အခန်း (၁၁၃-၁၁၄)
Vol. 8 Ch. 113-114
အခန်း ၁၁၃ ။ နည်းနည်းတော့ လက်ဝင်တယ်
"မင်းဆီမှာ ဒီလောက်ကြီးမားတဲ့ အင်အားတွေ ရှိနေတာတောင်... အဟွတ်... ဘာဖြစ်လို့ အားနည်းတဲ့သူတွေအတွက် ဒေါသထွက်ပေးနေရတာလဲ..."
လုံထူသည် ခဲယဉ်းစွာ မတ်တပ်ရပ်ရင်း စိတ်ထဲတွင် အလွန် ထိတ်လန့်နေမိသည်။ ဤလူ၏ အင်အားသည် အဆင့် ၅ စွမ်းရည်မြှင့်လူသားများအပေါ် သူ နားလည်ထားမှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။ အခြား ဇုန်လေးခုက အဆင့် ၅ စွမ်းရည်မြှင့်လူသားများဆိုလျှင် ဤမျှအထိ သေချာပေါက် မသန်မာနိုင်ပေ။
ဒီလူရဲ့ အင်အားက 'အရိပ်ဘုရင်' နဲ့တောင် ယှဉ်နိုင်တယ်... မဟုတ်ဘူး... ပိုတောင် သန်မာနိုင်သေးတယ်။
အဆင့် ၆။
ဒီလူက ဘယ်သူမှမသိတဲ့ အခြေအနေမှာ အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ အဆင့် ၆ စွမ်းရည်မြှင့်လူသား ဖြစ်လာခဲ့တာပဲ။
ကျန်းလီက အားလျှော့၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက လုံထူသည် မိမိသေဆုံးသွားမှန်းပင် မသိလိုက်ဘဲ သေသွားမည်ဖြစ်သည်။
ကျန်းလီက လုံထူကို အဆောက်အအုံ အပြင်ဘက်သို့ ကန်ထုတ်လိုက်သည်။
ကျန်းလီ လုပ်ခဲ့သော ကိစ္စများမှာ အလွန်ကြီးမားလွန်းသဖြင့် ယခုအခါ လူတိုင်းက သူ့ကို စောင့်ကြည့်နေကြသည်။
အစွမ်းထက်ပြီး မောက်မာလှသော လုံထူကြီးတစ်ယောက် အဆောက်အအုံထဲမှ ခွေးသေတစ်ကောင်အလား အကန်ခံရပြီး လေထဲသို့ လွင့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ၊ လူတိုင်း၏ အာရုံစိုက်မှုကို ပိုမို ရရှိသွားတော့သည်။
ပံ့ပိုးမှုအမှတ်များ ရရှိရန်အတွက် နေ့စဉ်နှင့်အမျှ ရုန်းကန်နေရသော အောက်ခြေလူတန်းစားများပင်လျှင်၊ ခေါင်းမော့ကာ ဤတိုက်ပွဲကို စောင့်ကြည့်လာကြသည်။
စွမ်းရည်မြှင့်လူသားများသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုသာ အားဖြည့်ထားခြင်းဖြစ်ပြီး၊ လေထဲတွင် ပျံသန်းနိုင်စွမ်း မရှိကြပေ။ လုံထူသည် ခြေထောက်ဖြင့် လေထုကို ဖိသိပ်ကာ လေထဲတွင် ခြေကုပ်ယူပြီး အသည်းအသန် ပြေးလွှားနေရသည်။
ပြေး။
မဖြစ်မနေ ပြေးရမယ်။
အဆင့် ၆ စွမ်းရည်မြှင့်လူသားကို ရင်ဆိုင်ဖို့ ငါ့မှာ အနိုင်ရနိုင်ခြေ လုံးဝမရှိဘူး။
သို့သော် သူ လေထဲတွင် ခြေလှမ်းအနည်းငယ်မျှသာ ပြေးရသေးချိန်တွင်၊ ကျန်းလီက သရဲတစ္ဆေတစ်ကောင်အလား သူ၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
"အစ်ကိုကြီး။ အစ်ကိုကြီး။ ကျွန်တော့်ကို ရိုက်နှက်လို့ အစ်ကိုကြီးရဲ့ ဒေါသ မပြေသေးဘူးလား။" လုံထူက အလျင်အမြန် အညံ့ခံလိုက်သည်။
"ကျွန်တော် အရှုံးပေးပါတယ်၊ ဇုန် ၃ ကို အစ်ကိုကြီးကို ပေးပါ့မယ်။" လုံထူက ချွေးသီးချွေးပေါက်များ ကျလာပြီး မိမိ၏ တန်ဖိုးကို အသည်းအသန် သက်သေပြနေသည် - "အစ်ကိုကြီးလည်း လက်အောက်ငယ်သားတွေ လိုအပ်မှာပဲလေ။ ကျွန်တော်က ဇုန် ၃ အကြောင်းကို အရမ်း ကျွမ်းကျင်ပါတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ ၅ ယောက်ပဲရှိတဲ့ အဆင့် ၅ စွမ်းရည်မြှင့်လူသား တစ်ယောက်လည်း ဖြစ်တယ်။ အစ်ကိုကြီး ကျွန်တော့်ကို သေချာပေါက် အသုံးချလို့ ရမှာပါ။"
ယဲ့ဝူသည် အဆောက်အအုံ အပေါ်ဆုံးထပ်မှနေ၍ ဤမြင်ကွင်းကို ကြည့်ရင်း မှင်တက်နေမိသည်။ သူမ ဖန်သားပြင်များပေါ်တွင်သာ မြင်ဖူးခဲ့သော၊ အမြဲတမ်း မာနကြီးပြီး မည်သူ့ကိုမျှ ဂရုမစိုက်တတ်သော လုံထူကြီးသည် ယခုကဲ့သို့ အောက်ကျနောက်ကျ အမူအရာမျိုး လုပ်နေလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ပေ။
"အစ်ကိုကြီးရဲ့အင်အားနဲ့ဆိုရင် တစ်ကမ္ဘာလုံးကို အုပ်စိုးလို့ ရပါတယ်။ ကျွန်တော် သိသလောက်ဆိုရင် ကျန်တဲ့ အဆင့် ၅ စွမ်းရည်မြှင့်လူသား ၄ ယောက်စလုံးက အရမ်းမာနကြီးကြတာ။ အစ်ကိုကြီးသာ ကျွန်တော့်ကို သိမ်းသွင်းလိုက်ရင်၊ အဲ့ဒါက လူတွေရဲ့စိတ်ကို သိမ်းသွင်းလိုက်တာနဲ့ အတူတူပဲ။ အကယ်၍ အစ်ကိုကြီးသာ ကျွန်တော့်ကို သတ်လိုက်ရင်၊ အဲ့ဒီလူတွေက အစ်ကိုကြီးအပေါ် သံသယတွေ ဝင်သွားလိမ့်မယ်။ အစ်ကိုကြီး ဘယ်လောက်ပဲ သန်မာပါစေ... တခြား အဆင့် ၅တွေရဲ့ သဘောထားကိုလည်း ထည့်စဉ်းစားရမှာပဲလေ..."
