← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉)

"သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်။"

[ဒေါင်းလုဒ် ပြီးဆုံးပါပြီ။ သင်သည် လက်ရှိတွင် အဖွဲ့လိုက် ရှင်သန်ခြင်းမုဒ် (သာမန်) ထဲသို့ ရောက်ရှိနေပါသည်။]

"ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပေးထားပြီး လျှို့ဝှက် ဘေးထွက်မစ်ရှင်များနှင့် အထူး ကမ္ဘာတည်ဆောက်ပုံများကို ဖော်ထုတ်နိုင်သည့် အခွင့်အရေး ရှိပါသည်။

"ဇာတ်လမ်း အောင်မြင်မှုအတွက် ဆုလာဘ် - သင်ယူနိုင်သော စကေးကတ်တစ်ကတ် ကျပန်းနှိုက်ခွင့်။

"ဇာတ်လမ်း မိတ်ဆက်ကို မကြာမီ ပြသပါတော့မည်။ ထို့နောက်တွင် ဂိမ်းကို ချက်ချင်း စတင်ပါမည်။"

ဖုန်းပုကြွယ်သည် ပထမလူအမြင်ထဲသို့ ဝင်ရောက်ကာ မိတ်ဆက်ဗွီဒီယိုကို ကြည့်လိုက်သည်။ သူ့မျက်စိရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ မြစ်တစ်စင်းနှင့် တောင်တစ်လုံး ဘေးတွင် ရှိနေသည့် သာမန် ရွာလေးတစ်ရွာ ဖြစ်သည်။ ရွာအပြင်ဘက်တွင် လယ်ကွင်းများနှင့် သစ်တောများ ရှိနေပြီး မြို့ထဲတွင်တော့ ခေတ်မီအဆောက်အအုံများဖြင့် ပြည့်စုံစွာ ရှိနေသည်။ ကျောင်းများ၊ ဆိုင်များ၊ နေအိမ်များ၊ ရုံးခန်းများ စသည်ဖြင့် ရှိကြသည်။ ဤမြို့လေးမှာ ဖုန်းပုကြွယ်ကို ဟီရာတာ၏ ဇာတိမြို့ကို သတိရစေပြီး သူ့စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခု ခံစားလိုက်ရသည်။

"ဆာကူရာမြို့၊ စည်ကားရှုပ်ထွေးလှတဲ့ မြို့ပြနဲ့ ဝေးကွာတဲ့ နေရာတစ်ခုပေါ့။

"ဒီလို တိတ်ဆိတ်တဲ့ မြို့လေးမှာ သရဲပုံပြင်တစ်ပုဒ် ရှိတယ်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက်က… နိုဝင်ဘာလရဲ့ ပထမဆုံး ရက်အနည်းငယ်အတွင်းမှာ မြို့ရဲစခန်းဆီကို လူပျောက်တိုင်ကြားစာတွေ အများကြီး ရောက်လာခဲ့တယ်။ မြို့ထဲက လူငယ် အတော်များများ ပျောက်ဆုံးသွားခဲ့ပြီး အဲ့ဒီလူတွေကို နောက်ဆုံး တွေ့ရှိခဲ့တာကတော့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဖြစ်တယ်။

"ပျောက်ဆုံးသွားတဲ့လူတွေကို အသက်ရှင်လျက် ပြန်မတွေ့ခဲ့ရသလို သူတို့ရဲ့ အလောင်းတွေကိုလည်း ရှာမတွေ့ခဲ့ပါဘူး။ အစပိုင်းမှာတော့ လူတိုင်းက ဒီလူငယ်တွေ ခိုးရာလိုက်ပြေးသွားကြတာ ဒါမှမဟုတ် အိမ်ကနေ ဆင်းသွားကြတာလို့ ထင်ခဲ့ကြတာပေါ့။ ဒါပေမဲ့ နှစ်တွေသာ ကုန်သွားတယ်၊ ဘာသတင်းမှ မကြားရတော့ဘူး။ အဲ့ဒီအချိန်ကစပြီး နှစ်စဉ်နှစ်တိုင်း အဲ့ဒီနေ့မှာပဲ အလားတူ ဖြစ်ရပ်မျိုးတွေ ထပ်ခါထပ်ခါ ဖြစ်ပွားခဲ့တယ်။

"လက္ခဏာအမျိုးမျိုးအရ ပျောက်ဆုံးသွားတဲ့လူတွေဟာ မြို့ထဲကနေ ထွက်မသွားကြတာ သေချာနေပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က ဒီအမှုနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တော့တာပဲ။

"ရဲတွေက မြို့ခံအတော်များများကို မေးမြန်းခဲ့ပြီး သူတို့ရဲ့ ထွက်ဆိုချက်တွေက တောင်ပုံရာပုံ ရှိနေခဲ့ပေမဲ့ စုံစမ်းစစ်ဆေးမှုကတော့ တိုးတက်မှု မရှိခဲ့ပါဘူး။ တစ်ခုတည်းသော သဲလွန်စလို့ ပြောလို့ရတာကတော့ သက်ကြီးရွယ်အို အချို့ဆီကကြားရတဲ့ အယူသည်း စကားတွေပါပဲ။

"ဒီစုံစမ်းစစ်ဆေးမှုကြောင့် 'နာကျည်းမှုရေတွင်းရဲ့ ကျိန်စာ' ဆိုတဲ့ ဒဏ္ဍာရီက စတင် ပျံ့နှံ့လာခဲ့တယ်။

"ဒဏ္ဍာရီအရ... တောင်ပေါ်က စွန့်ပစ်နတ်ကွန်းတစ်ခုထဲမှာ ကျိန်စာသင့်နေတဲ့ ရေတွင်းတစ်တွင်း ရှိသတဲ့။ အောက်တိုဘာလရဲ့ နောက်ဆုံးညရောက်တိုင်း အဲ့ဒီရေတွင်းထဲကနေ သေမင်းနိုင်ငံရဲ့ သီချင်းသံတွေ ထွက်ပေါ်လာတတ်တယ်။ အဲ့ဒီညမှာ သီချင်းသံကို ကြားရတဲ့လူတွေဟာ နတ်ကွန်းဆီကို လာကြပြီး ရေတွင်းထဲကို ခုန်ချကြတာပဲ။

['သူတို့တွေ ဘယ်တော့မှ ပြန်မလာတော့ဘူး၊ ဘာလို့လဲဆိုတော့ သူတို့က "အခြားကမ္ဘာ" ကို ရောက်သွားကြပြီလေ' လို့ အဖိုးအိုတွေက အသေအချာ ပြောကြတယ်။]

[စုံစမ်းစစ်ဆေးမှုက ရှေ့မတိုးနိုင်တော့တဲ့ အခြေအနေမှာ ရဲတွေက စမ်းသပ်တဲ့ အနေနဲ့ တောင်ပေါ်ကို တက်သွားပြီး စွန့်ပစ်ထားတဲ့ နတ်ကွန်းကို ရှာဖွေခဲ့ကြတယ်။ သူတို့က မမျှော်လင့်ဘဲ ပျောက်ဆုံးသွားတဲ့လူတွေရဲ့ ပစ္စည်းအချို့ကို ရှာတွေ့ခဲ့ကြတာပေါ့။]

["အဲ့ဒီနှစ်ရဲ့ အောက်တိုဘာ ၃၁ ရက် ညမှာပဲ ရဲအရာရှိ အဖွဲ့တစ်ဖွဲ့ဟာ "နတ်ဖွက်ခြင်း" ဖြစ်ရပ်ရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့ ရေတွင်းကို စောင့်ကြပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့လည်း ပြန်မလာနိုင်ခဲ့ကြဘူး...]

