← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 9 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 9 Ch. 123-124

အခန်း (၁၂၃) - လူအများ၏ အာရုံစိုက်ခံရသူ

လီချင်းယွဲ့သည် တိုက်ခိုက်နေစဉ်အတွင်း ပြင်းထန်သော ဖိအားကို ပေးစွမ်းနိုင်သော်လည်း ယခုအခါ ရပ်တန့်သွားပြီးနောက် သူမ၏ သန့်စင်ပြီး တောက်ပသော အသွင်အပြင်ကို ပြန်လည် ရရှိသွားသည်။ သူမ၏ ဆံနွယ်များက ရေတံခွန်လို လွင့်ဝဲနေပြီး မျက်လုံးများက တောက်ပကာ သွားများက ဖြူဖွေးနေသည်။ သူမ၏ အပြုံးလေးက ပထမဆုံး ပွင့်လန်းလာသော နတ်ပန်းလေးတစ်ပွင့်လို တောက်ပသော အလင်းမိုးများ စီးဆင်းနေပြီး လူတိုင်းကို နူးညံ့ကာ ရင်းနှီးချင်စရာကောင်းအောင် ခံစားရစေသည်။

သူမက ထူးချွန်သော တပည့်များကို ရှေ့သို့တက်ကာ ဒဏ်ရာရသူများကို ကူညီကုသပေးရန် ခိုင်းလိုက်သည်။ အချို့သော အဓိက တပည့်များ၏ အသိစိတ်ဝိညာဉ်များမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ခန္ဓာကိုယ် ထက်ဝက်ကျော်ခန့်မှာ သွေးများဖြင့် ရဲနေလေသည်။

အဓိကအားဖြင့် ကျန်ရှန်းယွီ၊ ဆူးကျင်းရှူးနှင့် ဟူထင်ဝမ်တို့သည် သေသည်အထိ တိုက်ခိုက်ကာ နောက်ဆုတ်မသွားခဲ့ကြပေ။ အနီးအနားရှိ ပါကွမီးဖိုကြီးကို ကြည့်ကာ သူတို့၏ အစွမ်းထက်ဆုံး သိုင်းကွက်များကို အသုံးပြုပြီး အပြတ်အသတ် တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ရလဒ်အနေဖြင့် ပြိုင်ဘက်၏ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များပင် ထိုးဖောက်ခံလိုက်ရသည်။

ချင်မင်က အဝေးမှနေ၍ လီချင်းယွဲ့ကို ကြည့်နေပြီး မည်သည့်အချိန်မှ ပြန်လည် ဆုံတွေ့နိုင်မည်ကို မသိတော့ပေ။

သူမသည် ထူးချွန်သော တပည့်များ ဝိုင်းရံထားပြီး အလုပ်ရှုပ်နေကာ အနားမရနိုင်သည်ကို မြင်သောအခါ ချင်မင်က လှည့်၍ အခြားတစ်ဖက်သို့ လျှောက်သွားလိုက်သည်။

“အားလုံးပဲ ငါတို့က လမ်းကြောင်းတစ်ခုတည်းကို သွားနေကြတာဆိုတော့ ကိုယ့်လူတွေချည်းပါပဲ။ အထူးသဖြင့် အခု နတ်ဘုရားရတနာလုပွဲ ပြီးဆုံးသွားပြီဆိုတော့ ငါတို့ ထပ်ပြီး တိုက်ခိုက်နေစရာ မလိုတော့ဘူး”

ချင်မင်က ပြုံးပြီး အချို့သော ပြင်ပ သိုင်းပညာရှင်များကို နှုတ်ဆက်လိုက်သည်။

လူတစ်စုက ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ့ကို သတိထားလာကြသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ခံက အလွန်ကြီးမားပြီး လျှို့ဝှက်ဂိုဏ်းကြီး ခြောက်ခု၏ ဆက်ခံသူ ဖြစ်နိုင်ကြောင်း အားလုံးက သိထားကြသောကြောင့် ဖြစ်သည်။

အရေးအကြီးဆုံးမှာ သူသည် လီချင်းယွဲ့၏ အဖော်ဖြစ်ပြီး ယခုအခါ ပါကွမီးဖိုကြီးကို သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားခြင်းပင် ဖြစ်သည်။

ထို့အပြင် သူ မည်သူဖြစ်ကြောင်း နားလည်သွားပြီးနောက် အချို့သော လူတစ်စုမှာ ကျောချမ်းသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဝါးဖြူတောအုပ်တွင် သူ့ကို တွေ့ဆုံခဲ့ပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသောကြောင့် ဖြစ်သည်။

ချင်မင်၏ ကောင်းကင်အလင်း စွမ်းအား အပြင်သို့ ထွက်ပေါ်လာချိန်တွင် အလွန်ပါးလွှာသော အလွှာလေးတစ်ခုမျှသာ ဖြစ်သော်လည်း ဝါးဖြူတောအုပ် ထိုဒေသတွင် ထိုးဖောက် ထွက်ပြေးနိုင်ရုံသာမက သူတို့ကိုပါ ထိုးဖောက်တိုက်ခိုက်ခဲ့ပြီး ရွှေရောင် ချပ်ဝတ် အစောင့်အရှောက် အများအပြားကို သတ်ဖြတ်ခဲ့သည်။

ချင်မင်က ဆက်ပြောလိုက်သည်။

“လျှို့ဝှက်နယ်မြေက တပည့်တွေရဲ့ ဒီပြိုင်ပွဲက ငါ့ကို အများကြီး ခံစားရစေတယ်။ နည်းလမ်းပေါင်းစုံကို အကုန်အစင် သုံးခဲ့ကြတယ်။ နိုင်တာ ရှုံးတာကို အသာထား၊ ဒဏ်ရာတွေ ပျောက်ကင်းသွားပြီးရင် သေချာပေါက် တိုးတက်မှုတွေ ရှိလာလိမ့်မယ်။ ငါတို့ အချင်းချင်းလည်း အတွေ့အကြုံတွေ ဖလှယ်သင့်တယ်”

လူတစ်စု နောက်ဆုတ်သွားကြသည်။ ဒီလျှို့ဝှက်ဂိုဏ်းကြီး ခြောက်ခုရဲ့ ဆက်ခံသူက လက်စားချေဖို့ လာတာလား။

ချင်မင်က ပြုံးပြီး လက်ကာပြလိုက်သည်။

“အားလုံး အထင်လွဲမသွားပါနဲ့ ငါ ပြောတာက ကျင့်စဉ် လျှို့ဝှက်စာအုပ်တွေကို ဖလှယ်ဖို့ ပြောတာပါ။ငါတို့ အချင်းချင်း ဖလှယ်ကြတာပေါ့”

ဒီနေရာမှာ ရှိနေတဲ့ လူအားလုံးက ပြင်ပ သိုင်းပညာရှင်တွေ ဖြစ်ပြီး သူတို့ ကျွမ်းကျင်တဲ့ ကောင်းကင်အလင်း စွမ်းအား ကျင့်စဉ်တွေကလည်း ဆိုးရွားမှာ မဟုတ်ပါဘူး။ သူက အခြားလူတွေနဲ့ တကယ်ပဲ အတွေ့အကြုံ ဖလှယ်ချင်တာပါ။

ဒါပေမဲ့ လူအများစုက သိပ်မယုံကြည်ကြပါဘူး။ တချို့က သူ့ကို ခြိမ်းခြောက် ငွေညှစ်နေတယ်လို့တောင် ထင်နေကြပါတယ်။

ချင်မင် အလွန် စိတ်ပျက်သွားသည်။ သူ၏ ရိုးသားမှုက သံသယဖြင့်သာ ပြန်လည် တုံ့ပြန်ခံရပြီး အခြေအနေများမှာ အလွန် အဆင်မပြေ ဖြစ်နေသည်။

တစ်စုံတစ်ယောက်က သူနှင့် လျှို့ဝှက်ကျင့်စဉ် ဖလှယ်လျှင်ပင် ထိုသူမှာ အလွန် စိုးရိမ်ထိတ်လန့်နေပြီး ရွတ်ဆိုခြင်းနှင့် သိုင်းကွက်ပြသခြင်းများ ပြုလုပ်ရာတွင် ရှုပ်ထွေးသော ခံစားချက် အမျိုးမျိုး ရောနှောနေသဖြင့် လျှို့ဝှက်ကျင့်စဉ်၏ အစစ်အမှန် အဓိပ္ပာယ်ကို အပြည့်အဝ ဖော်ပြနိုင်ခြင်း မရှိပေ။

အချိန်အတော်ကြာပြီးနောက်မှ ချင်မင်သည် အပြည့်အစုံရှိသော ခြေသိုင်း လျှို့ဝှက်ကျင့်စဉ်ဖြစ်သည့် ပေါ့ပါးစွာ ခုန်ပျံခြင်းကို ရရှိခဲ့သည်။ ထိုပြင်ပ သိုင်းပညာရှင်က သက်ပြင်းချကာ သူ၏ ဘိုးဘေးများထဲတွင် အလွန်ထူးချွန်သူတစ်ဦး ရှိခဲ့ကြောင်းနှင့် တစ်ချိန်က "ကျူရိုးတစ်ချောင်းဖြင့် မြစ်ကိုဖြတ်ကူးခြင်း" ကို တတ်ကျွမ်းခဲ့ကြောင်း၊ သို့သော် ယခုအခါ ပျောက်ဆုံးသွားပြီဖြစ်ကြောင်း ပြောပြခဲ့သည်။

