← Chapters

တိုက်ပွဲ

Vol. 25 Ch. 337

တိုက်ပွဲ

Vol. 25 Ch. 337

လေထဲတွင် နိမ့်ချည်မြင့်ချည်အသံများ ထွက်ပေါ်လာပြီးသည်နှင့် လူသိန်းပေါင်းများစွာ၏ အသံများ စုဝေးရာမှ ဖြစ်ပေါ်လာသော အသံလှိုင်းတစ်ခုသည် နေရာအနှံ့သို့ ပျံ့နှံ့လာခဲ့သည်။

"သူတို့ကိုသတ်"

ထိုအော်ဟစ်သံမှာ ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေသည်။ ကောင်းကင်မြူခိုးမြို့တော်နှင့် အနည်းငယ် ကွာဝေးနေဆဲ ဖြစ်သော စုမင်သည်ပင်လျှင် ထိုအသံများအတွင်းမှ ရူးသွပ်မှုနှင့် သွေးဆာရက်စက်မှုများကို ခံစားမိချေ၏။ အကယ်၍ သူသာ ကောင်းကင်မြူခိုးမြို့တော်တွင် ရပ်နေခဲ့မည်ဆိုလျှင်တော့ ထိုအရာက ပိုမို၍ပင် ထိတ်လန့်ဖွယ် ကောင်းပေလိမ့်ဦးမည်။

ထိုအသံများမှာ မာန်စွမ်းအားရှင်တို့၏ အသံများမဟုတ်ပေ...

"အဲဒါ မြို့တော်ကိုတိုက်ခိုက်နေတဲ့ ရှာမန်တွေရဲ့ အော်ဟစ်သံပဲ" ဝူတု နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုလို ဆုတ်သွားမိသည်။ ထို့နောက် အသံတိုးတိုးဖြင့် ပြောမိ၏။

"ညီနောင်မော့၊ ငါအခု သွားတော့မယ်။ ငါတို့ နောက်တစ်ကြိမ် ပြန်ဆုံဖို့ ကံပါတယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် သေချာပေါက် ထပ်တွေ့ရဦးမှာပါ... ဂရုစိုက်ပါ"

ဝူတု ခေါင်းမော့၍ စုမင်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ သူနှင့် စုမင်တို့သည် မူလတွင် တစ်ဦးနှင့်တစ်ဦး မသိခဲ့ကြသော်လည်း လွန်ခဲ့သော လတစ်ဝက်မှာ သူတို့နှစ်ဦးအတွက် အမှန်တကယ်ပင် ပျော်ရွှင်ဖွယ်ရာ ဖြစ်ခဲ့၏။ အတူတကွ အလုပ်လုပ်ခဲ့ကြစဉ် အပြန်အလှန် ခင်မင်နားလည်မှု တစ်မျိုးလည်း ကြီးထွားဖြစ်တည်လာခဲ့သည်။

စုမင်သည်လည်း ဝူတုအားကြည့်၍ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"မင်းလည်း ဂရုစိုက်ပါ"

ဝူတု ခေါင်းညိတ်ပြကာ အလင်းတန်းရှည်တစ်ခု အသွင်ဖြင့် ကောင်းကင်မြူခိုးမြို့တော်နှင့် ဝေးရာအား သွားသည့်လမ်းကြောင်းသို့ ဦးတည်လိုက်သည်။

စုမင်နောက်တွင် ရပ်နေသော မီးတောက်မျောက်ဝံသည်တော့ ဝူတုထွက်ခွာသွားရာဘက်သို့ ကြည့်ရင်း တစ်စုံတစ်ရာ စဉ်းစားတွေးတောနေဟန်ဖြင့် နှုတ်ခမ်းဆူထားချေသည်။ ထိုအချိန်အခိုက်အတန့်တွင် ၎င်းကိုယ်ပေါ်၌ ချည်နှောင်ထားသော ဦးခေါင်းအရေအတွက်မှာ သုံးဆယ်နီးပါးပင် ရှိနေခဲ့ချေပြီ။

၎င်းကိုယ်ပေါ်တွင် မာန်စွမ်းအားရှင်တို့၏ နယ်မြေထဲသို့ အထူးနည်းလမ်းသုံး၍ ဝင်ရောက်လာခဲ့ကြသော ဝူတုသိသမျှ ရှာမန်အားလုံး၏ ဦးခေါင်းများကို ချိတ်ဆွဲထားသည်ဟုပင် ပြောဆိုနိုင်၏။

လွန်ခဲ့သော လဝက်အတွင်း တိုက်ပွဲများသည် ရှာမန်မျိုးနွယ်စုနှင့် ပက်သက်သော စုမင်၏ဗဟုသုတများကို များစွာ တိုးပွားစေခဲ့သည်။  ထွက်ခွာသွားပြီဖြစ်သော ဝူတုဆီမှ အကြည့်ပြန်လွှဲလိုက်သည်နှင့် စုမင်မျက်လုံးများအတွင်း စဉ်းစားတွေးတောနေဟန် အကြည့်တစ်ခု ပေါ်လာခဲ့သည်။

