အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း (၁၄၃)
ဆယ်မိနစ်ခန့် ကြာပြီးနောက် သူတို့လေးဦးသည် စတုတ္ထနယ်မြေနှင့် တတိယနယ်မြေ၏ နယ်နိမိတ်သို့ ရောက်ရှိလာကြသည်။ ထိုနေရာသည် ယခင်နယ်မြေများနှင့် သိသိသာသာ ကွဲပြားနေလေသည်။ နယ်မြေနှစ်ခုကို မြင့်မားခိုင်ခံ့သော သတ္တုတံတိုင်းကြီးတစ်ခုဖြင့် ပိုင်းခြားထားပြီး တံတိုင်းပေါ်ရှိ ဝင်ပေါက်တိုင်းတွင် အစောင့်များ ရှိနေကြသည်။ အစောင့်များ၏ လက်ထဲရှိ လက်နက်များသည် ကင်းလှည့်သမားများ၏ ဆွဲငင်အားဆန့်ကျင် သေနတ်များနှင့် အတူတူပင်ဖြစ်သော်လည်း သူတို့အသုံးပြုသော ဒိုင်းများမှာမူ ကွဲပြားသည်။ ကင်းလှည့်သမားများတွင် သာမန်သတ္တုဒိုင်းများသာ ရှိသော်လည်း အစောင့်များတွင် ဆွဲငင်အားဆန့်ကျင် ဒိုင်းများကို အသုံးပြုကြသည်။
အမည် - ဆွဲငင်အားဆန့်ကျင် ဒိုင်း
အမျိုးအစား - ကာကွယ်ရေးပစ္စည်း
အရည်အသွေး - ထူးကဲ
ကာကွယ်နိုင်စွမ်း - အလယ်အလတ်
ဂုဏ်သတ္တိ - တားဆီးခြင်း
အထူးအာနိသင် - မရှိ
တပ်ဆင်ရန် လိုအပ်ချက် - တိုက်ခိုက်ရေးအဆင့် F၊ အဆင့် ၁၀
မှတ်ချက် - ဤကာကွယ်ရေးပစ္စည်းသည် တစ်ကုဗမီတာထက် သေးငယ်ပြီး အလေးချိန် ၂၅ ကီလိုဂရမ်ထက်နည်းသော ပျံသန်းလာသည့် အရာဝတ္ထုများကို တားဆီးနိုင်သည်။ ဥပမာ - ပျံသန်းလာသော ဘေ့စ်ဘောသီး သို့မဟုတ် ပြုတ်ကျလာသော ခရီးဆောင်အိတ်။ သို့သော်လည်း အကယ်၍ တစ်စုံတစ်ဦးက ရေခဲသေတ္တာတစ်လုံးဖြင့် လှမ်းပေါက်ခြင်း သို့မဟုတ် အနီးကပ်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်လာပါက ဤဒိုင်း၏ ကာကွယ်နိုင်စွမ်းသည် သာမန်သတ္တုဒိုင်းတစ်ခုနှင့် မခြားနားပေ။
"ကဲ၊ မစ် မိုလီ မင်း အခု ပြန်လို့ရပါပြီ"
တံတိုင်းနှင့် တစ်လမ်းကျော်အကွာသို့ ရောက်သောအခါ ဖုန်းပုကြွယ်က ရုတ်တရက် ရပ်လိုက်ပြီး ပြောလိုက်သည်။
"မင်းရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဒီနေရာကနေ ဝေးဝေးမှာ နေတာက ပိုကောင်းပါလိမ့်မယ်"
မိုလီသည် ခြေလှမ်းများ ရပ်တန့်သွားသော်လည်း လက်မလျှော့သေးပေ။ သူမသည် ဟန့်ခ်အား နောက်ကြောင်းပြန်လှည့်ရန် ဆက်လက်ဖျောင်းဖျနေဆဲ ဖြစ်သည်။
"ဟန့်ခ်၊ သေချာစဉ်းစားပါဦး၊ သူပြောတဲ့... ဒါဝင်တို့၊ ဆင့်ကဲဖြစ်စဉ် သီအိုရီတို့... လွတ်လပ်ခွင့်တို့ဆိုတာ... အဲ့ဒါတွေက နင်တစ်ခါမှ မကြားဖူးတဲ့ ရူးကြောင်ကြောင် အရာတွေချည်းပဲလေ၊ အဲ့ဒါတွေက မိစ္ဆာဒိဌိတွေရဲ့ မိစ္ဆာယုံကြည်ချက်တွေ ဖြစ်လိမ့်မယ်၊ နင်တော့ သူတို့ပြုစားတာကို ခံနေရပြီ..."
"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ် မိုလီ"
ဟန့်ခ်က ပြန်ဖြေသည်။
"တကယ်လို့ ငါ ပြန်မလာဖြစ်ခဲ့ရင် ငါ့အမေကို ငါ့ကိုယ်စား တောင်းပန်ပေးပါဦး"
မိုလီသည် နေရာတွင် ကြောင်စီစီဖြင့် ရပ်ကျန်ခဲ့ပြီး လှည့်ထွက်သွားသော ဟန့်ခ်ကို စကားမဲ့စွာ ကြည့်နေမိသည်။ သုံးယောက်သား သူမကို ဘာမှ ထပ်မပြောတော့ဘဲ တံတိုင်း၏ ဝင်ပေါက်ဆီသို့ အားမာန်ပါပါ လျှောက်သွားလိုက်ကြသည်။ လမ်းလျှောက်နေစဉ်အတွင်း ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့သည် သူတို့ ဝတ်ထားသော ကာကွယ်ရေးဝတ်စုံများကို ဆွဲချွတ်ကာ လွှင့်ပစ်လိုက်ကြတော့သည်။
ပြေးဝင်လာသောဓားသွားသည် ဟန့်ခ်ထံမှ ယူထားသော ဆွဲငင်အားဆန့်ကျင်သေနတ်ကို ထုတ်ယူကာ သူ့ထံ ပြန်ပေးလိုက်သည်။
"ငါတို့ မင်းကို တတ်နိုင်သမျှ ကာကွယ်ပေးမယ်၊ ဒါပေမဲ့ ဒီလက်နက်ကို မင်းနဲ့အတူ ဆောင်ထားတာက ပိုစိတ်ချရတယ်"
"စိတ်မလှုပ်ရှားပါနဲ့ ဟန့်ခ်"
ဖုန်းပုကြွယ်က ဆိုသည်။
"ဒီအစောင့်တွေက တစ်နှစ်ပတ်လုံး ဘာမှမလုပ်ဘဲ မတ်တပ်ရပ် စောင့်နေရုံပဲ ရှိတာ၊ တစ်နေကုန် သန္ဓေပြောင်းသတ္တုဝါတွေနဲ့ တိုက်ခိုက်နေရတဲ့ မင်းလို အမှိုက်ကောက်သမားနဲ့ ယှဉ်ရင် သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က အဆင့်တူမဟုတ်ဘူး၊ မင်းသာ ဘာကိုမှ မကြောက်ဘူးဆိုရင် ကြောက်စရာ ဘာမှမရှိတော့ဘူး"
သူ ခေတ္တရပ်လိုက်သည်။
"ခဏနေရင် ငါတို့ တံတိုင်းကို ချိုးဖောက်ထွက်ပြီးတာနဲ့ ဘုရားကျောင်းဆီ တန်းတန်းမတ်မတ် သွားကြမယ်၊ မင်းက အနီးကပ် လိုက်ခဲ့ဖို့ပဲ လိုတယ်"
ဟန့်ခ်က ခေါင်းညိတ်ပြသည်။
"ငါ ကြိုးစားကြည့်ပါ့မယ်"
သုံးယောက်သား စကားပြောနေစဉ်မှာပင် စစ်ဆေးရေးဂိတ်၏ ရှေ့တွင် ဘေးချင်းယှဉ်လျက် ရပ်နေကြပြီဖြစ်သည်။