ချင်မင် ချက်ချင်းပင် စိတ်အားထက်သန်လာပြီး သူ၏ ဇာတိမှာ မည်သည့်နေရာတွင် ဖြစ်ကြောင်း မေးမြန်းလိုက်သည်။ နောင်တစ်ချိန်တွင် ထိုနေရာသို့ အလည်အပတ် သွားရောက်လိုသောကြောင့် ဖြစ်သည်။ ရှေးဟောင်း ပစ္စည်းများ ကျန်ရှိနေသေးပါက ကျူရိုးတစ်ချောင်းဖြင့် မြစ်ကိုဖြတ်ကူးခြင်းကို ပြန်လည်ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်မည်ဟု သူ တွေးတောနေမိသည်။ ဤသည်မှာ သာမန် ကျင့်စဉ်များ၏ အတိုင်းအတာကို ကျော်လွန်နေကြောင်း ထင်ရှားပေသည်။

ထို့နောက် ချင်မင်သည် ကျားဟိန်းသံ ဟုခေါ်သော အခြားကျင့်စဉ်တစ်ခုကို ရရှိခဲ့သည်။ နာမည်ကို နားထောင်ရုံဖြင့် ထူးခြားမှု မရှိဟု ထင်ရသော်လည်း အထူး စွမ်းအားတစ်ခုကို ကျင့်ကြံနိုင်ပြီး ခန္ဓာကိုယ်ကို တုန်ခါစေကာ ကလီစာငါးခုနှင့် အူခြောက်ခုကို သန်မာစေနိုင်သည်။

“အင်း... ဘယ်သူ့မိသားစုမှာမဆို အတိတ်က ချမ်းသာကြွယ်ဝခဲ့ဖူးတာပဲလေ။ ငါ့မိသားစုရဲ့ ကျားဟိန်းသံ ကျင့်စဉ်အထက်မှာ မိုးကြိုးငါးသွယ် ကလီစာ သန့်စင်ခြင်း ကျင့်စဉ်ဆိုတာ ရှိခဲ့ဖူးတယ်။ အဲဒီအထက်မှာတောင်မှ 'မြင်ကွင်းရှစ်ပါး နတ်ဘုရား အလင်း ကျင့်စဉ်' ဆိုတာ ရှိသေးတယ်လို့ ပြောကြတယ်”

ချင်မင်က ဂရုတစိုက် မေးမြန်းလိုက်ပြီး အသေးစိတ် ပြောပြရန် တောင်းဆိုလိုက်သည်။

“မြင်ကွင်းရှစ်ပါး နတ်ဘုရား အလင်း ကျင့်စဉ် ဆိုတာက ရင်ဘတ်နဲ့ ဝမ်းဗိုက်ထဲမှာ မြင်နိုင်ပေမဲ့ ကိုင်တွယ်လို့ မရတဲ့ မီးအိမ်တစ်လုံးကို ကျင့်ကြံဖန်တီးရတာပဲ။ အဲဒီမီးအိမ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လင်းထိန်စေပြီး ကလီစာငါးခုနဲ့ အူခြောက်ခုကို မီးနဲ့ သန့်စင်ရတယ်။ အသိစိတ်ကိုတောင် လောင်ကျွမ်း သန့်စင်နိုင်တယ်။ အကျိုးသက်ရောက်မှုကတော့... ငါလည်း မသိဘူး။ ပျောက်ဆုံးသွားတာ ကြာလှပြီ”

ချင်မင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဤလောကတွင် ထူးခြားသော ကျင့်စဉ်များစွာ ရှိနေသည်မှာ အမှန်ပင်။ နားထောင်ရုံဖြင့်ပင် လူကို တောင့်တမိစေသည်။ အကယ်၍သာ လက်ဝယ်ရရှိနိုင်ပါက အလွန် စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည်။

သို့သော် သူ ခေါင်းသာ ယမ်းနိုင်တော့သည်။ ထိုပြင်ပ သိုင်းပညာရှင် ပြောပြချက်အရ သူ၏ အဘိုးဘေးများ လက်ထက်ကတည်းက အကြိမ်ပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရပြီး မြို့ပေါင်းများစွာ ပြောင်းလဲခဲ့ရသည်။ မိသားစု၏ အမြစ်အခြေမှာ မည်သည့်နေရာတွင် ရှိသည်ကိုပင် မသိတော့ပေ။

လီချင်းယွဲ့က ပေါ့ပါးစွာ လျှောက်လာပြီး ချင်မင်က အခြားလူများနှင့် ကောင်းကင်အလင်း စွမ်းအား ကျင့်စဉ်များ ဖလှယ်နေသည်ကို မြင်သောအခါ နူးညံ့စွာ ပြုံးလိုက်ပြီး “ပြန်ရောက်ရင် နင့်အတွက် ကျင့်စဉ်တစ်အုပ် ရှာပေးပါ့မယ်။ အဲဒါက အရမ်းကို တန်ဖိုးကြီးလိမ့်မယ်” ဟု ပြောလိုက်သည်။

ချင်မင်က ရှစ်ထောင့် ကြေးညိုအိုးကြီးကို သူမထံသို့ ပေးလိုက်ပြီး သူမနှင့်အတူ ဘေးတစ်ဖက်သို့ လျှောက်သွားကာ တိုးတိုးလေး စကားပြောလိုက်သည်။

“မင်း နတ်ဘုရားရတနာကို ရသွားပြီဆိုတော့ အဘိုးကြီးတွေက နောက်ဆုံးကျမှ စည်းမျဉ်းမစောင့်ဘဲ ပြန်သိမ်းသွားတာမျိုး မရှိနိုင်ဘူးမလား”

“မရှိနိုင်ပါဘူး”

လီချင်းယွဲ့က ခေါင်းယမ်းလိုက်သည်။

“ဒါဆိုလည်း ကောင်းတာပေါ့”

ချင်မင်က အိုးအဖုံးကို ရင်ခွင်ထဲမှ ထုတ်ယူလိုက်သည်။ ထို့အပြင် အရောင်အသွေး စုံလင်ပြီး ကြည်လင်တောက်ပနေသော ထူးဆန်းတဲ့ သတ္တု အများအပြားကိုလည်း ထုတ်ယူလိုက်သည်။ ထိုအရာများမှာ ထူးခြားသော မြင်ကွင်းများ ပါဝင်ပြီး အချို့မှာ မြူခိုးခရမ်းရောင်များ စီးဆင်းနေကာ အချို့မှာ လျှို့ဝှက်ဆန်းကြယ်သော အက္ခရာများ ပြည့်နှက်နေပြီး လူကို စိတ်တည်ငြိမ်စေနိုင်သည်။

ထို့နောက် သူက ရောင်စဉ်တန်းများ စီးဆင်းနေသော သတ္တုစာရွက် အပိုင်းအစလေးကိုပါ သူမထံသို့ ပေးလိုက်သည်။

လီချင်းယွဲ့ အံ့အားသင့်သွားသည်။ ထိုပစ္စည်းများအားလုံးမှာ သမိုင်းကြောင်း ကြီးမားလှပေသည်။

သူမက ငြင်းဆန်ခြင်း မပြုဘဲ အားလုံးကို လက်ခံလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုစီနီယာ အဘိုးကြီးများသည် အစောပိုင်းကတည်းက ဝင်ရောက်ခဲ့ပြီး နေရောင်ခြည်ကဲ့သို့ စစ်မှန်သော အသိစိတ်ဝိညာဉ်များ ပိုင်ဆိုင်ထားသဖြင့် တွင်းနက်ကြီး၏ အောက်ခြေတွင် မည်သည့်အရာများ ရှိနေသည်ကို သေချာပေါက် သိထားကြမည် ဖြစ်သည်။

ယခုအခါ သူမဖြစ်စေ၊ ချင်မင်ဖြစ်စေ အကောင်းဆုံး ရွေးချယ်မှုမှာ ပစ္စည်းများအားလုံးကို ယူဆောင်သွားရန် ဖြစ်ပြီး မည်သည့်အရာကိုမျှ လျှို့ဝှက်ဖုံးကွယ်ထား၍ မရပေ။

“ဒီစာရွက် အပိုင်းအစလေးက... နှမြောစရာပဲ”

လီချင်းယွဲ့က သက်ပြင်းချလိုက်သည်။

ချင်မင် ဘာမှ မပြောတော့ပေ။ ထိုပြဿနာများ လုံးဝ ပြီးဆုံးသွားပြီးနောက်မှ ထိုလျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာ နှစ်ပုဒ်ကို သူမထံသို့ လွှဲပြောင်းပေးရန် အခွင့်အရေးကို သူ စောင့်ဆိုင်းနေသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမကို ပြောပြလိုက်ပါက ကြိုတင် မခန့်မှန်းနိုင်သော အန္တရာယ်များ ရှိလာနိုင်သောကြောင့် ဖြစ်သည်။

လျှို့ဝှက်နယ်မြေမှ လူများ၏ နည်းလမ်းများကို သူ အလွန် ကြောက်ရွံ့နေသည်။ ဥပမာအားဖြင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပူးကပ်ခြင်းမျိုး ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က လီချင်းယွဲ့၏ အသိစိတ်ဝိညာဉ်ကို ခိုးကြောင်ခိုးဝှက် စစ်ဆေးကြည့်ရှုပါက သူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထိုအာဏာရှင်ဆန်သော အဘိုးကြီးများမှာ နတ်ဆိုးများကဲ့သို့ အလွန် နက်နဲလှသဖြင့် ချင်မင်က သူတို့နှင့် ရင်ဆိုင်ရမည်ကို မလိုလားပေ။ လက်ရှိအချိန်တွင် လုံးဝ စွန့်စား၍ မရပေ။

ယခုအခါ သူက သူမကို နှစ်သိမ့်ပေးရုံသာ တတ်နိုင်တော့သည်။

“နောင်တစ်ချိန်မှာ ပြန်လည် ဖြည့်စွက်နိုင်ကောင်း ဖြည့်စွက်နိုင်လိမ့်မယ်။ စာရွက်တစ်ရွက်တည်းပေါ်က စစ်မှန်တဲ့ အမွေအနှစ်တွေက အလွယ်တကူ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး”

“မျှော်လင့်ရတာပဲ”

