အခန်း (၁၂၁-၁၂၂)
Vol. 8 Ch. 121-122
အခန်း ၁၂၁ ။ ခြောက်လအတွင်း ဝိညာဉ်သန္ဓေအဆင့်ဖြစ်လာဖို့?
"အခုချိန်ထိ မင်း ဒီကမ္ဘာက ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ကြည့်ပြီးပြီလား။ စမ်းပြီး ကိုင်ကြည့်လိုက်။"
ကျန်းလီသည် လော့ယင်နှင့် စကားပြောနေစဉ် တစ်ချိန်လုံး လေထဲတွင် ပေါလောပေါ်နေခဲ့ခြင်း ဖြစ်သည်။ ယခု ချန်ချွန်းရှန်းဝမ်၏ အကြံပြုချက်ကို နားထောင်ပြီး သူ့ခြေထောက်များကို မြေကြီးပေါ်သို့ ချလိုက်သည်။
သို့သော် သူ မြေပြင်သို့ ရောက်သောအခါ မည်သည့်အရာကိုမျှ မထိတွေ့ရဘဲ၊ မြေကြီးထဲသို့ တိုက်ရိုက် ကျွံဝင်သွားကာ ခန္ဓာကိုယ် တစ်ဝက်သာ အပေါ်တွင် ပေါ်နေတော့သည်။ ဤကမ္ဘာတွင် သူသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသကဲ့သို့ပင်။
"ဒါက ကမ္ဘာကြီးရဲ့ ကိုယ်ပိုင် အကာအကွယ် စည်းမျဉ်းတွေပဲ။ တခြားကမ္ဘာက လူတွေအနေနဲ့ အချိန်ပြန်လှန်ထားတဲ့ ကမ္ဘာပေါ်မှာ တိုက်ရိုက် ဝင်ရောက်စွက်ဖက်လို့ မရဘူး။ နောက်ထပ် ၁၀ နှစ်ကြာလို့ ဒီကမ္ဘာရဲ့ အချိန်က ပုံမှန်ပြန်ဖြစ်သွားမှသာ မင်း တိုက်ရိုက် ဝင်ပါလို့ ရလိမ့်မယ်။" ချန်ချွန်းရှန်းဝမ်က ရှင်းပြလိုက်သည်။
ကျန်းလီသည် နတ်ဘုရားအာရုံကို ချက်ချင်း ဖြန့်ကျက်ကာ ဤဂြိုဟ်ပေါ်ရှိ ဇွန်ဘီအားလုံးကို ခြေရာခံလိုက်သည်။ သို့သော် သူ တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင်၊ အမည်မသိ စွမ်းအားတစ်ခုက သူ့ကို ရစ်ပတ်လာပြီး တိုက်ခိုက်မှုကို တားဆီးထားကြောင်း တွေ့ရှိလိုက်ရသည်။
ကျန်းလီသည် လက်သီးကိုဆုပ်ကာ ထိုအမည်မသိ စွမ်းအားကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။ နီးလာပြီ... ရတော့မယ်။ ထိုအမည်မသိ စွမ်းအားမှာ အလွန်အင်အားကြီးမားသည်ဟု ဆိုနိုင်သော်လည်း၊ သူ့လောက်တော့ မသန်မာကြောင်း ကျန်းလီ ဝမ်းသာအားရ တွေ့ရှိလိုက်သည်။
"ရပ်စမ်း၊ ရပ်စမ်း၊ ရပ်စမ်း။ မင်း ဘာလုပ်နေတာလဲ။ ဒီကမ္ဘာကြီး ပြိုကွဲတော့မယ်။" ဗြဟ္မာမျှော်စင်က အလန့်တကြား အော်ဟစ်လိုက်သည်။ ၎င်းက ကမ္ဘာကြီး၏ ပုံမှန်မဟုတ်သော အခြေအနေကို ပထမဆုံး သတိပြုမိသွားခြင်းဖြစ်ပြီး၊ ဟင်းလင်းပြင်များ ကွဲအက်တော့မည်ကို ခံစားလိုက်ရသည်။
ဟင်းလင်းပြင်တစ်နေရာတည်း ကွဲအက်သွားမည် မဟုတ်ဘဲ၊ စကြဝဠာတစ်ခုလုံး၏ ဟင်းလင်းပြင် ပြိုကွဲသွားတော့မည်ဖြစ်သည်။
ကျန်းလီ အလျင်အမြန် လက်ကို ရုပ်သိမ်းလိုက်ရသည်။ ထိုအခါမှသာ သူ့ကို တားဆီးနေသောအရာမှာ အခြားမဟုတ်ဘဲ၊ ဤကမ္ဘာကြီး၏ အစီအစဉ်တကျဖြစ်မှု စည်းမျဉ်းပင်ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။ အကယ်၍ သူသာ ထိုစည်းမျဉ်းကို ထိုးဖောက်လိုက်ပါက ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲသွားမည်ဖြစ်သည်။ ထိုအခါ ဇွန်ဘီကပ်ဘေး ရှင်းလင်းသွားမည်မှာ သေချာသော်လည်း၊ ဤကမ္ဘာပေါ်ရှိ လူသားများလည်း အကုန် သေဆုံးသွားမည်ဖြစ်သည်။
ဒီစည်းမျဉ်းက အတော်လေး ပြတ်သားတာပဲ၊ အခြေအနေမဟန်ရင် အကုန်လုံး အတူတူသေဖို့ ရွေးချယ်လိုက်တာလား။
ကျန်းလီက ခေါင်းလှည့်ကာ လော့ယင်ကို နွေးထွေးစွာ ပြုံးပြလိုက်သည် - "ရှောင်ယင်... တိုင်ပင်စရာလေးတစ်ခုလောက် ရှိတယ်။ ငါ မကူညီဘဲနဲ့ မင်း ခြောက်လအတွင်း ဇွန်ဘီ အကုန်လုံးကို ရှင်းလင်းနိုင်မလား။"
လော့ယင်၏မျက်လုံးများ ပြူးကျယ်သွားပြီး၊ တစ်ကိုယ်လုံး တုန်ရီသွားသည်။ ဆရာကျန်းက ဘာတွေပြောနေတာလဲ။ ၆ လအတွင်း ဇွန်ဘီတွေကို အကုန်ရှင်းပစ်ရမယ်?
