← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 8 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 8 Ch. 127-128

အခန်း ၁၂၇ ။ အတွေးအမြင်များကို ပြောင်းလဲပစ်ခြင်း

"တကယ့်ကို မွေးရာပါ လူသတ်သမားလေးပဲ။" ဟု ကျန်းလီက ချီးကျူးလိုက်သည်။

လော့ယင်သည် ကမ္ဘာပျက်ကြီးထဲတွင် ၁၀ နှစ်တိုင်တိုင် နေထိုင်ခဲ့သူဖြစ်ရာ ယခုအချိန်တွင် ဇွန်ဘီများကို ရင်ဆိုင်ရာ၌ အကြောက်တရား လုံးဝ မရှိတော့ပေ။

သို့သော် လော့ကျူကတော့ မတူပေ။ သူမသည် ငြိမ်းချမ်းသော ကမ္ဘာကြီးတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ လော့ယင်က ဇွန်ဘီများကို မည်သို့ အမြန်ဆုံး သတ်ဖြတ်ရမည်ကို အနည်းငယ် သင်ပြပေးပြီး လမ်းတွင် ဇွန်ဘီ နှစ်ကောင်လောက်ကို လက်တွေ့ စမ်းသပ်ခိုင်းလိုက်ရုံဖြင့်၊ ခေါင်းတွေကို အလွယ်တကူ ဖြတ်ချတတ်သွားခဲ့သည်။

ထို့ပြင် သူမသည် အမြဲတမ်း မျက်နှာသေဖြင့်သာရှိနေပြီး၊ အလောင်းများကို မြင်ရသည်ဖြစ်စေ၊ သွေးများကို မြင်ရသည်ဖြစ်စေ သူမအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိသည့်ပုံ ပေါက်နေသည်။

ထို့ကြောင့်ပင် ကျန်းလီက ထိုသို့ မှတ်ချက်ပေးလိုက်ခြင်းဖြစ်သည်။

ကာယဆရာ ဇွန်ဘီမှာ အဆင့် ၁ ဇွန်ဘီဖြစ်ပြီး၊ လော့ကျူက ၎င်း၏ခေါင်းထဲမှ အဆင့် ၁ ဦးနှောက်အမြုတေတစ်ခုကို ထုတ်ယူလိုက်သည်။

"ခုနက အသံကျယ်သွားတော့ ဇွန်ဘီတွေ အများကြီး ရောက်လာပြီ။" ကျန်းလီသည် တစ္ဆေတစ်ကောင်အလား လော့ယင်၏အနောက်တွင် ရုတ်တရက် ပေါ်လာသဖြင့် ဆရာမဟွမ်နှင့် အခြားသူများ အလွန်အံ့ဩသွားကြသည်။

ခုနက အသံကျယ်သွားသည်ဆိုသည်မှာ ဇွန်ဘီများ သတ်ဖြတ်သည့် အသံမဟုတ်ဘဲ၊ ကျောင်းသားများ၏ အော်ဟစ်သံများကို ဆိုလိုခြင်းဖြစ်သည်။

လော့ယင်နှင့် လော့ကျူတို့သည် လမ်းခွဲလိုက်ကြပြီး စင်္ကြံလမ်း၏ ထွက်ပေါက် နှစ်ခုဆီသို့ သွားကာ၊ 'မတုန်မလှုပ် မင်ဝမ် မန္တန်' ကို အသုံးပြုလျက် ဓားတစ်ချက် ခုတ်လိုက်တိုင်း ဇွန်ဘီခေါင်း တစ်လုံးစီ မိုးရွာသလို ပြုတ်ကျသွားကြသည်။

ကျောင်းဆောင် တစ်ခုလုံးရှိ ဇွန်ဘီများအားလုံး သူတို့ မောင်နှမ၏လက်ချက်ဖြင့် ရှင်းလင်းသွားခဲ့သည်။

