← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁)

သုံးယောက်သား ရွာထဲသို့ အလျင်အမြန် ဝင်လာကြသည်။ လမ်းတစ်လျှောက်တွင် ဖုန်းပုကြွယ်က ဟန့်ခ်အား ကောင်းကင်ကောင်းချီးကျေးရွာအကြောင်း တောက်လျှောက် မေးမြန်းနေပြီး ပြေးဝင်လာသောဓားသွားကမူ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

ဟန့်ခ်သည် ဧည့်လမ်းညွှန်တစ်ဦး မဟုတ်သဖြင့် ရွာ၏ ယဉ်ကျေးမှုကို စနစ်တကျ မိတ်ဆက်မပေးနိုင်သော်လည်း ဖုန်းပုကြွယ်မှာ မေးခွန်းမေးရာတွင် အလွန်တော်သူ ဖြစ်သည်။ သူသည် ဟန့်ခ်အား ပိုမိုအသေးစိတ်ပြီး အသုံးဝင်သော အချက်အလက်များ ပြောပြလာစေရန် လိမ္မာပါးနပ်စွာ လမ်းကြောင်းပေးခဲ့သည်။

ကောင်းကင်ကောင်းချီးကျေးရွာ၏ လူနေဧရိယာကို အကြမ်းဖျင်းအားဖြင့် နယ်မြေလေးခု ခွဲထားခြင်းဖြစ်သည်။ ထွက်ပေါက်နှင့် အနီးဆုံးဖြစ်သော အပြင်ဘက်ဆုံးအပိုင်းသည် ပထမနယ်မြေဖြစ်ပြီး ဆင်းရဲသားရပ်ကွက်ဟု သတ်မှတ်ထားသည်။ ဟန့်ခ်၏ အိမ်မှာ ထိုနေရာတွင် ရှိခြင်းဖြစ်သည်။ သူ၏ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သူသည် အသက်ငါးဆယ်ကျော်အရွယ် သူ့မိခင်ဖြစ်သည်။ သူမသည် အဝတ်လျှော်ခန်းတွင် အလုပ်လုပ်ခြင်းဖြစ်သည်။ တစ်ရက်လျှင် ဆယ်နာရီ အလုပ်လုပ်ရပြီး တစ်ပတ်လျှင် တစ်ရက်သာ နားရက်ရှိသည်။ ရရှိသော လုပ်ခမှာလည်း အလွန်ပင် နည်းပါးလှသည်။

ဟန့်ခ်သည် အမှိုက်ကောက်သမားအလုပ်မှ ဝင်ငွေ အနည်းငယ် ပိုရသော်လည်း အပြင်သို့ ထွက်သည့် အကြိမ်တိုင်းမှာ ပြန်မလာနိုင်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ သူ့ဖခင်နှင့် ညီအစ်ကိုများလည်း အမှိုက်ကောက်သမားများ ဖြစ်ကြပြီး အားလုံးမှာ သဘာဝအတိုင်း မဟုတ်ဘဲ သေဆုံးခဲ့ကြရသူများ ဖြစ်သည်။

အမှိုက်ကောက်သမား၏ အလုပ်မှာ ကမ္ဘာဟောင်း၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် အသုံးဝင်သော အရင်းအမြစ်များကို ရှာဖွေရန် ဖြစ်သည်။ ရှေးဟောင်းအပျက်အစီးများကို ရှာဖွေရခြင်းသည် အမြဲတမ်းလုပ်ရသော အလုပ်မဟုတ်ပေ။ များသောအားဖြင့် သူတို့ အချိန်အများစု လုပ်ဆောင်ရသည်က ကောင်းကင်ကောင်းချီးကျေးရွာ၏ အပြင်ဘက်တွင် ပေါက်ရောက်နေသော သဘာဝအရင်းအမြစ်များကို စုဆောင်း သယ်ယူခြင်း ဖြစ်သည်။ ၎င်းတို့မှာ အဓိကအားဖြင့် သတ္တုရိုင်းများ၊ အပင်များနှင့် ထိန်းချုပ်နိုင်သော အကွာအဝေးအတွင်းရှိ ရေအရင်းအမြစ်များ ဖြစ်ကြသည်။ ဆွဲငင်အားဆန့်ကျင် သေနတ်ကဲ့သို့သော တီထွင်မှုတစ်ခု ရှိနေသဖြင့် ထိုအလုပ်တွင် လူအင်အား အများကြီး မလိုအပ်ပေ။ အမှိုက်ကောက်သမားများသည် ပစ္စည်းများကို ထုပ်ပိုးရန်၊ ၎င်းတို့ကို 'မ' ရန်နှင့် ငါးမန်းအိမ်သို့ ပြန်သယ်လာကာ ချထားရန်သာ လိုအပ်သည်။

၎င်းသည် ခက်ခဲသော အလုပ်တစ်ခုဟု မထင်ရသော်လည်း အမှန်တကယ်တွင်မူ အလွန် အန္တရာယ်များလှပေသည်။ ကမ္ဘာဟောင်းတွင် အဆုံးမရှိသော အနက်ရောင်မုန်တိုင်းများ တိုက်ခတ်နေသည့် သဲကန္တာရထဲ၌ပင် ရက်စက်ကြမ်းတမ်းသော သတ္တဝါ အနည်းငယ် ရှိနေတတ်ပြီး တောအုပ်များ၊ ရွှံ့နွံများနှင့် ကမ်းရိုးတန်း ဒေသများတွင်မူ မျိုးရိုးဗီဇ ပြောင်းလဲနေသော သတ္တဝါများဖြင့် ပြည့်နှက်နေလေ့ရှိသည်။ လူသားများအတွက် ပတ်ဝန်းကျင်နှင့် ထိုသတ္တဝါ နှစ်မျိုးစလုံးသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အရာများပင် ဖြစ်သည်။

အစွန်အဖျား နယ်မြေတွင် နေထိုင်သူများသည် အများအားဖြင့် ဟန့်ခ်တို့ကဲ့သို့သော မိသားစုများ ဖြစ်ကြသည်။ ထိုနေရာရှိ ရွာသားများသည် သုံးနှစ်သာ ပညာသင်ကြားခွင့် ရရှိကြသည်။ ပထမနှစ်နှစ်တွင် အခြေခံသင်္ချာနှင့် စာဖတ်ခြင်းကို သင်ကြားပေးပြီး တတိယနှစ်တွင်မူ အလုပ်နှင့် သက်ဆိုင်သော အသိပညာအချို့ကို သင်ကြားပေးသည်။ အသက်ဆယ်နှစ်အရွယ်မှစ၍ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်လုပ်အားဖြင့် မည်သို့ ရှင်သန်ရမည်ကို သင်ယူကြရသည်။ သူတို့သည် ဘဝတစ်ခုလုံးကို ရိုးရှင်းပြီး ပင်ပန်းလှသော ကိုယ်လက်လှုပ်ရှား အလုပ်များ သို့မဟုတ် အန္တရာယ်ရှိသော အလုပ်များကို လုပ်ကိုင်ရင်း ကုန်ဆုံးကြရသည်။ သို့သော်လည်း သူတို့သည် စည်းကမ်းများကို လိုက်နာပြီး သူတို့၏ အလုပ်များကို ပြီးမြောက်အောင် လုပ်ဆောင်သရွေ့ သူတို့ဝမ်းရေးကိုတော့ ဖြေရှင်းနိုင်ကြလေသည်။