လုံထူ၏အမြင်တွင်၊ ကျန်းလီက သူ့ကို တိုက်ခိုက်ခြင်းမှာ အောက်ခြေလူတန်းစားများကို ဖိနှိပ်နေမှုကြောင့်ဆိုသည်မှာ အကြောင်းပြချက် သက်သက်သာ ဖြစ်သည်။ ကျန်းလီ အမှန်တကယ် လိုချင်သည်မှာ ဇုန် ၃ သို့မဟုတ် ကမ္ဘာကြီးတစ်ခုလုံးဖြစ်ရမည်။ ကမ္ဘာကြီးကို အုပ်စိုးရန်အတွက် လက်ထောက်များ လိုအပ်မည်ဖြစ်ရာ၊ သူသည် အကောင်းဆုံး လက်ထောက် ဖြစ်လာမည်ဟု တွေးထားသည်။
အဆင့် ၆ စွမ်းရည်မြှင့်လူသား တစ်ယောက်ဆိုလျှင် ဇွန်ဘီအားလုံးကို သေချာပေါက် ရှင်းလင်းပစ်နိုင်လိမ့်မည်။ အချိန်ယူရုံသာ ရှိသည်။ ဇွန်ဘီများ ပျောက်ကွယ်သွားပြီး စည်းကမ်းအသစ်များ ပြန်လည် တည်ဆောက်သည့်အခါ၊ သူသည် အကြီးမားဆုံး အကျိုးဆောင်ကြီး ဖြစ်လာမည်။ ထိုအခါ သူ အုပ်ချုပ်ရမည့် နေရာမှာ ဇုန် ၃ တစ်ခုတည်းသာ မဟုတ်တော့ဘဲ၊ ဇုန် ၃ပေါင်း မြောက်မြားစွာ ဖြစ်လာမည်ဟု ယုံကြည်နေသည်။
ဤအရာသည် အန္တရာယ်မဟုတ်ဘဲ အခွင့်အရေးကြီးတစ်ခု ဖြစ်လာပြီ။
ယဲ့တုနှင့် ယဲ့ဝူတို့လို အဆင့် ၁၊ အဆင့် ၂ အမှိုက်လေးများက ကျန်းလီကဲ့သို့ အင်အားကြီးသူ၏ နောက်လိုက် ဖြစ်ခွင့်မရှိပေ။ သူ ကိုယ်တိုင်မှသာ ကျန်းလီ၏ စစ်မှန်သော၊ ပထမဆုံး လက်အောက်ငယ်သား ဖြစ်လာမည်ဟု လုံထူက တွေးနေမိသည်။
"အားကြီးတဲ့သူက ဘာဖြစ်လို့ အားနည်းတဲ့သူတွေရဲ့ သဘောထားကို ထည့်စဉ်းစားနေရမှာလဲ။" ကျန်းလီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဟင်?"
လုံထူ ဘာမှ ပြန်မပြောနိုင်ခင်မှာပင်၊ သူ့ထံသို့ ဦးတည်လာသော လက်သီးတစ်လုံး ကြီးထွားလာသည်ကို မြင်တွေ့လိုက်ရသည်...
ကျန်းလီသည် လူအများ၏ရှေ့မှောက်တွင် လုံထူကို အရိုးများပါ ကျိုးကြေသွားသည်အထိ၊ နောက်ဆုံးတွင် လူရုပ်ပင် မပေါ်တော့ဘဲ အသားစများအဖြစ် ပြောင်းလဲသွားသည်အထိ ထိုးကြိတ်ပစ်လိုက်သည်။
ဤမြင်ကွင်းကို မည်သူကမျှ မယုံကြည်ရဲကြသော်လည်း၊ မျက်မြင်ကိုယ်တွေ့ဖြစ်နေသဖြင့် မယုံ၍လည်း မရတော့ပေ။
အင်အားကြီးမားပြီး မာနကြီးလှသော လုံထူကြီး... သေသွားပြီ။
သူဌေးကြီးတွေ ပျောက်ကွယ်သွားပြီ။ သူဌေးကြီးတွေရဲ့ နောက်ခံဖြစ်တဲ့ လုံထူကြီးလည်း သေသွားပြီ။ သူတို့ အားလုံးရဲ့ ခေါင်းပေါ်မှာ ဖိစီးနေတဲ့ တောင်ကြီး ပျောက်ကွယ်သွားပြီ...