သူတို့သည် စွမ်းရည်မြှင့်လူသားများ မဖြစ်သေးသော်လည်း၊ ချီသန့်စင်ခြင်း အဆင့် (၁) ၏ စွမ်းအားသက်သက်ဖြင့် ဤမျှအထိ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဇွန်ဘီများကို ရှင်းလင်းပြီးနောက် မောင်နှမ နှစ်ယောက် စာသင်ခန်းထဲသို့ ပြန်ရောက်လာကြသည်။

"ကျေးဇူးတင်ပါတယ်။" ဟု ဆရာမဟွမ်က ပြောလိုက်သည်။ ဤမျှ သာမန်ရုပ်ရည်သာရှိသော ကျောင်းသားလေးတစ်ယောက်သည် လူတစ်ယောက်လုံး ပြောင်းလဲသွားသကဲ့သို့ ဤမျှ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

လော့ယင်သည် ညီမဖြစ်သူ ပေးသော ဦးနှောက်အမြုတေကို လှမ်းယူလိုက်သည်။

"ဒီဟာကို 'ဦးနှောက်အမြုတေ' လို့ ခေါ်တယ်။ အမြုတေထဲမှာ 'ဝိညာဉ်စွမ်းအား' ဆိုတဲ့ စွမ်းအင်တစ်မျိုး ပါဝင်ပြီး၊ လူတွေကို အင်အားကြီးမားလာစေနိုင်တယ်။" လော့ယင်သည် ဦးနှောက်အမြုတေကို နဖူးတွင် ကပ်ထားရင်း၊ ကျောင်းသားများကို စွမ်းရည်မြှင့်လူသား ဖြစ်လာမည့် နည်းလမ်းကို သင်ပေးရန် ရည်ရွယ်လိုက်သည်။ လော့ယင်အနေဖြင့် သူတို့ကို အမြဲတမ်း ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

"ကိုယ့်ခန္ဓာကိုယ်မှာ မမြင်ရတဲ့ လက်တစ်ဖက်ထွက်လာပြီး၊ ဦးနှောက်အမြုတေထဲက ဝိညာဉ်စွမ်းအားတွေကို ဆွဲထုတ်ပြီး ခန္ဓာကိုယ်ထဲကို ထည့်လိုက်တယ်လို့ စိတ်ကူးကြည့်။"

ဆရာမဟွမ်နှင့် ကျောင်းသားများသည် ဦးနှောက်အမြုတေထဲမှ အပြာရောင် အငွေ့တန်းလေးများ ထွက်ပေါ်လာပြီး လော့ယင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည်။

လော့ယင်၏ ခန္ဓာကိုယ်ထဲမှ "ဂျွတ်... ဂျွတ်" ဟူသော အသံလေးများ ထွက်ပေါ်လာသည်။ ၎င်းမှာ ကြွက်သားများ ကြီးထွားလာခြင်း၊ အရိုးများ သန်မာလာခြင်းနှင့် ကိုယ်တွင်းရှိ အညစ်အကြေးများကို ရှင်းလင်းဖယ်ရှားခြင်း ဖြစ်စဉ်များပင်ဖြစ်သည်။

"လွမ်းနေခဲ့တဲ့ ခံစားချက်လေးပဲ။" သူသည် လက်သီးကို ညင်သာစွာ ဆုပ်ကာ စွမ်းအားများကို ခံစားကြည့်လိုက်သည်။ သူသည် ယခုဘဝ၏ ပထမဆုံးသော စွမ်းရည်မြှင့်လူသား ဖြစ်လာခဲ့ပြီ ဖြစ်သည်။

စကားချပ်အနေဖြင့် ပြောရလျှင်... ပထမဆုံး ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူမှာမူ လော့ကျူပင် ဖြစ်သည်။

"ဆရာကျန်း... ကျောင်းထဲမှာ အဆင့် ၁ ဇွန်ဘီ ဘယ်နှကောင် ကျန်သေးလဲဆိုတာ လိုက်ကြည့်ပေးပါဦး။"

"လေးကောင်... အဲ့ဒီအကောင်တွေက အခု ဘယ်မှာလဲဆိုတော့..."