ကျွန်တော် ဘယ်လိုလုပ် ရှင်းနိုင်မှာလဲ။
လော့ယင်က သတိပေးလိုက်သည် - "ဆရာကျန်း... ခဏနေရင် ကုန်းပေါ်တက်လာမယ့် ဇွန်ဘီဝေလငါးတွေက အဆင့် ၄ ဇွန်ဘီတွေနော်။"
ပင်လယ်သတ္တဝါများ၏ ခန္ဓာကိုယ်မှာ အလွန် ကြံ့ခိုင်လှပြီး၊ ဝေလငါးများမှာ အထူးသဖြင့် ပို၍ ကြံ့ခိုင်ကြသည်။ ကုန်းပေါ်သို့ တက်လာနိုင်သော ဝေလငါးများမှာ ရေအောက်ကြမ်းပြင်တွင် ကာလကြာရှည်စွာ တိုက်ခိုက်ပြီး အနိုင်ရလာသူများသာ ဖြစ်ကြပြီး၊ ဦးနှောက်အမြုတေများကို မည်မျှ စားသုံးခဲ့သည်ကို မသိနိုင်လောက်အောင်ပင် ဖြစ်ကာ အဆင့် ၄ ဇွန်ဘီများအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ အဆင့် ၄ ဇွန်ဘီများ မဟုတ်ခဲ့လျှင်၊ နိုင်ငံအသီးသီးက ဘာကြောင့် မတားဆီးနိုင်ခဲ့ရမလဲ။
လော့ယင် စိတ်ထဲမှ တွေးလိုက်သည်... ကျွန်တော်က အဆင့် ၄ စွမ်းရည်မြှင့်လူသား ဖြစ်လာဖို့ ၅ နှစ်တောင် အချိန်ယူခဲ့ရတာပါ။
ဒီဘဝမှာ အတိတ်ကို ပြန်ရောက်လာပြီး အခွင့်အရေးတွေ အများကြီးကို ကြိုသိနေတယ်၊ ဦးနှောက်အမြုတေတွေလည်း အလုံအလောက် ရှိတယ်ဆိုရင်တောင်မှ... ခန္ဓာကိုယ်က ခံနိုင်ရည် ရှိ၊ မရှိကိုတော့ ထည့်စဉ်းစားရဦးမှာပဲလေ။
အကယ်၍ ခန္ဓာကိုယ် ပြိုကွဲမယ့် အခြေအနေထိ ရောက်အောင် အမြဲတမ်း တွန်းအားပေးပြီး၊ ဦးနှောက်အမြုတေတွေကို တိတိကျကျ တွက်ချက် စုပ်ယူမယ်ဆိုရင်တောင်... အဆင့် ၄ စွမ်းရည်မြှင့်လူသားဖြစ်လာဖို့ အနည်းဆုံး ၃ နှစ်ခွဲလောက် အချိန်ယူရဦးမှာပဲ။
ပြီးတော့ ကိုယ်တိုင် အဆင့် ၄ စွမ်းရည်မြှင့်လူသား ဖြစ်လာရင်တောင် ဇွန်ဘီ အကုန်လုံးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလေ။
ကျန်းလီသည် လော့ယင်၏ မျက်နှာအမူအရာကို မြင်သောအခါ သူါတောင်းဆိုချက် လွန်သွားမှန်း သိလိုက်သည်။ အဆင့် ၄ ဇွန်ဘီဆိုသည်မှာ ကျင့်ကြံခြင်း စနစ်ဖြင့် တွက်မည်ဆိုလျှင် ဝိညာဉ်သန္ဓေအဆင့်နှင့် ညီမျှသည်။
လော့ယင်သည် ၆ လအတွင်း အဆင့် ၄ စွမ်းရည်မြှင့်လူသား ဖြစ်လာရမည်၊ သို့မဟုတ် ဝိညာဉ်သန္ဓေအဆင့် ဖြစ်လာရမည်။
အခု ချက်ချင်း လော့ယင်ကို ကျင့်ကြံခိုင်းလျှင်တောင် ၆ လအတွင်း ဝိညာဉ်သန္ဓေအဆင့် ရောက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဝက်မွေးရင်တောင် အသားပေါ်ဖို့ ၆ လ ကြာသေးတာပဲ... ဝိညာဉ်သန္ဓေအဆင့် ရောက်ဖို့ဆိုတာ ဝက်မွေးသလို ဘယ်လိုလုပ် မြန်နိုင်မှာလဲ။
လခွမ်း... တာဝန်ကို စောပြီး ရွေးလိုက်မိပြီ။ စနစ်ရဲ့တာဝန်တွေက အမြဲတမ်း အပြင်ပန်းကြည့်ရင် လွယ်သယောင်ယောင်နဲ့ တကယ် လုပ်ကြည့်တဲ့အခါ ပြဿနာပေါင်းစုံ တက်တတ်တယ်ဆိုတာကို သူ ကြိုသိထားသင့်တာ။
ကျန်းလီ အလွန် နောင်တရမိသည်။
ဒီအခြေအနေကိုသာ ကြိုသိခဲ့မယ်ဆိုရင်... ၆ လအတွင်း ဇွန်ဘီ အကုန်ရှင်းမယ်ဆိုတဲ့ တာဝန်ကို သူ ဘယ်တော့မှ ရွေးခဲ့မှာ မဟုတ်ဘူး။ ၂ နှစ်ဆိုတဲ့ တာဝန်ကတော့ စမ်းကြည့်လို့ ရနိုင်သေးတယ်။
အပိုင်းအစအားလုံး မရရင်တောင်မှ၊ ထက်ဝက်ရရင်လည်း မဆိုးပါဘူး။
"ငါ မင်းကို ကိုယ်တိုင် ဝင်ကူညီပေးဖို့ မဖြစ်နိုင်လောက်ဘူး။" ကျန်းလီသည် စိတ်မကောင်းစွာဖြင့် လော့ယင်ကို လက်ရှိ အခြေအနေအား ပြောပြလိုက်သည်။
ထိုစကားကို ကြားသောအခါ လော့ယင် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
