အခန် (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
အခန်း။ ၂၁၅
လိုက်ကာပေါ်တွင် ဇီဝေပန်းပုံ ရိုက်နှက်ထားသည့် အနက်ရောင် ရထားလုံးသည် ချင်းဟေမြို့မှ ဖြည်းညှင်းစွာ ထွက်ခွာလာပြီး ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းဆီသို့ ဦးတည်၍ မောင်းနှင်လာခဲ့သည်။
“အစ်ကိုပိုင်ရှီ... ခင်ဗျားရဲ့ မြင်းက ဘာအမျိုးအစားလဲဗျ။ တိမ်တွေကိုတောင် စီးနင်းနိုင်ပုံပဲ”
ရထားလုံးအတွင်း၌ ရှန်းယန်သည် ခန့်ညားထည်ဝါလှသော နှင်းနဂါးမြင်းကို ကြည့်ပြီး အလွန်အမင်း သိချင်စိတ်ပြင်းပြနေကာ အားကျစိတ်များလည်း ဖြစ်ပေါ်နေမိသည်။
“သွေးစစ် နှင်းနဂါးမြင်းပဲ”
ချန်ကျီရှင်းက အေးဆေးစွာ ပြောလိုက်သည်။
“သွေးစစ် နှင်းနဂါးမြင်း ဟုတ်လား”
ရှန်းယန်မှာ ဆွံ့အသွားရသည်။ ဤကဲ့သို့သော နှင်းနဂါးမြင်းမျိုးသည် ဈေးကွက်တွင် အလွန်တန်ဖိုးကြီးလှသည်။ သွေးမစစ်သည့် မျိုးစိတ်များပင် ဝိညာဉ်ကျောက်တုံး ပေါင်းသောင်းချီ ပေးရတတ်သည်။
သွေးစစ်သည့် နှင်းနဂါးမြင်းဆိုလျှင် သိန်းသန်းချီ၍တန်ဖိုးရှိနိုင်သည်။
“အစ်ကိုပိုင်က ဘယ်လို နောက်ခံမျိုးမို့လို့ သွေးစစ်နှင်းနဂါးမြင်းကိုတောင် ရထားလုံးဆွဲတဲ့ မြင်းအဖြစ် သုံးနိုင်ရတာလဲ”
ရှန်းယန်က စိတ်ထဲမှ ကြိတ်၍ တွေးနေမိသည်။
ခဏအကြာတွင် ခန့်ညားလှသော တောင်တန်းကြီးမှာ အားလုံး၏ မြင်ကွင်းထဲသို့ တဖြည်းဖြည်း ပေါ်လာခဲ့သည်။
“အစ်ကိုပိုင်ရှီ... ရှေ့မှာ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း ရောက်တော့မယ်။ ဒီအတိုင်းကြီး ဝင်သွားရင် လူအများ အာရုံစိုက်တာ ခံရလိမ့်မယ်။ ပြီးတော့ မျက်နှာဖုံးကြီး တပ်ထားရင်လည်း သံသယဖြစ်စရာ ဖြစ်နေလိမ့်မယ်”
ရှန်းယန်က သတိပေးလိုက်သည်။
“ဟုတ်သားပဲ”
ချန်ကျီရှင်းက သူ၏ မေးစေ့ကို ပွတ်လိုက်ပြီး ဘေးရှိ လက်မှီကို အသာအယာ ပုတ်လိုက်သည်။ နှင်းနဂါးမြင်းသည် သူ၏ ဆိုလိုရင်းကို နားလည်သကဲ့သို့ ကောင်းကင်ယံမှ မြေပြင်သို့ ခုန်ဆင်းလိုက်သည်။
ထို့နောက် ဟိန်းဟောက်သံတစ်ချက်နှင့်အတူ အဖြူရောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ တိမ်ပင်လယ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
“အစ်ကိုပိုင်ရှီ... ခင်ဗျားရဲ့ မြင်းကြီးက...”
ရှန်းယန်က မြင်းကြီး ထွက်ပြေးသွားပြီအထင်နှင့် အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
“ဘာမှမဖြစ်ဘူး... လွှတ်ထားလိုက်ပါ။ ငါ ဒီကနေ ပြန်ထွက်တဲ့အခါ သူ ဒီကိုလာပြီး စောင့်နေလိမ့်မယ်”
ချန်ကျီရှင်းက ပြုံးလိုက်ပြီး သူ၏ မျက်နှာဖုံးကို အသာအယာ ဖယ်ရှားလိုက်သည်။ ကျဉ်းမြောင်းနက်ရှိုင်းသော မျက်ဝန်းများနှင့် အလွန်တရာ ချောမောခန့်ညားသည့် မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုမျက်နှာကို ကြည့်ပြီး ရှန်းယန်မှာ ခဏမျှ မှင်တက်သွားရကာ ဤသခင်လေး၏ ချောမောမှုကို စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်တော့ချေ။
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူသည် ခေါင်းငုံ့ကာ မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိသည်။ ဤမျက်နှာကို သူ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားနေရသည်။ နောက်တစ်ခဏတွင် ရှန်းယန်သည် တစ်ခုခုကို သတိပြုမိသွားကာ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
“ဇီဝေချန်မိသားစုရဲ့... တတိယသခင်လေး ချန်ကျီရှင်း”
ရှန်းယန်သည် ချန်ကျီရှင်းကို ရုတ်တရက် မော့ကြည့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူပင် မှားသွားတော့သည်။
“ဟင် မင်း ငါ့ကို သိတာလား”
ချန်ကျီရှင်းက မျက်ခုံးပင့်ကာ အံ့သြသွားသည်။
“တကယ်ပဲ ခင်ဗျား ဖြစ်နေတာပဲ...”
