← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 8 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 8 Ch. 125-126

အခန်း ၁၂၅ ။ ဗုဒ္ဓဉာဏ်ရှိသော လော့ယင်

ဒိုင်း... ဝုန်း...

ရုတ်တရက် ထွက်ပေါ်လာသော အမြောက်သံကြီးများကြောင့် ပြတင်းပေါက်များပင် တုန်ခါသွားရလေသည်။

"စစ်တပ်ပဲ!"

လော့ယင် ချက်ချင်း သဘောပေါက်သွားသည်။

ကျန်းလီ၏ နတ်ဘုရားအာရုံက သူကိုယ်တိုင်သာ မြင်တွေ့နိုင်ပြီး အခြားသူများအား မျှဝေပေး၍ မရပေ။ ထိုသို့ မျှဝေပေးခြင်းသည်လည်း ကမ္ဘာကြီးကို တိုက်ရိုက်သက်ရောက်မှုတစ်ခု ပြုလုပ်ရာရောက်သည်ဟု သတ်မှတ်၍ ရသောကြောင့်ပင်။ ထို့ကြောင့် လော့ယင်သည် သစ်သားပြား အက်ကွဲကြောင်းလေးမှတစ်ဆင့် အပြင်ဘက်ရှိ စစ်တပ်၏ လှုပ်ရှားမှုများကို ချောင်းကြည့်လိုက်ရသည်။

ကောင်းကင်တွင် ပျံသန်းနေသော ဝေလငါးပြာကြီးသည် ပြင်းထန်လှသည့် အမြောက်ကျည်များ၏ တိုက်ခိုက်မှုကို ခံနေရပြီး၊ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက ပစ်မှတ်ကြီးတစ်ခုအဖြစ် သတ်မှတ်ခံထားရသကဲ့သို့ ဖြစ်နေသည်။

"ဒီလောက်ကြီးနေတာက လူတွေကို ခြောက်လှန့်ဖို့ သက်သက်ပဲ၊" တပ်မှူးဖြစ်သူက စိတ်ထဲမှနေ၍ လှောင်ပြုံးပြုံးလိုက်သည် - "လှုပ်ရှားမှုက နှေးကွေးတယ်၊ ပစ်မှတ်ကြီးတစ်ခု သက်သက်ပဲလေ။ အသက်ဝင်နေတဲ့ အဆီတုံးကြီးတစ်ခုက စက်ယန္တရားတပ်ဖွဲ့ရဲ့ အမြောက်ဒဏ်ကို ဘယ်လိုလုပ် ခံနိုင်မှာလဲ။"

မြို့ထဲရှိ အသက်ရှင်ကျန်ရစ်သူများသည် ဤမြင်ကွင်းကို ကြည့်ရင်း မျက်ရည်များ ဝဲလာကြသည်။ သူတို့က လက်အုပ်ချီကာ စစ်တပ်၏ အမြောက်ဒဏ်အောက်တွင် ဤကျိန်စာသင့် သတ္တဝါဆိုးကြီး အရိုးတောင်မကျန်အောင် သေပါစေဟု ဆုတောင်းနေကြသည်။

လော့ယင်က ဤမြင်ကွင်းကို ကြည့်ရင်း အခြေအနေမကောင်းတော့ကြောင်း စိတ်ထဲမှ တွေးလိုက်မိသည်။ ဇွန်ဘီဖြစ်နေသော ဝေလငါးပြာကြီးက ဘယ်လိုလုပ် ပစ်မှတ်သက်သက် ဖြစ်နိုင်မည်နည်း။ သူနှင့် ဝေလငါးပြာကြီး တိုက်ခိုက်ခဲ့စဉ်က ထိုအကောင်ကြီးသည် ငှက်တစ်ကောင်အလား ပေါ့ပါးသွက်လက်နေခဲ့သည်လေ!

ဝေလငါးပြာကြီးက တိုက်ခိုက်မှုကို မရှောင်တိမ်းခြင်းမှာ အခြေအနေတစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ... ဤတိုက်ခိုက်မှုများကို "တိုက်ခိုက်မှု" ဟုပင် ၎င်းက မသတ်မှတ်သောကြောင့် ဖြစ်သည်!

စစ်တပ်က အလွန်ဂုဏ်ယူသော ခေတ်မီလက်နက်များသည် အဆင့် ၄ ဇွန်ဘီရှေ့တွင် ဘာအန္တရာယ်မှ မပေးနိုင်ပေ!