တာဝန်ကျ အစောင့်များသည် အတော်လေး တုန်လှုပ်နေကြသည်။ ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့၏ ပုံပန်းသဏ္ဌာန်ကို ကြည့်၍ သူတို့သည် ဘာလုပ်ရမှန်းမသိဘဲ အချိန်အတော်ကြာ ကြောင်ကြည့်နေကြခြင်းဖြစ်သည်။ သူတို့စိတ်ထဲတွင်တော့ ထိုလူနှစ်ဦးမှာ ဒဏ္ဍာရီလာ "အပြင်လူများ" ဖြစ်နိုင်သည်ဟု ခန့်မှန်းနေကြသည်။ သို့သော်လည်း သူတို့တစ်သက်တွင် ထိုလူမျိုးများကို တစ်ခါမှမမြင်ဖူးဘဲ ဝါဒဖြန့်ထားသည့် စကားများကိုသာ ကြားဖူးခဲ့သဖြင့် အမှန်တကယ် မြင်တွေ့ရသောအခါ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြခြင်း ဖြစ်သည်။
ဖိတ်ခေါ်မထားသော ဧည့်သည်နှစ်ဦး၏ ဘေးမှလူသည် ဝတ်စုံအရ ပထမနယ်မြေမှ ရွာသားတစ်ဦးနှင့် တူသော်လည်း လက်ထဲတွင် လောက်လေးခွ ( ဆွဲငင်အားဆန့်ကျင်သေနတ်) ကို ကိုင်ထားပြီး သူ၏ မျက်နှာအမူအရာကလည်း အသေခံချတော့မည့်ပုံမျိုး ပေါက်နေလေသည်။ ... ဒီကောင်က ဘုန်းတော်ကြီးတွေရဲ့ နေအိမ်ထဲကို အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ချင်နေတာလား။
အစောင့်များ ဆွံ့အလျက် ရှိနေစဉ် အစောင့်ခေါင်းဆောင်တစ်ယောက် ပို၍ တည်ငြိမ်မှု ရှိနေခဲ့သည်။ သူသည် အရာအားလုံးကို လျစ်လျူရှု၍ သူ၏ ဆွဲငင်အားဆန့်ကျင် ဒိုင်းကို မြှောက်ကာ သူတို့သုံးယောက်ကို တားဆီးလိုက်သည်။ သူက ခြိမ်းခြောက်သည့် အသံပေါက်အောင် အတတ်နိုင်ဆုံး ကြိုးစား၍ အော်ဟစ်လိုက်သည်။
"ရပ်စမ်း၊ မင်းတို့ ဘာလုပ်နေတာလဲ"
သူက ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားကို စိုက်ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက်... ဘာလို့ ဒီလို ထူးဆန်းတဲ့ အဝတ်အစားတွေ ဝတ်ထားတာလဲ၊ မင်းတို့က ဘယ်သူတွေလဲ"
သူ့အကြည့်က ဟန့်ခ်ဘက်သို့ လှည့်လိုက်ပြန်သည်။
"ပြီးတော့ မင်း၊ မင်းရဲ့ လက်နက်နဲ့ ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
သုံးယောက်သား ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေကြသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဟန့်ခ်က ရယ်မောလိုက်သည်။
"တကယ်လို့ ဒါဟာ မနေ့ကသာ ဖြစ်မယ်ဆိုရင် ငါ ဘာမှမလုပ်ရသေးခင်မှာတောင် ကင်းလှည့်အရာရှိ တစ်ယောက်ယောက်က ငါ့ကို စစ်ဆေးဖို့ တားလိုက်တာနဲ့ ငါ အရမ်းစိတ်လှုပ်ရှားပြီး တုန်ယင်င်နေမိမှာ"
သူက ပြုံးလျက် ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ အခုတော့ အစောင့်ခေါင်းဆောင် တစ်ယောက်နဲ့ ရင်ဆိုင်နေရတာတောင် ဒါဟာ ကိစ္စကြီးတစ်ခုလို့ ငါ မထင်တော့ဘူး၊ ဟားဟား... ငါ စနားလည်လာပြီ... ကော်ဘင် ငါတို့အပေါ် ဘာတွေ လုပ်ခဲ့သလဲဆိုတာကိုပေါ့"
"မင်းက ဘုရားသခင်သားတော်ရဲ့ နာမည်ကို ဒီအတိုင်း ခေါ်ရဲတယ် ဟုတ်လား"
အစောင့်ခေါင်းဆောင်က ဟန့်ခ်ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။
"ငါသာ သူ့ကို ဘုရားသခင်ရဲ့ သားတော်လို့ မြင်နေသေးရင်တော့ သူ့နာမည်ကို ခေါ်ဝံ့မှာ မဟုတ်ဘူးလေ"
ဟန့်ခ်က ဆိုသည်။
"ဒါပေမဲ့ ငါ့အမြင်မှာတော့ သူဟာ မစင်ပုံတစ်ပုံပဲ၊ ငါ ကြိုက်သလို ခေါ်လို့ရတာပေါ့"
"မင်း ဘာပြောလိုက်တယ်၊ မင်းလို မိစ္ဆာဒိဌိကောင်ကများ၊ သူ့ကို ဖမ်းကြစမ်း"
အစောင့်ခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။
ဘေးပတ်ပတ်လည်ရှိ အစောင့် ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှေ့သို့ ပြေးဝင်လာကြသည်။
ထိုအချိန်တွင် ပြေးဝင်လာသောဓားသွားက စတင်လှုပ်ရှားလိုက်သည်။
ဆယ်စက္ကန့်ပင် မပြည့်မီအချိန်အတွင်း လက်သီးချက်များ ခန္ဓာကိုယ်ပေါ် ကျရောက်သံများနှင့် ညည်းတွားသံ အချို့နှင့်အတူ အစောင့်များအားလုံး လဲကျသွားကြတော့သည်။ သူတို့ထဲတွင် သတိလစ်သွားသူများ ရှိသလို မြေပြင်ပေါ်မှ မထနိုင်ဘဲ ညည်းတွားနေသူများလည်း ရှိသည်။
ပြေးဝင်လာသောဓားသွားသည် သူ့ဓားကိုပင် မထုတ်ခဲ့ပေ။ ပထမအချက်အနေဖြင့် သူသည် အပြစ်မဲ့သူများကို မသတ်ချင်ခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ သူ့အရည်အချင်းဖြင့် ထိုလူများကို လက်ဗလာဖြင့် ကိုင်တွယ်ရန် လုံလောက်နေခြင်းကြောင့် ဖြစ်သည်။
"အိုး... အထင်ကြီးစရာပဲ၊ ဘာစွမ်းရည်မှ မသုံးဘဲနဲ့တောင် ဒါမျိုး လုပ်နိုင်တာပဲ..."
