အခန်း(၁၂၇-၁၂၀)
Vol. 9 Ch. 127-128
အခန်း ၁၂၇ ဘဝ၏ လမ်းဆုံလမ်းခွ
အချိန်တွေဘယ်လိုကုန်လွန်သွားမှန်းမသိဘဲ နွေဦးရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ လျှို့ဝှက်နယ်မြေ၊ လျှို့ဝှက်ဂိုဏ်းများနှင့် အထူးအဆင့်မြင့် ကျောင်းတော်များက တပည့်များကို တဖြည်းဖြည်း စတင်လက်ခံနေကြပြီ ဖြစ်သည်။
ချင်မင် စဉ်းစားခန်း ဝင်နေမိသည်။ သူ၏ အနာဂတ် ကံကြမ္မာနှင့် သက်ဆိုင်နေသော ဘဝရွေးချယ်မှု လမ်းဆုံလမ်းခွသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြီဖြစ်ရာ အရေးကြီးသော လမ်းဆုံလမ်းခွတွင် ရပ်နေရင်း မည်သည့်ဘက်သို့ သွားရမည်ကို သူ စဉ်းစားနေမိသည်။
မုန့်ရှင်းဟိုင်က စကားစလိုက်သည်။
"မင်း အထူးအဆင့်မြင့် ကျောင်းတော်တွေကို သွားသင့်တယ်လို့ အရင်က ငါ ထင်ခဲ့တယ်။ အဲဒီကျောင်းတော်တွေက သာမန်မဟုတ်ဘူး။ သူတို့နောက်ကွယ်မှာ မှန်းဆလို့မရတဲ့ စွမ်းအားတွေ ရှိပြီး နှစ်ထောင်ချီ သက်တမ်းရှိတဲ့ မိသားစုကြီးတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားတာဆိုတော့ ချွေ မိသားစုရဲ့ ဖိအားပေးမှုကိုလည်း ဂရုစိုက်နေမှာ မဟုတ်ဘူး"
ညအမှောင် ကမ္ဘာတွင် ဆိုရိုးစကားတစ်ခု ရှိသည်။ မင်းဆက်တွေက ရေလိုစီးဆင်းပြောင်းလဲနိုင်ပေမယ့် မိသားစုကြီးတွေကတော့ သံမဏိလို ခိုင်မာတယ်တဲ့။ မိသားစုကြီးများက အလွန်ရှည်လျားသော သက်တမ်းရှိပြီး အချို့သော မိသားစုများဆိုလျှင် နှစ်ပေါင်း သုံးထောင်ကျော်တိုင်အောင် ထွန်းတောက်ခဲ့ကြသည်။
သူတို့က အမြစ်တွယ်နေသော သစ်ပင်ကြီးများကဲ့သို့ ခိုင်မာပြီး နယ်ပယ်အသီးသီးနှင့် လမ်းကြောင်းအသွယ်သွယ်တွင် ဩဇာလွှမ်းမိုးထားကြသည်။ လျှို့ဝှက်နယ်မြေ နှင့် လျှို့ဝှက်ဂိုဏ်းများထဲတွင်ပင် မိသားစုကြီးများမှ ဆင်းသက်လာသော နာမည်ကြီး ပုဂ္ဂိုလ်များစွာ ရှိနေပြီး ၎င်းတို့၏ စကားက အလွန် ဩဇာတိက္ကမ ရှိသည်။
ယခင်က ရက်စက်ကြမ်းကြုတ်သော မင်းဆက်တစ်ခုသည် ရှေးဟောင်း မိသားစုကြီးတစ်ခုကို ဖျက်ဆီးခဲ့ဖူးသည်။ သို့သော် လျှို့ဝှက်နယ်မြေမှ လူတစ်စု ပြန်လည်ရောက်ရှိလာပြီး ထိုမိသားစုကို ပြန်လည်တည်ထောင်ခဲ့ကာ နောက်ဆုံးတွင် ထိုမင်းဆက်ကို အကြောင်းပြချက်မရှိဘဲ ပြိုကျပျက်စီးသွားစေခဲ့သည်။
"အခုတော့ မင်းရဲ့ ပါရမီအရ နာမည်ကြီး ဂိုဏ်းကြီးတွေရဲ့ ပင်မကျောင်းတော်တွေကို မသွားဘူးဆိုရင် တကယ် နှမြောစရာကောင်းမယ်လို့ ငါ ထင်တယ်"
မုန့်ရှင်းဟိုင်က ထပ်ပြောသည်။
အစပိုင်းတွင် သူက ချင်မင်ကို အသိအမှတ်ပြုခဲ့သော်လည်း ထိုနာမည်ကြီး ဂိုဏ်းများရှိ ရက်စက်ကြမ်းကြုတ်သော ပြိုင်ဆိုင်မှုများကို တွေးမိသောအခါ ဘေးကင်းစေရန်အတွက် မသွားသင့်ဟု ထင်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်သည်ဆိုရာ၌ ကဏ္ဍစုံပါဝင်သည်။ ဥပမာအားဖြင့် ဂိုဏ်းတွင်းမှ အကြီးအကဲများ၏ သွေးသားတော်စပ်သူများသည် ထိုနေရာတွင် ကြီးပြင်းလာပြီး စောင့်ရှောက်ခံရကာ အခွင့်ထူးများစွာ ရှိကြသည်။ မိသားစုကြီးများမှ သားသမီးများ ဂိုဏ်းဝင်သည့်အခါတွင်လည်း သယံဇာတ အရင်းအမြစ် များစွာကို ယူဆောင်လာတတ်သဖြင့် သူတို့၏ အစပျိုးမှုက အလွန် မြင့်မားသည်။ ဂိုဏ်းအတွင်း၌ သွေးထွက်သံယို စမ်းသပ်မှုများလည်း ရှိတတ်ပြီး အချို့အဆင့်များတွင် သွေးစုပ်ကောင်များကို မွေးမြူနေသကဲ့သို့ပင် ရက်စက်ကြသည်။
ထိုရက်စက်သော ပတ်ဝန်းကျင်မှ လိပ်ပြာအဖြစ် အမြန်ဆုံး အသွင်ပြောင်းကာ ရုန်းထွက်မလာနိုင်လျှင် ထိုထိပ်တန်းပုဂ္ဂိုလ်ကြီးများ၏ မျက်စိကျခြင်းကို ခံရမည်မဟုတ်ပေ။
ဒီကာလအတွင်း ချင်မင်သာ မတော်တဆ လူတစ်ယောက်ယောက်ကို အပြစ်ပြုမိပြီး မရိုးသားသော နည်းလမ်းများဖြင့် တိုက်ခိုက်ခံရလျှင် အလွန် အန္တရာယ်များပေလိမ့်မည်။
ယခု ပြန်ကြည့်သောအခါ ချင်မင်၏ ပါရမီဖြင့် ဒဏ္ဍာရီလာ ပင်မကျောင်းတော်များသို့ ရောက်သွားလျှင်ပင် ပွင့်လင်းမြင်သာစွာဖြင့် ပြိုင်ဆိုင်နိုင်စွမ်းရှိသည်ဟု မုန့်ရှင်းဟိုင် ယူဆလာသည်။
ချင်မင်သည် ဒဏ္ဍာရီလာ ကျင့်စဉ်များကို သဘာဝကျစွာ အလွန် တောင့်တမိသော်လည်း လက်ချိုးရေတွက်ကြည့်လိုက်သောအခါ သူ ရွေးချယ်နိုင်စရာ သိပ်မရှိကြောင်း တွေ့ရသည်။
ဥပမာအားဖြင့် ယွီချင်းဂိုဏ်းဆိုလျှင် အလွန် ကြီးကျယ်ခမ်းနားသော နောက်ခံရှိသော်လည်း တောင်ကို ပိတ်ထားသည်မှာ နှစ်ပေါင်း နှစ်ရာကျော်ရှိပြီ ဖြစ်သည်။ ယခုမှ အမည်ခံတပည့်များကို တောင်ပေါ်မှ ဆင်းခွင့်ပြုထားရာ ယခုနှစ်တွင် တပည့်များစွာကို လက်ခံမည် မခံမည်ကို မသိရသေးပေ။
ရူလိုင်ဂိုဏ်းဆိုလျှင်လည်း အင်းဆက်အဆိပ်ကောင်များကို မွေးမြူပြီး ပိုးတောင်မာများကို စိုက်ပျိုးနေသည်မှာ သိသာထင်ရှားလှသည်။ ရှန်ယီဝူကဲ့သို့သော ခန္ဓာကိုယ် တောင့်တင်းခိုင်မာသည့် ထူးခြားသူ တပည့်များကိုပင် သူတို့က အပြင်သို့ လွှတ်ထားကြသည်။
လျူယွီဂိုဏ်းတွင်လည်း ပြင်းထန်သော ပြဿနာများ ရှိနေသည်။ ထိုဂိုဏ်း၏ တည်ထောင်သူ ဆရာကြီးက သေဆုံးတော့မည်ဖြစ်ရာ လျှို့ဝှက်နယ်မြေမှ ပါးရိုက်ခံခဲ့ရဖူးသော အရေးပါသူကြီးက အနီးကပ် စောင့်ကြည့်နေသဖြင့် ကြီးမားသော လှုပ်ရှားမှုများ ရှိလာနိုင်သည်။
ထို့နောက် ချင်မင်က ယင်ယန်ကျောင်းတော် နှင့် ချွန်းယန်နန်းတော်ကဲ့သို့သော နေရာများကိုလည်း တွေးတော အကဲဖြတ်နေသည်။
"ဦးလေးမုန့် ဘယ်နေရာမှာ ကျမ်းစာတွေ အများဆုံးရှိပြီး တပည့်တွေကို လွတ်လွတ်လပ်လပ် ဖတ်ရှုခွင့် ပြုထားသလဲ"
ချင်မင်က မေးလိုက်သည်။
"မင်းက အဲဒီလိုမျိုးကို သဘောကျတယ်ဆိုရင်တော့ အချို့သော အထူးကျောင်းတော်တွေက အကောင်းဆုံးပဲ။ သူတို့က နှစ်ထောင်ချီ သက်တမ်းရှိတဲ့ မိသားစုကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ဖို့ တည်ထောင်ထားတာလေ"
မုန့်ရှင်းဟိုင်က ပြန်ဖြေသည်။