ချန်ကျီရှင်း၏ အဖြေကို ကြားလိုက်ရချိန်တွင် ရှန်းယန်၏ ရင်ဘတ်မှာ ဒိန်းခနဲ ဖြစ်သွားရသည်။ ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး ချန်ကျီရှင်းက အသက် ၁၃ နှစ်အရွယ်မှာတင် စစ်
မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၆ ကို ရောက်ရှိခဲ့သူ။
လွန်ခဲ့သော လအနည်းငယ်က ကျောက်လှိုင်းနယ်မြေတွင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၆ စွမ်းအားနှင့်တင် နိဗ္ဗာန်နနယ်ပယ်သို့ ခြေတစ်လှမ်းလှမ်းနေသည့် ကြောက်မက်ဖွယ် ကျင့်ကြံသူကို အလွယ်တကူ အနိုင်ယူခဲ့သူ။
“တတိယသခင်လေးက ပြည်နယ် ၁၃ ခုလုံးမှာ ကျော်ကြားသူပဲ။ ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ ပါရမီရှင်စာရင်းမှာ နံပါတ် ၁ ချိတ်ထားတဲ့သူလေ။ သခင်လေးရဲ့ ပုံတူပန်းချီတွေကလည်း တစ်လောကလုံး ပျံ့နှံ့နေတာပဲဟာ။ ကျွန်တော် ဘယ်လိုလုပ် မသိဘဲ နေမှာလဲ...”
ရှန်းယန်က ပါးစပ်အဟောင်းသားနှင့် အံ့သြမှုများကို ဖုံးကွယ်မထားနိုင်တော့ချေ။
သူသည် ပိုင်ရှီ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အကြိမ်ကြိမ် ခန့်မှန်းခဲ့ဖူးသော်လည်း သူမိတ်ဖွဲ့ခဲ့သည့် သူငယ်ချင်းမှာ အရှေ့ဘက်နယ်မြေတစ်ခုလုံးတွင် ကျော်ကြားလှသည့် တတိယသခင်လေး ချန်ကျီရှင်း ဖြစ်နေလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
“ဒါဆို အကြီးအကဲနီက...”
ရှန်းယန်သည် တူကူးနီဘက်သို့ လှည့်ကြည့်လိုက်ရာ ကျောရိုးထဲအထိ စိမ့်သွားရသည်။
"ငါ မှတ်မိသလောက်ဆိုရင် ဓားမိစ္ဆာ တူကူးနီက လွန်ခဲ့တဲ့နှစ်တွေက ဇီဝေချန်မိသားစုဆီမှာ သစ္စာခံခဲ့တယ်လို့ ကောလာဟလတွေ ထွက်ခဲ့ဖူးတယ်။ ပြီးတော့ အခု ဒီအဘိုးအိုရဲ့ နာမည်ကလည်း နီတဲ့ ဓားခေါင်းတလားကြီးကိုလည်း ကျောမှာ လွယ်ထားသေးတယ် ဆိုတော့..."
“ခင်ဗျားက ဓားမိစ္ဆာ အကြီးအကဲ တူကူးနီလားဗျ”
ရှန်းယန်က ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ တူကူးနီက ရှန်းယန်ကို ဘေးတိုက်တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ ခေါင်းညိတ်ပြလိုက်သည်။
“တတိယသခင်လေး ချန်ကျီရှင်း... ဓားမိစ္ဆာ တူကူးနီ...”