ဖုန်းပုကြွယ်က မှတ်ချက်ပေးလိုက်သည်။
"သူတို့က အရမ်း အားနည်းလွန်းလို့ပါကွာ"
ပြေးဝင်လာသောဓားသွားက ပြန်ဖြေသည်။
"သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ တုံ့ပြန်မှုတွေက သာမန်လူတစ်ယောက်ထက်တောင် ပိုအားနည်းနေသေးတယ်၊ ဂိမ်းရှုထောင့်ကနေ ပြောရရင် သူတို့က အဆင့် ၁ ကစားသမားထက် ၃၀ ရာခိုင်နှုန်းလောက် ပိုအားနည်းနေတာ၊ ငါက အဆင့် ၁၇ ရှိတဲ့ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်လေ၊ ဒီလို တိုက်ခိုက်မှုမျိုးလေးကတော့ ချီးကျူးနေစရာ မလိုပါဘူး"
နောက်ဆုံးတော့ ဟန့်ခ်နှင့် အစောင့်ခေါင်းဆောင်တို့ သူတို့ ပြောနေသည့် စကားများကို နားလည်နိုင်မည် မဟုတ်သဖြင့် ကစားသမားနှစ်ဦးက လွတ်လပ်စွာ ပြောဆိုနေကြခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အစောင့်ခေါင်းဆောင်သည် မလှုပ်ရှားနိုင်လောက်အောင် ထိတ်လန့်နေပြီဖြစ်သည်။ သူ့အမြင်အရ ဂြိုဟ်သားများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသလို ခံစားနေရသည်။
အမှန်တကယ်တော့ ဤအစောင့်များသည် သာမန်နေ့ရက်များတွင် လုပ်စရာအလုပ် သိပ်မရှိကြပေ။ စည်းကမ်းတင်းကျပ်သော ကောင်းကင်ကောင်းချီးကျေးရွာကဲ့သို့သော နိုင်ငံငယ်လေးတွင် ရာဇဝတ်သား အလွန်နည်းပါးပြီး လွန်ခဲ့သော နှစ်ပေါင်းရာချီအတွင်း အထက်တန်းလွှာ၏ အုပ်ချုပ်မှုကို တော်လှန်ဝံ့သူမှာလည်း အနည်းငယ်သာ ရှိခဲ့သည်။ ထို့အပြင် တရားဥပဒေ စိုးမိုးရေးကိုလည်း များသောအားဖြင့် ကင်းလှည့်သမားများကသာ စီမံခန့်ခွဲကြသည်။ အစောင့်များသည် ဘုန်းတော်ကြီးများနှင့် ကော်ဘင်မိသားစု၏ နေအိမ်အတွက်သာ တာဝန်ရှိကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အစောင့်များ၏ အစစ်အမှန်တိုက်ပွဲအတွေ့အကြုံမှာ သုညနှင့် နီးစပ်လှသည်။ သူတို့သည် တံတိုင်းအနီးရှိ မြေပြင်ပေါ်သို့ တံတွေးထွေးဝံ့သော အရပ်သားတစ်ဦးနှင့်ပင် တစ်ခါမှ မဆုံဖူးကြပေ။ ယနေ့တွင်မူ သူတို့ကို အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ပြီး ဆယ်စက္ကန့်အတွင်း ရိုက်နှက်သွားသော လူသုံးဦးနှင့် ရုတ်တရက် တွေ့လိုက်ရခြင်းဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ထိုကဲ့သို့ တုံ့ပြန်မှုမျိုး ရှိသည်မှာ သဘာဝကျပေသည်။
"လက်နက်ကို လွှင့်ပစ်လိုက်စမ်း"
ဖုန်းပုကြွယ်က အစောင့်ခေါင်းဆောင်ဆီသို့ လျှောက်သွားရင်း အမိန့်ပေးလိုက်သည်။
အစောင့်ခေါင်းဆောင်သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ခိုင်းသည့်အတိုင်းလုပ်ရန် လိမ္မာပါးနပ်စွာ ရွေးချယ်လိုက်သည်။ သူသည် သူ့လက်ထဲရှိ လက်နက်ကို ဘေးသို့ အသာအယာ လွှင့်ပစ်လိုက်သည်။
ဖုန်းပုကြွယ်သည် အစောင့်ခေါင်းဆောင်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ ပြုံးလျက် သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
"ဘာလို့ ဒီလောက်တောင် အလေးအနက် ဖြစ်နေရတာလဲ၊ ပြုံးစမ်းပါဦးကွ"
ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသဖြင့် အစောင့်ခေါင်းဆောင်သည် မျက်လုံးအထိ မရောက်သော လုပ်ပြုံးတစ်ခုကို အတင်းဖန်တီးလိုက်ရသည်။
သုံးယောက်သားသည် တည်ငြိမ်စွာဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားကြသည်။ သူတို့သည် အစောင့်ခေါင်းဆောင်ကို ကျော်ဖြတ်ကာ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီး တံတိုင်း၏ အခြားတစ်ဖက်ရှိ စတုတ္ထနယ်မြေဆီသို့ ဦးတည်သွားလိုက်ကြသည်။
အစောင့်ခေါင်းဆောင်သည် ကြောင်စီစီဖြင့် ရပ်ကျန်ခဲ့တော့သည်။ ဆယ်စက္ကန့်ခန့် ကြာပြီးနောက် သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ရင်ကျပ်ဝေဒနာ ခံစားနေရသကဲ့သို့ အသက်ကို ပြင်းထန်စွာ ရှူနေမိသည်။ တတိယနယ်မြေ၏ လမ်းများပေါ်တွင် များစွာသော ရွာသားများသည် ဖြစ်ပျက်ခဲ့သည့် အရာများကို ဆွေးနွေးရန် မကြာမီ စုရုံးလာကြတော့သည်။ ဖြစ်ပျက်သမျှကို မြင်တွေ့လိုက်ရသော သက်သေအချို့ ရှိသော်လည်း သူတို့မှာ ဘာတွေဖြစ်ကုန်မှန်း မသိဘဲ ဖြစ်နေကြသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် အစောင့်ခေါင်းဆောင်က အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ခုန်ထလိုက်လေသည်။ သူ ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။
"အပြင်လူတွေ၊ အပြင်လူတွေ ကျူးကျော်လာပြီ"
အခန်း (၁၄၄)
စတုတ္ထနယ်မြေကို ဖြတ်ကျော်ရသည်မှာ ဟန့်ခ်မျှော်လင့်ထားသည်ထက် များစွာ ပိုမိုလွယ်ကူနေခဲ့သည်။ သူတို့သည် ထိရောက်သော ခုခံမှုမျိုးနှင့် လုံးဝ မတွေ့ကြုံရပေ။ ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့ပင် ထိုမျှလွယ်ကူလိမ့်မည်ဟု မထင်ထားကြချေ။