သာမန်ဇွန်ဘီမှ အဆင့် ၁ ဇွန်ဘီ ဖြစ်လာရန်အတွက် လူများစွာကို စားသောက်ရန် လိုအပ်သည်။ ကျောင်းဆိုသည်မှာ လူအများဆုံးနေရာဖြစ်သဖြင့် အဆင့် ၁ ဇွန်ဘီများ ပေါ်ပေါက်လာရန် အလွယ်ကူဆုံး ဖြစ်သည်။

"ကျွန်တော် သွားလိုက်ဦးမယ်။ ချက်ချင်း ပြန်လာခဲ့မယ်။" လော့ယင်သည် ကျန်းလီ ပြောပြသော နေရာများသို့ ထွက်သွားလိုက်သည်။

သိပ်မကြာမီမှာပင် လော့ယင်သည် ဦးနှောက်အမြုတေ ၄ ခုကို ယူဆောင်လာပြီး၊ တစ်ခုကို လော့ကျူထံ ပေးလိုက်သည်။

သတိပြုရမည့် အချက်များကို လော့ယင်က ညီမဖြစ်သူအား အကြိမ်ကြိမ် ပြောပြထားပြီးဖြစ်ရာ၊ လော့ကျူသည် အလွယ်တကူပင် ဒုတိယမြောက် စွမ်းရည်မြှင့်လူသား ဖြစ်လာခဲ့သည်။

လော့ယင်သည် ကျန်ရှိနေသော ဦးနှောက်အမြုတေ ၃ ခုကို ဆရာမဟွမ်နှင့် အကျင့်စာရိတ္တကောင်းမွန်သော ကျောင်းသား နှစ်ဦးကို ခွဲဝေပေးလိုက်ပြီး၊ စွမ်းရည်မြှင့်လူသား ဖြစ်လာမည့် နည်းလမ်းများကိုပါ သေချာ သင်ပြပေးခဲ့သည်။ ဤကျောင်းဆောင်ထဲတွင် အခြား အတန်းများမှ အသက်ရှင်ကျန်ရစ်သူများလည်း ရှိနေသေးသော်လည်း လော့ယင်နှင့် မရင်းနှီးကြပေ။ သူသည် ကြုံရာလူကို ရွေးချယ်ပြီး စွမ်းရည်မြှင့်လူသား အဖြစ်သို့ ပြောင်းလဲပေးမည် မဟုတ်ပေ။ အကယ်၍ တစ်ဖက်လူမှာ သတ္တိကြောင်သူ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သူ ဖြစ်နေပါက၊ ဦးနှောက်အမြုတေ တစ်ခု အလဟဿ ဆုံးရှုံးသွားမည်သာ ဖြစ်သည်။

လော့ယင်သည် သူတို့ကို သတိပြုရမည့် အချက်အချို့ကို မှာကြားခဲ့သည်။ ဥပမာ - စာအုပ်များကို ကိုယ်ပေါ်တွင် ကပ်ပြီး တိပ်ဖြင့် ပတ်ထားပါက ဇွန်ဘီ အကုတ်ခံရခြင်းမှ ကာကွယ်နိုင်ကြောင်း၊ ဤ စွမ်းရည်မြှင့်လူသား သုံးဦးသည် ဇွန်ဘီဗိုင်းရပ်စ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိသဖြင့် သာမန် ဇွန်ဘီများက သူတို့ကို မကူးစက်နိုင်ကြောင်း၊ သူတို့အနေဖြင့် ကျောင်းအတွင်းရှိ ဇွန်ဘီများကို ရှင်းလင်းပြီး ကျောင်းကို ဗဟိုပြုကာ ဘေးကင်းရာ နေရာတစ်ခု တည်ဆောက်ပြီး အနီးနားတွင် ပစ္စည်းများ ရှာဖွေနိုင်ကြောင်း စသည်ဖြင့် ဖြစ်သည်။

ဤသည်မှာ အလုံခြုံဆုံး နည်းလမ်းဖြစ်သည်။ မြို့ထဲရှိ အဆင့် ၁ ဇွန်ဘီများအားလုံးကို သူတို့ မောင်နှမက ရှင်းလင်းပေးသွားမည်ဖြစ်ရာ၊ အဆင့် ၁ ဇွန်ဘီများ လာရောက် တိုက်ခိုက်မည်ကို သူတို့ စိုးရိမ်စရာ မလိုတော့ပေ။