ယခင်ဘဝက ဤအချိန်တွင် သူသည် ဇွန်ဘီများကို အသည်းအသန် ရှောင်တိမ်းနေရသဖြင့် စစ်တပ်နှင့် ဝေလငါးပြာတို့၏ တိုက်ပွဲကို မကြည့်လိုက်ရပေ။ စစ်တပ်ကြီး လုံးဝကျရှုံးသွားသည်ကို နောက်ပိုင်းမှ လူများပြောပြ၍ သိခဲ့ရခြင်း ဖြစ်သည်။

ယခု ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသောအခါ နောက်ဆက်တွဲ ဘာဖြစ်လာမည်ဆိုတာကို သူ ကြိုတင်ခန့်မှန်းမိသွားလေပြီ။

အမြောက်များကြောင့် ထွက်ပေါ်လာသော မီးခိုးငွေ့များက မြင်ကွင်းကို ကွယ်သွားစေသည်။ တပ်မှူးသည် ရေဒါဖြင့် ဝေလငါးပြာ၏ အခြေအနေကို စစ်ဆေးကြည့်ရာ၊ ရေဒါပေါ်မှ ဝေလငါးပြာ၏ တည်နေရာမှာ မပြောင်းလဲကြောင်း တွေ့လိုက်ရသဖြင့် ဆက်လက် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

"သတင်းပို့ပါတယ်၊ ပစ်မှတ်က အောက်ကို ကျဆင်းလာပါပြီ။"

တပ်မှူးက ဝမ်းသာသွားပြီး - "ဆက်ပစ်! ရန်သူကို အသက်ရှူပေါက်လေးတောင် ပေးမထားနဲ့!"

"ဟုတ်ကဲ့ပါ!"

တွန်းကန်အားစနစ်များ စတင်အလုပ်လုပ်ပြီး ဒုံးကျည်များသည် ပစ်ခတ်ရေးစင်များထဲမှ ပျံသန်းထွက်ခွာလာသည်။ ကွန်ပျူတာဖြင့် ကြိုတင်တွက်ချက်ထားသော လမ်းကြောင်းအတိုင်း ရွေ့လျားပြီး ဝေလငါးပြာကို တိကျစွာ သွားရောက်ထိမှန်သည်။ တစ်နာရီလျှင် ကီလိုမီတာ ၈၉၁ နှုန်းဖြင့် ပျံသန်းသော ဒုံးကျည်များသည် ပစ်မှတ်ကို အဆက်မပြတ် မိုးရွာသကဲ့သို့ ပစ်ခတ်နေတော့သည်။

"ပစ်မှတ်က မီးခိုးငွေ့တွေထဲကနေ ပြုတ်ကျလာပါပြီ!"

စစ်သားများသည် မှန်ပြောင်းဖြင့် ကြည့်လိုက်သောအခါ ဧရာမ ဝေလငါးပြာကြီးက မီးခိုးငွေ့များကြားမှနေ၍ အောက်သို့ တည့်မတ်စွာ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ အသားတောင်ပံကြီးများကို ရုပ်သိမ်းထားပြီး၊ မရေမတွက်နိုင်သော ဒုံးကျည်များက ၎င်း၏ ကိုယ်ပေါ်တွင် ပေါက်ကွဲနေကာ နားကွဲမတတ် အမြောက်သံကြီးများ ထွက်ပေါ်နေသည်။ ဤအသံများသည် သတ္တဝါဆိုးကြီး၏ အပြစ်များကို ရေတွက်နေသည့်အလား ပဲ့တင်ထပ်နေသည်။

ဤသတ္တဝါဆိုးကြီး တစ်ကောင်တည်းကြောင့် လူပေါင်း ၁၀ သန်းခန့် ဇွန်ဘီနယ်မြေထဲတွင် ပိတ်မိနေပြီး ကယ်ဆယ်ရန် ခက်ခဲသွားခဲ့ရသည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူ သုံးပုံတစ်ပုံခန့်မှာ ယခုအခါ အခြေအနေကောင်းသွားပြီဟု ထင်မှတ်နေကြသည်။

"နေဦး! ပစ်မှတ်က အတောင်ပံတွေကို ဖြန့်ပြီး ဒီဘက်ကို ပျံသန်းလာနေတယ်!"

စစ်သားတစ်ယောက်က ထူးခြားမှုကို သတိထားမိပြီး အသံကျယ်ကြီးဖြင့် သတင်းပို့လိုက်သည်။

မြေပြင်ပေါ်သို့ ကျလုနီးပါး ဖြစ်နေသော ဝေလငါးပြာကြီးသည် အသားတောင်ပံကြီးများကို ဖြန့်ကားလိုက်ပြီး မြေကြီးကို အားကုန် ရိုက်ခတ်လိုက်ရာ ကြီးမားလှသော လေဆင်နှာမောင်းကြီး ဖြစ်ပေါ်လာပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကို အပေါ်သို့ ပင့်တင်သွားစေသည်ကို အားလုံး တွေ့လိုက်ရသည်။

ဆင့်ကဲပြောင်းလဲထားသော ဝေလငါးပြာကြီးသည် ပုံမှန်အားဖြင့် မီတာ ၁၀၀ ခန့် ရှည်လျားသော်လည်း၊ အတောင်ပံ ဖြန့်လိုက်ချိန်တွင်မူ မီတာ ၃၀၀ ခန့်အထိ ကျယ်ဝန်းသွားလေသည်။