လီချင်းယွဲ့က ခေါင်းညိတ်လိုက်သည်။

မထွက်ခွာမီ သူမသည် တွင်းနက်ကြီးထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ထိုင်နေပြီး ကောင်းကင်အလင်း စွမ်းအားဖြင့် အသိစိတ်ဝိညာဉ်ကို သန့်စင်နေလေသည်။

“အဲဒီ စီနီယာ အဘိုးကြီးတွေက ငါတို့ကို ဒီနေရာမှာ ပြိုင်ပွဲဝင်ခိုင်းတာက ငါတို့ကို ဒီနေရာမှာ ကျင့်ကြံစေချင်လို့ ဖြစ်မယ်”

နောက်ဆုံးတွင် လူအုပ်ကြီးက မူလလမ်းအတိုင်း ပြန်လည် လျှောက်လှမ်းလာကြသည်။

လီချင်းရွှီက သွားများကို တင်းတင်းကြိတ်ကာ အသိစိတ်ဝိညာဉ်ဖြင့် ထောက်မပြီး တစ်ယောက်တည်း မတ်တတ်ရပ်လိုက်သည်။

“ကျုပ် ခင်ဗျားကို ကျောပိုးပြီး ပြန်ခေါ်သွားပေးမယ်”

ဇုန်းယွမ်က ရှေ့သို့ တက်လာသည်။

“မလိုဘူး”

လီချင်းရွှီက ခေါင်းယမ်း ငြင်းဆိုလိုက်ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားလေသည်။

သို့သော် မကြာမီ သူ ပြန်ရောက်လာသည်။ သူသည် သတိကြီးသူဖြစ်ပြီး တစ်စုံတစ်ယောက်က တိတ်တဆိတ် နောက်ယောင်ခံလိုက်လာကာ အပြင်းအထန် ဒဏ်ရာရနေသော သူ့ကို လမ်းတွင် သတ်ပစ်မည်ကို စိုးရိမ်နေသည်။

ဇုန်းယွမ်နှင့် ကျိန့်မောက်ကျယ်တို့က တစ်ယောက်ကိုတစ်ယောက် တွဲကူနေကြသည်။ ထိုနှစ်ယောက်မှာ ဒုက္ခသည် ညီအစ်ကိုများဟု ဆိုနိုင်ပေသည်။ သူတို့ နှစ်ယောက်စလုံး နတ်ဘုရားရတနာကို ကိုင်တွယ်ခွင့်ရခဲ့ပြီး ခဏတာ ပိုင်ဆိုင်ခဲ့ဖူးသော်လည်း ထိုအတွက်ကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြသည်။

“ညီမလေး၊ စောစောက ငါတို့ နင့်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာ... အင်း... တကယ်ကို တောင်းပန်ပါတယ်။”

ထန်ရွှီမီက နာကျင်မှုကို အံကြိတ်ခံရင်း လီချင်းယွဲ့ကို ရှင်းပြချင်သော်လည်း နောက်ဆုံးတွင် ဘာမှ ဆက်မပြောဖြစ်ခဲ့ပေ။

သူက လီချင်းယွဲ့ကို အလွန် လေးစားသဘောကျပြီး ရင်းနှီးချင်သော်လည်း ယခုမှစ၍ အခွင့်အရေး ရနိုင်တော့မည် မဟုတ်ပေ။ သူ အလွန် ဝမ်းနည်းနေမိသည်။

လီချင်းယွဲ့က ပြောလိုက်သည်။

“နတ်ဘုရားရတနာအတွက် ကိုယ့်စွမ်းအားကို ထုတ်သုံးတာ ဘာမှမဖြစ်ပါဘူး။ ဒီနေရာကနေ ထွက်သွားရင် အရင်တုန်းကလိုပဲ ငါတို့က ဂိုဏ်းတူတပည့်တွေပါပဲ”

တကယ်တော့ သူမ သိသည်။ ဝိုင်းဝန်းတိုက်ခိုက်ခံရချိန်တွင် ထန်ရွှီမီက နောက်ဆုံးအချိန်၌ သူမ ထိုးဖောက်ထွက်ပြေးနိုင်ရန် နေရာလွတ်တစ်ခု ချန်ထားပေးခဲ့သည်။ သို့သော် သူမက အခြားတစ်ဖက်မှ ရန်ယီဖျင်ကို အပြင်းအထန် ဒဏ်ရာရစေပြီး ထွက်လာခဲ့ခြင်း ဖြစ်သည်။

ချင်မင်က လမ်းတွင် သံတုတ်ကို တူးဖော်ယူလာခဲ့သည်။

“ငါ ကူကိုင်ပေးမယ်”

လီချင်းယွဲ့က ယူလိုက်သည်။ လီချင်းရွှီအုပ်စုထဲမှ အချို့သောလူများ ရှုံးနိမ့်မှုကို လက်မခံနိုင်ဖြစ်မည်ကို ရှောင်ရှားရန် ဖြစ်သည်။

“ဝမ်ချိုက်ဝေက ငါ့ကို မှတ်မိသွားပုံရတယ်”

ချင်မင်က လမ်းတွင် ထိုအခြေအနေကို သူမအား တိတ်တဆိတ် အသိပေးလိုက်သည်။

လီချင်းယွဲ့၏ ခြေလှမ်းများ ရပ်တန့်သွားပြီး “ကိစ္စမရှိပါဘူး” ဟု ရိုးရှင်းသော စကားနှစ်ခွန်းသာ ပြောလိုက်သည်။

“ရလဒ်တွေ ထွက်လာပြီ၊ သူတို့ ထွက်လာကြတော့မယ်။”

လော့ဖူ နတ်ဘုရားတောင် အပျက်အစီး နယ်မြေအပြင်ဘက်တွင် လူအများအပြား စောင့်ဆိုင်းနေကြသည်။

ယခုအကြိမ် ပြိုင်ပွဲတွင် မမျှော်လင့်ထားသော အဖြစ်အပျက်များစွာ ဖြစ်ပေါ်ခဲ့ပြီး နတ်ဘုရားရတနာမှာ အကြိမ်များစွာ လက်ပြောင်းလက်လွှဲ ဖြစ်ခဲ့ကြောင်းကို သူတို့ သိထားပြီးဖြစ်သည်။ ထန်ရွှီမီက နှစ်ကြိမ်တိုင်တိုင် လက်ဝယ်ရရှိခဲ့သော်လည်း ဝမ်းနည်းဖွယ်ရာ လွတ်မြောက်သွားခဲ့ရသည်။

တကယ်တော့ အတွင်းရေးကို အမှန်တကယ် သိရှိသူများကမူ လီချင်းရွှီ အောင်မြင်လုနီးပါး ဖြစ်ခဲ့ကြောင်း ကောင်းစွာ သိရှိကြသည်။ ယင် နဲ့ ယန် စံအိမ်မှ လူငယ်လေး၏ ပူးပေါင်းပါဝင်မှု၊ ထို့အပြင် လီချင်းရွှီက ထန်ရွှီမီကို လျှို့ဝှက်စွာ ကူညီနိုင်ခဲ့မှု၊ နောက်ဆုံးတွင် လုကျိကို သစ္စာဖောက်စေခဲ့မှုတို့ကြောင့် လူသုံးယောက် ပေါင်းစပ်လိုက်သည်နှင့် တူသွားသည်။ လီချင်းရွှီသာ ပါကွ မီးဖိုကြီးကို တစ်ကြိမ် ဖမ်းမိလိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သော ထွက်ပြေးသည့် နည်းလမ်းဖြင့် လျင်မြန်စွာ ထွက်ပြေးနိုင်မည် ဖြစ်သည်။

ချွေ မိသားစုဝင်များ၏ မျက်နှာများက မည်းမှောင်နေသည်။ ချွေချုံဟယ်၏ အသိစိတ်ဝိညာဉ် ဝင်ရောက်ပူးကပ်သွားပါက မတော်တဆမှုများ မရှိလျှင် ပထမနေရာ ရရှိနိုင်မည်ကို သူတို့ ကောင်းစွာ သိရှိထားသော်လည်း နှစ်ကြိမ်တိုင်တိုင် အရှာဖွေခံလိုက်ရသည်။

ထင်ရှားစွာပင် ချွေချုံဟယ် ဒုတိယအကြိမ်မြောက် အဓိက တပည့် ခြောက်ယောက်၏ ဝိုင်းဝန်းတိုက်ခိုက်ခံရခြင်းမှာ လီချင်းယွဲ့က ယုံကြည်ရသူများကို လျှို့ဝှက်စွာ ရှာဖွေပြီး ထန်ရွှီမီနှင့် အခြားလူများအား သတင်းပေါက်ကြားစေခဲ့ခြင်း ဖြစ်သည်။

“တကယ်ပဲ လီချင်းယွဲ့က နတ်ဘုရားရတနာကို ရသွားခဲ့တာပဲ။ သူမက ပြိုင်ဘက်တွေ အားလုံးကို သန့်ရှင်းသပ်ရပ်ပြီး လှပစွာ အနိုင်ယူနိုင်ခဲ့တယ်။ ဒီလို ရလဒ်မျိုးက တကယ်ကို ထိုက်တန်ပါတယ်”

စီနီယာ အဘိုးကြီးတစ်ဦးက ခေါင်းညိတ်ကာ ပြုံးပြီး ပြောလိုက်သည်။

ဤသူမှာ လီချင်းရွှီ၏ ဆရာကို စားပွဲခေါက်ပြီး ရင်ဆိုင်ရဲသူ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူကပင် ဤသို့ ထွက်ရပ်ကာ ချီးကျူးနေပြီဆိုလျှင် မည်သူကများ မကျေနပ်ဝံ့မည်နည်း။

ချက်ချင်းပင် အပျက်အစီး နယ်မြေအပြင်ဘက်တွင် လူအများအပြားက ချီးကျူးစကားများ ပြောဆိုလာကြပြီး လီချင်းယွဲ့တွင် နတ်ဘုရား ဖြစ်လာနိုင်သော အရည်အချင်းရှိသဖြင့် အရင်းအမြစ်များ ပံ့ပိုးပေးကာ အထူး ပြုစုပျိုးထောင်သင့်ကြောင်း ယူဆလာကြသည်။

လူတချို့ ပျော်ရွှင် စိတ်လှုပ်ရှားနေကြသလို တချို့ကလည်း စိတ်ပျက် ဒေါသထွက်နေကြသည်။ ယခုအကြိမ်တွင် ပါဝင်သော တပည့်များ အများအပြားရှိပြီး သူတို့၏ နောက်ကွယ်တွင် လျှို့ဝှက်နယ်မြေမှ ဂိုဏ်းများ ရှိသလို နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစုများလည်း ရှိသည်။

“လီယဲ့က တကယ်ပဲ လီချင်းယွဲ့ရဲ့ အစ်ကိုဝမ်းကွဲ ဟုတ်ရဲ့လား။ သံတုတ်ကြီးကို လုယူပြီး လူအများကြီးကို သတ်ခဲ့တယ်...”

