အခန်း (၂၃၉-၂၄၀)
Vol. 9 Ch. 239-240
အခန်း ၁၃၉ - စည်းမျဉ်းများအတွင်းမှ တန်ဖိုးကြီး လက်ဆောင်
ကောင်းကင်နှင့် မြေကြီးသည် တွင်းနက်ကြီးတစ်ခုပမာ မှောင်မိုက်နေခဲ့၏။
လျှို့ယွီ ပင်မနယ်မြေသည် အလွန်ကျယ်ဝန်းပြီး အဆင့်မြင့် မီးစမ်းရေများ စီးဆင်းနေကာ လင်းလက်တောက်ပနေလေသည်။ ထို့ပြင် တစ်နယ်လုံး၌ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
သံမဏိကဲ့သို့ မာကျောသော အပြာရောင် ကျောက်တုံးများဖြင့် အဓိက တည်ဆောက်ထားသည့် ဧရာမ အဆောက်အအုံကြီးသည် နှစ်ကာလများစွာ ကြာမြင့်နေပြီဖြစ်သော ခံစားချက်ကို ပေးစွမ်းနေသည်။ သမိုင်းတစ်လျှောက် နာမည်ကျော်ကြားလှသော သိုင်းပညာရှင်များစွာ ဒီနေရာသို့ ဝင်ရောက်ခဲ့ဖူးကြလေသည်။
ဧည့်ခန်းမှာ အလွန် ကျယ်ဝန်းလှသည်။ ဆံပင်နှင့် မုတ်ဆိတ်မွေးများအားလုံး ရွှေဖျော့ရောင် ဖြစ်နေသော အကြီးအကဲတစ်ဦးက စကားစတင်လိုက်သည်။
“ချွေချန်ချင်း မင်း ဒီကို ဘာလာလုပ်တာလဲ”
သစ်မည်းလက်ဖက်ရည်စားပွဲသည် အတော်လေး ထူထဲလေးလံကာ အရောင်အသွေး ရင့်ရင့်ရှိပြီး သဘာဝ သစ်သားအကြောများက တောင်တန်းနှင့် မြစ်ပြင်များ၏ အရိပ်သဏ္ဍာန်ကဲ့သို့ ဖြစ်နေသည်။ လက်ဖက်ရည်နံ့ သင်းပျံ့နေသော်လည်း တိတ်ဆိတ်စွာ ထိုင်နေကြသော လူနှစ်ဦးစလုံးက လက်ဖက်ရည်ခွက်ကို မထိကြပေ။
“နှစ်ပေါင်းများစွာ မတွေ့ရတာကြာလို့ မိတ်ဆွေဟောင်းကို သတိရတာနဲ့ တကူးတက လာရောက်ဂါရဝပြုတာ”
ချွေချန်ချင်းက ပြုံးလိုက်သည်။ သူ၏ စိမ်းလန်းသော ဆံပင်ရှည်များထံမှ သစ်ပင်ပန်းမန်များ၏ လတ်ဆတ်သော အငွေ့အသက်များ စီးဆင်းနေခဲ့၏။
ရွှေရောင်ဆံပင်နှင့် ရွှေရောင်မုတ်ဆိတ်များရှိသော အကြီးအကဲက သူ့ကို ကြည့်လိုက်ပြီး မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ပြောလိုက်သည်။
“အရင်တုန်းက ငါ့ဆရာရဲ့ နာမည်နဲ့ မင်းတို့ ချွေမိသားစုက ကလေးကို လျှို့ယွီ နှလုံးသားကျင့်စဉ် ပထမပိုင်းကို ကြိုတင်သင်ယူခွင့်ပေးပြီး ချွင်းချက်အနေနဲ့ လုပ်ပေးခဲ့ပြီးပြီ ကိစ္စမရှိရင် နောက်ထပ် ထပ်မလာနဲ့တော့”
သူ၏အမည်မှာ ကျိုးရှီကျယ် ဖြစ်သည်။ ရွှေဖျော့ရောင် ဆံပင်နှင့် မုတ်ဆိတ်များသည် လျှို့ယွီ စွမ်းအားကို အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ထားခြင်းကြောင့် ဖြစ်ပြီး သူ၏ မျက်လုံးသူငယ်အိမ်များပင်လျှင် ရွှေဖြင့် သွန်းလုပ်ထားသည့်အလား ဖြစ်နေကာ ကျင့်ကြံမှု အလွန်နက်နဲလေသည်။
ချွေချန်ချင်း၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး ရုပ်ရည်မှာ မအိုမင်းသေးဘဲ အသက်သုံးဆယ်ဝန်းကျင်သာ ရှိပုံရသည်။ သူက လက်အုပ်ချီကာ ပြောလိုက်သည်။
“အရင်တုန်းက အဲဒီကလေးရဲ့ အဖေနဲ့ ငါ အတူလာပြီး စစ်မှန်တဲ့ ကျင့်စဉ်ကို တောင်းခံခဲ့တာ အစ်ကိုကျိုးကို ထပ်ပြီး ကျေးဇူးတင်ချင်သေးတယ်”
ချက်ချင်းဆိုသလိုပင် သူက ထပ်ဖြည့်ပြောလိုက်သည်။
“အဲဒီကလေးက မျှော်လင့်ချက်တွေကို မဖျက်ဆီးခဲ့ဘူး အသက်ဆယ့်ငါးနှစ်နဲ့တင် ထူးခြားတဲ့သူ ဖြစ်နေပြီ သူ့ရဲ့ ဘဝသစ်ရရှိခြင်း ကိုးကြိမ်ကလည်း ပြည့်စုံသွားပြီ လျှို့ယွီ စွမ်းအားရဲ့ အနှစ်သာရကို နားလည်သဘောပေါက်ပြီး ဆေးစွမ်းကောင်းတွေ မစားဘဲ သဘာဝအတိုင်း ရုပ်ခန္ဓာ သူတော်စင် အဆင့်ကို ခြေချနိုင်ဖို့ပဲ ကျန်တော့တယ်”
“အဲဒါဆိုရင်တော့ လျှို့ယွီ နှလုံးသားကျင့်စဉ်ကို သိက္ခာမချတာပါပဲ”
ကျိုးရှီကျယ်က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာသွင်ပြင် အနည်းငယ် ကောင်းမွန်လာပြီး မျက်လုံးများထဲတွင် ရွှေရောင်အလင်းများ စီးဆင်းသွားကာ မေးလိုက်သည်။
“ဒါဆို မင်းက ဘာကိစ္စအတွက် လာတာလဲ”
ချွေချန်ချင်းက လက်ဖက်ရည် တစ်ငုံခန့် သောက်လိုက်ပြီး ပြောလိုက်သည်။
“ချုံရွှမ်က ရိုးသားတဲ့ ကလေး သူက ထူးခြားတဲ့သူ ဖြစ်နေပြီ ဆိုပေမယ့် အပြင်လူတွေရဲ့ အန္တရာယ်ပြုမှာကို စိုးရိမ်လို့ ဒီနေ့ ငါလာခဲ့တာ မိတ်ဆွေဟောင်း အနေနဲ့ နည်းနည်းလောက် စောင့်ရှောက်ပေးဖို့ အထူးတောင်းဆိုချင်လို့”
ကျိုးရှီကျယ်က အေးစက်စက် အသံဖြင့် ပြောလိုက်သည်။
“မင်းစကားထဲမှာ အဓိပ္ပါယ်တွေ ပါနေတယ် သူသာ ထူးခြားတဲ့သူ ဖြစ်ပြီး အဓိက တပည့် ရွေးချယ်ပွဲကို အောင်မြင်သွားရင် ငါတို့ လျှို့ယွီ ပင်မနယ်မြေမှာ ဘယ်သူက သူ့ကို အန္တရာယ် ပေးနိုင်မှာလဲ”
ချွေချန်ချင်းက ရှင်းပြလိုက်သည်။
“ငါ့အိမ်မှာ မွေးထားတဲ့ ဆိုးသွမ်းတဲ့ မျောက်တစ်ကောင် ရှိတယ် လတ်တလော စကားအရမ်း နားမထောင်ဘူး အခု လျှို့ယွီ ပင်မနယ်မြေကို ရောက်နေပြီ အဲဒီမျောက် အကြမ်းဖက်မှာကို ငါစိုးရိမ်လို့”
“မင်းအိမ်က ကလေးက ထူးခြားတဲ့သူ တစ်ယောက်အနေနဲ့ လုံလောက်တဲ့ အင်အားရှိရင် မျောက်တစ်ကောင်ကို ကြောက်နေဦးမှာလား ပြီးတော့ အဲဒီမျောက်က ငါတို့ ဂိုဏ်းကို ဝင်လာရင် လျှို့ယွီ ရဲ့ တပည့်ဖြစ်သွားပြီ”
ကျိုးရှီကျယ်က သစ်မည်းလက်ဖက်ရည်စားပွဲ အနောက်ဘက်တွင် ထိုင်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
“မျောက်က ဆိုးသွမ်းပြီး အလွန် ကြမ်းတမ်းတယ် ငါတို့အိမ်က ချုံရွှမ်က စိတ်ထား ဖြူစင်လွန်းတော့ သူ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ကြုံရမှာကို စိုးရိမ်မိတယ်”
ချွေချန်ချင်းက ထိုနေရာသို့အရောက်တွင် ညာလက်ဖြင့် လေဟာပြင်ထဲ၌ ဖွဖွလေး လှီးဖြတ်လိုက်သည်။ အလင်းတန်းတစ်ခုက ထက်မြက်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ကျိုးရှီကျယ်၏ မျက်နှာက အေးစက်သွားပြီး ရွှေဖျော့ရောင် ဆံပင်များက ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ လွင့်ခါသွားကာ ပြောလိုက်သည်။
“မင်းက ဘာသဘောလဲ ငါတို့ လျှို့ယွီမှာ ရိုင်းရိုင်းစိုင်းစိုင်း လာလုပ်ရဲတာလား”
ချွေချန်ချင်းက ရယ်မောလိုက်သည်။
“အစ်ကိုကျိုး ခင်ဗျား အထင်မလွဲနဲ့ ငါ့မှာ တခြားရည်ရွယ်ချက် မရှိဘူး ချုံရွှမ်အတွက် စိုးရိမ်လို့ အရင်တုန်းက ခင်ဗျား စစ်မှန်တဲ့ ကျင့်စဉ်ကို ပေးသနားခဲ့တော့ သူက ခင်ဗျားရဲ့ တပည့်တစ်ဝက်လို့ ဆိုလို့ရတယ်လေ သူ ဒုက္ခရောက်တာကို ကြည့်မနေနိုင်လို့”
ကျိုးရှီကျယ်က ပြန်ပြောလိုက်သည်။
“သူ လျှို့ယွီ ပင်မနယ်မြေမှာ ရှိနေသရွေ့ အရာအားလုံးက စည်းမျဉ်းအတိုင်းပဲ သွားမှာ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”
ထို့နောက် သူက သတိပေးလိုက်လေသည်။
“မင်းကို ပြဿနာ မရှာဖို့ ငါအကြံပေးမယ် လျှို့ယွီ ပင်မနယ်မြေက အပြင်လူတွေ ဝင်စွက်ဖက်တာကို ခွင့်မပြုဘူး နဂါးရဲ့ ပြောင်းပြန်အကြေးခွံကို ထိရဲတဲ့သူ မှန်သမျှ သေချာပေါက် သတ်ပစ်မယ်”
“ငါလည်း နားလည်တယ် အရာအားလုံးမှာ စည်းမျဉ်းဆိုတာ ရှိတယ်လေ”