"ဒါပေမဲ့ ငါ ကူညီပေးမှာပါ။ စွမ်းရည်မြှင့်လူသား စနစ်ကို ငါ ကိုယ်တိုင် ပြုပြင်မွမ်းမံပြီး ကျင့်ကြံခြင်း နည်းလမ်းတွေနဲ့ ပေါင်းစပ်ပေးလိုက်ရင်... မင်း ၂ နှစ်အတွင်း အဆင့် ၄ စွမ်းရည်မြှင့်လူသားဖြစ်လာပြီး ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနိုင်အောင် ငါ လုပ်ပေးနိုင်တယ်။" ကျန်းလီက ပြောလိုက်သည်။
၎င်းမှာ လော့ယင်၏အချိန်ကို တစ်ဝက်ခန့် လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။
တာဝန်ကို မလုပ်တော့ဘူးဆိုရင်တောင်မှ၊ အနာဂတ်မှာ လူသန်းပေါင်းရာချီ ဇွန်ဘီတွေရဲ့ စားသောက်ခြင်းကို ခံရတော့မယ့် အရေးကို တွေးမိရင်၊ ကျန်းလီသည် လော့ယင်ကို အမြန်ဆုံး ကြီးထွားလာအောင် ကူညီပေးပြီး လူအများအပြား သေဆုံးခြင်းမှ ကာကွယ်ပေးရမည် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်။" လော့ယင်က ရိုးသားစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ကမ္ဘာ့စည်းမျဉ်းများ စသည်တို့ကို သူ သေသေချာချာ နားမလည်သော်လည်း၊ ဆရာကျန်းသည် သူ့ကို ကူညီချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိုက်ရိုက် ဝင်မပါနိုင်ခြင်းသာဖြစ်ကြောင်း သူ နားလည်သည်။
လော့ယင်သည် သူ့ဖုန်းကို ငုံ့ကြည့်လိုက်ရာ၊ ဇွန်ဘီဝေလငါးများ ကုန်းပေါ်တက်လာမည့် အချိန်နှင့် ပိုမို နီးကပ်လာနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ဆရာကျန်း... တခြားကိစ္စတွေ ခဏ ထားလိုက်ပါဦး။ ကျွန်တော် ညီမလေးကို အရင်သွားကယ်ရဦးမယ်။"
"သွားမယ်။"
ဒီကိစ္စက အချိန်ဆွဲလို့ မရဘူးဆိုတာ ကျန်းလီ သိသည်။ ၆ လဆိုတဲ့ အချိန်အတွင်း ဇွန်ဘီတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခုတော့ သူ စဉ်းစားမိမှာပါ။
...
ဟောင်းနွမ်းပြီး ကျဉ်းမြောင်းသော လှေကားထစ်များပေါ်တွင် အလောတကြီး ခြေသံများ ပဲ့တင်ထပ်နေသည်။ လော့ယင်သည် အိမ်သို့ စိုးရိမ်တကြီး ပြေးလာပြီး တံခါးကို အားကုန် တွန်းဖွင့်လိုက်သော်လည်း၊ ၁၀ နှစ်တိုင်တိုင် မတွေ့ခဲ့ရသော ညီမလေးကို မြင်ရတော့မည်ဆိုသော အသိကြောင့် သူ့လှုပ်ရှားမှုများ အလိုလို နှေးကွေးသွားသည်။
မိဘများ သေဆုံးသွားပြီးနောက် သူနှင့် ညီမလေးသာ အချင်းချင်း အားကိုးနေခဲ့ရသည်။ ယခင်ဘဝ၏ ကမ္ဘာပျက်စတင်သည့်နေ့တွင် သူ့ညီမလေး ဇွန်ဘီ ဖြစ်သွားခဲ့သည်။ ညီမလေးအပေါ် သူ့မှတ်ဉာဏ်များမှာ မနက် ကျောင်းသွားခါနီးတွင် အိပ်ရာပေါ်တွင် ဖျားနာနေသော ညီမလေးက "အစ်ကိုကြီး သွားတော့မလို့လား" ဟု နှုတ်ဆက်ခဲ့သည့် အချိန်၌သာ ရပ်တန့်နေခဲ့သည်။ ထို့ကြောင့် သူသည် ထိုမြို့သို့ ဘယ်တော့မှ ပြန်မလာချင်ခဲ့ဘဲ၊ နာကျင်ဖွယ် အမှတ်ရစရာများကို ပြန်လည် မခံစားချင်ခဲ့ခြင်းဖြစ်သည်။
လော့ယင်သည် အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ရာ၊ သူ့မှတ်ဉာဏ်ထဲမှ ညီမလေးနှင့် လက်တွေ့မှာ ထပ်တူကျသွားသည်။ သူ မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး၊ ညီမလေး၏ လက်လေးကို ဆုပ်ကိုင်ကာ အလွန် နူးညံ့သော အသံဖြင့် ခေါ်လိုက်သည် - "ရှောင်ကျူ။"
လော့ကျူသည် အပြစ်အနာအဆာကင်းပြီး ပန်းချီကားတစ်ချပ်အလား လှပကာ၊ အနာဂတ်တွင် တစ်လောကလုံးကို ဆွဲဆောင်နိုင်မည့် မိန်းမလှလေး တစ်ဦးဖြစ်လာမည့် ပုံစံမျိုး ရှိသည်။
ရှည်လျားသော မျက်တောင်လေးများ တုန်ယင်သွားပြီးနောက်၊ လော့ကျူ မျက်လုံးဖွင့်လာသည် - "အစ်ကိုကြီး?"
