အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
အခန်း။ ၂၁၇
ဝုန်း…
ဦးချိုပါသော ရွှေရောင်သားရဲ သုံးကောင် ဆွဲလာသည့် ရထားလုံးသည် လေထုကို ခွင်းကာ ရောက်ရှိလာသည်။ ကျယ်ပြောလှသော တိမ်ပင်လယ်မှာ နှစ်ခြမ်းကွဲသွားပြီး ထူထပ်လှသော တိမ်တိုက်လွှာများမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။
ခဏချင်းတွင်ပင် မိုးကုပ်စက်ဝိုင်းအစွန်းတွင် ရှိနေသော ရွှေရောင်ရထားလုံးသည် ရှောင်ဟွေ့တောင်ထိပ်သို့ ဆင်းသက်လာခဲ့သည်။
ရေတံခွန်ကဲ့သို့ နက်မှောင်သော ဆံကေသာရှိပြီး အလွန်တရာ ချောမောခန့်ညားကာ တစ်လောကလုံးကို အစိုးရမည့် မင်းသားတစ်ပါးအလား အရှိန်အဝါရှိသော လူငယ်တစ်ဦးမှာ ရထားလုံးပေါ်မှ ဆင်းသက်လာခဲ့သည်။
သူသည် မည်သည့် တန်ခိုးစွမ်းအားကိုမျှ ထုတ်မပြထားသော်လည်း ကောင်းကင်နှင့် မြေကြီးကပင် သူ့အတွက် လမ်းခင်းပေးထားသကဲ့သို့ ခံစားရစေသည်။
“သခင်လေး စီကုန်း"
“မတွေ့ရတာ လအတော်ကြာပြီ။ သခင်လေးစီကုန်းရဲ့ အရှိန်အဝါက ပိုပြီးတော့တောင် ခန့်ညားလာပါလား”
“မဟာတောရိုင်းတာအိုဂိုဏ်းက လုချင်းထျန်း သခင်လေးစီကုန်းကို ဂါရဝပြုပါတယ်ခင်ဗျာ"
ထိုခဏ၌ စားပွဲရှိ ပါရမီရှင်များအားလုံး ထရပ်လိုက်ကြပြီး ထိုလူငယ်ကို ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။ ဤသည်မှာ သူ၏ မြင့်မားလှသော အဆင့်အတန်းကို သွယ်ဝိုက်၍ ပြသနေခြင်းပင်။
“စီကုန်းနန်... စီကုန်းမိသားစုရဲ့ အခုလက်ရှိ သားကြီးပဲ။ ဒီနေ့ သက်ရှည်ပါရမီရှင်စာရင်းမှာ အဆင့် ၇ ချိတ်ထားတဲ့သူ လွန်ခဲ့တဲ့ သုံးလကတည်းက သူက စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၈ ကို ရောက်နေပြီလို့ သတင်းထွက်နေတာ။ ဟွိုင်ပြည်နယ်ရဲ့ ထိပ်တန်း ပါရမီရှင်ပဲ”
ရှန်းယန်က အားကျစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“သခင်လေးစီကုန်း ငါတို့ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကို လာရောက်တာ ဂုဏ်ယူစရာပါပဲရှင်”
မိုးတိမ်နတ်သမီးမှာ အားကျနှစ်သက်သော မျက်ဝန်းများဖြင့် အမြန်ပင် ပြုံးပြလိုက်သည်။ ဤစီကုန်းနန်ဆိုသည်မှာ အရှေ့ဘက်နယ်မြေရှိ အမျိုးသမီးများ၏ စိတ်ကူးထဲက အိမ်မက်မင်းသား၊ အကောင်းဆုံးသော အဖော်အဖက်ပင်။
မိသားစုနောက်ခံ ကောင်းရုံတင်မကဘဲ အစွမ်းအစမှာလည်း ယနေ့ခေတ် လူငယ်များကြားတွင် ပြိုင်ဘက်ကင်းလှပြီး အနာဂတ်မှာလည်း အလွန်တောက်ပသူ ဖြစ်သည်။ ထို့ပြင် သူ၏ ရုပ်ရည်မှာလည်း အလွန်ချောမောပြီး တင့်တယ်လှပလှသည်။
စီကုန်းနန်၏ မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး ချီးမွမ်းစကားများကို ခေါင်းတစ်ချက် ငြိမ့်ရုံသာ တုံ့ပြန်ကာ ထိပ်ဆုံးနေရာတွင် သဘာဝကျကျ ဝင်ထိုင်လိုက်သည်။
“ရှန်းယန်... သခင်လေးစီကုန်းကို ဘာလို့ အရက်နဲ့ ဂါရဝမပြုသေးတာလဲ”
မိုးတိမ်နတ်သမီးက တိုးတိုးလေး ဆူလိုက်သည်။ ချန်ကျီရှင်း၏ ဘေးတွင် ရပ်နေသော ရှန်းယန်မှာ အိမ်မက်မှ နိုးလာသကဲ့သို့ သတိဝင်လာပြီး အလျင်အမြန်ပင် စီကုန်းနန်ကို အရက်သွားတိုက်တော့သည်။
“ကျွန်တော်က ရှန်းယန်ပါ။ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ။ သခင်လေးစီကုန်း ဒီကို ရောက်လာတာကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီအရက်ခွက်ကို ဂါရဝပြုပါတယ်...”