[စုံစမ်းစစ်ဆေးမှုကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ရတော့တယ်။ ဒေသခံအစိုးရက ရွာသားတွေကို ညဘက်မှာ တောင်ပေါ် မတက်ဖို့ တားမြစ်လိုက်ပြီး နတ်ကွန်းထဲက ရေတွင်းကိုလည်း ဘိလပ်မြေနဲ့ ပိတ်ပစ်လိုက်တယ်။]

[ဒါပေမဲ့ နှစ်စဉ် အောက်တိုဘာလကုန်တိုင်းမှာ လူပျောက်မှုတွေကတော့ ဆက်ပြီး ဖြစ်ပွားနေတုန်းပါပဲ...]

အသံနဲ့အတူ ကင်မရာက တဖြည်းဖြည်း ချဲ့ကြည့်လာရာ တောင်ဘက်ကို မျက်နှာမူထားသည့် လမ်းကလေးတစ်ခုကို သစ်တောထဲအထိ မြင်တွေ့လိုက်ရသည်။

[အချိန်တွေ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ။ ဆာကူရာမြို့ရဲ့ မြို့ပြဧရိယာတွေ ကျယ်ပြန့်လာသလို လူဦးရေကလည်း သုံးဆမက တိုးပွားလာခဲ့တယ်။ ဒီလို လူပျောက်မှုတွေကို တဖြည်းဖြည်း လျစ်လျူရှုလာကြပြီး ဒဏ္ဍာရီတွေကိုလည်း မေ့ပျောက်ကုန်ကြပြီ။]

[ဆောင်းဦးည တစ်ညမှာတော့ မြို့လေးထဲက လူငယ်ခြောက်ယောက်ဟာ ဒီနေရာကို ရောက်လာခဲ့ကြတယ်။ သူတို့က တောင်ပေါ်က နတ်ကွန်းမှာ သတ္တိစမ်းဖို့ ရည်ရွယ်ထားကြတာပေါ့။ အဲ့ဒီညဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ အောက်တိုဘာ ၃၁ ရက်နေ့ ဖြစ်နေခဲ့တယ်။]

"ဒါ သတ္တိစမ်းတာလား"

ဖုန်းပုကြွယ်သည် ဇာတ်လမ်းမိတ်ဆက်ကို နားထောင်နေရင်း ညည်းတွားလိုက်သည်။

"ဒါက သေလမ်းရှာနေတာ အသိသာကြီးပဲ"

သူသည် မိတ်ဆက်ကို ထိုနေရာတင် ပြီးဆုံးပြီဟု ထင်ခဲ့သော်လည်း သူ အံ့သြသွားရသည်မှာ 'ကျောင်းက တွေးမရသော ထူးဆန်းဖြစ်ရပ်ခုနစ်ခု' ဇာတ်လမ်းကဲ့သို့ မိတ်ဆက်မျိုး ထပ်မံ ပေါ်လာခြင်းပင် ဖြစ်သည်။

"ဇာတ်လမ်း စတင်ချိန်ကစပြီး စနစ်က အဖွဲ့ထဲက ကစားသမား တစ်ယောက်ကို 'ဇာတ်လိုက်အရှိန်အဝါ' ရရှိဖို့ ကျပန်း ရွေးချယ်ပါမည်။

"ဇာတ်လိုက်အရှိန်အဝါ ရှိသော ကစားသမားများသည် ကြောက်ရွံ့မှုအမှတ် အလွန်မြင့်မားသွားသဖြင့် အဆက်အသွယ် ပြတ်တောက်သွားခြင်း၊ မိမိအလိုအလျောက် အဆက်အသွယ် ဖြတ်ခြင်း သို့မဟုတ် ဇာတ်လမ်းမှ ထွက်ခွာခြင်းတို့ မရှိပါက သေဆုံးသည်ဟု သတ်မှတ်ခံရမည် မဟုတ်ပါ။ မကောင်းဆိုးဝါး တိုက်ခိုက်ခံရခြင်း၊ မြင့်သောနေရာမှ ပြုတ်ကျခြင်းနှင့် အသက်အမှတ် သုညဖြစ်သွားခြင်း စသည့် အခြားသေဆုံးနိုင်သည့် နည်းလမ်းများကိုတော့ မဖြစ်ပွားမီမှာပင် 'ကံတရား'က တားဆီးပေးပါမည်။ ဒီလိုတားဆီးနိုင်မယ့် ဖြစ်နိုင်ခြေက သုညနဲ့ နီးကပ်နေပြီး ကျိုးကြောင်းဆီလျော်မှု မရှိရင်တောင် ဖြစ်ပေါ်လာနိုင်ပါသေးတယ်။

"ဇာတ်လိုက်အရှိန်အဝါကို အထူးအလှည့်အပြောင်းများပေါ် မူတည်ပြီး လွှဲပြောင်းပေးပါမည်။ ကစားသမားများအနေဖြင့် စူးစမ်းလေ့လာပြီး ထိုစည်းကမ်းများကို အသုံးချကာ အရှိန်အဝါကို လွှဲပြောင်းယူနိုင်ပါသည်။

"အဖွဲ့ထဲတွင် ကစားသမားအရေအတွက် နှစ်ဦးထက် နည်းသွားပါက ဇာတ်လိုက်အရှိန်အဝါ ပျောက်ကွယ်သွားပါမည်။

"လက်ရှိတွင် ဇာတ်လိုက်အရှိန်အဝါ ရရှိထားသော ကစားသမားမှာ မရှုံးနိမ့်သော ချန်ပီယံဖြစ်ပါသည်။"

ထိုမိတ်ဆက်အပြီးတွင် ဇာတ်လမ်း တရားဝင် စတင်တော့သည်။

ဖုန်းပုကြွယ်ဘေးတွင် လူငါးဦး ရပ်လျက်ရှိသည်။ သူက သူတို့ထဲမှ တစ်ယောက်ကို အရင်က တွေ့ဖူးသည်။ ထိုသူမှာ သူ တစ်ခါ လှည့်စားခဲ့ဖူးသော မရှုံးနိမ့်သောချန်ပီယံပင် ဖြစ်သည်။ မရှုံးနိမ့်သောချန်ပီယံသည် စည်းကမ်းထိန်းသိမ်းရေးအလုပ်ရုံ၏ ဂိမ်းစမ်းသပ်ကာလအတွင်း 'လက်သီး' တိုက်ခိုက်ရေး အထူးပြုချက်ကို သုတေသနပြုပြီး အချက်အလက် စုဆောင်းရသော ကစားသမားတစ်ဦး ဖြစ်သည်။ လက်ရှိတွင် သူ့အလုပ်က ပြောင်းလဲခြင်း မရှိသေးသော်လည်း အဆင့် ၂၃ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ဘွဲ့အမည်မှာ [မဆင်မခြင် တိုက်ခိုက်သူ] မှ [ရှင်းယီ လက်ဝှေ့သမား] သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကျန်လေးယောက်ထဲက နှစ်ယောက်လည်း စည်းကမ်းထိန်းသိမ်းရေးမှ ကစားသမားများ ဖြစ်ကြသည်။ တစ်ယောက်မှာ မုန့်ကျင်းချန်းဖြစ်ပြီး အဆင့် ၂၃ ပင် ဖြစ်ပြီး သူ၏ ဘွဲ့အမည်မှာ 'သွေးအေး လူသတ်သမား' ဖြစ်သည်။ သူ ပေါ်လာသည်နှင့် အင်္ကျီအိတ်ထဲမှ စီးကရက်တစ်ထုပ် ထုတ်ယူကာ တစ်လိပ်ကို ပါးစပ်မှာတေ့ပြီး မီးညှိလိုက်သည်။ သူသည် သူ၏ ကောက်ကွေးနေသော ဆံပင်များကို လက်ဖြင့် သပ်လိုက်ပြီး စီးကရက်ငွေ့များကို မှုတ်ထုတ်လိုက်သည်။