ပထမနယ်မြေကို ဖြတ်ကျော်ပြီးနောက် ဒုတိယနယ်မြေမှာ လူဦးရေ အသင့်အတင့်ရှိသော အကြီးဆုံး စိုက်ပျိုးရေး နယ်မြေ ဖြစ်၏။

ထိုနေရာရှိ လမ်းများနှင့် အိမ်များသည် အစွန်အဖျားနယ်မြေနှင့် ကွဲပြားသည်။ လယ်ကွင်းထဲရှိ အဓိက သီးနှံများမှာ ပြောင်းဖူးနှင့် တူသော်လည်း အရွက်များက အစိမ်းရောင် မဟုတ်ပေ။ ထိုအစား ရွှေရောင်ရှိပြီး လှိုင်းတွန့်သဏ္ဌာန် ရှိကြသည်။ မြေကြီးထဲတွင် ပေါက်ရောက်နေသော ဥအချို့လည်း ရှိကြသည်။ အပြင်သို့ ထွက်နေသော အရွက်များသည် ကော်ဖီရောင်ရှိပြီး ၎င်းတို့၏ ရနံ့ကို အဝေးမှပင် ရရှိနိုင်သည်။ ဖုန်းပုကြွယ်က ဤအရာများကို မည်သည့်အရာဖြစ်ကြောင်း ဟန့်ခ်ကို မေးရာ ဟန့်ခ်၏ အဖြေမှာ "ချိုမြိန်သော ဆန်နှင့် ချိုမြိန်သော သစ်သီးများ" ဟူ၍ ဖြစ်သည်။ ဤနှစ်မျိုးသည် ရွာသားများ၏ စားပွဲပေါ်ရှိ အဓိက အစားအစာများ ဖြစ်ကြသည်။ ဤသီးနှံနှစ်မျိုးကို ကောင်းကင်ကောင်းချီးကျေးရွာ၏ ယခင်ရွာသားများက ဖန်တီးပြီး အမည်ပေးထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ နောက်ဆုံးတော့ အတိတ်ကာလက ကမ္ဘာမြေပေါ်တွင် ဤကဲ့သို့သော အရာမျိုး မရှိခဲ့ပေ။

စိုက်ပျိုးရေးနယ်မြေတွင် နေထိုင်သူများသည် ပထမနယ်မြေထက် အနည်းငယ် ပိုကောင်းသော ဘဝကို ပိုင်ဆိုင်ကြရသည်။ နေထိုင်မှု ပတ်ဝန်းကျင်မှာ ပိုမို သက်တောင့်သက်သာရှိပြီး သူတို့ ဝတ်ဆင်သော အဝတ်အစား အရောင်မှာလည်း ကွဲပြားသည်။ မိသားစုတိုင်းတွင် စိုက်ပျိုးရန် တာဝန်ယူရသော မြေကွက်တစ်ကွက်စီ ရှိကြပြီး သီးနှံထွက်နှုန်းကို တင်းကျပ်စွာ စောင့်ကြည့်ခံရသည်။ ထွက်သမျှ အားလုံးကို ရွာသို့ အပ်နှံရပြီး မိမိတို့ မိသားစုအတွက် ဆန်တစ်စေ့ပင် ချန်ထားခွင့် မရှိပေ။ မိသားစုဝင်ငွေသည် အပ်နှံလိုက်သော အစားအသောက် ပမာဏအပေါ်တွင် အခြေခံခြင်းဖြစ်သည်။

နှိုင်းယှဉ်ချက်အရ ဆိုရလျှင် သူတို့ဘဝသည် အန္တရာယ်သိပ်မများလှသလို အလုပ်နှင့် အနားယူချိန် အချိုးအစားမှာလည်း လူမဆန်လောက်အောင် မဆိုးရွားလှပေ။ ထို့ပြင် စိုက်ပျိုးရေးနယ်မြေရှိ နေထိုင်သူများသည် ပိုမိုမြင့်မားသော ပညာသင်ကြားခွင့်ကို ရရှိကြသည်။ အကယ်၍ မိသားစုတွင် ကလေးနှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက် ပိုရှိပါက ပိုမိုထူးချွန်သော ကလေးတစ်ယောက်ကို ရွေးချယ်၍ ပညာဆက်လက် သင်ကြားစေကာ "အဆင့်မြင့် ပညာရေး" ကို သင်ယူခွင့် ပေးနိုင်သည်။ အကယ်၍ သူတို့ အောင်မြင်ခဲ့ပါက တတိယနယ်မြေသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်သည်။

တတိယနယ်မြေသည် နည်းပညာရှင်များ နေထိုင်ရာနေရာဖြစ်ပြီး ထိုလူအရေအတွက်မှာ အလွန်နည်းပါးသည်။ ထိုနယ်မြေ၏ လူဦးရေကို အယောက် ၃၀၀ ခန့်တွင်သာ အမြဲ ထိန်းသိမ်းထားခြင်းဖြစ်သည်။ သူတို့ထဲမှ ပိုမိုထူးချွန်သူများသည် ကောင်းကင်ကောင်းချီးကျေးရွာရှိ 'အများပြည်သူဆိုင်ရာ' နည်းပညာများ၏ ရှေ့ဆောင်လမ်းပြများ ဖြစ်လာကြသည်။ ပါရမီနည်းပါးသူများမှာမူ အင်ဂျင်နီယာများ သို့မဟုတ် မန်နေဂျာများ ဖြစ်လာနိုင်ပြီး အသက်ကြီးသူများ သို့မဟုတ် အလုပ်လုပ်နိုင်စွမ်း မရှိတော့သူများမှာ ကျောင်းသားများကို သင်ကြားပြသရန် တာဝန်ယူကြရသည်။

ထိုနယ်မြေရှိ နေထိုင်သူများသည် အဓိကအားဖြင့် ဦးနှောက်သုံး၍ အလုပ်လုပ်သူများ ဖြစ်ကြသည်။ သူတို့တွင် ကောင်းမွန်သော ဝင်ငွေနှင့် တည်ငြိမ်သော ဘဝရှိသည်။ လူတစ်ယောက် နေထိုင်သော နေရာသည် အစွန်အဖျားနယ်မြေရှိ မိသားစုတစ်စုလုံး နေထိုင်သောနေရာနှင့် ညီမျှပေသည်။ သူတို့၏ အဝတ်အစားသည် အဖြူရောင်ဖြစ်ပြီး လူမှုအဆင့်အတန်းမှာလည်း အတော်လေး မြင့်မား၏။