သူဌေးကြီးတွေဟာ လူတွေကို အတင်းအကျပ် အလုပ်လုပ်ခိုင်းပြီး ပံ့ပိုးမှုအမှတ်တွေ ရှာခိုင်းတဲ့ သေမင်းတွေလိုပါပဲ။ ပံ့ပိုးမှုအမှတ် မရှာနိုင်ရင် သေရမှာလေ။
ယခုတော့ လူတိုင်း၏ ရင်ထဲမှ အပူလုံးကြီး ကျသွားခဲ့ပြီ။ ဇွန်ဘီများကို ရင်ဆိုင်ရသည်ထက် သူဌေးကြီးများကို ရင်ဆိုင်ရသည်က ပို၍ ကြောက်စရာ ကောင်းနေခဲ့သည် မဟုတ်လား။
သို့သော် သူဌေးကြီးများနှင့် လုံထူ သေဆုံးသွားပြီးနောက်... လုံထူကို သတ်ခဲ့သော ဤသူစိမ်း ပုဂ္ဂိုလ်ကြီးသည် နောက်ထပ် 'လုံထူ' အသစ်တစ်ယောက် ဖြစ်လာဦးမလား ဆိုသည်ကို လူတိုင်းက စိုးရိမ်စိတ်ဖြင့် တွေးတောနေမိကြသည်။
ကျန်းလီသည် ဇုန် ၃ရှိ ပြည်သူများ၏ ခန့်မှန်းချက်များကို ပြန်လည်တုံ့ပြန်ခြင်း မပြုခဲ့ပေ။ ၎င်းမှာ မလိုအပ်သော ကိစ္စဖြစ်သည်။ သူသည် အခြားကမ္ဘာမှ ဧည့်သည်တစ်ယောက်သာဖြစ်ကြောင်း ပြောပြလျှင်လည်း သူတို့က ယုံကြည်ကြမည် မဟုတ်ပေ။
သူတို့က သူ့ကို ဤကမ္ဘာ၏တစ်နေရာရာမှ ပေါ်ထွက်လာသော အင်အားကြီးသူ တစ်ဦးဟုသာ ထင်မှတ်ကြလိမ့်မည်။
ကျန်းလီသည် သူဌေးကြီးများကို ရှင်းလင်းပြီး၊ လုံထူကို လူပုံအလယ်တွင် သတ်ပြခဲ့ခြင်းမှာ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ လူများကို မျှော်လင့်ချက်ပေးရန်နှင့် သူတို့၏ မျှော်လင့်ချက် ကင်းမဲ့နေသော နှလုံးသားများကို ပြန်လည်နှိုးဆွပေးရန်ဖြစ်သည်။
သံသယဖြစ်သည်ဖြစ်စေ၊ မျှော်လင့်ချက်ထားသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးဆုံးမှာ သူတို့၏ တွေးခေါ်မှုများ မတောင့်တင်း၊ မထုံထိုင်းတော့ခြင်းပင် ဖြစ်သည်။
"လူကြီးမင်း... ကျွန်မတို့ ဇုန် ၁ကို သွားကြမလို့လား။"
ယဲ့ဝူသည် ကျန်းလီကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ သူ အဆင့် ၅ထက် သန်မာကြောင်း သိထားသော်လည်း၊ လုံထူကို ခွေးသေတစ်ကောင်အလား သတ်ပစ်လိုက်သည်ကို ကိုယ်တိုင် မျက်မြင်တွေ့ရခြင်းမှာ လုံးဝ ကွဲပြားခြားနားသော ခံစားချက်ဖြစ်သည်။
"သေချာတာပေါ့။" ကျန်းလီက လွယ်ကူစွာ ခေါင်းညိတ်လိုက်သည်။
သူ ဇုန် ၃မှာ အမြဲတမ်း ဆက်နေလို့မှ မရတာ။ အခု ဇုန် ၃က အဆင့် ၄နဲ့ အဆင့် ၅ စွမ်းရည်မြှင့်လူသားတွေ အကုန်လုံးကို သူ ရှင်းပစ်လိုက်ပြီဆိုတော့၊ သူသာ ထွက်သွားရင် ဇွန်ဘီအုပ်စု ဝင်တိုက်တာနဲ့ ဇုန် ၃က အရမ်း အန္တရာယ်များသွားမှာ သေချာသည်။
"အဲ့ဒါဆိုရင်တော့ တော်တော်လေး အလုပ်ရှုပ်ရလိမ့်မယ်။"
ယဲ့တုကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ သူ တကယ် ပြောချင်တာကတော့ လူတွေ အများကြီး သေရလိမ့်မယ် ဆိုတာပါပဲ။ ဇုန် ၃မှာ အင်အားကြီးတဲ့သူတွေက နဂိုကတည်းက နည်းပါတယ်ဆိုမှ၊ အခု ကျန်းလီက တစ်သုတ်လုံး ရှင်းပစ်လိုက်ပြီဆိုတော့ ပြည်သူတွေကို ဘယ်သူက ကာကွယ်ပေးမှာလဲ။ ဇုန် ၃မှာ လူဦးရေ ၁၀ သန်းနီးပါး ရှိတယ်။ ဒီလောက်များတဲ့ လူတွေ ဇုန် ၁ကို ပြောင်းရွှေ့ဖို့ဆိုတာ၊ လမ်းမှာ နေပူမရှောင်၊ မိုးရွာမရှောင် သွားရမယ့်အပြင် ရိက္ခာတွေ သယ်သွားဖို့ဆိုရင် လနဲ့ချီပြီး ကြာနိုင်တယ်။
ဒီလမ်းခရီးမှာ ဇွန်ဘီ အသိုက်ဘယ်လောက်များများကို ဖြတ်သွားရမလဲ၊ လူဘယ်လောက် သေရမလဲ မသိဘူး။ ကံမကောင်းလို့ ဇွန်ဘီအုပ်စုကြီးနဲ့ တိုးရင် ပိုဆိုးသွားဦးမယ်။