အနည်းငယ် စဉ်းစားပြီးနောက် သူက ဆက်ပြောသည်။
"တကယ်တော့ အထူးအဆင့်မြင့် ကျောင်းတော် တချို့ကလည်း တော်တော်လေး နောက်ခံကောင်းကြတယ်။ သူတို့နောက်ကွယ်မှာ တည်ထောင်သူ အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေက ထောက်ပံ့ပေးနေတာ ဖြစ်နိုင်တယ်။ မင်းသာ လုံလောက်တဲ့ အရည်အချင်းရှိရင် သူတို့ကို ဆွဲဆောင်နိုင်မှာပါ"
ထိုစကားကို ကြားသောအခါ ချင်မင် အံ့အားသင့်သွားသည်။ ကျောင်းတော်များ၏ နောက်ကွယ်တွင် ချင်ထျန်း ၊ ရူလိုင် ၊ လျူယွီ ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ ရှိနေမည်ကို သူ တွေးမိပြီး အလွန် အံ့မခန်း ဖြစ်သွားသည်။
"ဘာလို့လဲဆိုတော့ တချို့ ဂိုဏ်းကြီးတွေက သားမြေးတွေရဲ့ နေရာဖြစ်လာတော့မလို့ပဲ။ မိသားစုအုပ်စုတွေနဲ့ အကြီးအကဲအုပ်စုတွေက အမြစ်တွယ်နေပြီး အဲဒီမှာ သူတို့ရဲ့ သားသမီးတွေချည်း ပြည့်နေတာ။ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ တည်ထောင်သူ ဆရာကြီးတွေ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာတဲ့အခါ ဒေါသထွက်ပြီး ဂိုဏ်းသစ်ခွဲထုတ်ချင်စိတ်တောင် ဖြစ်သွားတတ်ကြတယ်"
အထူးအဆင့်မြင့် ကျောင်းတော်များ၏ နောက်ကွယ်မှ ထောက်ပံ့သူများသည် မတူညီကြကြောင်း မုန့်ရှင်းဟိုင်က ယူဆသည်။ အချို့က ဘဝသစ်ရရှိခြင်း လမ်းကြောင်းမှ အကြီးအကဲများ ဖြစ်ပြီး အချို့က လျှို့ဝှက်ဂိုဏ်း သို့မဟုတ် လျှို့ဝှက်နယ်မြေ မှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်နိုင်ပေသည်။
"ကျုပ် ခြေငြိမ်ငြိမ်နေပြီး ကျမ်းစာတွေကို ကိုယ်တိုင်လိုက်ရှာမယ်။ အဲဒီနောက် ကြိုးကြိုးစားစား ကျင့်ကြံပြီး အောင်မြင်အောင် လုပ်ရင်လည်း မဆိုးပါဘူး"
ချင်မင်က စဉ်းစားရင်း ပြောလိုက်သည်။
မုန့်ရှင်းဟိုင်က ခေါင်းခါရင်း ပြောသည်။
"နာမည်ကြီး ဂိုဏ်းကြီးကို ရွေးချယ်တာပဲဖြစ်ဖြစ် အထူးအဆင့်မြင့် ကျောင်းတော်ကို ဝင်တာပဲဖြစ်ဖြစ် ငါ ထောက်ခံတယ်။ မင်းမှာ ဒီလို အတွေ့အကြုံမျိုး ရှိဖို့ လိုတယ်။ အဲဒီမှာ မင်းက ပိုကျယ်ပြန့်တဲ့ လောကကြီးကို မြင်တွေ့ရပြီး လျှို့ဝှက်ကျင့်စဉ်တွေကို ရရှိနိုင်မယ်။ ပြီးတော့ ကမ္ဘာတစ်ဝန်းက ထူးချွန်တဲ့ ပါရမီရှင်တွေနဲ့လည်း ထိတွေ့ခွင့်ရလိမ့်မယ်။ တချို့က မင်းဘဝရဲ့ တစ်သက်တာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ချစ်သူတွေ ဖြစ်လာနိုင်တယ်။ ဒါက မင်းဘဝ လမ်းကြောင်းမှာ မရှိမဖြစ် လိုအပ်တဲ့ တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခုပဲ"
ထိုအတွေ့အကြုံသည် ကြိုးစားပန်းစား ကျင့်ကြံခြင်းထက်ပင် ပို၍ အရေးကြီးကြောင်း မုန့်ရှင်းဟိုင်က အလေးအနက် ပြောကြားခဲ့သည်။
ထိုကဲ့သို့သော နေရာများတွင် များပြားလှသော ကျမ်းစာ အရင်းအမြစ်များ ရှိပြီး အရေးကြီးသော အဆက်အသွယ်များနှင့်လည်း ပတ်သက်နေသည်။ ဒီအရာတွေက တစ်ယောက်တည်း ခေါင်းငုံ့ကာ ကြိုးစားကျင့်ကြံနေရုံဖြင့် ရရှိနိုင်သော အရာများ မဟုတ်ပေ။
ထိုအထူးအဆင့်မြင့် ကျောင်းတော်များနှင့် နာမည်ကြီး ဂိုဏ်းကြီးများ၏ အဓိက တပည့်များသည် သေချာပေါက် ထူးခြားသူများ ဖြစ်ကြပြီး ပို၍စွမ်းဆောင်နိုင်သော သူများက အမှန်တကယ် ထွက်ပေါ်လာခြင်း မရှိသေးကြောင်း မုန့်ရှင်းဟိုင်က သတိပေးခဲ့သည်။
"သူတို့နဲ့ ယှဉ်ပြိုင် တိုက်ခိုက်တာ ဆွေးနွေးဖလှယ်တာတွေက လက်ရှိအခြေအနေမှာ မင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်။ ဒါမှမဟုတ် မင်းဘဝကို လွှမ်းမိုးနိုင်မယ့် လူတစ်ယောက်ယောက်နဲ့တောင် တွေ့ဆုံနိုင်တယ်"
မုန့်ရှင်းဟိုင်က အလွန် ခံစားနေရကြောင်း ချင်မင် သတိထားမိလိုက်သည်။ သူ ငယ်ရွယ်စဉ်က ဤအရာများကို ကြုံတွေ့ခဲ့ရပြီး သူ၏ မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေကာ သူ့အပေါ် ကြီးမားသော လွှမ်းမိုးမှုများ ရှိခဲ့ဖူးပုံရသည်။
"ဦးလေးမုန့် ဘာတွေကို လွမ်းဆွတ်နေတာလဲ။ ဘယ်သူ့ကို သတိရသွားတာလဲ"
ချင်မင်က ရုတ်တရက် မေးလိုက်သည်။
"မင်းဒီကောင်လေးတော့"
မုန့်ရှင်းဟိုင် သတိပြန်ဝင်လာပြီး လက်ညိုးထိုးကာ ချင်မင်၏ နဖူးကို အနည်းငယ် ထိုးမိမတတ် ဖြစ်သွားသည်။
မုန့်ရှင်းဟိုင်က ဆက်ပြောသည်။
"ငါက အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အနေနဲ့ မင်းကို ပြောပြနေတာ။ ရှိသင့်တဲ့ အတွေ့အကြုံတွေကို မလွတ်စေနဲ့။ ခြေငြိမ်ငြိမ်နေရုံနဲ့ မလုံလောက်ဘူး။ အဲဒီအချိန်ကျရင် မင်းရဲ့ အမြင်မကျယ်ဘဲ မင်းဘဝရဲ့ အမြင့်နဲ့ အနက်ကို ထိခိုက်စေလိမ့်မယ်။ လူငယ် ဆရာတစ်ဆူ ဖြစ်ချင်ရင် အမြင်ကျယ်ဖို့ လိုတယ်။ မဟုတ်ရင် မင်းရဲ့ လမ်းကြောင်းဖောက်ဖို့ အဟန့်အတား ဖြစ်လိမ့်မယ်"
ချင်မင် ချက်ချင်း ခေါင်းညိတ်ကာ နှိမ့်ချစွာ လက်ခံလိုက်သည်။
"လောလောဆယ် မင်း ပိုကောင်းတဲ့ နေရာကို သွားချင်ရင် အထူးချွန်ဆုံး ဖြစ်အောင် လုပ်ပြဖို့ လိုတယ်။ တခြားမြို့တွေက နံပါတ်တစ် တွေနဲ့ ယှဉ်ပြိုင်ရနိုင်တယ်။ အနိုင်ရရင် အကျိုးအမြတ်တချို့ ရနိုင်သလို မင်းရဲ့ အရည်အချင်း တန်ဖိုးကိုလည်း မြှင့်တင်နိုင်လိမ့်မယ်"
မုန့်ရှင်းဟိုင် ဒီစကားတွေကို ပြောပြီးနောက် စကားဝိုင်းက ပို၍ ပေါ့ပါးသွားသည်။
လီချင်းယွန်း ပြန်ရောက်ပြီးနောက် ချင်မင်ကို ပြီးပြည့်စုံသော လျှို့ဝှက်ကျမ်းစာများ ကြည့်ရှုခွင့်ပေးရန် မကြာမီ စီစဉ်ပေးလိမ့်မည်ဟု သူက ပြောပြသည်။
"ဦးလေးမုန့်က ချင်းယွဲ့ အပေါ် တကယ် ကောင်းတာပဲ"
ချင်မင် အနည်းငယ် သံသယဝင်သွားသည်။ ဦးလေးမုန့် နှင့် လီချင်းယွဲ့ တို့ကြားတွင် သွေးသားတော်စပ်မှုများ ရှိနေမည်လား ဟု သူ တွေးမိသည်။
မုန့်ရှင်းဟိုင်က ပြုံးရင်း ပြောသည်။