စည်းကမ်းထိန်းသိမ်းရေးမှ တတိယမြောက် အဖွဲ့ဝင်မှာ အမျိုးသမီး ကစားသမားတစ်ဦး ဖြစ်သည်။ သူမ၏ ရုပ်ရည်အကြောင်းသည် ပြောနေစရာ မလိုအောင်ပင် လှပသူတစ်ဦး ဖြစ်သည်။ နီစွေးသောနှုတ်ခမ်း၊ သွားဖြူဖြူများနှင့် လှပသော မျက်နှာလေးတစ်ခု ရှိသည်။ သူမတွင် ရှည်လျားသော အနက်ရောင်ဆံပင်ရှိပြီး စည်းကမ်းထိန်းသိမ်းရေး၏ စံသတ်မှတ်ချက် ဖြစ်သော အဖြူရောင်ဂျာကင်ကို ဝတ်ဆင်ထားသည်။ အတွင်းတွင်တော့ အစိမ်းရောင်ဝတ်စုံကို ဝတ်ထားပြီး သူမ၏ အမည်မှာ ယဲ့ကျီဖြစ်သည်။ ဖုန်းပုကြွယ်က ထိုအမည်က ဘာကို ဆိုလိုမှန်း မသိသော်လည်း ၎င်းမှာ သူမ၏ နာမည်ရင်းနှင့် အသံထွက်တူသည့် အမည်ဖြစ်မည်ဟု သူယုံကြည်နေသည်။ ယဲ့ကျီမှာ အဆင့် ၂၀ ဖြစ်ပြီး သူမ၏ ဘွဲ့အမည်ဖြစ်သော [ရှေးဦးကုသရေး] အရ သူမသည် ကုသသူဖြစ်ကြောင်း သေချာလှသည်။

အခြားကစားသမား နှစ်ဦးမှာ အမျိုးသားများ ဖြစ်ကြပြီး အဆင့် ၁၈ ပင် ဖြစ်သည်။ တစ်ယောက်မှာ ကော့ပါးနီးကပ်စ်ဟု ခေါ်ပြီး နောက်တစ်ယောက်ကို ဂယ်လီလီယို ဟုခေါ်သည်။ တစ်ယောက်က 'ရှာဖွေသူ' ဖြစ်ပြီး နောက်တစ်ယောက်က 'စုံစမ်းစစ်ဆေးသူ' ဖြစ်သည်။ သူတို့နှစ်ဦးသည် အဖွဲ့ဖွဲ့၍ တန်းစီခဲ့ကြခြင်း ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။ သို့သော် သူတို့နှစ်ဦးစလုံးတွင် မည်သည့် ဂိုဏ်းတံဆိပ်မှ မပါရှိကြပေ။ သူတို့၏ ရုပ်ရည်မှာလည်း ထူးခြားမှု မရှိပေ။ သူတို့သည် ဈေးပေါသော တီရှပ်အလွတ်များနှင့် ဘောင်းဘီများကိုသာ ဝတ်ဆင်ထားကြသည်။ အရောင်နှင့် ဒီဇိုင်းမှာ လူသစ်ဝတ်စုံနှင့် အနည်းငယ်သာ ကွာခြားသည်။

အခြားသူများ၏ အမြင်တွင်တော့ ထိုနှစ်ဦးသည် အပျော်တမ်း ကစားသမားများ ဖြစ်ကြပြီး သူတို့၏ ဘွဲ့အမည်များမှာ စုံစမ်းစစ်ဆေးရေးကျွမ်းကျင်မှုနှင့် ဆက်စပ်နေပေလိမ့်မည်။ သူတို့သည် မည်သည့် ဂိုဏ်းကိုမှ မဝင်ထားသဖြင့် သူတို့၏ ဂိမ်းကစားနိုင်စွမ်းမှာလည်း သေချာပေါက် သိပ်ကောင်းမည်မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ သူတို့က အခြားဂိုဏ်းများ လက်ခံနိုင်ရန် အလွန် အားနည်းနေခြင်း သို့မဟုတ် ဂိုဏ်းထောင်ရန်အတွက် အလွန်ဆင်းရဲနေခြင်း ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ ဝတ်စုံကို ကြည့်ခြင်းအားဖြင့် ဆင်းရဲကြောင်း သေချာသော်ငြား သူတို့ အားနည်းသလား၊ အားကောင်းသလား ဆိုသည်ကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

သို့သော်လည်း ဖုန်းပုကြွယ် မြင်သလောက်တော့ သူတို့၏ စွမ်းအားနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေနှစ်ခု ရှိနေပြီး ၎င်းတို့မှာ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက် ဖြစ်နေကြသည်။

ပထမတစ်ခုမှာ သူတို့က GM များ ဖြစ်နေမလားဟု သူ သံသယဝင်မိခြင်း ဖြစ်သည်။

မူမမှန်မှုနှင့်အတူ ဇာတ်လမ်းကို အောင်မြင်ခဲ့သော အတွေ့အကြုံကြောင့် ဖုန်းပုကြွယ် သိလိုက်ရသည့် အချက်တစ်ခုမှာ ထိုအရာသည် ခြောက်ယောက်ပါသော အဖွဲ့လိုက် ရှင်သန်ခြင်းမုဒ်တွင်သာ ပေါ်လာတတ်သည်ဟူသော အချက်ပင် ဖြစ်သည်။ ပန်ဖုန်းနှင့် ဟွာရှုံတို့၏ ပြောကြားချက်အရ ထိုသို့ ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသလို ကစားသမား တစ်ဦးတည်းက နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ရရန်မှာ ပို၍ပင် နည်းပါးလှသော်လည်း ဖုန်းပုကြွယ်အတွက်မူ သူ၏ ကံဆိုးမှုအပေါ်တွင် အတော်လေး ယုံကြည်ချက် ရှိနေသည်။

အကယ်၍ ဤဇာတ်လမ်းသည် အမှန်တကယ် မူမမှန်မှုတစ်ခု ရှိနေခြင်း ဖြစ်ပါက... ခြေဆုံးခေါင်းဆုံး ကြည့်လျှင် ဤနှစ်ဦးမှာ GM တစ်ယောက်၏ စံနှုန်းနှင့် အပြည့်အဝ ကိုက်ညီနေလေသည်။ ပျမ်းမျှအဆင့်၊ သာမန်အမည်၊ ရိုးရှင်းသော ဝတ်စုံ၊ နှစ်ယောက်တွဲ သွားလာခြင်း၊ ဂိုဏ်းတံဆိပ် မရှိခြင်းနှင့် သူတို့၏ ဘွဲ့အမည်မှာလည်း အခြားသူများကို လှည့်ဖြားရန် ကြိုးစားနေပုံရသည်။ ဖြစ်နိုင်သည်မှာ သူတို့က တမင်တကာ ထိုသို့ လုပ်ထားခြင်း ဖြစ်နိုင်သည်...။