အတည်ပြုချက် ရရှိသွားပြီးနောက် ရှန်းယန်၏ ဦးရေပြားများပင် ထုံကျဉ်သွားရသည်။
ဘုရားရေ ဒီလို ထိပ်တန်းပုဂ္ဂိုလ်ကြီး နှစ်ယောက်က ဟွိုင်ပြည်နယ်ကို တကယ်ကြီး ရောက်လာတာလား။
နောက်တစ်ခဏတွင် ချန်ကျီရှင်းနှင့် တူကူးနီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ ရုပ်သွင်ကို အနည်းငယ် ပြောင်းလဲလိုက်ကြသည်။
အရှေ့ဘက်နယ်မြေတွင် သူတို့၏ နာမည်ကျော်ကြားမှုမှာ ဤမျှအထိ ရှိနေလိမ့်မည်ဟု သူတို့ကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့ပေ။ မူလရုပ်သွင်အတိုင်း ဆက်သွားနေပါက မလိုအပ်သော ပြဿနာများသာ ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေလိမ့်မည်။
“ပိုင်... မဟုတ်ဘူး တတိယသခင်လေး... အခု ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကို လာတာက ဘာကိစ္စများ ရှိလို့လဲခင်ဗျာ”
ရှန်းယန်၏ နှုတ်ခမ်းများ တုန်ရီနေပြီး သူ၏ အကြည့်များမှာလည်း ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်နေတော့သည်။
ချန်ကျီရှင်းက ခေတ္တစဉ်းစားပြီးနောက် တည်ကြည်စွာ ပြောလိုက်သည်။
“အမှန်အတိုင်း ပြောရရင် ငါက ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းမှာ ရှိတဲ့ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ မိုးကြိုးကန်အတွက် လာတာပါ။ အဲဒီ မိုးကြိုးကန်ထဲကို ဝင်နိုင်အောင် မင်းမှာ တစ်ခုခု ကူညီပေးနိုင်တဲ့ နည်းလမ်းရှိမလား”
“မိုးကြိုးကန်...”
ရှန်းယန်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားရသည်။ ၎င်းမှာ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ အဖိုးတန်ဆုံးသော ရတနာပင်။
“ဒါကတော့... သခင်လေးကို တင်ပြရရင် ကျွန်တော်က ဂိုဏ်းမှာ အဆင့်အတန်းတစ်ခု ရှိတယ်ဆိုပေမဲ့ ထိပ်တန်း အမာခံတပည့်ထဲမှာတော့ မပါသေးဘူးဗျ။ အလွန်ဆုံး လုပ်ပေးနိုင်တာက သခင်လေးကို မိုးကြိုးကန်ရဲ့ အစွန်းနားအထိပဲ ခေါ်သွားပေးနိုင်မယ်။ အဲဒီကနေ အတွင်းထဲ ဝင်ဖို့ကတော့ သခင်လေး ကိုယ်တိုင်ပဲ လမ်းရှာရလိမ့်မယ်"
ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ရှန်းယန်က အလျင်အမြန်ပင် ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ စိတ်ချပါ။ ဘယ်သူမှ သတိမထားမိအောင် ကျွန်တော် အတတ်နိုင်ဆုံး ဖုံးကွယ်ပေးပါ့မယ်"
“အဲဒီလိုလား”
ချန်ကျီရှင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဒါလည်း အဆင်ပြေပါတယ်"
“ဒါပေမဲ့ တစ်ခုရှိတာက မိုးကြိုးစွမ်းအားတွေ လေလွင့်မသွားအောင် မိုးကြိုးကန်ကို အမြဲတမ်း ပိတ်ထားလေ့ရှိတယ်။ အဲဒီထဲဝင်ဖို့ဆိုရင် နောက်ရက်အနည်းငယ်အတွင်းမှာ ကျင်းပမယ့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အခမ်းအနားကို စောင့်ရလိမ့်မယ်။ အဲဒီပွဲကျရင်တော့ မိုးကြိုးကန်က တကယ်ပဲ ပွင့်လာလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့ ဂိုဏ်းသားတွေက မိုးကြိုးကန်ထဲဝင်ပြီး ဓာတ်ကြီးငါးပါး မိုးကြိုးစွမ်းအားတွေကို ကိုယ်ခန္ဓာထဲ စုပ်ယူပြီး ကိုယ်တွင်းအင်္ဂါတွေကို သန့်စင်ကြရတာပါ"
သူတို့သည် စကားပြောရင်း ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းဆီသို့ ဦးတည်၍ လျှောက်လှမ်းလာခဲ့ကြသည်။ ချန်ကျီရှင်းကတော့ တည်ငြိမ်နေဆဲပင်။ ရက်အနည်းငယ်ဆိုသည်မှာ သူ စောင့်ဆိုင်းနိုင်သည့် အချိန်အတိုင်းအတာတစ်ခု ဖြစ်သည်။