လူကြီးမင်းက သန်မာပေမဲ့ လူ ၁၀ သန်းလုံးကို တစ်ပြိုင်နက်တည်း ကာကွယ်ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ လူကြီးမင်းက လူသားပဲ ရှိသေးတာ၊ နတ်ဘုရားမှ မဟုတ်တာ။
လူအများစုကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခု ရှိတာကတော့ လူကြီးမင်းက တစ်ခေါက်ကို လူသောင်းဂဏန်းလောက် ခေါ်ပြီး ဇုန် ၁ကို သွားပို့ပေးဖို့ပဲ။ အကြိမ် ၁၀၀ လောက် သွားပို့ရင်တော့ ရလောက်တယ်။
ဒါပေမဲ့ အဲ့ဒီနည်းလမ်းကလည်း အန္တရာယ်ရှိတယ်။ လူကြီးမင်းက အချိန်အများစုကို လမ်းခရီးမှာ ကုန်ဆုံးနေရမှာဖြစ်ပြီး၊ ဇုန် ၃မှာ ကာကွယ်မယ့်သူ မရှိတဲ့အချိန် ဇွန်ဘီအုပ်စု ဝင်တိုက်ရင် ဒုက္ခရောက်မှာပဲ။
ဒီစကားတွေကို သူ စိတ်ထဲမှာပဲ တွေးရဲပါတယ်။ အပြင်ထုတ်ပြောဖို့တော့ မရဲပါဘူး။
"နည်းနည်းတော့ လက်ဝင်တာပေါ့။"
ကျန်းလီသည် ယဲ့တု၏စကားကို သဘောတူလိုက်သည်။
သူသည် ကောင်းကင်ယံသို့ ပျံတက်သွားလိုက်သည်။ သူ့အမြင်တွင် ဇုန် ၃မှာ လက်ဝါးအရွယ်အစားခန့်သာ ရှိတော့သည်။ သူသည် ဇုန် ၃ ရှိရာနေရာကို ညင်သာစွာ ခပ်ယူလိုက်သည့် ပုံစံမျိုး လုပ်လိုက်ရာ၊ ဇုန် ၃ရှိ လူများမှာ အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး အခြား ဘာခံစားချက်မျှ မဖြစ်ပေါ်တော့ပေ။
သို့သော် ဇုန် ၃ မြို့တံခါးဝရှိ အစောင့်များမှာမူ ကြက်သီးထသွားပြီး ဤမြင်ကွင်းကို တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။
ဇုန် ၃ကို မီတာ ၁၀၀ ခန့်မြင့်သော သတ္တုတံတိုင်းကြီးများဖြင့် ကာရံထားသဖြင့် အတွင်းမှ လူများက အပြင်ဘက်ကို မမြင်ရသော်လည်း၊ တံခါးစောင့်များကမူ ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ဇုန် ၃ မြို့ကြီးနှင့်တကွ ပတ်ဝန်းကျင်ရှိ မြေပြင်ကြီး တစ်ခုလုံးသည် အမည်မသိ စွမ်းအားကြီးတစ်ခု၏ ဖိသိပ်မှုကို ခံရပြီး တစ်သားတည်းဖြစ်သွားကာ၊ ကမ္ဘာမြေဆွဲအား၏ ချုပ်နှောင်မှုမှ ရုန်းထွက်ပြီး လုံးဝ သိပ္ပံနည်းမကျသော ပုံစံဖြင့် လေထဲတွင် ပျံတက်သွားတော့သည်။
ယုံကြည်မှု၊ နတ်ဘုရား စသည့် အယူအဆများသည် ကမ္ဘာပျက် ဆယ်နှစ်အတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း၊ ယခုအခါ တံခါးစောင့်များသည် အလိုအလျောက်ပင် ဒူးထောက် ရှိခိုးမိသွားကြသည်။
ဒီကမ္ဘာမှာ တကယ်ပဲ နတ်ဘုရားတွေ ရှိနေတာပဲ။
***
wunzinnosp
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 114
အခန်း ၁၁၄ ။ ဝေလငါးအုပ်စု
ဇုန် ၃ ၏ မြင်ကွင်းကို အဝေးမှ လှမ်းမြင်လိုက်ရသူတိုင်းသည်လည်း၊ ဖော်ပြ၍မရနိုင်လောက်အောင် ခမ်းနားကြီးကျယ်လွန်းသော မြင်ကွင်းကြောင့် ဆွံ့အသွားကြရသည်။
စတုရန်းကီလိုမီတာ တစ်သောင်းလေးထောင် ကျယ်ဝန်းသော ဇုန် ၃ မြို့တော်ကြီးသည် မြေပြင်မှ အမြစ်ပြတ် ဆွဲနုတ်ခံလိုက်ရပြီး၊ မီတာ ၅၀၀ ခန့်အမြင့် လေထဲတွင် တွဲလောင်းဖြစ်နေသည်။ ၎င်းမှာ ရှေးဟောင်းဒဏ္ဍာရီများထဲမှ မြေအောက်တွင် အိပ်စက်နေသော ဧရာမဘီလူးကြီးတစ်ကောင် နိုးထလာသည့်အလား၊ ကောင်းကင်ကို ဖုံးကွယ်ပြီး မြေကြီးကို တုန်လှုပ်သွားစေသည်။
ထိုလူက ကမ္ဘာမပျက်ခင်က ကြည့်ခဲ့ဖူးသော 《ကောင်းကင်မြို့တော်》 ဟူသော အန်နီမေးရှင်း ဇာတ်လမ်းတစ်ပုဒ်ကို ပြန်သတိရသွားသည်။ ရှေးဟောင်း မြို့တော်ကြီးတစ်ခုသည် ရေနွေးငွေ့စွမ်းအင်ဖြင့် ကောင်းကင်ယံတွင် ပျံသန်းနေပြီး၊ မြို့ထဲတွင် သိမ်းဆည်းထားသော ရတနာများကြောင့် လူများစွာ လုယက်တိုက်ခိုက်ကြသည့် ဇာတ်လမ်းဖြစ်သည်။