"မင်း ဘာတွေ တွေးနေတာလဲ။ သူ့အဖေက ငါ့အသက်ကို ကယ်ခဲ့ဖူးတယ်။ သူ့အမေက ငါ့ရဲ့ စီနီယာ အစ်မပဲ ငါတို့ မိသားစု နှစ်ခုက တကယ့်ကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်"
အနက်ရောင် ဝတ်စုံဝတ် လူလတ်ပိုင်း တစ်ယောက် ဧည့်ခန်းထဲသို့ ဝင်လာပြီး သတင်းပို့သည်။
"မြို့စားမင်း ဧည့်သည်တော် ရောက်နေပါတယ်"
"အို"
မုန့်ရှင်းဟိုင် အံ့သြသွားသည်။
အနက်ရောင် ဝတ်စုံနှင့် လူသည် သူ၏ ယုံကြည်ရသော လက်အောက်ငယ်သား ဖြစ်ပြီး အသေးအမွှား ကိစ္စများစွာကို ထိုသူက ကိုင်တွယ်ဖြေရှင်းပေးလေ့ရှိသည်။ သူက တိုးတိုးလေး ပြောလိုက်သည်။
"ကျူကွမ်မြို့ က မြို့စား ချီတောက်မင် ရောက်နေပါတယ်"
"သူပဲကိုး…. စိတ်ဝင်စားစရာပ။ ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး"
မုန့်ရှင်းဟိုင် ခေါင်းညိတ်လိုက်ပြီး အနက်ရောင် ဝတ်စုံနှင့် လက်အောက်ငယ်သားကို စားသောက်ပွဲ စီစဉ်ရန် ခိုင်းလိုက်ကာ သူကိုယ်တိုင်လည်း မတ်တတ်ရပ်လိုက်သည်။
ယင်းကိုမြင်သောအခါ ချင်မင်လည်း သဘာဝကျစွာ နှုတ်ဆက် ထွက်ခွာရန် ပြင်လိုက်သည်။
မုန့်ရှင်းဟိုင်က "ရောက်လာတဲ့သူ ပြောမယ့်ကိစ္စက မင်းနဲ့ ပတ်သက်နေလောက်တယ်" ဟု ပြောလိုက်သည်။
ချင်မင် နားမလည်နိုင်ဘဲ ဦးလေးမုန့်ကို ကြည့်လိုက်သည်။
မုန့်ရှင်းဟိုင်က စကားစလိုက်သည်။
"ချီတောက်မင်က လီ မိသားစုရဲ့ သမက်ဖြစ်ပြီး အရမ်းကို စွမ်းဆောင်နိုင်တဲ့ သူတစ်ယောက်ပဲ။ ပြီးခဲ့တဲ့ အကြိမ်က လီချင်းရွှီ ရဲ့ ညီဝမ်းကွဲ လီချင်းရှောင်ဆိုတဲ့ ကလေးက ဒီမှာ အရှုံးပေးခဲ့ရတယ်။ ငါ ကိုယ်တိုင် ရွေးချယ်ထားတဲ့ နံပါတ်တစ် ဖြစ်တဲ့ မင်းက သူ့ကို နှစ်ချက်လောက် ကန်ခဲ့တာဆိုတော့ သူပြန်သွားပြီး တိုင်တောထားပုံရတယ်။ အဓိက ကတော့ လီ မိသားစုရဲ့ သမက် ချီတောက်မင် နဲ့ ငါက အရင်တုန်းက ပြိုင်ဆိုင်မှုတွေ ရှိခဲ့ဖူးတယ်။ အခု ကိစ္စတွေ အကုန်ပေါင်းပြီး ယှဉ်ပြိုင်ချင်နေတာ ဖြစ်လိမ့်မယ်"
ချင်မင် တစ်ခုခုကို သဘောပေါက်သွားပြီး "သူ ရွေးချယ်ထားတဲ့ နံပါတ်တစ် က ကျွန်တော်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ချင်တာလား" ဟု မေးလိုက်သည်။
မုန့်ရှင်းဟိုင် ခေါင်းညိတ်ကာ ပြောသည်။
"ဒီသဘောပါပဲ။ သူက အရင်တုန်းက တကယ်ကို ကြမ်းတမ်းခဲ့တယ်။ သာမန်နောက်ခံကနေ လာပေမယ့် ဘဝသစ်ရရှိခြင်း လမ်းကြောင်းမှာ ရွယ်တူတွေ အများကြီးကို အသက်ရှူကျပ်တဲ့အထိ ဖိနှိပ်နိုင်ခဲ့တယ်။ တစ်ခါက ပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက် ခုနစ်ဆယ့်နှစ်ယောက်ကို ဆက်တိုက်အနိုင်ယူပြီး နယ်မြေတစ်ခုလုံးရဲ့ ထိပ်ဆုံးကို ရောက်ခဲ့ကာ နာမည်ကြီးခဲ့တယ်။ နောက်တော့ သူက လျှို့ဝှက်နယ်မြေ ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တော့ လမ်းကြောင်းကို ပြတ်ပြတ်သားသား ပြောင်းလဲခဲ့တယ် တကယ်လည်း ပိုပြီး စွမ်းဆောင်နိုင်လာတယ်။ ဒါ့အပြင် သူက လီ မိသားစုရဲ့ မျက်စိကျတာကို ခံရပြီး သူတို့ရဲ့ သမက် ဖြစ်လာခဲ့တာပဲ"
"ဦးလေးမုန့် သူနဲ့ ယှဉ်ပြိုင်ဖူးလား"
ချင်မင်က မေးလိုက်သည်။
မုန့်ရှင်းဟိုင် ခေါင်းညိတ်ကာ "ဘဝသစ်ရရှိခြင်း လမ်းကြောင်းမှာ တစ်ခါ ယှဉ်ပြိုင်ဖူးတယ်။ အနိုင်အရှုံး မပေါ်ခဲ့ဘူး။ ငါတို့ လမ်းကြောင်း ပြောင်းပြီးကတည်းက တစ်ခါမှ ထပ်မဆုံဖြစ်တော့ဘူး" ဟု ပြန်ဖြေသည်။
ချင်မင် ထွက်ခွာသွားစဉ် အဝေးမှနေ၍ ခြံဝင်းထဲသို့ ဝင်လာသော လူလတ်ပိုင်း တစ်ယောက်ကို မြင်လိုက်ရသည်။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ တည်ငြိမ်သောအသွင်ရှိပြီး ကြည့်လိုက်သည်နှင့် သာမန်မဟုတ်သော သူမှန်း သိသာလှသည်။
သူ ချိရှမြို့ ထဲတွင် လမ်းလျှောက်နေရင်း အနည်းငယ် ငေးမောနေမိသည်။ ဤနေရာသို့ ရောက်လာသည်မှာ မကြာသေးသော်လည်း သံယောဇဉ် တွယ်နေပြီ ဖြစ်သည်။
မထွက်ခွာမီ အချို့သော ကိစ္စများကို ပြီးပြတ်အောင် လုပ်သင့်သည်ဟု ချင်မင် တွေးမိသည်။ စကားပြောငှက်ကလေး နှင့် လင်းယုန်နီ တို့အတွက် ဝိညာဉ် ပစ္စည်းများ ရှာပေးမည်ဟု ကတိပေးထားသော်လည်း မဖြည့်ဆည်းရသေးပေ။ ယခင်က သဲကန္တာရ တိုက်ပွဲတွင် သူတို့၏ အကူအညီကြောင့်သာ အသက်ရှင်ခဲ့ရခြင်း ဖြစ်သည်။
မကြာမီတွင် ချင်မင် ဆွန် မိသားစု သို့ သွားရောက်ခဲ့ပြီး သူကိုယ်တိုင် ရေးသားထားသော တူသိုင်း ကျမ်းတစ်အုပ်ကို ဆွန်အဘွားကြီး ထံ ပေးအပ်ခဲ့သည်။ ယခုအခါ သစ္စာရှိခန်းမ၏ အနှောင့်အယှက်များ မရှိတော့သဖြင့် အသက်သုံးနှစ်အရွယ် မြေးလေးကို ခေါ်ဆောင်ထားသော အဘွားအို၏ ဘဝအခြေအနေက ချက်ချင်း တိုးတက်လာခဲ့သည်။ အစပိုင်းတွင် ချင်မင် ပေးခဲ့သော နေ့ရွှေဒင်္ဂါး သုံးဆယ် ရှိသဖြင့် သူမ၏ တစ်ဦးတည်းသော မြေးလေးကို ပြုစုပျိုးထောင်ရန် လုံလောက်ပေသည်။
"ကောင်လေး ကျေးဇူးတင်ပါတယ်"
ဆွန်အဘွားကြီးက ဖြည့်စွက်ရေးသားထားသော တူသိုင်းကျမ်းကို ကြည့်ရင်း မျက်ရည်များ စီးကျလာသည်။ ဤအရာက သူမမြေးလေး၏ တစ်သက်တာ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ကြောင်း သူမ သိထားသဖြင့် သုံးနှစ်အရွယ် ကလေးကို ချင်မင်အား ဦးညွှတ် ကန်တော့စေချင်ခဲ့သည်။
ချင်မင် ချက်ချင်းပင် သူတို့ကို ထိန်းကိုင်လိုက်ပြီးနောက် အမြန် ထွက်ခွာလာခဲ့သည်။
မကြာမီတွင် သူ တောင်ပေါ်သို့ တက်ခဲ့သည်။ သူ၏ လက်ရှိ စွမ်းရည်ဖြင့် သုံးကြိမ်တိုင်တိုင် အသွင်ပြောင်းနိုင်စေမည့် ဝိညာဉ် ပစ္စည်းများကို ရှာဖွေရန်မှာ လုံးဝ အခက်အခဲ မရှိတော့ပေ။
အပြင်ဘက် သူတော်စင် အဆင့်ရှိသော သားရဲများနှင့် တွေ့လျှင်ပင် နှစ်ပေါင်းများစွာ အသက်ရှင်နေသော မိစ္ဆာအိုကြီးများ မဟုတ်သရွေ့ ချင်မင်က တူဖြင့် ရိုက်သတ်နိုင်စွမ်း ရှိသည်။