"ငါ ဒီမှာ ရှိတယ်။" လော့ယင် ငိုချင်စိတ် ပေါက်သွားသည်။ ကမ္ဘာပျက်ကြီးထဲမှာ ၁၀ နှစ်တိုင်တိုင် ဒုက္ခပေါင်းစုံ ခံစားခဲ့ရတာ... ဒီ "အစ်ကိုကြီး" ဆိုတဲ့ အခေါ်လေးကို ပြန်ကြားရဖို့အတွက်ပဲလား လို့တောင် သူ ခံစားလိုက်ရတယ်။
"အဟမ်း... မင်းတို့ကို အနှောင့်အယှက် မပေးချင်ပေမဲ့... ဝေလငါးတွေ ရောက်လာတော့မယ်ဆိုတာ ငါ သတိပေးပါရစေ။" ကျန်းလီက နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်ရာ၊ ပင်လယ်ထဲမှ ဝေလငါးများ အသားတောင်ပံများကို ခတ်ကာ ပျံသန်းလာနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် လော့ယင်တို့ ရှိနေသော မြို့သို့တော့ မဟုတ်ပေ။
"ဒီအစ်ကိုက..." လော့ကျူက ကျန်းလီကို နားမလည်စွာ ကြည့်လိုက်သည်။ အစ်ကိုကြီးက သူမ နေမကောင်းတာကို စိတ်ပူလို့ ကျောင်းကနေ ခွင့်ယူပြီး ပြန်လာတာလို့ ထင်နေတာ။ သူငယ်ချင်း တစ်ယောက်ကိုပါ ခေါ်လာတာလား။
ဒါပေမဲ့ အစ်ကိုကြီး သူငယ်ချင်းရဲ့ ပုံစံက တော်တော် ထူးဆန်းတာပဲ။ ရှေးဟောင်းအဝတ်အစားတွေ ဝတ်ထားပြီး မျှော်စင်တစ်ခုကိုလည်း ကိုင်ထားသေးတယ်။
"ငါ့နာမည်က ကျန်းလီပါ။ ငါ့ကို သိတဲ့သူတွေကတော့ 'လူသားဧကရာဇ်ကျန်း' လို့ ခေါ်ကြတယ်။" ကျန်းလီက ပြုံးလျက် ပြောလိုက်သည်။
လော့ကျူက နားမလည်သလို "ဪ" ဟုသာ အသံပြုလိုက်သည်။ 'လူသားဧကရာဇ်ကျန်း' ဆိုသည့် နာမည်၏ အဓိပ္ပာယ်ကို သူမ လုံးဝ နားမလည်ပေ။
"ရှောင်ကျူ... မင်း မယုံလောက်ပေမဲ့... မကြာခင်မှာ ဇွန်ဘီတွေ ရောက်လာတော့မယ်။ ငါတို့ ကြိုတင် ပြင်ဆင်ထားရမယ်။ အဲ့ဒါကြောင့် ငါ အပြေးအလွှား ပြန်လာခဲ့တာ။" လော့ယင်က လော့ကျူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ပြတ်သားသော မျက်လုံးများဖြင့် ပြောလိုက်သည်။
လော့ကျူသည် အဖျားတက်နေဆဲဖြစ်ရာ အားနည်းစွာဖြင့် ခေါင်းခါပြလိုက်သည် - "အစ်ကိုကြီးက ကျွန်မကို တစ်ခါမှ မလိမ်ဖူးပါဘူး။ ကျွန်မ ယုံပါတယ်။"
ညီမလေး၏ ယုံကြည်မှုသည် လော့ယင်အတွက် အားဆေးတစ်ခွက်အလား ဖြစ်သွားပြီး၊ သူ၏ ကိုယ်တွင်း၌ အားအင်များ ပြည့်နှက်သွားကာ ချက်ချင်း မတ်တပ်ထရပ်ပြီး ကမ္ဘာပျက်ကြီးကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်တော့သည်။
သူသည် တံခါးနှင့် ပြတင်းပေါက်များကို သေချာ သော့ခတ်လိုက်ပြီး၊ တံခါးပေါက်ကို ပစ္စည်းများဖြင့် ပိတ်ဆို့ကာ ပြတင်းပေါက်ကိုလည်း ဗီရိုများဖြင့် ကာထားလိုက်သည်။ အပြင်ဘက်ကို ကြည့်ရှုနိုင်ရန် အက်ကြောင်းလေးတစ်ခုသာ ချန်ထားခဲ့သည်။
အစားအသောက်များ လုံလုံလောက်လောက်ရှိနေသဖြင့် လအနည်းငယ်ခန့် စိုးရိမ်စရာ မရှိပေ။ ရေဘုံဘိုင်ကိုလည်း ဖွင့်ကာ ဇလုံကြီးများဖြင့် ရေများ အပြည့် ခံထားလိုက်သည်။
ဇွန်ဘီဝေလငါး ရောက်လာမည့် ပထမဆုံးနေ့မှာ အန္တရာယ် အများဆုံးဖြစ်သည်။ လူများ အဆက်မပြတ် ကူးစက်ခံရမည်ဖြစ်ပြီး၊ မည်သည့် ချောင်ကြိုချောင်ကြားတွင် ဇွန်ဘီများ ပုန်းအောင်းနေပြီး သင့်ကို လာကိုက်မည်ကို မသိနိုင်ပေ။ ထို့ကြောင့် လော့ယင်သည် ထိုအချိန်တွင် အပြင်သို့ လုံးဝ မထွက်ရန် ဆုံးဖြတ်ထားသည်။
ထို့ပြင် ယခုအချိန်တွင် အပြင်ထွက်၍ ဇွန်ဘီသတ်လျှင်လည်း အသုံးမဝင်ပေ။ ဇွန်ဘီဖြစ်ခါစ လူများသည် အဆင့် ၁ပင် မရောက်သေးသဖြင့် သူတို့၏ ဦးနှောက်အမြုတေမှာ စွမ်းရည်မြှင့်လူသားများအတွက် လုံးဝ အသုံးမဝင်ပေ။
ရက်အနည်းငယ် ကြာပြီးနောက်၊ ဇွန်ဘီများက လူများကို အဆက်မပြတ် စားသောက်ပြီးနောက်မှသာ အဆင့် ၁သို့ ရောက်ရှိလာမည်ဖြစ်ရာ၊ ထိုအချိန်ရောက်မှသာ လော့ယင်က အပြင်ထွက်ရန် စဉ်းစားထားသည်။
"ဝေလငါးတွေ ရောက်လာပြီ။"
***
wunzinnosp
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 122
အခန်း ၁၂၂ ။ ဇွန်ဘီဗိုင်းရပ်စ်၏ အရင်းအမြစ်