တစ်စုံတစ်ယောက်က မကျေမနပ် ပြောဆိုလိုက်သည်။

“ပါးစပ်ပိတ်ထား၊ ငါတို့ရဲ့ ချင်းယွဲ့ လူအများကြီး ဝိုင်းဝန်းတိုက်ခိုက်ခံရတုန်းက ငါတို့ လီမိသားစုက ဘာမှမပြောခဲ့ဘူး။ မင်းတို့က ပြဿနာရှာချင်ရင် လျှို့ဝှက် လီမိသားစုဆီ လာခဲ့နိုင်တယ်...”

ထိုအချိန်ရောက်မှသာ လီချင်းယွဲ့၏ နောက်ကွယ်မှ မိသားစုက ထွက်ပေါ်လာသည်။ သူတို့သည် လျှို့ဝှက် မိသားစုကြီးတစ်ခု ဖြစ်ပြီး နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစုများကဲ့သို့ လူဦးရေ များပြားကာ ကြီးမားခြင်း မရှိသော်လည်း အားလုံးက စစ်မှန်သော သိုင်းပညာရှင်များ ဖြစ်ကြသည်။

ထင်ရှားစွာပင် ဤကဲ့သို့သော အရေးကြီးသည့်အချိန်တွင် မည်သူကမျှ ပြဿနာလာရှာမည် မဟုတ်ပေ။ ပြဿနာရှာချင်သော လူများ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။

ဤအချိန်တွင် လီချင်းယွဲ့သည် ဗဟိုချက်ဖြစ်လာပြီး လူတိုင်း၏ အကြည့်များက သူမအပေါ် ကျရောက်နေသည်။ သူမသည် အချို့သော စီနီယာများကို နှုတ်ဆက်ရပြီး နှိမ့်ချကာ သင့်လျော်စွာ တုံ့ပြန်နေရသည်။

ထို့နောက် လူငယ်တစ်စုက ရှေ့သို့ တက်လာပြီး သူမကို ကြယ်လေးများက လမင်းကြီးကို ဝိုင်းရံထားသကဲ့သို့ ဗဟိုတွင် ဝိုင်းရံထားကြသည်။

သံသယဖြစ်စရာ မလိုအောင်ပင် ယခုအကြိမ် နတ်ဘုရားရတနာလုပွဲ၏ သက်ရောက်မှုမှာ အလွန်ကြီးမားလှသည်။ လျှို့ဝှက်နယ်မြေမှ ရှေးဟောင်း ဂိုဏ်းများနှင့် အင်အားကြီးမားသော မိသားစုများမှ လူများပင် ရောက်ရှိလာကြသည်။

အဘယ်ကြောင့်ဆိုသော် တစ်နည်းအားဖြင့် ပြောရလျှင် နတ်ဘုရားရတနာကို ရရှိသူသည် လျင်မြန်စွာ ထင်ပေါ်ကျော်ကြားလာမည် ဖြစ်ပြီး အနာဂတ်တွင် လျှို့ဝှက်နယ်မြေ၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ သေချာနေသောကြောင့် ဖြစ်သည်။

ယခုအခါ အချို့သော ဂိုဏ်းများ၏ ဆက်ခံသူများနှင့် လျှို့ဝှက်နယ်မြေမှ နာမည်ကြီး ထူးချွန်သူများပင် ဤနေရာသို့ ရောက်ရှိလာကြသည်။

“အဲဒါ အစ်ကိုဖေ မဟုတ်လား အရည်အချင်းက အလွန်ထူးချွန်တယ် အသက် ၂၅ နှစ်တောင် မပြည့်သေးဘဲ စီနီယာတချို့နဲ့တောင် ကျင့်ကြံခြင်းဆိုင်ရာ အသိပညာတွေ ဆွေးနွေးဖလှယ်ိနိုင်ပြီ

သူက ငါတို့ လျှို့ဝှက်နယ်မြေရဲ့ နတ်ဘုရားမျိုးစေ့ပဲ”

“အစ်ကိုဖေက ကျောက်စိမ်းလို လှပပြီး ယဉ်ကျေးရည်မွန်ကာ ခန့်ညားတယ်။ ဒါ့အပြင် သူက နတ်ဘုရား အငွေ့အသက်တွေ အများကြီး ရှိတယ်။ သူက ဘဝလက်တွဲဖော် မရှာသေးဘူး။ အဲဒီမှာ ရပ်နေတာ လီညီမလေးနဲ့ အရမ်းလိုက်ဖက်တာပဲ”

မိန်းကလေးတစ်ယောက်က မနေနိုင်ဘဲ အံ့ဩတကြီး ပြောလိုက်သည်။

“အို... အစ်ကိုကျိုလည်း ရောက်လာပါလား။ ပါရမီထူးချွန်ရုံသာမက မျက်ခုံးကြားက နတ်မျက်စိကိုပါ ဖွင့်နိုင်ခဲ့တယ် နတ်ဘုရားရဲ့ အငွေ့အသက်ကိုတောင် မြင်နိုင်စွမ်းရှိပြီး အနာဂတ် အောင်မြင်မှုက မှန်းဆလို့တောင် မရနိုင်ဘူး သူ့ရဲ့ နတ်မျက်စိက လီညီမလေး ကျင့်ကြံထားတဲ့ ဝိညာဉ်မျက်လုံးထက် လုံးဝ မနိမ့်ကျဘူး သူတို့နှစ်ယောက်က အပြန်အလှန် တောက်ပနေကြတာပဲ”

...

ချင်မင်က တဖြည်းဖြည်း နောက်ဆုတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် သူ ရပ်ရန် နေရာမရှိတော့သောကြောင့် ဖြစ်ပြီး တဖြည်းဖြည်း တွန်းထုတ်ခံလိုက်ရသည်။ လီချင်းယွဲ့၏ ဘေးတွင် လျှို့ဝှက်နယ်မြေမှ နာမည်ကြီး ထူးချွန်သူများဖြင့် ပြည့်နှက်နေပြီး အနိမ့်ဆုံးမှာပင် အဝါရောင် ရွှံ့စေး အဆင့်တွင် ရှိကြသည်။

အချို့သောသူများမှာ အနာဂတ်တွင် လျှို့ဝှက်နယ်မြေ၏ ဂိုဏ်းချုပ်များ ဖြစ်လာမည်မှာ သေချာနေပြီး ယခုအချိန်ကတည်းက နာမည်ကြီးနေကာ အဆင့်အတန်းမှာ အလွန် မြင့်မားနေပြီ ဖြစ်သည်။

လီချင်းယွဲ့သည် လူအများ၏ အာရုံစိုက်မှုကို ခံနေရပြီး ထိုလူများနှင့် ပြုံးကာ စကားပြောနေလေသည်။

ထင်ရှားစွာပင် အချို့သောလူများကို မိသားစုနှင့် နောက်ကွယ်ရှိ ဂိုဏ်းများက တမင်တကာ စီစဉ်ပေးထားခြင်း ဖြစ်သည်။ လီချင်းယွဲ့သည် နတ်ဘုရားလမ်းစဉ်သို့ ဝင်ရောက်လာသည်မှာ မကြာသေးသဖြင့် ချဉ်းကပ်ရန်၊ ရင်းနှီးကျွမ်းဝင်ရန်နှင့် ပိုမို နီးကပ်သော ဆက်ဆံရေး တည်ဆောက်ရန် အလွန် သင့်လျော်နေလေသည်။

မုန့်ရှင်းဟိုင်က ချင်မင်၏ အနားသို့ ရောက်လာပြီး ပြောလိုက်သည်။

“မင်းက အများကြီး ကူညီပေးခဲ့တာပဲ၊ ဘာလို့ နောက်ဆုတ်လာတာလဲ”

ချင်မင်က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“ကျုပ်က ရွှေရောင် ချပ်ဝတ် အစောင့်အရှောက် တစ်ယောက်လေ၊ အဲဒီမှာ ရပ်နေတာက အံမဝင်ဘူး။ ချင်းယွဲ့ရဲ့ ဘေးမှာ ထူးချွန်သူတွေ ပြည့်နှက်နေတယ်။ ဂိုဏ်းချုပ်တစ်ယောက်ရဲ့ သားသမီး မဟုတ်ရင်တောင် ကောင်းကင်ဘုံက ပေးတဲ့ ထူးချွန်သူတွေချည်းပဲ။ ဒီလူတွေရဲ့ နောက်လိုက်တွေက ကျောက်စိမ်း ချပ်ဝတ် အစောင့်အရှောက်တွေ၊ ဒါမှမဟုတ်... နတ်ဘုရား ချပ်ဝတ် အစောင့်အရှောက်တွေတောင် ပါသေးတယ်”

