ကျားနဂါးအာဟတ်တစ်ပါးဖြစ်နေသော တာအိုကျင့်ကြံသူ ၂
Vol. 100 Ch. 994
ဂိုဏ်းချုပ်ရှန်းကိုယ်တိုင်ထွက်ပေါ်လာခဲ့ခြင်း မရှိသော်လည်း သူတို့၏အသက်ကို နောက်တစ်ကြိမ် ကယ်တင်ပေးခဲ့ပြန်လေသည်။
၎င်းမှာ တစ်ဖက်လူပေးအပ်ထားသော အသက်ဖြစ်သဖြင့်၊ ၎င်းတို့အနေဖြင့် မဆင်မခြင်နှင့် တဇွတ်ထိုး ပြုမူပိုင်ခွင့်မရှိတော့ချေ။
သို့သော် သူဟာအမှန်တကယ်ပင် သည်းခံနိုင်စွမ်းမရှိလောက်အောင် ဖြစ်နေခဲ့လေသည်။
ကျစ်ရှန်းက တုန်လှုပ်စွာဖြင့်နောက်သို့ လှည့်ကြည့်လိုက်လေ၏။
ကျစ်လင်က ဒေါသထွက်နေခြင်းမရှိဘဲ၊ တောင်ထိပ်ပေါ်တွင် တိတ်ဆိတ်စွာရပ်နေဆဲဖြစ်ကာ၊ ကြင်နာယုယမှုများပြည့်နှက်နေသော အပြုံးတစ်ခုဖြင့် သူတို့အား နှုတ်ဆက်နေသည်ကို သူမ မြင်လိုက်ရလေသည်။
ထိုချိုသာသော အပြုံးက သူမ၏ကျောရိုးတစ်လျှောက်ကြက်သီးမွေးညင်းများ ထသွားစေခဲ့လေသည်။
"သခင်သခင်မတို့၊ဘေးကင်းကင်း သွားကြပါ။ ကျွန်မ လိုက်မပို့တော့ပါဘူး။"
"နောက်မှ ဟုန်ကျယ်မှာကျွန်မတို့စကားပြန်ပြောကြတာပေါ့။"
ကျစ်ရှန်း နောက်လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ ကျစ်လင်၏အပြုံးမှာ ပိုမို ကျယ်ပြန့်လာပြီး၊ သူမက ထွက်ခွာသွားသော လူအုပ်ကို နှုတ်ဆက်ရန် သူမ၏လက်များကိုပင် ညင်သာစွာ ဝှေ့ယမ်းပြလိုက်ပါသည်။
ဟုန်ကျယ်ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ရွှမ်ချင်း အပါအဝင် လူတိုင်းက သူတို့၏ခြေလှမ်းများကို တစ်ပြိုင်နက်တည်း ရပ်တန့်လိုက်ကြလေသည်။
"ဘာတွေ မှားယွင်းနေလို့လဲ။"
ယဲ့လန်က မျက်မှောင်ကြုတ်ကာနောက်သို့ လှည့်ကြည့်လိုက်ရာ၊ ဤလူများက သေဘေးမှ သီသီလေးလွတ်မြောက်လာခဲ့ခြင်းအတွက် မည်သည့် ကျေးဇူးတင်မှုမျှမပြသကြသည်ကို သတိပြုမိလိုက်လေသည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတိုင်း၏မျက်နှာပေါ်တွင် သေရန် ဆုံးဖြတ်ထားသည့် စိတ်ပိုင်းဖြတ်မှုများသာ ပြည့်နှက်နေခဲ့၏။
မည်သူကမျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။
သူတို့က တောင်ထိပ်ပေါ်ရှိ အမျိုးသမီးကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့ကြလေသည်။
သေချာသည်မှာ၊ တစ်ဖက်လူက ဟုန်ကျယ်သို့ သွားရန် ကြိုတင်စီစဉ်ထားပြီးဖြစ်ရာ ရှီယန် ကျဆုံးသွားခဲ့ကြောင်းကို သဘာဝကျကျပင်ရှာဖွေတွေ့ရှိသွားပါလိမ့်မည်။