"တောင်သခင် တကယ်ပဲ အလွတ်ပြောခဲ့တာ မဟုတ်ဘူးပဲ ကျွန်တော် စကားပြောငှက်ကလေး ရဲ့ ကိစ္စကို မှတ်မိနေသေးတာပဲ။ အရမ်း စိတ်လှုပ်ရှားမိတယ်။ နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲနိုင်ပြီဆိုတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျလာပြီ"
စကားပြောငှက်ကလေးက မထွက်သွားသေးဘဲ ချိရှမြို့ တွင် နေထိုင်ကာ အမည်းနှင့် အဖြူ တောင် မှ အတူလာခဲ့သော ဝူကျန်း နှင့်အတူ တောင်ပေါ်သို့ မကြာခဏ သွားလေ့ရှိသည်။
စကားပြောငှက်ကလေးက ကျောက်မျက်ရတနာအမည်းကဲ့သို့ တောက်ပသော မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောသည်။
"တောင်သခင် စဉ်းစားကြည့်ပါဦး ကျွန်တော့်ကို ခေါ်သွားပါ ကျွန်တော်က သာမန်မဟုတ်ပါဘူး။ နတ်ဘုရားစွမ်းအင်တွေတောင် မွေးဖွားလာပြီမို့ အနာဂတ်မှာ နတ်ဘုရားလမ်းစဉ်ကို လျှောက်လှမ်းနိုင်တယ်"
"ငါ ခရီးဝေး သွားရနိုင်တယ်။ မင်းမှာ မိသားစုတွေ ရှိနေတော့ အဆင်မပြေဘူး"
ထို့နောက် ချင်မင် က လင်းယုန်နီဆီသို့ သွားတွေ့ခဲ့သည်။
ညနေပိုင်းတွင် မုန့်ရှင်းဟိုင်၏ မျက်နှာက သိပ်မကောင်းဘဲ ချင်မင်ကို လှမ်းခေါ်လိုက်သည်။
"ချီတောက်မင် က အရမ်း လွန်လွန်းနေလို့လား" ချင်မင်က မေးလိုက်သည်။
မုန့်ရှင်းဟိုင် ခေါင်းခါရင်း ပြောသည် ။
"မဟုတ်ဘူး။ သူက အလုပ်လုပ်တဲ့နေရာမှာ တော်တော်လေး စည်းကမ်းရှိတယ်။ မနင်းသင့်တဲ့ မျဉ်းနီတွေကို သူက ဘေးကနေပဲ ကပ်သွားတတ်ပြီး ကျော်လွန်တာမျိုး မလုပ်ဘူး။ ချွေ မိသားစု က လူတွေ ရောက်နေတယ်။ မင်းကို တွေ့ချင်နေလို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလိုက်ပါ"
ချင်မင်၏ အကြည့်များ စူးရှသွားသည်။ နှစ်ထောင်ချီ သက်တမ်းရှိသော ဧရာမ အင်အားစုကြီး ဖြစ်သည့် ချင်းဟယ်မြို့မှ ချွေ မိသားစု…… သူ ထိုနေရာတွင် ဆယ်နှစ်တိတိ နေထိုင်ခဲ့ပြီး အဆက်အသွယ် ဖြတ်ထားခဲ့ပြီဖြစ်ရာ သူတို့က ဘာကြောင့် ထပ်ပေါ်လာရသနည်းဟု တွေးမိသည်။
ထို့အပြင် မုန့်ရှင်းဟိုင်၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ရောက်လာသူများသည် သူ့အပေါ် စေတနာကောင်းဖြင့် လာခြင်းမဟုတ်ကြောင်း သူ သိလိုက်သည်။
"ကောင်းပါပြီ ဦးလေးမုန့် ကျုပ်သွားတွေ့လိုက်ပါ့မယ်"
ချင်မင် ခေါင်းညိတ်လိုက်သည်။ ချွေ မိသားစု သည် သူ့အတွက် လတ်တလောတွင် ဧရာမ တောင်ကြီးတစ်လုံး ဖြစ်နေဆဲပင်။ သို့သော် မည်သို့ပင်ဖြစ်စေ အနာဂတ်တွင် သူ ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုနေရာသို့ သွားကာ ပိုးသားစာလိပ် ကို ပြန်ယူရမည် ဖြစ်သည်။
"စိတ်အေးအေးထားပါ။ အရာအားလုံးအတွက် ငါ ရှိတယ်"
မုန့်ရှင်းဟိုင်က သူ၏ ပခုံးကို ပုတ်ရင်း ပြောသည်။
"မင်း သွားသာသွားပါ။ လုပ်စရာရှိတာကို လုပ်…. ဘာမှ မကြောက်နဲ့"
အခန်း ၁၂၈ - နတ်ဘုရား နယ်မြေ
ကြေးညိုရောင် ရှေးဟောင်းပစ္စည်းများ ခင်းကျင်းထားသော ဧည့်ခန်းထဲတွင် ခရမ်းရောင် ကြေးညို အမွှေးတိုင်အိုးထဲမှ စိတ်ငြိမ် အမွှေးတိုင်မှာ ငြိမ်းသတ်ထားပြီး ထွန်းညှိထားခြင်း မရှိပေ။
အရောင်ရင့်ရင့် သစ်မည်းလက်ဖက်ရည်စားပွဲပေါ်တွင် တောင်ပေါ်လက်ဖက်ရည်၏ သင်းပျံ့သောရနံ့လေးက လွင့်ပျံနေ၏။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် လက်ဖက်ရည်သောက်ရင်း အလွန်တရာ အေးချမ်းတည်ငြိမ်စွာ ထိုင်နေကြသည်။
ချင်မင် ဧည့်ခန်းထဲသို့ ဝင်လာသည်နှင့် သူတို့ကို ချက်ချင်း မှတ်မိလိုက်လေသည်။ အမျိုးသား၏ အမည်မှာ ချွေဟယ် ဖြစ်ပြီး အသက် သုံးဆယ်ကျော် အရွယ်ခန့်ရှိကာ မျက်နှာထားမှာ တည်ငြိမ်နေ၏။ သူ၏ ဆံပင်များကမူ အစိမ်းရင့်ရောင် အလင်းတန်းများ သဲ့သဲ့ ထွက်ပေါ်နေခဲ့သည်။
“ဟေ့ကောင်လေး... နှစ်နှစ်လောက် မတွေ့ရတဲ့အထဲ အရင်ကထက် ပိုပြီး ကြည့်ကောင်းလာပါလား”
ချွေဟယ်သည် နေရာမှထကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး ချင်မင်၏ ပခုံးနှစ်ဖက်ကို လက်ဖြင့်ကိုင်ကာ ရင်းနှီးစွာဖြင့် အားပါးတရ လှုပ်ယမ်းလိုက်လေသည်။
“ဦးလေး လေး”
ချင်မင်က ပြုံးလျက် နှုတ်ဆက်လိုက်၏။
အတိတ်တုန်းက သူနှင့် ချွေဟယ်တို့၏ ဆက်ဆံရေးမှာ သာမန်မျှသာဖြစ်ပြီး အဝင်အထွက် နည်းပါးခဲ့သော်လည်း ယနေ့တွင် တစ်ဖက်လူက သူ့ကို ပြုံးရွှင်စွာ ဆက်ဆံနေသောကြောင့် သူကလည်း အေးစက်စက် မျက်နှာထားဖြင့် တုံ့ပြန်၍ မရနိုင်ခဲ့ပေ။
“အင်း... မဆိုးဘူး…. မင်းရဲ့ ခန္ဓာကိုယ် သက်ဝင်လှုပ်ရှားမှုက အရမ်းအားကောင်းတာပဲ… ဘဝသစ်ရရှိခြင်း လမ်းစဉ်ကို လျှောက်လှမ်းဖို့အတွက် ပျိုးပင်ကောင်းလေး တစ်ပင်ပဲကွ”
ချွေဟယ်က သူ့ကို အကဲခတ်လိုက်ရာ မျက်လုံးထဲတွင် အစိမ်းရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သူ လေ့ကျင့်ထားသည်မှာ အီမု ထာဝရစိမ်းလန်းခြင်း ကျင့်စဉ် ဆိုသည်ကို ချင်မင် သိထား၏။ ၎င်းသည် သစ်ပင်ပန်းမန်များ၏ အနှစ်သာရကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ကို ရှင်သန်တက်ကြွသော စွမ်းအင်များဖြင့် ပြည့်နှက်စေနိုင်သည့် အလွန်နာမည်ကြီးသော လျှို့ဝှက်ကျင့်စဉ် တစ်ခုဖြစ်လေသည်။
“ကျွန်တော်က ဖျားနာပြီး သေမလိုဖြစ်ခဲ့ရာကနေ အနိုင်နိုင် အသက်ရှင်လာရတာပါ။ ဘယ်မှာ သက်ဝင်လှုပ်ရှားမှု ရှိနိုင်မှာလဲ။ ဦးလေးလေးရဲ့ စွမ်းအားကသာ ပိုပြီး နက်ရှိုင်းလာတာပါ။ ခန္ဓာကိုယ်တစ်ခုလုံး သစ်ပင်ပန်းမန်တွေရဲ့ လတ်ဆတ်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတာဆိုတော့ သာမန်လူတွေထက်တောင် သက်တမ်း ဆယ်နှစ်လောက် ပိုရှည်နေလောက်ပြီ”
ချင်မင်သည် သူ၏ ကျင့်စဉ်ကို စောစောစီးစီးကပင် လည်ပတ်ထားခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူက သူ၏ ပခုံးပေါ်သို့ လက်တင်ထားသော်လည်း သူ၏ ပြင်းထန်သော သက်စောင့်စွမ်းအင်များကို အပြည့်အဝ မြင်တွေ့နိုင်ခြင်း မရှိခဲ့ချေ။
ချွေဟယ်က သူ၏ ပခုံးကို ဖက်ထားရင်း စကားဆိုလိုက်၏။