စတုတ္ထနယ်မြေတွင်မူ 'ဘုန်းတော်ကြီးများ' သို့မဟုတ် အဆင့်မြင့်အရာရှိများ နေထိုင်ရာ နေရာဖြစ်သည်။ သူတို့၏ နေထိုင်မှုအခြေအနေသည် အစွန်အဖျား နယ်မြေရှိ ရွာသားများအတွက် အလွန်ပင် ဇိမ်ကျလှသည်ဟု ဆိုရပေမည်။ သို့သော်လည်း ကောင်းကင်ကောင်းချီးကျေးရွာတွင် ဘုန်းတော်ကြီးမိသားစု ဖြစ်လျှင်ပင် ယူနီဖောင်းတစ်မျိုးတည်းကိုသာ ဝတ်ဆင်ရသည်။ မိမိတို့ အလိုရှိသလို ဝတ်ဆင်နိုင်သူများမှာ ကော်ဘင်မျိုးရိုးအမည်ရှိသော လူအနည်းငယ်သာ ဖြစ်သည်။ လူတိုင်းသည် သူတို့ မည်သို့ ပုံစံရှိသည်ကို သိကြပြီး သူတို့၏ ပုံတူကားချပ်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်လေသည်။ ကလေးများသည် ကော်ဘင် မိသားစုဝင်များ၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို ငယ်စဉ်ကတည်းက သင်ယူရပြီး သူတို့ကို ချီးမွမ်းသီဆိုရန် သင်ယူကြရသည်။

ဘုန်းတော်ကြီးများသည် မည်သည့်အရာမှ လုပ်ရန် မလိုဘဲ ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ထားကြခြင်းဖြစ်သည်။ သူတို့စားပွဲပေါ်တွင် အမှိုက်ကောက်သမားများ၏ အသက်နှင့် လဲလှယ်၍ ရှာဖွေလာခဲ့သော အစားအစာများဖြင့် ပြည့်နှက်နေလေ့ရှိသည်။ ၎င်းမှာ သာမန်ရွာသားများ တစ်သက်လုံး မစားသုံးနိုင်သော အရာများ ဖြစ်သည်။ သူတို့ အသုံးပြုသော ရေကို တိုက်ရိုက် သောက်သုံးနိုင်သော်လည်း ရွာသားများ အသုံးပြုသော ရေမှာမူ ရွာပြင်ပရှိ ညစ်ညမ်းသော နေရာများမှ သယ်ဆောင်လာပြီး 'စစ်ထုတ်' ထားသော ရေများသာ ဖြစ်သည်။

ဘုန်းတော်ကြီးများ၏ တာဝန်သည် ဘုရားသခင်၏ ကလေးများနှင့် ကော်ဘင်မိသားစု၏ အုပ်ချုပ်မှုကို ကာကွယ်ရန် ဖြစ်သည်။ သူတို့၏ ကလေးများ၏ ပါရမီက မည်သို့ပင် ဖြစ်ပါစေ ပြည့်စုံသော ပညာရေးကို သင်ကြားခွင့်နှင့် သင်ကြားရန်တာဝန် ရှိကြသည်။ သူတို့သည် တတ်နိုင်သမျှ များများ သင်ယူရပြီး ပိုမို ထက်မြက်သူများက ကော်ဘင်မိသားစုသာ သိရှိသော လျှို့ဝှက်ချက်အချို့ကို ဝေမျှခံစားခွင့် ရရှိမည် ဖြစ်သည်။

ကောင်းကင်ကောင်းချီးကျေးရွာရှိ ဌာနအားလုံးမှ မန်နေဂျာများနှင့် စီမံခန့်ခွဲသူများမှာ ဘုန်းတော်ကြီးများ သို့မဟုတ် သူတို့၏ မိသားစုဝင်များသာ ဖြစ်ကြသည်။ အချို့ ဌာနများတွင် လူတစ်ယောက်က အတတ်ပညာနှင့် ပတ်သက်၍ ဘာမှမသိလျှင်ပင် ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် တတိယနယ်မြေမှ လူတစ်ယောက်ကို သူတို့လက်ထောက်အဖြစ် ခန့်ထားရန်သာ လိုအပ်သည်။ ထို့ပြင် ထိုလက်ထောက်သည် တစ်ခုခု လုပ်ဆောင်ရန်အတွက် ထိုအပြင်လူ (ဘုန်းတော်ကြီး) ထံမှ ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။ အကယ်၍ သူသည် ကိုယ်ပိုင်သဘောဖြင့် လုပ်ဆောင်ပါက အပြစ်ပေးခံရမည် ဖြစ်သည်။

နယ်မြေလေးခုကို ဖြတ်ကျော်ပြီးလာနောက် ရွာ၏ အနက်ရှိုင်းဆုံးနေရာဖြစ်သော ဘုရားကျောင်းသို့ ရောက်ရှိမည် ဖြစ်သည်။

ပထမနယ်မြေ သုံးခုလုံးရှိ လမ်းများပေါ်တွင် ကင်းလှည့်သမားများ ရှိကြသည်။ တတိယနယ်မြေတွင် နေထိုင်သူ နည်းပါးသော်လည်း ကင်းလှည့်မှုက ပိုမို တင်းကျပ်သည်။ စတုတ္ထနယ်မြေကိုတော့ သာမန်ရွာသားများကို ဝင်ရောက်ခွင့် မပြုပေ။ ဘုန်းတော်ကြီးဝတ်စုံ ဝတ်ဆင်ထားသူများနှင့် ခွင့်ပြုချက် လက်မှတ် ရှိသူများမှလွဲ၍ အခြားလူများ ဝင်ရောက်ရန် လုပ်ငန်းစဉ်မှာ အလွန်ရှုပ်ထွေးလှသည်။

စတုတ္ထနယ်မြေနှင့် ဘုရားကျောင်းအပြင်ဘက်ရှိ ကင်းလှည့်သမားများမှာကား လမ်းကင်းလှည့်ရန် တာဝန်ရှိသူများ မဟုတ်တော့ပေ။ ထိုနေရာတွင် သီးသန့်ရွေးချယ်ထားသော အစောင့်အကြပ်များ ရှိပြီး သူတို့အားလုံးကို ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်သည်။ အပြင်ဘက်နယ်မြေတွင် မွေးဖွားသော ဟန့်ခ်ကဲ့သို့သော လူမျိုးသည် အစောင့်အဖြစ် အရွေးခံရရန် လုံးဝမဖြစ်နိုင်ပေ။ အနည်းဆုံးတော့ ဒုတိယ သို့မဟုတ် တတိယနယ်မြေတွင် မွေးဖွားသူ ဖြစ်မှသာ အစောင့်အကြပ်များထဲတွင် ပါဝင်ရန် အရည်အချင်း ပြည့်မီမည် ဖြစ်သည်။ ဘုန်းတော်ကြီးနှင့် ဘုရားသခင်၏ သားတော်ကို ကာကွယ်စောင့်ရှောက်ရန် ကိစ္စတွင် သူတို့ မစေ့စပ်ဘဲ မည်သို့နေဝံ့ပါမည်နည်း။