ချွေချန်ချင်းက ရယ်မောလိုက်သည်။ အသက်တစ်ရာကျော်နေပြီ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်၌ သစ်ပင်ပန်းမန်များ၏ လတ်ဆတ်သော အငွေ့အသက်များ ပြည့်နှက်နေပြီး လူငယ်လူရွယ် အများစုထက်ပင် ပိုမို ရှင်သန်တက်ကြွနေပုံရ၏။
ဒါက ကမ္ဘာမြေတွင် ရှင်သန်ခြင်း ကျင့်စဉ်၏ ထူးခြားချက် ဖြစ်သည်။ ၎င်းသည် သက်တမ်းကို ရှည်စေနိုင်ရုံသာမက လူတစ်ဦးကို အမြင့်ဆုံး အခြေအနေတွင် အချိန်ကြာမြင့်စွာ တည်ရှိနေစေနိုင်သည်။
သူသည် ပိုးချည်ဘူး တစ်ဘူးကို ထုတ်ကာ သစ်မည်းလက်ဖက်ရည်စားပွဲပေါ် တင်လိုက်ပြီး ရှေ့သို့ တွန်းပို့လိုက်သည်။
“မင်းက ဘာသဘောလဲ”
ကျိုးရှီကျယ်က မလှုပ်ရှားသော်လည်း သူ၏ မျက်လုံးများက အနည်းငယ် စူးရှသွားခဲ့သည်။
ချွေချန်ချင်းက ပြုံးလျက် ပြောလိုက်သည်။
“မိတ်ဆွေဟောင်းကို လာကြည့်တာ လက်ဗလာနဲ့တော့ လာလို့ မဖြစ်ဘူးလေ ခင်ဗျားက ဓားလက်နက်တွေကို သဘောကျတယ်ဆိုတာ ငါသိတယ် ဒီဓားက ညအမှောင် ကမ္ဘာရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ထွက်ပေါ်လာတာ နှစ်တစ်ထောင် ကြာသွားပေမယ့် အချိန်ကာလတွေက သူ့ရဲ့ တောက်ပမှုကို ဖုံးကွယ်မထားနိုင်ဘူး”
သူက ပိုးချည်ဘူးကို ဖွင့်လိုက်သောအခါ အရောင်ငါးမျိုး ဖြာထွက်နေသည့် တစ်ပေခန့် ရှည်သော ဓားတိုတစ်လက် ပေါ်လာလေသည်။
ထို့နောက် ချွေချန်ချင်းက မှတ်စုစာအုပ် တစ်အုပ်ကို ထပ်ထုတ်ကာ ရှေ့သို့ တွန်းပို့လိုက်ရင်း ပြောလိုက်သည်။
“ဂိုဏ်းအသီးသီးက ဘိုးဘေးတွေဆီမှာ ကမ္ဘာမြေတွင် ရှင်သန်ခြင်း ကျင့်စဉ်ကို သိမ်းဆည်းထားကြမှာ သေချာတယ် ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေက နည်းနည်း ကွဲပြားသွားကြတယ် ဒါက ငါတို့ ချွေမိသားစု ဘိုးဘေးရဲ့ ကမ္ဘာမြေတွင် ရှင်သန်ခြင်း ကျင့်စဉ် ရဲ့ သက်တမ်းရှည်စေတဲ့ အပိုင်းနဲ့ ပတ်သက်တဲ့ နားလည်သဘောပေါက်မှုတွေပဲ အစ်ကိုကျိုး အကဲဖြတ်ကြည့်လှည့်”
ကျိုးရှီကျယ်၏ မျက်နှာက လေးနက်သွားသည်။ ယခုအချိန်တွင် ချွေမိသားစု၏ ဘိုးဘေးသည် ကမ္ဘာမြေတွင် ရှင်သန်ခြင်း ကျင့်စဉ် နှင့် ပတ်သက်၍ ထူးခြားသော အမြင်ရှိကြောင်း လူတိုင်း သိကြလေသည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က ချွေမိသားစု ဘိုးဘေးသည် အသက်အရမ်းကြီးနေပြီဖြစ်ကာ သေတော့မည်ဟု အားလုံးက ပြောဆိုခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော နှစ်နှစ်က လီမိသားစုမှ အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာပြီး လူများနှင့်အတူ ကျူးကျော်လာသောအခါ နှစ်ပေါင်းနှစ်ရာတိုင် တံခါးပိတ်ကျင့်ကြံရာမှ ချွေမိသားစု ဘိုးဘေးက အံ့ဩဖွယ် ထွက်လာခဲ့လေသည်။
ဒီမှတ်စုစာအုပ်က ကျိုးရှီကျယ်ကို စိတ်လှုပ်ရှားစေခဲ့သည်။ သူသည် ရွှေရောင်ဆံပင်နှင့် မုတ်ဆိတ်များ ရှိကာ လူလတ်ပိုင်း အရွယ်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ အသက်တစ်ရာ ကျော်နေပြီ ဖြစ်သည်။ လျှောက်ယွီ စွမ်းအားကို အောင်မြင်စွာ လေ့ကျင့်ထားသောကြောင့်သာ သူ၏ ကျင့်ကြံမှု နက်နဲကာ သက်ဝင်လှုပ်ရှားမှု အားကောင်းနေပြီး အိုမင်းသည့်လက္ခဏာ မပေါ်သေးခြင်း ဖြစ်၏။
“မိတ်ဆွေဟောင်း ဒါကို လက်ခံလိုက်ပါ မင်းကို အခက်တွေ့စေမှာ မဟုတ်ဘူး အားလုံးကို စည်းမျဉ်းအတိုင်းပဲ လုပ်ဆောင်လို့ ရတယ်”
ချွေချန်ချင်းက ပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ် အပြင်ဘက်တွင် စိမ်းပြာရောင် အလင်းတန်းများ စီးဆင်းလာကာ သူကိုယ်တိုင်လည်း ရှင်သန်တက်ကြွနေဆဲ ဖြစ်ကြောင်း ပြသနေခဲ့သည်။
...
လျှို့ယွီ ပင်မနယ်မြေတွင် မီးစမ်းရေများ တောက်ပနေပြီး မြူဖြူများ ရစ်သိုင်းနေကာ ရှုခင်းမှာ အလွန်တရာ သာယာလှပနေသည်။
ချင်မင်သည် ဒီနေရာသို့ ရောက်ရှိနေသည်မှာ နှစ်ရက်ရှိပြီ ဖြစ်ကာ ပထမဆုံး အကဲဖြတ်စစ်ဆေးမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
သူ့ကို ရွှေရောင်သစ်တောထဲတွင် နေရာချထားပေးသည်။ တကယ်တမ်းတွင် နေရာအသီးသီးမှ လာသော ထိပ်တန်း ပါရမီရှင် အများစုမှာလည်း ဒီနေရာ၌ ယာယီ နေထိုင်ကြလေသည်။
ဒီကျယ်ဝန်းလှသော သစ်တောမြေပြင်တွင် သစ်ပင် အမျိုးအစားအားလုံး၏ အရွက်များသည် ရွှေရောင်ဖြစ်နေသည်။ လျှောက်ယွီ ပင်မနယ်မြေက မည်သို့ ပြုစုပျိုးထောင်ထားမှန်း မသိနိုင်ပေ။
ဥပမာအားဖြင့် ထိုနှစ်ထောင်ချီ သက်တမ်းရှိသော ထင်းရှူးပင်ကြီးသည် အစိမ်းရောင် ရှိသင့်သော်လည်း တစ်ပင်လုံး ကြည်လင်တောက်ပနေသည်။ ထင်းရှူးရွက်များအားလုံးမှ ရွှေရောင်အလင်းများ စီးဆင်းနေပြီး ပိုမို ပြင်းထန်သော ထင်းရှူးနံ့များ ပျံ့လွင့်နေခဲ့သည်။
ရေကန်ထဲရှိ ကြာပန်းများပင်လျှင် ရွှေရောင်ပန်းပွင့်များ ဖူးပွင့်နေကြပြီး ရွှေရောင်အရွက်များ ထွက်ပေါ်နေကာ အခြားအရာများနှင့် လုံးဝ ကွဲပြားနေ၏။
ထို့ပြင် ဒီနေရာရှိ မီးစမ်းရေများမှာ အနီရောင် မဟုတ်ဘဲ ဖျော့တော့သော ရွှေရောင်အလင်းများ ပြည့်နှက်နေကာ သစ်တောကို ဖြတ်သန်းစီးဆင်းသွားပြီး ထူးခြားလှပသော ရှုခင်းကို ဖန်တီးပေးထားသည်။
သစ်တောထဲတွင် တစ်ယောက်တစ်လုံး နေထိုင်နိုင်သော သစ်သားအိမ်လေးများစွာ ရှိသည်။ ယခုအခါ လူဒါဇင်ပေါင်းများစွာ ဝင်ရောက်နေထိုင်နေကြပြီး သူတို့အားလုံးမှာ အဓိက တပည့် ရွေးချယ်ပွဲတွင် ပါဝင်မည့် လူငယ်များ ဖြစ်ကြသည်။
သာမန် တပည့်များနေရာတွင် လူဦးရေ ပိုများပြားပြီး အခြားအစီအစဉ်များ ရှိလေသည်။
ယွီချင်း၊ ချင်ထျန်းနှင့် လျှောက်ယွီတို့သည် တပည့်ရွေးချယ်ရေး သတ်မှတ်ချက်များကို ဖြေလျှော့ပေးခဲ့သောကြောင့် ဒီနှစ်တွင် စာရင်းသွင်းသော လူငယ်အရေအတွက်သည် အရင်ကထက် အများကြီး ပိုများနေခဲ့သည်။
“မင်းတို့ သိကြလား ဒီနေရာက သစ်ပင်တွေ ဘာလို့ ရွှေရောင်ဖြစ်နေရလဲဆိုရင် ဘိုးဘေးရဲ့ အငယ်ဆုံး တပည့်က ဒီမှာ တံခါးပိတ်ကျင့်ကြံဖူးလို့တဲ့ လျို့ယွီ နှလုံးသားကျင့်စဉ်ကနေ သူကိုယ်ပိုင် အလင်းစွမ်းအားကို နားလည်သဘောပေါက်သွားတာ သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာတဲ့အချိန် မျက်လုံးဖွင့်လိုက်တာနဲ့ ရွှေရောင် သူငယ်အိမ်တွေကနေ နတ်ဘုရားအလင်းတန်းတွေ လှည့်ပတ်သွားပြီး သူဖြတ်သွားတဲ့ နေရာတိုင်းမှာ သစ်ပင်တွေက ရွှေရောင်ပြောင်းသွားတာ ဒီနေရာက သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေနဲ့ စွန်းထင်းသွားတာပေါ့”
ဒီနေရာတွင် နေထိုင်သော လူငယ်များမှာ သတင်းအချက်အလက် အလွန်ကောင်းမွန်ကြသဖြင့် ထိုကဲ့သို့သော လျှို့ဝှက်ချက်များကိုပင် သိရှိနေကြသည်။
“ဘိုးဘေးရဲ့ အငယ်ဆုံး တပည့်က အသက်ဘယ်လောက် ရှိပြီလဲ”
တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။