ရှန်းယန်၏ မျက်နှာမှာ အပြုံးများဖြင့် ပြည့်နှက်နေပြီး အရက်ခွက်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ ခါးကို အတော်လေး နှိမ့်၍ ဂါရဝပြုလိုက်သည်။
သို့သော် သူ စကားပင် မဆုံးသေးမီမှာပင် “မင်းက ငါ့ကို အရက်နဲ့ ဂါရဝပြုဖို့ ဘယ်လောက်အဆင့်ရှိလို့လဲ”
စီကုန်းနန်က ရှန်းယန်ကို မည်သည့် ခံစားချက်မျှ မပါသော မျက်ဝန်းများဖြင့် အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။
ထိုစကားကြောင့် ရှန်းယန်၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။
ရှန်းယန်မှာ လက်နှစ်ဖက်ဖြင့် အရက်ခွက်ကို ကိုင်ထားရင်း ခါးညွှတ်လျက်သား အနေအထားဖြင့်သာ ကျန်ရစ်ခဲ့သည်။ ရှေ့တိုးရမလို နောက်ဆုတ်ရမလို ဝေခွဲမရဖြစ်နေပြီး မျက်နှာတစ်ခုလုံးမှာလည်း အရှက်ရမှုကြောင့် နီမြန်းနေတော့သည်။
"ဘာရပ်လုပ်နေတာလဲ အရက်ခွက်ကို ချပြီး ထိုင်တော့"
မိုးတိမ်နတ်သမီးက ရှန်းယန်ကို မျက်စောင်းထိုးရင်း သူမဘေးက တစ်လုံးတည်းသော လွတ်နေတဲ့ ခုံကို ညွှန်ပြလိုက်သည်။
ထို့နောက် သူမက စီကုန်းနန်ဘက်သို့ ချက်ချင်းလှည့်ကာ အပြုံးမျက်နှာဖြင့်
"သခင်လေးစီကုန်း... တောင်းပန်ပါတယ်ရှင်။ ကျွန်မရဲ့ ဒီမောင်လေးက လူမှုရေးရာ ယဉ်ကျေးမှုတွေကို သိပ်မတတ်သေးလို့ပါ..."
"သူက သက်ရှည်ပါရမီရှင်စာရင်းမှာ ဘယ်အဆင့်လဲ"
စီကုန်းနန်က အေးစက်စွာ ကြားဖြတ်မေးလိုက်သည်။
"အဲဒါက... ကျွန်မမောင်လေးက ပါရမီရှင်စာရင်းထဲမှာ အဆင့်မသတ်မှတ်ခံရသေးပါဘူးရှင်"
"ဒါဆို မင်းက သူ့ကို ငါနဲ့ ဘာလို့ လာမိတ်ဆက်ပေးနေတာလဲ"
မိုးတိမ်နတ်သမီးမှာ ထိုစကားကြောင့် မှင်တက်သွားပြီး ဘာပြန်ပြောရမှန်းမသိဘဲ အချိန်
အတော်ကြာအောင် ကြောင်အသွားရသည်။
နောက်ဆုံးမှ "သခင်လေးစီကုန်း ပြောတာ မှန်ပါတယ် ကျွန်မဘက်က အမှားပါ" ဟု ခြောက်ကပ်ကပ် ရယ်မောရင်း ဝန်ခံလိုက်ရတော့သည်။
စီကုန်းနန်က သူမကို အရေးမပါသလို တစ်ချက်ကြည့်လိုက်သည်။ သူ၏လုပ်ရပ်ကြောင့် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကလူတွေ စိတ်အနှောင့်အယှက်ဖြစ်မလားဆိုတာ သူ လုံးဝဂရုမစိုက်ပေ။ အားနည်းသူတွေသာ လူမှုရေးမျက်နှာစာကို ထည့်တွက်ကြတာဖြစ်ပြီး သူ့အတွက်တော့ ထိုအရာတွေက မလိုအပ်ပေ။
ရှန်းယန်မှာလည်း အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်ပြီး ထိုခုံမှာ ဝင်ထိုင်ရန် ပြင်လိုက်သည်။ သို့သော် သူ မထိုင်ရသေးခင်မှာပင် "ငါက မင်းကို ထိုင်လို့ ပြောလို့လား"
စီကုန်းနန်က ရှန်းယန်ကို မျက်နှာသေဖြင့် ကြည့်လိုက်ပြီး "အဲဒီခုံက ငါ့သူငယ်ချင်းအတွက်" ဟု ပြောလိုက်သည်။
ထိုခဏချင်းမှာပင် စီကုန်းနန်က လက်တစ်ချက် တီးလိုက်ရုံဖြင့် ကောင်းကင်ယံရှိ ရထားလုံးပေါ်မှ ကိုယ်လုံးတီး အနက်ရောင်အမွှေးအမျှင်များဖြင့် ခေါင်းသုံးလုံးပါသော ခွေးနက်ကြီးတစ်ကောင်မှာ ခုန်ဆင်းလာပြီး ထိုခုံပေါ်တွင် လျှာကြီးထုတ်ကာ ထိုင်လိုက်တော့သည်။
ရှန်းယန်၏ မျက်နှာမှာ ချက်ချင်းပင် စိမ်းဖျော့သွားတော့သည်။
သူငယ်ချင်း…ဒီခွေးကြီးက သူ့သူငယ်ချင်းလား။ ဒါဆို စီကုန်းနန်ရဲ့ မျက်လုံးထဲမှာ ငါက ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူးလို့ ဆိုလိုတာလား။
"တောင်းပန်ပါတယ်..."