ဝူတု၏ ဇာစ်မြစ်ကို သူသိနေခဲ့၏။ သူတို့အတူတကွ ရှိခဲ့ကြသည့် လွန်ခဲ့သော လဝက်အတွင်း စိတ်ဝိညာဉ်ဖမ်းစားသူ ကောင်လေး၏ ဆန်းကြယ်သောစွမ်းရည် သက်ရောက်မှုအောက်သို့ ကျရောက်သွားပြီးချိန်တွင် သူ စောလျင်စွာ ပြန်လည်နိုးထလာခဲ့သည်။ ထိုအချိန်က ဝူတု ထုတ်ဖော် အသုံးပြုလိုက်သော ပညာရပ်များကို မြင်ခဲ့ရသဖြင့် ဝူတုသည် ရှာမန်မျိုးနွယ်စု၏ ရှေ့ဖြစ်ဟောပညာရှင်ငယ် တစ်ယောက်ဖြစ်ကြောင်း

သူ မသိနိုင်စရာ အကြောင်းမရှိပေ။

သူမြင်ခဲ့ရသည်မှာ ဝူတု၏ ဆန်းကြယ်သော စွမ်းရည်များ အကုန်အစင် မဟုတ်သေးဟုလည်း စုမင် သံသယရှိပေသည်။ ဝူတုသည်လည်း စုမင်ကဲ့သို့ပင် သူ့စွမ်းရည်များထဲမှ အချို့အား လျှို့ဝှက်ချက်အဖြစ် သိမ်းဆည်းထားခြင်း ဖြစ်နိုင်ချေသည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ သူတို့အတူတကွ အလုပ်လုပ်ခဲ့သည့် လွန်ခဲ့သောလဝက်အတွင်း စုမင်အတွက် အဆုံးအရှုံးမရှိပဲ အကျိုးအမြတ်များသာ ရရှိခဲ့သည်။ ခရီးစဉ်အပြီးတွင် သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ပိုမို၍ပင် ရင်းနှီးလာခဲ့ကြသေးသည်။

စုမင် ခေါင်းခါယမ်းလိုက်ရင်း ထိုအကြောင်းနှင့်ပတ်သက်၍ ထပ်မံစဉ်းစားမနေတော့ပေ။ အဆုံးတွင်တော့ သူသည်လည်း တောင်ပိုင်းအရုဏ်ဦးကုန်းမြေ၏ မာန်စွမ်းအားရှင်တစ်ယောက် မဟုတ်ခဲ့ပေ။ ထိုသို့သာမဟုတ်လျှင် ဝူတု၏ဇစ်မြစ်အား သိရှိပြီးသည်နှင့် သူ ဝူတုကို သေချာပေါက် သတ်ဖြတ်မိခဲ့မှာဖြစ်သည်။

သို့သော် ဝူတု၏ဇစ်မြစ်အား သူမသိဟန်ဆောင်သင့်သည့် အကြောင်းနှင့်ပတ်သက်၍ ပို၍ အရေးကြီးသော အကြောင်းပြချက် ရှိသည်ဟု စုမင်ယုံကြည်မိသည်။

"ငါတို့က တောင်ပိုင်းအရုဏ်ဦးကုန်းမြေထဲက မာန်စွမ်းအားရှင်လား၊ ရှာမန်လားဆိုတာ အရေးမှမကြီးတာ။ အရှေ့ခြမ်းနယ်မြေတွေရဲ့ ရုတ်တရက်ဖြစ်ပွားလာတဲ့ ကပ်ဘေးကြီးသာ ကျရောက်လာခဲ့ရင်... လူဘယ်နှယောက် အသက်ရှင်ကျန်နိုင်မှာ မို့လို့လဲ" စုမင် သက်ပြင်းချမိသည်။ ယခုလက်ရှိ စစ်ပွဲနှင့်ယှဉ်လျှင် ထိုကိစ္စသည် အလွန်ဝေးကွာနေဆဲ ဖြစ်၍ ယခုကဲ့သို့ ကြီးမားသော အတွေးများကို စဉ်းစားတွေးတောနေရမည့် အချိန်မဟုတ်ပေ။

စုမင် မိမိကိုယ်ကို တည်ငြိမ်သွားအောင် လုပ်ပြီးသည်နှင့်

ကောင်းကင်မြူခိုးမြို့တော်ဘက်ဆီမှ တိုက်ပွဲ၏ အဆုံးမရှိသော ရုန်းရင်းဆန်ခတ်အသံများက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ့မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ပေါ်လာပြီး ခြေဆောင့်၍ တစ်ချက်ခုန်လိုက်ကာ ကောင်းကင်သို့ ဦးတည်ပျံတက်လိုက်သည်။ ကောင်းကင်အမြင့်တွင်ရပ်လျက် ကောင်းကင်မြူခိုးမြို့တော်ဆီ လှမ်းကြည့်လိုက်ရာ သူမြင်လိုက်ရသော အရာကြောင့် ထိတ်လန့်တုန်လှုပ်သွားရလေသည်။