"တတိယနယ်မြေက ရှေ့တည့်တည့်မှာပါ"

သူတို့ ဒုတိယနှင့် တတိယနယ်မြေ အစပ်သို့ ရောက်သောအခါ ဟန့်ခ်က ပြောသည်။

"ဒီလောက်ဆို လုံလောက်ပြီမလား၊ တတိယနယ်မြေမှာ ကင်းလှည့်သမားတွေ အများကြီး ရှိတယ်၊ တကယ်လို့ ငါတို့ အစစ်ဆေးခံရရင်..."

"ဆက်သွားမယ်"

ဖုန်းပုကြွယ်က ခိုင်မာစွာ ပြောလိုက်သည်။ လမ်းတစ်လျှောက်တွင် သူတို့သည် ကင်းလှည့်သမားများစွာ၏ အစစ်ဆေးခံခဲ့ရသည်။ ဖုန်းပုကြွယ်သည် သူတို့ကို အရူးလုပ်ရန်အတွက် ထိုအကြောင်းပြချက်ကိုသာ အသုံးပြုခဲ့သော်လည်း ဟန့်ခ်ကတော့ အမြဲတစေ စိုးရိမ်နေပုံရသည်။

"ဟေး၊ ဟန့်ခ်၊ နင်လား"

ရုတ်တရက် အမျိုးသမီး အသံတစ်ခုက ဟန့်ခ်ကို လှမ်းခေါ်လိုက်သည်။

အခန်း (၁၄၂)

"အာ... မစ် မိုလီ... ဟိုင်း... ဟယ်လို"

ဟန့်ခ်သည် နောက်သို့ လှည့်ကြည့်လိုက်သည်နှင့် ထိုအမျိုးသမီးကို ချက်ချင်းမှတ်မိသွားပြီး စကားများ ထစ်အကုန်သည်။

"ငါ နင့်ကို အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးတယ် ဟန့်ခ်၊ ငါ့ကို မိုလီလို့ပဲ ခေါ်ပါဆို"

ထိုအမျိုးသမီးသည် ဟန့်ခ်နှင့် အသက်အတူတူလောက်ရှိပုံရသော်လည်း အရပ်ကတော့ သူ့ထက် ပိုပုသည်။ သူမသည် တတိယနယ်မြေ၏ နေထိုင်သူဖြစ်ကြောင်း ဖော်ပြနေသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

"ဒီနှစ်ယောက်က နင့်သူငယ်ချင်းတွေလား၊ အမ်... သူတို့က ဘာလို့ ကာကွယ်ရေး ဝတ်စုံကြီးတွေ ဝတ်ထားရတာလဲ"

မိုလီက စပ်စပ်စုစု မေးလိုက်သည်။

"မစ်မိုလီ"

ဟန့်ခ်၏ မျက်နှာအမူအရာက တင်းမာနေပြီး နားထင်မှ ချွေးများ စီးကျလာတော့သည်။ ဖုန်းပုကြွယ် စကားမပြောမီ သူက သတ္တိမွေး၍ အနိုင်နိုင်ပြောလိုက်သည်။

"ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော် လုပ်စရာလေးရှိလို့ အခု မအားသေးပါဘူးခင်ဗျာ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ အလုပ်ပြီးသွားရင် ကျွန်တော် ပြန်လာပြီး တောင်းပန်ပါ့မယ်..."

သူက ရှေ့သို့ ဆက်လျှောက်ရန် ကြိုးစားလိုက်သည်။

"လုပ်စရာလား"

မိုလီက ဟန့်ခ်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

"တတိယနယ်မြေကိုလား"

သူမ၏ အကြည့်က ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့ထံ လျင်မြန်စွာ ရောက်ရှိသွား၏။

"နင်တို့က ဘာလို့ ကာကွယ်ရေးဝတ်စုံတွေကို မလဲရသေးတာလဲ"

သူမ ခေါင်းမော့ကြည့်လိုက်ရာ ကစားသမားနှစ်ဦး၏ ပုံမှန်မဟုတ်သော အရပ်အမောင်းကြောင့် ပိုမိုသံသယ ဝင်လာခဲ့သည်။

"နင်တို့ကလည်း အမှိုက်ကောက်သမားတွေပဲလား၊ ဘာသွားလုပ်မလို့လဲ"

ဟန့်ခ်က သူမကို စိုက်ကြည့်လိုက်သည်။

"ဒါက အထက်လူကြီးတွေဆီက အမိန့်ပဲ"

သူက အလေးအနက် ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ဒီကိစ္စထဲမှာ ဝင်မပါပါနဲ့ မစ် မိုလီ"

"ဟန့်ခ်၊ နင် ဘာဖြစ်နေတာလဲ"

မိုလီက မေးသည်။

"နင် စကားကို တစ်ခါမှ ဒီလိုမပြောဖူးပါဘူး"

"ဟူး..."

ဖုန်းပုကြွယ်က ဆိုသည်။

"တကယ်တော့ သူက မင်းကို ကူညီချင်လို့ပါ"

သူ ခေတ္တရပ်လိုက်ပြီး "ကံမကောင်းတာကတော့ ငါ မင်းကို ဒီအတိုင်း လွှတ်မပေးဖို့ ဆုံးဖြတ်လိုက်ပြီ"

"ငါတို့က လမ်းပေါ်မှာ ရှိနေတာလေ၊ မင်းသာ တစ်ယောက်ယောက်ကို သတ်လိုက်ရင် ချက်ချင်း အဝိုင်းခံရလိမ့်မယ်"

ဟန့်ခ်က ဖုန်းပုကြွယ်ကို တီးတိုးပြောလိုက်သည်။

"မစ် မိုလီ"

ဖုန်းပုကြွယ်က ဟန့်ခ်ကို လျစ်လျူရှု၍ မိုလီကို ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ မင်းကို ငါတို့နဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ရလိမ့်မယ်"

မိုလီသည် ပင်ကိုယ်အသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွား၏။

"ရှင်တို့က ဘယ်သူတွေလဲ"

သူမ ဟန့်ခ်ကို ကြည့်လိုက်သည်။

"ဟန့်ခ်၊ ဘာတွေ ဖြစ်နေတာလဲ"