သူတို့သည် သိပ်သန်မာပုံမရသဖြင့် အခြားသူများ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ရန် ခဲယဉ်းလှသည်။ ထိုသို့သော ကစားသမားများကို ဇာတ်လမ်းပြီးသည့်နောက်တွင် အလွယ်တကူ မေ့ပျောက်သွားကြပေလိမ့်မည်။ အကယ်၍ တစ်ယောက်ယောက်က ယဉ်ကျေးပျူငှာစွာဖြင့် သူငယ်ချင်းအဖြစ် အပ်ခဲ့လျှင်ပင် အငြင်းခံရသည့်အခါတွင်လည်း အများကြီး ထည့်တွေးနေကြမည် မဟုတ်ပေ။

ဖုန်းပုကြွယ် စဉ်းစားမိသော ဒုတိယမြောက် အစွန်းရောက်အချက်မှာ သူအတွေးလွန်နေခြင်း ဖြစ်နိုင်ပြီး ဤနှစ်ဦးသည် GM များ မဟုတ်ကြခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင်တော့... ဤလူနှစ်ဦး၏ စွမ်းအားသည် အလွန်အားနည်းနေနိုင်ခြေ ရှိပေသည်။

အကြောင်းမှာ စည်းကမ်းထိန်းသိမ်းရေးမှ သုံးဦးသည် အားနည်းသူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ သူတို့က စူပါစတားကစားသမားများ ဟုတ်မဟုတ်ကိုတော့ ဖုန်းပုကြွယ် မသိပေ။ သို့သော် သူတို့၏ အဆင့်နှင့် ဘွဲ့အမည်ကို ကြည့်ခြင်းအားဖြင့် ထိုသုံးဦးတွင် အလုပ်ခွဲဝေမှု ရှင်းလင်းစွာ ရှိကြပြီး သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်ကိုလည်း လျှော့တွက်၍ မရပေ။ ထို့အပြင် သူတို့၏ ဂိုဏ်းမှာလည်း ထိပ်တန်းစာရင်းတွင် ပါဝင်နေသဖြင့် သူတို့ ရရှိထားသော အပိုစွမ်းရည်များမှာလည်း အလွန် အားကောင်းနေပေလိမ့်မည်။ ထိုအချက်ကိုလည်း ကစားသမား၏ အစစ်အမှန်စွမ်းအားထဲတွင် ထည့်သွင်း တွက်ချက်ရမည် ဖြစ်သည်။

စနစ်က ဇာတ်လမ်းတစ်ခုကို ဖန်တီးသည့်အခါတွင် ဇာတ်လမ်း၏ ခက်ခဲမှုနှင့် အဖွဲ့အတွက် ဆုလာဘ်သည် တိုက်ရိုက် အချိုးကျနေတတ်သည်။ အကယ်၍ အလွန်သန်မာသော ကစားသမား ခြောက်ဦးက အဖွဲ့ဖွဲ့လိုက်ပါက သူတို့သည် အလွန်ခက်ခဲသော ဇာတ်လမ်းတစ်ခုနှင့် ရင်ဆိုင်ရမည်မှာ သေချာလှသည်။ သို့သော် ယခုကဲ့သို့ ၃၊ ၂၊ ၁ ဟု ကွဲပြားနေသော အဖွဲ့မျိုးမှာ အားကောင်းသော အဖွဲ့တစ်ခု ဖြစ်လာနိုင်ခြေ များသည်။ မည်သို့ပင်ဖြစ်စေ ဂိမ်းထဲက လူတိုင်းသည် ကျွမ်းကျင်သူများ မဟုတ်ကြပေ။ အပျော်တမ်းကစားသမားတွေက အမြဲတမ်း အများစု ဖြစ်နေမည်သာ။

ဖုန်းပုကြွယ် အစ်ကိုလုံနှင့် ပထမဆုံး စတွေ့ခဲ့သည့် အဖွဲ့လိုက် ရှင်သန်ခြင်းဇာတ်လမ်းက ဥပမာကောင်းတစ်ခု ဖြစ်သည်။ စွမ်းအားကြီးမားသော အဆင့်မြင့် ကစားသမား တစ်ယောက်က အဆင့်နိမ့်ကစားသမား နှစ်ယောက်နှင့် အဆင့်လတ်ပိုင်း လူသစ်နှစ်ယောက်ကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဖုန်းပုကြွယ်၏ ဒုတိယမြောက် ယူဆချက်သည်... ထိုဂိမ်းကောင်းကောင်း မကစားတတ်သော ကစားသမားနှစ်ဦးမှာ အဖွဲ့ထဲသို့ ခိုးဝင်လာခြင်း ဖြစ်နိုင်သည်။ သူတို့သည် မည်သည့် ဂိုဏ်းကမျှ လက်မခံလောက်အောင် အားနည်းနေကြခြင်း ဖြစ်သည်။ သူတို့အတွက် ဂိမ်းဒင်္ဂါးများကို ဈေးပေါသော ဝတ်စုံများအတွက် သုံးစွဲရန်ပင် မလွယ်ကူလှသဖြင့် ဂိုဏ်းတစ်ခု ထောင်ရန်အတွက်လည်း တတ်နိုင်ကြမည် မဟုတ်ပေ။

မှန်ပေသည် အမှန်တရားက ဘယ်အစွန်းတွင် ရှိနေပါစေ ဒီဇာတ်လမ်းကတော့ 'လွယ်ကူ' မှာ မဟုတ်ပါပေ။ ဖုန်းပုကြွယ်ကတော့ ထိုနှစ်ဦးကို GM များ မဟုတ်ကြရန်သာ မျှော်လင့်မိသည်။ သူတို့ ဂိမ်းကစားတာ သိပ်မတော်ရင်တောင် ကိစ္စမရှိချေ။ သူတို့က အဖွဲ့နောက်လိုက်ပြီး အရေးကြီးသည့် အချိန်များတွင် အမိန့်ကို နာခံမည်ဆိုပါက ဇာတ်လမ်းကို အောင်မြင်ဖို့မှာ ပြဿနာမရှိနိုင်ပါပေ။ သို့သော်လည်း သူတို့သာ အမှန်တကယ် GM များ ဖြစ်နေပါက... ဤဇာတ်လမ်း၏ ခက်ခဲမှုက တွေးကြည့်ရုံနဲ့တင် ထိတ်လန့်စရာပင်...။

"အိုး… မင်းပါလား"

မရှုံးနိမ့်သောချန်ပီယံသည် ဖုန်းပုကြွယ်ကို မှတ်မိသွားပြီး သူ့ဘေးသို့ လမ်းလျှောက်လာကာ နှုတ်ဆက်လိုက်သည်။

"အစ်ကိုမရှုံးနိမ့်၊ နေကောင်းတယ်နော်"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"ကျစ် ကျစ် ကျစ် ... ငါ့ကို လာရင်းနှီးအောင် ကြိုးစားမနေနဲ့"

မရှုံးနိမ့်သောချန်ပီယံသည် အရူးတစ်ယောက် မဟုတ်ပေ။ အရင်က သူသည် အက်ရှာအိမ်တော် ဇာတ်လမ်းကို အောင်မြင်ခဲ့သူများသည် ရီရူလီ၊ ရီရူယွီနှင့် လုံအောင်းမင်တို့ ဖြစ်လိမ့်မည်ဟု သံသယဝင်ခဲ့ဖူးသော်လည်း ယခု ဖုန်းပုကြွယ်၏ဘွဲ့အမည်ဖြစ်သော ဇာတ်ကွက်စူးစမ်းရှာဖွေသူကို မြင်လိုက်ရချိန်တွင် အရာအားလုံးကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။

"မင်းတံခါးကို ကန်ဖွင့်ခဲ့တာ မဟုတ်လား၊ မင်း တံခါးလက်ကိုင်ကို ဖြုတ်ချင်ခဲ့တာ မဟုတ်လား၊ မင်းက တော်တော်သရုပ်ဆောင် ကောင်းတာပဲ၊ ငါ သေသွားပြီးတော့ မင်း ဇာတ်လမ်းကို အောင်မြင်ခဲ့တာ မဟုတ်လား"

"အမှန်ပါပဲ၊ အဲ့ဒီတုန်းက မင်း သေသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

ဖုန်းပုကြွယ်က ပြုံးလျက် ပြန်ဖြေသည်။

"ဒါပေမဲ့ ဇာတ်လမ်း စတင်ချိန်မှာ လူခွဲပြီး ရှာဖွေရေး ဧရိယာကို ချဲ့ထွင်တာကတော့ မမှားပါဘူး၊ နောက်ပိုင်းမှာတော့ လက်တွေ့က သက်သေပြခဲ့တာပဲ..."