မြေပြင်ထက်တွင် နံရံမြင့်ကြီး စိုက်ထူထားသကဲ့သို့ ရင်းနှီးကျွမ်းဝင်သော အဆုံးမရှိသည့် တောင်စဉ်တောင်တန်းများကို စုမင်တွေ့လိုက်ရသည်။

တောင်တန်းကြီးသည် မြေပြင်ထက်တွင် နံရံတံတိုင်းကြီး တစ်ခုသဖွယ် လဲလျောင်းတည်ရှိနေပြီး ထို့ကြောင့်လည်း တောင်ပိုင်းအရုဏ်ဦးကုန်းမြေမှ မာန်စွမ်းအားရှင်များ၏ အတားအဆီးဟု လူသိများနေရခြင်း ဖြစ်သည်။

သို့သော် စုမင်နေရာမှ ကြည့်လျှင်တော့ ထိုနံရံကြီးသည် နဂါးနက်ကြီးနှစ်ကောင် ၎င်းတို့၏ခန္ဓာကိုယ်များကိုသုံး၍ လက်စွပ်ကွင်းသဏ္ဌာန်ပြုလုပ်ထားပြီး မာန်စွမ်းအားရှင်တို့၏ နယ်မြေအား အတွင်းဘက်တွင်ထားကာ ကာကွယ်ပေးထားသကဲ့သို့ပင် ဖြစ်သည်။

နဂါးနက်ကြီးနှစ်ကောင်၏ ဦးခေါင်းများ တွေ့ဆုံသောနေရာသည် စုမင်၏ ဦးတည်ရာဖြစ်သည်။ နံရံပေါ်မှ ထိုနေရာ၏အမည်သည်ကား... ကောင်းကင်မြူခိုးမြို့တော်ပင် ဖြစ်၏။

ထိုအရာက ကောင်းကင်မြူခိုးအတားအဆီး ထိပ်ပေါ်တွင် တည်ဆောက်ထားသော ဧရာမမြို့တော်ကြီးဖြစ်သည်။ ၎င်း၏ မြင့်မားသောနံရံကြီးများသည် ဧရာမအပိတ်အဆို့ကြီး တစ်ခုကဲ့သို့ပင်ဖြစ်သည်။ ထိုအရာကြောင့်လည်း မာန်စွမ်းအားရှင်တို့၏ နယ်မြေထဲသို့ အလွန်နည်းပါးသော ရှာမန်များသာ ဝင်ရောက်နိုင်ကြခြင်းပင်။ သို့သော် လူရိုင်းမျိုးနွယ်စု တစ်ခုလုံးအတွက်ဆိုလျှင်တော့ ဤအရာက သူတို့ဖြတ်သန်းခြင်းမပြုနိုင်သည့် ဧရာမဂိတ်တံခါးကြီးတစ်ခုပင် ဖြစ်သည်။

ကြီးကျယ်ခမ်းနားသော နံရံကြီး၏ အမြင့်က မြေပြင်အထက် ပေရာထောင်ချီမြင့်သည်။ နံရံပတ်ဝန်းကျင်ရှိ လောကသည် တွန့်လိမ်ပုံပျက်မှုများဖြင့် ပြည့်နေပြီး ထိုတွန့်လိမ်ပုံပျက်မှုများသည်လည်း ဆက်တိုက်ဆိုသလို အပြင်သို့ ပျံ့နှံ့နေကြသည်။ မိုးကောင်းကင်သည် ဤနေရာအား နယ်စပ်အဖြစ် အသုံးပြုနေသလိုပင် ဖြစ်သည်။ ကောင်းကင်၏ တစ်ဖက်ခြမ်းအား ရှာမန်များပိုင်ဆိုင်ပြီး အခြားတစ်ဖက်ခြမ်းကိုတော့ မာန်စွမ်းအားရှင်များ ပိုင်ဆိုင်သည်။ ထိုထိစပ်နေသော ကောင်းကင်ကြီးနှစ်ခုသည် ဘယ်သောအခါမှ အတူတကွ ပေါင်းစည်းလိမ့်မည် မဟုတ်သကဲ့သို့ပင်။

ထူးဆန်းသောအရာမှာ မာန်စွမ်းအားရှင်များပိုင်ဆိုင်သော ကောင်းကင်သည် လီထောင်ပေါင်းများစွာအထိ ကြည်လင်နေပြီး ရှာမန်များ ပိုင်ဆိုင်သော ကောင်းကင်သည်တော့ ထူထပ်သော မီးခိုးငွေ့များသဖွယ် တိမ်စိုင်များနှင့် မှောင်မိုက်နေခဲ့ခြင်းပင်။