"ဟန့်ခ်ကို ငါတို့ ပြန်ပေးဆွဲထားတာပဲ၊ တကယ်လို့ မင်း အော်ဟစ်တာ၊ ထွက်ပြေးတာ ဒါမှမဟုတ် ကင်းလှည့်သမားတွေ သတိထားမိအောင် တစ်ခုခုလုပ်ရင် ဟန့်ခ် အသတ်ခံရလိမ့်မယ်"

ဖုန်းပုကြွယ်သည် ဟန့်ခ်ကို အလျင်စလို မလုပ်မိစေရန် အရင်ဆုံး ခြိမ်းခြောက်လိုက်သည်။

"ငါသိပါတယ်၊ မင်း ငါပြောတာကို ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမဲ့ မင်း ဟန့်ခ်အပေါ် နားလည်ထားတဲ့ အချက်တွေပေါ် အခြေခံပြီး အခြေအနေကို အေးအေးဆေးဆေး စဉ်းစားကြည့်ပါ၊ ပြီးတော့ ငါပြောမယ့် အချက်တွေက မှန်သလားဆိုတာ ဆုံးဖြတ်ပါ"

"ငါတို့မှာ လူတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ သတ်ပစ်နိုင်တဲ့ လက်နက်တွေ ရှိတယ်၊ ပြီးတော့ ငါတို့ နှစ်ယောက်မှာ မင်းတို့ စိတ်ကူးထားတာထက် ကျော်လွန်တဲ့ စွမ်းရည်တွေ ရှိတယ်၊ အမြန်နှုန်းပဲဖြစ်ဖြစ်၊ ခုန်နိုင်စွမ်းပဲဖြစ်ဖြစ်၊ ရှင်သန်နိုင်စွမ်းပဲဖြစ်ဖြစ် အဲ့ဒါတွေအားလုံးက လူသားတစ်ယောက် လုပ်နိုင်စွမ်းရှိတယ်လို့ မင်းနားလည်ထားတဲ့ အဆင့်ထက် ကျော်လွန်နေတယ်။

တကယ်လို့ ငါတို့သာ လူမိသွားရင် ဟန့်ခ် သေရလိမ့်မယ်၊ ပြီးတော့ ငါတို့အနားကို ချဉ်းကပ်လာတဲ့ ဒါမှမဟုတ် ငါတို့ကို တားဆီးဖို့ ကြိုးစားတဲ့ ရွာသားတိုင်းကို သတ်ပစ်မယ်၊ မင်းတို့ရွာက အနည်းဆုံး လူထောင်ချီပြီး သေကျေပျက်စီးရလိမ့်မယ်။

ဒါပေမဲ့ မင်းသာ ပူးပေါင်းဆောင်ရွက်ပြီး ဒီနယ်မြေကို လိုက်ပြပေးမယ်ဆိုရင် ငါတို့ လိုချင်တာရတာနဲ့ တိတ်တိတ်လေး ပြန်ထွက်သွားပေးမယ်။

ကဲ... အခု မင်း ပူးပေါင်းဆောင်ရွက်မလား ဒါမှမဟုတ် အော်ဟစ်မလား ဆိုတာကို ရွေးချယ်လို့ရပြီ"

...

ငါးမိနစ် ကြာပြီးနောက်၊ တတိယနယ်မြေအတွင်း၌။

"နင်က အပြင်လူတွေကို ရွာထဲ ခေါ်လာခဲ့လိမ့်မယ်လို့ ငါမယုံနိုင်ဘူး"

မိုလီက ဟန့်ခ်ကို အပြစ်တင်သည့် လေသံဖြင့် တီးတိုးပြောလိုက်သည်။

သူမဘေးတွင် လမ်းလျှောက်နေသော ဟန့်ခ်က နူးညံ့စွာ ပြန်ဖြေ၏။

"ငါပြန်ပေးဆွဲခံထားရတာပါ... အခု ငါတို့ ရောက်နေတဲ့ အခြေအနေအတိုင်းပဲပေါ့"

"ငါတို့ ရောက်နေတဲ့ အခြေအနေဆိုတာ ဘာကို ဆိုလိုတာလဲ... အခုကစပြီး ငါနဲ့ နင်နဲ့ ဘာမှ မဆိုင်တော့ဘူး"

မိုလီက မကျေမနပ် ပြောလိုက်သည်။

"ငါ့မိသားစု စကားကို နားထောင်ပြီး ပထမနယ်မြေက လူတွေနဲ့ မဆက်ဆံသင့်ဘူး"

"ဟူး..."

ဟန့်ခ်သည် စကားတစ်ခွန်းပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်တော့ပေ။ အကြိမ်များစွာတွင် လူတစ်ယောက်သည် ပြောစရာ စကားလုံးပေါင်း တစ်ထောင်ရှိနေလျှင်ပင် သက်ပြင်းတစ်ချက်သာ ချနိုင်ပါလိမ့်မည်။

ထိုအချိန်တွင် ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့သည် သူတို့နှစ်ဦး၏ နောက်မှ ကပ်လိုက်လာကြသည်။ မိုလီက ရှေ့မှ ဦးဆောင်လျှောက်လာချိန်စ၍ လမ်းပေါ်ရှိ ကင်းလှည့်အရာရှိများက သူတို့ကို စစ်ဆေးမေးမြန်းခြင်း မပြုတော့ပေ။ တတိယနယ်မြေမှ နေထိုင်သူ တစ်ဦး လမ်းပြပေးခြင်းသည် အမှန်တကယ်ပင် အသုံးဝင်ပုံရသည်။

"စိတ်မပူပါနဲ့ မစ် မိုလီ၊ မင်း ငါတို့ကို တတိယနယ်မြေနဲ့ စတုတ္ထနယ်မြေ အစပ်အထိပဲ လိုက်ပို့ပေးဖို့ လိုတာပါ"

ဖုန်းပုကြွယ်က ဆိုသည်။

"ပြီးရင်တော့ မင်းထွက်သွားလို့ ရပါပြီ"

မိုလီ အံ့အားသင့်သွားသည်မှာ သိသာလှသည်။

"ရှင်တို့က စတုတ္ထနယ်မြေထဲကို ဝင်ချင်တာလား"

သူမ အမြန်မေးလိုက်သည်။

"ဟန့်ခ်ရော ဘယ်လိုလဲ၊ သူ့ကိုလည်း လွှတ်ပေးမှာလား"

"ဟမ့်... စိတ်မကောင်းပါဘူး၊ မလွှတ်ပေးနိုင်သလို လွှတ်ပေးဖို့လည်း မဖြစ်နိုင်ပါဘူး"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"အာ... ဒါဆိုရင် ကျေးဇူးတင်ပါတယ်ဗျာ"