"အန်နီမေးရှင်း မကြည့်ရတာတောင် ကြာပြီပဲ။ ထပ်ကြည့်ချင်လိုက်တာ..." ထိုလူသည် အတိတ်ကို ပြန်လည်လွမ်းဆွတ်နေမိရာမှ၊ ရုတ်တရက် ပြဿနာတစ်ခုကို သတိထားမိသွားသည်။
"နေဦး... ဇုန် ၃ကြီး လွင့်သွားပြီဆိုတော့၊ ငါက ဘယ်သွားရတော့မှာလဲ။" သူ အသံကုန် အော်ဟစ်လိုက်မိသည်။
သူသည် အဆင့် ၂ စွမ်းရည်မြှင့်လူသား တစ်ဦးဖြစ်သည်။ ယုံကြည်ရသော အသင်းသားများ မရှိသဖြင့်၊ မြို့ပျက်များအတွင်း တစ်ယောက်တည်း စွန့်စားသွားလာကာ ဇွန်ဘီများကို လိုက်လံ သတ်ဖြတ်လေ့ ရှိသည်။
ဇုန် ၃မှ ထွက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး၊ ဦးနှောက်အမြုတေ အနည်းငယ် စုဆောင်းပြီးနောက် ပြန်သွားရန် စဉ်းစားထားခဲ့သည်။ သို့သော် သူ ပြန်သွားရန် စဉ်းစားလိုက်ချိန်မှာပင် ဇုန် ၃ကြီးက ပျံသန်းသွားပြီဖြစ်သည်။
သူ စတင် ကြောက်လန့်လာသည်။ ဇုန် ၃ မည်မျှပင် ဆိုးရွားပါစေ၊ ၎င်းမှာ သူ နေထိုင်ရာ ဇုန် ၃ဖြစ်ပြီး ပစ္စည်းများ ဖြည့်တင်းနိုင်သော နေရာဖြစ်သည်။ ယခု ဇုန် ၃ မရှိတော့ပါက၊ သူကဲ့သို့ တစ်ကိုယ်တော် စွန့်စားသူ၏ နောက်ဆုံး ရလဒ်မှာ အစာငတ်၊ ရေငတ်၍ သေဆုံးခြင်း သို့မဟုတ် ဇွန်ဘီများ၏ အစားခံရခြင်းသာ ဖြစ်လိမ့်မည်။
သူ တစ်ယောက်တည်း ကြောက်လန့်နေစဉ်မှာပင်၊ သူကိုယ်တိုင်လည်း ဇုန် ၃ကဲ့သို့ လေထဲတွင် ပျံတက်သွားပြီး ဇုန် ၃ဆီသို့ လွင့်မျောသွားသည်ကို တွေ့လိုက်ရသည်။
"ဟင်? ဟင်... ဟင်—"
သူသည် ဇဝေဇဝါဖြင့် ဇုန် ၃သို့ ပြန်ရောက်သွားပြီးနောက်၊ ဤနေရာရှိ လူများမှာ သူ ထွက်မသွားခင်ကနှင့် အများကြီး ကွာခြားသွားကြောင်း တွေ့လိုက်ရသည်။ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသည်ဟု မဆိုနိုင်သော်လည်း၊ အနည်းဆုံးတော့ လူတိုင်း၏မျက်လုံးများတွင် အသက်ဝင်မှု ရှိလာကြသည်။
ဇုန် ၃တွင် ဘာတွေဖြစ်ခဲ့သလဲဟု သူ လိုက်လံ မေးမြန်းလိုက်မှသာ... သူတို့ကို ဖိနှိပ်ခေါင်းပုံဖြတ်နေသော သူဌေးကြီးများနှင့် လုံထူ တို့ သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ဇုန် ၃က ဘာလို့ ပျံသန်းသွားရတာလဲဟု မေးလိုက်သောအခါ၊ လူများက ကောင်းကင်ထက်ရှိ လူရိပ်လေးကိုသာ လက်ညှိုးထိုးပြကြသည်။
ဘယ်ကမှန်းမသိ ရောက်လာတဲ့ ဒီပုဂ္ဂိုလ်ကြီးကလွဲရင် ဘယ်သူက လုပ်နိုင်မှာလဲ။
မြို့တစ်မြို့လုံး ပျံသန်းသွားသည်ဟူသော သတင်းမှာ ဇုန် ၃ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လူများက မယုံကြည်ရဲကြပေ။ အစပိုင်းတွင် တုန်ခါသွားသည်မှလွဲ၍ သူတို့ မည်သည့်အရာကိုမျှ မခံစားခဲ့ရပေ။ လေယာဉ်ပျံသန်းချိန်တွင်ပင် နားအူခြင်းများ ဖြစ်ပေါ်တတ်သော်လည်း သူတို့ ဘာမှ မခံစားရပေ။
တကယ်လို့ တစ်မြို့လုံး ပျံသန်းသွားတယ်ဆိုရင်တောင်... ဒီလောက် တည်ငြိမ်နေတာကတော့ အရမ်း လွန်လွန်းနေပြီ မဟုတ်လား။
သို့သော် မြို့အပြင်ဘက်မှ စွမ်းရည်မြှင့်လူသားများ မြို့ထဲသို့ မကြာခဏ ပျံသန်းဝင်ရောက်လာပြီး၊ ပျံသန်းနေသည့် သတင်းကို အကြိမ်ကြိမ် အတည်ပြုပေးလိုက်သောအခါ၊ လူများသည် သံသယတစ်ဝက်ဖြင့် မြို့တံခါးဝသို့ သွားရောက် ကြည့်ရှုကြပြီး၊ နောက်သို့ ရွေ့လျားသွားနေသော ရှုခင်းများကို မြင်တွေ့လိုက်ရမှသာ အပြည့်အဝ ယုံကြည်သွားကြတော့သည်။