၎င်းသည် မြေပြင်နှင့်ကပ်၍ ပျံသန်းလာကာ၊ မီတာ ၃၀၀ အကျယ်ရှိသော စစ်ပွဲသုံး စက်ယန္တရားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိမိမျက်စိရှေ့ရှိ အရာအားလုံးကို ဖယ်ရှားပစ်တော့သည်။

အထပ်မြင့် အဆောက်အအုံများသည် အတောင်ပံများ၏ ရိုက်ခတ်မှုကြောင့် ခါးလယ်မှ ကျိုးပဲ့သွားပြီး၊ အဆောက်အအုံများထဲတွင် ပုန်းအောင်းနေသော အသက်ရှင်ကျန်ရစ်သူများမှာ အရိုးများပါ ကြေမွသွားကြရသည်။ အသားတောင်ပံနှင့် မြေပြင်ကြားတွင် ဖြစ်ပေါ်လာသော ပြင်းထန်လှသည့် လေဖိအားကြောင့် လမ်းပေါ်တွင် သွားလာနေသော ဇွန်ဘီများသည် လေထဲသို့ လွင့်စင်သွားပြီး မြေပြင်ပေါ် ပြန်လည်ပြုတ်ကျလာကာ အသားစများအဖြစ် ပြောင်းလဲသွားကြသည်။

အိမ်များ၏ ပြတင်းပေါက်များကလည်း လေဖိအားကို မခံနိုင်ဘဲ အိမ်ထဲသို့ ပြိုကျသွားရာ အိမ်ထဲမှ အသက်ရှင်ကျန်ရစ်သူများအတွက် ပြတင်းပေါက် မရှိသော "လုံခြုံသည့်နေရာ" မှာ လုံးဝ မလုံခြုံတော့ပေ...

ဝေလငါးပြာ ဖြတ်သွားသော နေရာတိုင်းတွင် လူသားဖြစ်စေ၊ ဇွန်ဘီဖြစ်စေ အားလုံး သေဆုံးသွားကြရသည်။

စစ်တပ်သည် ဝေလငါးပြာ၏ မျက်နှာချင်းဆိုင်တွင် ရှိနေသည်။ တန်ချိန် တစ်ထောင်ခန့်ရှိသော အရာဝတ္ထုတစ်ခုက မက်ခ် ၂ (Mach 2 - အသံထက် နှစ်ဆမြန်သောအရှိန်) နှုန်းဖြင့် ဝင်တိုက်လာသည်ကို သူတို့ မတားဆီးနိုင်သည်မှာ သေချာလှသည်။ ပိုမှန်အောင် ပြောရလျှင် ဤဂြိုဟ်ပေါ်ရှိ မည်သည့်နည်းလမ်းကမျှ ဤသို့သော တိုက်ခိုက်မှုကို မတားဆီးနိုင်ပေ။

တပ်ပြည့် စက်ယန္တရားတပ်ဖွဲ့ကြီး တစ်ခုလုံးကို ဝေလငါးပြာက တိုက်ခိုက်ချေမှုန်းပစ်လိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးသည် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဖြစ်ပွားနေလေသည်။

စစ်တပ်များကို ရှင်းလင်းပြီးနောက် ဇွန်ဘီဝေလငါးပြာသည် ကုန်းတွင်းပိုင်းသို့ ဆက်လက်ပျံသန်းသွားသည်။ ဤကဲ့သို့ ဇွန်ဘီဝေလငါးပြာမျိုး နောက်ထပ် အကောင် ၇၀၊ ၈၀ ခန့် ရှိနေသေးသည်။

…….

လော့ကျူသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တံတွေးမျိုချလိုက်ပြီး အတော်ကြာအောင် စကားမပြောနိုင်လောက်အောင် တုန်လှုပ်သွားရသည်။ ကိုယ်လုံးကိုယ်ပေါက် ကြီးမားမှုကြောင့် အားသာချက် ရရှိထားသည် ဆိုသော်ငြားလည်း၊ ၎င်းမှာ အဆင့် ၄ ဇွန်ဘီသာ ရှိသေးသည်လေ...

ဆရာကျန်းက သူမ၏ အစ်ကိုဖြစ်သူကို ဤဇွန်ဘီများ အားလုံးကို ၆ လအတွင်း ရှင်းလင်းရန် မျှော်လင့်ထားကြောင်း လော့ကျူ သိရှိထားသည်။ လော့ကျူသည် မိမိလက်ဖဝါးထဲရှိ အားနည်းသော ရေဘောလုံးလေးကို ကြည့်ရင်း စိတ်ထဲမှနေ၍ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

‘ငါ့အစ်ကိုရဲ့ ဖိအားတွေကို ငါ ဝေမျှ ခံစားပေးရမယ်။ 《မင်ဝမ် ကျမ်းစာ》 ကျက်ရမှာပဲလေ... ငါ ကျက်မှာပေါ့!’