မြို့တော်၏ ထိပ်ပိုင်းတွင်တော့ ကောင်းကင်မြူခိုးအတားအဆီး၏ ဆန့်ကျင်ဘက်ဦးတည်ရာနှစ်ဖက်မှ ဆန့်ထွက်နေခဲ့သော ဧရာမသားရဲဦးခေါင်းကြီး နှစ်လုံးကြောင့် စုမင်အစောလေးက ခံစားခဲ့ရသည့် သတိမေ့မျောသွားချင်ဖွယ် ခံစားချက်ကြီးက အစစ်အမှန် ဖြစ်လာခဲ့သည်။

ဤအရာက လုံးဝပင် အညိုရောင်ဖြစ်နေသော မြို့တော်ကြီးတစ်ခုဖြစ်သည်။ ၎င်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက အဖြူရောင် ဖြစ်ကောင်းဖြစ်နိုင်ခဲ့ဖူးသလို၊ အနက်ရောင်လည်း ဖြစ်ကောင်းဖြစ်နိုင်ခဲ့သည်။ အကယ်၍ ၎င်းသည် အဖြူရောင်ဖြစ်ခဲ့သည် ဆိုလျှင်တော့ မြို့တော်ပေါ်မှ အညိုရောင်သည် နှစ်ပေါင်းများစွာ ကြာအောင် သွေးများခြောက်သွေ့ စွန်းထင်းခဲ့သောကြောင့်ဟု ဆိုလိုပေသည်။ အကယ်၍ အနက်ရောင်ဖြစ်ခဲ့လျှင်လည်း အလားတူအကြောင်းအရင်းကြောင့်သာ အညိုရောင်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ တစ်လျှောက် သွေးစက်ပေါင်းများစွာသည် နံရံများအား စိမ့်ဝင်ဖြတ်သန်းခဲ့ကြပြီး ထိုအနက်ရောင်နံရံများကို အညိုရောင် ပြောင်းလဲသွားစေခဲ့ခြင်းပင်...

မြို့တော်၏ နှစ်ဖက်စလုံးတွင် အတန်ငယ်သေးငယ်သော လက်အောက်ခံမြို့ငယ် သုံးခုရှိသည်။ ထိုမြို့ခုနစ်ခု ပေါင်းစည်းပြီး ကောင်းကင်မြူခိုးမြို့တော်၏ ဧရိယာအများစုအား ဖွဲ့စည်းထားခြင်းဖြစ်သည်။

၎င်းတို့က ကောင်းကင်မြူခိုးမြို့တော်၏ အစိတ်အပိုင်းအများစုကိုသာ ဖွဲ့စည်းထားနိုင်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်မြူခိုးအတားအဆီး အပြင်ဘက် လူရိုင်းများ၏ နယ်မြေထဲရှိ ပေ ၁၀၀၀၀၀ ဧရိယာထဲတွင် အခြားမြို့တစ်ခု တည်ဆောက်ထားခြင်း ရှိသေးသောကြောင့်ပင်။

ထိုမြို့တော်သည်လည်း အလားတူပင် မြင့်မားရှည်လျားသည်၊ အလားတူပင် ထူးခြားအံ့သြဖွယ် ကောင်းသလို အလားတူပင် ကြီးကျယ်ခမ်းနားသည်။ သို့သော်လည်း ဤအချိန်တွင်တော့ ၎င်းအရောင်က လုံးဝအပြည့်အဝပင် သွေးနီရောင်ရဲနေခဲ့ချေပြီ။

မြို့တော်နှစ်ခုကြား အလယ်တွင်တော့ ဥမင်လှိုဏ်ခေါင်းတစ်ခုအသွင်ဖြင့် ၎င်းတို့နှစ်ခုအား ဆက်သွယ်ပေးထားသည့် ပေသိန်းချီမြင့်မားသော မြို့နံရံတစ်ခုရှိသည်။ ထိုနံရံသည် တောက်ပသော အလင်းတစ်ဖြာ တောက်ပနေပြီး မယုံနိုင်လောက်အောင်လည်း ခံနိုင်ရည်ရှိချေသည်။ သို့သော် ထိူမျှမကသေးပေ။ ကောင်းကင်မြူခိုးမြို့တော် အပြင်ဘက်တွင် မားမားမတ်မတ် ရုပ်တုကြီး ဆယ့်ရှစ်ခုရှိသေး၏။ ရုပ်တုတစ်ခုစီတိုင်းမှာ ပေသိန်းပေါင်းများစွာ မြင့်မားပြီး မြေပြင်ထက်တွင်ရပ်နေသော ၎င်းတို့အားလုံး၏ပုံစံက မတူညီကွဲပြားလို့နေသည်။

