စိတ်ထဲတွင် အေးစက်သော အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်

သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

“နောက်ဆုံးတော့ အောင်မြင်သွားပြီ"

ချန်ကျီရှင်း၏ မျက်နှာပေါ်တွင် အားရကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။

ဤတစ်လတာလုံး အချိန်ပေးခဲ့ပြီးနောက် သူသည် သူ၏ ခုနစ်ခုမြောက် တာအိုလမ်းစဉ်ကို ရွေးချယ်နိုင်ခဲ့ကာ ၎င်းမှာ မိုးကြိုးတာအိုပင်။

မိုးကြိုးလမ်းစဉ်သည် ပြင်းထန်ကာ ဖျက်ဆီးအား အလွန်ကြီးမားသည်။ ယခင်က နတ်ဘုရားရွေးချယ်ခံ ပါရမီရှင် လင်ဖုန်းထံမှ လက်ဝါးမိုးကြိုးအကျဉ်းထောင်ဟူသော ထိပ်တန်းကျင့်စဉ်ကို ရရှိခဲ့ဖူးရာ ၎င်းက အခြေခံကောင်း ဖြစ်စေခဲ့သည်။

လမ်းစဉ်ကို ရွေးချယ်ပြီးနောက် ကျန်ရှိသည်မှာ အလွန်ရိုးရှင်းသည်။ ဇီဝေချန်မိသားစုသည် ကျူးပြည်နယ် မုန့်မိသားစု၊ ဆေးဘုရင်ချိုင့်ဝှမ်းနှင့် အခြားအင်အားစုများကို နှိမ်နင်းပြီးနောက် ထိုဂိုဏ်းများ၏ ကျမ်းစာဆောင်များမှ စာအုပ်အားလုံးကို ချန်မိသားစုဆီသို့ သယ်ဆောင်လာခဲ့ရာ ယခုအခါ ချန်မိသားစု၏ ကျမ်းစာဆောင်မှာ ကြယ်တာရာပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောနေတော့သည်။

ချန်ကျီရှင်းသည် ကျမ်းစာဆောင်ရှိ မိုးကြိုးတာအိုကျင့်စဉ် ရာပေါင်းများစွာကို တစ်လတိုင်တိုင် ဖတ်ရှုခဲ့ပြီး စစ်မှန်သောကိုယ်ပိုင် နည်းစနစ် ၁၃ မျိုးမှ မိုးကြိုးဗဟုသုတများနှင့် ပေါင်းစပ်ကာ ကိုးထပ်ကောင်းကင် မိုးကြိုးတာအိုကို ကိုယ်တိုင် ဖန်တီးခဲ့ခြင်းပင်။

ဤကျင့်စဉ်တွင် အလွှာကိုးထပ်ရှိပြီး အလွှာတိုင်းမှာ ကောင်းကင်တစ်ခုကဲ့သို့ အစွမ်းထက်သည်။ အရေးကြီးဆုံးအချက်မှာ ဤကျင့်စဉ်သည် အကန့်အသတ်မရှိ တိုးတက်နိုင်ခြင်းပင်။

ချန်ကျီရှင်းအနေဖြင့် မည်သည့်မိုးကြိုးအမျိုးအစားကိုမဆို စုပ်ယူနိုင်လျှင် ထိုမိုးကြိုး၏ စွမ်းအားနှင့် ကိုးထပ်ကောင်းကင်၏ အလွှာတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ကာ ဤလောကတွင် သာမန်မိုးကြိုးများသာမက ဒဏ္ဍာရီလာ ဆိတ်သုဉ်းခြင်း နတ်ဘုရားမိုးကြိုးနှင့် အချိန်မိုးကြိုးကဲ့သို့သော ထိပ်တန်းတည်ရှိမှုများကိုပါ ဖျက်ဆီးနိုင်သည့် မိုးကြိုးများ ရှိနေသည်။

ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို တက်လှမ်းစဉ် ကြုံတွေ့ရမည့် မိုးကြိုးဘေးဒုက္ခများကိုပင် ချန်ကျီရှင်းက ဝါးမြိုပြီး သူ၏ စွမ်းအားအဖြစ် ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။

“အရှေ့ဘက်နယ်မြေ ပြိုင်ပွဲကြီးကလည်း စတော့မယ်။ ရွှေခေတ်ကြီးက ရောက်လာပြီပဲ။ နိဗ္ဗာန်နနယ်ပယ်ကို ရောက်နေတဲ့ နတ်ဘုရားရွေးချယ်ခံ တစ်ယောက်တောင် ပေါ်လာပြီဆိုတော့...”