ရှန်းယန်မှာ မျက်နှာတပြင်လုံး နီမြန်းလျက် ချန်ကျီရှင်း၏ ဘေးသို့ အမြန်ပြန်ဆုတ်လာခဲ့ရသည်။ ပါရမီရှင်များ စားပွဲဝိုင်းတွင်တော့ မိုးတိမ်နတ်သမီးမှာ ပညာရှိစွာပင် နှုတ်ဆိတ်နေလိုက်တော့သည်။
ကျန်ရှိသော ပါရမီရှင်များကမူ စီကုန်းနန်၏ အချစ်တော်ခွေးကြီးမှာ မည်မျှခန့်ညားကြောင်းကို အလုအယက် ဝိုင်းဝန်းမြှောက်ပင့်ကာ ပြောဆိုနေကြတော့သည်။
"တောက်... ဒီစီကုန်းနန်ကတော့ တကယ့်ကို သူတစ်ပါးကို လူလိုမမြင်တာပဲ"
ရှန်းယန်က ချန်ကျီရှင်း၏ ဘေးတွင်ရပ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ချန်ကျီရှင်းကတော့ စီကုန်းနန်ကို ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် ခေါင်းယမ်းလိုက်မိသည်။
ဒီကောင်ကတော့ တကယ့်ကို အပီအပြင် ကပြနေတာပဲ။ စကားလုံးတစ်လုံးတည်းနဲ့ ပြောရရင် "ပြည့်စုံတယ်"
အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာသည်။ ပါရမီရှင်တစ်စုမှာ အရက်သောက်ရင်း၊ ရယ်မောရင်း နယ်ပယ်အတွင်းရှိ အခြေအနေအရပ်ရပ်နှင့် ထင်ရှားသော ပါရမီရှင်များအကြောင်းကို ဆွေးနွေးနေကြသည်။
ချန်ကျီရှင်းကတော့ တူကူးနီနှင့်သာ အေးအေးဆေးဆေး စကားပြောနေ၏။ ထိုပါရမီရှင်များ၏ ပြောစကားများကို သူ လုံးဝစိတ်မဝင်စားပေ။ သူတို့ ဘယ်လောက်ပဲ ပြောပြော စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့်အတွင်းက တိုက်ပွဲများသာ ဖြစ်သည်။ ချန်ကျီရှင်း၏ အမြင်မှာမူ ထိုနယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်သည်။
ချန်ကျီရှင်းကို စိတ်ဝင်စားစေသည့်အရာမှာ တူကူးနီ၏ မမျှော်လင့်ထားသော သဘောထားပင်။ ရန်သူဟောင်း၏ သားဖြစ်သူ သူ့ရှေ့တွင် ရောက်နေသည့်တိုင် တူကူးနီမှာ သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ထားနိုင်ပြီး ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေသည်။
ဤအချက်က ချန်ကျီရှင်းကို တူကူးနီအပေါ် ပို၍ လေးစားမိစေသည်။ ကိုယ့်စိတ်ခံစားချက်ကို ဤကဲ့သို့ ထိန်းချုပ်နိုင်သူများသည် နောင်တစ်ချိန်တွင် ကြီးကျယ်သောအရာများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြသူများပင်။
"ဟားဟား... ဒီနေ့ခေတ်မှာဆိုရင်တော့ ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး ချန်ကျီရှင်းက သက်ရှည်ပါရမီရှင်စာရင်းမှာ အဆင့် ၁ ချိတ်ထားတဲ့သူ တစ်ယောက်ပဲ။ သခင်လေးစီကုန်းနဲ့ ယှဉ်နိုင်မှာ မဟုတ်လား"
ပါရမီရှင်တစ်ဦးက မြှောက်ပင့်လိုက်သည်။
သို့သော် ထိုမြှောက်ပင့်စကားကြောင့် စီကုန်းနန်၏ မျက်မှောင်မှာ အနည်းငယ် ကျုံ့သွားသည်။
"ချန်ကျီရှင်း ဟင်း..."
စီကုန်းနန်က အဓိပ္ပာယ်ပါပါ ရယ်မောလိုက်ပြီး အရက်ကို တစ်ငုံသောက်လိုက်သည်။
"အသက် ၁၃ နှစ်အရွယ် ချန်ကျီရှင်းက စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၆ ကို ရောက်ပြီး နိဗ္ဗာန်နနယ်ပယ်သို့ ခြေတစ်လှမ်းလှမ်းနေတဲ့သူကို သတ်နိုင်တယ်ဆိုတာကို မင်းတို့ တကယ်ပဲ ယုံနေကြတာလား"
ထိုစကားကြောင့် ရှိနေသော ပါရမီရှင်များအားလုံး အချင်းချင်း ကြည့်လိုက်ကြသည်။
"ဒါဆို... ဒါတွေက အမှားတွေ ဖြစ်နေနိုင်တာလား"
လျှို့ဝှက်နတ်ဘုရားဂိုဏ်းမှ ရှဲ့ဝန်ယန်က ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။
စီကုန်းနန်က အရက်ခွက်ကို ချလိုက်ပြီး တိုက်ရိုက်အဖြေမပေးဘဲ ရယ်မောလျက် ပြောလိုက်သည်။
"ပုံရိပ်တစ်ခု ဖန်တီးတယ်ဆိုတာ ဘာလဲဆိုတာ မင်းတို့ သိကြလား"