မကြာမီ အဝေးမှ ကြည့်လျှင် လက်ဝါးအရွယ်ခန့်သာရှိသော ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကြီးမှာ နီးကပ်လာသည်နှင့်အမျှ တဖြည်းဖြည်း ကြီးမားလာပြီး ခန့်ညားထည်ဝါလှသော တောင်တန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ရှန်းယန်သည် သူငယ်ချင်းနှစ်ဦးကို ဂိုဏ်းထဲတွင် ခဏတာ တည်းခိုရန် ခေါ်လာခြင်းဖြစ်ကြောင်း တံခါးစောင့်တပည့်ကို အစီရင်ခံရန် ပြင်နေစဉ် တောင်တံခါးဝမှ သွယ်လျလှပသော အမျိုးသမီးတစ်ဦး အလျင်အမြန် ထွက်လာခဲ့သည်။
“စီနီယာအစ်မ”
ထိုအမျိုးသမီးကို မြင်သည်နှင့် ရှန်းယန်က အမြန်ပင် ဂါရဝပြုလိုက်သည်။
“ရှန်းယန်”
မိုးကြိုးပုံစံများပါသည့် အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသော ထိုအလှပဂေးမှာ အံ့သြသွားပုံရပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မင်း ဒီရက်ပိုင်း ဘယ်တွေ သွားနေတာလဲ မင်း ဘယ်လောက်အထိ ဒုက္ခရှာထားလဲဆိုတာ သိရဲ့လား”
ရှန်းယန်မှာ ဇဝေဇဝါဖြစ်သွားပြီး “ဘာဖြစ်လို့လဲဗျ” ဟု မေးလိုက်သည်။
“ဟွန်း... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟောက်ရီဓားဂိုဏ်းက ငါတို့ဂိုဏ်းဆီကို သတင်းပို့လာတယ်။ သူတို့ရဲ့ ဂိုဏ်းချုပ်သား သေဆုံးမှုမှာ မင်း ပါဝင်ပတ်သက်နေလို့ မင်းကို သူတို့လက်ထဲ အပ်ဖို့ တောင်းဆိုထားတာ။ ဂိုဏ်းချုပ်ကတော့ အတော်လေး ဒေါသထွက်နေတယ်။ ငါသာ ကြားကနေ မတားပေးခဲ့ရင် ဟောက်ရီဓားဂိုဏ်းကလူတွေ မင်းကို လာဖမ်းသွားတာ ကြာလှပြီ။ ဒါကို ဘာဖြစ်လို့လဲလို့ မေးနေသေးတယ်လား”
ထိုအမျိုးသမီးမှာ မကျေမနပ်ဖြစ်နေပုံရပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြန်သည်။
“ထားလိုက်ပါတော့ ဒါတွေကို နောက်မှ ဆွေးနွေးကြမယ်။ မင်းက အချိန်ကိုက် ပြန်ရောက်လာတာပဲ။ ဒီနေ့ ဂိုဏ်းအပြင်ဘက်က ရှောင်ဟွေ့တောင်မှာ ဟွိုင်ပြည်နယ်ရဲ့ ပါရမီရှင်တွေ အကုန်စုဝေးနေကြတယ်။ မင်း ငါနဲ့အတူ လိုက်ခဲ့ရမယ်”
“မဟုတ်ရင် မင်းက ဂိုဏ်းထဲကို အရင်ပြန်သွားပြီး ငါက မင်းဘေးမှာ မရှိရင် ဂိုဏ်းချုပ်က မင်းကို တကယ်ပဲ အခက်တွေ့အောင် လုပ်လိမ့်မယ်"
ထိုစကားကို ကြားသောအခါ ရှန်းယန်က အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် တွေဝေစွာဖြင့် ပြောလိုက်သည်။ “စီနီယာအစ်မ... ကျွန်တော့်မှာ သူငယ်ချင်းနှစ်ယောက်လည်း ပါလာသေးတယ် သူတို့ကျတော့...”
ရှန်းယန် စကားမဆုံးခင်မှာပင် ထိုအမျိုးသမီးက မျက်မှောင်ကြုတ်ကာ ချန်ကျီရှင်းနှင့် တူကူးနီတို့ကို မကျေမနပ် ကြည့်လိုက်သည်။
“မင်းက တာအိုမျိုးစေ့တပည့် ဖြစ်လာတာ မကြာသေးဘူး။ အပေါင်းအသင်းတွေ ရှာပြီး သာမန်လူတွေကို ဂိုဏ်းထဲအထိ တည်းခိုခန်းတစ်ခုလို ခေါ်လာနေတာလား”
သူမသည် ရှန်းယန်ကို စိတ်ပျက်သလို ကြည့်လိုက်ပြီးနောက် ခဏမျှ စဉ်းစားကာ ပြောလိုက်
သည်။
“ကောင်းပြီလေ... မင်းရဲ့ သူငယ်ချင်းနှစ်ယောက်လည်း ငါတို့နဲ့အတူ လိုက်ခဲ့လို့ရတယ်"
ပြောပြီးနောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ထပ်လောင်းပြောလိုက်သည်။
“ဒါပေမဲ့ မှတ်ထားဦး... ဒီနေ့ ရှောင်ဟွေ့တောင်မှာ ရှိနေတဲ့သူတွေက ငါတို့ ပါရမီရှင်စာရင်းဝင် ထိပ်တန်းလူတွေချည်းပဲ။ စီကုန်းမိသားစုက သခင်လေးတောင် လာလိမ့်မယ်လို့ သတင်းထွက်နေတာ။ သူတို့တွေက အဆင့်မြင့်တဲ့သူတွေချည်းပဲ။ မင်းရဲ့ သူငယ်ချင်းတွေကိုလည်း အခြေအနေကြည့်ပြီး နေဖို့နဲ့ စကားကို လျှောက်မပြောဖို့ သတိပေးထားလိုက်"
“မဟုတ်လို့ သူတို့က ရှောင်ဟွေ့တောင်က ပါရမီရှင်တစ်ယောက်ယောက်ကို မသိဘဲ စော်ကားမိသွားရင် မင်းရော မင်းသူငယ်ချင်းတွေပါ အကျိုးဆက်ကို ခံနိုင်မှာ မဟုတ်ဘူး။ နားလည်လား”
အခန်း။ ၂၁၆
"ဒါကတော့..."