ကောင်းကင်ကောင်းချီးကျေးရွာ၏ စတုတ္ထနယ်မြေတွင် နေထိုင်သူဦးရေ အလွန်နည်းပါးပြီး ရာဂဏန်းခန့်သာ ရှိသည်။ သူတို့ တစ်ဦးချင်းစီတိုင်းသည် မိမိတို့အသက်ကို အလွန်နှမြောကြသူများဖြစ်ရာ အချက်ပေးခေါင်းလောင်းသံ မြည်လာသည်နှင့် အားလုံး ပုန်းအောင်းကုန်ကြတော့သည်။ အစောင့်ဦးရေကလည်း တစ်ရာခန့်သာရှိပြီး ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းမှာ ကင်းစခန်းများနှင့် စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျနေကြသူများ ဖြစ်သည်။ နယ်မြေအတွင်း ကင်းလှည့်နေသူမှာ အနည်းငယ်သာ ရှိသည်။ အစောင့်များအကြား ဆက်သွယ်ရေးမှာ အနှောင့်အယှက် မရှိသော်လည်း ထိရောက်သော ကြားဖြတ်တားဆီးမှုမျိုးကို စနစ်တကျ မလုပ်ဆောင်နိုင်ကြပေ။ အင်အားနည်းပါးသည့်အပြင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့လည်း မရှိသဖြင့် ဖုန်းပုကြွယ်တို့ကဲ့သို့ မြန်ဆန်ပြီး သားရဲများကဲ့သို့ အစွမ်းထက်သောအုပ်စုကို ဟိုတစ်စဒီတစ်စ တားဆီးရန် ကြိုးစားမှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။
ဘုရားကျောင်းတွင် ရှိနေသော ကော်ဘင်သည် ကျူးကျော်သူများအကြောင်းကို ပထမဆုံး သတင်းရရှိသူဖြစ်ပြီး အချက်ပေးသံမြည်ရန် အမိန့်ပေးခဲ့သူလည်း ဖြစ်သည်။ အကယ်၍ ဖုန်းပုကြွယ်တို့အဖွဲ့သည် သုံးယောက်မဟုတ်ဘဲ သုံးရာ ဖြစ်နေပါက ကော်ဘင်သည် လက်နက်ချပြီး ဖြစ်ပေလိမ့်မည်။ သို့သော် ထိုအချိန်တွင် သူသည် အလွန်အမင်း စိုးရိမ်မနေပေ။ အကြောင်းမှာ သူ့တွင် 'နတ်ဘုရားအစွမ်း' ရှိနေသောကြောင့် ဖြစ်သည်။ အကယ်၍ ဤကျူးကျော်သူသုံးဦးသာ ဘုရားကျောင်းထဲသို့ ဝင်လာပါက အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည် မဟုတ်ချေ။
ဆယ်မိနစ်ပင် မပြည့်မီအချိန်တွင် သုံးယောက်သား ဘုရားကျောင်းနှင့် တစ်ကီလိုမီတာခန့်သာ ဝေးသောနေရာသို့ ရောက်ရှိလာကြသည်။ ဤအာကာသယာဉ်၏ တစ်ဝက်ခန့်သည် ပုံဖျက်ခံထားသဖြင့် မှတ်မိရန် ခက်ခဲနေလေသည်။ ၎င်းကို ဧရာမ နန်းတော်ကြီးတစ်ခုအဖြစ် ပြောင်းလဲထားသော်လည်း မူလပုံကြမ်းတော့ ကျန်ရှိနေသေး၏။ ထိုအကွာအဝေးသို့ ရောက်သောအခါ ဖုန်းပုကြွယ်သည် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
"မင်းတို့ပြောနေတဲ့ 'ဘုရားကျောင်း' ဆိုတာ ဘာလဲလို့ ငါ စဉ်းစားနေတာ... တကယ်တော့ ဒါက အာကာသယာဉ် တစ်စင်းပဲကိုး"
ဖုန်းပုကြွယ်က ပြုံးလိုက်သည်။
"ဒါဆိုရင် ကျန်နေတဲ့ မေးခွန်းတချို့ရဲ့ အဖြေကို ရပြီပေါ့"
"အာကာသယာဉ်..."
ဟန့်ခ်က စိတ်ရှုပ်ထွေးသွားသည်။
"အဲ့ဒါက... ဘာလဲ"
"အိုး... ဟုတ်သား မင်းတို့မှာ အဲ့ဒီအယူအဆ မရှိဘူးပဲ"
ဖုန်းပုကြွယ်က ရှင်းပြသည်။
"အလွယ်ပြောရရင်တော့ အာကာသထဲကို ပျံသန်းနိုင်တဲ့ ဧရာမ ငါးမန်းအိမ်ကြီးပေါ့"
"သိပြီ... ကော်ဘင်က ပြောတာတော့ ဘုရားကျောင်းဆိုတာ ဘုရားသခင်ရဲ့ ဖန်တီးမှုတစ်ခုဖြစ်ပြီး ဘုရားသခင်ရဲ့ သားတော်ပဲ နေထိုင်ခွင့် ရှိတာတဲ့၊ ခွင့်ပြုချက်မရှိဘဲ ဘုရားကျောင်းထဲ ဝင်တဲ့သူတွေက ကျိန်စာသင့်ပြီး သေရမယ်တဲ့"
ဟန့်ခ်က ဆိုသည်။
ဖုန်းပုကြွယ်သည် အကြောင်းနှင့် အကျိုးကို အကဲခတ်မိသွားပြီဖြစ်သည်။ သူက ရှင်းပြသည်။
"နတ်ဘုရားတွေနဲ့ ကျိန်စာတွေဆိုတဲ့ အဓိပ္ပာယ်မရှိတာတွေကို ခဏဖယ်ထားလိုက်စမ်းပါ၊ ငါ့ခန့်မှန်းချက်အရဆိုရင် ဒီအာကာသယာဉ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက 'အပြင်လူ' လို့ အခုခေါ်နေကြတဲ့ ရှေးဦးလူသားတွေ တည်ဆောက်ခဲ့တာပဲ၊ မင်းတို့ရဲ့ ကမ္ဘာမြေမှာ ဘာတွေဖြစ်ခဲ့လဲတော့ ငါမသိဘူး၊ ဒါပေမဲ့ ပတ်ဝန်းကျင် အခြေအနေ ဒါမှမဟုတ် စစ်ပွဲကြောင့်ပဲ ဖြစ်မှာပါ... လူသားတွေမှာ အာကာသထဲကို ပြောင်းရွှေ့ဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ဘူး၊ အချို့လူတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်ခဲ့ကြတာ၊ မင်းတို့ရဲ့ ဘိုးဘေးတွေက အဲ့ဒီလို မထွက်ခွာနိုင်ခဲ့တဲ့ သူတွေပေါ့"
သူက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
"ဖြစ်နိုင်တာက သူတို့က ဒီအာကာသယာဉ်ပေါ်မှာ ရှိနေတုန်း စက်ချို့ယွင်းမှုကြောင့် ဒီကို ပျက်ကျခဲ့တာ ဖြစ်နိုင်သလို… ဒါမှမဟုတ် ဒီယာဉ်ပျက်ကြီးကို တွေ့ပြီး ဒီမှာ အခြေချ နေထိုင်ခဲ့ကြတာလည်း ဖြစ်နိုင်တယ်၊ ကော်ဘင်မိသားစုက အာဏာကို သိမ်းယူပြီးနောက် မင်းတို့ကို ပြောပြခဲ့တဲ့ သမိုင်းပုံစံကတော့ ငါမသိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဘာသာရေးပုံပြင်တွေဆိုတာ အတူတူပါပဲ၊ အရှက်မရှိ လိမ်ညာပြီး အရာအားလုံးကို ဘုရားသခင် အပေါ်မှာ ပုံချထားတာပဲ"
"အစ်ကိုဖုန်း... မင်းသာ ဂိမ်းအပြင်ဘက်မှာ အဲ့ဒီလို စကားမျိုးပြောရင် လူတော်တော်များများကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ်"