ထိုနေရာရှိ ရုပ်တုများသည် အလှဆင်ရုံ သက်သက်သာ ဖြစ်မည်ဟုတော့ မည်သူမျှ ယုံကြည်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်တွင် စုမင်မျက်လုံးများထဲ၌ ထိုရုပ်တု ဆယ့်ရှစ်ခုထဲမှ လေးခုသည် ထူးဆန်းနက်မှောင်သော အလင်းတစ်ဖြာ တောက်ပလာပြီး ဖြည်းညင်းစွာ စတင်လှုပ်ရှားလာကြပုံ ပေါ်သည်။

၎င်းတို့၏ ကြီးမားသောခန္ဓာကိုယ်ကြီးများတွင် လူများ၏နှလုံးသားအတွင်း ထိတ်လန့်ကြောက်ရွံ့ သွားစေနိုင်သည့် အရှိန်အဝါတစ်ရပ်ဖြင့် ပြည့်နေသည်။ အထူးသဖြင့် ၎င်းတို့ မြေပြင်ထက်တွင် ဘီလူးကြီးများသဖွယ် စတင်လှုပ်ရှားလိုက်သော အချိန်တွင်ဖြစ်သည်။ ရုပ်တုများထဲမှ တစ်ခုသည် ၎င်း၏လက်များထဲမှ ကြာပွတ်ရှည်ကြီးအား ဝှေ့ယမ်းလိုက်သည်ကို စုမင်မျက်လုံးများဖြင့် တပ်အပ်မြင်လိုက်ရသည်။

ထိုကြာပွတ်သည် ကျောက်သားဖြင့် ပြုလုပ်ထားသည်မှာ ရှင်းလင်းနေသော်ငြား ၎င်းမှာ ရှည်လျားသော မြွေကြီးတစ်ကောင်သဖွယ် လှုပ်ရှားသွားခဲ့၏။ ၎င်းသည် လေထဲတွင် ပေါက်ကွဲသံတစ်ခု မြည်ဟည်းသွားစေပြီး သွေးနှင့် အသား မြောက်မြားစွာကို ယူဆောင်လာခဲ့သည်။

ကောင်းကင်မြူခိုးမြို့တော်အပြင် မြို့တော်နှင့်သိပ်မဝေးသော ရှာမန်များ၏နယ်မြေထဲမှ လေထဲတွင်လွင့်မျောနေသည့် ဧရာမဓားရှည်ကြီးတစ်ချောင်းကိုလည်း စုမင်တွေ့လိုက်ရသည်။ ဓားရှည်ထံမှ ဖွဲ့စည်းဖြစ်ပေါ်နေခဲ့သော ဖိအားသည် ဧရိယာအတွင်းရှိ လေထုအား တွန့်လိမ်ပုံပျက်နေစေသည်။ ဓားအစွန်းတွင် အဖြူရောင်အစက်ငယ်များစွာ ရှိနေသည်။ ဓားရှည်ထံမှ အေးစက်စက်လေပြင်းတစ်ခုလည်း ပျံ့နှံ့ထွက်ပေါ်နေပုံ ပေါ်သည်။

ဓားရှည်နှင့် အတော်အတန် ဝေးကွာနေဆဲ ဖြစ်၍ ပေ ၁၀၀၀၀၀အရွယ်အစားရှိ ဓားရှည်ကြီးပေါ်တွင် လူပေါင်းများစွာ ရပ်နေသည်ကိုသာ သူတွေ့မြင်နိုင်လေသည်။ ၎င်းထံမှ ပျံသန်းထွက်ပြေးသူ အချို့ပင် ရှိနေခဲ့သည်...

ကောင်းကင်မြူခိုးမြို့တော် အပြင်ဘက် အခြားနေရာတွင်လည်း ကြီးမားသော အရာဝတ္ထုတစ်ခု ရှိနေသည်။ ထိုအရာက ဧရာမကြေးမုံမှန်ကြီးတစ်ခု ဖြစ်သည်။ ၎င်း၏ မျက်နှာပြင်က မြေပြင်ဘက်သို့ မျက်နှာမူထားပြီး ၎င်း၏ကျောပေါ်တွင် လူပေါင်းများစွာ ရပ်နေကြသည်။

ကြေးမုံမှန်ပတ်ဝန်းကျင်ရှိ လေထုမှာ တွန့်လိမ်ပုံပျက်နေခြင်း မရှိသော်လည်း ၎င်းပတ်လည်တွင် လှိုင်းတံပိုးသံများ ထွက်ပေါ်နေသည့် ပုံရိပ်ယောင်ပင်လယ်ကြီး တစ်ခုတော့ ရှိနေသည်။

ဓားရှည်ကြီးသည် အေးခဲကောင်းကင်ကလန်မှ ပိုင်ဆိုင်သော အေးခဲရေခဲကောင်းကင် ဖြစ်ပြီး ထိုကြေးမုံမှန်မှာ... အနောက်ပိုင်းပင်လယ်ကလန်မှ ပိုင်ဆိုင်ခြင်းဖြစ်သည်။