ယခုအချိန်တွင် လူသားများသည် ယနေ့သည် သူတို့၏ မှတ်ဉာဏ်ထဲတွင် အိပ်မက်ဆိုးအဖြစ် ထာဝရ ကျန်ရစ်တော့မည်ကို မသိကြသေးပေ။
မီတာ ၁၀၀ ခန့် ရှည်လျားသော ဝေလငါးပြာကြီးများသည် ကောင်းကင်ယံတွင် ပျံသန်းနေကြသည်။ မျက်လုံးများ ဖြူလန်နေပြီး ခန္ဓာကိုယ်အနှံ့တွင် သွေးကြောများ ယှက်နွယ်နေသည်။ လူအများအပြားသည် သိချင်စိတ်ဖြင့် မော့ကြည့်ကာ၊ သူငယ်ချင်းများကို လှမ်းခေါ်ပြီး ဖုန်းများထုတ်ကာ ဓာတ်ပုံရိုက်ကြရင်း ဆူညံနေကြသည်။
ယခင်ဘဝက လော့ကျူသည် အပြင်ဘက်မှ ဆူညံသံများကြောင့် နိုးလာပြီး၊ ပြတင်းပေါက်ကို ဖွင့်ကာ ပျံသန်းနေသော ဝေလငါးပြာကြီးများကို ကြည့်နေစဉ် ဇွန်ဘီငါး ကိုက်ခံလိုက်ရခြင်း ဖြစ်သည်။
"မြန်မြန် ကြည့်ပါဦး။ ဒီဝေလငါးကြီးရဲ့ ပါးစပ်က အကျယ်ကြီး ပွင့်လာပြီ။" တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။
ဝေလငါးပြာကြီးသည် ၎င်း၏ ပါးစပ်ကို ၉၀ ဒီဂရီခန့်အထိ ဟလိုက်ရာ၊ မရေမတွက်နိုင်သော ဇွန်ဘီငါးများက ၎င်း၏ ပါးစပ်ထဲမှ ခုန်ထွက်လာကြသည်။ ၎င်းမှာ ကြီးမားလှသော မြို့ကြီးပေါ်သို့ ငါးမိုး ရွာချလိုက်သည့်အလား ဖြစ်သွားပြီး၊ ဇွန်ဘီငါးများက မြို့အနှံ့အပြားသို့ ပြန့်ကျဲသွားကြသည်။
ထိုငါးများသည်လည်း အတောင်ပံပါးလေးများ ပေါက်နေကြသော်လည်း မပျံသန်းနိုင်ဘဲ လေဟုန်စီး၍သာ သွားလာနိုင်သည်။
မီတာ တစ်ထောင် အမြင့်မှ လေဟုန်စီး၍ ဆင်းလာသော ဇွန်ဘီငါးများသည် အစီအရီ ပေါက်နေသော သွားများကို ဖြဲဟကာ၊ မျက်စိရှေ့တွင် တွေ့သမျှ လူတိုင်းကို ဝင်ရောက် ကိုက်ခဲတော့သည်။
ဤမျှ ကြောက်စရာကောင်းသော ပြောင်းလဲမှုကို မြင်တွေ့လိုက်ရသောအခါ၊ လူများမှာ ထိတ်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။
အကိုက်ခံရသော လူများသည် ချက်ချင်း ဇွန်ဘီ ဖြစ်မသွားကြပေ။ အစပိုင်းတွင် နာကျင်မှုကို ခံစားရပြီးနောက်၊ ခေါင်းများ မူးဝေလာကာ အသိစိတ်များ ဝေဝါးသွားကြသည်။ သူတို့သည် ဗီဇစိတ်ဖြင့်သာ အခြားလူအုပ်ကြီးနောက်သို့ လိုက်ကာ အလုံခြုံဆုံးဟု ထင်ရသော နေရာများသို့ ထွက်ပြေးသွားကြသည်။
၁၀ မိနစ် ကြာပြီးနောက်မှသာ ထိုလူများသည် လုံးဝ ဇွန်ဘီအဖြစ် ပြောင်းလဲသွားကြသည်။
ထိုအချိန်တွင် ဇွန်ဘီဖြစ်သွားသော လူအများစုမှာ ဈေးဝယ်စင်တာများ၊ စူပါမားကတ်များ၊ ကျောင်းများနှင့် မြေအောက် ကားပါကင်များ ကဲ့သို့သော နေရာများသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
"နင်... နင် ဘာဖြစ်သွားတာလဲ။" လူအများစုသည် စူပါမားကတ်များထဲသို့ ဝင်ရောက် ပုန်းအောင်းနေကြစဉ်၊ မိမိတို့၏ အဖော်များ မျက်နှာအမူအရာ ထူးဆန်းနေသည်ကို သတိထားမိလိုက်ကြသည်။
ဇွန်ဘီဖြစ်သွားပြီဖြစ်သော အဖော်များသည် သွေးစွန်းနေသော ပါးစပ်ကြီးများကို ဖြဲဟကာ လူများကို ရူးသွပ်စွာ လိုက်လံကိုက်ခဲတော့သည်။
"အား။ သူ ရူးသွားပြီ။"
"သူ့ကို မြန်မြန် ဆွဲထားကြ။"
လူများသည် ထိုဇွန်ဘီကို အလျင်အမြန် ဖမ်းချုပ်နိုင်ခဲ့သော်လည်း၊ လူအများအပြား အကိုက်ခံလိုက်ရပြီ ဖြစ်သည်။
အကိုက်ခံရသူတိုင်းသည်လည်း ၁၀ မိနစ်အကြာတွင် ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားကြသဖြင့်၊ စူပါမားကတ် တစ်ခုလုံးသည် ဇွန်ဘီများ၏ အမဲလိုက်ကွင်းကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး၊ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာ ရှိတော့သည်။
မိသားစု ၃ ယောက်သည် အိမ်သာခန်း တစ်ခုအတွင်း ပုန်းအောင်းနေပြီး၊ အချင်းချင်း ဖက်ကာ ကြောက်လန့်တကြား တုန်ရီနေကြသည်။
ဇနီးဖြစ်သူက ကြောက်ရွံ့တုန်လှုပ်နေသော အသံဖြင့် တိုးတိုးလေး မေးလိုက်သည် - "ဘ... ဘာမှ မဖြစ်တော့ဘူး မဟုတ်လားဟင်။"
ဖတ်...