ပြေးဝင်လာသောဓားသွားက ဆိုသည်။
"ငါ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့သူတွေကတော့ ထောင့်တစ်နေရာမှာ ဒူးထောက်ပြီး ငါ့ကို မိုးကြိုးပစ်ဖို့ သူတို့ရဲ့ ဘုရားသခင်ဆီ ဆုတောင်းနေလိုက်ပေါ့"
ဖုန်းပုကြွယ်က ပြောလိုက်သည်။
သုံးယောက်သား စကားစမြည် ပြောဆိုရင်း ဘုရားကျောင်းရှေ့သို့ ရောက်ရှိလာကြသည်။ ဘုရားကျောင်း၏ ဝင်ပေါက်တွင် အစောင့် ၄၀ ခန့်သည် တိုက်ခိုက်ရန် အသင့်တန်းစီရပ်နေကြလေသည်။ သူတို့သည် ဆွဲငင်အားဒိုင်းများကို မြှောက်ကာ လူတံတိုင်းကြီး တစ်ခုကို ဖန်တီးထားကြသည်။ သူတို့လက်ထဲရှိ ဆွဲငင်အားဆန့်ကျင်လက်နက်များ ရှေ့တွင် သတ္တု အမြောက်ကျည်များသည် လေထဲတွင် ဝဲပျံနေပြီး ပစ်မှတ်ဆီသို့ ချိန်ရွယ်ထားကြသည်။
"ဒါက ရှားရှားပါးပါးပဲဟေ့၊ ငါ့မှာ တစ်ခါမှ အသုံးမချရသေးတဲ့ AOE (ဧရိယာလိုက် တိုက်ခိုက်မှု) စွမ်းရည်တစ်ခု ရှိတယ်၊ အခု အဲ့ဒါကို စမ်းသပ်ဖို့ အချိန်ကောင်းပဲ"
ပြေးဝင်လာသောဓားသွားက ပြုံးလိုက်သည်။
"မုန်တိုင်းဓားသခင်လား"
ဖုန်းပုကြွယ်က ချက်ချင်း မေးလိုက်သည်။
"အဲ... မဟုတ်ပါဘူး"
ပြေးဝင်လာသောဓားသွားက ပြန်ဖြေသည်။
"အော်... ဒါဆိုလည်း ထားလိုက်ပါတော့"
ဖုန်းပုကြွယ်၏ မျက်နှာအမူအရာသည် ထိုစွမ်းရည်အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားပုံ ရသည်။
အမည် - ဓားတစ်လက်စတိုင်၊ ဘေးဒုက္ခငှက်
စကေးကတ် ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ တစ်ကြိမ်သုံးပြီးလျှင် ပျောက်ကွယ်သွားမည်။
စကေး အမျိုးအစား - သိုင်းပညာ
အာနိသင် - လက်တစ်ဖက်တည်းဖြင့် အဝေးသို့ ဓားဖြင့် ခုတ်ချက်တစ်ခု ပြုလုပ်ကာ ဧရိယာလိုက် တိုက်ခိုက်ရန် ဓားလှိုင်းတစ်ခု ဖန်တီးသည်။ စွမ်းရည်မှာ ပြင်းထန်ပြီး အရှိန်မှာ အလယ်အလတ် ဖြစ်သည်။ (ဓားအမျိုးအစား လက်နက်ကို အသုံးပြုမှသာ အသက်သွင်းနိုင်မည်)
ကုန်ကျမှု - သက်လုံအမှတ် ၃၀၀
သင်ယူရန် လိုအပ်ချက် - ကိုယ်ခံပညာ အဆင့် D၊ အဆင့် ၁၅ နှင့် အထက်
မှတ်ချက် - ဤစွမ်းရည်ကို ဆင်ဂယ်များနေ့တွင် မွေးဖွားခဲ့သော နာမည်ကျော် ဓားသုံးချောင်းစတိုင် ဓားသမားတစ်ဦးက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုလူသည် သူ၏ အဝေးခုတ်ချက်ကို နာမည်တစ်ခု ပေးလိုက်ခြင်း ဖြစ်ပုံရသည်။
အစောင့်များသည် ကျူးကျော်သူများနှင့် စကားများပြီး အချိန်မဖြုန်းတော့ပေ။ သုံးယောက်သား သူတို့နှင့် မီတာ ၅၀ ခန့် အကွာသို့ ရောက်သောအခါ အစောင့်တစ်ဦး၏ အမိန့်ပေးမှုအောက်တွင် သူတို့အားလုံး တစ်ပြိုင်နက် ပစ်ခတ်လိုက်ကြသည်။
ဆယ်ခုထက်မကသော သတ္တုကျည်ဆန်များက အမြောက်ဆံများကဲ့သို့ သူတို့ဆီသို့ ပျံသန်းလာကြရာ ပြေးဝင်လာသောဓားသွားက သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
သူသည် သူ့လက်မောင်းကို ထောင့်ဖြတ်ပုံစံဖြင့် ခုတ်ချလိုက်ရာ မြင်နိုင်သော ဓားချီတစ်ခုက ရှေ့သို့ တဟုန်ထိုး တိုးထွက်သွား၏။ သူ့ဆီသို့ ပစ်လွှတ်လိုက်သော သတ္တုကျည်များသည် လေထဲတွင်ပင် ချီတံတိုင်းတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ နောက်သို့ လွင့်စင်သွားကြသည်။ ဓားလှိုင်းမှာမူ အရှိန်အနည်းငယ်မျှ မလျော့ကျဘဲ မျက်တောင်တစ်ခတ်အတွင်း အစောင့်များ တန်းစီထားသည့် ခံစစ်တန်းဆီသို့ ကျရောက်သွားတော့သည်။
"အာ... ငါ့မှာ ရှိုးပြခွင့်တောင် မရလိုက်ပါလား"
ဖုန်းပုကြွယ်က ညည်းတွားရင်း ဘုရားကျောင်းအတွင်းသို့ ဦးဆောင် ဝင်ရောက်သွားသည်။
ဘုရားကျောင်း၏ အတွင်းပိုင်းသည် သာမန်နှစ်ထပ်အိမ်ကြီး တစ်လုံးနှင့် မခြားနားပေ။ ကော်ဘင်မိသားစုမှ အမျိုးသား အနည်းငယ်အပြင်၊ 'နှစ်ခြင်းခံရန်' ရောက်ရှိနေသော အမျိုးသမီးများအတွက်လည်း နေထိုင်စရာနေရာများ ပေးထားရသည်။ ထို့ပြင် ဘုရားကျောင်းထဲတွင် နေထိုင်ကြသော အစေခံများစွာလည်း ရှိသေးသည်။ ထိုအစေခံများသည် အများအားဖြင့် အဘွားအိုများ ဖြစ်ကြသည်။ သူတို့သည် ငယ်စဉ်ကတည်းက ကော်ဘင်မိသားစုဆီသို့ ရောက်ရှိလာကြသူများ ဖြစ်သော်လည်း ကလေးမရရှိခဲ့ကြပေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကော်ဘင်မိသားစုက သူတို့၏ ခန္ဓာကိုယ်အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ရာ သူတို့မှာ ဘုရားသခင်သားတော် မိသားစုကို 'လုပ်ကျွေးပြုစု' ရသည့် ဤနည်းလမ်းကိုသာ အသုံးပြုနိုင်တော့သည်။
အာကာသယာဉ်အတွင်းရှိ နေရာသည် ကြီးမားပြီး ရှုပ်ထွေးလှသည်။ အကယ်၍ ကော်ဘင် ပုန်းအောင်းနေမည်ဆိုပါက သူ့ကို ရှာတွေ့ရန် မလွယ်ကူပေ။ ကံကောင်းထောက်မစွာဖြင့် ဟန့်ခ်သည် ထို 'ဘုရားသခင်၏ သားတော်' ကို မည်သည့်နေရာတွင် ရှာရမည်ကို သိနေလေသည်။ ဤအခြေအနေမျိုးတွင် ယော့ခ်ကော်ဘင်သည် ကောင်းကင်အမိန့်တော်ဆောင်ဆီသို့ သေချာပေါက် ထွက်ပြေးသွားပေလိမ့်မည်။ ထိုနေရာသည် အပြင်လူများ ဝင်ရောက်ခြင်းကို တားမြစ်ထားသော နေရာဖြစ်သည်။