“မင်းက အမြဲတမ်း ဒီလိုပဲ နှိမ့်ချတတ်တယ် ငါတို့ ချွေ မိသားစုကနေ ဆင်းသက်လာတဲ့ ယောက်ျားကောင်း တစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ရဲရင့်မှုမျိုးတော့ မလျော့စေနဲ့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အဲဒီနာမည်ကို ဆက်မသုံးတော့ရင်တောင် ငါ့ရဲ့ တူလေးပါပဲကွာ”
ချင်မင်က ပြုံး၍ ပြန်ပြောလိုက်သည်။
“ကျွန်တော်လည်း ထင်ပေါ်ချင်တာပေါ့။ ဒါပေမဲ့ အဲဒီလောက် စွမ်းအားမှ မရှိတာကိုး။ တကယ်လို့ ဦးလေးလေး ငယ်ငယ်တုန်းက စွမ်းအားရဲ့ တစ်ဝက်လောက်သာ ရှိမယ်ဆိုရင် ကျွန်တော်လည်း အပြင်ထွက်ပြီး စွန့်စားခန်းတွေ ဖွင့်နေလောက်ပြီ”
“ရှင်တို့ နှစ်ယောက်ကတော့ အပြန်အလှန် မြှောက်ပင့်နေကြပြီပဲ”
လက်ဖက်ရည် သောက်နေသော အမျိုးသမီးက နေရာမှ ထလာခဲ့သည်။ သူမသည် အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး အလွန်အေးစက်လှပကာ မြင့်မြတ်ကျက်သရေရှိသော အငွေ့အသက်များလည်း ပါဝင်နေလေသည်။
“အဒေါ်”
ချင်မင်၏ စိတ်ထဲတွင် အတော်လေး ဆန့်ကျင်ချင်နေသော်လည်း ပြုံး၍ ရင်ဆိုင်ကာ သူတို့နှင့် ဟန်ဆောင်ပန်ဆောင် ဆက်ဆံနေရ၏။
အနက်ရောင် ဝတ်စုံရှင် အမျိုးသမီး၏ အမည်မှာ ချွေရှူနင် ဖြစ်သည်။ အတိတ်တုန်းက ချင်မင်နှင့် သူမ၏ ဆက်ဆံရေးမှာ ခပ်တန်းတန်းသာ ဖြစ်ခဲ့သည်။ မကြာခဏ ဆုံတွေ့ရသော်လည်း အနည်းငယ် စိမ်းသက်သော ခံစားချက်မျိုး ရှိနေခဲ့၏။ သူမသည် အချင်းချင်း၏ အဆင့်အတန်းနှင့် အမှန်တရားကို စောစောစီးစီးကပင် သိရှိထားကြောင်း ထင်ရှားလှသည်။
“ဦးလေးလေးနဲ့ အဒေါ်က သာမန်အချိန်တွေဆိုရင် တံခါးပိတ်ကျင့်ကြံနေတတ်တာကို ဒီနေ့ ဘယ်လိုဖြစ်လို့ ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာကို လာဖို့ အားနေရတာလဲ”
ချင်မင်က မေးလိုက်သည်။
ချွေဟယ်က ပြန်ဖြေလေ၏။
“ကိစ္စလေးတစ်ခု ရှိလို့ ဒီဘက်ကို ဖြတ်လာရင်း မင်းကို အလည်ဝင်လာတာပါ။ ဟူး... အရင်တုန်းက ကိစ္စတွေက တော်တော်လေး ရှုပ်ထွေးခဲ့တာဆိုတော့ မင်းလည်း စိတ်ထဲ မထားပါနဲ့။ တကယ်တော့ မင်းရဲ့ မိဘတွေက မင်းကို အရမ်းလွမ်းနေကြတာကွ”
ချင်မင်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ဒီလို စကားမျိုးကို နားထောင်ရုံသာ နားထောင်လိုက်ခြင်း ဖြစ်၏။
“ငါတို့နဲ့ အတူ ပြန်လိုက်ခဲ့ပါလား”
ချွေရှူနင်၏ အေးစက်လှပသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုအပြုံးမှာ ရေခဲများ အရည်ပျော်သွားသကဲ့သို့ ဖြစ်နေပြီး သူမ၏ ပုံမှန် အငွေ့အသက်များနှင့် အနည်းငယ် ကွာခြားနေလေသည်။
“ဒီနှစ်နှစ်အတွင်း မင်း အပြင်ဘက်မှာ ဒုက္ခတွေ ရောက်ခဲ့ရရှာတယ်။ ငါတို့နဲ့ အတူ လိုက်ခဲ့ပါကွာ”
ချွေဟယ်ကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ သူ၏ အစိမ်းရင့်ရောင် ဆံပင်များတွင် အလင်းရောင်များ စီးဆင်းနေပြီး အီမု စွမ်းအင်များက အလွန် သိပ်သည်းနေခဲ့၏။
ချင်မင်၏ ကြက်သီးမွေးညင်းများပင် ထသွားခဲ့သည်။ အကယ်၍ သူသာ ပြန်လိုက်သွားပါက သေချာပေါက် ပြန်ထွက်လာနိုင်တော့မည် မဟုတ်ပေ။ သေကောင်းမှ သေမည် ဖြစ်သော်လည်း ဘဝသစ်ရရှိခြင်း လမ်းစဉ်ကို လျှောက်လှမ်းနိုင်ရန်မူ မျှော်လင့်၍ ရတော့မည် မဟုတ်ချေ။
မှတ်ဉာဏ်များ အပြည့်အဝ ပြန်လည်ရရှိလာပြီးနောက် ဒီလူကြီးများအပေါ် သူ၏ နားလည်မှုအရဆိုလျှင် သူ့ကို ခြံဝင်းတစ်ခုထဲတွင် အကျဉ်းချထားရန် ရာခိုင်နှုန်း အလွန်များပြားလှသည်။
ယခုအခါ ချင်မင်သည် သူ၏ ခန္ဓာကိုယ်ကို အသေးစိတ် ထိန်းချုပ်နိုင်နေပြီ ဖြစ်သောကြောင့် ချက်ချင်းပင် စိတ်ကို လျှော့ချလိုက်ပြီး ခေါင်းရမ်းကာ ငြင်းဆိုလိုက်သည်။
“ကျွန်တော် ပြန်သွားမယ်ဆိုရင် သေချာပေါက် ကောလာဟလတွေ အများကြီး ထွက်လာလိမ့်မယ်”
“ပိုးသားစာလိပ် ကျင့်စဉ်ကို လေ့ကျင့်နေတုန်းပဲလား”
ချွေရှူနင်က ဂရုမစိုက်ဟန်ဖြင့် မေးလိုက်၏။
အဓိက ဇာတ်ကွက် ရောက်လာပြီဆိုသည်ကို ချင်မင် သိလိုက်သည်။ သူတို့က သံသယ ဝင်နေသောကြောင့် တိုက်ရိုက် မျိုးဆက် နှစ်ယောက်ကို စေလွှတ်လိုက်ခြင်း ဖြစ်နိုင်မည်ဟု တွေးလိုက်မိသည်။
သူက သက်ပြင်းချလိုက်ပြီး မျက်ဝန်းများ မှေးမှိန်သွားကာ ပြောလိုက်သည်။
“ကျွန်တော်က လူတစ်ယောက်ရဲ့ ရိုက်နှက်မှုကြောင့် ဦးခေါင်းခွံ ကွဲသွားခဲ့ပြီး နှစ်နှစ်ကျော်လောက် မှတ်ဉာဏ် ပျောက်ဆုံးသွားခဲ့တယ်။ ဒါကြောင့် ပိုးသားစာလိပ် ကျင့်စဉ်ကို ရပ်နားလိုက်ရပြီး နောက်ပိုင်းမှာ ထပ်မကျင့်ဖြစ်တော့ဘူး”
“ဟူး... မင်း ဒုက္ခရောက်ခဲ့ရရှာတာပဲ”
ချွေရှူနင်က သူ၏ ခေါင်းကို လှမ်းစမ်းလိုက်၏။
ချင်မင်၏ စိတ်ထဲတွင် ရွံရှာသွားပြီး အလွန်အမင်း ဆန့်ကျင်ချင်နေခဲ့သည်။ အခြားသူများ သူ၏ ခေါင်းကို လာရောက် ထိတွေ့မည်ကို သူ တကယ်ပင် မလိုလားပေ။
တစ်ခဏမျှတော့ သူ ဟန်ဆောင်၍ပင် မဆက်ဆံချင်တော့ချေ။
နောက်ဆုံးတွင် ချွေရှူနင်က လက်ကို ရုပ်သိမ်းလိုက်ပြီး သက်ပြင်းဖွဖွချကာ ပြောလိုက်သည်။
“မင်းလည်း ကြီးပြင်းလာပြီဆိုတော့ ကလေးတစ်ယောက်လို သဘောထားဖို့ မသင့်တော်တော့ပါဘူးလေ”
တကယ်တော့ သူမတွင် သန့်ရှင်းမှုကို အလွန်အမင်း စွဲလမ်းတတ်သော အကျင့်ရှိခြင်းက အဓိက အကြောင်းရင်း ဖြစ်သည်။ နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစုကြီးမှ ဆင်းသက်လာကာ စည်းစိမ်ချမ်းသာများကို ခံစားခဲ့ရပြီး မြင့်မြတ်ကျက်သရေရှိသော သူမသည် ယခုအခါ မည်သည့် ဆက်စပ်မှုမျှ မရှိတော့သော လူငယ်လေး၏ ဆံပင်များကို မထိတွေ့ချင်တော့ပေ။ သူက အတော်လေး ရုပ်ရည်ချောမောနေလျှင်တောင်မှ သူမ၏ စိတ်ထဲတွင် ရွံရှာနေမိဆဲ ဖြစ်သည်။
“အဲဒါက တစ်ချိန်တုန်းက မင်းရဲ့ စွဲလမ်းမှုတစ်ခု ဖြစ်ခဲ့တာပဲ။ ငယ်ငယ်လေးကတည်းက စပြီး လေ့ကျင့်လာလိုက်တာ ဆယ်နှစ်ကျော်တောင် ကြာခဲ့ပြီ။ မင်းရဲ့ ပါရမီအရဆိုရင် ဆက်ပြီး လေ့ကျင့်သွားရင် အောင်မြင်သွားနိုင်လောက်တယ်”