သွေးစွန်းနေသော လက်တစ်ဖက်က တံခါးဘောင်ကို ကိုင်လိုက်ပြီး၊ ၁၀ စင်တီမီတာခန့်သာ ရှိသော တံခါးအောက်ဘက် အဟဟလေးမှနေ၍ အထဲသို့ လှမ်းကြည့်ရန် ကြိုးစားနေသည်။ ထောင့်မကျသဖြင့် အထဲသို့ မမြင်ရသော်လည်း၊ အတွင်း၌ လူရှိနေကြောင်း အာရုံခံမိသဖြင့် မြေကြီးပေါ်တွင် လိုက်လံ စမ်းသပ်နေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သုံးယောက်စလုံး၏ အသည်းနှလုံးများမှာ လည်ချောင်းဝသို့ပင် ရောက်လာမတတ် ဖြစ်သွားကြသည်။
ကံကောင်းစွာဖြင့် သူတို့က အတွင်းဘက်သို့ ကပ်ရပ်နေသဖြင့် ဇွန်ဘီက အတန်ကြာ စမ်းသပ်သော်လည်း မတွေ့ရသဖြင့် လက်လျှော့ကာ ထွက်ခွာသွားတော့သည်။
ဟူး—
သုံးယောက်စလုံး သက်ပြင်းချလိုက်ပြီး ခန္ဓာကိုယ်များ ဖြေလျော့သွားကြသည်။ သမီးငယ်လေးက ခေါင်းမော့ကြည့်လိုက်ရာ... ဇွန်ဘီတစ်ကောင်က တံခါးဘောင်ကို တွယ်ကပ်ကာ အပေါ်ဘက်မှနေ၍ သူတို့ကို ငုံ့ကြည့်ပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးကြီး ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
"အား—"
...
ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည်။ လူများသည် ဇွန်ဘီများကို အသည်းအသန် ရှောင်တိမ်းနေကြသော်လည်း၊ သရဲတစ္ဆေများအလား ပေါ်လာတတ်သော ဇွန်ဘီများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံနေကြရသည်။
လော့ယင်၏ အိမ်ပြတင်းပေါက်များကို သစ်သားပြားများဖြင့် ပိတ်ဆို့ထားပြီး၊ လော့ယင်သည် တမင် ချန်ထားခဲ့သော အက်ကြောင်းလေးမှတစ်ဆင့် အပြင်ဘက်ကို စောင့်ကြည့်နေသည်။
"မကြည့်ပါနဲ့တော့။"
ကျန်းလီ၏တားမြစ်သံကို ကြားလိုက်ရသောအခါ၊ လော့ယင်သည် စိတ်ပျက်လက်ပျက်ဖြင့် နောက်ဆုံး ကျန်နေသော အက်ကြောင်းလေးကိုပါ ပိတ်လိုက်သည်။ ဟုတ်တာပေါ့... ကြည့်နေတော့ကော ဘာထူးမှာလဲ။ မြင်ရလေလေ၊ ကိုယ့်ရဲ့ အစွမ်းအစမဲ့မှုကို ပိုခံစားရလေလေပဲ။
အကယ်၍ သူသာ 'အရိပ်ဘုရင်' အဖြစ် ရှိနေသေးတယ်ဆိုရင်... မဟုတ်ဘူး... သူက အဆင့် ၁ လောက်ပဲ ရှိတယ်ဆိုရင်တောင် အပြင်ထွက်ပြီး လူတချို့ကိုတော့ ကယ်တင်နိုင်မှာပဲ။
လော့ကျူမှာ ရိုးရိုး အအေးမိဖျားနာခြင်းသာဖြစ်သဖြင့် ကုသရန် အလွန်လွယ်ကူသည်။ လော့ယင်သည် ကျန်းလီ၏ လမ်းညွှန်မှုဖြင့် အကြောအချို့ကို နှိပ်နယ်ပေးလိုက်ရာ လော့ကျူ ချက်ချင်း သက်သာသွားခဲ့သည်။
ရုပ်မြင်သံကြားပေါ်တွင် အမျိုးသမီး သတင်းကြေညာသူက လက်ရှိ အဖြစ်အပျက်ကို သတင်းပို့နေသည်။
"ကြည့်ရှုသူအပေါင်းတို့... အကြောင်းရင်းမသိရသေးတဲ့ ဖြစ်ရပ်တစ်ခုကြောင့်၊ ကမ်းရိုးတန်းမြို့ အများအပြားမှာ ဇွန်ဘီဝေလငါးတွေ ပျံသန်းလာတာကို တွေ့မြင်ခဲ့ရပါတယ်။ ဝေလငါးတွေရဲ့ ပါးစပ်ထဲကနေ ထွက်လာတဲ့ ငါးတွေက အလွန် ပြင်းထန်တဲ့ ကူးစက်နိုင်စွမ်း ရှိပါတယ်။ အကိုက်ခံရတဲ့ သူတွေဟာ ၁၀ မိနစ် အကြာမှာ ရူးသွပ်လာတာ၊ သူတစ်ပါးကို လိုက်ကိုက်တာ စတဲ့ ရောဂါလက္ခဏာ အမျိုးမျိုးကို ပြသလာပါတယ်။ ဆေးပညာရှင်တွေရဲ့ အဆိုအရတော့ ဒါဟာ အမည်မသိ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်နိုင်ပြီး၊ ဆက်လက် သုတေသနပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။"
သတင်းကြေညာသူ၏ နောက်ခံမြင်ကွင်းမှာ ဇွန်ဘီကပ်ဘေး ကြုံတွေ့နေရသော မြို့များ၏ ပုံရိပ်များ ဖြစ်သော်လည်း၊ အရမ်း မကြောက်စရာ မကောင်းအောင် မိုဆေ့ဖြင့် ဖုံးကွယ်ထားသည်။