ကောင်းကင်ကောင်းချီးကျေးရွာသည် ကျပန်း အချိန်အပိုင်းအခြားများတွင် ကြီးကျယ်သော စုဝေးပွဲများကို ကျင်းပလေ့ရှိပြီး တိကျသော အချိန်မှာ အခြေအနေအပေါ် မူတည်သည်။ စုဝေးပွဲများအတွင်း ကော်ဘင်မိသားစုသည် 'ဘာသာရေး အခမ်းအနားများ' (ဖျားနာသူများကို ကုသပေးခြင်း သို့မဟုတ် နေကြတ်ခြင်းကို ကြိုတင်ဟောကိန်းထုတ်ခြင်းကဲ့သို့သော) ကို အသုံးပြု၍ ရွာသားများရှေ့တွင် 'တန်ခိုးများ' ကို ပြသပြီး နောက်ဆုံးပေါ် 'နတ်ဘုရား၏ အလိုတော်' ကို လက်ဆင့်ကမ်းကြသည်။ ၎င်းမှာ သူတို့၏ အုပ်ချုပ်မှုကို ခိုင်မာစေရန် ပြုလုပ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခု ကြာတိုင်းတွင် ကော်ဘင်မိသားစုသည် ဘုရားသခင်သားတော် မိသားစုကို ဘယ်သူမှ စိန်ခေါ်ခြင်း သို့မဟုတ် သံသယဝင်ခြင်း မပြုရန် ကျွန်များကို သတိပေးလေ့ရှိသည်။
ထိုကဲ့သို့သော အခမ်းအနားများတွင် ပရိသတ်ရှိရန်မှာ သဘာဝကျသော်လည်း ဘုရားကျောင်းရှေ့ရှိ ကွင်းပြင်သည် တစ်ရွာလုံးကို မဆံ့နိုင်သဖြင့် 'ရွေးချယ်ခံရသော' ရွာသားများကိုသာ တိုက်ရိုက် ကြည့်ရှုခွင့် ပေးသည်။ ရွေးချယ်မှုပုံစံက အမှန်တကယ်တွင် အလွန်ရိုးရှင်းပါသည်။ အခမ်းအနားကို ကြည့်ရှုရန် ကံကောင်းသူ အများစုသည် ပထမနှင့် ဒုတိယနယ်မြေများမှ ကျပန်း ရွေးချယ်ခံရသူများ ဖြစ်သည်။ ထိုလူများကို ဘုရားသခင်သားတော်၏ စွမ်းအားကို မြင်တွေ့စေခြင်းအားဖြင့်… သူတို့ပြန်သွားသောအခါ ပိုမို ချဲ့ကားပြောဆိုခြင်းဖြင့် ကောင်းမွန်သော ဝါဒဖြန့်မှု ရလဒ်ကို ရရှိစေရန် ဖြစ်သည်။
ဟန့်ခ်သည် ထိုနေရာသို့ တစ်ကြိမ် ရောက်ခဲ့ဖူးသည်။ သူသည် ဘုရားကျောင်းအတွင်းသို့ တစ်ခါမှ မဝင်ဖူးသော်လည်း ကောင်းကင်အမိန့်တော်ဆောင်၏ တည်နေရာကိုတော့ အကြမ်းဖျင်း သိထားသည်။ ထိုအခန်းကို ဘုရားကျောင်း အပြင်ဘက်မှလည်း လှမ်းမြင်နိုင်ပေသည်။ ထိုနေရာသည် အာကာသယာဉ်၏ ကွပ်ကဲရေးမျှော်စင်နှင့် တစ်ခန်းတည်းသာ ဝေး၏။ အခမ်းအနား ကျင်းပသည့် အကြိမ်တိုင်းတွင် ဘုရားသခင်၏ သားတော်သည် ကောင်းကင်အမိန့်တော်ဆောင်ထဲမှ ထွက်လာပြီး စင်မြင့်ပေါ်တွင်ရပ်ကာ တန်ခိုးအမျိုးမျိုးကို ပြသပြီး အမိန့်အမျိုးမျိုးကို ထုတ်ပြန်လေ့ရှိသည်။
သုံးယောက်သား အပေါ်သို့ တက်မည့်လမ်းကို ရှာတွေ့ခဲ့ကြသည်။ ဘုရားကျောင်းအတွင်းတွင် အစောင့်များ မရှိသဖြင့် မည်သည့် အနှောင့်အယှက်မျှ မရှိပေ။ အကယ်၍ ရှိခဲ့လျှင်ပင် သူတို့ကို တားဆီးနိုင်မည် မဟုတ်ချေ။ မကြာမီ ကောင်းကင်အမိန့်တော်ဆောင်သို့ သွားရာ တံခါးမှာ သူတို့ရှေ့တွင် ပေါ်လာတော့သည်။ တံခါးရှေ့ရှိ ကော်ရစ်ဒါတွင် လူတစ်ဦး ရပ်နေခဲ့သည်။
"ဒါက ယော့ခ်ကော်ဘင်ရဲ့ ညီ၊ ဟာဗေးကော်ဘင်ပဲ"
ဟန့်ခ်က ဆိုသည်။
ဟာဗေးသည် ဟန့်ခ်ထက် ခေါင်းတစ်ဝက်ခန့် ပိုပုလေသည်။ သူသည် ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ရှိပြီး မျက်နှာတွင်လည်း အဆီများဖြင့် ပြောင်လက်နေလေသည်။ သူသည် ထိုလူသုံးယောက်ကို မြင်သောအခါ အနည်းငယ်မျှ မကြောက်ရွံ့သွားပေ။ သူက ပါးစပ်ဟလိုက်ပြီး ပြောသည်။
"လယ်သမား... မင်း ဘာလုပ်နေလဲဆိုတာ မင်းသိရဲ့လား"
သူက ဟန့်ခ်ကို စိုက်ကြည့်ရင်း လှောင်ပြောင်လိုက်သည်။
"မင်း ကျူးလွန်ထားတဲ့ အပြစ်က ဘယ်လောက် ကြီးလေးသလဲဆိုတာ သိရဲ့လား"
ဟန့်ခ်က သူ့ကို လျစ်လျူရှု၍ သေနတ်ကို မြှောက်ကာ သူပြင်ဆင်ထားသည့် ကျည်များကို ပစ်ခတ်လိုက်သည်။ ဘတ်စကတ်ဘောလုံး အရွယ်အစားရှိသော သတ္တုတုံးသည် ဟာဗေးဆီသို့ ပျံသန်းသွားသော်လည်း သူက မရှောင်တိမ်းပေ။ ၎င်းအစား သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ ကျည်ဆန်ကို လက်ဝါးဖြင့် ဖမ်းဆွဲလိုက်လေသည်။
ဘုန်းခနဲ မြည်သံနှင့်အတူ သတ္တုတုံးကြီးသည် သံမဏိတံတိုင်းတစ်ခုကို ရိုက်မိလိုက်သကဲ့သို့ ဟာဗေး၏ လက်ဝါးပေါ်တွင် နောက်ပြန်ကန်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဟမ့်... မင်းက နတ်ဘုရားအစွမ်းကို စိန်ခေါ်ချင်တာလား"
ဟာဗေးက လှောင်ပြောင်လိုက်သည်။
"မင်းက ဘာလို့ ဒီနေရာမှာ ရဲတင်းနေတာလဲလို့ ငါစဉ်းစားနေတာ၊ မင်းရဲ့ ခန္ဓာကိုယ်ကို စက်ပစ္စည်းတွေနဲ့ ပြုပြင်ထားတာပဲ မဟုတ်လား"
ဖုန်းပုကြွယ်ကလည်း လှောင်ပြောင်လိုက်သည်။
သူက ဟာဗေး၏ 'နတ်ဘုရားအစွမ်း' ကို ပေါ့ပေါ့ပါးပါး ဖော်ထုတ်လိုက်ရာ ဟာဗေး၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။
"အင်း... မင်းက စက်မှုအင်ဂျင်နီယာ ပညာရပ်ကို သိနေရုံနဲ့တင် ဒီခေတ်ရဲ့ ဇီဝနည်းပညာ အထောက်အပံ့ မပါဘဲနဲ့တော့ ဒီလို ပြုပြင်မှုမျိုးကို မလုပ်နိုင်ပါဘူး"