ဟန့်ခ်က ခါးသီးသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

သူ့အဖြေကြောင့် မိုလီ အလွန်ထိတ်လန့်သွားရသည်။ သို့သော်လည်း ဟန့်ခ်က သူ့ကိုယ်သူ လှောင်ပြောင်သည့် လေသံဖြင့် အားလုံးကို ရှင်းပြလာသည်။

"ငါထင်တာကတော့... ငါ မင်းတို့ကို ရွာထဲ ခေါ်လာတဲ့အချိန်ကတည်းက ငါ ဒီရွာမှာ ဆက်နေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"

"အိုး... နောက်ဆုံးတော့ မင်း သတိထားမိသွားပြီပေါ့"

ဖုန်းပုကြွယ်က ဆိုသည်။

"မင်း ငါ့ကို သတင်းမပို့ခိုင်းကတည်းက ငါစဉ်းစားမိသင့်တာ၊ ဒါပေမဲ့ ငါ မင်းအရူးလုပ်တာ ခံလိုက်ရတယ်"

ဟန့်ခ်က ဆိုသည်။

"ငါ တကယ်ကို ဉာဏ်နှေးလွန်းတာပါ၊ အခုမှပဲ သတိထားမိတော့တယ်"

ဖုန်းပုကြွယ်က ပြောသည်။

"ဒါဆို ငါ အမှန်အတိုင်းပဲ ပြောမယ်၊ ဒီကိစ္စရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် မင်းသာ ကော်ဘင်ရဲ့ လက်ပါးစေတွေလက်ထဲ ရောက်သွားရင်တော့ သေမှာ သေချာတယ်။ ငါတို့ အောင်မြင်မှ မင်း အသက်ရှင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်"

"မင်းတို့ ဘာလုပ်မှာလဲဆိုတာတောင် ငါမသိဘူးလေ"

ဟန့်ခ်က ပြန်ဖြေသည်။

ပြေးဝင်လာသောဓားသွားကတော့ ငါးသေတစ်ကောင်၏ အမူအရာမျိုးကို ဆင်မြန်းထားသည်။ သူက ဖုန်းပုကြွယ်ကို တစ်ချက်ကြည့်ကာ ပြောသည်။

"ဟုတ်တယ်... ငါကိုယ်တိုင်တောင် သိပ်မသေချာဘူး၊ ငါ့ကိုလည်း ရှင်းပြပါဦး"

"ပထမအချက်၊ ငါတို့ လုပ်မယ့်အရာက ရွာသားတွေကို သတ်ဖို့ မဟုတ်တာတော့ သေချာတယ်၊ အဲ့ဒီလိုသာ သတ်ချင်ရင် လူနေရပ်ကွက်ထဲ စဝင်ကတည်းက သတ်လို့ရတာပဲ"

ဖုန်းပုကြွယ်က ဆိုသည်။

"ဒုတိယအချက်ကတော့ ငါတို့က ဒီကယဉ်ကျေးမှုကို လာလေ့လာတာ မဟုတ်ဘူး၊ အဲ့ဒီလို အကြောင်းပြချက်မျိုးကို မင်းတို့ ယုံမယ်လို့လည်း ငါမထင်ဘူး"

သူက ပြုံးသည်။

"ငါ့ရဲ့ အဓိက ပန်းတိုင်က ဘုရားကျောင်းထဲမှာရှိတဲ့ နည်းပညာအသိပညာတွေကို ရယူဖို့ပဲ၊ ဒုတိယ ပန်းတိုင်ကတော့ ဒီရွာရဲ့ လူမှုစနစ်ကို ပြောင်းလဲပစ်ဖို့ပဲ"

"ရှင် ဘာနည်းပညာတွေအကြောင်း ပြောနေတာလဲ၊ ဘုရားကျောင်းထဲမှာ နည်းပညာ အသိပညာဆိုတာ လုံးဝမရှိပါဘူး၊ ဘုန်းတော်ကြီး နည်းနည်းလောက်ကပဲ နတ်ဘုရားတွေဆီက ဆင်းသက်လာတဲ့ ကျမ်းစာတွေကို သင်ယူခွင့် ရှိတာ"

မိုလီက ကြားဖြတ်ပြောသည်။

"အဲ့ဒါတွေက ပေါက်ကရစကားတွေပဲ၊ မင်းတို့ကို ငယ်ငယ်ကတည်းက ရိုက်သွင်းထားတဲ့ အလိမ်အညာတွေပါ"

ဖုန်းပုကြွယ်က ဆိုသည်။

"ကော်ဘင်မိသားစုက မင်းတို့နဲ့ မရင်းနှီးတဲ့ အသိပညာတွေကို လက်ဝါးကြီးအုပ်ထားရုံသက်သက်ပဲ၊ မင်းတို့ကို အဲ့ဒီ အသိပညာတွေနဲ့ မထိတွေ့နိုင်အောင် ပိတ်ပင်ထားတယ်၊ အဲ့ဒီလိုမှသာ ဘာသာရေး အလိမ်အညာတွေကိုသုံးပြီး မင်းတို့ကို ကျွန်ပြုထားနိုင်မှာမို့လို့ပဲ"

သူက သနားကြင်နာစွာဖြင့် သက်ပြင်းချလိုက်သည်။

"အသိပညာကင်းမဲ့မှုနဲ့ ကြောက်ရွံ့မှုဆိုတာ လူသားတွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ဆာလောင်မွတ်သိပ်နေတဲ့ သားရဲနှစ်ကောင်ပဲ၊ ယဉ်ကျေးမှုကပဲ အဲ့ဒီ သားရဲတွေကို အနိုင်ယူနိုင်တယ်၊ သူတို့က လူသားတွေရဲ့ တိုးတက်မှု လှေကားထစ်ကို စောင့်ကြပ်နေပြီး ရှေ့ဆောင်လမ်းပြတွေကို ဝါးမျိုနေကြတာ။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကလူတွေဟာ အပြစ်မဲ့တဲ့ အမျိုးသမီးတွေကို စုန်းမတွေအဖြစ် မီးရှို့သတ်ခဲ့ကြတယ်၊ အဲ့ဒါက သူတို့ ညဘက် ကောင်းကောင်းအိပ်ပျော်ဖို့ ဒါမှမဟုတ် နောက်နှစ်မှာ သီးနှံတွေ ကောင်းကောင်းထွက်ဖို့ အတွက်ပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာက လူတွေဟာ ဒါဝင်ရဲ့ သီအိုရီကို တလွဲအဓိပ္ပါယ် ယူခဲ့ကြတယ်၊ 'ငါတို့က မျောက်တွေ မဟုတ်ဘူး' လို့ အော်ဟစ်ပြီး ကျောင်းတွေမှာ ဆင့်ကဲဖြစ်စဉ်သီအိုရီ သင်ကြားတာကို ပိတ်ပင်ခဲ့ကြတယ်၊ ဟားဟား... ငါကြည့်ရတာတော့ အဲ့ဒီလူတွေနဲ့ မျောက်တွေကြားမှာ သိပ်ထူးထူးခြားခြား ကွာခြားချက် မရှိပါဘူး။