“ငါလည်း မိုးကြိုးစွမ်းအင်တွေကို အမြန်စုပ်ယူပြီး တာအိုမျိုးစေ့ကို တည်ဆောက်ပြီးတော့ နိဗ္ဗာန်နနယ်ပယ်ကို မြန်မြန် တက်လှမ်းနိုင်ဖို့ နည်းလမ်းရှာရမယ်"

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အတွေးများဖြင့် ဝင်းလက်နေသည်။

ခေတ်ကြီးက ပြောင်းလဲတော့မည်ဖြစ်ရာ နတ်ဘုရားရွေးချယ်ခံ ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာပေတော့မည်။

သူသည် ဤခေတ်တွင် ထင်ပေါ်နေရန် မလိုသလို ထိုပါရမီရှင်များနှင့်လည်း ရန်သူများ ဖြစ်ရန် မလိုအပ်ချေ။ သို့သော် သူ့ကိုယ်သူ ကာကွယ်ရန်နှင့် မိသားစုကို စောင့်ရှောက်ရန်အတွက်တော့ အင်အားက အဓိကပင်။

"ဘေးအန္တရာယ်တွေကို ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်တော့ ငါ့မှာ ရှိနေရမယ်။ ဒါက မမျှော်လင့်ဘဲ မိုးရွာလာမယ့်နေ့တွေအတွက် ကြိုတင်ပြင်ဆင်ပြီး ငွေစုထားရသလိုမျိုးပဲ။ တစ်ခါတလေမှာ ငွေစုတယ်ဆိုတာ သုံးဖြုန်းပစ်ဖို့မဟုတ်ဘဲ အရေးပေါ်အခြေအနေတွေ ကြုံလာတဲ့အခါ အသင့်ဖြစ်နေစေဖို့အတွက်ပဲဟာ…"

“အခုတော့ ကျင့်စဉ်ရှိပြီဆိုတော့ နောက်တစ်ဆင့်က မိုးကြိုးစွမ်းအင်ကို စုပ်ယူဖို့ပဲ”

ချန်ကျီရှင်းက တိုးတိတ်စွာ ရေရွတ်ရင်း ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

ယခင်က ကြည်လင်နေသော ကောင်းကင်မှာ ယခုတော့ မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး လေထုမှာလည်း လေးလံထိုင်းမှိုင်းကာ အသက်ရှူရကျပ်နေ၏။

ဝုန်း…

မကြာခဏဆိုသလို မိုးခြိမ်းသံများနှင့်အတူ တိမ်တိုက်များကြားတွင် ဖြူဖွေးသော လျှပ်စီးတန်းများက ဟိုတစ်ကွက် ဒီတစ်ကွက် လက်ခနဲ လင်းနေကြသည်။

ချန်ကျီရှင်းက အသာအယာ ခေါင်းခါလိုက်မိသည်။

"ဒီလို သာမန်မိုးကြိုးမျိုးက စွမ်းအားနည်းရုံတင်မကဘဲ အရေအတွက်ကလည်း မလုံလောက်ဘူး။ တကယ်လို့ ငါသာ ဒီသာမန်မိုးကြိုးတွေကိုပဲ စုပ်ယူနေမယ်ဆိုရင် ကိုးထပ်ကောင်းကင် မိုးကြိုးတာအိုရဲ့ ပထမအလွှာကို အောင်မြင်ဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲ။ ဒါ့အပြင် ဒီမိုးကြိုးမျိုးက စစ်မှန်သောကိုယ်ပိုင်အောက်က ကျင့်ကြံသူတွေအတွက် သေလောက်အောင် အန္တရာယ်ရှိနိုင်ပေမဲ့ အဲဒီအဆင့်ကို ကျော်လွန်သွားတဲ့သူတွေအတွက်တော့ ဘာမှမဟုတ်တော့ဘူး"