“အင်း သေချာတော့ မသိဘူး ဒါပေမယ့် ဒီဘိုးဘေးငယ်ရဲ့ တပည့်မြေးဆက်တွေ ဥပမာ အကြီးအကဲ ကျိုးရှီကျယ် ဆိုရင် အသက်တစ်ရာကျော်လောက် ရှိနေပြီ ထင်တယ်”
ရွှေရောင်သစ်တောထဲတွင် တဖြည်းဖြည်း စည်ကားလာခဲ့သည်။ နောက်ဆုံးနှစ်ရက်သို့ ရောက်သောအခါ လူငါးဆယ်ကျော် ရှိနေပြီ ဖြစ်သည်။
ချင်မင်မှာမူ အလွန် နှိမ့်ချစွာ နေထိုင်ပြီး လူလုံးမပြလှပေ။
သူသည် ထူးခြားသူ နှစ်ဦးကို တွေ့ရှိခဲ့သည်။ တစ်ဦးမှာ မျက်ခုံးများ ထောင်တက်နေပြီး အလွန် ချောမောသော ချောင်းဝူကျိ ဖြစ်ကာ ချင်းရွေ့မြို့ရှိ ခရမ်းရောင်ဝါးတောတွင် တွေ့ခဲ့ဖူးလေသည်။
နောက်တစ်ဦးမှာမူ အေးစက်ပြီး လှပသော အသွင်အပြင်ရှိသည့် အနက်ရောင် ဝတ်စုံနှင့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ စွမ်းရည်မှာ အလွန် အားကောင်းလှသည်။ ရေကန်ဘေးရှိ နေရာအကောင်းဆုံး သစ်သားအိမ်အတွက် ချောင်းဝူကျိနှင့် လုယက်ကြစဉ် လူနှစ်ဦး အချင်းချင်း လက်သီးချင်း ဖလှယ်ခဲ့ကြရာ ထိုမိန်းကလေးက ချောင်းဝူကျိအား ခြေသုံးလှမ်း နောက်ဆုတ်သွားစေခဲ့သဖြင့် အားလုံးကို ချက်ချင်း အံ့ဩမှင်တက်သွားစေခဲ့၏။
လူအများစုအတွက် ချောင်းဝူကျိမှာ သူစိမ်းမဟုတ်ပေ။ အကြောင်းမှာ သူသည် ညသတင်းစာများတွင် အကြိမ်ပေါင်းများစွာ ဖော်ပြခံခဲ့ရသော ပါရမီရှင် တစ်ဦးဖြစ်ပြီး မြို့ကြီးအသီးသီးတွင် နာမည်ကျော်ကြားနေပြီး ဖြစ်သောကြောင့်ပင်။
ထိုအချိန်မှသာ အနက်ရောင် ဝတ်စုံနှင့် မိန်းကလေးသည်လည်း ထိပ်တန်း ထူးခြားသူ တစ်ဦးဖြစ်ကြောင်း လူတိုင်း သိရှိသွားကြတော့သည်။
ပြင်ပလောကမှ ကောလာဟលများထဲရှိ ထူးခြားသူများကို လျှို့ယွီ ပင်မနယ်မြေသို့ ရောက်လာပြီးနောက် နှစ်ဦးတောင် တွေ့လိုက်ရသဖြင့် ချင်မင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ယခုအချိန်အထိ သူသည် ထူးခြားသူများနှင့် တစ်ခါမှ လက်ရည်မယှဉ်ဖူးသေးပေ။
ယေဘုယျအားဖြင့် ဆိုရလျှင် ယခင်က သူ၏ ပြိုင်ဘက်များထဲတွင် ယွီကျောက်ဟန်သာ အနည်းငယ် ထင်ရှားပြီး ကျန်သူများ၏ အဆင့်အတန်း မှာ ထိုမျှ မမြင့်မားလှပေ။
“လူငယ် ထူးခြားသူတွေက တကယ်ကို အားကောင်းကြတာပဲ”
ချင်မင်က လေးနက်တည်ကြည်စွာဖြင့် သုံးသပ်လိုက်သည်။
သူသည် မိမိကိုယ်တိုင် ပြိုင်ဘက်ကို အထင်သေးမိပြီး အလူးအလဲ ရှုံးနိမ့်ခြင်းမျိုး မဖြစ်စေရန် ပြိုင်ဘက်များကို အမြဲတမ်း အထင်ကြီးတတ်လေသည်။
“ငါတို့ ဒီတစ်ခေါက် ဘယ်လို စစ်ဆေးမှု လုပ်မလဲဆိုတာ မင်းတို့ သိကြလား ကြားရသလောက်တော့ ဒီကမ္ဘာကြီးရဲ့ အစစ်အမှန် မျက်နှာစာကို သွားကြည့်ရမယ်တဲ့ အဲဒီမှာ ရှားပါးတဲ့ ဝိညာဉ် ပစ္စည်းတွေ ရှိပေမယ့် အလွန်လည်း အန္တရာယ်များတယ် ပိုကောင်းကောင်း ရှင်သန်နိုင်ဖို့ ငါတို့ ပူးပေါင်းဖို့ လိုအပ်လိမ့်မယ်”
လျှို့ယွီ ပင်မနယ်မြေတွင် အဆက်အသွယ် ရှိသော လူငယ်အချို့က ထိုကဲ့သို့သော သတင်းများကို စုံစမ်းသိရှိလာခဲ့ကြသည်။
“လျှို့ယွီ က အကြီးအကဲ ပြောတာတော့ တစ်ယောက်တည်း သွားသွား အဖွဲ့လိုက် သွားသွား အားလုံးရတယ် သဘောပဲတဲ့”
ထိုသို့ ကျယ်ပြန့်သော သတ်မှတ်ချက်များကြောင့် လျှို့ယွီမှ လူများက မည်သို့ စဉ်းစားထားကြောင်းနှင့် မည်သို့ အသေးစိတ် စစ်ဆေးမည်ကို မသိရသဖြင့် လူငယ်များအားလုံးမှာ အနည်းငယ် စိတ်မချ ဖြစ်နေကြသည်။
တစ်ယောက်က စကားစလိုက်သည်။
“ငါထင်တာတော့ အဲဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ အဖွဲ့လိုက် သွားတဲ့သူတွေလည်း နောက်ဆုံးကျရင် မလွှဲမရှောင်သာ ကွဲကွာသွားရမှာမို့ သူတို့က ဒီလောက် လွတ်လပ်ခွင့် ပေးထားတာနေမယ် ဒါပေမယ့် ကနဦး အဆင့်မှာတော့ ငါတို့ ပူးပေါင်းလှုပ်ရှားတာက ပိုကောင်းတယ် လုံခြုံရေးအတွက် အာမခံချက် ရှိသလို ခွန်အားလည်း သက်သာစေတယ်လေ”
“အစ်ကိုချောင်း ငါတို့ အတူတူ သွားကြရအောင်”
“အစ်ကိုချောင်း”
ချက်ချင်းဆိုသလိုပင် ချောင်းဝူကျိအနီးတွင် လူများ ဝိုင်းအုံသွားကြသည်။ ယောကျာ်းလေးရော မိန်းကလေးပါ ပါဝင်ပြီး ဒီနေရာသို့ လာရောက်ကာ စစ်ဆေးမှု ခံယူရဲသူများ ဖြစ်သောကြောင့် သူတို့တွင် ယုံကြည်မှု အနည်းနှင့်အများတော့ ရှိကြသည်။ သို့သော် ချောင်းဝူကျိနှင့် ထိုအနက်ရောင် ဝတ်စုံနှင့် မိန်းကလေးကို မယှဉ်နိုင်ကြောင်း သူတို့ အသေအချာ သိထားကြ၏။
ထို့ကြောင့် သူတို့သည် ရည်မှန်းချက်ကို လျှော့ချကာ အဆင့်သုံး၊ အဆင့်လေး သို့မဟုတ် အဆင့်ငါး နေရာအတွက်သာ ကြိုးစားကြတော့သည်။ စမ်းသပ်မှုကို အောင်မြင်ပါက အဓိက တပည့် ဖြစ်လာနိုင်မည် ဖြစ်သည်။
ထို့ပြင် မာနကြီးပြီး အေးစက်သော အနက်ရောင် ဝတ်စုံနှင့် မိန်းကလေး ကျောက်ယာ၏ အနီးတွင်လည်း လူများစွာ ဝိုင်းအုံနေကြပြီး သူမနှင့် အတူ သွားချင်နေကြသည်။
ချင်မင်က တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။ ထိုလူများသည် ချောင်းဝူကျိနှင့် ကျောက်ယာတို့ကို တကယ်ပဲ အရှုံးပေးပြီး လက်ခံသွားကြတာလား။ ထိုသို့လည်း မဖြစ်နိုင်ပေ။ အချို့က သူတို့နှစ်ဦးကို အသုံးချပြီး လမ်းဖွင့်ခိုင်းကာ အချိန်တန်လျှင် ကိုယ်တိုင် လက်မရွှဲဘဲ ခွန်အား သက်သာအောင် သီးသန့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းမျိုးလည်း ဖြစ်နိုင်လေသည်။
“အစ်ကိုချင် ရှင် သူတို့နဲ့ သွားပြီး အဖွဲ့မဖွဲ့တော့ဘူးလား”
ချင်မင်၏ သူငယ်ချင်း အဝါရောင် ဝတ်စုံနှင့် မိန်းကလေး ကျိုးလိုင်က မေးလိုက်သည်။
“ကျောက်ယာက နည်းနည်း အေးစက်တော့ စကားပြောရတာ အဆင်မပြေဘူး ငါတို့ ချောင်းဝူကျိနဲ့ပဲ သွားပြီး အဖွဲ့ဖွဲ့ရအောင်”
အခြား အိမ်နီးချင်း တစ်ဦးဖြစ်သူ ဟွမ်ချန်က အကြံပြုလိုက်သည်။
“အချိန်တန်ရင် ဆက်ပြောကြတာပေါ့”
ချင်မင်က ပြန်ပြောလိုက်သည်။
ထိုနှစ်ဦး ထွက်သွားကြသည်။ သူတို့၏ သူငယ်ချင်းအသစ်မှာ အသံတိတ် မာနကြီးသူ တစ်ဦးဖြစ်ပြီး တစ်ကိုယ်တော် လှည့်လည်သူ လုပ်ချင်နေပုံရသည်ဟု တွေးလိုက်မိကြ၏။
ထိုနေ့တွင်ပင် ချွေချုံရွှမ် ရောက်ရှိလာပြီး အချိန်ကိုက်ပင် ရောက်လာခဲ့ခြင်း ဖြစ်သည်။
“ချွေမိသားစုရဲ့ မျိုးဆက်သစ် ထူးခြားသူပဲ”
ခိုင်မာသော သတင်းအရင်းအမြစ် ရှိသူအချို့က ချွေချုံရွှမ်၏ ကိုယ်ရေးအချက်အလက်ကို ပထမဆုံး အချိန်မှာပင် သိရှိသွားကြသည်။
ရွှေရောင်သစ်တောထဲတွင် ချွေချုံရွှမ်က သစ်သားအိမ်တစ်အိမ်ကို ရွေးချယ်ကာ အတော်လေး နှိမ့်ချစွာဖြင့် ဝင်ရောက်နေထိုင်လိုက်သည်။
မကြာမီ သူသည် ချင်မင်ကို မြင်သွားခဲ့သည်။ ခဏတာမျှ သူ၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း နောက်ဆုံးတွင်တော့ ကိုယ်တိုင် လျှောက်လာခဲ့ပြီး တိုးတိတ်စွာ ခေါ်လိုက်သည်။
“အစ်ကို”