…

... သုံးရက် ကြာပြီးနောက်။

မောင်နှမ နှစ်ယောက်သည် အပြည့်အစုံ ပြင်ဆင်ပြီး အသင့်အနေအထား ဖြစ်နေပြီဖြစ်သည်။

"ဦးနှောက်အမြုတေတွေ သွားစုဆောင်းဖို့ အချိန်ကျပြီ။"

***

wunzinnosp

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 126

အခန်း ၁၂၆ ။ စွမ်းရည်မြှင့်လူသား ဖြစ်လာရန် ဒုတိယ သတ်မှတ်ချက်

လူသားများသည် ဇွန်ဘီများ၏ ဦးနှောက်ထဲတွင် ဦးနှောက်အမြုတေများ ရှိနေပြီး၊ ဦးနှောက်များက ခရစ္စတယ်များအဖြစ် ပြောင်းလဲသွားကာ၊ ၎င်းခရစ္စတယ်များထဲတွင် အမည်မသိ စွမ်းအင်များ ပါဝင်နေကြောင်းကို အစောကြီးကတည်းက တွေ့ရှိခဲ့ကြသည်။

လူသားများသည် ဤသို့သော စွမ်းအင်မျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့သဖြင့် မည်သို့ အသုံးပြုရမည်ကို မသိခဲ့ကြပေ။ သိပ္ပံပညာရှင်များသည် ဤစွမ်းအင်များကို ခေတ်မီလက်နက်များနှင့် ပေါင်းစပ်ပြီး လက်နက်များ၏ အစွမ်းကို မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြသည်။

သို့သော် ဤသုတေသနများမှာ အလွန် နှေးကွေးလွန်းလှပြီး၊ ရလဒ်ထွက်ပေါ်လာရန်အတွက် နိုင်ငံတော်အဆင့် သုတေသန ဌာနကြီးများကပင် နှစ်နှင့်ချီ၊ ဆယ်စုနှစ်နှင့်ချီ၍ အချိန်ယူရမည်ဖြစ်သည်။ လူသားများအနေဖြင့် ထိုမျှလောက် အချိန်အကြာကြီး မစောင့်ဆိုင်းနိုင်ကြပေ။

ဇွန်ဘီများသည် တစ်လအတွင်းမှာပင် ကမ္ဘာကြီးကို သိမ်းပိုက်လိုက်ပြီး လူ့အဖွဲ့အစည်း ဖွဲ့စည်းပုံများ ပြိုလဲကာ စည်းကမ်းများအားလုံး ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ဦးနှောက်အမြုတေနှင့် လက်နက်များကို ပေါင်းစပ်မည့် သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို စုစည်းရန်ပင် ခက်ခဲသွားခဲ့သည်။

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ဦးနှောက်အမြုတေ၏ အခြားအသုံးဝင်ပုံကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

လက်နက်များနှင့် ပေါင်းစပ်မည့်အစား လူ့ခန္ဓာကိုယ်နှင့် တိုက်ရိုက် ပေါင်းစပ်ကာ၊ ခန္ဓာကိုယ်မှတစ်ဆင့် ဦးနှောက်အမြုတေမှ စွမ်းအင်များကို စုပ်ယူခြင်းဖြစ်သည်။ ဒီနည်းလမ်းက ရိုးရှင်းပြီး ကြမ်းတမ်းသော်လည်း တကယ် အလုပ်ဖြစ်သော နည်းလမ်းတစ်ခု ဖြစ်ပေသည်။

ဤသို့ဖြင့် စွမ်းရည်မြှင့်လူသား များ ပေါ်ပေါက်လာခဲ့သည်။ ဦးနှောက်အမြုတေ ပေါ်ပေါက်လာခြင်းသည် ကမ္ဘာပျက်ကြီးထဲတွင် အလင်းရောင် တစ်ချက် ပေါ်လာသကဲ့သို့ အမှောင်ထုကို ခွင်းပြီး လူသားများကို မျှော်လင့်ချက် ပေးစွမ်းနိုင်ခဲ့လေသည်။

ဦးနှောက်အမြုတေများကို ကျိုကျိုးတွင်တော့ နားထောင်၍ကောင်းသော အမည်တစ်ခုဖြစ်သည့် ဝိညာဉ်ကျောက်တုံးဟု ခေါ်ဆိုကြသည်။

ကျိုကျိုးတွင် ဝိညာဉ်စွမ်းအားများ ပေါများလွန်းသဖြင့် ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများပင် ရှိကြသော်လည်း၊ ဤကမ္ဘာတွင်မူ ဝိညာဉ်စွမ်းအားများ ရှားပါးလွန်းသဖြင့် ဝိညာဉ်ကျောက် တစ်တုံးတောင် ဖြစ်ပေါ်လာခြင်း မရှိပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကမ္ဘာနှစ်ခုကြားက ဝိညာဉ်စွမ်းအား သိပ်သည်းဆ ကွာဟချက်ကို အတိုင်းသား သိနိုင်ပေသည်။

