အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အခန်း။ ၂၁၉
ခေတ္တအကြာတွင်...
ရှန်းယန်၏ လမ်းညွှန်မှုဖြင့် ချန်ကျီရှင်းနှင့် တူကူးနီတို့သည် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကို တောင်ငါးလုံးဖြင့် ဖွဲ့စည်းထားပြီး ကောင်းကင်ယံသို့ ဆန့်တန်းထားသည့် ဧရာမလက်ဝါးကြီးတစ်ခုအလား တိမ်တိုက်များထဲအထိ ထိုးထွက်ကာ ခန့်ညားထည်ဝါလှသည်။
ချန်ကျီရှင်းနှင့် တူကူးနီတို့ကို အနားယူရန် နေရာချထားပေးပြီးနောက်
“ရှန်းယန်... ဒီကိုလာခဲ့စမ်း”
မိုးတိမ်နတ်သမီးသည် ရှန်းယန်ကို မျက်စောင်းထိုးကြည့်ကာ ဘေးသို့ ဆွဲထုတ်သွားတော့သည်။ ရှန်းယန်နှင့် အလေးအနက် ဆွေးနွေးရမည့် ကိစ္စအချို့ သူမတွင် ရှိနေခြင်းပင်။
...
တစ်ချိန်တည်းမှာပင် နတ်ဘုရားတံခါးမြို့တော်ရှိ လီအိမ်တော်။
“ငြိမ်သက်ခြင်း”
လီချန်ရှန်းသည် လက်ထဲတွင် စုတ်တံတစ်ချောင်းကို ကိုင်ထားပြီး ငြိမ်သက်ခြင်းဟူသော စာလုံးကို စက္ကူပေါ်တွင် ထပ်ခါတလဲလဲ ရေးသားနေသည်။
“အရှင် ကိုးဆယ့်ခုနစ်ယောက်မြောက် ကိုယ်လုပ်တော်လေး သားဖွားပြီးပြီရှင် သားယောက်ျားလေးပါပဲ။ သဘာဝအလျောက် ရေဓာတ်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်”
အလှပဂေး အမျိုးသမီးတစ်ဦးသည် မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ယိမ်းနွဲ့ကာ ရှေ့သို့ လျှောက်လာခဲ့သည်။
“အင်း... မဆိုးပါဘူး"
လီချန်ရှန်းက အေးစက်စွာ တုံ့ပြန်လိုက်ပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ယခုအခါ သူ၌ သားသမီး နှစ်ရာနီးပါး ရှိနေပြီဖြစ်ရာ နောက်ထပ် သားတစ်ယောက် ထပ်တိုးလာခြင်းမှာ သူ၏ စိတ်ခံစားချက်ကို သိပ်ပြီး မလှုပ်ခတ်နိုင်တော့ချေ။
“သာမန် ကံကောင်းခြင်းတွေက ငါ့အတွက် အကျိုးသက်ရောက်မှု မရှိတော့ဘူး။ ငါ့ရဲ့ ကျင့်ကြံမှုကို ထပ်ပြီး တိုးတက်စေဖို့ဆိုရင် တကယ့်ကို ထူးခြားဆန်းပြားတဲ့ သားသမီးမျိုး ဖွားမြင်လာမှပဲ ဖြစ်တော့မယ်"
လီချန်ရှန်းက သက်ပြင်းတစ်ချက် အသာချလိုက်ပြီး တစ်စုံတစ်ခုကို အခက်တွေ့နေပုံပင်။
“အရှင်... တစ်ခုခု စိတ်အနှောင့်အယှက် ဖြစ်နေတာလားဟင်”
ထိုအမျိုးသမီးသည် လီချန်ရှန်း၏ ဘေးသို့ နူးညံ့စွာ တိုးကပ်လာပြီး ပဝါလေးဖြင့် လီချန်ရှန်း၏ နဖူးမှ ချွေးများကို သုတ်ပေးလိုက်သည်။
လီချန်ရှန်းထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိသောအခါ အမျိုးသမီးက ပြုံးလိုက်ပြီး
“အရှင်... မကြာသေးခင်ကမှ ဒီမြို့ထဲကို မောင်နှမနှစ်ယောက် ရောက်လာတယ်ရှင်။ အစ်ကိုဖြစ်သူက အတော်လေး ထူးဆန်းတယ်။ တစ်ကိုယ်လုံးကို ပတ်တီးတွေနဲ့ ပတ်ထားပြီး ဆံပင်တွေကလည်း ဖြူနေတာပဲ။ ညီမဖြစ်သူကတော့ အလွန်အမင်း လှပလွန်းလို့ မြို့ထဲက အမျိုးသား တော်တော်များများကတော့ သူမရဲ့ အလှမှာ နစ်မျောနေကြတယ်လေ"
“အော်... ဟုတ်လား”