ချင်မင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
“မနက်ဖြန် အစွမ်းကုန် ကြိုးစားပြီး သေချာလေး လုပ်ပြလိုက်”
လူအများအပြား အံ့ဩသွားကြသည်။ ခပ်လှမ်းလှမ်းတွင် ရှိနေသဖြင့် သူတို့ ဘာပြောနေသည်ကို မကြားရသော်လည်း ထိုနှိမ့်ချစွာ နေတတ်သော ကောင်လေးသည်လည်း နောက်ခံတစ်ခုခု ရှိနေပုံရကြောင်းကိုတော့ သတိပြုမိသွားကြလေသည်။
“မင်းပဲ”
ချောင်းဝူကျိ လျှောက်လာခဲ့သည်။ ချင်းရွေ့မြို့ ခရမ်းရောင်ဝါးတောထဲတွင် ကောင်းကင်အလင်း စွမ်းအားဖြင့် အရောင်ရှစ်မျိုး တောက်ပအောင် ပြသနိုင်ခဲ့သော လူငယ်လည်း ရောက်နေကြောင်းကို သူ ယခုမှပင် သတိထားမိသွား၏။
“အစ်ကိုချောင်း ပြန်တွေ့ကြပြန်ပြီပဲ”
ချင်မင်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ အနီးကပ် လေ့လာကြည့်သောအခါ ထူးခြားသူများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို သူ ပို၍ပင် နားလည်လာခဲ့သည်။ ချောင်းဝူကျိ၏ တစ်ကိုယ်လုံးရှိ သက်ဝင်လှုပ်ရှားမှုမှာ အလွန်တရာ အားကောင်းနေခဲ့သည်။
အရေးကြီးဆုံးမှာ ချောင်းဝူကျိသည် ရုပ်ခန္ဓာ သူတော်စင် အဆင့်သို့ ခြေချသွားပြီဟု ထင်ရပြီး ပြီးခဲ့သည့် အကြိမ်က တွေ့ခဲ့သည်ထက် သိသိသာသာ ပိုမို အားကောင်းနေပုံရသည်။
ယင်းက အနက်ရောင် ဝတ်စုံနှင့် မိန်းကလေး ကျောက်ယာသည်လည်း ရုပ်ခန္ဓာ သူတော်စင် တစ်ဦး ဖြစ်နေပြီဟု အဓိပ္ပါယ်ရလေသည်။
လူအများ အံ့ဩသွားကြပြီး အားလုံး လှမ်းကြည့်လာကြသည်။ ထူးခြားသူ နှစ်ဦးစလုံးက ထို ချင်မင်ဆိုသူနှင့် သိကျွမ်းနေကြခြင်းပင်။
အနက်ရောင် ဝတ်စုံနှင့် မိန်းကလေး ကျောက်ယာသည် ချင်မင်၏ နာမည်ကို ခေါ်သံ ကြားလိုက်သောအခါ ပေါ့ပါးစွာ လျှောက်လာခဲ့ပြီး ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
“မင်းက ချင်မင် ဆိုတာလား”
“ဟုတ်တယ်”
ချင်မင်သည် အရင်က သူမနှင့် မည်သို့မျှ အဆက်အသွယ် မရှိခဲ့ကြောင်း သေချာနေခဲ့သည်။
“ငါ့ရဲ့ အစ်ကိုဝမ်းကွဲက ယွီကျောက်ဟန်လေ”
ကျောက်ယာက ပြောလိုက်သည်။ ရေခဲတောင် အရည်ပျော်ကျသွားသကဲ့သို့ နှင်းကြာပန်းလေး ပွင့်လာသကဲ့သို့ သူမ၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာပြီး အလွန်တရာ တောက်ပနေခဲ့သည်။
“အာ ကိုယ့်လူတွေပဲ ဖြစ်နေတာကိုး ငါနဲ့ သူကလည်း ရန်ဖြစ်ရင်းနဲ့ ခင်သွားကြတာလေ”
ချင်မင်က ချက်ချင်းပင် ဖော်ရွေသွားခဲ့သည်။
“ဒါပေမယ့် သူက ငါ့ကို မင်းကို သင့်တော်သလို ထုထောင်းပေးလိုက်ဦးလို့ ပြောထားတယ်”
ကျောက်ယာက ပြန်ပြောလိုက်သည်။
ပြီးခဲ့သည့် အကြိမ်က လက်သံပေါ့သွားသည်ဟု ချင်မင် ခံစားလိုက်ရသည်။ ယွီကျောက်ဟန်က အခုထိ မကျေနပ်သေးဘဲ ရင်ထဲတွင် အငြိုးထားကာ သူ၏ ညီမဝမ်းကွဲကို လက်စားချေပေးစေချင်နေပုံရ၏။
နောက်တစ်နေ့တွင် လျှို့ယွီ ပင်မနယ်မြေမှ အကြီးအကဲ တစ်ဦးက လူငယ်အချို့ကို ခေါ်ဆောင်လာပြီး ပြောလိုက်သည်။
“ကြားသင့်တာ သိသင့်တာတွေကို မင်းတို့ အားလုံး နားလည်ပြီးကြလောက်ပြီမလား ငါ အများကြီး မပြောချင်တော့ဘူး ငါတို့ တိုက်ရိုက်ပဲ ထွက်ခွာကြမယ်”
“အကြီးအကဲ ငါတို့ ဘယ်သွားမှာလဲ ဘာမှလည်း မသိရသေးဘူးလေ”
တစ်ယောက်က ဝင်ပြောလိုက်သည်။
“ကမ္ဘာကြီးရဲ့ အစွန်းကိုပဲ”
လူငယ်တပည့် တစ်ဦးက သူ့ကို ပြန်လည် ဖြေကြားလိုက်သည်။
ထိုအကြီးအကဲက ပြောလိုက်သည်။
“အင်း ပင်မနယ်မြေထဲမှာ စစ်ဆေးတာက သိပ်ပြီး အဓိပ္ပါယ်မရှိဘူး မင်းတို့ကို တိုက်ခိုက်ခိုင်းရင် အတွင်းပိုင်း အင်အားကုန်ခမ်းမှု ဖြစ်သွားလိမ့်မယ် မင်းတို့ကို ကမ္ဘာကြီးရဲ့ မူလ မျက်နှာစာကို ခေါ်သွားပြီး အဲဒီမှာပဲ မင်းတို့ရဲ့ ပြင်းထန်တဲ့ ခွန်အားတွေကို ကုန်ဆုံးစေတာ ပိုကောင်းတယ်”
ဧရာမ ငှက်ကြီးနှစ်ကောင်သည် တောင်ပံများကို ဖြန့်ကားလိုက်ပြီးနောက် ညကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။ ပြင်းထန်သော လေပြင်းများကို ဖန်တီးကာ လူခြောက်ဆယ်ကျော်ကို တင်ဆောင်လျက် အဝေးသို့ ပျံသန်းသွားကြတော့သည်။
လူတိုင်း၏ မျက်နှာထားများက အလွန် လေးနက်သွားကြသည်။ ထိုငှက်ကြီးနှစ်ကောင်မှာ သာမန်မဟုတ်ပေ။ တစ်ကောင်မှာ အမည်းရောင် ကြိုးကြာငှက်ကြီး ဖြစ်ပြီး နောက်တစ်ကောင်မှာ နှင်းကဲ့သို့ ဖြူဖွေးသော ဒေါင်းကြီး ဖြစ်သည်။ သူတို့သည် ထူထပ်သော ညအမှောင်ထုများကို ဖယ်ရှားကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေကြပြီး နှစ်ကောင်စလုံးမှာ အဆင့်မြင့် မျိုးဗီဇပြောင်း သတ္တဝါများ ဖြစ်ကြသည်။
လမ်းတစ်လျှောက် မြေပြင်ပေါ်တွင် မှောင်မိုက်နေပြီး အချိန်အတော်ကြာမှသာ အလင်းရောင် ဖျော့ဖျော့လေးကို မြင်တွေ့ရလေသည်။
ကျယ်ဝန်းလှသော ကမ္ဘာကြီးတွင် မီးစမ်းရေ ရှိသော ဒေသများမှာ နှိုင်းယှဉ်ကြည့်လျှင် များများစားစား မရှိလှပေ။ ဧရာမ မြို့ကြီး တစ်မြို့ပြီးတစ်မြို့ ရှိနေလျှင်ပင် ထူထပ်သော ညအမှောင်ထုအောက်တွင် ကျိုးတိုးကျဲတဲ ပိုးစုန်းကြူးလေးများ တန်ဆာဆင်ထားသကဲ့သို့သာ ဖြစ်နေခဲ့သည်။
ထိုနေ့တွင်ပင် သူတို့သည် အဆုံးမဲ့ အမှောင်ထုကို ဖြတ်သန်းကာ ခရီးစဉ်သို့ ရောက်ရှိသွားကြပြီး လျှောက်ယွီ ပင်မနယ်မြေနှင့် လီလေးသောင်း ကွာဝေးလေသည်။
အခန်း ၁၄၀ လောက၏ အစွန်အဖျားဒေသ
တစ်ရက်တာ ကာလအတွင်းမှာပင် ခရီးမိုင်ပေါင်း လေးသောင်းကို ဖြတ်သန်းကာ အဆုံးအစမရှိသော အမည်းရောင် နယ်မြေကို ဖြတ်ကျော်ခဲ့ကြသည်။ အဆင့်မြင့် သားရဲကြီး နှစ်ကောင်သည် လူအများကို တင်ဆောင်ကာ လောက၏ အစွန်အဖျားဒေသဆီသို့ ရောက်ရှိလာလေသည်။
လူတိုင်း၏ ခန္ဓာကိုယ်များက အလွန်ကြံ့ခိုင်ပြီး ဘဝသစ်ရရှိခြင်း အဆင့်ကို အကြိမ်ကြိမ် ဖြတ်သန်းထားကြသူများ ဖြစ်လင့်ကစား အချို့သော လူငယ်များမှာမူ နေမထိထိုင်မသာ ဖြစ်နေကြဆဲပင်။ သူတို့၏ မျက်နှာများမှာ ဖြူရော်နေပြီး ခြေနှစ်ဖက် မြေကြီးပေါ်သို့ နင်းမိသွားသော အခါမှသာ စိတ်အေးသွားကြတော့၏။
“ဘာလို့ မြို့ထဲကို တန်းမဝင်တာလဲ”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
ဒီနေရာက တောရိုင်းမြေတစ်ခု ဖြစ်ပြီး ညအမှောင်ထုက အလွန် သိပ်သည်းလှ၏။ သက်တမ်းရင့် သစ်ပင်အိုကြီးများစွာ ပေါက်ရောက်နေပြီး ရှုပ်ထွေးနေသော သစ်ကိုင်းများက နေရာအနှံ့ ဖြာထွက်နေသည်။ အဝေးဆီမှ မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်နေခြင်းကြောင့် ထိုနေရာသည် မြို့တစ်မြို့ ဖြစ်ဟန်တူလေသည်။
“ဒီကို ရောက်လာတဲ့ အခါကျတော့ မင်းတို့ကို သင်ခန်းစာ တစ်ခုလောက် ပေးရလိမ့်မယ်”
လျှို့ယွီဂိုဏ်းမှ အကြီးအကဲဖြစ်သူက စကားစလိုက်၏။
သူ၏ နာမည်မှာ ကျိုးထောင် ဖြစ်ပြီး နားထင်စွန်းနှစ်ဖက်ရှိ ဆံပင်များက ဖြူနှင်းနေကာ မျက်လုံးအိမ်များတွင် ရွှေရောင် အလင်းတန်းများ စီးဆင်းနေသည်။