"ပုံရိပ်တစ်ခု ဖန်တီးတယ်"
အားလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
စီကုန်းနန်က သူ၏လက်သူကြွယ်မှ လက်စွပ်ကို အသာအယာ ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ငါ အသက် ၁၃ နှစ်တုန်းက နက်နဲသောအဆင့်မှာပဲ ရှိသေးတာ။ မင်းတို့ ထင်နေတာလား... တကယ်ပဲ အသက် ၁၃ နှစ်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်ပြီး နိဗ္ဗာန်နနယ်ပယ် တစ်ဝက်ကို သတ်နိုင်တဲ့သူ ရှိတယ်လို့"
သူက ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။
"ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး ချန်ကျီရှင်းမှာ တကယ်တမ်း အစွမ်းအစ အနည်းငယ်တော့ ရှိမှာပါ။ ဒါပေမဲ့ အဲဒီအစွမ်းအစက တကယ်ထက် အဆပေါင်းများစွာ ချဲ့ကားပြီး ပုံဖော်ခံထားရတာပဲ။ ဒါက ဇီဝေချန်မိသားစုက သူတို့ရဲ့ ပါရမီရှင်ကလေးကို ကမ္ဘာကျော်အောင်၊ နာမည်ကြီးအောင် လုပ်ပြီး အကျိုးအမြတ်ရှာဖို့အတွက် ဖန်တီးထားတဲ့ ပုံရိပ်တစ်ခုပဲ"
"ငါ မင်းတို့ကို တစ်ခု သင်ပေးမယ်။ အရာရာကို အပေါ်ယံကြည့်ရုံနဲ့ မဆုံးဖြတ်ဘဲ အနှစ်သာရကို မြင်အောင် ကြည့်တတ်ရမယ်။ ဇီဝေချန်မိသားစုက ဒီလို ပါရမီရှင်တစ်ယောက်ရှိတယ်လို့ ဝါဒဖြန့်လိုက်ကတည်းက... အင်အားကြီးအဖွဲ့အစည်း တော်တော်များများက ချန်ကျီရှင်းရဲ့ အနာဂတ်ကို ကြည့်ပြီး ချန်မိသားစုနဲ့ မဟာမိတ်ဖွဲ့ဖို့ ရွေးချယ်လာကြတာ မြင်သာပါတယ်။ ကျင့်ကြံသူ တော်တော်များများကတောင် ချန်မိသားစုထဲ ဝင်ပြီး နောင်တစ်ချိန်မှာ ချန်ကျီရှင်းနဲ့အတူ အာဏာရှိတဲ့ နေရာတွေ ရဖို့ မျှော်လင့်နေကြတာလေ"
ထိုစကားများအဆုံးတွင် ပါရမီရှင်များအားလုံးမှာ တစ်ခုခုကို ဘုန်းခနဲ သဘောပေါက်သွားသကဲ့သို့ မျက်နှာပေးများ ဖြစ်သွားကြသည်။
"သခင်လေး... သူတို့က အခု သခင်လေးအကြောင်း ပြောနေကြတာပဲ။ ဒီစီကုန်းမိသားစုကလူက သခင်လေးကို လူလိမ်တစ်ယောက်လို့ ထင်နေပုံပဲ"
တူကူးနီက ဒါကိုကြားတော့ ခပ်တိုးတိုး ရယ်မောရင်း ပြောလိုက်သည်။
ချန်ကျီရှင်းလည်း ထိုစကားကို ကြားရသောအခါ ထူးဆန်းသော မျက်နှာပေးမျိုး ဖြစ်သွားသည်။
"ဒီစီကုန်းနန်ကတော့... ငါ့ရဲ့ အရင်ဘဝက အရာရာကို သိနားလည်သလိုလိုနဲ့ ဟန်ဆောင်
တတ်တဲ့ ဆရာကြီးတွေအတိုင်း ပြုမူနေတာပဲ"
"သခင်လေးစီကုန်း... အဲဒါတော့ မဟုတ်လောက်ဘူး ထင်တယ်။ ကျွန်တော်တို့အားလုံး ချန်ကျီရှင်းရဲ့ တိုက်ပွဲကို အလင်းမှန်ထဲမှာ မြင်ခဲ့ကြတာပဲ။ အဲဒါက အတုဖြစ်ဖို့ မဖြစ်နိုင်ဘူး မဟုတ်ဘူးလား"
ပါရမီရှင်တစ်ဦးက တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်သည်။
စီကုန်းနန်က လှောင်ပြောင်ရယ်မောလိုက်ပြီး "မှတ်ထားပါ... ဒီလောကမှာ မင်းမြင်ရတဲ့အရာ အတော်များများက တခြားလူတွေက မင်းကို မြင်စေချင်လို့ တမင်ပြထားတာတွေပဲ"
"ချန်ကျီရှင်းက မှန်ကူကွက်ထဲမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၆ ရဲ့ စွမ်းအားကို ပြသခဲ့ပြီး လူအများရှေ့မှာ နိဗ္ဗာန်နနယ်ပယ်ကျင့်ကြံသူကို သတ်ခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ အဲဒါက တကယ့်အမှန်တရားလို့ မင်းထင်နေတာလား"
"ဒါဆို... ဒါက တကယ်ကြီး အတုဖြစ်နိုင်တာလား"
ပါရမီရှင်များမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
"ဟဲဟဲ... ငါပြောခဲ့သလိုပဲ မင်းမြင်ရတာက သူတို့က မင်းကို မြင်စေချင်တာကိုပဲ မြင်ရတာ"
စီကုန်းနန်က လက်ကို ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြုံးလိုက်သည်။