"ကောင်းပြီ၊ ကောင်းပြီ... ရှင်းပြနေစရာ မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ဘာဖြစ်ခဲ့လဲဆိုတာ ငါ မသိတော့တာပဲလေ"

မရှုံးနိမ့်သောချန်ပီယံက စကားကို ဖြတ်ပြောလိုက်သည်။

"ပြီးခဲ့တဲ့ အခေါက်က ငါမင်းကို လျှော့တွက်ခဲ့မိတာ အမှန်ပဲ၊ ဒီတစ်ခါတော့ ငါ မင်းကို အစ်ကိုကြီးလို့ပဲ ခေါ်ပါတော့မယ်၊ ကျေးဇူးပြုပြီး တုံးအသလို လုပ်မနေဘဲ ငါတို့ကို ဇာတ်လမ်း အောင်မြင်အောင် ကူညီပေးပါဦး"

"မင်းက ငါ့ကို ဒီလောက်ထိ မြောက်ပင့်နေတော့တာပဲ"

ဖုန်းပုကြွယ်က ယဉ်ကျေးစွာ ပြောလိုက်သော်လည်း သူ့မျက်နှာတွင်တော့ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေလေသည်။

"မရှုံးနိမ့်၊ ဒါ မင်းရဲ့ သူငယ်ချင်းလား"

မုန့်ကျင်းချန်က လမ်းလျှောက်လာသည်။ သူသည် သူ၏ ကျောပိုးအိတ်ထဲမှ ဘီယာပုလင်း အသေးလေးတစ်ပုလင်းကို ဘယ်အချိန်က ထုတ်လိုက်မှန်း မသိသော်လည်း ယခုတွင် သူ သောက်နေပြီ ဖြစ်သည်။

"အာ... မဟုတ်ပါဘူး၊ ဒါပေမဲ့ အရင်က ဇာတ်လမ်းတစ်ခုမှာ တစ်ခါ ဆုံဖူးတယ်လေ"

မရှုံးနိမ့်သောချန်ပီယံက ပြန်ဖြေပြီးနောက် ဖုန်းပုကြွယ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဟေး၊ မင်းရဲ့ ဘွဲ့အမည်အရဆိုရင် မင်းက ပဟေဠိ ဖြေရှင်းတာကို အထူးပြုတဲ့ ကစားသမား တစ်ယောက် မဟုတ်လား"

ထိုမေးခွန်းမှာ သူ့အတွက် သဘာဝကျလှသည်။ စည်းကမ်းထိန်းသိမ်းရေးမှာပင် ဖုန်းပုကြွယ်လို ကျွမ်းကျင်မှု အားလုံးကို မျှတစွာ မြှင့်တင်ထားပြီး တိုက်ခိုက်ရေးရော ဗျူဟာအခင်းအကျင်းပါ တော်သည့် ကစားသမားမျိုး မရှိပေ။

"ငါက ပဟေဠိဖြေရှင်းတဲ့ဘက်ကို ပိုအားသန်ပါတယ်"

ဖုန်းပုကြွယ်က ဆိုသည်။

"ဒါပေမဲ့ တိုက်ခိုက်တဲ့ဘက်မှာလည်း သိပ်တော့ မဆိုးပါဘူး"

"အိုး မင်းပြောပုံအရဆိုရင် မင်းက စာရော သိုင်းရော တော်တဲ့လူ တစ်ယောက်ပေါ့လေ"

မုန့်ကျင်းချန်းက ဆိုသည်။ ဖုန်းပုကြွယ် ပြန်မဖြေနိုင်မီ သူက သက်ပြင်းချလိုက်သည်။

"အိုက်ယား... ငယ်ရွယ်ရတာ ကောင်းလိုက်တာ၊ အခု ငါက ဒီလိုပုံစံမျိုး ဖြစ်နေပေမဲ့ အရင်က ငါလည်း အတော်လေး လန်းခဲ့တာပါ..."

"အဲ... အစ်ကိုကျန်း၊ ငါ ကြည့်ရသလောက်တော့ မင်းက အသက် ၂၀ ကျော်ပဲ ရှိသေးတာလေ၊ ပြီးတော့ မင်းမှာ အရာအားလုံး ရှိနေပုံရပါတယ်..."

ဖုန်းပုကြွယ်၏ နှုတ်ခမ်းက ရှုံ့မဲ့သွားရသည်။

မရှုံးနိမ့်သောချန်ပီယံပင် အနေရခက်သွားရသည်။

"ဒါက သူ့ပြောနေကျ စကားပါပဲ၊ စိတ်ထဲ ထားမနေပါနဲ့..."

သူတို့ ခြောက်ဦးသည် တစ်ဦးချင်းစီ၏ အထူးပြုချက်များကို အကြမ်းဖျင်း သိရှိနိုင်ရန်အတွက် မိနစ်အနည်းငယ်မျှ စကားပြောခဲ့ကြသည်။ ထိုအတောအတွင်း ဖုန်းပုကြွယ်သည် အပြတ်အသတ် အောင်နိုင်ခြင်းကို တစ်ကြိမ် အသုံးပြုလိုက်ရာ သူ မြင်တွေ့ရသော အချက်အလက်များမှာ -

အမည် - နာကျည်းမှုရေတွင်း

မျိုးနွယ် - ???

အဆင့် - ၃၀

အနက် - ???

ရေတွင်း အချင်း - ၁၂၂ စင်တီမီတာ (လေးပေ)

တိုက်ခိုက်မှု ပုံစံ - ပုံရိပ်ယောင်

အားနည်းချက် - စွမ်းအင်အထောက်အပံ့ကို ဖြတ်တောက်လိုက်ပါက သာမန် ရေတွင်းတစ်တွင်းအဖြစ် ပြောင်းလဲသွားမည်

[စွမ်းရည် - ဝိညာဉ်ဝါးမြိုခြင်း]

အန္တရာယ်အဆင့် - မြင့်မား

ဤအချက်အလက်များသည် ဇာတ်လမ်းတွင် ဖော်ပြထားသော ရေတွင်း၏ ဖော်ပြချက်နှင့် ကိုက်ညီနေသော်လည်း 'အားနည်းချက်'ကိုတော့ စဉ်းစားစရာ ဖြစ်နေသည်။ 'စွမ်းအင်အထောက်အပံ့' ကို ဖြတ်တောက်လိုက်ပြီးနောက် နာကျည်းမှုရေတွင်းမှာ စွမ်းအားများ ဆုံးရှုံးသွားပုံရသော်လည်း ထိုရေတွင်းရဲ့ စွမ်းအားက ဘယ်ကနေ လာတာလဲ။