ယဲ့တုသည် တစ်မြို့လုံး ပျံသန်းသွားကြောင်း ကြားလိုက်ရသောအခါ၊ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အတော်ကြာအောင် ပြန်မပိတ်နိုင်တော့ပေ။
"နည်းနည်းတော့ လက်ဝင်တာပေါ့" ဆိုသည့် ပုဂ္ဂိုလ်ကြီး၏စကားကို သူ ကိုယ်တိုင် ကြားခဲ့ရသည် မဟုတ်လား။ ဇုန် ၃ကြီးတစ်ခုလုံး ပျံသန်းသွားအောင် လုပ်လိုက်တာကို "နည်းနည်း လက်ဝင်တယ်" လို့ပဲ ပြောလိုက်တာလား။
လေထဲတွင်လည်း ဘေးကင်းလုံခြုံသည် မဟုတ်ပေ။ ဇွန်ဘီ ဖြစ်သွားသော ငှက်များကို မဆိုထားနှင့်ဦး၊ ကျန်းလီသည် ဇုန် ၃ကို ဇုန် ၁သို့ သယ်ဆောင်သွားစဉ် လမ်းခရီးတွင်၊ ယဲ့ဝူ ပြောပြဖူးသော ဇွန်ဘီဝေလငါးကြီး နှင့် ဆုံတွေ့ခဲ့ရသည်။ ထိုဝေလငါးကြီး၏ကိုယ်ပေါ်တွင် ငါးပုံစံ ဇွန်ဘီများစွာက ပိုးလောက်လမ်းများအလား တွားသွားနေကြသဖြင့် အလွန် ရွံရှာဖွေကောင်းလှသည်။
ဇွန်ဘီဝေလငါးသည် ၎င်း၏ကိုယ်ပေါ်မှ ငါးများကို ဂရုမစိုက်ပေ။ ၎င်းသည် ဧရာမ အသားတောင်ပံကြီးများကို ခတ်လိုက်တိုင်း၊ သွေးညှီနံ့များ လှိုင်နေသော လေပြင်းများ တိုက်ခတ်လာပြီး အန်ချင်စရာ ကောင်းလှသည်။
ဇွန်ဘီဝေလငါးမှာလည်း အသိဉာဏ်ရှိသော အဆင့်မြင့် ဇွန်ဘီတစ်ကောင် ဖြစ်သော်လည်း၊ ကောင်းကင်မြို့တော်ကြီးကို မြင်လိုက်ရသောအခါ ဤမြို့ကြီး မည်သို့ ပျံသန်းနေသလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ၊ ထိုမြို့ထဲတွင် အစားအစာများစွာ ရှိနေမည်ကိုတော့ ၎င်း သိရှိထားသည်။ ဤမျှ ကြီးမားသော သွေးဆောင်မှုကို ၎င်း လက်မလွှတ်နိုင်ပေ။
၎င်းသည် ရှည်လျားစွာ ဟိန်းဟောက်လိုက်ရာ၊ ငရဲပြည်မှ မိစ္ဆာတစ်ထောင် ပြိုင်တူ အော်ဟစ်လိုက်သကဲ့သို့ အလွန် နားကလောစရာကောင်းသော အသံကြီး ထွက်ပေါ်လာသည်။
တံခါးစောင့်များသည် တံခါးဝတွင် စောင့်ကြပ်နေဆဲဖြစ်ပြီး မိမိတို့၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်နေကြသည်။ သူတို့ တံခါးစောင့်နေခြင်းက ဘာအတွက် အသုံးဝင်သလဲဆိုသည်ကို သူတို့ကိုယ်တိုင်ပင် မသိကြပေ။
သို့သော် ယခုတော့ တကယ် အသုံးဝင်သွားပြီဖြစ်သည်။ သူတို့သည် မကောင်းဆိုးဝါး အငွေ့အသက်များ ပြည့်နှက်နေသော ဇွန်ဘီဝေလငါးကြီးကို မြင်လိုက်ရသောအခါ၊ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"ဇွန်ဘီဝေလငါး... ဇွန်ဘီဝေလငါးတွေ လာနေပြီ။"
ထိုစကားတစ်ခွန်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။
ဇွန်ဘီဝေလငါးများ၏အန္တရာယ်သည် ဇွန်ဘီအုပ်စုကြီးများထက်ပင် ပိုမို ကြောက်စရာကောင်းပြီး၊ မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံး နေရာတွင် ကိန်းအောင်းနေသော ကြောက်ရွံ့မှုတစ်ခု ဖြစ်သည်။ လူသားများသည် ဇွန်ဘီများ၏ လက်အောက်သို့ လျင်မြန်စွာ ကျရောက်သွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ဤဇွန်ဘီဝေလငါးများကြောင့်ပင် ဖြစ်သည်။
ဇွန်ဘီဝေလငါးများသည် ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော်လည်း ပျံသန်းမှုအရှိန်မှာ အလွန် မြန်ဆန်လှသည်။ ထို့ပြင် သားရေမှာ အလွန်ထူထဲပြီး ဒုံးကျည်များဖြင့် ပစ်ခတ်လျှင်ပင် အရေပြားကို ဖောက်ထွင်း၍ မရနိုင်ပေ။
ဇွန်ဘီဝေလငါးများသည် အမြဲတမ်း အုပ်စုလိုက် သွားလာလေ့ရှိပြီး၊ ယခုတစ်ကြိမ်တွင်လည်း ချွင်းချက် မဟုတ်ပေ။ ဇွန်ဘီဝေလငါး ဆယ်ကောင်ခန့်သည် ကောင်းကင်ယံတွင် ပျံဝဲနေကြရာ၊ ကောင်းကင်ကြီး တစ်ခုလုံး မှောင်မည်းသွားပြီး ကံဆိုးမိုးမှောင် ကျရောက်တော့မည်ကို သက်သေပြနေသကဲ့သို့ ဖြစ်နေသည်။