လီချန်ရှန်းက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ သူ၏ ကိုယ်လုပ်တော်များအားလုံးမှာ သိသာထင်ရှားသည့် အလှပဂေးများ ဖြစ်ကြသောကြောင့်လည်း ဖြစ်နိုင်သည်။
ယခုအခါ နတ်ဘုရားတံခါးမြို့တော်ရှိ လူများ၏ အမျိုးသမီးတစ်ဦးအပေါ် အလှအပ စံနှုန်းသတ်မှတ်ချက်မှာ အလွန်မြင့်မားနေပြီ ဖြစ်သည်။
သာမန်အမျိုးသမီးများမှာ သူတို့၏ မျက်စိထဲသို့ ဝင်ရန် မလွယ်ကူတော့ချေ။
“အရှင်... ကျွန်မ အဲဒီအမျိုးသမီးကို မြင်ဖူးတယ်ရှင်။ သူမမှာ သဘာဝအလျောက် ဆွဲဆောင်မှုရှိတဲ့ အလှတရားမျိုး ရှိနေသလို သူမရဲ့ မျက်ဝန်းတွေကလည်း တုန်လှုပ်ချောက်ချားစရာ ကောင်းလောက်အောင် လှတာ။ အမှန်အတိုင်း ပြောရရင် ကျွန်မတို့ ညီအစ်မတွေ အားလုံးပေါင်းရင်တောင် သူမရဲ့ အလှကို မယှဉ်နိုင်ဘူးလို့ ထင်မိတယ်”
ထိုအမျိုးသမီးက ပြုံးရွှင်စွာ ပြောလိုက်သည်။ သူမ၏ စကားကြောင့် လီချန်ရှန်း၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
သူမ ဖော်ပြသည့် အလှအပကြောင့် စိတ်ဝင်စားသွားခြင်း မဟုတ်ပေ။ ယခုအချိန်တွင် အလှအပဆိုသည်မှာ သူ၏ နှလုံးသားကို မလှုပ်ခတ်နိုင်တော့ချေ။ အလှပဂေးဆိုသည်မှာ အရေပြားဖုံးထားသည့် အရိုးစုတစ်ခုမျှသာဟု သူ မြင်နေပြီ ဖြစ်သည်။
သူ အမှန်တကယ် စိတ်ဝင်စားသွားသည်မှာ ကိုယ်လုပ်တော်၏ စကားထဲတွင် ဝှက်ဖုံးနေသည့် အချက်အလက်များကြောင့်ပင်။
"ဒီလောက်အထိ ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်က နတ်ဘုရားတံခါးမြို့တော်မှာ ဘာအစွမ်းအစမှမရှိဘဲနဲ့ ဘေးကင်းကင်းနဲ့ ဘယ်လိုရပ်တည်နိုင်မှာလဲ"
“အဲဒီအမျိုးသမီးရဲ့ နောက်ခံက ဘာလဲ”
လီချန်ရှန်းက မေးလိုက်သည်။
“ကျွန်မလည်း မသိဘူးရှင်... ဒါပေမဲ့ သူမဆီကနေ မြေခွေးမိစ္ဆာရဲ့ အရှိန်အဝါ အနည်းငယ်ကို ခံစားမိတယ်ရှင်။ သူမက လူသားမျိုးနွယ် သက်သက်တော့ မဟုတ်လောက်ဘူး"
“မြေခွေးမိစ္ဆာ ဟုတ်လား”
လီချန်ရှန်း၏ မျက်ခုံးများ ပိုမိုမြင့်တက်သွားပြီး စိတ်ဝင်စားမှုမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။ သာမန်လူသား အမျိုးသမီးများမှ မွေးဖွားလာသည့် သားသမီးများ၏ ကံကောင်းခြင်း ကောင်းချီးများက သူ့အတွက် အသုံးမဝင်တော့ချေ။
"တကယ်လို့ ငါသာ မိစ္ဆာအမျိုးသမီးတစ်ယောက်နဲ့ မိစ္ဆာကပြား သားသမီးတွေကို မွေးဖွားခဲ့ရင်၊ ဒါက လမ်းစသစ်တစ်ခု ဖြစ်လာနိုင်မလား"
“အရှင်... အရှင်ပြောခဲ့တာက လူသားမျိုးနွယ် အမျိုးသမီးတွေနဲ့ပဲ ပေါင်းဖက်တာက အရှင်ရဲ့ အနိမ့်ဆုံး စံနှုန်းဆို”
လီချန်ရှန်း၏ မျက်ဝန်းထဲမှ စိတ်ဝင်စားမှုကို မြင်သောအခါ ကိုယ်လုပ်တော်က နှုတ်ခမ်းလေးစူကာ မေးလိုက်သည်။
“လမ်းပြစမ်း"
လီချန်ရှန်းသည် လက်ထဲမှ စုတ်တံကို ချလိုက်ပြီး တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
“ငါက သူမနဲ့ တွေ့ပြီး ငါ့ရဲ့ စံနှုန်းတွေကို စိန်ခေါ်ကြည့်ချင်ရုံတင်ပါ...”