ရှန်းယန်သည် ချန်ကျီရှင်းကို မကြည့်ဘဲ မနေနိုင်ဖြစ်သွားသည်။
ချန်ကျီရှင်း စကားမပြောရသေးခင်မှာပင်
"ဒီကိစ္စကို မင်းသူငယ်ချင်းကို မေးနေဖို့ လိုသေးလို့လား သူက ဘယ်သူမို့လို့လဲ ဒီပွဲမပြီးခင် ငါက ကြားထဲကနေ စကားပြောပြီး မညှိပေးဘဲနဲ့ မင်းသာ ဂိုဏ်းကို ပြန်သွားရင် ဂိုဏ်းချုပ်က မင်းလို တာအိုမျိုးစေ့တပည့်လေးတစ်ယောက်အတွက်နဲ့ ဟောက်ရီဓားဂိုဏ်းကို အပုပ်ခံပြီး ရန်စလိမ့်မယ် ထင်နေတာလား"
ထိုအလှပဂေးက မကျေမနပ် ဆူပူလိုက်သည်။ ထို့နောက် သူမ၏အကြည့်မှာ ချန်ကျီရှင်းနှင့် တူကူးနီတို့ဆီသို့ ရောက်သွားပြီး သူမ၏ မကျေနပ်မှုများကိုပါ ပုံအောလိုက်တော့သည်။
ဒီနှစ်ယောက်က တကယ်ကို အခြေအနေမသိတာပဲ။ အခုက ရှန်းယန်က သူတို့နဲ့ ကစားနေရမယ့် အချိန်မဟုတ်တာ ရှင်းနေတာပဲကို။ ကိုယ့်ဘာသာ သိတတ်ပြီး အရင်ထွက်သွားသင့်တာ မဟုတ်ဘူးလား။
"ရပါတယ် ငါ့ကိစ္စတွေက သိပ်မလောပါဘူး။ မင်းရဲ့ကိစ္စကို အရင်ရှင်းလိုက်ပါ"
ထိုအမျိုးသမီး၏ အကြည့်ကို ဂရုမစိုက်ဘဲ ချန်ကျီရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားမှ ရှန်းယန်မှာ သက်ပြင်းချနိုင်တော့ပြီး ချန်ကျီရှင်းကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"လာမှာလား မလာဘူးလား ငါ့မှာ စိတ်ရှည်သည်းခံမှု သိပ်မရှိဘူးနော်။ မင်းက အချိန်ဆွဲနေဦးမယ်ဆိုရင် ဂိုဏ်းကိုပြန်ရောက်တဲ့အခါ ဂိုဏ်းချုပ်ရှေ့မှာ ငါ မကာကွယ်ပေးနိုင်ရင် ငါ့ကို အပြစ်မတင်နဲ့"
ရှေ့မှ ဇွတ်အတင်းခေါ်နေသော အမျိုးသမီး၏ အသံထွက်ပေါ်လာသည်။ ရှန်းယန်က ထိုအမျိုးသမီးကို အားနာသလို ပြုံးပြလိုက်ပြီးနောက် ချန်ကျီရှင်းဘက်သို့ လှည့်ကာ ရိုသေစွာဖြင့်
"ကျွန်တော်တို့ သွားကြမလားခင်ဗျာ"
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်မှသာ ရှန်းယန်က အလျင်အမြန် ခြေလှမ်းသွက်သွက်ဖြင့် လိုက်သွားတော့သည်။
"ရှန်းယန် ဒီနှစ်ယောက်က မင်းသူငယ်ချင်းတွေလား ဒါမှမဟုတ် မင်းဖိတ်ထားတဲ့ အထူးဧည့်သည်တွေလား။ ဘာလို့ အရာရာကို သူတို့ကို လိုက်မေးနေရတာလဲ။ သူတို့က ရှောင်ဟွေ့တောင်က ပါရမီရှင်တွေထက် ပိုအရေးကြီးလို့လား"
ထိုအလှပဂေးက ရှန်းယန်ကို စိတ်ပျက်သလို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်ပြီး လေသံကို အနည်းငယ် လျှော့ကာ ဆက်ပြောသည်။
"ခဏနေ ရှောင်ဟွေ့တောင်ကို ရောက်ရင် ယဉ်ယဉ်ကျေးကျေး နေစမ်းပါ။ အဲဒီက ပါရမီရှင်တွေကို အရက်ခွက်နဲ့ ဂါရဝပြုပြီး နှုတ်ဆက်လိုက်။ သူတို့က ပါရမီရှင်စာရင်းထဲကို ဝင်နိုင်တဲ့သူတွေနော် မင်းသာ သူတို့နဲ့ အဆက်အသွယ်ရရင် အသုံးမကျတဲ့ သူငယ်ချင်း ထောင်သောင်းချီထက် ပိုတန်ဖိုးရှိတယ် နားလည်လား"
"မှတ်ထား... ငါတို့ အဆင့်အတန်းမှာ မိတ်ဖွဲ့မယ်ဆိုရင် အသုံးဝင်မယ့်သူတွေနဲ့ပဲ ပေါင်းရတယ်"
"ဒါမှမဟုတ်ရင် အစွမ်းအစနဲ့ ပါရမီရှိတဲ့သူ ဒါမှမဟုတ်ရင် အရှိန်အဝါနဲ့ သြဇာရှိတဲ့သူ ဖြစ်ရမယ်"
"မဟုတ်ရင်တော့ မင်း ဘယ်လောက်ပဲ မိတ်ဖွဲ့ဖွဲ့ သူတို့က မင်းအတွက် ဘာအကျိုးအမြတ်မှ မပေးနိုင်ရင် အလကားပဲ။ မင်းလည်း နည်းနည်း ရင့်ကျက်အောင် ကြိုးစားပြီး အသုံးမဝင်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို လျှော့စမ်းပါ သိလား"