ဦးနှောက်အမြုတေများထဲတွင် ပါဝင်သော စွမ်းအင်များသည် သိပ်သည်းသော ဝိညာဉ်စွမ်းအားများ ဖြစ်သည်။ သို့သော် စွမ်းရည်မြှင့်လူသား တစ်ဦးဖြစ်လာရန်အတွက် ဦးနှောက်အမြုတေမှ ဝိညာဉ်စွမ်းအားများကို သက်သက် စုပ်ယူရုံဖြင့် မရနိုင်ပေ။ အကယ်၍ မှန်ကန်သော လှည့်ပတ်မှုလမ်းကြောင်း မရှိဘဲ ဝိညာဉ်စွမ်းအားများကို သက်သက် စုပ်ယူလိုက်မည်ဆိုလျှင်၊ စုပ်ယူမိသူတိုင်း ဒုက္ခိတများ ဖြစ်သွားကြမည်မှာ သေချာလှသည်။

ကျန်းလီ၏ လေ့လာတွေ့ရှိချက်အရ စွမ်းရည်မြှင့်လူသား ဖြစ်လာရန်အတွက် ဒုတိယ သတ်မှတ်ချက်တစ်ခု လိုအပ်သေးသည်။

အဲ့ဒါကတော့... လူ့ခန္ဓာကိုယ်ထဲမှာ ဇွန်ဘီဗိုင်းရပ်စ်ရှိနေဖို့ပဲ ဖြစ်သည်။

ဇွန်ဘီဗိုင်းရပ်စ်၏ ကူးစက်နိုင်စွမ်းမှာ အရမ်းကို ကြောက်မက်ဖွယ် ကောင်းလှပြီး၊ လေထုထဲမှာပင် ကူးစက်နိုင်သည်။ လက်ရှိ လူသားများ ရှူရှိုက်နေသော လေတိုင်းတွင် ဇွန်ဘီဗိုင်းရပ်စ်များ ပါဝင်နေသည်။

ဤသို့ အနည်းငယ်မျှသော ဗိုင်းရပ်စ်ပမာဏက လူသားများကို ဇွန်ဘီအဖြစ် ပြောင်းလဲမသွားစေနိုင်သော်လည်း၊ မရှိမဖြစ်လိုအပ်သော 'ချောဆီ' တစ်ခုအဖြစ် လုပ်ဆောင်ပေးကာ လူ့ခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအားများ စုပ်ယူနိုင်အောင် ကူညီပေးသည်။

ဝိညာဉ်စွမ်းအား လှည့်ပတ်မှု လမ်းကြောင်းကို ဂရုမစိုက်ဘဲ ဆဲလ်များကို အသုံးပြုပြီး ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်ခြင်း ဖြစ်သည်။ ဆဲလ်များမှ ဝိညာဉ်စွမ်းအား စုပ်ယူမှု အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားသောအခါ စွမ်းရည်မြှင့်လူသားများ ဖြစ်လာကြလေသည်။

စွမ်းရည်မြှင့်လူသား စနစ်သည် ခန္ဓာကိုယ်ကို လှုံ့ဆော်ရန်အတွက် ဦးနှောက်အမြုတေထဲမှ သိပ်သည်းသော ဝိညာဉ်စွမ်းအားများ လိုအပ်သည်။ ဝိညာဉ်စွမ်းအားများကို စုစည်းပေးနိုင်သည့် 'ဝိညာဉ်စုဆောင်းရေး အစီအရင်' ကဲ့သို့သော နည်းလမ်းများ ရှိသော်လည်း၊ ၎င်းတို့သည် ချီသန့်စင်ခြင်း အဆင့် ၁ သာရှိသေးသော ကျင့်ကြံသူလေးများ အသုံးပြုနိုင်သည့် အရာများ မဟုတ်ပေ။

ထို့ကြောင့် မောင်နှမ နှစ်ယောက်သည် ဇွန်ဘီများကို အမဲလိုက်ရန် အပြင်သို့ ထွက်ရမည် ဖြစ်သည်။

မူလက လော့ယင်၏ အစီအစဉ်ကတော့ စာအုပ်များကို ခန္ဓာကိုယ်တွင် ကပ်ပြီး တိပ်ဖြင့် ပတ်ထားရန် ဖြစ်သည်။ ဤနည်းလမ်းက လက်ရှိ အဆင့်နိမ့် ဇွန်ဘီများအတွက် အရမ်း အသုံးဝင်သည်။ သို့သော် ယခုတော့ သူတို့ဆီတွင် 'မတုန်မလှုပ် မင်ဝမ် မန္တန်' ရှိနေပြီဖြစ်သဖြင့် ဤသို့သော နည်းလမ်းများ မလိုအပ်တော့ပေ။

...