အကယ်၍ စွမ်းအင်အရင်းအမြစ်က 'အခြားကမ္ဘာ' ကနေ လာတာဆိုရင် လူတစ်ယောက်က ရေတွင်းရဲ့ ဝါးမြိုတာကို ခံရပြီးမှ အခြားကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ရမှာလား။ 'ဝါးမြိုခံရခြင်း' က ချက်ချင်း သေဆုံးစေမလား ဆိုတာကို ထားလိုက်ဦး… ကစားသမားက တစ်ဖက်ခြမ်းကို အသက်ရှင်လျက် ရောက်သွားပြီး နာကျည်းမှုရေတွင်းရဲ့ စွမ်းအင်အထောက်အပံ့ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ရင်တောင်… ထိုအချိန်မှာ နာကျည်းမှုရေတွင်းက သာမန်ရေတွင်းတစ်တွင်း ဖြစ်သွားမှာ ဖြစ်သလို ကမ္ဘာနှစ်ခုကြားက ဆက်သွယ်မှုလည်း သဘာဝအတိုင်း ပြတ်တောက်သွားမှာ ဖြစ်တဲ့အတွက် ကစားသမားကတော့ သေချာပေါက် ပြန်လာနိုင်တော့မှာ မဟုတ်ဘူးလေ။

အခြားယူဆချက်တစ်ခုကတော့ ပိုဖြစ်နိုင်ခြေ ရှိပုံရသည်။ ၎င်းမှာ... ရေတွင်း၏ စွမ်းအင်အထောက်အပံ့သည် အမှန်တကယ်တွင် ဤကမ္ဘာက လာခြင်းဖြစ်ပြီး မြို့လေးထဲ သို့မဟုတ် တောင်ပေါ်က တစ်နေရာရာတွင် ဝှက်ထားခြင်း ဖြစ်ပေလိမ့်မည်။ ကစားသမားများအနေဖြင့် အမှန်တရားကို ရှာဖွေနိုင်ရုံနှင့် ဇာတ်လမ်းကို အောင်မြင်နိုင်ပေလိမ့်မည်။

မိတ်ဆက်ပြီး ငါးမိနစ်ခန့်အကြာတွင်… ထိုအဖွဲ့မှာ စတင် ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် စနစ်၏ ကြေညာချက် ထွက်ပေါ်လာသည်။

"အဓိကတာဝန် စတင်ပါပြီ”

"တောင်ပေါ်သို့ တက်ကာ စွန့်ပစ်နတ်ကွန်းကို ရှာဖွေပါ"

အခန်း (၁၅၀)

"ကျွန်မတို့ မြို့ထဲကို အရင်သွားကြည့်ကြရင် မကောင်းဘူးလား"

မစ်ရှင်အသေးစိတ်အချက်အလက်ကို ဖတ်ပြီးနောက် ယဲ့ကျီက မေးလိုက်သည်။

"အခုထိတော့ ကစားသမားတွေရဲ့ သွားလာလှုပ်ရှားခွင့်ကို ကန့်သတ်ထားတဲ့ ဇာတ်လမ်းမျိုး မရှိသေးသလို အချိန်ကန့်သတ်ချက်လည်း မရှိဘူး၊ သီအိုရီအရ ပြောရရင်တော့... ကျွန်မတို့ တောင်နဲ့ဝေးတဲ့ နေရာတစ်ခုမှာ ပုန်းပြီး မိုးလင်းတဲ့အထိ စောင့်သင့်တယ်၊ မိုးလင်းသွားမှ စက်ယန္တရားကြီးတွေ ဒါမှမဟုတ် ဖောက်ခွဲရေးပစ္စည်းတွေ ရှာပြီးမှ တောင်ပေါ်တက်ပြီး ရေတွင်းကို အပြီးတိုင် ဖျက်ဆီးပစ်လို့ ရတာပေါ့"

ယဲ့ကျီကို စတူဒီယိုက ကုသသူအဖြစ် တာဝန်ပေးထားခြင်းသည် သူမက အမျိုးသမီး ကစားသမား ဖြစ်နေသဖြင့် အထက်လူကြီးများက သူမအပေါ် ဘက်လိုက်ပြီး ခွဲခြားဆက်ဆံထားခြင်း မဟုတ်ပေ။ အမှန်တကယ်တွင် သူမသည် ဖုန်းပုကြွယ်ကဲ့သို့ပင် ပဟေဠိများကို ဖြေရှင်းလိုသော ကစားသမားတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။

စည်းကမ်းထိန်းသိမ်းရေးမှ အဖွဲ့ဝင်သုံးဦးတွင် ယဲ့ကျီသည် တိုက်ပွဲအတွင်း ဗျူဟာချမှတ်ခြင်းနှင့် အထောက်အပံ့ပေးခြင်းများကို တာဝန်ယူရပြီး မရှုံးနိမ့်သောချန်ပီယံက တိုက်ခိုက်ရေးကို တာဝန်ယူသည်။ မုန့်ကျင်းချန်းမှာမူ စတူဒီယို၏ ထိပ်တန်းကစားသမား တစ်ဦးဖြစ်သည့်အတွက် ဤအဖွဲ့ငယ်၏ ခေါင်းဆောင်ဖြစ်သည်။ အရေးကြီးသော အချိန်များတွင် သူ့အမိန့်ကို နာခံကြရမည် ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ထိုသုံးဦးပေါင်းစပ်လိုက်ပါက သူတို့သည် အဆိုးရွားဆုံး အသင်းဖော်များနှင့် တွေ့လျှင်ပင် သူတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် ကစားသမား လေးငါးဦးစာ ဇာတ်လမ်းကို အောင်မြင်အောင် လုပ်နိုင်စွမ်း ရှိကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အကောင်းဆုံး ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ခံရရန်အတွက် ထိုကဲ့သို့သော စွမ်းအားနှင့် ယုံကြည်မှုမျိုး ရှိရပေလိမ့်မည်။

"ဒါက နိုးကြားခြင်းမုဒ်ဇာတ်လမ်းပဲ၊ တကယ်လို့ ငါတို့က တကယ်ကြီး မိုးလင်းတဲ့အထိ အချိန်ဆွဲမယ့် ဗျူဟာကို သုံးခဲ့ရင်... စနစ်က ငါတို့ကို ဂိမ်းထဲ စိတ်မပါသူလို့ သတ်မှတ်လိုက်နိုင်တယ်"

ဖုန်းပုကြွယ်က ယင်းကို ကြားလိုက်ရချိန်တွင် အတန်ကြာ စဉ်းစားပြီးနောက် ပြင်ဆင်ချက်တစ်ခု ပေးလိုက်သည်။

"ဒါပေမဲ့ မြို့လေးထဲကို အရင်သွားကြည့်တာကတော့ အကျိုးရှိလိမ့်မယ်လို့ ငါထင်တယ်၊ ပထမအချက်က ငါတို့ အချက်အလက်တွေ စုဆောင်းလို့ရမယ်၊ ဒုတိယအချက်ကတော့ ပစ္စည်းတွေ ရှာဖွေလို့ရမှာပေါ့"

ယဲ့ကျီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး 'AFK လိုမျိုး အပြုအမူ... ငါ အဲ့ဒီအချက်ကို မေ့သွားတာပဲ' ဟု စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် သူမက ဆက်ပြောသည်။

"ဘယ်လိုပဲဖြစ်ဖြစ်... မြို့ထဲကို အရင်သွားပြီး ကင်းထောက်ကြတာပေါ့၊ တစ်ယောက်ယောက် ကန့်ကွက်စရာ ရှိသေးလား"

"ငါ သဘောတူတယ်"