အလှပဂေး မိုးတိမ်နတ်သမီး၏ အကြံပေးစကားများကို နားထောင်ပြီး ရှန်းယန်မှာ ခေါင်းကိုသာကုပ်ရင်း အူကြောင်ကြောင်ဖြင့် ရယ်နေမိသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ စီနီယာအစ်မ"
ရှန်းယန် နားလည်သွားပြီဟု ထင်မှတ်ကာ မိုးတိမ်နတ်သမီးက စိတ်ကျေနပ်သလို ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက်၏ နောက်တွင်တော့ ချန်ကျီရှင်းနှင့် တူကူးနီတို့က အေးအေးလူလူ လိုက်ပါလာကြ၏။
"ဒီ သက်ရှည်ပါရမီရှင်စာရင်းဆိုတာက ဘာလဲ"
ချန်ကျီရှင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
တူကူးနီက ခပ်ဖွဖွရယ်မောရင်း "အရှေ့ဘက်နယ်မြေရဲ့ ပြိုင်ပွဲကြီးက နီးလာပြီဆိုတော့ အားနေတဲ့လူတွေက အဆင့်သတ်မှတ်ချက်တွေ လုပ်ကြတာလေ။ အသက် ၃၀ အောက် လူသားမျိုးနွယ် ကျင့်ကြံသူတွေထဲက ထိပ်တန်း အယောက် ၅၀ ကို ရွေးချယ်ထားတဲ့ စာရင်းပေါ့" ဟု ရှင်းပြလိုက်သည်။
"ဒါကို လုပ်တဲ့လူတွေက တကယ်ကို အားယားနေကြတာပဲ"
ချန်ကျီရှင်းက နှုတ်ခမ်းဆူလိုက်သည်။
"ဟားဟား... ဒါပေမဲ့ အဲဒီစာရင်းလုပ်တဲ့လူတွေက သခင်လေးကိုတော့ တော်တော်လေး အထင်ကြီးပုံပဲနော်။ သခင်လေးကို နံပါတ် ၁ နေရာမှာ ထားရုံတင်မကဘဲ ခေတ်အဆက်ဆက်မှာ ယှဉ်ဖက်မရှိ၊ အနှိုင်းမဲ့သူဆိုပြီးတော့တောင် မှတ်ချက်ပေးထားကြတာ"
"..."
ချန်ကျီရှင်းမှာ ခေါင်းကိုသာ ခါလိုက်မိပြီး ဘာကြောင့်ရယ်မှန်းမသိဘဲ အနည်းငယ် ရှက်သလိုတောင် ခံစားလိုက်ရသည်။
စကားပြောနေရင်းဖြင့် သူတို့သည် ရှောင်ဟွေ့တောင်ထိပ်သို့ ရောက်ရှိလာခဲ့ကြသည်။ တောင်ထိပ်တွင် ခမ်းနားသော ဂုဏ်ပြုစားပွဲတစ်ခု ကျင်းပနေ၏။ ခမ်းနားသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင် တောင်ထိပ်၌ စားပွဲတစ်လုံးတည်းသာ ခင်းကျင်းထားခြင်းပင်။
အနီရောင် စားပွဲရှည်ကြီးတွင် ထိုင်ခုံရှစ်လုံးရှိပြီး ငါးလုံးမှာ လူထိုင်ပြီးသား ဖြစ်နေသည်။
"မိုးတိမ်နတ်သမီး ရောက်လာပြီလား"
သူမ ရောက်လာသည်ကို မြင်သည်နှင့် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသော ပါရမီရှင်ငါးဦးမှာ လှည့်ကြည့်ကာ ပြုံးရွှင်စွာ နှုတ်ဆက်ကြသည်။
"ကျွန်မတို့ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းရဲ့ ရှောင်ဟွေ့တောင်ကို အရောက်လှမ်းလာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်"
ချန်ကျီရှင်းနှင့် တူကူးနီကို အေးစက်စွာ ဆက်ဆံခဲ့သော မိုးတိမ်နတ်သမီးမှာ ယခုအခါတွင်မူ ချိုသာသော အပြုံးကို ဆင်မြန်းကာ ကိုယ်ဟန်ပြလျက် ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
"ရှန်းယန်... မြန်မြန်လာပြီး အရက်လိုက်ငှဲ့လေ ဘာလုပ်နေတာလဲ"
မိုးတိမ်နတ်သမီးက ကြောင်တောင်တောင် ဖြစ်နေသော ရှန်းယန်ကို မျက်စောင်းထိုးကာ လှမ်းအော်လိုက်သည်။
ရှန်းယန်မှာ တုန်တုန်ရင်ရင်ဖြင့် အမြန်ပြုံးလိုက်ကာ ရှေ့သို့တိုးပြီး အရက်လိုက်ငှဲ့ပေးရတော့သည်။
"ဒါကတော့ မဟာတောရိုင်းတာအိုဂိုဏ်းက သခင်လေး လုချင်းထျန်းပါ။ သက်ရှည်ပါရမီရှင်စာရင်းရဲ့ အဆင့် ၄၂ ပါ"
"ဒါကတော့ လျှို့ဝှက်နတ်ဘုရားဂိုဏ်းက သခင်လေး ရှဲ့ဝန်ယန်ပါ အဆင့် ၃၉ ပါ"
.....