ထိုသို့တွေးတောရင်း ချန်ကျီရှင်းက အကြည့်ကို ပြန်လွှဲလိုက်ပြီး အတွေးနက်သွားပြန်သည်။

"လက်ရှိလောကမှာဆိုရင် အန္တရာယ်ရှိတဲ့ နေရာတချို့ကို ဖယ်လိုက်ရင် ငါ့အတွက် မိုးကြိုးစွမ်းအင် စုဆောင်းဖို့ အလွယ်ဆုံးနဲ့ အနီးဆုံးနေရာက ဟွိုင်ပြည်နယ်ပဲ ဖြစ်ရမယ်"

ချန်ကျီရှင်း၏ မျက်လုံးများက တဖြည်းဖြည်း မှေးသွားပြီး

"ဟွိုင်ပြည်နယ်မှာ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းဆိုတာ ရှိတယ်။ အဲဒီဂိုဏ်းထဲမှာ သဘာဝအလျောက် ဖြစ်တည်နေတဲ့ မိုးကြိုးကန်တစ်ခု ရှိတယ်လေ။ အဲဒီကန်ထဲမှာ နှစ်ပေါင်းသောင်းချီ ကြာအောင် ဖြစ်တည်လာခဲ့တဲ့ ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးတွေ ရှိနေတာ။ အဲဒီမိုးကြိုးက နတ်ဘုရားမိုးကြိုး အဆင့်သတ်မှတ်ချက်တွေထဲမှာ ထိပ်တန်း ၁၀ မျိုးထဲမှာ ပါဝင်တယ်။ ဒါက ကိုးထပ်ကောင်းကင် မိုးကြိုးတာအိုရဲ့ ပထမဆုံးအလွှာကို ကျင့်ကြံဖို့အတွက် အကောင်းဆုံးပဲ"

အတိတ်မှတ်ဉာဏ်များ ပေါ်ထွက်လာသည်နှင့်အမျှ သူကစားခဲ့ဖူးသော မဟာကျင့်ကြံခြင်းဂိမ်းထဲက သတင်းအချက်အလက်ပေါင်းများစွာမှာ သူ၏ဦးနှောက်ထဲတွင် အစီအရီ ပေါ်လာတော့သည်။

မကြာမီမှာပင် ချန်ကျီရှင်းသည် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ပြီးတော့... ဘိုးဘိုးပြောပြတဲ့ ရုတ်တရက် ပေါ်လာတဲ့ နိဗ္ဗာန်နနယ်ပယ် အရှင်သခင်၊ နတ်

ဘုရားရွေးချယ်ခံ ဖြစ်ဖို့ ရာနှုန်းပြည့် သေချာနေတဲ့လူကလည်း ဟွိုင်ပြည်နယ်မှာပဲ မဟုတ်ဘူးလား”

ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်သည်။ ဤဟွိုင်ပြည်နယ် ခရီးစဉ်သည် သူ့ကို ကျင့်စဉ်အောင်မြင်စေပြီး ကိုးထပ်ကောင်းကင် မိုးကြိုးတာအိုရဲ့ ပထမအဆင့်ကို တက်လှမ်းစေရုံတင်မကဘဲ ထိုနတ်ဘုရားရွေးချယ်ခံကိုပါ လူကိုယ်တိုင် သွားရောက်တွေ့ဆုံနိုင်မည်ဖြစ်သည်။

သူ၏ ကျင့်ကြံမှု တိုးတက်လာပြီး ဇာတ်ကြောင်းများ ပြောင်းလဲလာသည်နှင့်အမျှ ချန်ကျီရှင်း၏ စိတ်နေစိတ်ထားမှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့သည်။ ယခင်ကဆိုလျှင် နတ်ဘုရားရွေးချယ်ခံများကို တွေ့လျှင် ရန်စမဖြစ်အောင် ရှောင်ခြင်း သို့မဟုတ်ပါက အစဖျောက်သတ်ပစ်သည့် နည်းလမ်းကိုသာ သုံးခဲ့သည်။