တစ်စုံတစ်ယောက်က သတင်းကြေညာသူထံသို့ စာရွက်တစ်ရွက် လာပေးလိုက်သည်။ သူမက လျင်မြန်စွာ ဖတ်ရှုပြီးနောက် ဝမ်းသာအားရဖြင့် ပြောလိုက်သည် - "အထက်က သတင်းပို့လာပါတယ်။ ဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ မြို့တွေကို ကယ်တင်ဖို့အတွက် စက်ယန္တရားတပ်ဖွဲ့တွေကို စေလွှတ်လိုက်ပြီလို့ သိရပါတယ်။ ဒီသဘာဝဘေးအန္တရာယ်ကြီးကို အမြန်ဆုံး ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အားလုံးပဲ စောင့်ကြည့်ကြပါစို့။"
"ပြည်သူတွေအနေနဲ့ တံခါးနဲ့ ပြတင်းပေါက်တွေကို လုံအောင်ပိတ်ထားပြီး၊ အပြင်မထွက်ဘဲ ကယ်ဆယ်ရေးကိုသာ စောင့်ဆိုင်းကြဖို့ တိုက်တွန်းအပ်ပါတယ်။"
သတင်းကြေညာသူ၏ စကားကို ကြားလိုက်ရသောအခါ လော့ယင်က တိုးတိုးလေး ပြောလိုက်သည် - "အလကားပါပဲ။ စစ်တပ်က အဆင့် ၄ ဇွန်ဘီတွေ ဘယ်လောက် သန်မာလဲဆိုတာ မသိကြဘူး။ အဲ့ဒါက အနိုင်မယူနိုင်တဲ့ တည်ရှိမှုတွေပဲ။"
လော့ကျူ သက်သာသွားပြီးနောက် ခေါင်းထဲတွင် ကြည်လင်လာသည်။ အစ်ကိုဖြစ်သူနှင့် ကျန်းလီတို့၏ စကားပြောဆိုမှုများကို ကြားရခြင်း၊ ရုပ်မြင်သံကြားမှ သတင်းများနှင့် ပြတင်းပေါက် အက်ကြောင်းမှ မြင်တွေ့ခဲ့ရသည်များကို ဆက်စပ်ကြည့်ပြီး၊ ဤကမ္ဘာကြီး မည်သည့်အခြေအနေသို့ ဆိုက်ရောက်နေပြီဆိုတာကို သူမ လျင်မြန်စွာ သဘောပေါက်သွားသည်။
သူမက ကျန်းလီကို အရင်ဆုံး ကျေးဇူးတင်စကား ပြောပြီးနောက်၊ အစ်ကိုဖြစ်သူကို ဖြူလျော့နေသော မျက်နှာဖြင့် မေးလိုက်သည် - "ဇွန်ဘီတွေက တကယ်ပဲ အဲ့ဒီလောက် ကြောက်စရာ ကောင်းတာလားဟင်။"
လော့ယင်က မကြောက်စရာ မကောင်းဘူးလို့ ပြောချင်သော်လည်း၊ သူ ပြောမထွက်ခဲ့ပေ။
"အချိန်ရမယ်ဆိုရင်တော့ ဇွန်ဘီတွေက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာ အားလုံးက အချိန်ပဲ။"
ယခု လောလောဆယ် လုပ်စရာ မရှိသဖြင့်၊ လော့ယင်သည် ယခင်ဘဝက ဖြစ်ပျက်ခဲ့သည်များကို ဖြည်းဖြည်းချင်း ပြန်ပြောပြခဲ့သည်။ ကျောင်းကို ဇွန်ဘီများ ဝင်တိုက်လာပုံ၊ သူ အသည်းအသန် ထွက်ပြေးလွတ်မြောက်ခဲ့ပုံ၊ စစ်တပ်က ဇွန်ဘီဝေလငါးများကို ရှုံးနိမ့်ပြီး တစ်တပ်လုံး ကျဆုံးသွားခဲ့ပုံ၊ လူသားများက ဦးနှောက်အမြုတေ၏ အသုံးဝင်ပုံကို ရှာတွေ့ပြီး စွမ်းရည်မြှင့်လူသား စနစ်ကို ဖော်ထုတ်ခဲ့ပုံ၊ နိုင်ငံများ ပြိုလဲသွားပြီး ဒေသအသီးသီးတွင် အသက်ရှင်သန်ရေး ဇုန်များတည်ထောင်ခဲ့ပုံ၊ ဇွန်ဘီအုပ်စုကြီးများကြောင့် ဇုန်များစွာ ပျက်စီးသွားပြီး နောက်ဆုံး ၅ ဇုန်သာ ကျန်ရစ်ခဲ့ပုံ၊ နောက်ဆုံးတွင် လူသားအင်အားကြီးသူများ စုပေါင်းကာ သမုဒ္ဒရာထဲသို့ သွားရောက်ပြီး ဇွန်ဘီကပ်ဘေးကို ဖြေရှင်းရန် ကြိုးစားခဲ့ပုံနှင့်၊ သူ လုပ်ကြံခံရပြီး ပြန်လည်မွေးဖွားလာပုံ အားလုံးကို ပြောပြခဲ့သည်။
လော့ယင်၏ ၁၀ နှစ်တာ ကမ္ဘာပျက်ခရီးစဉ်မှာ အလွန် ကြမ်းတမ်းခက်ခဲလှသည်။ သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ရသည်၊ သူငယ်ချင်းများနှင့် တွေ့ဆုံခဲ့သည်၊ အဖွဲ့ငယ်လေးများ ဖွဲ့စည်းခဲ့သည်၊ ဇုန်တစ်ခုသို့ ဝင်ရောက်ခဲ့သည်၊ ဇွန်ဘီအုပ်စုကြီးနှင့် ကြုံတွေ့ခဲ့ရသည်၊ နောက်ဆုံးတွင် လော့ယင် တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်...