ဤအရာများက စုမင်မြင်လိုက်ရသော အရာများပင်။ ဤအရာအားလုံးသည် မာန်စွမ်းအားရှင်များနှင့် ကောင်းကင်မြူခိုးမြို့တော်တို့နှင့် သက်ဆိုင်ကြသော အရာများဖြစ်သည်။

သို့သော် စုမင်မျက်လုံးထဲတွင်တော့ သူ့ရှေ့မှအကွာအဝေးကို မာန်စွမ်းအားရှင်များကသာ သိမ်းပိုက်ထားခြင်းမဟုတ်ပေ။ ထိုနေရာတွင်... မရေမတွက်နိုင်အောင် များပြားသော... ရှာမန်များလည်း ရှိနေသည်။ ၎င်းတို့သည် အလွန်များပြားသိပ်သည်းစွာ စုဝေးနေကြခြင်း ဖြစ်၍ စုမင်သည် ကောင်းကင်အမြင့်၌ ရပ်နေသော်ငြား ၎င်းတို့၏ အဆုံးကို မြင်နိုင်ရန်ခက်ခဲပေသည်။

ဧရာမအတောင်ပံကြီးများဖြင့် ငှက်ကြီးများအား စီးနင်းထားသော ရှာမန်များအား မြို့တော်ဆီသို့ ကောင်းကင်ထက်မှနေ၍ ဦးတည်တိုးဝင်နေသည်ကို သူတွေ့ခဲ့ရသည်။ ထိူကဲ့သို့ ရှာမန်များသည် ကောင်းကင်နှင့် မြေပြင်ကိုပင် ဖုံးလွှမ်းနေကြပြီး ၎င်းတို့အရေအတွက်က သိန်းချီနေလေသည်။

ဓားရှည်ပုံစံ ရှည်လျားသော ငါးကြီးများထက်တွင် ရပ်နေသည့် ရှာမန်များလည်းရှိသည်။ ထိုသူများသည် အရှေ့သို့ ပျံသန်းလာကြသောအခါ သူတို့ဆံပင်များသည် သူတို့ခေါင်းအနောက်၌ လွင့်မျောလို့နေကြသည်။ ထိုသူများသည် ၎င်းတို့နှင့်အတူ သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြည့်နေသည့် မာနထောင်လွှားမှုများကို ယူဆောင်လာကြသည်။ ၎င်းတို့ အရေအတွက်မှာလည်း ၁၀၀၀၀၀နီးပါးခန့် ရှိနေလေသည်။

ကောင်းကင်ထက်တွင် ပျံသန်းနိုင်သည့် ပေထောင်ပေါင်းများစွာ အရွယ်အစားရှိသော ဧရာမ သားရဲရိုင်းများပေါ်တွင် ရပ်နေကြသည့် ရှာမန်များလည်းရှိသည်။ သူတို့ အသွင်အပြင်များက မတူညီသလို၊ သူတို့အဝတ်အစားများသည်လည်း မတူညီကြချေ။ သို့သော် ၎င်းတို့ထံတွင် မာန်စွမ်းအားရှင်များအပေါ် အကန့်အသတ်မရှိသော ရက်စက်ကြမ်းကြုတ်ခြင်းများနှင့်တော့ ပြည့်နေခဲ့သည်။

ကောင်းကင်၏ အရှင်သခင်များသဖွယ် ဟိန်းဟောက်နေကြသော ပေ ၁၀၀၀၀၀ခန့် အရွယ်အစားရှိသည့် ဒါဇင်ပေါင်းများစွာသော သားရဲရိုင်းများလည်း ရှိသည်။ ၎င်းတို့ အရှေ့သို့လှုပ်ရှားလိုက်ချိန်တိုင်းတွင် လေထုထဲမှာပင် စုတ်ပြဲရာတစ်ခု ပေါ်လာစေတတ်သည်။ ထို့နောက်တွင်တော့ ၎င်းစုတ်ပြဲရာသည် မျက်စိတစ်မှိတ်အတွင်း ပြန်လည် ကောင်းမွန်သွားပေလိမ့်မည်။

ထို့အပြင်... အဆုံးတွင် ရှာမန်မျိုးနွယ်စု၏ မြင့်မြတ်သားရဲနှစ်ကောင်ကိုလည်း စုမင်တွေ့လိုက်ရသည်။ ၎င်းတို့ နှစ်ကောင်လုံးသည် ပေ၁၀၀၀၀၀ ခန့် အရွယ်အစားရှိသည်။ ၎င်းတို့အထဲမှ တစ်ကောင်အား မီးတောက်များဖြင့် ဖုံးအုပ်ထားပြီး တောကောင်ကြီးတစ်ကောင်သဖွယ် ဧရာမကီရင် သတ္တဝါဆန်းတစ်ကောင် ဖြစ်သည်။ ကောင်းကင်မြူခိုး မြို့တော်ဆီ စူးစိုက်ကြည့်နေသော ၎င်း၏မျက်လုံးများအတွင်း မီးတောက်များရှိနေသည်။ ၎င်း၏ခေါင်းပေါ်တွင် ရှည်လျားသော မီးတောက်နီရောင် ဆံပင်ရှည်များနှင့် ယောက်ျားတစ်ဦး ရပ်နေခဲ့သည်။ ထိုလူသည် လက်များကို နောက်ပစ်လျက် သူ့ဆံပင်ရှည်များအား လေဖြင့် ရှုပ်ပွစေခွင့်ပြုထားပြီး အဝေးသို့သာ အေးစက်စက် စိုက်ကြည့်နေလေသည်။