...
မျက်တောင်တစ်ခတ်အတွင်းမှာတင် သုံးရက်တာ အချိန်ကာလက ကုန်ဆုံးသွားခဲ့သည်။
သုံးရက်အတွင်းမှာ ချန်ကျီရှင်းက အခန်းထဲမှာပဲ အေးအေးဆေးဆေး နေထိုင်ရင်း မိုးကြိုးကန်ဖွင့်ပွဲ အခမ်းအနားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဒီနေ့ နံနက်ခင်းမှာတော့
ဒေါင်
ခေါင်းလောင်းသံကြီးတစ်ခုသည် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံပြီး မြည်ဟည်းသွားတော့သည်။ မကြာခင်မှာပဲ ချန်ကျီရှင်း၏ အခန်းတံခါးကို လာခေါက်သံ ကြားလိုက်ရသည်။
“တတိယသခင်လေး... အကြီးအကဲတူကူး... အခမ်းအနား စပါပြီခင်ဗျာ"
ရှန်းယန်၏ ရိုသေလေးစားသော အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
“နောက်ဆုံးတော့ စပြီပေါ့"
ချန်ကျီရှင်းသည် သူ၏မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ အကြည့်ထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ နောက်တစ်ခဏတွင် သူသည် အခန်းပြင်သို့ လှမ်းထွက်လိုက်သည်။
သူ မြင်လိုက်ရသည်မှာ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတစ်ခုလုံးသည် အလွန်အမင်း သက်ဝင်
လှုပ်ရှားနေခြင်းပင်။
မိုးကြိုးပုံစံများပါသော ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ဂိုဏ်းသားအများအပြားသည် တောင်ငါးလုံး၏ နောက်ဘက်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ဦးတည်သွားနေကြသည်။
“သွားကြမယ် သွားကြမယ်ဟေ့... ဒီနေ့ မိုးကြိုးကန်ထဲမှာ သေသွားရင်တောင်မှ ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုး တစ်မျှင်လောက်တော့ ငါစုပ်ယူနိုင်အောင် ကြိုးစားရမယ်”
“ဒီမိုးကြိုးကန်ပွဲ ဖြစ်လာဖို့ ငါတို့ အကြာကြီး စောင့်ခဲ့ရတာ။ ဒီအခွင့်အရေးကို သုံးပြီး မိုးကြိုးစွမ်းအားတွေ များများစုပ်ယူကာ ကိုယ်ခန္ဓာကို သန့်စင်ရမယ်။ နယ်ပယ်တစ်ခု တိုးတက်ဖို့အတွက် အစွမ်းကုန် ကြိုးစားကြတာပေါ့”
“ဒီနေ့ ဘယ်သူက မိုးကြိုးစွမ်းအား အများဆုံး စုပ်ယူနိုင်မလဲ မသိဘူးနော်”
“ပြီးခဲ့တဲ့ အခမ်းအနားတုန်းကတော့ စီနီယာအစ်မက မိုးကြိုးအမျှင်ပေါင်း ၂၀ အထိ စုပ်ယူနိုင်ခဲ့တာ။ ငါတို့ခေတ်မှာ အများဆုံး စုပ်ယူနိုင်တဲ့သူပဲ”
“ဒီတစ်ခေါက်လည်း စီနီယာအစ်မပဲ ထိပ်ဆုံးကနေ ဦးဆောင်ဦးမှာပဲ မဟုတ်လား”
မိုးကြိုးဂိုဏ်းသားများသည် တစ်ဦးနှင့်တစ်ဦး စိတ်လှုပ်ရှားစွာ ဆွေးနွေးရင်း မိုးကြိုးကန်ဆီသို့ အပြေးအလွှား သွားနေကြသည်။
“တတိယသခင်လေး... မိုးကြိုးကန်က ကျွန်တော်တို့ ဂိုဏ်းရဲ့ တားမြစ်နယ်မြေပါ။ ကျွန်တော် နောက်ထပ် လျှို့ဝှက်လမ်းတစ်ခု သိထားတယ်။ သခင်လေးတို့ကို အဲဒီကနေ ခေါ်သွားပေးပါ့မယ်"
“ကျေးဇူးပဲ အစ်ကိုရှန်း" ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်သည်။
“ဘာမှ မခက်ခဲပါဘူးဗျာ။ သခင်လေးက ကျွန်တော့်အသက်ကို နှစ်ခါတောင် ကယ်ခဲ့တာပဲ။ ဒီလောက်ကိစ္စလေးက ဘာများပြောပလောက်လို့လဲ”
ရှန်းယန်က ရယ်မောလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ဘယ်သူမှ သတိမထားမိသည့် အပေါက်တစ်ခုကို တွေ့သောအခါ ချန်ကျီရှင်းတို့ကို လမ်းကျဉ်းလေးတစ်ခုအတိုင်း ခေါ်ဆောင်သွားတော့သည်။