"ဇီဝေချန်မိသားစုရဲ့ ဂိုဏ်းချုပ် ချန်တောက်ယန်က ဘာလို့ ချန်ကျီရှင်းရဲ့ တိုက်ပွဲပြီးမှ ပေါ်လာရတာလဲဆိုတာ မင်းတို့ သိလား"
စီကုန်းနန်က လူအုပ်ကို တစ်ချက်ဝေ့ကြည့်ကာ အေးအေးဆေးဆေး ဆက်ပြောသည်။
"အဲဒါက ချန်ကျီရှင်းဆိုတာ ချန်တောက်ယန်ရဲ့ လက်ထဲက ရုပ်သေးရုပ်သက်သက်မို့လို့ပဲ"
"ချန်ကျီရှင်းရဲ့ တိုက်ပွဲက သူကိုယ်တိုင် တိုက်နေသလို ထင်ရပေမဲ့ အမှန်တရားကတော့ ချန်တောက်ယန်က လေဟာနယ်ထဲမှာ ပုန်းကွယ်နေပြီးတော့ လျှို့ဝှက်ကျင့်စဉ်တွေနဲ့ ချန်ကျီရှင်းကို ကြိုးကိုင်ပြီး တိုက်ခိုက်ခိုင်းနေတာ ဒီလို ကြိုးကိုင်တဲ့ နည်းလမ်းမျိုးက သက်ရှည်မိသားစုတစ်ခုအတွက်တော့ အသေးအဖွဲလေးပဲ"
"အဲဒီတော့မှ ချန်ကျီရှင်းက လူအများရှေ့မှာ အံ့သြစရာကောင်းတဲ့ အစွမ်းတွေကို ပြနိုင်ခဲ့ပြီး ဇီဝေချန်မိသားစုရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာ။ အခုလောက်ဆို ငါပြောတာကို နားလည်လောက်ပြီ မဟုတ်လား"
ထိုစကားများမှာ ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ ပါရမီရှင်များကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။
"ဒါ... ဒါက... တကယ့်ကို ကြီးမားတဲ့ လှည့်စားမှုကြီး မဟုတ်ဘူးလား"
သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်နေကြသည်။ ယခုလက်ရှိ သက်ရှည်ပါရမီရှင်စာရင်းမှာ နံပါတ် ၁ ချိတ်ထားပြီး အနှိုင်းမဲ့သူဟု အမွှမ်းတင်ခံထားရသော ချန်ကျီရှင်း၏ နောက်ကွယ်မှာ ဤကဲ့သို့ ဇာတ်လမ်းရှိလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
"ဟားဟားဟားဟား... ရယ်ရလွန်းလို့ သေတော့မှာပဲ"
ထိုအချိန်တွင် တူကူးနီမှာ စိတ်မထိန်းနိုင်တော့ဘဲ အကျယ်ကြီး ရယ်မောလိုက်တော့သည်။ သူ၏ဘေးတွင်လည်း ချန်ကျီရှင်းမှာ မနေနိုင်တော့ဘဲ ပေါက်ကွဲထွက်မတတ် ရယ်မောလိုက်မိသည်။
"သူ့ကိုယ်သူ အရာရာကို ထိုးထွင်းသိမြင်နေတဲ့သူကြီးလို့ ထင်နေတဲ့ ဒီဆရာကြီးကတော့ တကယ့်ကို ရယ်စရာကောင်းလွန်းတယ်။ အားလုံးက မူးနေပြီး သူတစ်ယောက်တည်းပဲ အမှန်မြင်နေသယောင်ယောင် လုပ်ပြနေတာပဲ"
ထိုခဏချင်းမှာပင်...
ရှပ်... ရှပ်... ရှပ်
အားလုံး၏ အကြည့်များမှာ ချန်ကျီရှင်းနှင့် တူကူးနီတို့ဆီသို့ စူးစိုက်ရောက်ရှိသွားကြသည်။
"မင်းတို့... ဘာကို ရယ်နေတာလဲ"
စီကုန်းနန်၏ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အကြည့်များဖြင့် တင်းမာလာတော့သည်။
အခန်း။ ၂၁၈
"ဘာကို ရယ်တာလဲ ဟုတ်လား"
စီကုန်းနန်၏ အပြုံးများ ပျောက်ကွယ်သွားပြီးနောက် ထိုစကားကို အေးစက်စွာ ပြောလိုက်သည်။ စားပွဲရှိ ကျန်ရှိသော ပါရမီရှင်များမှာလည်း သူတို့၏ အကြည့်များကို ချန်ကျီရှင်းနှင့် တူကူးနီတို့ထံသို့ တစ်ပြိုင်နက်တည်း ပို့လွှတ်လိုက်ကြပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။
"မတော်တရားလိုက်တာ"
"သခင်လေးစီကုန်း စကားပြောနေတာကို နားထောင်ခွင့်ရတာတင် မင်းတို့အတွက် ကုသိုလ်ထူးလှပြီ။ ဒီလိုအချိန်မျိုးမှာ ဘယ်လိုတောင် ရယ်ရဲရတာလဲ"
"မိုးတိမ်နတ်သမီး... မင်းမောင်လေးရဲ့ သူငယ်ချင်းတွေက တကယ့်ကို အခြေခံယဉ်ကျေးမှု မရှိတာပဲ။ ငါ့အမြင်အရတော့ သူတို့ကို ကောင်းကောင်းလေး ပညာပေးဖို့ လိုနေပြီ"
ပါရမီရှင်များက တစ်ဦးပြီးတစ်ဦး အေးစက်စွာ ကဲ့ရဲ့ပြစ်တင်ကြတော့သည်။ မိုးတိမ်နတ်သမီး၏ မျက်နှာမှာလည်း အလွန်အမင်း ကြည့်ရဆိုးနေပြီဖြစ်သည်။