စာသင်ခန်းထဲတွင် အသက်ရှင်ကျန်ရစ်သူ အယောက် ၂၀ ခန့်မှာ ကြောက်လန့်တကြား ပုန်းကွယ်နေကြသည်။ သူတို့ ဤနေရာတွင် ပိတ်မိနေသည်မှာ ၃ ရက်ရှိပြီဖြစ်ပြီး ဗိုက်များလည်း အလွန် ဆာလောင်နေကြပြီ ဖြစ်သည်။

ကံကောင်းစွာဖြင့် စာသင်ခန်းထဲတွင် သောက်ရေသန့်ဘူးအချို့ရှိနေသဖြင့် ချွေတာသောက်သုံးရင်း ရေပြဿနာအတွက် လောလောဆယ် စိုးရိမ်စရာ မရှိသေးပေ။ မဟုတ်လျှင် သူတို့သည် ဇွန်ဘီ အစားမခံရခင် ရေငတ်ပြီး သေသွားကြမည်မှာ သေချာသည်။

သို့သော် ဤအတိုင်း ဆက်နေ၍လည်း မဖြစ်နိုင်ပေ။ ရေကုန်သွားမည့် အချိန်တစ်ခုတော့ ရှိလာမည်ဖြစ်ပြီး၊ ထိုအခါ သူတို့သည် အသက်စွန့်ကာ စာသင်ခန်းထဲမှ ထွက်ပြေးပြီး အသက်ရှင်ရန် နည်းလမ်းရှာကြရမည် ဖြစ်သည်။

ယခုတော့ သူတို့သည် သေရေးရှင်ရေး စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။

"သူ... ထွက်သွားပြီလား။"

"လော့ယင်ပြောတာ မှန်တယ်၊ တကယ်ကြီး ဇွန်ဘီတွေ ရောက်လာတာပဲ။"

"အစောကတည်းက သူ့စကား နားထောင်ခဲ့ရင် ကောင်းသားပဲ။"

"ငါ... အမေ့ကို သတိရတယ်။"

ကျောင်းသားများသည် အချင်းချင်း တိုးတိုးလေး စကားပြောနေကြသည်။ ၎င်းမှာ ဆွေးနွေးနေသည်ထက် သူတို့၏ ကြောက်ရွံ့မှုများကို ဖွင့်ဟနေခြင်းနှင့် ပိုတူသည်။

ငြိမ်းချမ်းသော ခေတ်တွင် တစ်သက်လုံး နေထိုင်လာခဲ့ကြသော သူတို့သည် ဤသို့သော သွေးထွက်သံယို မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြပေ။ ဇွန်ဘီတစ်ကောင်က လူတစ်ယောက်၏ ၅ မီတာ၊ ၆ မီတာခန့် ရှည်လျားသော အူများကို ဆွဲထုတ်နေသည့် မြင်ကွင်းကို ပြန်တွေးမိတိုင်း သူတို့ အန်ချင်စိတ် ပေါက်လာကြသည်။

သို့သော် သူတို့သည် ထိုအန်ချင်စိတ်ကို အစွမ်းကုန် ထိန်းချုပ်ထားရမည် ဖြစ်သည်။ အသံအနည်းငယ် ကျယ်သွားလျှင်ပင် အပြင်ဘက်ရှိ ဇွန်ဘီများ၏ အာရုံစိုက်မှုကို ခံရမည်ဖြစ်သောကြောင့်ပင်။

ကျောင်းသူအချို့က အင်္ကျီစကို ကိုက်ပြီး မျက်လုံးများ နီရဲကာ တိတ်တဆိတ် ငိုကြွေးနေကြသည်။

စစ်တပ်က ဝေလငါးကြီးများကို ပစ်ခတ်နေသည့် မြင်ကွင်းကို သူတို့လည်း မြင်တွေ့ခဲ့ရပြီး၊ စစ်တပ်က ဝေလငါးများကို အနိုင်ယူပြီး သူတို့ကို ကယ်တင်ပေးမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ရက်စက်သော လက်တွေ့အခြေအနေက အဆင့် ၄ ဇွန်ဘီများ၏ ကြောက်မက်ဖွယ် ကောင်းပုံကို ပြသလိုက်ပြီး သူတို့၏ မျှော်လင့်ချက်များကို ရိုက်ချိုးပစ်ခဲ့လေသည်။

"ရှူး—"

အရင်က လော့ယင် အတန်းထဲတွင် အိပ်နေသည်ကို အပြစ်တင်ခဲ့ဖူးသော ဆရာမက၊ ကျောင်းသားများကို စကားမပြောကြရန်၊ တိုးတိုးလေးပင် မပြောကြရန် လက်ဟန်ပြလိုက်သည်။