သို့သော် ယခုအခါမှာတော့ သူသည် ပို၍ တည်ငြိမ်ပြီး ယုံကြည်ချက်ရှိရှိဖြင့် ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။

"နတ်ဘုရားရွေးချယ်ခံတွေကို ကိုင်တွယ်တဲ့နေရာမှာ သတ်ပစ်တာထက် ပိုထိရောက်တဲ့ တခြားနည်းလမ်းတွေလည်း အများကြီး ရှိသေးတာပဲဟာ"

“ဒါ့အပြင် ငါမှတ်မိသလောက်ဆိုရင် ငါအရင်က သတ်ပစ်လိုက်တဲ့ ဂိုဏ်းချုပ်သားရဲ့ ဟောက်ရိဓားဂိုဏ်းကလည်း ဟွိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိနေတာပဲ”

“ဒီနှစ်တွေအတွင်းမှာ ဟောက်ရိဓားဂိုဏ်းက ငါ့ရဲ့ အထောက်အထားကို လိုက်စုံစမ်းနေတာ။ ဒီအခွင့်အရေးကို သုံးပြီး ဒီကိစ္စကို တစ်ခါတည်း အပြတ်ရှင်းနိုင်မလား ကြည့်ရမယ်။ မဟုတ်ရင် ဒါက အမြဲတမ်း ပုန်းကွယ်နေတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေမှာပဲ”

ချန်ကျီရှင်း၏ မျက်ဝန်းများက ဝင်းလက်နေပြီး သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ခိုင်မာစွာ ဖြစ်ပေါ်လာသည်။

သူသည် တွေးမိသည်နှင့် ချက်ချင်း လုပ်ဆောင်တတ်သူ ဖြစ်သည်။ ထို့ကြောင့်ပင် ဝေခွဲမနေတော့ဘဲ ကျမ်းစာဆောင်အတွင်းမှ ခြေလှမ်းကျဲများဖြင့် ထွက်ခွာလာခဲ့တော့သည်။

...

...

နောက်တစ်နေ့ နံနက် ပါးလွှာသော နံနက်ခင်း မြူနှင်းများကြားတွင် ရွှေရောင် ဇီဝေပန်းပွင့်ပုံစံများ ထိုးထားသော လိုက်ကာများနှင့် အနက်ရောင် ရထားလုံးတစ်စင်းသည် ဇီဝေတောင်တန်းမှ ဖြည်းဖြည်းချင်း ထွက်ခွာလာခဲ့သည်။

ချန်ကျီရှင်းသည် ရထားလုံးအတွင်း၌ မျက်လုံးများကို အသာအယာမှိတ်လျက် အသက်ရှူမှန်မှန်ဖြင့် တည်ငြိမ်စွာ ထိုင်နေ၏။

ရထားလုံးကို မောင်းနှင်ပေးနေသော ရထားလုံးမောင်းသမားမှာကား လျော်တေဝတ်စုံ ဝတ်ဆင်ထားသည့် ဆံပင်ဖြူအဖိုးအိုတစ်ဦးပင်။

“တတိယသခင်လေး... ပြောရဦးမယ်။ ကျွန်တော်က မူလက ဟွိုင်ပြည်နယ်သားလေ။ ကိုယ့်ဇာတိမြေကို မရောက်ဖြစ်တာတောင် နှစ်တွေ တော်တော်ကြာသွားပြီ”

တူကူးနီက ရထားလုံးကြိုးကို ကိုင်ထားရင်း နောက်သို့ လှည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“သခင်လေး ဟွိုင်ပြည်နယ်ကို သွားတဲ့ လမ်းတစ်လျှောက်မှာ ကျွန်တော့်မိသားစုရဲ့ မျိုးရိုးစဉ်ဆက် နယ်မြေလေးဆီကိုလည်း တစ်ချက်လောက် ဝင်လည်ကြည့်ပါလား”

All Chapters