"ဘာမှမဟုတ်ပါဘူး။ တချို့လူတွေက ကိုယ့်ကိုယ်ကိုယ် တော်လှပြီ တတ်လှပြီလို့ ထင်နေကြတာက တကယ့်ကို ရယ်စရာကောင်းနေလို့ပါ"
တူကူးနီက လက်ကို ဝှေ့ယမ်းရင်း ပြုံး၍ ပြောလိုက်သည်။
"အော်... မင်းက ငါ့ကို ကိုယ့်ကိုကိုယ် တော်တယ်လို့ ထင်နေတာလို့ ပြောချင်တာလား"
စီကုန်းနန်၏ မျက်နှာမှာ မှောင်မှောက်သွားပြီး သူ၏မျက်ဝန်းများထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
"အစောင့်တွေ... သူ့ကို ပါးရိုက်စမ်း"
ထိုစကားအဆုံးတွင်
ဝုန်း
ကောင်းကင်ယံရှိ ရွှေရောင်ရထားလုံးထဲမှ ရွှေရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသည့် သန်မာသော အမျိုးသားနှစ်ဦး ထွက်လာသည်။ သူတို့ထံမှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်၏ အရှိန်အဝါများ ထွက်ပေါ်နေပြီး ချန်ကျီရှင်းတို့ သုံးယောက်ရှိရာသို့ လျှောက်လှမ်းလာကြသည်။ ချက်ချင်းပင် တစ်နေရာလုံးတွင် လေထုမှာ အလွန်အမင်း တင်းမာသွားတော့သည်။ ပါရမီရှင်တစ်စုမှာတော့ နှုတ်ခမ်းစွန်းတွင် လှောင်ပြုံးများ ဆင်မြန်းထားကြ၏။
ထိုအရာကို မြင်လိုက်ရသောအခါ မိုးတိမ်နတ်သမီး၏ မျက်နှာမှာ ပျက်သွားတော့သည်။ စီကုန်းနန်၏ အစေခံနှစ်ဦးမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်မှ စစ်သည်တော်များ ဖြစ်ကြသည်။
သူတို့သာ တကယ် ပါးရိုက်လိုက်မည်ဆိုပါက ဤသုံးယောက်မှာ အသက်ရှင်နိုင်မည်မဟုတ်ပေ။
သူမသည် ချန်ကျီရှင်းနှင့် တူကူးနီတို့၏ အသက်ဘေးကို ဂရုမစိုက်သော်လည်း ရှန်းယန်မှာ သူမ၏ ဂိုဏ်းတူမောင်လေး ဖြစ်သည့်အပြင် သူမကိုယ်တိုင် အပြင်မှ ရွေးချယ်ခေါ်ဆောင်လာသူ ဖြစ်သည်။ သူ ဤနေရာတွင် အသေအရိုက်ခံရ၍ မဖြစ်ချေ။
ထိုသို့တွေးကာ မိုးတိမ်နတ်သမီးမှာ အံကိုတင်းတင်းကြိတ်ပြီး အမြန်ထရပ်ကာ ထိုစစ်သည်တော်နှစ်ဦး၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
"သခင်လေးစီကုန်း... သခင်လေးက စိတ်သဘောထား ကြီးမြတ်တဲ့သူပဲ။ ဒီလို ပုရွက်ဆိတ်လေးတွေနဲ့ ဘာလို့ အဖက်လုပ် ငြင်းခုံနေမှာလဲရှင်"
"သူတို့ကို ကျွန်မလက်ထဲပဲ အပ်ထားလိုက်ပါလား သူတို့ကို ကျွန်မ နောက်မှ သေချာဆုံးမလိုက်ပါ့မယ်။ သူတို့ နောင်တရသွားစေရမယ်လို့ ကတိပေးပါတယ်ရှင်"
မိုးတိမ်နတ်သမီးက စီကုန်းနန်ကို ကြည့်ကာ အားနာသလို ပြုံးပြလိုက်သည်။ ထို့နောက် သူမက မျက်ခုံးကို ပင့်တင်ကာ အပြင်းအထန် ဆူပူလိုက်တော့သည်။
"ရှန်းယန် မင်းက မင်းရဲ့ ပြဿနာရှာတတ်တဲ့ သူငယ်ချင်းနှစ်ယောက်ကို တောင်အောက်ကို မြန်မြန်ခေါ်သွားပြီး ငါ့ကို မစောင့်သေးဘူးလား"
ရှန်းယန်မှာ ထိုစကားကို ကြားသောအခါ တွေဝေသွားပြီး ချန်ကျီရှင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုသို့ မြင်လိုက်ရသောအခါ မိုးတိမ်နတ်သမီးမှာ စိတ်ထဲတွင် ပို၍ပင် ဒေါသထွက်သွားရသည်။
တောက် ရှန်းယန်ကို ဒီလူတွေက ဘာမှိုင်းတွေ တိုက်ထားတာလဲ။ စီကုန်းနန်က စိတ်ဆိုးနေပြီး မင်းတို့ကို သတ်တော့မှာ ရှင်းနေတာကို အခုလို အချိန်မျိုးမှာတောင် မင်းသူငယ်ချင်းကို အရင်လှမ်းမေးနေသေးတယ်လား။ မင်းသူငယ်ချင်းက မင်းကို ကယ်နိုင်လို့လား။
ထိုသို့တွေးကာ မိုးတိမ်နတ်သမီးသည် ရှန်းယန်ကို တောင်အောက်သို့ လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။ ထို့နောက် သူမသည် တည်ငြိမ်နေသော ချန်ကျီရှင်းနှင့် တူကူးနီတို့ကို ဒေါသများကို ထိန်းချုပ်ကာ အေးစက်စက် ကြည့်လိုက်သည်။
"နင်တို့နှစ်ယောက်ကို ငါက အတင်းနှင်ထုတ်မှ ထွက်သွားမှာလား"
"နင်လို ကောင်မလေးက..."