ချွေဟယ်က သက်ပြင်းချရင်း ပြောလိုက်၏။
ချင်မင်၏ အဆင့်က နိမ့်ကျနေ၍သာ တော်တော့သည်။ ထို့သို့မဟုတ်ပါက သူတို့ကို ဆွဲမကာ ဒီစွဲလမ်းမှုက ဘယ်လိုဖြစ်ပေါ်လာတာလဲ ဟု မေးပစ်လိုက်ချင်မိသည်။
ကံကောင်းစွာဖြင့် နောက်ဆုံးတွင် သူသည် ပိုးသားစာလိပ် ကျင့်စဉ်ကို အမှန်တကယ်ပင် အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့လေသည်။
ချင်မင်က စိတ်ဓာတ်ကျနေသော ပုံစံဖြင့် ပြောလိုက်သည်။
“ဦးလေးလေး၊ အဒေါ်... ကျွန်တော့်ကို ပိုးသားစာလိပ် ပြန်ပေးလို့ ရမလား…. အဲဒါက ကျွန်တော့် အဘိုး ချန်ထားရစ်ခဲ့တဲ့ တစ်ခုတည်းသော ပစ္စည်းလေးမို့လို့ပါ”
ချွေဟယ်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
“အခု ပိုးသားစာလိပ်ကို ဘိုးဘေးကြီးက လေ့လာဖို့ ယူသွားတယ်။ သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာတဲ့အခါကျရင် ငါ ကိုယ်တိုင် မင်းဆီ လာပို့ပေးပါ့မယ်”
သူ၏ နောက်ပိုင်းစကားများကို ချင်မင်က တစ်လုံးမှ မယုံကြည်ပေ။ ပြန်မပေးချင်ကြောင်း အထင်အရှားပင် ဖြစ်နေသည်။
မိမိ၏ စွမ်းအားက သတ်မှတ်ထားသော အမြင့်တစ်နေရာသို့ မရောက်ရှိလျှင် သို့မဟုတ် အင်အားကြီးမားသော ပြင်ပအကူအညီ မရှိလျှင် ပိုးသားစာလိပ်ကို ပြန်လည်ရယူရန် ခက်ခဲမည်ဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေသည်။
ချွေရှူနင်က စကားစလိုက်သည်။
“မင်းက မုန့်ရှင်းဟိုင်ရဲ့ ရွေးချယ်မှုနဲ့ ဒီမြို့ရဲ့ နံပါတ်တစ် ဖြစ်လာတယ်လို့ ကြားတယ်။ ကြည့်ရတာ မင်းက ဘဝသစ်ရရှိခြင်း လမ်းစဉ်မှာ တော်တော်လေး တည်ငြိမ်စွာနဲ့ ခြေလှမ်းမြန်မြန် လျှောက်လှမ်းနေနိုင်တဲ့ပုံပဲ။ တကယ်ကို အံ့မခန်း ပါရမီရှင်ပဲ”
“ရှက်စရာပါပဲ ကျွန်တော်က မတော်တဆနဲ့ အဆက်အသွယ်ကောင်းတဲ့သူ ဖြစ်သွားတာပါ။ ဦးလေးမုန့်ရဲ့ မေတ္တာတွေကြောင့်ပါ။ ကျွန်တော့်ရဲ့ တကယ့် စွမ်းအားကတော့ နည်းနည်း အားနည်းနေတုန်းပါပဲ”
ချင်မင်က နှိမ့်ချစွာ ပြန်ပြောလိုက်၏။
ချွေဟယ်က ရယ်မောကာ ပြောလိုက်သည်။
“မင်းက လီ မိသားစုက ကောင်လေးနဲ့ လက်ပါခဲ့တယ်လို့ ငါ ကြားတယ်။ လီချင်းရှောင်ကို ဆက်တိုက် နှစ်ချက်တောင် ကန်လိုက်တယ်ဆို အရမ်းကောင်းတယ်…ငါတို့ ချွေ မိသားစုကနေ ဆင်းသက်လာတဲ့ ကလေးပီသပါတယ်….. ဒီလိုမှပေါ့”
ဒါက သူ၏ တစ်ခုတည်းသော အစစ်အမှန် အပြုံး ဖြစ်မည်ဟု ချင်မင် ခန့်မှန်းမိသည်။ လီ မိသားစုမှ လူများ အရှက်ကွဲသည်ကို မြင်ရလျှင် ချွေ မိသားစုက အလွန် ကျေနပ်နေမည်မှာ သေချာလှသည်။
ချွေရှူနင်ကလည်း ပြုံးလျက် ဝင်ပြောလေသည်။
“တကယ်ကို ကန်လိုက်တာ ကောင်းတယ်။ လီ မိသားစုက နှစ်ရှစ်ရာကျော် သမိုင်းကြောင်းပဲ ရှိသေးတာကို အခုကတည်းက မြွေက ဆင်ကို မျိုဖို့ စိတ်ကူးယဉ်နေကြပြီ။ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ မိသားစုကြီးတွေရဲ့ အတန်းအစားထဲကို ဝင်ရောက်ဖို့ ကိုယ့်အင်အားကို ကိုယ်မသိကြဘူး”
ထို့နောက် သူမ၏ မျက်နှာထားက တည်ကြည်သွားပြီး ဆက်ပြောလိုက်၏။
“မင်းက ထူးခြားတဲ့ ပါရမီ ပါလာတော့ ဒီလမ်းစဉ်မှာ အဝေးကြီးကို လျှောက်လှမ်းသွားနိုင်လိမ့်မယ်။ ဒါကြောင့် ချွေချုံဟယ်အတွက် ကျောက်စိမ်း ချပ်ဝတ် အစောင့်အရှောက် သွားလုပ်ပေးပါလား”
ချွေရှူနင်သည် သူ၏ မျက်နှာကို စိုက်ကြည့်နေပြီး မျက်နှာအမူအရာ အပြောင်းအလဲများကို လက်လွတ်မခံလိုသည့်ပုံ ပေါ်နေသည်။
ချင်မင်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ ခင်ဗျားတို့က တကယ်ကို မျက်နှာပြောင်တိုက်ရဲတာပဲ။
သူက ခေါင်းရမ်းကာ ငြင်းဆိုလိုက်၏။
“ကျွန်တော့် စွမ်းအားက နိမ့်ကျလွန်းတော့ ကျောက်စိမ်း ချပ်ဝတ် အစောင့်အရှောက် မလုပ်နိုင်ပါဘူး”
ချွေဟယ်ကလည်း ဝင်ပြောလေသည်။
“အားလုံးက ကိုယ့်လူတွေချည်းပါပဲ။ မင်းနဲ့ ချွေချုံဟယ်က ညီအစ်ကိုတွေလို ရင်းနှီးသင့်တာပေါ့။ အခုဆိုရင် မင်းက ပိုးသားစာလိပ် ကျင့်စဉ်ကို ဆက်မကျင့်တော့ဘဲ ဘဝသစ်ရရှိခြင်း လမ်းစဉ်ကို အမှန်တကယ် လျှောက်လှမ်းနေပြီ။ မင်းရဲ့ နောက်ကွယ်မှာ ချွေ မိသားစု ရှိနေတော့ မင်းကို သယံဇာတမျိုးစုံ ပေးပြီး မြန်မြန်ဆန်ဆန် တိုးတက်လာအောင် ကူညီပေးနိုင်တယ်။ မင်းရဲ့ အဆင့်က မြန်မြန်ဆန်ဆန် တက်လာနိုင်ပြီး ချွေချုံဟယ်ကို သွားကူညီပေးလို့ ရပြီပေါ့”
သူကလည်း ချင်မင်၏ မျက်နှာကို စိုက်ကြည့်နေပြီး မျက်လုံးများထဲတွင် အစိမ်းရောင် အလင်းတန်းများ လှည့်ပတ်စီးဆင်းသွားခဲ့သည်။
ချင်မင်က ခေါင်းရမ်းကာ ထပ်မံ ငြင်းဆိုလိုက်ပြန်၏။
သူသည် ပြင်းပြင်းထန်ထန် ကျင့်ကြံပြီး အခြားသူများ၏ နောက်လိုက် မလုပ်ရန် ကျိန်ဆိုထားခဲ့ဖူးသည်။ ချွေချုံဟယ်အတွက် အစောင့်အရှောက် သွားလုပ်ပေးရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
ချင်မင်က သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး သူတို့ တကယ် ဘာလုပ်ချင်နေကြသလဲ ဟု တွေးတောနေမိသည်။
ချွေ မိသားစုသည် သူ ပိုးသားစာလိပ် ကျင့်စဉ်ကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့ခြင်း ရှိမရှိ ဆိုသည်ကို သံသယဝင်နေပြီ ဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ချွေဟယ်က ရုတ်တရက် ပြောလိုက်၏။
“ချင်မင်... မင်း အိမ်မပြန်ဘူးဆိုရင် ဒီဘက်မှာ သိုသိုသိပ်သိပ် နေဖို့ မလုံလောက်ဘူးကွ။ အဝေးကြီးမှာ ရှိတဲ့ ချင်းဟယ်မြို့မှာတောင် မင်းက အခု တစ်မြို့လုံးရဲ့ နံပါတ်တစ် ဖြစ်နေပြီဆိုတာ ငါတို့ အားလုံး သိထားကြတယ်”
ချင်မင် အံ့အားသင့်သွားသည်။ သူ၏ မျက်နှာပြောင်းလဲမှုက အလွန်မြန်ဆန်လွန်းလှသည်။ ရုတ်တရက် အပြုံးများ ပျောက်ကွယ်သွားပြီး စကားပြောဆိုမှုကလည်း အတော်လေး ကြမ်းတမ်းလာခဲ့၏။