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာက... ကော်ဘင်မိသားစုဟာ အသိပညာမီးတောက်ကို သူတို့လက်ထဲမှာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့ကြတယ်၊ သူတို့က မင်းတို့လို အမှောင်ထဲမှာ၊ အအေးထဲမှာ၊ ကြောက်ရွံ့မှုနဲ့ အသိဉာဏ်ကင်းမဲ့မှုတွေထဲမှာ နေထိုင်တဲ့ လူတွေကို အဲ့ဒီအတိုင်းပဲ ရှိနေအောင် လုပ်ထားခဲ့တယ်၊ ဒါမှသာ မင်းတို့ကို အချိန်အကြာကြာအုပ်ချုပ်ပြီး ကျွန်ပြုထားနိုင်မှာမို့လို့ပဲ"

"ရှင်ပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ကျွန်မ မယုံဘူး၊ ဘုန်းတော်ကြီးတွေက ကျွန်မတို့ကို သတိပေးထားပြီးသား၊ အပြင်လူတွေဆိုတာ လိမ်လည်လှည့်ဖြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မိစ္ဆာတွေပဲတဲ့၊ ရှင်တို့ရဲ့ အဲ့ဒီလို တရားမဲ့တဲ့ စကားလုံးတွေနဲ့ ကျွန်မရဲ့ ယုံကြည်မှုကို ဖျက်ဆီးဖို့ မကြိုးစားပါနဲ့"

မိုလီက ပြန်ဖြေသည်။

"အာ... သူတို့က မင်းတို့ တကယ်တမ်း အမှန်တရားကို သိတဲ့လူနဲ့ တွေ့တဲ့အချိန်ကျရင် အဲ့ဒီစကားလုံးတွေရဲ့ လွှမ်းမိုးမှု မခံရအောင် ကြိုတင်စီစဉ်ထားတာပဲ"

ဖုန်းပုကြွယ်က အေးစက်စွာ ရယ်မောလိုက်သည်။

"သူတို့က မင်းတို့ကို အပြင်လူတွေကို တွေ့တာနဲ့ မဆိုင်းမတွ သတ်ပစ်ဖို့တောင် အမိန့်ပေးထားတယ်လေ မဟုတ်ဘူးလား"

"လက်လျှော့လိုက်ပါတော့၊ ရှင်တို့သာ အစောင့်တွေနဲ့ တွေ့ရင် သေမှာ သေချာတယ်၊ သူတို့ရဲ့ ကိရိယာတွေက ကင်းလှည့်သမားတွေနဲ့ မတူဘူး၊ စတုတ္ထနယ်မြေထဲကို ကျူးကျော်ဖို့ ကြိုးစားတဲ့သူ ဘယ်သူ့ကိုမဆို သူတို့က သတ်ပစ်မှာပဲ၊ ရှင်တို့မှာ ဓားစာခံ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေပေါ့..."

မိုလီက ဖုန်းပုကြွယ်၏ လှည့်ကွက်ထဲသို့ မကျဆင်းသွားပေ။

"တကယ်လို့ ရှင်က ကျွန်မနဲ့ ဟန့်ခ်ကို လွှတ်ပေးမယ်လို့ ကတိပေးရင် ရှင်တို့ကို ရွာထဲကနေ ပြန်ထွက်သွားနိုင်အောင် ကျွန်မ ကြိုးစားပေးမယ်"

"အင်း... မင်းက ဟန့်ခ်ထက်စာရင် စေ့စပ်ညှိနှိုင်းရာမှာ ပိုတော်သားပဲ"

ဖုန်းပုကြွယ်က ဆိုသည်။

"ဒါပေမဲ့ ကံမကောင်းတာက ငါတို့ပန်းတိုင်ကတော့ ပြောင်းလဲမှာ မဟုတ်ဘူး"

သူက ရယ်မောလိုက်ပြီး "ဒါ့အပြင်... ဟန့်ခ်ကလည်း ကော်ဘင်မိသားစုဘက်မှာ ဆက်ရှိနေမှာ မဟုတ်တော့ဘူးလေ၊ ဟုတ်တယ်မလား ငါ့ကောင်ကြီး"

မိုလီသည် ထိတ်လန့်တကြားဖြင့် ဟန့်ခ်ကို လှည့်ကြည့်လိုက်သည်။ ဟန့်ခ်သည် ယခင်ကနှင့်မတူဘဲ တည်ငြိမ်နေလေသည်။

"စိတ်မကောင်းပါဘူး မစ် မိုလီ၊ ငါ့အတွက် ထွက်ပေါက်တစ်ခုပဲ ရှိတော့တယ်၊ အဲ့ဒါက သူတို့နဲ့ ပူးပေါင်းဖို့ပဲ၊ နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး"

"ဟန့်ခ်..."

မိုလီ ရေရွတ်လိုက်သည်။

"နင် ဒီအပြင်လူ နှစ်ယောက်ရဲ့ ဆိုးယုတ်တဲ့ မှော်အတတ်တွေနဲ့ ပြုစားခံလိုက်ရပြီလား"

"မဟုတ်ဘူး၊ ငါ အတော်လေးကို စိတ်ကြည်လင်နေပါတယ်၊ ငါ့ဘဝမှာ ဒီလောက်အထိ စိတ်မကြည်လင်ဖူးဘူး"

ဟန့်ခ်က ပြန်ဖြေသည်။

"ဒီအပြင်လူနှစ်ယောက်က ငါ့ကို သတ်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပေမဲ့ အနည်းဆုံးတော့ သူတို့က ငါ့ရဲ့ အတွေးအခေါ်တွေကို ဘုရားသခင်ရဲ့ စကားလုံးတွေနဲ့ လှည့်စားဖို့ မကြိုးစားခဲ့ဘူး"

သူက ခိုင်မာစွာ ပြောလိုက်သည်။

"တကယ်လို့ ဘုရားသခင်ရဲ့ သားတော် ပြောတဲ့အရာတွေ အားလုံးကသာ အမှန်ဆိုရင် ငါက အပြင်လူတွေကို ကူညီပြီး ဘုရားသခင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ အပြစ်သား တစ်ယောက်ပေါ့၊ ရလဒ်က ဘာဖြစ်မလဲဆိုတာ ငါမသိဘူး၊ အဆိုးဆုံး ဖြစ်လာရင်လည်း သေရုံပဲ ရှိတာပေါ့၊ ငါသာ ဒီသူစိမ်းနှစ်ယောက်ကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ခဲ့မယ်ဆိုရင်ကော ဘာဖြစ်လာမလဲ၊ ဘုန်းတော်ကြီးတွေက ငါ့ကို လွှတ်ပေးမှာလား၊ ငါလည်း ပြစ်ဒဏ်ခံရပြီး အသတ်ခံရမှာပဲ၊ ဒီလိုမျိုး အသေခံမယ့်အစား တိုက်ပွဲဝင်ပြီးတော့ပဲ အသေခံလိုက်မယ်"