တူကူးနီက မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ချန်ကျီရှင်းက သူ၏ ပုခုံးကို ပုတ်ကာ တားလိုက်ပြီး မိုးတိမ်နတ်သမီးကို ပြုံး၍ ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်တော့်ရဲ့ အစေခံအိုကြီးက စကားပြောနည်းနည်း ကြမ်းသွားလို့ အခက်တွေ့စေမိပြီ။ ကျွန်တော်တို့ အခုပဲ ထွက်သွားပါ့မယ်"
ပြောပြီးသည်နှင့် ချန်ကျီရှင်းသည် တူကူးနီကို ဆွဲကာ ရှောင်ဟွေ့တောင်အောက်သို့ ဆင်းလာခဲ့တော့သည်။
"ဟွန်း... အခြေအနေ သိတတ်လို့ တော်သေးတာပေါ့"
မိုးတိမ်နတ်သမီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် စီကုန်းနန်ဘက်သို့ လှည့်ကာ အားနာသလို ပြန်ပြုံးပြလိုက်တော့သည်။
“သခင်လေးစီကုန်းရဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်ရှင်။ ကျွန်မရဲ့မောင်လေးနဲ့ အခြေခံယဉ်ကျေးမှုမရှိတဲ့ ဟိုနှစ်ယောက်အတွက် အနူးအညွတ်တောင်းပန်တဲ့အနေနဲ့ ကျွန်မကိုယ်တိုင် အရက်သုံးခွက်သောက်ပြီး အပြစ်ပေးပါ့မယ်။ နောက်သုံးရက်နေရင် ကျွန်မတို့ဂိုဏ်းရဲ့ မိုးကြိုးကန်ကို ဖွင့်လှစ်တော့မှာမို့လို့ အားလုံးကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားပါတယ်ရှင်"
စီကုန်းနန်သည် အရက်ခွက်ကို မြှောက်ကာ သူ၏ပါးလွှာသော နှုတ်ခမ်းများဖြင့် တစ်ငုံသောက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ထားလိုက်ပါတော့... ဒီနေ့က ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းရဲ့ နယ်မြေထဲမှာမို့လို့ မင်းမျက်နှာကို ထောက်ထားပေးလိုက်မယ်။ ဒါပေမဲ့ အဲဒီလူတွေသာ နောက်တစ်ခါ ထပ်ပြီး ရိုင်းစိုင်းဦးမယ်ဆိုရင်တော့ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ချက်ချင်း သတ်ပစ်မယ်"
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါရှင်။ နောက်တစ်ခါ ဒီလိုမျိုး လုံးဝမဖြစ်စေရဘူးလို့ ကျွန်မ အာမခံပါတယ်ရှင်"
မိုးတိမ်နတ်သမီးသည် အလျင်အမြန် ပြုံးကာ သဘောတူလိုက်ရတော့သည်။
...
ရှောင်ဟွေ့တောင်ခြေ။
ချန်ကျီရှင်းနှင့် တူကူးနီတို့သည် တောင်ပတ်လမ်းအတိုင်း တစ်လှမ်းချင်း ဆင်းလာခဲ့ကြသည်။
“သခင်လေး... သူတို့က အရေးမပါတဲ့ လူအုပ်စုသက်သက်ပါပဲ။ ဘာလို့ သည်းခံနေတာလဲ ကျွန်တော့်ကို အသက်ရှူဆယ်ခါစာလောက်ပဲ အချိန်ပေးပါ။ ဒီမှာရှိတဲ့သူ တစ်ယောက်မှ အသက်ရှင်ကျန်မှာ မဟုတ်ဘူး။ မြေကြီးထဲက တီကောင်တွေကိုတောင် အပိုင်းပိုင်းဖြစ်အောင် ပိုင်းပစ်လိုက်မယ်”
တူကူးနီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အဲဒါက ဖြစ်နိုင်ပေမဲ့ မလိုအပ်ဘူးဗျ"
ချန်ကျီရှင်းက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီလူတွေကို သတ်လို့ရတယ် ဒါပေမဲ့ အခု မဟုတ်သေးဘူး။ ငါတို့ ဒီကိုလာတဲ့ ရည်ရွယ်ချက်ကို မမေ့ပါနဲ့ဦး"
တူကူးနီသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ ချန်ကျီရှင်းသည် မိုးကြိုးကန်အတွင်းရှိ မိုးကြိုးစွမ်းအားများအတွက် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းသို့ လာခြင်းဖြစ်ကြောင်း သူ နားလည်သည်။ တကယ်လို့ ဒီနေ့သာ အခြေအနေတွေ လက်လွန်သွားခဲ့ရင် သူတို့ ဒီဂိုဏ်းကနေ ချက်ချင်း ထွက်သွားရပေလိမ့်မည်။
“တတိယသခင်လေး အကြီးအကဲနီ”
ချန်ကျီရှင်းနှင့် တူကူးနီတို့ တောင်ပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ ရှန်းယန်က အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။ စိုးရိမ်ပူပန်နေသော သူသည် နောက်ဆုံးမှ သက်ပြင်းချနိုင်တော့သည်။
သူကတော့ အတော်လေး စိုးရိမ်နေခဲ့ခြင်းပင်။
တကယ်လို့သာ ချန်ကျီရှင်းနဲ့ တူကူးနီတို့က သတ်ဖြတ်လိုစိတ်ကို မထိန်းနိုင်ဘဲ တိုက်ခိုက်လိုက်မယ်ဆိုရင် သူ့ရဲ့ စီနီယာအစ်မပါ အသတ်ခံရနိုင်တာမို့လို့ အခြေအနေက မကောင်းနိုင်ပေ။
သူ့စီနီယာအစ်မက သူ့ကို လေသံမာမာနဲ့ ပြောဆိုတတ်ပေမဲ့လည်း သူမက သူ့အပေါ် စေတနာအရင်းခံရှိမှန်း သူ သိသည်။
“စိတ်အေးအေးထားပါ။ ငါက ဒီလောက်အလွယ်တကူနဲ့တော့ စိတ်မလွတ်တတ်ပါဘူး"
ချန်ကျီရှင်းက ခပ်ပြုံးပြုံး ပြောလိုက်သည်။
“တော်သေးတာပေါ့... တော်သေးတာပေါ့ဗျာ။ ကျွန်တော့်မှာတော့ တကယ်ကို ထိတ်လန့်သွားတာပဲ”
ရှန်းယန်က သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
“မင်းက ကံကောင်းတဲ့သူပဲ။ မင်းစီနီယာအစ်မက မင်းကို အမြဲဆူပူနေပေမဲ့ တကယ်တမ်းကျတော့ သူမက ခြေလှမ်းတိုင်းမှာ မင်းကို ကာကွယ်ပေးနေတာပဲ”
တူကူးနီက နောက်ပြောင်လိုက်သည်။
ရှန်းယန်မှာ ထိုစကားကို ကြားသောအခါ ခေါင်းကိုကုတ်ရင်း အူကြောင်ကြောင် ပြုံးကာ “အဲဒါက ဇာတ်လမ်းရှည်ကြီးဗျ။ စီနီယာအစ်မက ကျွန်တော့်အပေါ် တကယ်ပဲ ကောင်းရှာပါတယ်...”