“လောကရဲ့ အစွန်အဖျားဒေသကို ချဉ်းကပ်လာတဲ့အခါ ညကောင်းကင်ယံကနေ မြို့ထဲကို တိုက်ရိုက်ဝင်လို့ မရဘူး ရန်သူရဲ့ တိုက်ခိုက်မှုလို့ ထင်မှတ်ခံရလိမ့်မယ် အဆင့်မြင့်သားရဲ ဖြစ်နေရင်တောင် အထူးပြုလုပ်ထားတဲ့ မြားတွေနဲ့ ပစ်ခတ်ခံရပြီး ပေါက်ကွဲသွားလိမ့်မယ်”
သူက ဆက်ပြောလိုက်၏။
ထို့နောက်တွင်တော့ ဒီနေရာသည် မည်သို့သော နယ်မြေဖြစ်ကြောင်း လူတိုင်း သိရှိသွားကြသည်။ ယခင် နယ်မြေသစ် ဖွင့်လှစ်ခြင်းခေတ်က ရှေ့တန်းစစ်မျက်နှာပြင် ဖြစ်ခဲ့ပေသည်။
ခေတ်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ နယ်မြေသစ် ရှာဖွေခြင်းများ မပြုလုပ်တော့သည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ဒီနေရာတွင် အတိတ်ကကဲ့သို့ လူစည်ကားမှုများ၊ သိုင်းပညာရှင်များ တိမ်တိုက်သဖွယ် စုဝေးနေသော စည်ကားလှသည့် မြင်ကွင်းမျိုး မရှိတော့ချေ။
ချင်မင်မှာ အနည်းငယ် ငေးမောသွားခဲ့သည်။ တစ်ရက်တာအတွင်း ခရီးမိုင်ပေါင်း လေးသောင်းကို ဖြတ်သန်းကာ ဒီလို နေရာမျိုးသို့ ရောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
နယ်မြေသစ် ဖွင့်လှစ်မည့် ခေတ်ကာလသည် ဝေးကွာနေသေးသည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဒီလို နယ်မြေမျိုးသို့ ကြိုတင် ရောက်ရှိလာခဲ့လေသည်။
လူအုပ်ကြီးသည် တီးတိုး စကားပြောဆို ဆွေးနွေးကြရင်း ညအမှောင်ထုထဲမှ ထိုမြို့ဆီသို့ လျှောက်လှမ်းသွားကြ၏။
မြို့၏ အရွယ်အစားမှာ သိပ်မကြီးမားလှသလို မြို့ရိုးများကလည်း ဟောင်းနွမ်းနေသည်ကို မြင်တွေ့ရသည်။ သံမဏိကဲ့သို့ မာကျောသော အမည်းရောင် ရွှေကျောက်တုံး မြို့ရိုး မျက်နှာပြင်ပေါ်ရှိ အချို့သော ပျက်စီးနေသည့် နေရာများတွင် မီတာအနည်းငယ် ရှည်လျားသော ကြောက်မက်ဖွယ် ခြေသည်းရာများကို တွေ့ရသည်။
ထိုမြင်ကွင်းက လူများစွာ၏ မျက်နှာကို ပြောင်းလဲသွားစေခဲ့သည်။ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော ခေတ်ကြီးအတွင်း ဖြစ်ပေါ်ခဲ့သည့် စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်များ၊ သွေးနှင့် မီးတောက်များ၏ အတိတ်ကာလက မျက်နှာပေါ်သို့ ရိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရလေသည်။
“ဒါတွေက အသေးအမွှားလေးတွေပါ ဒီလတ်တလော နှစ်တွေအတွင်း ကြောင်ပေါက်စလေးတွေ ကြွက်ပေါက်စလေးတွေ ချန်ထားခဲ့တဲ့ အရာတွေပဲ ဖြစ်တယ်”
ကျိုးထောင်က သူတို့ ဘာတွေးနေသည်ကို သိနေသည့်အလား ပြုံးကာ ပြောလိုက်သည်။
“ဒီခေတ်ရဲ့ နယ်မြေသစ် ရှာဖွေမှုကြီးက စတင်နေပြီလား”
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်၏။
“မစသေးပါဘူး”
လူငယ် တပည့်တစ်ဦးက ခေါင်းယမ်းလိုက်သည်။
“ဒီနေရာက ပုံမှန်ဆို အေးချမ်းနေတယ်လို့ မင်းတို့က ထင်နေကြတာလား”
ထို့နောက် သူက ဆက်ပြောလိုက်၏။
လူတစ်စုသည် သူတို့၏ အထောက်အထားများကို စစ်ဆေးခံပြီးနောက် မြို့ထဲသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ကြပြီး လမ်းခုလတ်တွင်ပင် အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့ကြသည်။
နယ်မြေသစ် ရှာဖွေမှု၏ ရှေ့တန်းဒေသ နယ်နိမိတ်မျဉ်းမှာ အလွန် ရှည်လျားလှပြီး ဒီနေရာသည် ထိုထဲမှ ထောင့်တစ်နေရာမျှသာ ဖြစ်ပေသည်။
ထို့ကြောင့်ပင် အလွန် ရှည်လျားလှသော လောကအစွန်အဖျားဒေသတွင် သတ္တဝါ အမျိုးမျိုးက မကြာခဏ ဝင်ရောက်လာပြီး နယ်စပ်ရှိ ပြည်သူများကို နှောင့်ယှက်တတ်သောကြောင့် ကာကွယ်ရန် ခက်ခဲလှသည်။
အခြေအနေများက ပို၍ ဆိုးရွားလာပြီး ပြင်းထန်သော သွေးထွက်သံယို အဖြစ်အပျက်များ မကြာခဏ ဖြစ်ပွားလေ့ရှိ၏။
ထို့ကြောင့် အထက်လူကြီးများမှာ သည်းမခံနိုင်တော့ဘဲ နောက်ထပ် တစ်ကြိမ် နယ်မြေသစ်ကို ထပ်မံ ရှာဖွေလိုကြခြင်း ဖြစ်သည်။
ယခုအချိန်တွင်တော့ ကြိုတင် ပြင်ဆင်မှု အမျိုးမျိုးကို စနစ်တကျ လုပ်ဆောင်နေဆဲ ဖြစ်လေသည်။
“မင်းတို့က စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ခေတ်ကြီးထဲမှာ မွေးဖွားလာကြတာပဲ နယ်မြေသစ် ဖွင့်လှစ်တဲ့ အချိန်ရောက်လာပြီး ကျယ်ဝန်းလှတဲ့ ညအမှောင် ကမ္ဘာ ရဲ့ အတွင်းပိုင်းကို ချီတက်သွားကြတဲ့အခါ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ ထွက်ပေါ်လာလိမ့်မယ် အရင်းအမြစ်တွေနဲ့ ကံတရားတွေက ရေတွက်လို့တောင် မရနိုင်လောက်အောင်ကို များပြားနေလိမ့်မယ် ဒဏ္ဍာရီတွေကို မျက်မြင်တွေ့ရလိမ့်မယ် အချို့လူတွေက မြန်မြန်ဆန်ဆန် အင်အားကြီးလာပြီး နတ်လမ်းစဉ် ကျင့်ကြံသူတွေ နတ်ဘုရားနဲ့ တူညီတဲ့ သတ္တဝါတွေ ပေါ်ထွက်လာဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး”
“နယ်မြေသစ် ရှာဖွေမှုတိုင်းမှာ လူသစ်တွေ ပေါ်ထွက်လာပြီး ကောင်းကင်ယံက နေမင်းကြီးလို တောက်ပလာကာ ညအမှောင် ကမ္ဘာကို အလင်းရောင် ပေးနိုင်လိမ့်မယ် ပြီးတော့ မျိုးဆက်ဟောင်း အကြီးအကဲတွေနဲ့လည်း တန်းတူ ရင်ပေါင်တန်းနိုင်ကြလိမ့်မယ်”
“မင်းတို့ထဲမှာ လမ်းစထွင်ပေးမယ့် လူငယ် ဂိုဏ်းတည်ထောင်သူ အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေတောင် ပါချင် ပါနေနိုင်တယ်”
ကျိုးထောင်နှင့် လျှို့ယွီဂိုဏ်းမှ လူငယ်တပည့် အနည်းငယ်တို့၏ ရိုးရှင်းသော စကားအနည်းငယ်က ခေတ်ကြီးတစ်ခု၏ မှုန်ဝါးဝါး ပုံရိပ်ကို ရေးဆွဲပြလိုက်ခြင်းပင်။
လူငယ်တစ်စု၏ စိတ်လှုပ်ရှားမှုများက အတက်အကျ ဖြစ်နေပြီး သူတို့၏ သွေးများကလည်း ဆူပွက်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ အချို့သော သူများကမူ တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲ ဖြစ်ပြီး သူတို့၏ နုနယ်သော စိတ်နှလုံးများက လှုပ်ရှားမလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ တောက်ပလှသော ခေတ်ကြီးထဲတွင် လူများစွာ သေဆုံးရမည်မှာ သေချာနေကြောင်းကို သူတို့ သိထားသောကြောင့် ဖြစ်သည်။
ဒီနေရာက မြို့နယ်တစ်ခု ဖြစ်ပြီး အဆင့်သုံး မီးစမ်းရေအုပ်စု ပိုင်ဆိုင်ကာ လူဦးရေ တစ်သိန်းကျော်သာ ရှိလေသည်။
ချင်မင်နှင့် အခြားသူများကမူ သူတို့ မည်သို့သော စမ်းသပ်မှုမျိုးကို ဖြတ်သန်းရမည်နှင့် မည်သည့် နတ်ဆိုး သရဲတစ္ဆေများကို ဖြေရှင်းရမည် ဆိုသည်ကို သိရှိထားပြီး ဖြစ်၏။
“ပြီးခဲ့တဲ့ နယ်မြေသစ် ရှာဖွေမှုအပြီးမှာ လူတချို့ ဒီကို ပြောင်းရွှေ့လာကြတယ် အစပိုင်းမှာတော့ အတော်လေး ကြွယ်ဝချမ်းသာခဲ့ကြတယ်လေ အရင်းအမြစ်တွေ ပေါများပြီး မြေကျယ်လူပါး ဖြစ်နေတာကိုး ဒါပေမဲ့ အခုတော့ ဆင်းရဲဒုက္ခတွေကို ပြင်းပြင်းထန်ထန် ခံစားနေရပြီ ဘီလူးသတ္တဝါ မျိုးစုံက နယ်စပ်ကို အဆက်မပြတ် ဖြတ်ကျော်လာပြီး နှောင့်ယှက်နေကြတယ် သွေးထွက်သံယို အဖြစ်အပျက်တွေကလည်း ပိုပိုများလာပြီး ရွာတွေ မြို့တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေတောင် ရှိလာခဲ့တယ်”