ခေါင်းဆောင် ဇွန်ဘီဝေလငါးသည် အခြား ဝေလငါးများကို ဦးဆောင်ကာ ဇုန် ၃ဆီသို့ အတောင်ပံခတ်၍ ပျံသန်းလာကြသည်။
လူများ စတင် မျှော်လင့်ချက် ကင်းမဲ့လာကြသည်။
မူလက ဇုန် ၃တွင် ဇွန်ဘီဝေလငါးများကို ရင်ဆိုင်ရန် အစီအစဉ် ရှိခဲ့သော်လည်း၊ ၎င်းမှာ အဆင့် ၃၊ အဆင့် ၄ စွမ်းရည်မြှင့်လူသားများ အားလုံးနှင့် လုံထူတို့၏ ပူးပေါင်းမှု လိုအပ်သည်။ ယခုအခါ အဆင့် ၄ စွမ်းရည်မြှင့်လူသားများနှင့် လုံထူ သေဆုံးသွားပြီဖြစ်ရာ၊ ဇုန် ၃၏ ပလာစမာ အကာအကွယ် နှင့် ဒုံးကျည်များဖြင့်သာ ဝေလငါးအုပ်စုကို ခုခံနိုင်မည်လား။
လူများ စတင် မျှော်လင့်ချက် ကင်းမဲ့လာကြသည်။ လုံထူကို သတ်ပြီး ဇုန် ၃ကို ပျံသန်းစေခဲ့သော ထိုပုဂ္ဂိုလ်ကြီးမှာ သေချာပေါက် ဘာမှဖြစ်မည် မဟုတ်သော်လည်း၊ ၎င်းက လူတိုင်းကို ကာကွယ်ပေးနိုင်မည်ဟု မဆိုလိုပေ။ ဝေလငါး တစ်ကောင်လောက် မြို့ထဲ ဝင်လာရုံဖြင့်၊ ၎င်းသယ်ဆောင်လာသော ကပ်ပါးငါးများကြောင့် ဇုန် ၃ တစ်ခုလုံး ပျက်စီးသွားနိုင်သည်။
"အဲ့ဒီ ပုဂ္ဂိုလ်ကြီးကို မြန်မြန် ဆက်သွယ်ကြ။" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ သူ့ကို မြန်မြန် ဆက်သွယ်။ ဝေလငါးတွေ အနားမရောက်လာခင် သတ်ပစ်လိုက်ရင် ဘာမှမဖြစ်တော့ဘူး။" ကျန်းလီ၏ အစွမ်းထက်မှုကို သတိရသွားကာ လူများ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာကြသည်။
ခေါင်းဆောင် ဇွန်ဘီဝေလငါးမှာ အဆင့် ၅ ဖြစ်သည်။ လုံထူသည် အဆင့် ၅ စွမ်းရည်မြှင့်လူသားများမှာ ဇွန်ဘီဗိုင်းရပ်စ်ကို အတော်အတန် ခံနိုင်ရည်ရှိသော်လည်း၊ ကူးစက်ခံရနိုင်ခြေ ရှိသေးသဖြင့် ဝေလငါးအုပ်စုကို တိုက်ရိုက် ရင်မဆိုင်ဝံ့ပေ။ လုံထူသည် ဇွန်ဘီဝေလငါးများကို အမြဲတမ်း လူပင်လယ် စစ်ဗျူဟာဖြင့်သာ အသေခံ တိုက်ခိုက်လေ့ရှိရာ၊ ဝေလငါးအုပ်စုကို ရင်ဆိုင်ရတိုင်း လူအများအပြား သေဆုံးလေ့ရှိသည်။
သို့သော် ထိုပုဂ္ဂိုလ်ကြီးကတော့ မတူပေ။ သူက လုံထူကို အလွယ်တကူ သတ်နိုင်သည်ဆိုကတည်းက၊ ဇွန်ဘီဝေလငါးများကို သတ်ရန်လည်း ခက်ခဲမည် မဟုတ်ပေ။
"သူ ဘယ်မှာလဲ။"
ထိုမေးခွန်းက လူတိုင်းကို ဆွံ့အသွားစေသည်။
ဟုတ်သားပဲ... အဲ့ဒီ ပုဂ္ဂိုလ်ကြီး ဘယ်မှာလဲ။
ထိုအခါမှသာ ကျန်းလီနှင့် ပတ်သက်၍ ဘာကိုမျှ မသိကြကြောင်း လူတိုင်း သတိပြုမိသွားကြသည်။ သူ၏ နာမည်၊ အသက်၊ အဆင့်၊ ဇာတိ၊ ရည်ရွယ်ချက်... အားလုံးမှာ အမည်မသိများသာ ဖြစ်နေသည်။
အခု ဘယ်မှာရှိနေလဲ ဆိုတာကိုတောင် ဘယ်သူမှ မသိကြဘူး။
လူများ ထပ်မံ မျှော်လင့်ချက် ကင်းမဲ့သွားကြပြန်သည်။
တခြားသူတွေ မသိပေမဲ့ ယဲ့တု သိသည်။
ယဲ့တုသည် လေထဲတွင် ပျံသန်းနေရသည့် ခံစားချက်ကို ခံစားကြည့်လိုသဖြင့် တံခါးဝသို့ ရောက်လာကာ အောက်ဘက်ကို ငုံ့ကြည့်နေစဉ် ဤကိစ္စနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။
ယဲ့တုသည် ဇွန်ဘီဝေလငါးကို မြင်လိုက်သည့် အခိုက်အတန့်တွင် ခေါင်းထဲ၌ ဗလာကျင်းသွားပြီး၊ ငယ်စဉ်က ကြုံတွေ့ခဲ့ရသော ကြောက်ရွံ့မှုများက အသိစိတ်ကို လွှမ်းမိုးသွားသည်။ ယခု လူများက ကျန်းလီအကြောင်း ပြောနေကြသည်ကို ကြားမှသာ၊ ကျန်းလီကို သူ ရှာတွေ့နိုင်ကြောင်း သတိရသွားသည်။
သူသည် စကားပြောစက်ကို ထုတ်ယူလိုက်သည်။
...