သူတို့နှစ်ယောက်စလုံး သူ့ကို ကြည့်နေကြကြောင်း သူ သတိပြုမိလိုက်သည်။
ချင်မင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့နှစ်ယောက်သည် အစပိုင်းတွင် ဆွေမျိုးမေတ္တာများကို ပြသခဲ့ပြီးနောက် ရုတ်တရက် ပိုးသားစာလိပ် ကိစ္စကို မေးမြန်းခဲ့ကြသည်။ ထို့နောက် ချွေချုံဟယ်အတွက် အစောင့်အရှောက် သွားလုပ်ပေးရန် ပြောဆိုခဲ့ပြီး ယခုအခါတွင် အေးစက်ခက်ထန်သော သဘောထားဖြင့် သူ ထင်ပေါ်ကျော်ကြားနေသည်ကို အပြစ်တင်နေကြပြန်သည်။
သူတို့နှစ်ယောက်သည် တမင်သက်သက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။ မတူညီသော သဘောထားများ၊ မတူညီသော စိတ်ခံစားမှုများမှတစ်ဆင့် သူ၏ မျက်နှာအမူအရာကို အကဲခတ်ကာ သူ၏ စိတ်နှလုံးကို စူးစမ်းရှာဖွေနေကြခြင်း ဖြစ်လေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ချွေ မိသားစုသည် မည်သည့်အကြောင်းရင်းကြောင့်မှန်း မသိဘဲ သူ့အပေါ် အနည်းငယ် စိတ်မချ ဖြစ်လာကြခြင်းပင် ဖြစ်၏။
ချင်မင် အသေအချာ စဉ်းစားကြည့်လိုက်ရာ သူတို့ စိုးရိမ်နေသည့် တစ်ခုတည်းသော အရာမှာ သူ ပိုးသားစာလိပ် ကျင့်စဉ်ကို အောင်မြင်အောင် လေ့ကျင့်နိုင်သွားမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်မည်ဟု ယူဆလိုက်သည်။
“ကျွန်တော် နာမည်လည်း ပြောင်းပြီးပြီ။ ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာကိုလည်း ရောက်လာခဲ့ပြီ။ အရင်တုန်းက ချွေချုံဟယ်လည်း မဟုတ်တော့ဘူးလေ။ ဒီလောက်ဆိုရင် မရသေးဘူးလား”
သူက ရိုးသားပွင့်လင်းစွာ မေးလိုက်၏။
ချွေရှူနင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“တကယ်ပဲ သိုသိုသိပ်သိပ် နေဖို့ မလုံလောက်သေးဘူး”
ချွေဟယ်က အလွန် တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်၏။
“မင်းက ရှေးဟောင်း ဂိုဏ်းကြီး တစ်ခုခုကို ဝင်ဖို့ ဒါမှမဟုတ် အထူး အဆင့်မြင့် ပညာသင်ကျောင်း တစ်ခုခုကို ဝင်ဖို့ စီစဉ်နေတာလား ငါတို့နဲ့အတူ ချွေ မိသားစုကို ပြန်လိုက်ခဲ့တာက ပိုကောင်းလိမ့်မယ်”
ချင်မင်သည် အချိန်အတော်ကြာသည်အထိ စိတ်ရှည်လက်ရှည်ဖြင့် ဟန်ဆောင်ပန်ဆောင် ဆက်ဆံကာ သူတို့ကို သည်းခံနေခဲ့ရသည်။
ယခုအခါ သူ၏ အပြုံးများ ပျောက်ကွယ်သွားပြီး ဘာမှ ထပ်မပြောချင်တော့ချေ။
ချွေ မိသားစုက ဒီကဲ့သို့ အတင်းအကျပ် ဖိအားပေးနေမည်ဆိုလျှင် အလွန် လွန်ကျူးလွန်းနေပြီ ဖြစ်သည်။ သူသည် ယခုအခါ ချင်မင် ဖြစ်နေပြီး အတိတ်ကို စောစောစီးစီးကပင် ဖြတ်တောက်ထားခဲ့ပြီ ဖြစ်ရာ ဘာများ လိုချင်နေကြသေးသနည်း။
ထင်ရှားသည်မှာ ချွေ မိသားစုမှ အချို့လူများသည် တဖြည်းဖြည်းနှင့် ပို၍ စိတ်မချ ဖြစ်လာကြပြီး သူ၏ အနာဂတ်ကို ဖြတ်တောက်ကာ ရှေးဟောင်း ဂိုဏ်းကြီးများ သို့မဟုတ် အထူး အဆင့်မြင့် ပညာသင်ကျောင်းများသို့ ဝင်ရောက်ခွင့် မပြုချင်ကြခြင်းပင် ဖြစ်လေသည်။
“ခင်ဗျားတို့ နှစ်ယောက် ထွက်သွားကြတော့။ ဒီနေရာက ခင်ဗျားတို့ကို ကြိုဆိုမနေဘူး”
မုန့်ရှင်းဟိုင်သည် ဧည့်ခန်းထဲသို့ ဝင်လာခဲ့ပြီး သူ၏ မျက်နှာထားမှာ အတော်လေး ဆိုးရွားနေ၏။
ချွေရှူနင်က ပြုံးလျက် ပြောလိုက်သည်။
“အစ်ကိုမုန့်... ကျွန်မတို့က ကိုယ့်အိမ်က ကလေးနဲ့ စကားပြောနေတာဆိုတော့ ရှင်နဲ့ သိပ်မသက်ဆိုင်ပါဘူး”
ချွေဟယ်ကလည်း ဝင်ပြောလေ၏။
“အစ်ကိုမုန့်... ကျွန်တော်တို့နဲ့ ဒီကလေးရဲ့ သံယောဇဉ်က အရမ်းနက်ရှိုင်းပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ မိသားစု ကိစ္စပါ ဒီကို လာတာက သူ့ကို ခေါ်သွားပြီး သေချာ ပြုစုပျိုးထောင်ပေးချင်လို့ပါ”
မုန့်ရှင်းဟိုင်က မျက်နှာကို တည်ထားကာ ပြောလိုက်သည်။
“ငါတို့ အချင်းချင်း အကြောင်းတွေ အကုန်သိနေကြတာပဲ။ ငါ့ရှေ့မှာ လာပြီး ဒီလို စကားတွေ မပြောပါနဲ့။ ခင်ဗျားတို့ အခုချက်ချင်း ထွက်သွားကြ မဟုတ်ရင် ငါ ရိုင်းတယ်လို့ မပြောနဲ့”
ချွေရှူနင်က ရယ်မောကာ ပြောလိုက်၏။
“အစ်ကိုမုန့်... စိတ်မဆိုးပါနဲ့။ ကျွန်မတို့ အကြောင်းပြချက်လေး ပြောလို့ ရမလား။ သူက တကယ်ပဲ ကျွန်မတို့ မိသားစုက ကျွေးမွေးပြုစုလာခဲ့တဲ့ ကလေးပါ။ ဘယ်နေရာကို သွားပြီး ဖြေရှင်းဖြေရှင်း ကျွန်မတို့ဘက်ကပဲ မှန်ကန်နေမှာပါ”
“ခင်ဗျားတို့က သူ့ကို စွန့်လွှတ်ထားခဲ့ပြီးပြီလေ။ မျက်နှာပူဖို့လည်း မကြောက်ဘူး။ လူတွေက ခင်ဗျားတို့ကို ကျေးဇူးကန်းပြီး ရက်စက်တယ်လို့ ထင်သွားမှာကိုတောင် မကြောက်ဘူးဆိုရင် အရင်တုန်းက ကိစ္စတွေကို ပြန်ထုတ်ပြီး တစ်ခေါက်လောက် ထပ်ပြောလိုက်လေ။ ဒါ့အပြင် ငါနဲ့ သူက မသက်ဆိုင်ဘူးလို့ မပြောနဲ့….. သူက ငါ့ရဲ့ သမက်လောင်းပဲ”
မုန့်ရှင်းဟိုင်၏ ဒီစကားကြောင့် ချွေ မိသားစုမှ လူနှစ်ယောက် အံ့အားသင့်သွားရုံသာမက ချင်မင်ပင် အနည်းငယ် ကြက်သေ သေသွားခဲ့သည်။
“ရှင်က သမီးတောင် မရှိဘဲနဲ့ သူက ဘယ်လိုလုပ် ရှင့်ရဲ့ သမက် ဖြစ်သွားရတာလဲ”
ချွေရှူနင်က ရယ်မောလိုက်၏။
မုန့်ရှင်းဟိုင်က ပြန်ပြောလိုက်သည်။
“သမီးမရှိရင် မွေးလို့ မရဘူးလား။ ဒါမှမဟုတ် အချိန် သိပ်မရဘူးဆိုရင်လည်း သမီးတစ်ယောက် မွေးစားလိုက်ရင် ရတာပဲလေ”
ချွေရှူနင်၏ မျက်နှာထား အနည်းငယ် အေးစက်သွားပြီး ပြောလိုက်၏။
“အစ်ကိုမုန့်... ရှင်က ကျွန်မတို့ မိသားစု ကျွေးမွေးထားတဲ့ ကလေးကို ဒီလောက်တောင် အလေးထားနေတာလား”
“ဆက်ပြီး မထွက်သွားဘူးဆိုရင်တော့ ခင်ဗျားတို့ကို လိမ့်ထွက်သွားဖို့ ပြောရတော့မှာပဲ”
မုန့်ရှင်းဟိုင်က ဒေါသတကြီး ပြောလိုက်သည်။ ဧည့်ခန်းထဲမှ စကားပြောသံများကို သူ အကုန်ကြားနေရပြီး သူတို့ကို သည်းခံနေခဲ့သည်မှာ ကြာပြီ ဖြစ်လေသည်။
“အစ်ကိုမုန့်... ရှင် နည်းနည်း လွန်လာပြီနော်”
“မုန့်ရှင်းဟိုင်... ဒီလောက်ထိ အာဏာရှင် မဆန်ဖို့ ငါ အကြံပေးချင်တယ်”