ကျိုးထောင်ပြောသော အချင်းချင်း မတိုက်ခိုက်စေချင်ဘူး ဆိုသည့် စကား၏ အဓိပ္ပါယ်ကို လူအုပ်ကြီးက စောစောစီးစီးကတည်းက နားလည်ထားကြပြီး ဖြစ်သည်။ လောကအစွန်အဖျားဒေသသို့ လာရောက် အမဲလိုက်ကာ နယ်စပ်ပြဿနာများကို ကူညီဖြေရှင်းပေးခြင်းက ပို၍ ကောင်းမွန်ပေသည်။
“မင်းတို့ အဖွဲ့ဖွဲ့ပြီး သွားလို့ရသလို တစ်ယောက်တည်း သွားလို့လည်း ရတယ် ဘယ်သူက အစွမ်းထက်တဲ့ သတ္တဝါတွေကို ပိုသတ်နိုင်ပြီး နတ်ဆိုးတွေကို ပိုခုတ်ပိုင်းနိုင်လဲ ဆိုတဲ့အပေါ် မူတည်ပြီး အကဲဖြတ်မှု ရမှတ်က ပိုမြင့်မားလိမ့်မယ်”
ချက်ချင်းဆိုသလိုပင် အချို့က အဖွဲ့ဖွဲ့ရန် တိုင်ပင်ဆွေးနွေးနေကြပြီး အချို့ကမူ တစ်ကိုယ်တော် လှည့်လည်သူအဖြစ် သွားရန် တိတ်ဆိတ်စွာ နေနေကြသည်။
“မင်းတို့ရဲ့ အစွမ်းအစပေါ် မူတည်ပြီး နယ်မြေတွေကို ခွဲဝေပေးမယ် မထွက်ခွာခင် အဲဒီ အချက်အလက်တွေကို သေချာဖတ်ပြီး ကိုယ့်စွမ်းအားနဲ့ ကိုက်ညီတာကိုပဲ ရွေးချယ်လုပ်ဆောင်ကြ”
ကျိုးထောင်က လေးနက်စွာ ပြောလိုက်၏။
ယခု နောက်ဆုတ်မည် ဆိုလျှင် အချိန်မီသေးကြောင်းနှင့် ထိုသို့မှ မဟုတ်လျှင် သေချာပေါက် လူသေနိုင်ကြောင်း သူက လေးနက်စွာ သတိပေးလိုက်သည်။ အကယ်၍ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း ကြားမှ တိုက်ခိုက်မှုများကို တစ်ခါမျှ မကြုံဖူးသော လူငယ်များဆိုလျှင် မပါဝင်သင့်ကြောင်းနှင့် အတွေ့အကြုံမရှိသူများက အန္တရာယ် အလွယ်တကူ ကျရောက်နိုင်ကြောင်း ပြောပြလေသည်။
လူတိုင်း၏ လက်ထဲတွင် စာရွက်တစ်ထပ်စီ ရောက်ရှိလာခဲ့သည်။ ထိုစာရွက်များမှာ ပတ်ဝန်းကျင် ဒေသများ၏ အချက်အလက်များ ဖြစ်ကြပြီး ရက်စွဲများကို ကြည့်ရသည်မှာ အချို့က အလွန် ကြာမြင့်နေပြီ ဖြစ်ကာ အချို့ကမူ မကြာသေးမီကမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒေသခံများက တင်ပြထားသော သွေးထွက်သံယို အမှုအခင်းများကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပေသည်။
“ဧရာမ သားရဲကြီးတွေနဲ့ ပိုအစွမ်းထက်တဲ့ နတ်ဆိုး သရဲတစ္ဆေတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မင်းတို့ကို မပေးတော့ဘူး အဲဒီလို နေရာမျိုးကို မင်းတို့ကို သွားခိုင်းတာက သေတွင်းထဲ ပို့နေသလိုပဲ ဖြစ်နေလိမ့်မယ်”
အန္တရာယ်များနှင့်အတူ အခွင့်အရေးများလည်း ယှဉ်တွဲနေကြောင်း ကျိုးထောင်က သူတို့ကို ပြောပြခဲ့သည်။ အချို့သော ထူးခြားသည့် သတ္တဝါများ၏ ခန္ဓာကိုယ်တွင် သိပ်သည်းသော ဝိညာဉ်ရေးရာ အရာဝတ္ထုများ ရှိနေပြီး အဆင့်တက်ရန် ကျရှုံးသွားသော ငွေရောင် သတ္တဝါများကဲ့သို့သော သတ္တဝါများ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော ငွေရောင် သွေးများမှာ အလွန် တန်ဖိုးကြီးမားလှသည်။
ထိုအရာက ၎င်းတို့သည် အလွန်အမင်း အန္တရာယ်များကြောင်းကိုလည်း ဆိုလိုနေပေသည်။
ထို့ပြင် အချို့သော မျိုးဗီဇပြောင်း သားရဲများ၏ ကျောက်စိမ်း ဦးချိုများ ဝိညာဉ် အရိုးများ စသည်တို့မှာ ဆေးဖော်စပ်ရာတွင် ဖြစ်စေ ဝိညာဉ်ရတနာ များ ဖန်တီးရာတွင် ဖြစ်စေ အကောင်းဆုံး ကုန်ကြမ်းများ ဖြစ်ကြပြီး အလွန် တန်ဖိုးကြီးမားလှသဖြင့် လက်လွတ် မခံသင့်ကြောင်းလည်း ပါဝင်၏။
“အကြီးအကဲ ကျိုး နယ်စပ်က ပြည်သူတွေက လတ်တလော နှစ်တွေအတွင်းမှာ ဆင်းရဲဒုက္ခတွေကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်ဆိုမှတော့ ခင်ဗျားတို့ သွားရှင်းလင်းလိုက်ရင် ရပြီ မဟုတ်ဘူးလား ကျွန်တော်တို့အုပ်စုက အဆင့်နိမ့်နေသေးတော့ ပြဿနာ ဘယ်လောက်များများ ဖြေရှင်းနိုင်မှာမို့လို့လဲ”
တရားမျှတမှု စိတ်ဓာတ် ပြင်းထန်သော လူငယ်အချို့က မေးလိုက်ကြသည်။
“ငါတို့အဆင့်ရှိတဲ့ သူတွေက ဘာမှ မလုပ်ဘူးလို့ ဘယ်သူပြောလဲ ပုံမှန်ဆို ငါတို့စားနေတဲ့ ဝိညာဉ်အသားတွေက ဘယ်ကလာတယ်လို့ မင်းတို့ ထင်နေတာလဲ ကိုယ်တိုင် မဆင်းဘဲနဲ့ စားရေးသောက်ရေး ပြည့်စုံဖို့ဆိုတာ အကြီးအကဲ တစ်ယောက် ဖြစ်နေရင်တောင် အလကားထိုင်စားနေရင် တစ်နေ့နေ့တော့ မွဲတေသွားမှာပဲ”
ကျိုးထောင်က ပြန်လည် ဖြေကြားလိုက်သည်။
လူငယ် တပည့်တစ်ဦးက ပြောပြလာသည်။ အဓိက အကြောင်းရင်းမှာ ယခင် နယ်မြေသစ် ရှာဖွေမှုမှ ချန်ရစ်ခဲ့သော နယ်နိမိတ်မျဉ်းက အလွန် ရှည်လျားလွန်းသောကြောင့် ဖြစ်သည်။ ယခု သူတို့ ရောက်ရှိနေသော ဒေသနှင့် ပတ်ဝန်းကျင်ရှိ မြို့အနည်းငယ် အပါအဝင်မှာ ထောင့်တစ်နေရာမျှသာ ဖြစ်ပေသည်။
ထို့ကြောင့် ထိုမှတ်တမ်းများနှင့် သွေးထွက်သံယို အမှုအခင်းများမှာ အထပ်လိုက် စုပုံနေပြီ ဖြစ်သော်လည်း လမ်းကြောင်း အသီးသီးနှင့် ဂိုဏ်းအသီးသီးမှ လူအင်အားမှာ လုံလောက်မှု မရှိပေ။
အရေးအကြီးဆုံးမှာ နယ်စပ်ကို ဖြတ်ကျော်လာသူများမှာ ငါးဖမ်းရ ခက်ခဲသော ငါးသလဲထိုးများသာ ဖြစ်ပြီး သိုင်းပညာရှင်ကြီးများမှာ ညအမှောင် ကမ္ဘာ၏ အတွင်းပိုင်းကိုသာ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် လတ်တလော နှစ်များအတွင်း အထက်လူကြီးများက နယ်မြေသစ် ရှာဖွေချင်လာကြခြင်း ဖြစ်ပြီး စားပွဲကို တိုက်ရိုက်လှန်ကာ ပြင်းထန် အစွမ်းထက်စွာဖြင့် ဝင်ရောက် တိုက်ခိုက်လိုကြခြင်း ဖြစ်သည်။
သို့သော် မသိရှိရသေးသော နယ်မြေများမှာ အဆုံးအစမရှိ ကျယ်ဝန်းလှသဖြင့် လမ်းကြောင်း အသီးသီးမှ ဂိုဏ်းတည်ထောင်သူ အကြီးအကဲများပင်လျှင် ရှေ့ဆုံးတွင် ဘာတွေ ရှိနေမည်ကို မသိနိုင်ကြပေ။
ယခင် နယ်မြေသစ် ရှာဖွေမှုများက ချောမွေ့ခဲ့ပြီး ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ အနာဂတ်ကို မည်သူက အတိအကျ ပြောနိုင်မည်နည်း။ အကယ်၍ နတ်ဘုရားတို့၏ နိုင်ငံတော် သို့မဟုတ် နတ်ဆိုးများ၏ နိုင်ငံတော်ကိုသာ တိုက်ခိုက်မိသွားပါက ပြဿနာကြီးသွားမည် ဖြစ်ပြီး အတော်လေး ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရမည်မှာ သေချာနေပေသည်။
လူငယ်တစ်စုသည် ထိုမှတ်တမ်းများကို လေ့လာနေကြသည်။ ပါဝင်သော သွေးထွက်သံယို အမှုအခင်းများနှင့် ပြင်းထန်သော အဖြစ်အပျက်များမှာ အမှန်တကယ်ပင် နည်းပါးလှသည်တော့ မဟုတ်ပေ။ အချို့က လူကို ဒေါသထွက်စေပြီး ရင်ဘတ်ထဲတွင် တစ်ဆို့နေစေသည်။
တိတ်ဆိတ်သော အခန်းတစ်ခုထဲတွင်တော့ ကျိုးထောင်က တပည့် အနည်းငယ်ကို ခေါ်ယူကာ လူငယ်တစ်စုအတွက် သူတို့၏ အစွမ်းအစပေါ် မူတည်ပြီး နယ်မြေများ ခွဲဝေပေးရန် ညွှန်ကြားလိုက်၏။
“အားလုံးကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ရမယ် သတ်မှတ်ချက်ကို မကျော်လွန်ရဘူး စည်းမဖောက်ရဘူး မင်းတို့ နားလည်လား”
သူက သတိပေးလိုက်သည်။
လူငယ် အနည်းငယ်က ခေါင်းညိတ်ကာ နားလည်ကြောင်း ပြသလိုက်ကြသည်။
“ထူးခြားတဲ့သူတွေက ငါတို့ရဲ့ အဓိက တပည့်တွေ ဖြစ်လာဖို့ များတယ် သူတို့ကို သေချာလေး လေ့ကျင့်ပေးရမယ် ငါကိုယ်တိုင် စီစဉ်ပြီး သူတို့ကို ဖိအားနည်းနည်း ပေးရမယ် ဒီလိုမှ မဟုတ်ရင် လျှို့ယွီဂိုဏ်း ရဲ့ စမ်းသပ်မှုက ကလေးကစားစရာလို ထင်သွားကြလိမ့်မယ်”
ကျိုးထောင်က ပြောလိုက်သည်။
ပြောပြီးသည်နှင့် သူသည် လူငယ်များ၏ အချက်အလက်များကို ယူကာ သေချာစွာ တစ်ခေါက် ဖတ်ရှုလိုက်၏။
“မင်းတို့ ဒီည ဒီမှာ အနားယူကြ မနက်ဖြန်ကျရင် ကိုယ့်လမ်းကိုယ် သွားကြပြီး အဲဒီ သွေးထွက်သံယို အမှုအခင်းတွေကို ဖြေရှင်းကြတာပေါ့ ဒါက နယ်မြေကို ကာကွယ်ပြီး ပုန်ကန်မှုတွေကို နှိမ်နင်းတာလို့လည်း မှတ်ယူလို့ရတယ် ကိုယ့်ကိုယ်ကိုယ် အစွမ်းထက်တယ်လို့ ထင်ရင်တော့ နယ်မြေသစ်လေးတွေဆီ သွားရှာဖွေပေါ့ မင်းတို့ရဲ့ အကဲဖြတ်မှုအပေါ်မှာ တရားမျှတစွာ ပေါ်လွင်လာလိမ့်မယ်”
အချင်းချင်း မတိုက်ခိုက်ကြရန် ကျိုးထောင်က သတိပေးလိုက်သည်။ အတူတူ သွားရောက်သူများကို တိုက်ခိုက်ဝံ့သူ မည်သူ့ကိုမဆို စမ်းသပ်မှု အရည်အချင်းမှ ပယ်ဖျက်မည် ဖြစ်ပြီး ခေါင်းဖြတ် အသတ်ခံရနိုင်ကြောင်း ပြောပြလေသည်။
“တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို တိတ်တဆိတ် အရင် ဝင်တိုက်ခိုက်ရင်ကော ပြန်တိုက်ခိုက်လို့ ရလား အဲဒါကော အချင်းချင်း တိုက်ခိုက်တာလို့ သတ်မှတ်မှာလား”
တစ်စုံတစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။
“ဒါတောင် ပြန်မတိုက်ဘူးလား သွေးဆူတဲ့ စိတ်ဓာတ်တွေတောင် ပျောက်ကုန်ပြီလား ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပဲလေ”
ကျိုးထောင် ပြောပြီးနောက် စာရွက်အချို့ကို ထုတ်ယူကာ ဝေငှပေးလိုက်၏။
“ဒါက အလွန် မြင့်မားတဲ့ လျှို့ဝှက်ကျင့်စဉ် တစ်ခုပဲ မင်ကွမ် စွမ်းအား လို့ ခေါ်တယ် သတ္တဝါတွေကို သတ်ဖြတ်တဲ့အခါ လေ့ကျင့်ဖို့ အသင့်တော်ဆုံးပဲ မင်းတို့ကို ပေးတဲ့ လက်ဆောင်လို့ မှတ်ထားလိုက် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ သူတွေဆိုရင် ဒီတစ်ခေါက်က ပထမဆုံး စမ်းသပ်မှု ဖြစ်နေရင်တောင်မှ ပြန်ရောက်တဲ့အခါ လျှို့ယွီဂိုဏ်း ရဲ့ ဉာဏ်အလင်းပွင့်ရာ နေရာကို သွားပြီး ပိုအစွမ်းထက်တဲ့ ကျင့်စဉ်တစ်ခုကို လေ့လာခွင့် ပြုမယ်”
သူက ထပ်လောင်း ပြောလိုက်သည်။
နောက်တစ်နေ့တွင်တော့ လူငယ်တစ်စု ခရီးစတင်ခဲ့ကြပြီ ဖြစ်သည်။
ချင်မင်မှာ တစ်ကိုယ်တော် လှည့်လည်သူ ဖြစ်ပြီး မည်သူနှင့်မျှ အဖွဲ့မဖွဲ့ခဲ့ပေ။ သူ့ကို ခွဲဝေပေးလိုက်သော နယ်မြေမှာ မြို့နယ်နှင့် မိုင်တစ်ရာခန့် ဝေးကွာပြီး သူသည် မြေပုံနှင့် လမ်းညွှန် အမှတ်အသားများကို ကြည့်ကာ ညအမှောင်ထုထဲတွင် လျင်မြန်စွာ ဖြတ်သန်း သွားလာနေ၏။
“သတ္တမအကြိမ်မြောက် ဘဝသစ်ရရှိခြင်း နဲ့ နယ်မြေသစ် ရှာဖွေရေးလေးရေ ငါ လာပြီဟေ့”
မဖွင့်လှစ်ရသေးသော ကမ္ဘာကြီး၏ မူလ အသွင်အပြင်ကို သူ အမှန်တကယ်ပင် ကြည့်ရှုချင်နေခဲ့သည်။
သို့သော် သူသည် ပြန်လည် တည်ငြိမ်သွားကာ စမ်းသပ်မှုအတွင်း မတော်တဆ အမှားအယွင်း မဖြစ်စေရန် မိမိကိုယ်ကို သတိထားစေလိုက်သည်။
သူသည် စောစောစီးစီး ထွက်ခွာလာပြီး အလွန် လျင်မြန်စွာ သွားလာခဲ့သဖြင့် ညဉ့်ဦးပိုင်း အချိန် မရောက်မီမှာပင် သူ၏ ခရီးပန်းတိုင်သို့ နီးကပ်လာခဲ့လေသည်။
လော မိသားစုရွာလေးတွင် မီးခိုးငွေ့များ လွင့်ပျံနေပြီး ရွာသူရွာသားများက မနက်စာ ပြင်ဆင်ရန် စတင်နေကြပြီ ဖြစ်သည်။
ဒီနေရာက အတော်လေး လင်းထိန်နေသည်။ လူဦးရေ ရာဂဏန်းသာ ရှိသော ရွာလေးတစ်ရွာတွင် အဆင့်နှစ် မီးစမ်းရေ ရှိနေခြင်းက မြေကျယ်လူပါး ဖြစ်ပြီး အရင်းအမြစ်များ ပေါများကြောင်းကို သက်သေပြနေပေသည်။
ရွာပြင်ဘက်ရှိ ကျယ်ဝန်းလှသော မီးစိုက်ခင်းများမှာ အသက်ဝင်နေပြီး နီရဲတောက်ပနေသော မီးစမ်းရေများဖြင့် ရေသွင်းထားခြင်းကြောင့် ထိုသီးနှံများက အလွန် ကြီးထွားဖြစ်ထွန်းနေကြသည်။
ပိုမို ဝေးကွာသော နေရာများတွင်မူ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသော တောအုပ်ကြီး ရှိလေသည်။
ဒီနယ်မြေအတွင်းရှိ မြို့အနည်းငယ်က အုပ်ချုပ်သော ဒေသများတွင် တောင်မြင့်ကြီးများကို မြင်တွေ့ရခဲပြီး ကျယ်ဝန်းလှသော လွင်ပြင်ကြီးများသာ ဖြစ်သည်။ မီးစိုက်ခင်းများ မဟုတ်လျှင် ထူထပ်သော သစ်တောများသာ ဖြစ်၏။
တိတ်ဆိတ် ငြိမ်သက်နေသော နံနက်ခင်းလေးသည် ငိုကြွေးသံများကြောင့် မကြာမီမှာပင် ဆူညံသွားခဲ့သည်။
အချို့သော ရွာသူရွာသားများမှာ အလွန် စိုးရိမ်ကြောက်လန့်နေကြပြီး သူတို့၏ အိမ်တံခါးများကို တင်းကျပ်စွာ ပိတ်ထားလိုက်ကြသည်။
“သခင်ကြီး ရှင် နောက်ထပ် ရောက်လာပြန်ပြီလား ကျွန်မတို့ ကလေးတစ်ယောက် ဆုံးရှုံးခဲ့ရပြီးပြီမို့ ကျေးဇူးပြုပြီး ထပ်မလုပ်ပါနဲ့တော့ အဲဒီလိုမှ မဟုတ်ရင် ကျွန်မတို့ လင်မယား နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်လိုက်ပါ”
အမျိုးသမီး တစ်ဦးက ငိုကြွေးကာ ပြောလိုက်သည်။
ချင်မင်က ချက်ချင်းပင် အသံမထွက်စေဘဲ ပြေးသွားလိုက်ရာ ပွင့်နေသော ခြံတံခါးဝတစ်ခုအတွင်း၌ မတ်တတ်ရပ်ကာ လမ်းလျှောက်နေသော အမြင့် နှစ်မီတာခန့်ရှိ အစိမ်းရောင် ဝံပုလွေကြီး တစ်ကောင်ကို မြင်လိုက်ရသည်။
ထိုဝံပုလွေကြီးသည် ပညာတတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သွေးအလိမ်းလိမ်း ဖြစ်နေသော ပါးစပ်ကြီးကို ဟကာ လူစကား ပြောဆိုနိုင်နေသည်။
“မနက်စာကို ကောင်းကောင်း စားရမယ် မင်းတို့ ကလေးရဲ့ အရသာက မဆိုးဘူးလို့ ငါထင်လို့ ဒီနေ့ ထပ်လာခဲ့တာ”
၎င်းက ပြောလိုက်၏။
၎င်း၏ အရှေ့တွင် လင်မယား နှစ်ယောက်က ဒူးထောက်ကာ ကလေးအစား အသေခံရန် ဆန္ဒရှိကြောင်း တောင်းပန်နေကြပြီး သူတို့၏ အနောက်တွင်တော့ အသက် ဆယ်နှစ်ပင် မပြည့်သေးသော ကလေးငယ် နှစ်ယောက်က ကြောက်ရွံ့စွာဖြင့် မျက်လုံးများကို ပြူးကျယ်ထားကြသည်။
မနေ့ကမှ သူတို့၏ အစ်ကိုဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး ယနေ့တွင် သူတို့ အလှည့် ရောက်လာပြီ ဖြစ်သည်။
“တိရစ္ဆာန်”
ဒီထဲက သွေးထွက်သံယို အမှုအခင်းတစ်ခုက ဒီလောက်တောင် ဆိုးရွားပြီး ကြေကွဲဖွယ် ကောင်းလိမ့်မည်ဟု ချင်မင် တစ်ခါမျှ မတွေးမိခဲ့ပေ။ ဒီအစိမ်းရောင် ဝံပုလွေကြီးက ဒီနေရာကို ဘယ်လို နေရာမျိုးလို့ သဘောထားနေတာလဲ။