လော့ယင်နှင့် လော့ကျူတို့ ထွက်ခွာရန် ပြင်လိုက်သောအခါ၊ ကျောင်းသား တစ်ယောက်က မောင်နှမ နှစ်ယောက်၏ အနားတွင် ရှိနေပါက အလွန်လုံခြုံမည်ဟု တွေးကာ အော်ပြောလိုက်သည် - "မင်းတို့က ငါတို့ကို ကာကွယ်ပေးဖို့ မနေခဲ့တော့ဘူးလား။"

လော့ယင်က ထိုမေးခွန်းကို မဖြေဘဲ တိုက်ရိုက် ထွက်ခွာသွားသည်။

"ဟွန့်... ဟန်လုပ်နေတာပဲ။" ကမ္ဘာပျက်ကပ်ကြီးက ရုတ်တရက် ရောက်လာသဖြင့် အချို့လူများက အတွေးအမြင်များ မပြောင်းလဲနိုင်သေးဘဲ၊ အားလုံးက ကျောင်းသားတွေပဲ... ဘာကွာခြားလို့လဲ ဟု တွေးထင်နေကြဆဲ ဖြစ်သည်။

ဆရာမဟွမ်က အေးစက်စွာဖြင့် ပြောလိုက်သည် - "လော့ယင်က မင်းကို အကြွေးတင်နေလို့ မင်းကို ကာကွယ်ပေးဖို့ ကျန်နေခဲ့ရမှာလား။"

"ဒါ... ဒါပေမဲ့ အားလုံးက အတန်းဖော်တွေပဲလေ၊ အချင်းချင်း ကူညီသင့်တာ မဟုတ်ဘူးလား။"

"ခုနက သူ မင်းကို မကူညီခဲ့ဘူးလား။"

"လူတစ်ယောက်ကို ကူညီရင် အဆုံးထိ ကူညီရမှာပေါ့။ ငါသာ သူ့လို စွမ်းအားတွေရှိနေရင်... ငါ သေချာပေါက် ကျန်ခဲ့ပြီး အားလုံးကို ကာကွယ်ပေးမှာပဲ။" ထိုကျောင်းသားက သူလည်း လော့ယင်လို ဘယ်တော့မှ သန်မာလာမည် မဟုတ်ကြောင်း သိသဖြင့် အရှက်မရှိ ကြွားလုံးထုတ်လိုက်သည်။

ဆရာမဟွမ်က သူ၏ လိမ်ညာမှုကို ရက်စက်စွာ ဖော်ထုတ်လိုက်သည် - "မင်းက မင်းရဲ့ မိဘတွေကို သွားကယ်မယ်လို့ ဆရာမ ထင်နေတာ။"

ထိုကျောင်းသားမှာ စကားပြောစရာ မရှိတော့ပေ။ အကယ်၍ သူသာ စွမ်းရည်မြှင့်လူသားဖြစ်သွားခဲ့လျှင် လူတိုင်းကို ပစ်ထားပြီး သူ့မိဘများကို သွားကယ်မည်မှာ အမှန်ပင် ဖြစ်သည်။

အကယ်၍ ငြိမ်းချမ်းသော ပတ်ဝန်းကျင်မှာဆိုလျှင်၊ ဆရာမဟွမ်သည် ဤမျှအထိ ပြတ်သားစွာ ပြောဆိုမည် မဟုတ်ပေ။ သို့သော် စစ်တပ်၏ ရှုံးနိမ့်မှုကို မြင်တွေ့ခဲ့ရပြီးနောက်၊ စွမ်းရည်မြှင့်လူသားများ ပေါ်ထွက်လာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသဖြင့်... ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ ယခင် ငြိမ်းချမ်းသော ခေတ်ကာလများ ပြန်မလာနိုင်တော့ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။ ကျောင်းသားများ၏ မှားယွင်းသော အတွေးအမြင်များကို ပြောင်းလဲပေးရမည်။ အကယ်၍ တစ်စုံတစ်ယောက်က ခုနက ကျောင်းသားလို အတွေးမျိုး ဆက်လက် ရှိနေဦးမည်ဆိုပါက နောက်ပိုင်းတွင် ကြီးမားသော ပြဿနာများ ဖြစ်လာမည်မှာ သေချာသည်။