ဖုန်းပုကြွယ်က ဆိုသည်။

မရှုံးနိမ့်သောချန်ပီယံက ခေါင်းငြိမ့်ပြသည်။ ဘေးတွင် ရပ်နေသော မုန့်ကျင်းချန်းကတော့ စီးကရက်သောက်ရင်း ဘီယာသောက်နေဆဲ ဖြစ်ရာ သူလည်း ကန့်ကွက်စရာ မရှိပုံရသည်။

ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ပြောလာသည်။

"ကောင်းပြီ၊ မြို့ထဲကို အရင်သွားကြတာပေါ့၊ ဒါပေမဲ့ အကြာကြီးအချိန်ဆွဲထားဖို့တော့ မကောင်းဘူးလို့ ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါက အဓိကတာဝန်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာလေ"

သူတို့ ဆိုလိုသည်မှာ လူအများစုက သဘောတူညီမှု ရနေပြီဖြစ်သဖြင့် သူတို့နှစ်ဦးအနေဖြင့် ကန့်ကွက်နေရန် မလိုတော့ဟု ဆိုခြင်း ဖြစ်သည်။ သို့သော် သူတို့က တာဝန်အတိုင်း တောင်ပေါ်သို့ တတ်နိုင်သမျှ မြန်မြန် တက်ချင်နေကြဆဲ ဖြစ်သည်။

ဖုန်းပုကြွယ်သည် ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့၏ အပြုအမူနှင့် စကားလုံးတိုင်းကို တစ်စုံတစ်ခု ရှာတွေ့ရန်အတွက် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ဤနှစ်ဦးသည် GM များ ဟုတ်မဟုတ် သူ မသိရသေးသရွေ့ ဖုန်းပုကြွယ်တစ်ယောက် စိတ်မသက်မသာ ဖြစ်နေမည်မှာ သေချာလှသည်။ သူ မခံစားနိုင်ဆုံးအရာမှာ ပဟေဠိတစ်ခု သူ့ရှေ့တွင် ရှိနေသော်လည်း သူ အဖြေမထုတ်နိုင်ခြင်းပင် ဖြစ်သည်။ သို့သော် သူက "ဟေး၊ မင်းတို့နှစ်ယောက်က ဂိမ်းအက်ဒမင်တွေလား၊ ဒီဇာတ်လမ်းထဲမှာ မူမမှန်မှုပါနေလို့လား" ဟု တိုက်ရိုက် မေး၍တော့ မရပေ။ အကယ်၍ တစ်ဖက်လူက အမှန်တကယ် GM ဖြစ်နေလျှင်ပင် ထိုကဲ့သို့ မေးမြန်းမှုကို ဝန်ခံမည် မဟုတ်ပေ။ အကယ်၍ မဟုတ်ခဲ့လျှင်လည်း မလိုလားအပ်သော ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်ပေသည်။

ခြောက်ဦးသား ဆွေးနွေးပြီးနောက်တွင် သူတို့သည် လမ်းကြောင်းပြောင်းကာ မြို့ဘက်သို့ ဦးတည်နေသော လမ်းမကြီးအတိုင်း လမ်းလျှောက်လာခဲ့ကြသည်။ သို့သော် ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက်တွင်တော့ သူတို့ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့သည်...။ မြို့နှင့် တောင်ကြားရှိ အကွာအဝေးသည် သူတို့ ထင်ထားသည်ထက် အများကြီး ပိုဝေးနေခြင်း ဖြစ်သည်။

မြို့အစွန်အဖျားတွင် လယ်ကွင်းကျယ်ကြီးများနှင့် အိမ်အနည်းငယ်သာ ရှိသည်။ ယခုက ညအချိန် ဖြစ်သဖြင့် ကောင်းကင်တွင် လမင်းကြီး သာနေသော်လည်း လရောင်မှာ ထင်သလောက် မလင်းလှပေ။ ကစားသမားများ လျှောက်နေသော လမ်းဘေးတွင် ဓာတ်တိုင်များနှင့် လမ်းမီးတိုင်များ ရှိနေသည်။ လမ်းမီးတိုင်များမှာ သိပ်မများလှသော်လည်း အနည်းဆုံးတော့ အကွာအဝေးတစ်ခုစီတိုင်းတွင် အလင်းရောင် အနည်းငယ်စီ ရှိနေကြသည်။ သို့သော်လည်း လမ်း၏ ဝဲယာဘက်ရှိ လယ်ကွင်းများတွင်တော့ အမှောင်အတိ ကျနေလေသည်။ လမ်းပေါ်တွင် ဘတ်စ်ကားမှတ်တိုင်တစ်ခု ရှိသော်လည်း ဆိုင်းဘုတ်တွင် တစ်ရက်လျှင် ကားနှစ်စီးသာ ပြေးဆွဲကြောင်း ရေးသားထားသည်။

လမ်း၏ အဝေးတစ်နေရာတွင် မြို့၏ အလင်းရောင်များကို မြင်နေရသည်။ ၎င်းမှာ ဆာကူရာမြို့ပင် ဖြစ်သည်။

အဖွင့် မိတ်ဆက်ဗွီဒီယို၏ အမြင်အရ တောင်သည် ဆာကူရာမြို့၏ ဘေးတွင်သာ ရှိနေသော်လည်း အတန်ကြာ လမ်းလျှောက်ပြီးနောက် ကစားသမားများသည် အမှောင်ထဲတွင် ထိုအကွာအဝေးကို တဖြည်းဖြည်း နားလည်လာကြသည်။ ထိုလမ်းမှာ ၁၀ ကီလိုမီတာ သို့မဟုတ် ထိုထက်မက ဝေးနိုင်ကြောင်း သူတို့ မကြာမီ သဘောပေါက်လိုက်ကြသည်။ မြို့ထဲသို့ ဝင်ရန်အတွက် ပုံမှန်အရှိန်ဖြင့် လမ်းလျှောက်လျှင်ပင် အနည်းဆုံး တစ်နာရီခန့် ကြာပေလိမ့်မည်။ အချိန်တိုစေရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ပြေးရန်သာ ဖြစ်သည်။

"အင်း... ကြည့်ရတာ ငါတို့ရဲ့ ဗျူဟာက အမှားအယွင်း ရှိသွားပုံရတယ်"

ဖုန်းပုကြွယ်က လမ်းလျှောက်ခြင်းကို ရပ်လိုက်ရင်း ပြောလိုက်သည်။ အခြားသူများလည်း သူ ဘာကို ဆိုလိုမှန်း သိသဖြင့် အားလုံး ရပ်လိုက်ကြသည်။

"အခုလို ဆက်သွားနေမယ်ဆိုရင် မြို့ထဲကို မရောက်ခင်မှာတင် ငါတို့က မစ်ရှင်ရည်မှန်းချက်နဲ့ ဝေးကွာနေတယ်လို့ အဆုံးအဖြတ် ခံရပြီး AFK အခြေအနေထဲ ရောက်သွားလိမ့်မယ်၊ ဟား... အဲ့ဒီလိုသာ ဖြစ်ခဲ့ရင် AFK အခြေအနေကနေ လွတ်အောင် တောင်ဘက်ကို ပြန်လှည့်ပြီး လမ်းလျှောက်ရလိမ့်မယ်၊ အဲ့ဒီလိုဆိုရင် အသွားအပြန်လုပ်ရတာက သက်လုံအမှတ်တွေကို ဖြုန်းတီးရာ ရောက်လိမ့်မယ်"

"အာ... ဒါဆိုရင် ဇာတ်လမ်းရဲ့ အစမှာတင် လှည့်ကွက်တွေသုံးဖို့ ကြိုးစားတာက အသုံးမဝင်ဘူးပေါ့"