အချိန်တွေ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ ရှန်းယန်၊ တူကူးနီနှင့် အခြားသူများမှာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေကြသည်။ တစ်နာရီခန့်အကြာတွင် မိုးတိမ်နတ်သမီးမှာ ရှောင်ဟွေ့တောင်ပေါ်မှ ပထမဆုံး ဆင်းလာခဲ့သည်။
“စီနီယာအစ်မ... ဘာလို့ စောစောဆင်းလာတာလဲဗျ”
ရှန်းယန်က အမြန်ရှေ့တိုးကာ မေးလိုက်သည်။
“ငါသာ မင်းကို အမြန်လာမခေါ်ရင် ခဏနေ သခင်လေးစီကုန်းနဲ့အတူ ဆင်းလာတဲ့အခါ မင်းရဲ့ ပြဿနာရှာတတ်တဲ့ သူငယ်ချင်းနှစ်ယောက်ကို သူမြင်သွားရင် ပြဿနာတွေ ထပ်တိုးမနေဘူးလား”
မိုးတိမ်နတ်သမီးက ရွဲ့သလို ပြောလိုက်သည်။
“ရှန်းယန်... မင်း ဒီသူငယ်ချင်းတွေကို ဘယ်မှာ သွားတွေ့ခဲ့တာလဲ။ သူတို့က ဘယ်သူတွေမို့လို့လဲ အစွမ်းအစက ဘာမှမရှိဘဲနဲ့ အရှိန်အဝါကတော့ တော်တော်ကြီးပါလား။ သခင်လေးစီကုန်းကိုတောင် လှောင်ရယ်ရဲတယ်ပေါ့”
ရှန်းယန်မှာ ထိုစကားကို ကြားသောအခါ ခြောက်ကပ်ကပ် ရယ်မောရင်းသာ ပြောနိုင်တော့သည်။
“စီနီယာအစ်မ... ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ နောက်ခံကတော့... အဟမ်း အခုလောလောဆယ် မမေးတာ ပိုကောင်းပါလိမ့်မယ်။ နောက်ကျရင် စီနီယာအစ်မ အလိုလို သိလာမှာပါ"
“အော်... မင်းရဲ့ သူငယ်ချင်းနှစ်ယောက်က ကျင့်ကြံခြင်းလောကမှာ အဲဒီလောက်တောင် ကျော်ကြားလို့လား နောက်မှ ငါအလိုလို သိလာမှာဆိုတော့”
မိုးတိမ်နတ်သမီးက နှာခေါင်းရှုံ့ကာ ထပ်မံပြောရန် ပြင်လိုက်သည်။
“ကဲပါ... စီနီယာအစ်မရယ်၊ဘာမှထပ်မပြောပါနဲ့တော့။ ဂိုဏ်းကို မြန်မြန်ပြန်ကြရအောင်”
ရှန်းယန်က အကြောင်းအရာကို အမြန်လွှဲလိုက်သည်။
“ဟွန်း... ဂိုဏ်းကို ပြန်ရောက်မှ မင်းနဲ့ ကောင်းကောင်းစာရင်းရှင်းမယ်”
မိုးတိမ်နတ်သမီးသည် ရှန်းယန်ကို တစ်ချက်မျက်စောင်းထိုးကာ အဝေးရှိ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းဆီသို့ ခပ်သွက်သွက် လျှောက်သွားတော့သည်။
“ကျွန်တော့်စီနီယာအစ်မက အဲဒီလိုပါပဲ စကားပြောတာပဲ ကြမ်းတာပါ။ စိတ်ထားကတော့ မဆိုးပါဘူး။ တတိယသခင်လေးနဲ့ အကြီးအကဲနီတို့ စိတ်ထဲ မထားပါနဲ့ခင်ဗျာ"
ရှန်းယန်က အားနာသလို ကြည့်လိုက်သည်။
“ရှန်းယန်”
“လာပြီ... လာပါပြီ”
ရှေ့မှ အော်ခေါ်သံကို ကြားရသောအခါ ရှန်းယန်မှာ အမြန်ပြေးလိုက်သွားတော့သည်။
ချန်ကျီရှင်းနှင့် တူကူးနီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းခါလိုက်ကြသည်။
“ရှန်းယန်လို ကြားထဲကနေ ညှိနှိုင်းနေရတာက တကယ်ကို ပင်ပန်းဖို့ ကောင်းမှာပဲ"
တူကူးနီက နှာခေါင်းကို တို့ရင်း ပြုံးလိုက်သည်။
“သွားကြစို့။ နောက်သုံးရက်နေရင် မိုးကြိုးကန် ပွင့်လာလိမ့်မယ်။ ငါတို့ လုပ်စရာရှိတာတွေ လုပ်ပြီးလို့ ပြန်ခါနီးကျရင်တော့ သူ့ကို အခွင့်အရေးတစ်ခုလောက် ပေးခဲ့တာပေါ့"
ချန်ကျီရှင်းက ခေါင်းခါလိုက်ပြီးနောက် ရှေ့သို့ လှမ်းတက်ကာ လိုက်ပါသွားခဲ့တော့သည်။