သူက သက်ပြင်းသာ ချနိုင်တော့သည်။ မထွက်ခွာမီ နှုတ်ဆက်ချင်သော်လည်း အနားကပ်၍ မရဘဲ တားဆီးခံရလိမ့်မည်။ အဆင့်အတန်း ကွာဟလွန်းသဖြင့် တစ်ယောက်နှင့်တစ်ယောက် အကွာအဝေးက ရုတ်တရက် ဝေးကွာသွားသလို ခံစားရလေသည်။

အခန်း (၁၂၄) - မှေးမှိန်နေသော မီးရောင်အောက်တွင်

လော့ဖူတောင် အပျက်အစီးနယ်မြေ အပြင်ဘက်တွင် လူအများအပြား ရောက်ရှိနေကြသည်။

မကြာသေးမီက လျှို့ဝှက်နယ်မြေမှ တပည့်များ နတ်ဘုရားရတနာအတွက် ယှဉ်ပြိုင်ကြခြင်းမှာ အပူအပင်ဆုံး အကြောင်းအရာများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။

လျှို့ဝှက်နယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်ကြီးက စကားစလိုက်သည်။

“ဒီနေ့ ရင်းနှီးတဲ့လူ တော်တော်များများကို တွေ့ရတယ်။ နှစ်ပေါင်း ၁၂၀ လောက် မတွေ့ရတဲ့ မိတ်ဆွေဟောင်းတောင် ရောက်နေသေးတယ်။ ရှားပါးဧည့်သည်ပဲ လော့ဖူ နတ်ဘုရားမြို့လေးထဲ ဝင်ပြီး အတိတ်အကြောင်းတွေ ပြောကြတာပေါ့”

လူအများအပြား အံ့အားသင့်သွားကြသည်။ နှစ်ပေါင်း ၁၂၀ မျှ မတွေ့ရသော မိတ်ဆွေဟောင်း ဆိုလျှင် ထိုသူ၏ အဆင့်အတန်းမှာလည်း အလွန်မြင့်မားမည်ဟု ခန့်မှန်းရသည်။

ချက်ချင်းပင် ထိုနေရာရှိ လေထုမှာ ပို၍ စည်ကားလာသည်။

ကောင်းချီးမင်္ဂလာ နယ်မြေများ၊ နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစုများ၊ အင်ပါယာများ၊ လျှို့ဝှက်ဂိုဏ်းများနှင့် အဆင့်မြင့် သားရဲများ... အားလုံး ရောက်ရှိလာကြပြီး အဆင့်အတန်းများမှာလည်း အလွန်မြင့်မားကာ မြင်ကွင်းမှာ အလွန် ကြီးကျယ်ခမ်းနားလှသည်။

လော့ဖူ နတ်ဘုရားမြို့လေးတွင် စစ်မှန်သော ဆင်အိုကြီး၏ အစွယ် လေးစွယ် ပေါ်လာသည်။ နောက်ခံ အလွန်ကြီးမားပြီး လူအသွင် ပြောင်းလဲထားကာ လူငယ်လေးတစ်ဦး ဖြစ်နေသည်။ သွားများ ကျွတ်နေသော ဆင်အိုကြီးတစ်ကောင်က သူ့နောက်မှ လိုက်ပါလာသည်။

တာယွီ အင်ပါယာမှ မင်းသားတစ်ပါး ရောက်လာပြီး ချွေချုံဟယ်နှင့် ရယ်မောကာ စကားပြောနေသည်။ သူတို့ နှစ်ဦးမှာ အလွန် ရင်းနှီးဟန်ရပြီး သူသည် မကြာမီ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်တော့မည် ဖြစ်သည်။

လျှို့ဝှက်နယ်မြေမှ တပည့်များ၏ ပြိုင်ပွဲတစ်ခုက အဆင့်အတန်း မြင့်မားသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး လူအများအပြား အဆက်အသွယ် ရှာဖွေနေကြသော တွေ့ဆုံပွဲတစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း ချင်မင် တွေ့လိုက်ရသည်။

မကြာမီ ချွေ မိသားစုမှ ချွေ အဘိုးငါးကို သူ တွေ့လိုက်ရသည်။ သူ၏ အဘိုး တကယ်ပဲ တာယွီ အင်ပါယာ မြို့တော်သို့ သွားခဲ့သလားဟု သွားရောက် မေးမြန်းချင်စိတ် ပေါ်လာသည်။

ထိုစကားများမှာ လိမ်ညာမှုများသာ ဖြစ်ကြောင်း ချင်မင် သိသည်။ ယခင်က ချွေ မိသားစုတွင် ရှိနေစဉ် ချွေ အဘိုးနှစ်နှင့် ချွေ အဘိုးငါးတို့က သူ့ကို ပိုးသားစာလိပ် ကျင့်စဉ် ကျင့်ကြံစေရန် သွေးဆောင်ဖြားယောင်းရန်အတွက်သာ ထိုစကားများကို လုပ်ကြံပြောဆိုခဲ့ခြင်း ဖြစ်သည်။

သူက စိတ်ကို ထိန်းချုပ်လိုက်ပြီး ထိုဘက်သို့ ထပ်မကြည့်တော့ပေ။ သူ၏ လက်ရှိ အဆင့်အတန်းအရ နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစု၏ အထက်တန်းလွှာများကို ချဉ်းကပ်ရန် အရည်အချင်း မရှိပေ။

လော့ဖူ နတ်ဘုရားမြို့လေး…..

ဤအေးစက်စက် ရှေးဟောင်းမြို့လေးသည် ယနေ့တွင် အလွန် စည်ကားနေသည်။ ကောင်းချီးမင်္ဂလာ နယ်မြေများနှင့် နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစုများက ကြိုတင် စီစဉ်ထားပြီး ညစာစားပွဲကိုပင် ပြင်ဆင်ထားကြသည်။

သံသယဖြစ်စရာ မလိုအောင်ပင် ယခုအချိန်တွင် အတောက်ပဆုံးမှာ လီချင်းယွဲ့ ဖြစ်သည်။ ဂုဏ်သရေရှိ ဧည့်သည်များ၊ စီနီယာ အဘိုးကြီးများနှင့် ပါရမီထူးချွန်သူများ အများအပြား ရောက်ရှိလာသော်လည်း အကြည့်များစွာက သူမထံသို့သာ ကျရောက်နေသည်။

လီချင်းယွဲ့သည် ဗဟိုချက်တွင် ဝိုင်းရံခံနေရပြီး ထိုနေရာမှာ ကြယ်များ တောက်ပနေသကဲ့သို့ ဖြစ်နေသည်။ လူငယ်အများအပြားမှာ ကောင်းချီးမင်္ဂလာ နယ်မြေများ၊ အင်ပါယာများနှင့် လျှို့ဝှက်ဂိုဏ်းများ၏ တိုက်ရိုက် မျိုးဆက်များ ဖြစ်ကြပြီး အနာဂတ်၏ အထက်တန်းလွှာများလည်း ဖြစ်ကြသည်။

အစ်ကိုဖေသည် ချောမောကာ ယဉ်ကျေးရည်မွန်ပြီး အလွန် ရင့်ကျက်တည်ငြိမ်သည်။ ကောင်းချီးမင်္ဂလာ နယ်မြေမှ အသက် ၂၀ ကျော် လူငယ် ထူးချွန်သူတစ်ဦးအနေဖြင့် လူအများအပြားကို သိကျွမ်းပြီး လီချင်းယွဲ့ကို တစ်ယောက်ချင်းစီ မိတ်ဆက်ပေးနေသည်။

ဤလူများသည် ငယ်စဉ်ကတည်းက မိသားစု၏ သွန်သင်ဆုံးမမှုကို ခံခဲ့ရသဖြင့် ဆယ်ကျော်သက် အရွယ်များပင်လျှင် အတော်လေး ရင့်ကျက်ကာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ရှိကြသည်။ မည်သည့် ပြဿနာ သို့မဟုတ် မတော်တဆမှုမျှ မရှိဘဲ အားလုံးက စိတ်အားထက်သန်စွာနှင့် ရင်းနှီးစွာ မိတ်ဆက် ဆက်သွယ်နေကြသည်။

ယင် နဲ့ ယန် စံအိမ်မှ လူငယ်လေး လုကျိသည် ချပ်ဝတ်တန်ဆာကို ချွတ်ပြီးနောက် သူ၏ အမည်းနှင့် အဖြူရောင် ဝတ်ရုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ သူ့ကိုလည်း အချို့သော လူများက ဖိတ်ကြားခဲ့ပြီး ထိုအထဲတွင် ပါဝင်ခွင့် ရရှိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ ကျင့်ကြံထားသော ယင် နဲ့ ယန် အမည်းနှင့် အဖြူ စွမ်းအားမှာ လောကတွင် နာမည်ကြီးပြီး ဤအဆင့်တွင် လျှို့ဝှက်နယ်မြေနှင့် လျှို့ဝှက်ဂိုဏ်းများမှ ရွယ်တူများကို အလွန် ကြောက်ရွံ့စေသောကြောင့် ဖြစ်သည်။

အရေးအကြီးဆုံးမှာ ယင် နဲ့ ယန် စံအိမ်သည် အလွန် အင်အားကြီးမားသော ဂိုဏ်းတစ်ခု ဖြစ်ပြီး လုကျိမှာ ထိုနေရာမှ အဓိက တပည့်တစ်ဦး ဖြစ်သည်။

ချင်မင်က တောက်ပနေသော မီးရောင်များကြားမှ လီချင်းယွဲ့ကို တစ်ချက် ကြည့်လိုက်သည်။ သူမ၏ တိုးတက်လာမှုကို တားဆီး၍ မရနိုင်တော့ကြောင်း လူတိုင်းက သူမအပေါ် ထားရှိသော သဘောထားကို ကြည့်ရုံဖြင့် သိနိုင်သည်။

နတ်ဘုရားရတနာကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ယခုအကြိမ် သူမ၏ အံ့မခန်း စွမ်းဆောင်ရည်များကြောင့် လျှို့ဝှက်နယ်မြေက သူမကို အရေးအကြီးဆုံး မျိုးစေ့များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားမည်မှာ သေချာသည်။