ကျန်းလီသည် ဆိုဖာပေါ်တွင် ထိုင်ကာ၊ ခြေထောက်နှစ်ဖက်ကို သစ်သားစားပွဲပေါ်သို့ တင်ထားပြီး ခြေထောက်ကို ခါးထက် အနည်းငယ်မြင့်အောင် ထားထားသည်။
ဇုန် ၃ ပတ်လည်ရှိ ဟင်းလင်းပြင်ကို အေးခဲစေပြီး၊ စတုရန်းကီလိုမီတာ တစ်သောင်းကျော်သာရှိသော ဇုန် ၃ကို စိတ်အာရုံဖြင့် မလိုက်ခြင်းမှာ သူ့အမြင်တွင်တော့ အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။
ကျန်းလီသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားပြီး၊ မြို့အပြင်ဘက်သို့ ထွက်သွားသော လူများကိုလည်း ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ထင်ထားသည့်အတိုင်းပင်၊ သူ၏ နတ်ဘုရားအာရုံအောက်တွင် အရုပ်ဆိုး အကျည်းတန်လှသော ဇွန်ဘီဝေလငါးများနှင့် ၎င်းတို့၏ ကပ်ပါးငါးများကို မြင်တွေ့လိုက်ရသည်။
"ကျွတ်..." ကျန်းလီသည် မိမိ၏မျက်စိများ ညစ်ညမ်းသွားပြီဟု ခံစားလိုက်ရသည်။
ထို "ကျွတ်" ဟူသော အသံလေး ထွက်ပေါ်လာသည်နှင့်၊ ကောင်းကင်ယံတွင် ထူထပ်သော တိမ်မည်းများ စုဝေးလာပြီး၊ ကြီးမားသော ခရမ်းပြာရောင် မိုးကြိုးများ တဝုန်းဝုန်း ပစ်ချလာကာ ဇွန်ဘီဝေလငါးများနှင့် ကပ်ပါးငါးများအားလုံး ပြာပင် မကျန်အောင် လောင်ကျွမ်းသွားတော့သည်။
ကျန်းလီသည် သူ့နဖူးကို ရိုက်လိုက်ပြီး နောင်တရစွာဖြင့် - "ဦးနှောက်အမြုတေတွေ ချန်ထားခဲ့ဖို့ မေ့သွားတယ်။"
ဦးနှောက်အမြုတေများသည် သူ့အတွက် အသုံးမဝင်သော်လည်း၊ ဇုန် ၃မှ လူများအတွက်မူ အလွန် အသုံးဝင်လှသည်။
...
"အစ်မ။ မြန်မြန် ပုဂ္ဂိုလ်ကြီးကို ပြောလိုက်၊ ဝေလငါးအုပ်စုကြီး လာနေ..." ယဲ့တုသည် စကားပြောစက်ဖြင့် ယဲ့ဝူကို လှမ်းပြောနေစဉ်မှာပင်၊ ဝေလငါးအုပ်စုကြီးနှင့်အတူ ပါလာသော တိမ်မည်းများ ရုတ်တရက် ပြောင်းလဲသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများ ပစ်ချလာကာ ဝေလငါးများအားလုံးကို သတ်ပစ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ။ ဝေလငါးအုပ်စုကြီးက ဘာဖြစ်လို့လဲ။" ယဲ့ဝူက အလျင်အမြန် မေးလိုက်သည်။ သူမသည်လည်း ဝေလငါးအုပ်စုကြီးကို ရင်ထဲကနေ ကြောက်ရွံ့နေသူ ဖြစ်သည်။
"ဘာ... ဘာမှမဖြစ်ပါဘူး။"
ယဲ့တုသည် စကားပြောစက်ကို ရှက်ရွံ့စွာ ချထားလိုက်ပြီး အတွေးနက်သွားသည်။
ငါ အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့ လုပ်ရပ်တွေနဲ့ အသားကျအောင် နေသင့်ပြီ ထင်တယ်။ အမြဲတမ်း လန့်ဖြန့်နေတာက သိပ်ပြီး အဆင်မပြေဘူး။
***