လမ်းကွေ့များစွာကို ဖြတ်ကျော်ပြီးနောက်တွင်တော့ နားကွဲမတတ် ပြင်းထန်လှသော မိုးကြိုးသံကြီးများကို စတင်ကြားလိုက်ရသည်။
ချန်ကျီရှင်း ရှေ့သို့ ကြည့်လိုက်သောအခါ အဝေးတွင် ပေရာပေါင်းများစွာ ကျယ်ဝန်းသော မိုးကြိုးကန်ကြီး ရှိနေသည်။
ဝုန်း ဝုန်း ဝုန်း…
မြေပြင်မှနေ၍ ရောင်စုံမိုးကြိုးတန်းကြီးများစွာသည် ရေတံခွန်ကြီးအလား အရှိန်အဟုန်ဖြင့် ထိုးထွက်နေပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသကဲ့သို့ ရှိနေသည်။
မိုးကြိုးသံများသည် တစ်လောကလုံးကို တုန်ခါနေစေပြီး ကမ္ဘာပျက်တော့မည့်အလား လူတို့၏ ဦးနှောက်ကို ထုံကျဉ်သွားစေသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် မိုးကြိုးကန်ထဲတွင် မိုးကြိုးတန်းပေါင်း တစ်ထောင်ထက်မနည်း ရှိနေကာ အပြာရောင် သစ်သားနတ်ဘုရားမိုးကြိုး၊ ရွှေရောင် သတ္တုနတ်ဘုရားမိုးကြိုး၊ အစိမ်းရောင် ရေနတ်ဘုရားမိုးကြိုး၊ အနီရောင် မီးနတ်ဘုရားမိုးကြိုးနှင့် အညိုရောင် မြေနတ်ဘုရားမိုးကြိုးပင်။
ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုး တစ်ထောင်ကျော်တို့သည် လေဟာနယ်ထဲတွင် တစ်ခုနှင့်တစ်ခု ရောယှက်နေပြီး ဖျက်ဆီးလိုစိတ် ပြင်းပြနေသည့် မိုးသက်မုန်တိုင်းကြီးတစ်ခုကို ဖန်တီးနေကြသည်။
ထိုဖျက်ဆီးခြင်း အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်လွန်းလှသဖြင့် ကြည့်နေရုံနှင့်ပင် ကြောက်လန့်ဖွယ်ကောင်းလှသည်။
“နောက်ဆုံးတော့ ရှာတွေ့ပြီ"
ချန်ကျီရှင်း၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
"တကယ်လို့ ငါသာ ဒီမိုးကြိုးကန်ထဲက ဓာတ်ကြီးငါးပါး မိုးကြိုးအားလုံးကို စုပ်ယူနိုင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ မိုးကြိုးတာအို အထွတ်အထိပ် ကောင်းကင်ကိုးထပ်ကျင့်စဉ်က မကြုံဖူးတဲ့ အဆင့်တစ်ခုအထိ မြင့်တက်သွားလိမ့်မယ်"
“တတိယသခင်လေး... မိုးကြိုးကန်ရဲ့ အလယ်ပိုင်းကို ရောက်လေ ပိုပြီး အန္တရာယ်များလေပဲ။ သတိထားပါနော်"
ရှန်းယန်က အလျင်အမြန် သတိပေးလိုက်ပြီးနောက် ချက်ချင်း ထွက်ခွာသွားသည်။ သူသည်လည်း ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ တာအိုမျိုးစေ့တပည့်တစ်ဦး ဖြစ်သည့်အတွက် ဤအခမ်းအနားကို လွတ်သွား၍ မဖြစ်ချေ။
တစ်ချိန်တည်းမှာပင် မိုးကြိုးကန်၏ ရှေ့တွင် မြင့်မားသော စင်မြင့်တစ်ခု ရှိနေသည်။ ခရမ်းရောင် မျက်ခုံးရှိသည့် သန်မာသော အကြီးအကဲတစ်ဦးသည် စင်မြင့်၏ အလယ်တွင် ထိုင်နေ၏။
သူ၏ဘေးတွင်တော့ ဆံပင်များ ရေတံခွန်အလား ကျဆင်းနေသည့် ချောမောသော လူငယ်တစ်ဦးသည် မျက်လွှာချကာ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသည်။
သူတို့၏ အနီးအနားတွင်တော့ အခြားသော ပါရမီရှင် လူငယ်အချို့ ရှိနေကြသည်။ ထိုသူများမှာ စီကုန်းမိသားစုမှ စီကုန်းနန်နှင့် သက်ရှည်ပါရမီရှင်စာရင်းဝင် လူငယ်အချို့ပင်။
သူတို့သည် ယခုတစ်ကြိမ်တွင် မိုးကြိုးကန် အခမ်းအနားကို လေ့လာကြည့်ရှုရန် ဖိတ်ကြားခံထားရခြင်းပင်။
အခန်း။ ၂၂၀