ဝုန်းခနဲ အသံနှင့်အတူ ဧည့်ခန်းထဲရှိ ရှေးဟောင်း ကြေးညိုရောင် ပစ္စည်းများ အားလုံး စတင် တောက်ပလာခဲ့သည်။ ထိုခရမ်းရောင် ကြေးညို အမွှေးတိုင်အိုးထဲမှ စိတ်ငြိမ် အမွှေးတိုင်မှာလည်း အလိုအလျောက် လောင်ကျွမ်းလာခဲ့၏။
“ခင်ဗျားတို့ကို မျက်နှာသာ ပေးထားတာကို အလကားမှတ်နေတာလား”
မုန့်ရှင်းဟိုင်၏ အသံမှာ အေးစက်ခက်ထန်နေသည်။
ခရမ်းရောင် ကြေးညို အမွှေးတိုင်အိုးထဲမှ လောင်ကျွမ်းနေသော အမွှေးတိုင်မှ ဖြူဖွေးသော မြူခိုးများ အလုံးအရင်း ထွက်ပေါ်လာပြီး အလွန် လျင်မြန်စွာ ပျံ့နှံ့သွားကာ အရှေ့ဘက်ရှိ လူနှစ်ယောက်ထံသို့ ဖုံးလွှမ်းသွားခဲ့လေသည်။
သူတို့သည် သဘာဝကျကျပင် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ ချွေဟယ်၏ တစ်ကိုယ်လုံးမှ အစိမ်းရင့်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ဆံပင်များနှင့် မျက်လုံးများပါ အစိမ်းရောင် တောက်ပလာကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။
ချွေရှူနင်၏ မျက်ခုံးနှစ်ခုကြားမှလည်း စိတ်စွမ်းအား အလင်းတန်းများ ကျယ်ပြန့်ထွက်ပေါ်လာပြီး ဝိညာဉ်ဓားတစ်လက်အဖြစ် ပြောင်းလဲကာ ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။
ဧည့်ခန်းထဲရှိ ရှေးဟောင်း ကြေးညိုရောင် ပစ္စည်းများ အားလုံးမှာ ကြည်လင်တောက်ပနေပြီး လှိုင်းဂယက်များ ထွက်ပေါ်လာကာ ချက်ချင်းဆိုသလိုပင် ဒီနေရာရှိ လေဟာနယ်ကို အေးခဲသွားစေသကဲ့သို့ ဖြစ်သွားစေသည်။
ချွေဟယ် ဖြစ်စေ၊ ချွေရှူနင် ဖြစ်စေ မည်သူမျှ လှုပ်ရှား၍ မရနိုင်တော့ဘဲ ဖိနှိပ်ခံထားရသဖြင့် အသက်ကို ပြင်းပြင်းရှူနေရကာ မျက်နှာများ ဖြူရော်လာခဲ့၏။
“ဒါက... နတ်ဘုရား နယ်မြေ လား”
“ဉာဏ်အလင်းက နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပြီပဲ”
သူတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပြောလိုက်ကြပြီး တစ်ဖက်လူ၏ စွမ်းအားက သူတို့ထက် အဆပေါင်းများစွာ မြင့်မားနေကြောင်း သဘောပေါက်သွားကြသည်။ နှစ်ဖက်စလုံးသည် လုံးဝ တစ်ပြေးညီတည်း ရှိနေသော လူများ မဟုတ်ကြပေ။
ခရမ်းရောင် ကြေးညို အမွှေးတိုင်အိုးထဲမှ လွင့်ပျံလာသော ဖြူဖွေးသည့် မြူခိုးများသည် ကြိုးတစ်ချောင်းကဲ့သို့ ဖြစ်သွားပြီး သူတို့နှစ်ယောက်ကို ချည်နှောင်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မြူခိုးများ တစ်ပတ်ပြီးတစ်ပတ် ရစ်ပတ်သွားပြီးနောက် သူတို့နှစ်ယောက်သည် မြေပြင်မှ မြောက်တက်သွားကာ ဧည့်ခန်းထဲမှ အပြင်သို့ ပစ်ပေါက်ခံလိုက်ရပြီး ခြံဝင်းထဲတွင် အရှက်တကွဲ လဲကျသွားခဲ့လေသည်။
“ထွက်သွားကြစမ်း”
မုန့်ရှင်းဟိုင်က အော်ဟစ်လိုက်၏။
လူနှစ်ယောက်မှာ တစ်ခွန်းမျှ မဟဝံ့တော့ဘဲ နေရာမှ ထကာ ချက်ချင်းပင် အဝေးသို့ ထွက်ပြေးသွားကြသည်။
မုန့်ရှင်းဟိုင်က သူ၏ နဖူးကို ပုတ်ကာ ပြောလိုက်သည်။
“ဒုက္ခပါပဲ ဒီလူနှစ်ယောက်က တမင်သက်သက် ရန်စနေကြတာပဲ တကယ်တော့ မင်းအပေါ် ထားတဲ့ ငါ့ရဲ့ သဘောထားကို စမ်းသပ်နေကြတာ။ အဲဒီကနေတစ်ဆင့် မင်းရဲ့ လက်ရှိ အလားအလာ အခြေအနေတွေကို ခန့်မှန်းချင်နေကြတာပဲ”
သူသည် မူလက အပြင်သို့ လိုက်သွားချင်ခဲ့သော်လည်း ရုတ်တရက် ရပ်တန့်သွားပြီး ဆက်ပြောလိုက်၏။
“ထားလိုက်ပါတော့လေ။ တကယ်လို့ မင်းက ဂိုဏ်းကြီးတွေရဲ့ ဌာနချုပ်ကို ဝင်ချင်တယ်ဆိုရင် ဒါမှမဟုတ် နာမည်ကြီး အဆင့်မြင့် ပညာသင်ကျောင်းတွေကို ဝင်ချင်တယ်ဆိုရင် အစကတည်းက စွမ်းဆောင်ရည် အချို့ကို ပြသရမှာပဲ အိတ်ထဲက ဆူးလိုပဲ လုံးဝ ဖုံးကွယ်ထားလို့ မရနိုင်ဘူး”
ချင်မင်သည် အချိန်အတော်ကြာမှသာ သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။ ထိုလူနှစ်ယောက် ရောက်လာခြင်းက အတိတ်မှ ကျန်ရစ်ခဲ့သော နောက်ဆုံး သံယောဇဉ် ကြိုးတစ်မျှင်ကိုပါ ဖြတ်တောက်လိုက်စေခဲ့လေသည်။
“ဦးလေးမုန့်... ကျုပ် နာမည်ဝှက်ပြီး ပုန်းအောင်းနေဖို့ လိုအပ်မလား။ ဒီကနေတစ်ဆင့်... အမှောင်ထုဖုံးလွှမ်းနေတဲ့ တောင်တန်းကြီးထဲကို ဝင်သွားရမလား”
မုန့်ရှင်းဟိုင်က ပြန်ဖြေလိုက်သည်။
“မင်း ဘယ်တွေ တွေးနေတာလဲ။ စိတ်မပူပါနဲ့…. ချွေ မိသားစုက လူတချို့က ညအမှောင် ကမ္ဘာထဲမှာ လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို ဖုံးကွယ်ထားနိုင်တဲ့အထိ မစွမ်းဆောင်နိုင်ကြပါဘူး။ မင်း သေချာ ကြိုးစားပြီး ထိပ်တန်း အင်အားစုကြီး တစ်ခုရဲ့ အဓိက တပည့်တစ်ယောက် အမြန်ဆုံး ဖြစ်လာအောင် လုပ်ပါ”
ချင်မင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်၏။
“ဒါဆိုရင်လည်း ကျုပ် စိတ်အေးသွားပါပြီ။ ဦးလေးမုန့်... ကျူကွမ်းမြို့က ချီတောက်မင်နဲ့ တိုက်ခိုက်မယ့် ကိစ္စအပြင် ချွေ မိသားစုက လူတချို့လည်း ဝင်ပါလာပြီး စမ်းသပ်ကြလိမ့်မယ်လို့ ထင်တယ်။ သူတို့က ကိစ္စတချို့ကို အတည်ပြုချင်နေကြတာ။ဒါမှမဟုတ် ဦးလေးမုန့်နဲ့ ကျုပ် တိုင်ပင်ကြည့်ရအောင်။ တကယ်လို့ ချွေဟယ်က ဝင်စွက်ဖက်ချင်လို့ လူလွှတ်လာမယ်ဆိုရင် ဦးလေးက သူ့ကို အီမု ထာဝရစိမ်းလန်းခြင်း ကျင့်စဉ်ကို လောင်းကြေးအဖြစ် ထည့်ခိုင်းလိုက်ပါ”
မုန့်ရှင်းဟိုင်၏ မျက်ဝန်းများမှာ ထူးဆန်းသွားခဲ့သည်။ စောစောကတင် သူက အတော်လေး စိတ်ဓာတ်ကျနေပြီး ညအမှောင် ကမ္ဘာထဲက လူသူကင်းမဲ့သော တောင်တန်းများဆီသို့ ထွက်ပြေးရတော့မည်ဟု ထင်နေခဲ့သော်လည်း ယခုအခါတွင် သူသည် အခြားသူများ၏ လျှို့ဝှက်ကျင့်စဉ်ကို အချိန်တိုင်း မျက်စိကျနေခဲ့ကြောင်း တွေ့ရှိလိုက်ရလေသည်။
“ဘာပဲဖြစ်ဖြစ် ကျုပ်က ချွေ မိသားစုမှာ ဆယ်နှစ်ကျော် နေထိုင်ခဲ့တာဆိုတော့ ဦးလေးချွေဟယ်ရဲ့ လုပ်ဟန်တွေကို နားလည်ထားတာပေါ့”
ချင်မင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။