မုန့်ကျင်းချန်းက စီးကရက်ငွေ့များကို မှုတ်ထုတ်ရင်း အမြဲပြောနေကျအတိုင်း လွမ်းဆွေးသော လေသံဖြင့် ပြောသည်။

"စိတ်မကောင်းပါဘူး၊ ဒါတွေအားလုံးက ကျွန်မအပြစ်ပါ"

ယဲ့ကျီက သူမ၏ အမှားကို အလွယ်တကူ ဝန်ခံလိုက်သည်။

"ကျွန်မတို့ အလကား အပင်ပန်းခံ လမ်းလျှောက်ခဲ့ရတာပဲ၊ သိပ်မဝေးသေးခင် ပြန်လှည့်ကြရအောင်လေ"

"မဟုတ်ဘူး၊ ဒါက အလကားခရီးတော့ မဟုတ်ပါဘူး"

ဖုန်းပုကြွယ်က ငြင်းဆိုလိုက်သည်။

"တကယ်လို့ ဒီဘက်ကို သွားတာက အချိန်ဖြုန်းတာပဲ ဆိုရင် စနစ်က ငါတို့ကို AFK အခြေအနေအတွက် သတိပေးချက် ပေးပြီးလောက်ပြီ"

သူက ခေတ္တရပ်ကာ ခိုင်မာသောလေသံဖြင့် ဆက်ပြောသည်။

"ဒီဇာတ်လမ်းစတင်တဲ့ နေရာမှာ လမ်းကြောင်း တစ်ခုပဲ ရှိတယ်၊ ငါတို့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်၊ တစ်ခုက တောင်ပေါ်တက်ဖို့ နောက်တစ်ခုက မြို့ဘက်ကို သွားတဲ့ လမ်းအတိုင်း လိုက်ဖို့ပဲ၊ အကွာအဝေးအရ ဆိုရင်တော့ စနစ်က ငါတို့ကို ဆာကူရာမြို့ထဲ ရောက်အောင် စီစဉ်ထားတာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီလမ်းကြောင်းပေါ်မှာ ဇာတ်ကွက်နဲ့ ပတ်သက်တဲ့ တစ်စုံတစ်ခု ရှိနေလို့ပဲ ငါတို့ အခုထိ AFK အဖြစ် အဆုံးအဖြတ် မခံရသေးတာ"

ထိုအချိန်တွင် ဂယ်လီလီယိုသည် ဖုန်းပုကြွယ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် အများကြီး မလှုပ်ရှားသလို ခေါင်းကိုလည်း လှည့်မကြည့်ပေ။ ဖုန်းပုကြွယ်ဘက်သို့ မျက်လုံးအကြည့်ကိုသာ လွှဲလိုက်ခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်သည် သူ့ကိုရော သူ့အဖော်ကိုပါ အမြဲ စောင့်ကြည့်နေခဲ့သဖြင့် ဂယ်လီလီယို၏ အပြုအမူကို လုံးဝဖမ်းမိလိုက်သည်။

ထိုအချိန်တွင် ဖုန်းပုကြွယ်သည် အလွန်အမင်း တည်ငြိမ်နေပြီး သတိရှိနေလေသည်။ သူသည် တစ်ဖက်လူနှင့် တိုက်ရိုက် မျက်လုံးချင်းဆုံအောင် မလုပ်ပေ။ သူသည် မျက်လုံးထောင့်မှနေ၍ GM ဟု သံသယရှိနေသူ နှစ်ဦးကို စောင့်ကြည့်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ စကားပြောနေဆဲ ဖြစ်သည်။ သူ့မျက်လုံးများသည် တစ်စုံတစ်ခုကို အပြင်းအထန် စဉ်းစားနေသကဲ့သို့ မတည်မငြိမ် ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် ဤခြောက်ဦးအဖွဲ့ထဲ၌ ဇာတ်ကွက်အလွန်မှ လျှို့ဝှက်တိုက်ပွဲတစ်ခု ဖြစ်ပွားနေလေသည်။ ဖုန်းပုကြွယ်အတွက် မူမမှန်မှုရှိနေခြင်းကို တတ်နိုင်သမျှ မြန်မြန် အတည်ပြုနိုင်ရန်အတွက် တိုက်ရိုက်အကျဆုံး နည်းလမ်းသည် သူ့အသင်းဖော်နှစ်ဦးက GM များ ဟုတ်မဟုတ် ရှာဖွေရန်ပင် ဖြစ်သည်။ သူတို့ GM များ ဖြစ်ကြောင်း ၁၀၀ ရာခိုင်နှုန်း သေချာသွားသည့် အခါမှသာ သူပြောချင်သည့် အကြောင်းအရာများစွာကို ပြောနိုင်မည် ဖြစ်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ဂယ်လီလီယိုသည် ကော့ပါးနီးကပ်စ်ကို တစ်စုံတစ်ခု တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် ကော့ပါးနီးကပ်စ်သည် ရုတ်တရက် အဖွဲ့ဘက်သို့ လှည့်ကာ ပြောလာသည်။

"အစ်ကိုဖုန်း ပြောတာ မှန်တယ်၊ ငါ တွေ့ပြီ"

သူသည် သူ့လက်ကို မြှောက်ကာ အရှေ့ဘက်သို့ ညွှန်ပြလိုက်သည်။

"ရှေ့ဘက် တစ်ကီလိုမီတာထက် မဝေးတဲ့ နေရာမှာ အတော်လေးကြီးတဲ့ အဆောက်အအုံတစ်ခုရဲ့ ပုံရိပ်ကို တွေ့နေရတယ်"

မရှုံးနိမ့်သောချန်ပီယံက ဆက်ပြောသည်။

"အိုး ငါကျ ဘာလို့ မမြင်ရတာလဲ"

သူက ပိုဝေးဝေးမြင်နိုင်ရန်အတွက် မျက်လုံးများကို ကျဉ်းမြောင်းကာ ကြည့်လိုက်သည်။

"ငါက ထောက်လှမ်းရေးအထူးပြုလေ၊ အမြင်အာရုံကို ပိတ်ဆို့ထားတဲ့အရာ မရှိဘူးဆိုရင် အလင်းရောင်နည်းနည်းလောက် ရှိရုံနဲ့ ငါက သာမန်လူထက် ပိုဝေးဝေး မြင်နိုင်တယ်"

ကော့ပါးနီးကပ်စ်က ရှင်းပြသည်။

ဖုန်းပုကြွယ်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။

"အရမ်းကောင်းတယ်၊ မင်းမြင်လိုက်တဲ့ နေရာမှာ တစ်ခုခုကို ဖော်ထုတ်နိုင်မယ့် အမှတ်အသားရှိနေနိုင်တယ်"

သူက စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။

"ဒါက အတော်လေး ကောက်ကျစ်တဲ့ ဘေးတိုက်သွားဂိမ်းတွေလိုပဲ၊ ကစားသမားက ညာဘက်ကိုပဲ အမြဲ ပြေးနေတတ်ပေမဲ့ တကယ်တော့ စတင်တဲ့ နေရာရဲ့ ဘယ်ဘက်မှာ လျှို့ဝှက်ဆုလာဘ်တစ်ခုခု ရှိနေတတ်တာမျိုးပေါ့"

"အဲ့ဒီလို ဖြစ်ဖို့ မျှော်လင့်ရတာပဲ"

ကော့ပါးနီးကပ်စ်က ပြန်ဖြေလိုက်သော်လည်း အကြောင်းရင်းတချို့ကြောင့် သူ့အသံမှာ အားနည်းနေသကဲ့သို့ ခံစားရသည်။

All Chapters