အခြားမြင့်မြတ်သားရဲမှာ အလွန်ကြီးမားသော ကင်းမြီးကောက်ကြီးတစ်ကောင်ဖြစ်သည်။ ထိုကင်းမြီးကောက်ကြီးသည် လုံးဝစိမ်းတောက်နေပြီး ၎င်းပတ်ပတ်လည်ရှိ ဧရိယာကိုလည်း အစိမ်းရောင်ဖြစ်နေစေသည်။ ၎င်း၏ နောက်ကျောပေါ်တွင်လည်း ရှာမန်တစ်ဦးရပ်နေပြီး ထိုလူက အဘွားအိုတစ်ဦး ဖြစ်၏။

ထိုအရာက အကုန်မဟုတ်သေးချေ။ မြေပြင်ထက်တွင်လည်း အရေအတွက် ၁၀၀၀၀၀ကျော်သော ရှာမန်များ ရပ်နေကြသေးသည်။ ထိုသူများသည် အနက်ရောင်သားရဲရိုင်းများကို စီးနင်းလျက် မြေပြင်အား ဘောင်ခတ်ကန့်သတ်ထားကြသည်။ အနက်ရောင် သားရဲရိုင်းသတ္တဝါများသည် ကျားသစ်များနှင့်တူသော်လည်း ၎င်းတို့က တုတ်ချောင်းသဖွယ် ပိန်ပါးကြသည်။ သို့သော် ၎င်းတို့က အားနည်းသည်ဟူသော ခံစားချက်မျိုးတော့ ပေးစွမ်းမနေခဲ့ချေ။ ၎င်းတို့က ထိုကဲ့သို့သာ မွေးဖွားလာပုံရ၏။

သူတို့သည် အော်မြည်ဟိန်းဟောက်လျက် မြန်ဆန်သောအရှိန်နှုန်းများဖြင့် ကောင်းကင်မြူခိုးဆီ ဦးတည်နေကြသည်။

၎င်းတို့အနောက်တွင် မြေပြင်ကတုန်ခါနေပြီး အရေအတွက် ၁၀၀၀၀၀နီးပါးရှိသော အခြားသားရဲအမျိုးအစား တစ်မျိုးသည်လည်း မြေပြင်ထက်မှာပင် အရှေ့သို့ ဦးတည်တိုးဝင်နေကြသည်။ ထို့နောက် ၎င်းတို့နောက်တွင်တော့ ပေ ထောင်ပေါင်းများစွာခန့် အရပ်အမြင့်ရှိသည့် ထောင်ပေါင်းများစွာသော ဘီလူးကြီးများကို စုမင်တွေ့လိုက်ရသည်။ ထိုဘီလူးကြီးများ၏ ရင်ဘတ်တွင် လက်မောင်းတစ်ဖက်သာ ကြီးထွားထွက်ပေါ်နေသည်။ သူတို့တွင် ဦးခေါင်းများမရှိပဲ သူတို့လက်မောင်းနှင့် ဆက်နေသည့် လက်ဖဝါးပေါ်တွင်သာ စူးရှတောက်ပနေသည့် တစ်ခုတည်းသော မျက်လုံး ပါရှိချေသည်။

၎င်းတို့အပေါ်တွင်တော့ ရှာမန်တစ်ဦးတည်း ရပ်နေခြင်းမဟုတ်ပဲ ခုနစ်ယောက်မှ ရှစ်ယောက်အထိ ရပ်လျက် လိုက်ပါလာကြသည်။

ထိုဘီလူးကြီးများ၏ နောက်တွင် မည်သည့်သားရဲရိုင်းမှ မပိုင်ဆိုင်သော ပိုမိုများပြားသည့် ရှာမန်များ လိုက်ပါလာသည်။ သို့သော် ၎င်းတို့၏ ကောင်းကင်မြူခိုးမြို့တော်ဆီ ပြေးဝင်နေရင်း သတ်ဖြတ်ရန်အော်ဟစ်သံများသည် ကောင်းကင်ကိုပင် တုန်ခါနေစေသည်။