"ဒါကတော့ နတ်ဘုရားတံခါးဓားဂိုဏ်းက သခင်လေး ယွီချင်းကျိပါ အဆင့် ၂၆ ပါ"
"အဖိုးတန် ပါရမီရှင်တို့ရှင်... ဒါကတော့ ကျွန်မရဲ့ ဂိုဏ်းတူမောင်လေး ရှန်းယန်ပါ"
မိုးတိမ်နတ်သမီး၏ မိတ်ဆက်ပေးမှုအပြီးတွင် ရှန်းယန်မှာ အလိုက်တသိဖြင့် အရက်များကို လိုက်လံတိုက်ကျွေးသည်။ ထိုပါရမီရှင်များကမူ မထုံတံတေး အမူအရာဖြင့်သာ တစ်ငုံစီ ယဉ်ယဉ်ကျေးကျေး သောက်ကြ၏။
အရက်တစ်ပတ် ငှဲ့ပြီးသောအခါ မိုးတိမ်နတ်သမီးမှာ မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ရှန်းယန်... မင်းသူငယ်ချင်းနှစ်ယောက်က တကယ့်ကို အခြေအနေမသိတာပဲ။ ဒီမှာရှိတဲ့ ပါရမီရှင်တွေကို အရက်နဲ့ လာပြီး ဂါရဝမပြုရကောင်းမှန်း မသိဘူးလား"
ထိုစကားကြောင့် ရှန်းယန်၏ မျက်နှာမှာ တင်းမာသွားပြီး ဘယ်လိုဖျန်ဖြေရမလဲဟု တွေးနေစဉ်မှာပင် တူကူးနီက အေးအေးဆေးဆေး ဝင်ပြောလိုက်သည်။
"ငါ့ရဲ့ သခင်လေးက ဘယ်သူ့ကိုမှ အရက်နဲ့ ဂါရဝမပြုဘူး။ တခြားလူတွေကပဲ သူ့ကို လာပြီး ဂါရဝပြုရတာ"
ထိုစကားအဆုံးတွင် စားပွဲရှိ ပါရမီရှင်များနှင့် မိုးတိမ်နတ်သမီးတို့မှာ မျက်လုံးများ မှေးကာ ချန်ကျီရှင်းနှင့် တူကူးနီကို မော့ကြည့်လိုက်ကြတော့သည်။
"တကယ့်ကို မောက်မာတာပဲ မင်းရဲ့သခင်လေးက ဘယ်လောက်အထိ ထူးခြားနေလို့လဲ ဘာလို့ တခြားလူတွေကပဲ သူ့ကို ဂါရဝပြုရမှာလဲ"
မိုးတိမ်နတ်သမီး၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာပြီး ချန်ကျီရှင်းနှင့် တူကူးနီအပေါ် မကျေနပ်မှုများမှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။
ထိုအရာကိုမြင်သောအခါ ရှန်းယန်မှာ အလွန်စိုးရိမ်သွားပြီး မိုးတိမ်နတ်သမီးကို မျက်ရိပ်ပြကာ အတင်းတားနေမိသည်။
အို... ဘုရားရေ ကျေးဇူးပြုပြီး ဘာမှထပ်မပြောပါနဲ့တော့။
ဒီနေရာမှာ ရှိနေတဲ့သူတွေ အကုန်ပေါင်းရင်တောင် သူတို့ကို ယှဉ်ဖို့ မပြောနဲ့။ တစ်ချက်တည်းနဲ့ အပြတ်ရှင်းခံလိုက်ရမှာ။
တတိယသခင်လေး ချန်ကျီရှင်းကို ထားလိုက်ဦး ဒီဓားမိစ္ဆာကြီး တစ်ယောက်တည်းနဲ့တင် ဒီမှာရှိတဲ့သူအားလုံးကို သုတ်သင်ပစ်လို့ ရတယ်။ ဒီနှစ်ယောက်က တစ်မျိုးနွယ်လုံးကို စိတ်အလိုရှိသလို ဖျက်ဆီးပစ်နိုင်တဲ့ ကြောက်မက်ဖွယ် ပုဂ္ဂိုလ်ကြီးတွေလေ။
"ဘာလဲ စကားအသွားအလာ ပျောက်သွားပြီလား။ နင်တို့သာ တကယ် အရေးကြီးတဲ့သူဆိုရင် ရှန်းယန်ကို အားကိုးပြီး ဒီကို လာနေပါ့မလား"
မိုးတိမ်နတ်သမီးက နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။
ထိုစကားကြောင့် ရှန်းယန်မှာတော့ အသည်းခိုက်မတတ် ကြောက်လန့်သွားရပြီး နဖူးမှ ချွေးစေးများ အဆက်မပြတ် စီးကျလာတော့သည်။ သူသည် မိုးတိမ်နတ်သမီးကို ကူကယ်ရာမဲ့သော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
စီနီယာအစ်မ... စီနီယာအစ်မရယ် ကျွန်တော်လည်း အစ်မတော့်ကို ကူညီဖို့ ဘာမှ ထပ်လုပ်ပေးလို့ မရတော့ဘူး။
"နင်လို မိန်းကလေးက..."