နောက်ထပ် ရက်အနည်းငယ်မျှ ပိုမိုအသက်ရှင်နေရခြင်းမှာ အဓိပ္ပာယ်မရှိတော့ချေ။ သူတို့ အမြတ်နိုးဆုံးဖြစ်သော၊ သူတို့၏ဇာတိမြေနှင့် ၎င်းအတွင်းရှိ ရေတွက်၍မရနိုင်သော သက်ရှိများအားလုံးက မသေမျိုးခုံရုံးမှ မသေမျိုးစစ်သည်တော်များ၏ရှင်းလင်းသုတ်သင်မည့် ပစ်မှတ်ဖြစ်လာတော့မည် ဖြစ်လေသည်။
ဤအကျပ်အတည်းမှ လွတ်မြောက်ရန် လမ်းစမရှိတော့ချေ။
"နင်လည်း ဟုန်ကျယ်ကပဲ လာခဲ့တာလေ၊ အဲဒီနေရာကနေထွက်လာဖို့ နင် ဘယ်လောက်တောင် အားထုတ်ခဲ့ရပြီး လူဘယ်နှယောက်ကို ဒုက္ခပေးခဲ့ရလဲဆိုတာ နင် သိပါတယ်။"
"ဒီလိုမျိုး လုပ်စရာမလိုပါဘူးလေ။"
ကျိကျင့်ရှီးက ဖြည်းညှင်းစွာ လှည့်လာပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။
ရှီယန်သာ မရှိခဲ့ပါက၊ ကျစ်လင် ကိုယ်တိုင်ပင်လျှင် ဤနတ်ဘုရားမင်းဆက်နယ်မြေသို့ သဘာဝကျကျ ရောက်ရှိလာနိုင်ပြီး၊ အခွင့်အရေးများကို ရှာဖွေရန် သင့်လျော်သော လမ်းကြောင်းကို ရွေးချယ်ကာ၊ မသေမျိုးအဖြစ် တက်လှမ်းပြီး ဘိုးဘေးတစ်ဦး ဖြစ်လာနိုင်ပေသည်။ ဤအရာများကို လုပ်ဆောင်နေရန် အဘယ်ကြောင့် ဒုက္ခခံနေမည်နည်း။
သို့သော် သူမ၏စကားများက ကျစ်လင်ကို အနည်းငယ်မျှပင် တုန်လှုပ်သွားစေခြင်း မရှိခဲ့ချေ။
ခရမ်းရောင်နှင့်အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော မိန်းကလေးက လူအုပ်ကို လေးနက်စွာ ကြည့်ရှုရင်း ပြောလိုက်၏။
"ဒါပေမဲ့ ငါ ထွက်လာခဲ့ပြီးပြီပဲလေ။"
အပြင်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် တူညီသော အမျိုးအစား မဟုတ်တော့ချေ။
ယခုအခါ သူမအတွက်၊ ဤမိတ်ဆွေဟောင်းများ အားလုံးက ပြဿနာများ၊ အစွန်းအထင်များနှင့် သေချာပေါက်သေဆုံးသင့်သော လူများသာ ဖြစ်နေလေပြီ။
ဤစကားများကို ပြောဆိုလိုက်သည်နှင့်တပြိုင်နက်၊ လူအုပ်ကြီးက ၎င်းတို့၏မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မမြင်တွေ့ရတော့ချေ။
ဂိုဏ်းချုပ်ရှန်းက သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ဟုန်ကျယ်အတွက် မိုးပြာကောင်းကင်တစ်စိတ်တစ်ပိုင်းကို ရယူပေးနိုင်ခဲ့သော်လည်း၊ နောက်ဆုံးတွင် ၎င်းမှာ ဤအမျိုးသမီး၏လက်ထဲတွင် ပြိုလဲပျက်စီးသွားတော့မည် ဖြစ်ပေသည်။
"..."