သူမ ကိုယ်တိုင်လည်း အလွန်ကြောက်ရွံ့နေပြီး မိဘများကို စိုးရိမ်နေသော်လည်း၊ သူမ၏ လက်ရှိ အနေအထားက ဆရာမ တစ်ယောက်ဖြစ်ပြီး ကျောင်းသားများကို ကာကွယ်ပေးရမည်ဖြစ်ရာ၊ သတ္တိမွေးကာ နံရံကိုကိုင်ပြီး စာသင်ခန်းတံခါး၏ မှန်ပြတင်းပေါက်လေးနားသို့ အသံမထွက်အောင် တိတ်တဆိတ် သွားရောက်လိုက်သည်။

ဇွန်ဘီကပ်ဘေး စတင်ဖြစ်ပွားသည့် ပထမဆုံးနေ့မှာပင် ကျောင်းသည် သားသတ်ရုံကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျောင်းသား အရေအတွက် များပြားလွန်းသဖြင့် ထွက်ပြေးရန်ပင် မဖြစ်နိုင်ဘဲ၊ အသက်ရှင်ကျန်ရစ်သူ အရေအတွက် အလွန်လျော့ကျသွားပြီး ဇွန်ဘီအရေအတွက် အဆမတန် တိုးလာခဲ့သည်။

လော့ယင်၏အတန်းက အပေါ်ဆုံးထပ်တွင် ရှိပြီး၊ ကျောင်းသားများက အခြေအနေမဟန်သည်ကို သတိပြုမိသွားကာ ကြိုတင်ပြင်ဆင်မှုအချို့ လုပ်ထားခဲ့သောကြောင့် တစ်ဝက်ခန့်သာ သေဆုံးခဲ့ရသည်။

အသက်ရှင်ကျန်ရစ်သူများသည် ရွံရှာမှုကိုမြိုသိပ်ကာ သေဆုံးသွားသော သူငယ်ချင်းများ၏ သွေးများကို ပြတင်းပေါက်များတွင် သုတ်လိမ်းလိုက်ကြသည်။ ဤသို့လုပ်ခြင်းအားဖြင့် အပြင်မှ မမြင်ရအောင် ကာကွယ်နိုင်သလို အနံ့ကိုပါ ဖုံးကွယ်နိုင်သဖြင့် ဇွန်ဘီများက ဤနေရာကို သတိမထားမိနိုင်ပေ။ သူတို့သည် ဤနည်းလမ်းဖြင့်ပင် ၃ ရက်တိုင်တိုင် ပုန်းအောင်းနေနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဤနည်းလမ်းက ယာယီဖြေရှင်းနည်းသာ ဖြစ်သည်။ ကျောင်းဆောင်ထဲတွင် အခြားဇွန်ဘီများနှင့် မတူသော ဇွန်ဘီတစ်ကောင် ပေါ်လာခဲ့သည်။ ထိုဇွန်ဘီသည် အလွန် အင်အားကြီးမားပြီး၊ သတ္တုဖြင့် လုပ်ထားသော လှေကားလက်ရန်းများကိုပင် ပုံပျက်သွားအောင် ရိုက်ချိုးနိုင်စွမ်း ရှိသည်။

ထိုဇွန်ဘီ၏ စူးစမ်းနိုင်စွမ်းကလည်း အလွန် ကောင်းမွန်လှပြီး၊ ပုန်းအောင်းနေသော ကျောင်းသားများနှင့် ဆရာများစွာသည် သူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ သူတို့၏ စူးစူးဝါးဝါး အော်ဟစ်သံများက ယခုချိန်ထိ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

ယခုတော့ ထိုဇွန်ဘီက အပေါ်ဆုံးထပ်တွင် လှည့်လည်နေပြီဖြစ်သည်။

ဆရာမက တံခါးတွင် နားကပ်ပြီး အပြင်ဘက်မှ အသံများကို မျက်လုံးမှိတ်ကာ သေချာ နားထောင်လိုက်သည်။ အသံမကြားရမှ ပြတင်းပေါက်ပေါ်ရှိ သွေးစွန်းနေသော နေရာလေးကို အနည်းငယ် ဖယ်ရှားပြီး၊ မျက်လုံးတစ်ဖက်တည်းဖြင့် အပြင်သို့ ကြည့်လိုက်သည်။

ထိုထူးခြားသော ဇွန်ဘီသည် အဝေးတစ်နေရာတွင် အလောင်းများကို စားသောက်နေပြီး သူတို့ကို သတိမထားမိသေးသည်ကို သူမ တွေ့လိုက်ရသည်။