အဆုံးတွင်တော့ စုမင်ကိုပင် အရိုးအသားထဲမှ ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည့် အရာတစ်ခုကို တွေ့မြင်လိုက်ရသည်။ ထိုအရာက... ပေ ၁၀၀၀၀၀ အရွယ်အစားရှိသည့် အခြားသော ဧရာမသားရဲကြီးတစ်ကောင် ဖြစ်သည်။

ထိုသတ္တဝါကြီးသည် ပျံသန်းခြင်းမပြုပဲ မြေပြင်ထက်တွင်သာ ထိုင်နေခဲ့သည်။ ၎င်း၏မျက်နှာက ဧရာမစပါးအုံး မြွေကြီးတစ်ကောင်၏ မျက်နှာဖြစ်ပြီး ၎င်း၏ အေးစက်စက်မျက်လုံးများကမူ တဖျတ်ဖျတ် တောက်ပနေခဲ့သည်။ ၎င်း၏ ခေါင်းထိပ်တွင် လူငယ်လေးတစ်ဦးထိုင်နေ၏။ ရှည်လျားသော ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော ထိုလူငယ်တွင် ရှည်လျားသော ဆံပင်ရှည်များလည်းရှိသည်။ သူ့မျက်နှာသည်ကား အမျိုးသမီးတစ်ဦး၏ မျက်နှာကဲ့သို့ပင် ဖြစ်သည်။ ထိုလူငယ်သည် မယုံနိုင်လောက်အောင်ပင် ချောမောလှပသော်လည်း သူ့နှုတ်ခမ်းများထက်တွင် ကြောက်မက်ဖွယ် ဆိုးညစ်သော အပြုံးတစ်ခု ရှိနေခဲ့သည်။

ထိုအရာကတောင် စုမင်မြင်ခဲ့ရသော အကုန်မဟုတ်သေးပေ။ ပေ၁၀၀၀၀၀ အရွယ်အစားရှိ သားရဲရိုင်းသုံးကောင်နောက်တွင် အဆုံးမရှိသော တိမ်စိုင်မည်းများသည် အနက်ရောင်မြူခိုးလွှာတစ်ခုအသွင် ပြိုကွဲသွားသည်နှင့် တစ်ပြိုင်နက် တစ်ချိန်က စုမင်အား ကျောရိုးထဲမှပင် ထိတ်လန့်တုန်လှုပ်စေခဲ့ဖူးသည့် နှုတ်သီးရှည် မက်ကရယ်ငါးကြီးကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

၎င်းသည် ကောင်းကင်အား ပင်လယ်ပြင်အဖြစ် အသုံးပြု၍

ကမ်းခြေဆီသို့ ခုန်လွှားကူးခပ်နေခဲ့သည်။ ၎င်း၏ အလွန်အင်မတန်ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ တိမ်စိုင်ပင်လယ်ကြီးထဲတွင် ဖုံးကွယ်ခံထားရပြီး ထိုငါးကြီး၏အရွယ်အစားအား ပေဖြင့်တောင် တိုင်းတာ၍မရပဲ လီဖြင့်သာ တိုင်းတာနိုင်ချေသည်။

စုမင်နှင့် ဝူတုတို့ ယခင်ကကြားခဲ့ရသော စုမင်နှင့် ရင်းနှီးနေသည့် ထိုအသံများသည် နှုတ်သီးရှည်မက်ကရယ်ငါးကြီးထံမှ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

ထိုငါးပေါ်တွင် အမျိုးသမီးတစ်ဦး ရှိနေသည်။ အမျိုးသမီး၏ မျက်နှာကို မမြင်ရသော်လည်း နှုတ်သည်းရှည်ငါးကြီး ကောင်းကင်မှ ခုန်လွှားထွက်ပေါ်လာသောအခါ သူမ၏ လှပတင့်တယ်သောပုံရိပ်ကို တိမ်ပင်လယ်အားဖြတ်၍ တွေ့မြင်နိုင်ပေသည်...

မျက်စိရှေ့မှ တိုက်ပွဲကွင်းပြင်ကြောင့် စုမင် ထိတ်လန့်တုန်လှုပ် သွားရသည်။ ဤအရာမှာ ယခုလို အကြီးစားတိုက်ပွဲမျိုးကို သူပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ဤကဲ့သို့ သူ့စိတ်အပေါ် တုန်လှုပ်ဖွယ် အကျိုးသက်ရောက်မှုသည် စုမင်အား အသက်ရှူ မွန်းကျပ်သွားရတော့မလိုပင် ခံစားလိုက်ရစေသည်။

အချိန်အတော်ကြာပြီးနောက်တွင်တော့ စုမင်မျက်လုံးများအတွင်း တောက်ပသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး အလင်းတန်းရှည်တစ်ခုအသွင် ပြောင်း၍ ကောင်းကင်မြူခိုးမြို့တော်ဆီ ဦးတည်လိုက်တော့သည်။

သူလည်း စစ်ပွဲတွင် ပါဝင်ဆင်နွှဲပေမည်။

***

All Chapters