ယဲ့လန်က ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက်၊ ရှန်းယီက အဘယ်ကြောင့် ဤလူများကို ကျစ်လင်နှင့် မဆုံတွေ့စေဘဲ သူမအား အဝေးသို့ ပို့ဆောင်ပေးစေလိုခဲ့ကြောင်းကို နားလည်သဘောပေါက်သွားလေသည်။
သို့သော် ဟယ်တောင် ပတ်ဝန်းကျင်ဒေသမှာ အလုံခြုံဆုံးဖြစ်သည်ဟု သူမ ထင်မြင်ခဲ့ပြီး၊ အကယ်၍ ဤလူများ သူမ၏အမြင်အာရုံမှ ပျောက်ကွယ်သွားပါက၊ သူမ ယခင်က ပေးခဲ့သော ကတိကို အာမခံနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သူမက မုန့်ရှို့ဝမ်နှင့် ယဲ့ကျင်းတို့ကိုသာ ၎င်းတို့အား သွားရောက်စောင့်ကြည့်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်လေသည်။
အမှန်တကယ်တော့ ထိုနေရာတွင် အခြားသော ပြဿနာများလည်း ပါဝင်ပတ်သက်နေခဲ့ခြင်း ဖြစ်လေ၏။
"ဘာပြဿနာ ရှိနေလို့လဲ။ ပွင့်ပွင့်လင်းလင်း ပြောပါ၊သူမရဲ့ သခင်နဲ့ ငါ ဆွေးနွေးပေးပါ့မယ်။"
ယဲ့လန်သည် သက်ပြင်းချလိုက်ပြီး သူမ၏ နားထင်များကို ပွတ်သပ်လိုက်လေသည်။
သို့သော် လူတိုင်း၏ မျက်နှာပေါ်တွင် မည်သည့် ဝမ်းမြောက်မှုမျှ မရှိခဲ့ချေ။ မသေမျိုးအရာရှိ တစ်ဦးကို ကြားဖြတ်ဟန့်တားခြင်းနှင့် ပတ်သက်လာလျှင် ညှိနှိုင်းရန်နေရာဆိုသည်မှာ မရှိတော့ပေ။
ထိုအခိုက်အတန့်တွင်၊ ယဲ့လန် မျက်လုံးများကို ပင့်လိုက်ချိန်၌ သူမ အံ့အားသင့်သွား၏။
"နင် ဘာလို့ ရောက်လာတာလဲ။"
ကောင်းကင်ယံ၏အဆုံးမှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသော ဝတ်ရုံနက်နှင့်အမျိုးသားတစ်ဦးကို သူမ မြင်တွေ့လိုက်ရလေသည်။
"ကဲ...အကုန်လုံးလည်း ရောက်နေပြီဆိုတော့၊ တစ်ယောက်မှလည်း မလိုတော့ဘူး။ ပြန်ရမယ့် အချိန်ရောက်ပြီ..."