ဆရာမဟွမ်က လှည့်ကာ ကျောင်းသားများကို တည်ကြည်စွာ သတိပေးလိုက်သည် - "ကျောင်းသားတို့... ခေတ်က ပြောင်းသွားပြီ။ သူများတွေက ကိုယ့်အသက်ကို ပဓာနမထားဘဲ လာကယ်လိမ့်မယ်ဆိုတဲ့ ရိုးအတဲ့ အတွေးမျိုးတွေ မတွေးကြနဲ့တော့။ ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး ကိုယ်တိုင် သန်မာလာအောင် လုပ်မှသာ အသက်ရှင်နိုင်မှာ။"

"အခု ဆရာမတို့ စွမ်းရည်မြှင့်လူသား သုံးယောက်က ဒီကျောင်းဆောင်ထဲမှာ ကျန်နေသေးတဲ့ အသက်ရှင်သူတွေကို လိုက်ရှာမယ်၊ ဇွန်ဘီတွေကို ရှင်းလင်းမယ်၊ ဒီကျောင်းဆောင်ကို ဘေးကင်းရာ နေရာတစ်ခုဖြစ်အောင် တည်ဆောက်မယ်။"

...

ယခုအချိန်တွင် အဆင့် ၁ ဇွန်ဘီများမှာ အလွန် နည်းပါးလှပြီး၊ စူပါမားကတ်၊ ဆေးရုံ၊ ကျောင်း စသည့် လူများပြားသော နေရာများတွင်သာ ပေါ်ပေါက်လေ့ ရှိသည်။ ထို့ကြောင့် မောင်နှမ နှစ်ယောက်သည် ကျန်းလီ၏ လမ်းညွှန်မှုဖြင့် အတိုဆုံး လမ်းကြောင်းများအတိုင်း သွားလာကာ၊ အဆင့် ၁ ဇွန်ဘီများကို ရှင်းလင်းပစ်ခဲ့ကြသည်။

သို့သော် လက်ရှိ အခြေအနေတွင် မောင်နှမ နှစ်ယောက်သည် ဤမျှများပြားသော ဦးနှောက်အမြုတေများကို စုပ်ယူနိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် သူတို့သည် အရပ်သားများဖြင့် ယာယီ ဖွဲ့စည်းထားသော ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းများကို ရှာဖွေပြီး၊ ထိုအဖွဲ့ခေါင်းဆောင်များကို ဦးနှောက်အမြုတေများ ပေးအပ်ကာ စွမ်းရည်မြှင့်လူသား ဖြစ်လာစေရန် ကူညီပေးခဲ့သည်။ ထို့အပြင် ဦးနှောက်အမြုတေ၊ စွမ်းရည်မြှင့်လူသားနှင့် ဇွန်ဘီများနှင့် ပတ်သက်သည့် အသိပညာများကိုလည်း သင်ကြားပေးခဲ့သည်။

...

သုံးလ ကြာပြီးနောက်...

ဇွန်ဘီဝေလငါးများသည် သမုဒ္ဒရာထဲသို့ ပြန်သွားကြပြီး၊ မြို့ကြီး အများအပြားမှာ အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ စွမ်းရည်မြှင့်လူသားများ၏ တည်ရှိမှုကို လူအများစုက သိရှိလာကြပြီး၊ နိုင်ငံအသီးသီးနှင့် သူဌေးကြီးများသည် လူအင်အား၊ ငွေအင်အား အမြောက်အမြားကို အသုံးပြုကာ ထိခိုက်မှု နည်းပါးသော မြို့များမှ ဇွန်ဘီများကို ရှင်းလင်းထုတ်ပယ်ပြီး 'ရှင်သန်ရေးဇုန်များ' ကို တည်ဆောက်ခဲ့ကြကာ၊ မြို့ရိုးများကို ဆက်တိုက် မြှင့်တင်၊ ထူထပ်စေခဲ့ကြသည်။