အကြောင်းပြချက်တချို့ကြောင့် ပြေးဝင်လာသောဓားသွားက ပြုံးလိုက်သည်။

"ပြောတာကောင်းတယ် ဟန့်ခ်၊ ဆက်ပြောပါဦး"

ဟန့်ခ်က ဆက်ပြောသည်။

"ဒါပေမဲ့ တကယ်လို့ ဒီအပြင်လူနှစ်ယောက် ပြောတာက မှန်နေမယ်ဆိုရင်ရော၊ အဲ့ဒီ ဘုရားသခင်ရဲ့ သားတော်နဲ့ ဘုန်းတော်ကြီးတွေ ဆိုတာက လိမ်လည်မှုတွေ ဖြစ်နေခဲ့မယ်ဆိုရင်ရော"

"နင် ဘာတွေပြောနေတာလဲဆိုတာ သိရဲ့လား ဟန့်ခ်၊ ဒါက ဘယ်လိုလုပ်ပြီး..."

မိုလီက သူ့ကို ကြားဖြတ်ပြောချင်နေသည်။

သို့သော်လည်း ဟန့်ခ်က မေးလိုက်သည်။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ"

သူက မိုလီကို လှည့်ကြည့်လိုက်သည်။

"ငါ မွေးလာကတည်းက ငါ့ကို ပြောခဲ့တာက ငါဟာ ဘုရားသခင်ရဲ့ နိုင်ငံသား တစ်ယောက်ဖြစ်တယ်၊ ကော်ဘင်မိသားစုနဲ့ ဘုန်းတော်ကြီးတွေရဲ့ အမိန့်ကို နာခံရမယ်တဲ့၊ တကယ်လို့ ငါ သူတို့အမိန့်ကို ဆန့်ကျင်ရင် ဘုရားသခင်ရဲ့ အလိုတော်ကို ဆန့်ကျင်တာဖြစ်ပြီး အပြစ်ပေးခံရမယ်တဲ့၊ ငါ့အဖေနဲ့ ငါ့အစ်ကိုက အလုပ်ကြမ်းတွေလုပ်ပြီး အသက်နဲ့ရင်းပြီး ရှာဖွေခဲ့ကြပေမဲ့ သူတို့ ဝမ်းရေးအတွက်တောင် မနည်း ရုန်းကန်ခဲ့ရတယ်၊ ဘုန်းတော်ကြီးတွေကျတော့ ဘာမှ လုပ်စရာမလိုဘဲ ဇိမ်နဲ့ နေနေကြတယ်လေ။

ငါဟာ သူတို့ သင်စေချင်တာကိုပဲ သင်ယူခဲ့ရတယ်၊ သူတို့ ပြောခွင့်ပြုတာကိုပဲ ပြောခဲ့ရတယ်၊ သူတို့ ခိုင်းတာကိုပဲ လုပ်ခဲ့ရတယ်၊ ပြီးတော့ သူတို့ကိုပဲ ချီးမွမ်းကိုးကွယ်ခဲ့ရတယ်။

တကယ်လို့ ဒါက ဘုရားသခင်ရဲ့ အလိုတော်ဆိုရင် ဒီလို ဘုရားသခင်မျိုးဟာ ငါ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ မထိုက်တန်ဘူး၊ ဘာလို့လဲဆိုတော့ သူက ငါတို့လို ယုံကြည်သူတွေကို ပြန်ပြီး မပေးဆပ်ချင်ဘူးလေ၊ သူက ငါတို့ကို ကျွန်တွေလိုပဲ ဆက်ဆံတယ်၊ ကော်ဘင်မိသားစုနဲ့ ဘုန်းတော်ကြီးတွေကပဲ လူသားတွေ ဖြစ်နေသလိုမျိုးပဲ"

မိုလီက ဟန့်ခ်ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

"နင် ရူးသွားပြီ..."

"ဖြစ်နိုင်ပါတယ်"

ဟန့်ခ်က ဆိုသည်။

"ဒါပေမဲ့ ငါ အရမ်း ခံစားလို့ကောင်းနေတယ်၊ ငါ့ဘဝမှာ ဒီလောက် ကောင်းကောင်း မခံစားဖူးဘူး၊ ပထမဆုံးအကြိမ်အဖြစ် ငါ့ကံကြမ္မာကို ငါကိုယ်တိုင် ထိန်းချုပ်နေရသလို ခံစားရတယ်၊ ဒီခံစားချက်အတွက် ပေးဆပ်ရမယ့် တန်ဖိုးက သေခြင်းတရား ဖြစ်မယ်ဆိုရင်တောင် ငါ နောင်တမရဘူး"

"ဒီခံစားချက်ကို 'လွတ်လပ်မှု' လို့ ခေါ်တယ်"

ဖုန်းပုကြွယ်က ဆိုသည်။

"သူတို့ မင်းစိတ်ထဲမှာ ခတ်ထားတဲ့ အချုပ်အနှောင်တွေကို ရိုက်ချိုးလိုက်တဲ့အခါ… မင်းထောင်ထဲမှာပဲ ဖြစ်ဖြစ် သေခါနီးပဲ ဖြစ်ဖြစ်… အနည်းဆုံးတော့ ဒီအချိန်ကစပြီး မင်း လွတ်လပ်သွားပြီ၊ မင်း အသက်ရှူနေသရွေ့တော့ မင်းရဲ့ လွတ်လပ်ခွင့်ကို ဘယ်သူမှ ပြန်ယူသွားလို့ မရတော့ဘူး"

ဖုန်းပုကြွယ်က ဆွဲဆောင်မှုရှိသော လေသံဖြင့် ပြောလိုက်သည်။

"မင်းသာ ငါတို့ကို ကူညီပြီး ကော်ဘင်မိသားစုနဲ့ ဘုန်းတော်ကြီးတွေရဲ့ အသိပညာလက်ဝါးကြီးအုပ်မှုကို ဖြုတ်ချပြီး သူတို့ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ပေးမယ်ဆိုရင်... ဟန့်ခ်၊ မင်း အသက်ရှင်ရုံတင်မကဘဲ သူရဲကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်၊ မစ် မိုလီအပါအဝင် မင်းတို့လို လူမျိုးတွေအားလုံး လွတ်လပ်မှုရဲ့ အရသာကို ခံစားနိုင်ကြလိမ့်မယ်"

All Chapters