ဖုန်းပုကြွယ်က သက်ပြင်းချလိုက်သည်။
"ဒါက ဘာကို ဆိုလိုသလဲဆိုတော့ မင်းမှာ ဒီအာကာသယာဉ်ပေါ်မှာ မှတ်တမ်းတင်ထားတဲ့ နည်းပညာတွေရှိရုံတင်မကဘဲ ပြင်ပလောကရဲ့ နည်းပညာတွေကိုလည်း ရယူနိုင်နေတာပဲ၊ ကြည့်ရတာတော့... မင်းရဲ့ ဒီခန္ဓာကိုယ်ကို ပြုပြင်ပေးခဲ့တဲ့ ဘုန်းတော်ကြီးတွေအားလုံး အသတ်ခံလိုက်ရပြီ ထင်တယ် ဟုတ်တယ်မလား"
"အဲ့ဒီလိုလူမျိုးတွေကို ငါတို့ လိုချင်သလောက် ရနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ အချက်အလက်တွေက ငါတို့လက်ထဲမှာ ရှိနေတာလေ၊ ဘယ်သူက သင်ယူခွင့်ရှိရမယ်၊ ဘယ်လောက်အထိ သင်ယူရမယ်ဆိုတာကို ငါတို့ကပဲ ဆုံးဖြတ်တာ"
ဟာဗေးက နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောသည်။
"အပြင်လူတွေ... မင်းတို့က ဒီအောက်တန်းစား ရွာသားတွေ မသိတဲ့ အရာအချို့ကို သိနေရုံနဲ့ အရမ်းဂုဏ်မောက်မနေနဲ့၊ မင်းတို့ ဒီနေရာကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး၊ ဒီရွာက ဘယ်သူကမှ မင်းတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ယုံမှာ မဟုတ်ဘူး"
"ဟူး..."
ဖုန်းပုကြွယ်က သက်ပြင်းချလိုက်သည်။
"မင်းရဲ့ တုံးအမှုက ငါ့ကို ငိုချင်စိတ်တောင် ပေါက်စေတယ်..."
"ရွှပ်"
အလင်းတစ်ချက် လက်သွားပြီးနောက် သူ့လက်ထဲတွင် စတီးဓားတစ်လက် ပေါ်လာလေသည်။
ဖုန်းပုကြွယ်သည် ညာဘက်လက်တွင် ဓားကိုကိုင်ပြီး ဘယ်ဘက်လက်တွင် သေနတ်ကို ကိုင်ထားခြင်းဖြစ်သည်။ သူ ရှေ့သို့ တိုးလိုက်စဉ်အတွင်း အဆက်မပြတ် ပစ်ခတ်လိုက်သည်။ သို့သော် သူသေနတ် မြှောက်လိုက်သည်နှင့် ဟာဗေးက သူ့ဦးခေါင်းကို ကာကွယ်ရန် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ဖြစ်သည်။ သူသည် ဒူးကိုကွေး၍ ဟိန်းဟောက်ရင်း ရှေ့သို့ တိုးဝင်တိုက်ခိုက်လာသည်။ ကျည်ဆန်များမှာ တံတိုင်းတစ်ခုကို ထိမှန်သကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်သို့ ထိမှန်သွားကြသည်။
သူတို့နှစ်ဦး၏ အနီးကပ်တိုက်ခိုက်မှုကို ကြောက်စရာကောင်းသည်ဟုသာ ဖော်ပြရပေလိမ့်မည်။ ဟာဗေးသည် မည်သို့ တိုက်ခိုက်ရမည်ကို လုံးဝမသိချေ။ သူ၏ တိုက်ခိုက်ရေး အရည်အချင်းမှာ ဖုန်းပုကြွယ်ထက် များစွာ ဆိုးရွားလှသည်။ အလွယ်ပြောရလျှင် သူသည် တစ်ခါမှ ဝက်သားမစားဖူးရုံတင်မက ဝက်ပြေးတာကိုတောင် မမြင်ဖူးသည့် အမျိုးအစားမျိုး ဖြစ်သည်။သူသည် တိုက်ခိုက်သည့်အချိန်တွင် ရေကူးကန်ထဲတွင် ရေကူးသကဲ့သို့ သူ့လက်မောင်းများကို ရမ်းခါနေရုံသာဖြစ်သည်။
ဖုန်းပုကြွယ်သည် နောက်သို့ ခြေလှမ်းနှစ်လှမ်းသာ ဆုတ်လိုက်ပြီး တိုက်ခိုက်မှုများကို ကာကွယ်ရန် ဓားကို ပင့်မြှောက်လိုက်သည်။ ဟာဗေး၏ လက်နှစ်ဖက်လုံး ပြတ်ထွက်သွားတော့သည်။ ဖုန်းပုကြွယ်မှာ အားအများကြီး မသုံးလိုက်ရပေ။ အားအများစုမှာ ဟာဗေး၏ ကိုယ်ပိုင်အရှိန်ကြောင့်သာ ဖြစ်သည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဟာဗေးသည် ပြတ်တောက်သွားသော သူ့လက်နှစ်ဖက်ကို ခြောက်ခြားစွာ ကြည့်လိုက်မိသည်။ သူသည် နာကျင်မှုကို များစွာမခံစားရသော်လည်း သူ၏ သံမဏိလက်များ ခုတ်ဖြတ်ခံလိုက်ရသည်ကိုတော့ အလွန်ထိတ်လန့်နေမိသည်။
"ငါတော့ ဒါကို ဆက်မကြည့်နိုင်တော့ဘူးကွာ"
ပြေးဝင်လာသောဓားသွားက ခေါင်းခါလိုက်သည်။
"မင်းရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရတာ ငယ်ငယ်ကတည်းက တစ်ခါမှ ရန်မဖြစ်ဖူးတဲ့ပုံပဲ"
ဖုန်းပုကြွယ် တစ်ခုခုကို စဉ်းစားမိသွားပုံရသည်။ သူသည် ကောင်းကင်ကို မော့ကြည့်၍ ရယ်မောလိုက်၏။
"ဟား... 'ငါ့အဖေတောင် ငါ့ကို တစ်ခါမှ မရိုက်ဖူးဘူး' ဆိုတဲ့ အယူအဆမျိုးက ဒီမှာ ရှိနေတာလား"
ပြေးဝင်လာသောဓားသွားကလည်း ရယ်မောလိုက်သည်။
"နာမည်ကျော် စကားလုံးတွေကို မင်းလိုလူမျိုးတွေက မဆိုင်တဲ့အချိန်မှာ သုံးပြီး ဖျက်ဆီးပစ်တာပဲ"
ဖုန်းပုကြွယ်က သူ့သေနတ်ကို သိမ်းလိုက်ပြီး စတီးဓားဖြင့် ဟာဗေးအနားသို့ ချဉ်းကပ်သွား၏။
"ကောင်းပြီ... မင်းရဲ့ နတ်ဘုရားစွမ်းအားက ဘယ်လို အလုပ်လုပ်လဲဆိုတာ ကြည့်ကြည့်ရအောင်"
ဟာဗေးသည် လက်များဆုံးရှုံးလိုက်ရသည့်အပြင် အလွန်လည်း ဝနေသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားရသည်။
"မင်း... မင်း ဘာလုပ်မလို့လဲ"
ဖုန်းပုကြွယ်က သူ့ကို လျစ်လျူရှု၍ ဆိုသည်။
"စောစောက ငါ သေနတ်ကို မြှောက်လိုက်တဲ့အခါ မင်းက မင်းကိုယ်မင်း ကာကွယ်ဖို့ လက်ကို မြှောက်လိုက်တယ်၊ ဒါက မင်း သေနတ်က ဘာလဲဆိုတာကို သိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ မင်း ခေါင်းကို ကာကွယ်လိုက်တာက မင်းခန္ဓာကိုယ်ရဲ့ အဲ့ဒီအပိုင်းက စက်ပစ္စည်း မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့..."