“ဟားဟားဟား... သခင်လေးစီကုန်း ကျွန်တော်တို့ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကို သခင်လေး လာလည်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ မိုးကြိုးကန်ကြီးကို ကြည့်ပြီး ဘယ်လိုမြင်မိလဲဗျ”
ခရမ်းရောင်မျက်ခုံးနှင့် သန်မာဗမာထွားသော အဘိုးအိုက အားရပါးရ ရယ်မောကာ မေးလိုက်သည်။
ဤသူကား အခြားသူမဟုတ်ပေ။ ကျင့်ကြံခြင်းအဆင့် နိဗ္ဗာန်နနယ်ပယ်သို့ ရောက်ရှိနေသည့် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် လီဟွာထျန်းပင်။
“တကယ့်ကို ထူးခြားဆန်းပြားတာပဲ။ ကျွန်တော်ကိုယ်တိုင် အဲဒီထဲကို ဝင်မယ်ဆိုရင်တောင် အလွန်ဆုံး နတ်ဘုရားမိုးကြိုး အမျှင်တစ်ရာထက် ပိုပြီး စုပ်ယူနိုင်မှာ မဟုတ်ဘူး"
စီကုန်းနန်က မိုးကြိုးကန်ကို ကြည့်ရင်း ပြောလိုက်သည်။ မိုးကြိုးကန်အတွင်း၌ ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးများသည် ရှေးဟောင်းမိုးကြိုးနဂါးများအလား ရုန်းကန်လှုပ်ရှားနေပြီး ဖျက်ဆီးလိုသော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် သူ၏မျက်ဝန်းထဲတွင် အံ့သြရိပ်အနည်းငယ် ပေါ်လာသည်။
“တစ်ရာ ဟုတ်လား”
ခရမ်းရောင်မျက်ခုံးနှင့် ဂိုဏ်းချုပ်က အံ့သြတကြီး ရေရွတ်လိုက်မိသည်။
“သခင်လေးစီကုန်းသာ နတ်ဘုရားမိုးကြိုး အမျှင်တစ်ရာ စုပ်ယူနိုင်မယ်ဆိုရင် ဒါက တကယ့်ကို မယုံနိုင်စရာပဲ။ ကျွန်တော်တို့ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကို တည်ထောင်ကတည်းက သခင်လေးရဲ့ အသက်အရွယ်နဲ့ မိုးကြိုးအမျှင်တစ်ရာ စုပ်ယူနိုင်ခဲ့သူ တစ်ယောက်မှ မရှိသေးဘူး”
“သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ကတော့ ဒုတိယမြောက် ဘိုးဘေးကြီး တင်ခဲ့တဲ့ ဓာတ်ကြီးငါးပါး မိုးကြိုး ကိုးဆယ့်သုံးမျှင်ပဲ ရှိတာ"
“သခင်လေးစီကုန်းကတော့ ဒီခေတ်ရဲ့ ထိပ်တန်းပါရမီရှင်ဆိုတာ ငြင်းလို့မရပါဘူး။ ကျွန်တော့်အမြင်အရတော့ အသက် ၃၀ အောက် ပါရမီရှင်တွေထဲမှာဆိုရင် ယန်ကျိုးနယ်မြေက ဇီဝေမိသားစုရဲ့ တတိယသခင်လေး တစ်ယောက်ပဲ သခင်လေးစီကုန်းကို ကျော်ဖြတ်နိုင်လိမ့်မယ် ထင်တယ်"
ထိုစကားကို ကြားလိုက်ရသောအခါ စီကုန်းနန်၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် မှောင်မှောက်သွားတော့သည်။
ချန်ကျီရှင်း... ချန်ကျီရှင်း... နောက်တစ်ခါ ချန်ကျီရှင်းပဲလား။
စီကုန်းမိသားစုကနေ ငါ ထွက်လာကတည်းက ဘယ်နေရာသွားသွား ဒီချန်ကျီရှင်းအကြောင်းကိုပဲ လူတွေက ပြောနေကြတာ။
စီကုန်းနန်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“လူတွေက ကောလာဟလတွေ ဖြန့်ရတာ၊ အဖြစ်အပျက်တွေကို ချဲ့ကားပြီး တခြားလူတွေကို နတ်ဘုရားလို တင်စားရတာကို သဘောကျတတ်ကြတယ်"
“တကယ်လို့ ကျွန်တော်သာ ဒီချန်ကျီရှင်းနဲ့ တွေ့ခဲ့ရင် သူ့ရဲ့ အစွမ်းအစ အစစ်အမှန်က ဘာလဲဆိုတာ ကိုယ်တိုင်ပဲ အကဲဖြတ်ချင်မိတယ်"
“အဲဒီအချိန်ကျရင်တော့... ဒီရေကျသွားတဲ့အခါ ဘယ်သူက အဝတ်မပါဘဲ ရေကူးနေသလဲဆိုတာ သိရတာပေါ့"
ထိုစကားအဆုံးတွင် အနီးအနားရှိ ပါရမီရှင်တစ်စုက ချက်ချင်းပင် ထောက်ခံလိုက်ကြသည်။
“ဟုတ်ပါတယ် အဲဒီချန်ကျီရှင်းဆိုတာ နာမည်ကြီးချင်လို့ ဟန်ဆောင်နေတဲ့ လူလိမ်တစ်