ယဲ့လန်က သူမ၏ဘေးရှိ လူစုကို တစ်ချက်ကြည့်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာယဲ့။"
ဝတ်ရုံနက်နှင့် အမျိုးသားက လူအုပ်ကိုဖြတ်ကျော်၍အရှေ့သို့ လျှောက်သွားလေသည်။
"ရှန်းယီ ခင်ဗျားကိုဆပ်ဖို့ ကျေးဇူးကြွေးတစ်ခုတင်သွားပါပြီ။"
"မသိချင်ယောင် မဆောင်နေနဲ့။ ပြန်ရမယ့် အချိန်ရောက်ပြီလို့ ငါ ပြောနေတယ်။ ငါ့ကို ပေးထားတဲ့ ကတိကို မမေ့နဲ့။"
ဤလူများ ကြုံတွေ့နေရသော ပြဿနာများကို ယဲ့လန် အများစု ခန့်မှန်းမိပြီး ဖြစ်လေသည်။ ယခုအခါ ၎င်းတို့သည် နတ်ဆိုးသုတ်သင်ရေးဌာနသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ရာ၊ ထိုပြဿနာများကို ရှင်းလင်းရန် အခြားသော နည်းလမ်းများစွာ ရှိနေပြီး၊ ပဋိပက္ခကို ပိုမိုဆိုးရွားလာစေရန်လုပ်စရာ မလိုအပ်တော့ချေ။
ရုံးခွဲများစွာ၏လုံခြုံရေးကို တာဝန်ယူရသော တစ်ဦးအနေဖြင့်၊ သူမက ဤကဲ့သို့သော ကိစ္စရပ်မျိုးတွင် ရှန်းယီ၏ ဆွဲသွင်းမှုကို ခံ၍ မဖြစ်နိုင်ပေ။
အဆင့်ငါးအောက်ရှိ မသေမျိုးစစ်သူကြီး တစ်ဦးအား အရေးယူဆောင်ရွက်ရန်အတွက်၊ သူမကိုယ်တိုင်ပင်လျှင် အထက်အရာရှိများထံ ဦးစွာ သတင်းပို့ရန် လိုအပ်ပြီး လုံလောက်သော ခိုင်မာသည့် အကြောင်းပြချက် ရှိရမည် ဖြစ်လေသည်။
"လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲနဲ့၊ ငါ လှုပ်ရှားမှာ မဟုတ်ဘူး။"
ဤစကားက တစ်ဖက်လူ၏ လက်တွေ့မကျသော မျှော်လင့်ချက်များကို တားဆီးရန် လုံလောက်သင့်ပြီဟု ယဲ့လန် တွေးလိုက်လေသည်။
ထိုစကားကို ကြားသောအခါ၊ ရှန်းယီသည် နောက်သို့ အနည်းငယ် လှည့်ကြည့်ကာ လေးနက်စွာ ပြောလိုက်လေသည်။
"အရင်ကိစ္စတွေက ပြီးဆုံးသွားပါပြီ။ ကျန်တဲ့ ကိစ္စတွေကိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ ဖြေရှင်းပါ့မယ်။"
လူငယ်လေး၏ စကားများတွင် မည်သည့် စိတ်လှုပ်ရှားစရာမျှ မပါဝင်သော်လည်း၊ ၎င်းတို့က ကျစ်ယန်နှင့် အခြားသူများကို လုံးဝ အံ့အားသင့် မှင်သက်သွားစေခဲ့လေသည်။
ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် ဂိုဏ်းချုပ်ရှန်း ဤနေရာ၌ ထွက်ပေါ်လာလိမ့်မည်ဟု ၎င်းတို့ တစ်ခါမျှ မထင်မှတ်ထားခဲ့ကြပေ။
ရန်ငြိုးများနှင့် ပတ်သက်၍ သူက ကျစ်လင်ကို မသိကျွမ်းခဲ့ပေ။ အခြားသော သံယောဇဉ်များနှင့် ပတ်သက်၍လည်း၊ ဤဂိုဏ်းချုပ်လေးက ဟုန်ကျယ်တွင် နှစ်အနည်းငယ်မျှသာ နေထိုင်ခဲ့ရာ၊ ကျင့်ကြံသူတစ်ဦးအတွက် ၎င်းမှာ ဖြတ်သန်းသွားရုံမျှသာဖြစ်သည်ဟု သတ်မှတ်၍ ရနိုင်လေသည်။