၎င်းက ရွာသူရွာသား တစ်ဦး၏ ကလေးကို မနက်စာအဖြစ် သတ်မှတ်ထားပြီး ယခုက ဒုတိယအကြိမ် ရောက်လာခြင်း ဖြစ်လေသည်။
အခြားသော သွေးထွက်သံယို အဖြစ်အပျက်များက လွန်ကဲလှသော်လည်း ဒီအိမ်တွင် ဖြစ်ပျက်နေသော ကိစ္စလောက် သူ့ကို ဒေါသထွက်စေခြင်း မရှိပေ။ သူ၏ မျက်လုံးများထဲမှ မီးတောက်များပင် ပန်းထွက်လာတော့မည့်အလား။
ယခင်က သူသည် အမြဲတမ်း တည်ငြိမ်နေတတ်သော်လည်း ယခုမူ သူ၏ ဒေါသများက အထွတ်အထိပ်သို့ ရောက်ရှိနေပြီး လုံးဝ သည်းမခံနိုင်တော့ချေ။
ချင်မင်သည် ခြံဝင်းထဲသို့ ပြေးဝင်သွားကာ ထိုထူးဆန်းသော အစိမ်းရောင် ဝံပုလွေကြီးကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များကို ဖုံးကွယ်မထားတော့ပေ။
“ဟင်”
အစိမ်းရောင် ဝံပုလွေကြီးမှာ အလွန် နိုးကြားသွားပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။ အကယ်၍ သတ်နိုင်လျှင် သတ်မည် ဖြစ်ပြီး မသတ်နိုင်ပါက ထွက်ပြေးရန် လမ်းကြောင်းကိုလည်း ပြင်ဆင်ထားလေသည်။
၎င်းက နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်ပြီး ဖြူဖွေးနေသော အစွယ်များကို ဖော်ပြလိုက်သည်။
“ညီအစ်ကို မင်းမှာ တာဝန် ရှိနေတယ်ဆိုတာ ငါသိပါတယ် ကိုယ့်ဘက်ကိုယ် တစ်လှမ်းဆီ ဆုတ်ပေးလို့ ရမလား ငါ ဒီနေ့ ဒီကနေ ထွက်သွားပါ့မယ် ငါက ငွေရောင် ဝံပုလွေဘုရင် ရဲ့ လက်အောက်ငယ်သားပါ”
၎င်းက စကားဆိုလိုက်၏။
“မင်းက ဘယ်သူ့ကို ညီအစ်ကိုလို့ ခေါ်နေတာလဲ”
ချင်မင်က စတင် တိုက်ခိုက်လိုက်သည်။ သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ကောင်းကင်အလင်း စွမ်းအား များ စီးဆင်းနေပြီး ဘယ်ဘက်လက်သီးနှင့် ညာဘက် လက်ဝါးတို့မှ မျက်စိကျိန်းလောက်သော အလင်းရောင်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
အစိမ်းရောင် ဝံပုလွေကြီး၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှသော်လည်း ပိတ်ဆို့ခံလိုက်ရသဖြင့် မလွှဲမရှောင်သာ ပြန်လည် တိုက်ခိုက်ရတော့သည်။ ၎င်း၏ ကြီးမားလှသော ခြေသည်းကြီးများကို ဝှေ့ယမ်းလိုက်ရာ လေထုကို ခွဲဖြတ်သွားသော အသံများ ထွက်ပေါ်လာပြီး ဧရာမ ဝံပုလွေ ခေါင်းကြီးက ရှေ့သို့ တိုးထွက်လာကာ ကိုက်ဖြဲရန် ကြိုးစားလိုက်၏။
မတ်တတ်ရပ်နေသော အစိမ်းရောင် ဝံပုလွေကြီးက အော်ဟစ်လိုက်ပြီး ၎င်း၏ ဘယ်ဘက် ခြေသည်း ပေါက်ကွဲသွားသည်။ ထို့နောက် အခြား အထက်ပိုင်း ခြေလက် တစ်ဖက်ကို ချင်မင်က ဆွဲဖြတ်လိုက်သဖြင့် သွေးများ ပန်းထွက်သွားကာ တစ်ချိန်တည်းမှာပင် ‘ဘုန်း’ ဟူသော အသံကျယ်ကြီးနှင့်အတူ ၎င်း၏ ခေါင်းတစ်ဝက်ခန့်မှာ ကြေမွသွားခဲ့လေသည်။
“ခြောက်ကြိမ် မျိုးဗီဇပြောင်း သတ္တဝါပဲ”
ချင်မင်က ခန့်မှန်းလိုက်ပြီး သူ၏ ရင်ထဲမှ ဒေါသများ အနည်းငယ် လျော့ကျသွားခဲ့သည်။
သူ၏ အနောက်ဘက်ရှိ ထိုမိသားစု တစ်စုလုံးမှာ အလွန် အံ့အားသင့်နေကြပြီးနောက် ဝမ်းသာသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ကလေးနှစ်ယောက် အစားမခံရတော့ကြောင်း သူတို့ သိလိုက်သောကြောင့် ဖြစ်၏။
မိသားစု တစ်စုလုံးက ကျေးဇူးတင်စကား အလီလီ ပြောဆိုကြပြီး ချင်မင်ကို ဦးညွှတ် ကန်တော့ရန် ပြင်ကြသော်လည်း သူက အမြန် တားဆီးလိုက်သည်။
သူတို့ မိသားစု၏ ဝမ်းသာနေမှု အနောက်တွင် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ချင်မင် မြင်လိုက်ရသည်။
မကြာမီမှာပင် လောမိသားစုရွာ၏ ရွာသူကြီး ရောက်လာခဲ့သည်။ သူသည် စိတ်လှုပ်ရှားနေသလို စိုးရိမ်ပူပန်နေပုံလည်း ရသည်။ ဒုက္ခပေးနေသော အစိမ်းရောင် ဝံပုလွေကြီးကို ဖြေရှင်းပေးလိုက်ခြင်းက ကောင်းမွန်သော်လည်း ထူထပ်သော တောအုပ်ထဲတွင် ဝံပုလွေ တောင်တန်း တစ်ခု ရှိနေပြီး အနည်းဆုံး ရက်စက်သော ဝံပုလွေ ခြောက်ကောင်ခန့် ရှိနေသေးသည်။
ချင်မင်က သူတို့ထံမှ အခြေအနေကို အသေးစိတ် မေးမြန်း နားလည်ပြီးနောက် ချက်ချင်းပင် ထွက်ခွာကာ ဝံပုလွေ တောင်တန်း ဟုခေါ်သော နေရာဆီသို့ အပြေးအလွှား သွားလိုက်လေသည်။
ကျယ်ဝန်းလှသော လွင်ပြင်ကြီးပေါ်ရှိ ထူထပ်သော တောအုပ်ထဲတွင် တောင်ကုန်းများ ရှိနေပါက များသောအားဖြင့် တစ်စုံတစ်ရာသော သတ္တဝါများက အသိုက်အဖြစ် နေရာယူထားတတ်ကြသည်။
နာရီဝက်ခန့် အကြာတွင် ချင်မင်သည် ခရီးပန်းတိုင်ကို ရှာတွေ့သွားပြီး တောင်တန်းပေါ်သို့ တက်သွားခဲ့သည်။
“ဘယ်သူလဲ”
“မိတ်ဆွေ ငါတို့က ငွေရောင် ဝံပုလွေဘုရင် ရဲ့ လက်အောက်ငယ်သားတွေပါ မင်းမှာ ဘာကိစ္စ ရှိလို့လဲ ထိုင်ပြီး စကားပြောကြရအောင်”
အဖြူရောင် ဝံပုလွေ တစ်ကောင်နှင့် မီးခိုးရောင် ဝံပုလွေ တစ်ကောင်တို့က ရှေ့ဆင့်နောက်ဆင့် စကားပြောလာကြသည်။ ၎င်းတို့ အားလုံးမှာ လူစကား နားလည်နေကြခြင်းပင်။
ဤ ဝံပုလွေ နတ်ဆိုးများမှာ အလွန် သတိထားနေကြပြီး ရောက်လာသူက ရည်ရွယ်ချက် ကောင်းမွန်ခြင်း မရှိကြောင်း ခံစားမိနေကြသည်။ တစ်ယောက်တည်းနှင့် ဒီနေရာသို့ လာရဲသော လူငယ်မှာ ရင်ဆိုင်ရန် မလွယ်ကူကြောင်း သိနေကြ၏။
“မင်းတို့က အဲဒီ ရွာတွေ မြို့တွေမှာ လူစားခဲ့ဖူးတယ် မဟုတ်လား”
ချင်မင်က မေးလိုက်သည်။
“နားလည်မှု လွဲနေတာပါ ငါတို့က တစ်ခါတလေမှ သွေးစွန်းတတ်တာပါ အတော်လေး ထိန်းချုပ်ထားပါတယ်”
မီးခိုးရောင် ဝံပုလွေက ပြောလိုက်၏။
‘ချွင်’ ဟူသော အသံနှင့်အတူ ချင်မင်က ဆက်မနားထောင်နိုင်တော့ဘဲ ဓားကို ပြတ်သားစွာ ဆွဲထုတ်လိုက်သည်။ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော ဝံပုလွေ ခေါင်းကြီး ပြတ်ကျသွားလေသည်။
“မင်းက ငွေရောင် ဝံပုလွေဘုရင် ရဲ့ လက်အောက်ငယ်သားတွေကို လက်ရဲဘက်ရဲ တိုက်ခိုက်ရဲတယ်ပေါ့လေ”
အခြားသော ဝံပုလွေရိုင်းများမှာ အပြင်ပန်းတွင် ကြောက်မက်ဖွယ် ကောင်းနေသော်လည်း အတွင်းစိတ်ထဲတွင် ကြောက်ရွံ့နေကြသည်။ သို့သော် အနည်းငယ် တွေဝေသွားပြီးနောက် အတူတကွ ခုန်အုပ်ကာ တိုက်ခိုက်လာကြတော့သည်။
ချက်ချင်းဆိုသလိုပင် ဓားအလင်းရောင်များ တောက်ပသွားပြီး ဝံပုလွေ တောင်တန်းပေါ်တွင် သွေးများ ပန်းထွက်ကုန်သည်။ ရက်စက်သော ဝံပုလွေ အချို့မှာ ခေါင်းဖြတ်ခံရပြီး အချို့မှာ ထက်ပိုင်း ပိုင်းဖြတ်ခံလိုက်ရလေသည်။
ချင်မင်က ဝံပုလွေ အစွယ် အနည်းငယ်ကို ယူကာ တောင်ပေါ်မှ ဆင်းလာပြီး လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့သည်။
“လူသား ဓားသမား တစ်ယောက်က ငါတို့ဆီ ပြေးလာပြီး အမဲလာလိုက်နေတာလား”
ထူထပ်သော တောအုပ်ထဲတွင် လူတစ်ဝက်ခန့် အရပ်မြင့်သော အဝါရောင်မြွေပါဝါ တစ်ကောင်က ဓားတစ်လက်ကို လွယ်ထားရင်း ရှေ့မှ ပိတ်ရပ်နေသည်။ ၎င်း၏ မျက်လုံး နှစ်ဖက်တွင် ခရမ်းရောင် အလင်းများ စီးဆင်းနေပြီး ခန္ဓာကိုယ်ပေါ်တွင် မှိန်ပျပျ လျှပ်စီးကြောင်းများ ရစ်ပတ်နေလေသည်။