ဤဇွန်ဘီကို သူမ သိသည်။ ၎င်းမှာ စာရိတ္တမကောင်းသော ကာယဆရာ တစ်ယောက်ဖြစ်ပြီး၊ ကျောင်းသူများစွာက သူ့ကို တိုင်ကြားထားသဖြင့် ဇွန်ဘီကပ်ဘေးသာ မဖြစ်ခဲ့လျှင် နောက်ရက်အနည်းငယ်အတွင်း ကျောင်းထုတ်ခံရတော့မည့်သူဖြစ်သည်။

‘ဒီလူယုတ်မာကို အစောကြီးကတည်းက ကျောင်းထုတ်ပစ်လိုက်ရင် ကောင်းသားပဲ’ လို့ ဆရာမက ဒေါသတကြီး တွေးလိုက်မိသည်။

ဆရာမသည် နေရာသို့ ပြန်လာပြီး ကျောင်းသားများကို အသံအနှိမ့်ဆုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူကြနဲ့နော်၊ သူတို့ ငါတို့ကို သတိမထားမိသေးဘူး။"

"ဆ... ဆရာမဟွမ်..."

ကျောင်းသူလေးတစ်ယောက်က တုန်ရီနေသော လက်ဖြင့် ဆရာမဟွမ် ခုနက သွေးဖယ်ထားသော နေရာကို လက်ညှိုးထိုးပြလိုက်သည်။ အဲ့ဒီနေရာမှာ မျက်လုံးတစ်လုံး ပေါ်လာတာကို သူတို့ တွေ့လိုက်ရသည်!

ဇွန်ဘီတွေက သူတို့ကို တွေ့သွားပြီ!

ဆရာမဟွမ်၏ နှလုံးသားက ရပ်တန့်သွားမတတ် ဖြစ်သွားပြီး၊ ကျောင်းသားများ အားလုံး အလန့်တကြား အော်ဟစ်လိုက်ကြလေတော့သည်။

စာသင်ခန်းမှာ တံခါးနှစ်ပေါက် ပါရှိရာ၊ ဉာဏ်ကောင်းသော ကျောင်းသားအချို့က နောက်ပေါက်မှနေ၍ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော် တံခါးကို တွန်းဖွင့်လိုက်ချိန်တွင်တော့... ဘယ်သူ့အလောင်းမှန်းမသိသော အလောင်းတစ်ခုကို စားသောက်နေသည့် ဇွန်ဘီနှစ်ကောင်က တံခါးဝတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ဇွန်ဘီ သုံးကောင်က ယိမ်းယိုင်စွာဖြင့် စာသင်ခန်းထဲသို့ ဝင်ရောက်လာကြပြီး၊ ကာယဆရာ ဇွန်ဘီက ဆရာမဟွမ်ဆီသို့ ခုန်အုပ်လိုက်သည်။

ရုတ်တရက် ခိုင်မာသော လက်တစ်ဖက် ပေါ်လာပြီး ဇွန်ဘီ၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်ကာ၊ ညာလက်မောင်း၏ အားကို အသုံးပြု၍ ဇွန်ဘီကို အဝေးသို့ လွှင့်ပစ်လိုက်ရာ ကျန်ဇွန်ဘီ နှစ်ကောင်ကိုပါ ဝင်တိုက်မိပြီး လဲကျသွားစေသည်။

ထိုလက်ပိုင်ရှင်ကတော့ လော့ယင်ပင် ဖြစ်သည်။

"တော်တော်ကို ကပ်သီးလေးပဲ။"

လော့ယင် သက်ပြင်းချလိုက်သည်။ ယခင်ဘဝက သူသည်လည်း သူငယ်ချင်းများနှင့်အတူ ဤနေရာတွင် ပုန်းအောင်းနေရင်း ဤဇွန်ဘီနှင့် ထိပ်တိုက် တွေ့ခဲ့ရပြီး၊ ကံကောင်း၍သာ သူ တစ်ယောက်တည်း အသက်ရှင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင်တော့ သူက အလျင်အမြန် ပြေးလာခဲ့သဖြင့် ဇွန်ဘီများ မသတ်ဖြတ်နိုင်ခင် အချိန်မီ ရောက်လာကာ ဆရာမနှင့် သူငယ်ချင်းများကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

"အနောက်ကို သတိထား!"

ဆရာမဟွမ်က လော့ယင်ကို အသံကျယ်ကြီးဖြင့် သတိပေးလိုက်သည်။ လဲကျသွားသော ဇွန်ဘီ သုံးကောင်က ပြန်ထလာပြီး လော့ယင်ကို တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

ထိုစဉ် သေးသွယ်လှပသော အရိပ်လေးတစ်ခု လျှပ်တစ်ပြက် ဝင်ရောက်လာပြီး၊ ဓားမြှောင်ဖြင့် ဇွန်ဘီ သုံးကောင်၏ ခေါင်းများကို အလွယ်တကူ ဖြတ်ချလိုက်ကာ ဦးနှောက်အမြုတေတစ်ခုကို ထုတ်ယူလိုက်လေသည်။

***

All Chapters