“မင်းရဲ့ လမ်းခရီး ဖြောင့်ဖြူးပါစေ၊ လိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်”

ချင်မင်က တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် သူက မုန့်ရှင်းဟိုင်ဘက်သို့ လှည့်ကြည့်ကာ “ဦးလေးမုန့်၊ ကျုပ်တို့ သွားကြရအောင်” ဟု ပြောလိုက်သည်။

“နှုတ်မဆက်ဘဲ သွားတော့မလို့လား”

“မသွားတော့ဘူး၊ နေရာက မသင့်တော်ဘူး”

ချင်မင်က ခေါင်းယမ်းလိုက်သည်။

ယခု ရှေ့တွင် ကြယ်လေးများက လမင်းကြီးကို ဝိုင်းရံထားသကဲ့သို့ ဖြစ်နေသည်။ လူငယ်လေးများသာ ဖြစ်သော်လည်း အားလုံးက နောက်ခံ ကြီးမားသူများ ဖြစ်ကြသဖြင့် သူက ရွှေရောင် ချပ်ဝတ် အစောင့်အရှောက် အနေဖြင့် သွားရောက်ရန် မသင့်တော်ပေ။

သူ တကယ် သွားမည်ဆိုပါက လူအများအပြား၏ အကြည့်များကို ဆွဲဆောင်နိုင်ပြီး အန္တရာယ် ရှိနိုင်သဖြင့် ယခုအချိန်တွင် တိတ်တဆိတ် ထွက်ခွာသွားရန် လိုအပ်သည်။

မုန့်ရှင်းဟိုင်က အလွန် ဝမ်းသာသွားပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“မမောက်မာဘူး၊ အရမ်းကောင်းတယ်”

ယနေ့ည အဘိုးကြီးမုန့် သူ့ကို ပြောခဲ့သော စကားများမှာ စမ်းသပ်မှုများ ဖြစ်ကြောင်း ချင်မင် ချက်ချင်း သဘောပေါက်လိုက်သည်။ သူ စိတ်ဓာတ်ကျကာ မရင့်ကျက်သေးမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

“ဦးလေးမုန့်၊ ခင်ဗျားက တကယ်ပဲ...”

ဤနေရာတွင် ချင်မင်က ဦးလေးမုန့် ဟု မခေါ်ရဲပေ။ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါက်ကြားသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

မုန့်ရှင်းဟိုင်က ပြောလိုက်သည်။

“အနာဂတ် လမ်းခရီးက အရှည်ကြီး ကျန်သေးတယ်။ အခု မျက်စိရှေ့က ဂုဏ်ကျက်သရေလေးက ဘာများ အရေးပါလို့လဲ။ ခန္ဓာကိုယ် အသွင်ပြောင်းတဲ့ လမ်းစဉ်ကို လျှောက်တော့ကော ဘာဖြစ်လဲ။ အနာဂတ် လမ်းကြောင်းက သတ်မှတ်ထားပြီးသား၊ လျှို့ဝှက်နယ်မြေက လူတွေအတွက် အစောင့်အရှောက် လုပ်ပေးရမယ်၊ လျှို့ဝှက်ဂိုဏ်းက လူတွေအတွက် နောက်လိုက် လုပ်ပေးရမယ်လို့ ဘယ်သူပြောလဲ။ စစ်မှန်တဲ့ လမ်းကြောင်းက ကိုယ့်ခြေထောက်အောက်မှာပဲ ရှိတယ်။ မင်းသာ အမြဲတမ်း မြန်မြန်ဆန်ဆန် လျှောက်လှမ်းနိုင်ပြီး လူငယ် သိုင်းဆရာသခင် ဖြစ်လာမယ်၊ လမ်းသစ်ဖောက်တဲ့ လူငယ် ဘိုးဘေး ဖြစ်လာမယ်ဆိုရင် အဲဒီ ပါရမီရှင်ဆိုတဲ့ လူတွေထက် အများကြီး ပိုတောက်ပပြီး သူတို့ အသက်ရှူမဝအောင် ဖိနှိပ်ထားနိုင်မှာပဲ”

သေချာသည်မှာ ဤစကားများအားလုံးကို သူက အသံလွှင့်၍သာ ပြောဆိုခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူကဲ့သို့ အစွမ်းထက်သူပင်လျှင် ချက်ချင်း ဒုက္ခရောက် သွားနိုင်သည်။

ချင်မင်က ပြောလိုက်သည်။

“ဦးလေးမုန့်၊ ခင်ဗျားက ကျုပ်ကို အမြဲတမ်း တွန်းအားပေးနေတာပဲ။ ခင်ဗျားက အသွင်ပြောင်းတဲ့ လမ်းစဉ်ကို ဒီလောက်တောင် သဘောကျနေမှတော့ နတ်ဘုရား ဖြစ်ဖို့ မစဉ်းစားဘဲ လှည့်ပြန်လာပြီး ကျုပ်နဲ့အတူ လျှောက်ပါလား”

မုန့်ရှင်းဟိုင်က ချက်ချင်း လက်ကာပြလိုက်ပြီး “တော်ပြီ၊ ငါ မလုပ်နိုင်တော့ဘူး။ ဒီလမ်းမှာ ခေါင်းကွဲအောင် တိုက်မိပြီးပြီ၊ တကယ်ကို ဆက်မလျှောက်နိုင်တော့ဘူး။ ငါနဲ့ ခေတ်ပြိုင် လူတွေကို ကြည့်လိုက်၊ အရင်တုန်းက ပါရမီရှင်တွေ အားလုံး ပျောက်ကုန်ပြီ။ လမ်းကြောင်း ပြောင်းသွားတာ မဟုတ်ရင် လျှို့ဝှက်နယ်မြေထဲ ရောက်သွားတာ၊ ဒါမှမဟုတ် လျှို့ဝှက်ဂိုဏ်းရဲ့ တောင်စောင့် အစောင့်အရှောက် ဖြစ်သွားတာပဲ။ ငါ ကြည့်ရင်းနဲ့ ရင်လေးလာတယ်”

ချင်မင်က ဆက်လက် တိုက်တွန်းလိုက်သည်။

“ကျုပ်တို့ ဦးရီးတူ နှစ်ယောက် အတူတူ လျှောက်ကြမယ်လေ။ တစ်ယောက်က လူငယ် သိုင်းဆရာသခင်၊ တစ်ယောက်က လူလတ်ပိုင်း သိုင်းဆရာသခင် ဖြစ်လာရင် ဘယ်လောက်ကောင်းလဲ”

မုန့်ရှင်းဟိုင်က မရယ်ဘဲ အလွန် တည်ကြည်စွာဖြင့် ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ငါ ဒီလမ်းမှာ တစ်လက်မလေးတောင် ရှေ့မတိုးနိုင်ခဲ့ဘူး။ စိတ်ပျက်အားငယ်နေပြီ။ ငါ့လို အရည်အချင်းမျိုးတောင် မရဘူးဆိုရင် တခြား ခေတ်ပြိုင်လူတွေဆိုရင် တွေးကြည့်လို့ရတယ်။ ကံကောင်းတာက ငါ လျှို့ဝှက်ဂိုဏ်းမှာ အဆင်ပြေနေတယ်။ အနာဂတ်မှာ အမြင့်ဆုံးကို တက်လှမ်းဖို့၊ အဲဒီ မသိရသေးတဲ့ ကြောက်မက်ဖွယ် သတ္တဝါတွေနဲ့ နီးကပ်ဖို့ အခွင့်အရေးလေး တစ်ခုလောက် ရဖို့ မျှော်လင့်ပါတယ်”

လျှို့ဝှက်ဂိုဏ်း၏ လမ်းစဉ်က လျှို့ဝှက်နယ်မြေထက် အများကြီး ပိုရူးသွပ်ကြောင်း ချင်မင် သိသည်။ ပထမဆုံး နတ်ဘုရားနှင့် တူသောသူများနှင့် နီးကပ်အောင် လုပ်ရပြီး ထို့နောက်တွင် မရိုမသေ ပြုလုပ်သည့် ခရီးစဉ်ကို စတင်ရမည် ဖြစ်သည်။

“ဦးလေးမုန့် သွားကြစို့”

ချင်မင်က အရင် ထွက်ခွာသွားသည်။ သူ ချိရှမြို့သို့ ပြန်ရမည်။ မြေကြီးပေါ် ခြေချကာ ထိုဝေးလံခေါင်သီသော နေရာတွင် ကြိုးစား ရုန်းကန်ရမည်။ ယခု မျက်စိရှေ့တွင် မီးရောင်များ တောက်ပနေသော်လည်း တကယ်တမ်းတွင် သူ့အတွက် အနည်းငယ် ဝေးကွာနေသည်။

ကောင်းချီးမင်္ဂလာ နယ်မြေများ၊ နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစုများ၊ အင်ပါယာများ၊ လျှို့ဝှက်ဂိုဏ်းများ၊ လျှို့ဝှက်နယ်မြေများ... ဤအရာများအားလုံးမှာ သူ ချဉ်းကပ်၍ မရနိုင်သော ဧရာမ အဖွဲ့အစည်းကြီးများ ဖြစ်ပြီး လက်ရှိအချိန်တွင် အလွန် အန္တရာယ်များလှသည်။

မုန့်ရှင်းဟိုင်က ခေါင်းညိတ်လိုက်ပြီး “အင်း၊ ပြန်သင့်ပြီ။ နေရာအနှံ့က စာမေးပွဲတွေက အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီ။ မင်း တခြားမြို့တွေက ပထမရတဲ့ လူတွေနဲ့ သွားပြိုင်ချင်လား။ ကြီးမားတဲ့ ဆုလာဘ်တွေ ရနိုင်တယ်”

သူတို့ နှစ်ယောက် ထွက်ခွာသွားကြပြီး မည်သည့်နေရာတွင်မျှ မရပ်တန့်ခဲ့ပေ။

လီချင်းယွဲ့က တစ်ခုခုကို ခံစားမိသဖြင့် ရုတ်တရက် လှည့်ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်တစ်ခုက မှေးမှိန်နေသော မီးရောင်အောက်တွင် ရှိနေပြီးနောက် ညအမှောင်ထုထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။

...