ကမ္ဘာပျက်ကြီးထဲတွင် ဆုံးရှုံးရမှုများက အမြဲတမ်း ရရှိမှုများထက် ပိုများပြားလေ့ရှိပြီး လော့ယင်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူသည် ဤဖြစ်စဉ်များအတွင်း အဆက်မပြတ် သန်မာလာခဲ့ပြီး နောက်ဆုံးတွင် 'အရိပ်ဘုရင်' ဖြစ်လာခဲ့သည်။
လော့ကျူနှင့် ဗြဟ္မာမျှော်စင်တို့သည် သူ့ဇာတ်လမ်းကို စိတ်ဝင်တစား နားထောင်နေကြသည်။ လော့ကျူမှာ အစ်ကိုဖြစ်သူ ကြုံတွေ့ခဲ့ရသော အန္တရာယ်များကို ကိုယ်တိုင် ခံစားရသကဲ့သို့ စိုးရိမ်နေပြီး၊ ဗြဟ္မာမျှော်စင်ကမူ အားနည်းသူများ၏ ဘဝက ဤမျှအထိ ခက်ခဲကြမ်းတမ်းကြောင်းကို တွေးတောနေမိသည်။
"ဘယ်ကရောက်လာမှန်းမသိတဲ့ အဲ့ဒီ ဂြိုဟ်သိမ်းယာဉ်သာ မရှိခဲ့ဘူးဆိုရင်၊ ဒီဇွန်ဘီကပ်ဘေးကြီးလည်း ဖြစ်လာမှာ မဟုတ်ဘူး။" လော့ယင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ထိုအကြောင်းကို ပြောလိုက်သောအခါ၊ ဗြဟ္မာမျှော်စင်က ဝင်ပြောရန် အခွင့်အရေး ရသွားသည်။ ၎င်းသည် စကြဝဠာထဲတွင် လှည့်လည်သွားလာခဲ့သဖြင့် ကိစ္စများစွာကို သိရှိထားသည်။
"တကယ်တော့ မင်းတို့ရဲ့ ဂြိုဟ်က သက်ရှိတွေ အသက်ရှင်နေသေးတဲ့ နောက်ဆုံး နေရာပဲ ဖြစ်လောက်တယ်။" ဗြဟ္မာမျှော်စင်က ပြောလိုက်ရာ လော့ယင်နှင့် လော့ကျူတို့ အလွန် အံ့ဩသွားကြသည်။
"ငါ ဂြိုဟ်တွေ အများကြီးကို ရောက်ခဲ့ဖူးတယ်။ အဲ့ဒီမှာ သက်ရှိတိရစ္ဆာန် တစ်ကောင်မှ မရှိတော့ဘူး၊ ဇွန်ဘီတွေပဲ ရှိတယ်။ တချို့ ဂြိုဟ်တွေမှာဆိုရင် ဇွန်ဘီတွေက အချင်းချင်းတောင် သတ်ဖြတ်နေကြလို့၊ နောက်ဆုံးမှာ ဂြိုဟ်တစ်ခုလုံးကိုမှ ဇွန်ဘီ နှစ်ကောင်ပဲ ကျန်တော့တယ်။ အဲ့ဒီ နှစ်ကောင်လုံးက အဆင့် ၆ ဇွန်ဘီတွေပဲ။"
ဗြဟ္မာမျှော်စင်၏ ပြောပြချက်အရ၊ ဤစကြဝဠာ တစ်ခုလုံးတွင် ဇွန်ဘီများ ပြန့်နှံ့နေပြီး ဤဂြိုဟ်မှာ နောက်ဆုံး ကူးစက်ခံရသော နေရာဖြစ်ကြောင်း သိလိုက်ရသဖြင့် လော့ယင်နှင့် လော့ကျူတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"ဒါဆို ဇွန်ဘီက ဘယ်ကနေ လာတာလဲ။" ကျန်းလီက မေးလိုက်သည်။ ဤဇွန်ဘီဗိုင်းရပ်စ်များ၏ နောက်ကွယ်တွင် ထူးဆန်းသော အနံ့အသက်များ ပါဝင်နေသည်ဟု သူ ခံစားနေရသည်။
"ငါ ရှာတွေ့ခဲ့တဲ့ ပထမဆုံး ဇွန်ဘီလို့ ယူဆရတဲ့ အကောင်က စကြဝဠာထဲမှာ နည်းပညာ အတိုးတက်ဆုံး ဂြိုဟ်တစ်ခုပေါ်မှာ ရှိနေတာ။ အဲ့ဒီဂြိုဟ်က ဟင်းလင်းပြင် ခုန်ပျံသွားလာခြင်း နည်းပညာကိုတောင် အခြေခံ သိရှိနေပြီ။ အဲ့ဒီဂြိုဟ်မှာ လွန်ခဲ့တဲ့ အနှစ် ၁,၀၀၀ လောက်ကတည်းက ဇွန်ဘီတွေ ပေါ်လာပြီး၊ သိပ်မကြာခင်မှာပဲ တစ်ကမ္ဘာလုံး ကျရှုံးသွားခဲ့တာ။"
"အနှစ် ၁,၀၀၀..."
ကျန်းလီ စဉ်းစားခန်း ဝင်သွားသည်။ ဤအချိန်က အရမ်း တိုက်ဆိုင်လွန်းနေသည်။ ကျိုကျိုးတွင် နှစ် ၉,၀၀၀ ကြာမြင့်သွားသော်လည်း ဤကမ္ဘာတွင် အနှစ် ၁,၀၀၀ သာ ကြာမြင့်သေးသည်။ ဆိုလိုသည်မှာ... လွန်ခဲ့သော အနှစ် ၁,၀၀၀ က ဤကမ္ဘာ၏ နတ်ဘုရားဘုံလှေကား ပျောက်ကွယ်သွားချိန်နှင့် တိုက်ဆိုင်နေသည်။
ဇွန်ဘီဗိုင်းရပ်စ်ဆိုတာ နယ်ပယ်ပြင်ပ နတ်ဆိုးတွေရဲ့ဖန်တီးမှု ဖြစ်နိုင်တယ်။
"ရှန်းဝမ်... နတ်ဘုရားဘုံလှေကား အပိုင်းအစက ကမ္ဘာကြီးကို လွန်ခဲ့တဲ့ အနှစ် ၁,၀၀၀ ဆီကို ပြန်ရောက်သွားအောင် လုပ်နိုင်လား။" ကျန်းလီသည် ချန်ချွန်းရှန်းဝမ်ထံ ထပ်မံ ဆက်သွယ်လိုက်သည်။
"... အိပ်မက် မက်နေတာလား။"
***