ထို့နောက် သူသည် ဓားကို ထိုလူ၏ ပေါင်အတွင်းသို့ ထိုးစိုက်လိုက်သည်။ 'စက်ရုပ်များ သေရမည်' ဟူသည့် အာနိသင်မှာ စက်ပစ္စည်းများဖြင့် ပြုပြင်ထားသော ထိုသတ္တဝါများအပေါ်တွင်လည်း ထိရောက်မှု ရှိပေသည်။ အပိုဆောင်းစွမ်းအားများကြောင့် ထိုလူ၏ အကာအကွယ်ကို ထိုးဖောက်ရန်မှာ မခက်ခဲလှပေ။
"မင်းရဲ့ ခြေလက်တွေကိုတော့ လုံးဝ ပြုပြင်ထားပုံရတယ်၊ ဘာနာကျင်မှုကိုမှ မခံစားရလောက်ဘူး၊ ဟုတ်တယ်မလား"
ဖုန်းပုကြွယ်က ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး ထိုလူ၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်သည်။
ဟာဗေးသည် လေးအေးတစ်ချက်ကို ရှူသွင်းလိုက်ရသည်။ ဓားက သူ့ရင်ဘတ်ထဲသို့ ဝင်သွားသော်လည်း သူ မသေဆုံးသေးပေ။ သို့သော် သူ့အသက်ရှူနှုန်း ထိခိုက်သွားပြီး စကားပြောနိုင်စွမ်း မဲ့သွားရသည်။
"ငါ မျှော်လင့်ထားသလိုပါပဲ၊ နှလုံးနဲ့ အဆုတ်ကိုလည်း ပြုပြင်ထားတာပဲ"
ဖုန်းပုကြွယ်က ဆိုသည်။
"မင်းက ကော်ဘင်မိသားစုဝင် တစ်ယောက်ပဲလေ၊ ရွာထဲက လေစစ်ထုတ်တဲ့ စနစ်မှာ ပြဿနာရှိလို့ ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်လာခဲ့ရင်တောင် မင်းကတော့ စိုးရိမ်စရာ မလိုဘူးပေါ့၊ ဘာလို့လဲဆိုတော့ မင်းက ကာကွယ်ရေးဝတ်စုံ မပါဘဲနဲ့လည်း လေထုထဲမှာ ရှင်သန်နိုင်လို့ပဲ"
ထို့နောက် သူသည် ဟာဗေး၏ လုံးဝန်းနေသော ဗိုက်ကြီးပေါ်သို့ တက်နင်းလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ထိုလူမှာ သိသိသာသာ နာကျင်နေပုံရသည်။
"ဟမ့်... မင်းရဲ့ အစာခြေစနစ်ကိုတော့ မပြုပြင်ရသေးဘူးပေါ့၊ ဟုတ်တယ်မလား၊ မထူးဆန်းပါဘူး၊ တကယ်လို့ ပြုပြင်ထားမယ်ဆိုရင် မင်းမှာ ဗိုက်သားခြောက်တုံး (six-pack) ရှိနေမှာပေါ့"
ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။
"မျိုးပွားစနစ်ကိုလည်း မပြုပြင်ရသေးဘူးလို့ ငါ ယုံကြည်တယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒါက သာယာမှုနဲ့ ဆက်စပ်နေလို့ မင်းက စွန့်လွှတ်ဖို့ ဝန်လေးနေတာ ဖြစ်မယ်..."
ဓားဦးကို ထိုလူ၏ ဝမ်းဗိုက်ဆီသို့ ရွှေ့လိုက်သည်။
ဟာဗေးသည် အသံကျယ်ကျယ် မထွက်နိုင်သော်လည်း အော်ဟစ်ရန် အစွမ်းကုန် ကြိုးစားနေလေသည်။ သူသည် ဖုန်းပုကြွယ်ကို သူ့အား မသတ်ရန် တောင်းပန်နေသကဲ့သို့ ခေါင်းကို ရူးသွပ်စွာ ခါရမ်းနေခဲ့သည်။
"စိတ်မပူပါနဲ့၊ ငါ နောက်နေတာပါ"
ဖုန်းပုကြွယ်က ပြောရင်း ဓားကို ပြန်သိမ်းလိုက်သည်။
"အတွင်းထဲမှာ စက်ပစ္စည်းမရှိမှတော့ မင်းကို ဓားနဲ့ ထိုးလည်း ငါ့အတွက် စကေးအမှတ် ရမှာမဟုတ်ဘူး၊ ပြီးတော့ ငါ့ကိုယ်မှာ မင်းရဲ့ အဆီတွေ၊ အညစ်အကြေးတွေ ပေကျံကုန်မှာပေါ့၊ ဘယ်လောက် ရွံစရာကောင်းလိုက်လဲ"
ဟာဗေးမှာ ထိုလူ ဘာတွေပြောနေသည်ကို မသိသော်လည်း ထိုလူက သူ့ကို အသက်ချမ်းသာပေးတော့မည်ဟု ခံစားလိုက်ရသည်။
ကံမကောင်းစွာဖြင့် နောက်တစ်စက္ကန့်တွင် ဖုန်းပုကြွယ်သည် သူ့ကျောပိုးအိတ်ထဲမှ ဂွတစ်ခုကို ထုတ်ယူလိုက်ပြီး သတ်ဖြတ်လိုသော အကြည့်များဖြင့် ဟာဗေး၏ ဦးခေါင်းကို စိုက်ကြည့်လိုက်တော့သည်။