လူများသည် ဆွေမျိုးများ ဆုံးရှုံးရသည့် နာကျင်မှုကို မြိုသိပ်ကာ အိမ်ရာများကို ပြန်လည် တည်ဆောက်ခဲ့ကြသည်။

ရှင်သန်ရေးဇုန်တိုင်းသည် ကိုယ်ပိုင် ကယ်ဆယ်ရေး တပ်ဖွဲ့များကို ဖွဲ့စည်းကာ၊ ဇုန်ပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို ရှင်းလင်းခြင်းနှင့် အနီးနားရှိ ဒေသများသို့ သွားရောက် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်စေခဲ့သည်။

ယခင်က နိုင်ငံတိုင်းသည် လူဦးရေ များပြားလွန်းသဖြင့် အရင်းအမြစ်များ ရှားပါးလာသည်ဟု ညည်းညူခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ 'လူဦးရေ' သည် အရေးကြီးဆုံးသော အရင်းအမြစ် ဖြစ်လာခဲ့သည်။

လူဦးရေ ဆိုသည်မှာ အင်အားကို ဆိုလိုပြီး၊ လူများလေလေ ဇွန်ဘီများကို ပိုမို ရှင်းလင်းနိုင်လေလေ၊ ရှင်သန်ရေးဇုန်၏ တည်ဆောက်ရေး စနစ်ကို ပိုမို ပြည့်စုံအောင် လုပ်နိုင်လေလေ၊ ဇုန်ကို ပိုမို ကြီးထွားလာစေလေလေ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ လူများသည် စွမ်းရည်မြှင့်လူသားများကို သတိပြုမိလာပြီး တစ်သီးပုဂ္ဂလ စွမ်းအားများကို သိရှိလာကြသည်။

စွမ်းရည်မြှင့်လူသားများသည် ရှင်သန်ရေးဇုန်တိုင်းက လိုလားတောင့်တသော လူစွမ်းအား အရင်းအမြစ်များ ဖြစ်လာကြသည်။ ဇုန်များက အမျိုးသမီးများ၊ အစားအသောက်များ၊ အာဏာများ... အစရှိသည့် အကျိုးအမြတ် အမျိုးမျိုးကို ပေးအပ်ကာ စွမ်းရည်မြှင့်လူသားများကို စည်းရုံးရန် ကြိုးပမ်းလာကြသည်။

ရှင်သန်ရေးဇုန်များ အားလုံးက အလိုချင်ဆုံး စွမ်းရည်မြှင့်လူသားများမှာ... သူတို့၏ အနောက်တွင် မျှော်စင်ကိုင်ထားသော တစ္ဆေကြီး အမြဲတမ်း ပျံဝဲနေလေ့ရှိသည့် လော့ယင် မောင်နှမပင် ဖြစ်တော့သည်။

***

wunzinnosp

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 128

အခန်း ၁၂၈ ။ လော့မိသားစု၏ ဘိုးဘွားကြီး ကိုယ်ထင်ပြခြင်း

ယခုအချိန်တွင် ရှင်သန်ရေးဇုန်များသည် သူတို့၏ ဇုန်များအတွက် အဓိပ္ပာယ်ပြည့်ဝသော နာမည်များပေးရန် အားတက်သရော စဉ်းစားနေကြသည်။ ဥပမာ - ဖူလင် (ကံကောင်းခြင်းများ ရောက်ရှိလာခြင်း)၊ ယုံကု (ထာဝရ ခိုင်မြဲခြင်း)၊ ရွှမ်ရှီး (နှစ်ထပ်ကွမ်း ဝမ်းသာခြင်း)၊ ရှင်းရှန်း (ပြန်လည်မွေးဖွားခြင်း) စသည်ဖြင့် ဖြစ်သည်။