ယောက်ပါပဲ။ သခင်လေးစီကုန်းနဲ့ ယှဉ်ဖို့တောင် မထိုက်တန်ပါဘူး”
“တကယ်လို့ ချန်ကျီရှင်းသာ အခုပေါ်လာရင် သခင်လေးစီကုန်း လက်ထည့်စရာတောင် မလိုဘူး။ ကျွန်တော် ကိုယ်တိုင်ပဲ သူ့ကို ရှင်းပစ်လိုက်မယ်”
“အသက် ၁၃ နှစ်နဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၆ တဲ့လား... ဟားဟားဟား၊ ဇီဝေချန်မိသားစုက တစ်လောကလုံးကို အရူးအောက်မေ့နေတာလား”
“သခင်လေးစီကုန်းသာ ဒီအကွက်တွေကို ထောက်ပြမပေးခဲ့ရင် ချန်ကျီရှင်းက တကယ့် ပါရမီရှင်ကြီးလို့ ကျွန်တော်တို့ ထင်နေမိတော့မှာ။ တကယ်တော့ သူက နာမည်ကြီးချင်တဲ့ လူလိမ်တစ်ယောက်ပဲကိုး”
“ချန်ကျီရှင်းက သက်ရှည်ပါရမီရှင်စာရင်းမှာ နံပါတ် ၁ နေရာနဲ့ လုံးဝမထိုက်တန်ပါဘူး”
ဂိုဏ်းချုပ် လီဟွာထျန်းသည် ထိုစကားများကို ကြားသောအခါ အနည်းငယ် အံ့သြသွားပြီး မျက်ခုံးပင့်လိုက်သည်။
အော်... ဇီဝေချန်မိသားစုက ချန်ကျီရှင်းဆိုတာ တကယ်ပဲ ကောလာဟလတွေလောက် မစွမ်းတာလား။
“သခင်လေးစီကုန်း ပြောတာ မှန်ပါတယ်။ အရှေ့ဘက်နယ်မြေရဲ့ ပြိုင်ပွဲကြီး ရောက်လာတဲ့အခါ အစွမ်းရှိမရှိဆိုတာ အလိုလို သိလာရမှာပါ"
လီဟွာထျန်းက အသာအယာ ပြုံးလိုက်ပြီးနောက် ထရပ်ကာ ကြေညာလိုက်သည်။
“မိုးကြိုးကန် အခမ်းအနားကို အခုပဲ စတင်လိုက်ပြီ”
စင်မြင့်ပေါ်တွင် လီဟွာထျန်းက လက်ဝှေ့ယမ်းလိုက်သည်နှင့် မိုးကြိုးကန်တစ်ခုလုံးကို ပိတ်ထားသည့် တားမြစ်ချက် အတားအဆီးများက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ ၎င်းကို မြင်သည်နှင့် မိုးကြိုးဂိုဏ်းသား အမြောက်အမြားမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
“မိုးကြိုးကန်ထဲကို ဝင်ကြတော့ မင်းတို့ရဲ့ ကိုယ်ခန္ဓာက ခံနိုင်ရည်ရှိသလောက် နတ်ဘုရားမိုးကြိုးတွေကို စုပ်ယူကြ"
“ဒါပေမဲ့ သတိထားဖို့က လောဘကြီးပြီး အတင်းအဓမ္မ မလုပ်ကြနဲ့ မဟုတ်ရင် အသက်အန္တရာယ် ရှိနိုင်တယ်"
လီဟွာထျန်း စကားပြောပြီးနောက် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းသားများသည် မိုးကြိုးကန်ထဲသို့ စမ်းတဝါးဝါး ဝင်ရောက်လာကြသည်။
အချို့က ခြေတစ်ဖက်ဖြင့် စမ်းရုံရှိသေးသော်လည်း ဓာတ်လိုက်သွားသကဲ့သို့ အမြန်ပြန်နုတ်လိုက်ကြပြီး မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့ကုန်သည်။
အချို့ကတော့ စိတ်ကို တည်ငြိမ်အောင်ထားပြီး ရေခဲပြင်ပါးပါးပေါ် လျှောက်နေသကဲ့သို့ ဂရုတစိုက် ဝင်ရောက်ကာ ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးများကို သူတို့၏ ကိုယ်ခန္ဓာထဲသို့ ဖြည်းဖြည်းချင်း လမ်းညွှန်၍ စုပ်ယူနေကြသည်။
ထိုအချိန်မှာပင် မိုးကြိုးကန်၏ အခြားတစ်ဖက်ရှိ ဂိုဏ်းသားများ မရှိသည့် လူသူကင်းမဲ့သော နေရာတစ်ခုတွင်
ဝုန်း…
ထူထပ်ပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးတန်းများသည် လေထဲတွင် ရောယှက်နေပြီး ဖျက်ဆီးခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
“စပြီ"
ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မိုးကြိုးကန်ထဲသို့ လှမ်းဝင်လိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း…