ထို့အပြင်၊ ရှန်းယီက ယခုအခါ မသေမျိုးသုံးဂိုဏ်းမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ရှိနေပြီဖြစ်ရာ၊ ရွှေချည်ထိုးထားသည့်အလား တောက်ပသောအနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ရိုင်းရိုင်းစိုင်းစိုင်း ပြောရလျှင်၊ ဟုန်ကျယ်ကို ပျက်စီးခွင့်ပြုလိုက်ခြင်းက သူ၏ညစ်နွမ်းနေသော ဂုဏ်သတင်းကို သန့်စင်ပေးနိုင်လေသည်။ မသေမျိုးသုံးပါးဂိုဏ်းမှ တာ့လော်မသေမျိုးအရှင်၏ အကာအကွယ်ဖြင့်၊ ရှီယန် ကျဆုံးမှု၏ညစ်ပတ်သော ရေများကို သူ့အပေါ်သို့ မည်သူက ပက်ဖြန်းရဲမည်နည်း။
သို့သော်လည်း သူ ရောက်လာခဲ့လေသေး၏။
"နင် ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။"
ယဲ့လန်သည် ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်သွားလေသည်။ ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူက ကျင့်ကြံမှုတွင်မတည်ငြိမ်သေးဘဲ အားနည်းသော နောက်လိုက်များ ရှိနေသော်လည်း၊ သူမက အဆင့်ခြောက် ကောင်းကင်ဘုံမသေမျိုး တစ်ပါး ဖြစ်နေဆဲပင် ဖြစ်ပြီး၊ မဟာစစ်သူကြီး ချင်းလွမ်က သူမ၏ကျောထောက်နောက်ခံ ဖြစ်နေသည်ကိုလည်း မမေ့သင့်ပေ။
"..."
ရှန်းယီက ပြန်လည်ဖြေကြားခြင်း မပြုခဲ့ချေ။ နောက်တစ်ခဏတွင် သူက တောင်ထိပ်ပေါ်၌ တိုက်ရိုက် ထွက်ပေါ်လာလေသည်။
ကျစ်လင်၏အပြုံးက မပျောက်ကွယ်သေးဘဲ သူမရှေ့ရှိ လူငယ်လေးကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်လေသည်။
"ဘယ်လိုလဲ၊ ဒီစီနီယာကလည်း မသေမျိုးခုံရုံးရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်ချင်လို့လား။"
"ငါ့ကို စီနီယာလို့ မခေါ်နဲ့။"
ရှန်းယီသည် ဂရုမစိုက်စွာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ပြီးစကားတစ်ခွန်းတည်းကိုသာ ပြောလိုက်လေသည်။
"ညစ်ပတ်တယ်။"
ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ သူ၏သန့်ရှင်းနေသော ဖိနပ်က ကျစ်လင်၏ဝမ်းဗိုက်ပေါ်သို့ ရုတ်တရက်ပြင်းထန်စွာ နင်းချလိုက်လေသည်။
ကောင်းကင်ဘုံမသေမျိုး ကျင့်ကြံခြင်းနယ်ပယ်ရှိ ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူက အစမှအဆုံးတိုင်အောင် တုံ့ပြန်ရန်အချိန်တစ်စက္ကန့်မျှပင် မရလိုက်ချေ။
သူမ၏မျက်နှာအမူအရာမှာ အေးခဲသွားပြီး သူမ၏ခန္ဓာကိုယ်မှာ စုတ်ပြတ်နေသော အိတ်တစ်လုံးအလား နောက်သို့ လွင့်ထွက်သွားလေတော့သည်။
ဝုန်း
မြင့်မားသောတောင်ကြီး မျက်စိတစ်မှိတ်အတွင်း ကြေမွပျက်စီးသွားခြင်းက စောင့်ကြည့်နေသူ အားလုံးကို အံ့အားသင့် မှင်သက်သွားစေခဲ့လေ၏။
ကျစ်လင်၏ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ယခုလေးတင်ကြုံတွေ့ခဲ့ရသော ဟုန်ကျယ်မှ လူအုပ်ကြီးက၊ သာမန်ဟု ထင်ရသော ထိုကန်ချက်ဖြင့် သူမ လွင့်စင်သွားသည်ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေခဲ့ကြလေတော့သည်။