တူကူးနီက မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ချန်ကျီရှင်းက တည်ငြိမ်စွာပင် ကြားဖြတ်ပြောလိုက်သည်။
"ကျွန်တော်တို့က ဘယ်သူမှ မဟုတ်တဲ့ သာမန်လူတွေပါပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ သူတစ်ပါးကို အရက်နဲ့ ဂါရဝပြုတတ်တဲ့ အလေ့အထတော့ တကယ်ကို မရှိတာပါ"
ထိုစကားအဆုံးတွင် မိုးတိမ်နတ်သမီးက ပို၍ပင် အားတက်သွားကာ အေးစက်စက် လှောင်ပြောင်မှုများ ထပ်မံပြုလုပ်ရန် ပြင်လိုက်တော့သည်။
"အော်... သူတို့က မင်းရဲ့ ဂိုဏ်းတူမောင်လေးရဲ့ သူငယ်ချင်းတွေပဲဟာ။ ထားလိုက်ပါ ထားလိုက်ပါ။ ဒါ အရက်နဲ့ ဂါရဝပြုတဲ့ ကိစ္စပဲလေ။ ငါတို့ရဲ့ အဆင့်အတန်းက သူတို့ဆီက ဂါရဝပြုတာကို ခံယူဖို့ မထိုက်တန်လို့လား"
ပါရမီရှင်များကလည်း အရေးမပါသလို ရယ်မောလိုက်ကြသည်။ သူတို့ကတော့ တစ်ကယ့် အရေးကြီးပုဂ္ဂိုလ်များ ထင်နေခဲ့သော်လည်း အဆုံးတွင်တော့ မိုးတိမ်နတ်သမီး၏ ဂိုဏ်းတူမောင်လေး၏ သူငယ်ချင်းများသာ ဖြစ်နေခဲ့သည်။
အမျိုးတူရာသာ စုဝေးတတ်ကြခြင်းပင်။
"မိုးတိမ်နတ်သမီးရဲ့ ဂိုဏ်းတူမောင်လေးဆိုတာ ငါတို့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်လို အသေးအဖွဲလေးပဲလေ။ အဲဒီတော့ သူ့ရဲ့သူငယ်ချင်းတွေကရော ဘယ်လောက်အထိ အစွမ်းထက်နိုင်မှာမို့လို့လဲ"
"ဟွန်း... တကယ့်ကို အခြေခံယဉ်ကျေးမှု မရှိတာပဲ"
မိုးတိမ်နတ်သမီးက နှာခေါင်းရှုံ့လိုက်ပြီး ဤစားပွဲပြီးသည်နှင့် ရှန်းယန်ကို ဤလူနှစ်ယောက်နှင့် ဝေးဝေးနေရန် ပြောမည်ဟု စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံ အစွန်းတစ်ဖက်မှ ရွှေရောင်ရထားလုံးတစ်စီးက လေထုကို ခွဲကာ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
ရထားလုံးကို ချိုပါသော ရွှေရောင်သားရဲ သုံးကောင်က ဆွဲလာခြင်းပင်။ ရထားလုံးပေါ်တွင်တော့ စီကုန်းဟု ရေးထိုးထားသည့် ရွှေရောင်အလံတစ်ခုမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏။
ဝူး…
၎င်းကို မြင်သည်နှင့် စားပွဲရှိ ပါရမီရှင်များမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး ထိုင်နေရာမှ ထရပ်ကာ အချင်းချင်း ပြုံးရွှင်စွာ ပြောလိုက်ကြသည်။
"သခင်လေး စီကုန်း ရောက်လာပြီ"