လော့ဖူမြို့က အလွန် ကြီးကျယ်ခမ်းနားပြီး ညအမှောင်ထုကပင် ၎င်း၏ တောက်ပမှုကို မဖုံးကွယ်နိုင်ပေ။ ယခုအခါ တစ်မြို့လုံးက ချင်မင်နှင့် မုန့်ရှင်းဟိုင်တို့၏ ခြေအောက်တွင် ရှိနေပြီး သူတို့သည် အဆင့်မြင့် ပျံသန်းနိုင်သော စီးတော်သားရဲ၏ ကျောပေါ်တွင် ရပ်ကာ ညလေကို ဆန်၍ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

ရွှေရောင် အဆင့်မြင့် ဝိညာဉ်သားရဲငှက်ကြီးသည် ခေါင်းတွင် လျှို့ဝှက်သတ္တုဖြင့် ပြုလုပ်ထားသော သံမဏိဦးထုပ်ကို ဆောင်းထားပြီး ကိုယ်ပေါ်တွင် ရှားပါးသတ္တုဖြင့် ပြုလုပ်ထားသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ လုံခြုံစွာ ဖုံးအုပ်ထားသဖြင့် အတောင်ပံပါသော လိပ်ကြီးတစ်ကောင်နှင့် တူနေသည်။

မကြာမီ သူတို့၏ နောက်ကွယ်မှ လော့ဖူမြို့ကြီး လုံးဝ ပျောက်ကွယ်သွားသည်။

ရှေ့ခရီးက မှောင်မိုက်နေပြီး ညအမှောင်ထုက ထူထပ်နေကာ ကမ္ဘာကြီး တစ်ခုလုံးက မင်ရည်များ စွန်းထင်းနေသကဲ့သို့ ဖြစ်နေသည်။

ချင်မင်သည် မီးစမ်းရေ တောက်ပသော နေရာတွင် ရက်အနည်းငယ် နေထိုင်ခဲ့ပြီး အမှောင်ထုကို မခံစားခဲ့ရပေ။ ယခု ရင်းနှီးပြီး စစ်မှန်သော ကမ္ဘာကြီးသို့ ပြန်လည်ရောက်ရှိလာသောအခါ သူ၏ စိတ်အခြေအနေမှာ အနည်းငယ် ဝေဝါးနေသည်။

ကံကောင်းထောက်မစွာဖြင့် သူက လျင်မြန်စွာ အသားကျသွားသည်။

“မူလလမ်းအတိုင်း မသွားနဲ့...”

မုန့်ရှင်းဟိုင်က ထိုအဆင့်မြင့် သားရဲကို အသံလွှင့်၍ လမ်းညွှန်ပေးကာ မသိရသေးသော နေရာတစ်ခုသို့ သွားမည်ဖြစ်သည်။

“ဦးလေးမုန့်၊ တိုက်ရိုက် မပြန်တာက နောက်ကနေ တစ်ယောက်ယောက် လိုက်လာမှာကို စိုးရိမ်လို့လား”

ချင်မင်က မေးလိုက်သည်။

“ငါ့ရဲ့ အာရုံခံနိုင်စွမ်းအရတော့ ပြဿနာ မရှိနိုင်ဘူး။ ဒါပေမဲ့ သေချာအောင်လို့ လမ်းနည်းနည်း ကွေ့ပြီး ငါ့ရဲ့ ဆရာ့ဦးလေးကို သွားကန်တော့မယ်။ အဲဒီအခွင့်အရေးနဲ့ ငါတို့ကို သန့်စင်ပေးဖို့ သူ့ကို အကူအညီ တောင်းရမယ်”

မုန့်ရှင်းဟိုင်က တိတ်တဆိတ် အသံလွှင့် ပြောလိုက်သည်။

သူက အလွန် သတိကြီးသည်။ အကယ်၍ ပုံမှန်မဟုတ်သည်များ ရှိနေပြီး သူကိုယ်တိုင်ပင် မသိလိုက်ပါက ပြဿနာ အလွန် ကြီးမားကြောင်း ပြသနေသည်။

ထိုအဆင့်မြင့် သားရဲမှာ အလွန် အစွမ်းထက်ပြီး ပျံသန်းမှု အလွန် မြန်ဆန်သည်။ ညအမှောင်ထုထဲတွင် ဖြတ်သန်းသွားရာ အလင်းတန်းတစ်ခု လွင့်ပျံသွားသကဲ့သို့ ဖြစ်နေသည်။ အချိန်သိပ်မကြာမီ မိုင်ရှစ်ရာခန့် ပျံသန်းခဲ့ပြီး ခရီးပန်းတိုင်သို့ နီးကပ်လာသည်။

လမ်းခရီးတွင် မုန့်ရှင်းဟိုင်က လမ်းညွှန်ပေးပြီး တိကျသော နေရာကို ပြောပြသည်။

နောက်ထပ် မိုင်ဆယ်ဂဏန်းခန့် ပျံသန်းပြီးနောက် ၎င်းက အရှိန်လျှော့လိုက်ပြီး မီးရောင် မှေးမှိန်နေသော မြို့ငယ်လေးတစ်ခုကို ဖြတ်ကျော်ကာ တဖြည်းဖြည်း ဆင်းသက်လာပြီး နောက်ဆုံးတွင် မြို့အပြင်ဘက် ဆယ်မိုင်ခန့်အကွာတွင် ဆင်းသက်လိုက်သည်။

“ဆရာ့ဦးလေး၊ ကျွန်တော် အဘိုးကို အထူး လာကန်တော့တာပါ”

မုန့်ရှင်းဟိုင်က အော်ပြောလိုက်သည်။

ဤနေရာမှာ အလွန် ကြီးမားသော ချောက်ကမ်းပါးကြီး တစ်ခုဖြစ်သည်။ မိုးထိအောင် မြင့်မားသော တောင်ကြီးတစ်လုံးကို ခါးလယ်မှ ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်နေပြီး ယခုအခါ ကျယ်ပြန့်သော ကုန်းပြင်မြင့်သာ ကျန်ရှိတော့သည်။

သန်းခေါင်ယံ အချိန်ဖြစ်သော်လည်း အဘိုးကြီးတစ်ဦးက တောင်စွန်းတွင် ထိုင်ကာ ငါးမျှားနေဆဲပင်။ သူက လှည့်မကြည့်ဘဲ ပြောလိုက်သည်။

“တော်စမ်းပါ၊ မင်း ဘယ်တုန်းက ငါ့ကို သီးသန့် လာကန်တော့ဖူးလို့လဲ။ သေချာပေါက် ကိစ္စတစ်ခုခု ရှိလို့နေမှာပေါ့”

မုန့်ရှင်းဟိုင်က ရယ်မောကာ ပြောလိုက်သည်။

“အဘိုး နတ်ဘုရား ဖြစ်မယ့်ကိစ္စကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ။ ပုံမှန်ဆိုရင် မလာရဲပါဘူး။ ဒီနေ့ လမ်းကြုံလို့ အဘိုးအတွက် အရက်ကောင်း နှစ်အိုး ဝယ်လာတယ်”

ချင်မင်၏ မျက်လုံးများက ထူးဆန်းသွားသည်။ ထိုအရက်များမှာ လော့ဖူ နတ်ဘုရားမြို့လေး၏ ညစာစားပွဲမှ အရက်ကောင်းများ ဖြစ်သည်။ ထွက်လာစဉ်က သူ ခိုးယူလာသည်ကို မတွေ့လိုက်ရပေ။

“နတ်ဘုရား ဖြစ်မယ်ဆိုတဲ့ စကားကို မပြောနဲ့၊ အန်ချင်လာပြီ။ ငါက တောင်စောင့်နတ် ဖြစ်ဖို့တောင် မျှော်လင့်ချက် မရှိဘူး။ အနှစ်တစ်ရာလောက် မျှားနေတာတောင် ငါးက ငါးစာ မဟပ်ဘူး”

အဘိုးကြီးက အနည်းငယ် ဒေါသထွက်နေပုံရသည်။

ထို့နောက် သူက ငါးမျှားတံကို သိမ်းကာ ထလာသည်။ အဘိုးကြီးမှာ အရပ်နှစ်မီတာခန့် မြင့်မားပြီး ခွန်အားများ ပြည့်ဝကာ မျက်နှာမှာ နီရဲနေသည်။ သို့သော် ဆံပင် သိပ်မရှိတော့ပေ။

“မင်္ဂလာပါ စီနီယာ”

ချင်မင်က သူ့ကို နှုတ်ဆက်လိုက်ပြီး တစ်ချိန်တည်းမှာပင် အလွန် သိချင်စိတ် ဖြစ်မိသည်။ နတ်ဘုရား ဖြစ်ခြင်းနှင့် ထိုနေရာတွင် ငါးမျှားခြင်းက ဘာများ ဆက်စပ်နေသနည်း။ သူက ပြတ်တောက်နေသော တောင်အောက်သို့ ငုံ့ကြည့်လိုက်သည်။

“မကြည့်နဲ့၊ ပြဿနာ တက်လွယ်တယ်။ အောက်က အရာတွေက အရမ်း ကြောက်စရာကောင်းတယ်။ ဒါက ထူးခြားတဲ့ နေရာတစ်ခုပဲ”

အဘိုးကြီးက သတိပေးလိုက်သည်။ သူ၏ စိတ်သဘောထားက အလွန် ကောင်းမွန်ပြီး လူကြီးလူကောင်း ဟန်ပန် မရှိပေ။

မုန့်ရှင်းဟိုင်က ချင်မင်ကို ပြောပြသည်။ အောက်ဘက်တွင် အဆုံးမရှိသော တွင်းနက်ကြီး ရှိပြီး မြူခိုးများ ဖုံးလွှမ်းနေကာ လျှို့ဝှက်ဆန်းကြယ်သဖြင့် မကြည့်ခြင်းက အကောင်းဆုံး ဖြစ်သည်။

“အင်း၊ မင်းက ငါ့အတွက် ပြဿနာ ရှာလာပြန်ပြီပဲ။ စိတ်ဝင်စားစရာပဲ၊ အဘိုးကြီး တစ်ယောက်က ဒီကောင်လေး ကိုယ်ပေါ်မှာ ရိုးရှင်းတဲ့ အမှတ်အသား တစ်ခု လုပ်ထားတယ်”

အဘိုးကြီးက ချင်မင်ကို လက်ညှိုးထိုးပြလိုက်သည်။

ထို့နောက် သူက မေးလိုက်သည်။

“ဒီကလေးက အရမ်း ထူးခြားလို့လား”

“ဒါက...”