ထိုခဏ၌ပင် မိုးကြိုးတာအို အထွတ်အထိပ် ကောင်းကင်ကိုးထပ်ကျင့်စဉ်က အလိုအလျောက် ပေါက်ကွဲထွက်လာတော့သည်။
ချန်ကျီရှင်းသည် လူသားလောကရှိ နက်မှောင်သော ဟင်းလင်းပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ရေတွက်မရနိုင်သော ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးများက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။
"လာစမ်း"
ချန်ကျီရှင်းက ပါးစပ်ကိုဟကာ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုး အတော်များများကို တိုက်ရိုက်ဝါးမြိုလိုက်သည်။
ဝုန်း…
ရုတ်တရက် ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းကလီစာများထဲမှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မိုးကြိုးများမှာ သူ့အတွင်းပိုင်း၌ ပေါက်ကွဲနေသကဲ့သို့ ခံစားရစေသည်။
"ဖိနှိပ်စမ်း"
ချန်ကျီရှင်းက အမိန့်ပေးလိုက်သည်။
ခဏချင်းမှာပင် သူ့ခန္ဓာကိုယ်အတွင်း၌ ရုန်းကန်နေသော ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးများက အစအနမကျန်အောင် ပျောက်ကွယ်သွားပြီး သန့်စင်သော ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားတော့သည်။
စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၆ သို့ ရောက်ရှိကာစ ဖြစ်သော ချန်ကျီရှင်း၏ ကျင့်ကြံမှုမှာလည်း ချက်ချင်းပင် သိသိသာသာ တိုးတက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ချန်ကျီရှင်း၏ ခန္ဓာကိုယ်တွင်း ကလီစာများမှာလည်း သိမ်မွေ့စွာ သန်မာလာခဲ့၏။
"မိုးကြိုး... လာစမ်း"
ချန်ကျီရှင်းက သူ၏ညာလက်ဖက်ကို လှန်လိုက်သည်။ သူ၏လက်ဝါးထဲမှ ရောင်စုံ ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးများသည် မြွေကလေးများအလား လက်ချောင်းများကြားတွင် ရစ်ပတ်တိုးထွက်လာကြသည်။
"ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးကို သန့်စင်ပြီးတဲ့နောက်မှာ မိုးကြိုးတာအို အထွတ်အထိပ် ကောင်းကင်ကိုးထပ်ကို တည်ဆောက်နိုင်ရုံတင်မကဘဲ ကျင့်ကြံမှုအဆင့်ကိုပါ မြှင့်တင်ပေးနိုင်မယ်လို့ ငါမထင်ထားမိဘူး"
"ငါသာ ဒီမိုးကြိုးကန်ထဲက ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးအားလုံးကို စုပ်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံမှုက အဆင့် ၇ ကို ရောက်သွားနိုင်သလို မိုးကြိုးတာအိုမျိုးစေ့ကိုလည်း တစ်ခါတည်း ပေါင်းစပ်နိုင်မှာပဲ"
ချန်ကျီရှင်း၏ မျက်ဝန်းများသည် မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။ ထို့နောက် သူသည် တွေဝေမနေတော့ဘဲ မိုးကြိုးကန်၏ အလယ်ဗဟို အချက်အချာကျသော နေရာသို့ အမြန်ပြေးဝင်သွားတော့သည်။
ဝုန်း ဝုန်း ဝုန်း…
ကြောက်မက်ဖွယ်ကောင်းသော ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးများသည် ချန်ကျီရှင်းထံသို့ အဆက်မပြတ် ကျရောက်လာသော်လည်း ၎င်းတို့မှာ ဒရဟော စုပ်ယူခြင်းကိုသာ ခံလိုက်ရသည်။ ချန်ကျီရှင်း၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ မျက်မြင်ကိုယ်တွေ့ အံ့ဩစရာကောင်းလောက်အောင် မြင့်တက်လာတော့သည်။
...
အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာကာ မိုးကြိုးကန်၏ အခြားတစ်ဖက်တွင်မူ
"ဒါက တကယ့်ကို ခက်ခဲလွန်းတာပဲ"
"အမလေး... ကျွတ်ကျွတ် ဒီမိုးကြိုးက ငါ့ရဲ့ ဝိညာဉ်ကိုပါ တုန်ခါသွားစေတာပဲ"
"အား... ငါဆက်ပြီး မတောင့်ခံနိုင်တော့ဘူး ဆက်သွားရင်တော့ ငါသေမှာပဲ ငါတကယ်ကို မခံစားနိုင်တော့ဘူး"
ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းသား အမြောက်အမြားမှာ ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုး၏ ဒဏ်ကို အလူးအလဲ ခံနေရပြီး ကောင်းကင်နှင့် ငရဲကြား ရောက်နေသကဲ့သို့ ခံစားနေရသည်။
မကြာမီမှာပင် ဂိုဏ်းသားအများစုမှာ ဆက်လက်မတောင့်ခံနိုင်တော့ဘဲ တစ်ဦးပြီးတစ်ဦး ကန်ထဲမှ ပြန်ထွက်လာကြသည်။
အနည်းငယ်သော သူများသာ ကျန်ရှိပြီး ဆက်လက်ကြိုးစားနေကြသည်။ မိုးကြိုးကန်၏ အလယ်ဗဟိုနှင့် အတော်အတန် နီးကပ်သောနေရာတွင်တော့ စီနီယာအစ်မ မိုးတိမ်နတ်သမီး ဦးဆောင်သော အဖွဲ့ရှိနေသည်။
သူမသည် တရားထိုင်သည့်ပုံစံဖြင့် ထိုင်နေပြီး သူမ၏ ကိုယ်ဟန်ကို မယိုင်လဲအောင် အပြင်းအထန် ကြိုးစားထိန်းသိမ်းကာ ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးများကို ခန္ဓာကိုယ်ထဲသို့ လမ်းညွှန်စုပ်ယူနေသည်။
"နှစ်ဆယ့်သုံးခုမြောက်..."
မိုးတိမ်နတ်သမီးသည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူမစုပ်ယူထားသော နတ်ဘုရားမိုးကြိုးများကို စိတ်ထဲမှ ရေတွက်နေသည်။ နတ်ဘုရားမိုးကြိုး ၂၃ မျှင် ဤပမာဏသည်ပင် သူမ၏ အရင်စံချိန်ဟောင်း ၂၀ မျှင်ကို ချိုးဖျက်သွားခြင်းပင်။
သို့သော်လည်း ယခုအချိန်တွင် သူမသည် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"နှစ်ဆယ့်သုံးမျှင်က ငါ့ရဲ့ အကန့်အသတ်လား မဟုတ်ဘူး လုံးဝမဟုတ်ဘူး"
မိုးတိမ်နတ်သမီးသည် သူမ၏ တကျိကျိမြည်အောင် အံကြိတ်ထားပြီး ပါးစပ်ထောင့်မှ စီးကျလာသော သွေးစများကို သုတ်ကာ အားတင်း၍ မတ်တတ်ရပ်လိုက်သည်။ တုန်တုန်ရင်ရင် ခြေလှမ်းများဖြင့် ရှေ့သို့တိုးကာ နောက်ထပ် နတ်ဘုရားမိုးကြိုး ၂ မျှင်ကိုပါ အတင်းအဓမ္မ စုပ်ယူလိုက်သည်။
ရုတ်တရက် သူမ၏ ရှေ့ဘက်တွင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။ မရေတွက်နိုင်သော ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုးများက ဒေါသထွက်နေသော ပင်လယ်ကြီးအလား လေထုထဲသို့ တိုးထွက်လာကြသည်။
ထို့ပြင် ပို၍များပြားလှသော နတ်ဘုရားမိုးကြိုးများသည်လည်း သူမ၏ ရှေ့မှနေရာတစ်ခုဆီသို့ တစ်ပြိုင်နက်တည်း စုပြုံကာ ပြေးဝင်သွားကြတော့သည်။
"ဒါ... ဒါက သူလား"
မိုးတိမ်နတ်သမီး၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် စင်မြင့်မြင့်ပေါ်တွင် ရှိနေသော မိုးကြိုးဂိုဏ်းသားများနှင့် ဂိုဏ်းချုပ်ကြီးမှာလည်း အံ့ဩတကြီးဖြင့် ထရပ်လိုက်ကြသည်။
ဝုန်း ဝုန်း ဝုန်း….
တစ်ခဏအတွင်းမှာပင် တစ်ခန်းလုံး၏ အရောင်အဆင်းများ ပြောင်းလဲသွားပြီး အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ အားလုံး၏ စိတ်အာရုံများမှာ မိုးကြိုးကန်၏ အလယ်ဗဟိုဆီသို့သာ စိုက်ကြည့်နေကြတော့သည်။
အဖြူရောင် ဝတ်စုံဖြင့် လူငယ်တစ်ဦးသည် ကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား အဆုံးမဲ့သော လျှပ်စီးပင်လယ်ကြီး၏ အလယ်တွင် ခန့်ညားစွာ ရပ်နေ၏။