မုန့်ရှင်းဟိုင် အံ့အားသင့်သွားပြီး ချင်မင်၏ ဤခရီးစဉ် အတွေ့အကြုံများကို ကပျာကယာ ပြောပြလိုက်သည်။

ချင်မင် ကိုယ်တိုင်လည်း ဖြည့်စွက် ပြောပြလိုက်သည်။ သူက ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ဦး၏ အာရုံစိုက်မှုကို ခံလိုက်ရသည်လား။

“ငါ နားလည်ပြီ မင်းက လျှို့ဝှက်ဂိုဏ်းကြီး ခြောက်ခုရဲ့ တပည့်အဖြစ် ဟန်ဆောင်ခဲ့တာကိုး အဲဒီ အဘိုးကြီးက ငယ်ငယ်တုန်းက လျှို့ဝှက်ဂိုဏ်းကြီး ခြောက်ခု ရဲ့ ပါးရိုက်တာ ခံခဲ့ရဖူးတယ်။ အခု လျှို့ဝှက်ဂိုဏ်းကြီး ခြောက်ခု သေတော့မယ်လို့ ကြားတော့ သတင်း အမှန်၊ အမှားကို မသိလို့ မင်းကတစ်ဆင့် စုံစမ်းချင်တာ နေမှာပေါ့။ ဒါက ဘာမှ မဖြစ်ပါဘူး၊ ကိစ္စကြီး မဟုတ်ပါဘူး”

အဘိုးကြီး ပြောပြီးနောက် မျက်လုံးများ တောက်ပသွားကာ ချင်မင်၏ ကိုယ်ပေါ်တွင် အလင်းရောင် ဖျော့ဖျော့လေး တစ်ခု ထွက်ပေါ်လာပြီးနောက် လောင်ကျွမ်းသွားကာ ပျောက်ကွယ်သွားလေသည်။

“ဆရာ့ဦးလေး၊ ဒီကလေး လျှို့ဝှက်ဂိုဏ်းရဲ့ လမ်းစဉ်ကို လျှောက်ရင် ဘယ်လိုနေမလဲ”

မုန့်ရှင်းဟိုင်က မေးလိုက်သည်။

“ဘယ်သူမဆို နတ်ဘုရား ဉာဏ်ပညာ ရှိပြီး ဒီလမ်းစဉ်နဲ့ ကိုက်ညီမယ်လို့ မင်း ထင်နေတာလား။ အင်း၊ ခဏနေဦး”

ရုတ်တရက် အဘိုးကြီး၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် နတ်ဘုရား အလင်းတန်းများ စီးဆင်းသွားကာ အက္ခရာများအဖြစ် ပြောင်းလဲသွားပြီး ချင်မင်ကို စိုက်ကြည့်လိုက်သည်။

“ဟား၊ မျိုးစေ့ကောင်းလေးပဲ၊ မဆိုးဘူး၊ နတ်ဘုရား ဉာဏ်ပညာတွေ ပြည့်ဝနေတယ်”

သူက ချီးကျူးလိုက်သည်။

“သူ့မှာ ရှိတယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ နတ်ဘုရား ဉာဏ်ပညာက ဒီလောက်တောင် ပြည့်ဝနေတာလား”

မုန့်ရှင်းဟိုင်၏ စိတ်အခြေအနေမှာ ရှုပ်ထွေးနေသည်။ ချင်မင်အတွက် ထွက်ပေါက်အသစ် ရရှိသွားသဖြင့် သက်ပြင်းချနိုင်သော်လည်း အနည်းငယ် ဝမ်းနည်းနေမိသည်။ အသွင်ပြောင်း လမ်းစဉ်သစ်တွင် အဆုံးအထိ အားကောင်းစွာ လျှောက်လှမ်းနိုင်မည့်သူ တစ်ယောက်မျှ မရှိတော့ဘူးလား။

“ဒီကျမ်းစာကို ယူသွားပြီး သူ့ကို ကျင့်ကြည့်ခိုင်းလိုက်။ ခြောက်လနေရင် ပြန်လာခဲ့။ ငါက ဒီတွင်းနက်ကြီးနဲ့ အသေအလဲ တိုက်ခိုက်နေရလို့ အာရုံမစိုက်နိုင်ဘူး”

အဘိုးကြီးက အလွန် ပွင့်လင်းစွာဖြင့် မုန့်ရှင်းဟိုင်ကို စာအုပ်ပါးပါးလေး တစ်အုပ် ပေးလိုက်ပြီးနောက် နှင်ထုတ်တော့သည်။

တကယ်တော့ ချင်မင်သည် တောင်ပေါ်တွင် ရှိနေစဉ်ကတည်းက အစပိုင်း မန္တန်များကို အလွတ်ကျက်မှတ်ထားပြီး ခရီးစတင်သည်နှင့် တစ်ပြိုင်နက် ကျင့်ကြံရန် ကြိုးစားခဲ့သည်။

အဆင့်မြင့် သားရဲငှက်ကြီး ချိရှမြို့သို့ ဆင်းသက်လာသောအခါ သူက မုန့်ရှင်းဟိုင်ကို ပြောလိုက်သည်။

“ဦးလေးမုန့်၊ ကျုပ် သန့်စင်တဲ့ အလင်းရောင် တစ်ခုကို ကျင့်ကြံနိုင်ခဲ့တယ် ဒါပေမဲ့...”

“ဘာဖြစ်လို့လဲ”

မုန့်ရှင်းဟိုင်က ကပျာကယာ မေးလိုက်သည်။ ဤမျှ မြန်ဆန်စွာ ကျင့်ကြံနိုင်ခြင်းမှာ အရည်အချင်းက အလွန် ကောင်းမွန်လွန်းနေသည်။

တစ်ချိန်တည်းမှာပင် မတော်တဆမှု တစ်ခုခု ဖြစ်သွားကြောင်း သူ နားလည်လိုက်သဖြင့် အနည်းငယ် စိုးရိမ်သွားသည်။ နတ်ဘုရား ဖြစ်မည့် လမ်းစဉ်ကို ပေါ့ပေါ့တန်တန် သဘောထား၍ မရဘဲ အလေးအနက်ထား ဆက်ဆံရန် လိုအပ်သည်။

“သန့်စင်တဲ့ အလင်းရောင်က... အရည်ပျော်သွားတယ်”

ချင်မင်က ပြောပြလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုး ထပ်မံ ကြုံတွေ့ရပြန်ပြီ။

မုန့်ရှင်းဟိုင်က သူ့ကို ချက်ချင်း စစ်ဆေးပေးလိုက်သော်လည်း မည်သည့် ပြဿနာမျှ မတွေ့ရပေ။

“ပြန်ရောက်မှ ပြောကြတာပေါ့”

နောက်နှစ်ရက်တွင် ချင်မင်သည် ထိုစာအုပ်ပါးပါးလေးပေါ်ရှိ ကျင့်စဉ်ကို ကျင့်ကြံခဲ့သည်။

ရလဒ်အနေဖြင့် သန့်စင်သော အလင်းရောင် ပေါ်လာတိုင်း အရည်ပျော်သွားပြီး ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းပေးကာ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို တဖြည်းဖြည်း တိုးတက်စေသည်။ သန့်စင်သော အလင်းရောင် အနည်းငယ်သာ ကျန်ရှိပြီး မျှတမှုကို ထိန်းသိမ်းထားသည်။

တတိယနေ့တွင် မုန့်ရှင်းဟိုင်က ချင်မင်ကို လာခေါ်ပြီး ပြောလိုက်သည်။

“အင်း ဒီကျမ်းစာကို ဆက်မကျင့်နဲ့ဦး တစ်ယောက်ယောက်က မင်းဆီကို တန်ဖိုးမဖြတ်နိုင်တဲ့ လျှို့ဝှက်ကျမ်းစာ လာပို့ပေးတယ်။ အရှေ့ဆုံး စာမျက်နှာ သုံးမျက်နှာကို အရင်ယူလာပေးတယ်။ မင်း မြန်မြန်သွားပြီး ကျင့်လို့ရမရ ကြည့်လိုက်။ မရဘူးဆိုရင် မင်းအတွက် သာမန်ထက်ထူးခြားတဲ့ ကျင့်စဉ်တစ်ခု လဲပေးဖို့ လိုလိမ့်မယ်”

“ဘာ လျှို့ဝှက်ကျမ်းစာလဲ၊ ဘယ်သူ ပို့ပေးလိုက်တာလဲ”

ချင်မင်က မေးလိုက်သည်။

“မင်းကို ကျင့်စဉ်တစ်ခု ပေးမယ်လို့ ဘယ်သူပြောဖူးလဲ”

မုန့်ရှင်းဟိုင်က ပြုံးပြီး ပြန်မေးလိုက်သည်။

All Chapters