သို့သော် ဇွန်ဘီများအတွက်တော့ ထိုရှင်သန်ရေးဇုန်များက ဘာနာမည်ပဲဖြစ်နေဖြစ်နေ အရေးမကြီးပေ။ ယခင်ဘဝကဆိုလျှင် ဤ ဇုန်ပေါင်း ဆယ်ဂဏန်းခန့်သည် ဇွန်ဘီအုပ်စုကြီးများ၊ လူသားများ၏ ပဋိပက္ခများ စသည့် အကြောင်းအမျိုးမျိုးကြောင့် တစ်ခုပြီးတစ်ခု ပြိုလဲသွားခဲ့ရသည်။ နောက်ဆုံးတွင် မည်သူကမျှ ဇုန်များကို နာမည်မပေးချင်တော့ဘဲ အသုံးမဝင်ဟု ယူဆကာ ဇုန် ၁ ၊ ဇုန် ၂ ဟုသာ ရိုးရိုးရှင်းရှင်း ခေါ်ဆိုခဲ့ကြသည်။

ဖူလင်ဇုန်ရှိ အရက်ဆိုင်ငယ်လေးတစ်ခုတွင်... မှိန်ပျပျ မီးချောင်းများက လှုပ်ခါနေပြီး၊ အရက်သမားများစွာသည် ဤနေရာတွင် စိတ်ခံစားချက်များကို ဖွင့်ထုတ်ကာ သူတို့၏ စွန့်စားခန်းများကို အသံကျယ်ကျယ်ဖြင့် ကြွားဝါ ပြောဆိုနေကြသည်။

"မင်းတို့ သိကြလား... လော့ယင်ကြီး အဆင့်တက်သွားပြီတဲ့။" မျက်လုံးစူးစူး၊ ကြွက်မွှေးကဲ့သို့ နှုတ်ခမ်းမွှေးပါရှိသော လူတစ်ယောက်က အရည်အသွေးနိမ့် အရက်ဖြူ တစ်ခွက်ကို မော့သောက်ရင်း ဘေးလူများကို လော့ယင်အကြောင်း စတင် ပြောပြနေသည်။

"ဘယ်လို ဖြစ်တာလဲ ပြောပြပါဦး။" တစ်စုံတစ်ယောက်က စိတ်ဝင်စားသွားသည်။ အရက်သမားများသည် လော့ယင်၏ နာမည်ကို ကြားသည်နှင့် ထိုလူ့အနားသို့ ဝိုင်းအုံလာပြီး နောက်ဆက်တွဲ စကားများကို စောင့်မျှော်နေကြသည်။

ယခုအခါ လော့ယင်သည် ကမ္ဘာပျက်ခေတ်တွင် အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည်။ စွမ်းရည်မြှင့်လူသား စနစ်ကို စတင် မျိုးစေ့ချပေးခဲ့သူဖြစ်ပြီး၊ ဇွန်ဘီများနှင့် စွမ်းရည်မြှင့်လူသားများ၏ အဆင့်များကို သတ်မှတ်ပေးကာ၊ လက်ရှိ နည်းပညာနှင့် အဆင့် ၄ ဇွန်ဘီများကြားရှိ ကွာဟချက်ကို လူသားများကို သိရှိစေခဲ့သူ ဖြစ်သည်။

အကယ်၍ သူကသာ စွမ်းရည်မြှင့်လူသား စနစ်ကို မဖော်ထုတ်ခဲ့လျှင်၊ ပံ့ပိုးမှုအမှတ်များကို ငွေကြေးအသစ်အဖြစ် အသုံးပြုရန် အကြံမပြုခဲ့လျှင်... ရှင်သန်ရေးဇုန်များကို မည်သည့်အချိန်မှ တည်ဆောက်နိုင်မည်နည်းဆိုသည်ကို မသိနိုင်ပေ။

လူများသည် နေ့ခင်းဘက်တွင် အပျက်အစီးများကြား၌ အသက်စွန့်ကာ ပစ္စည်းများ လိုက်ရှာကြပြီး၊ ညဘက် အားလပ်ချိန်များတွင် အတင်းအဖျင်းများ ပြောဆိုရသည်ကို နှစ်သက်ကြသည်။ လော့ယင်၏ အတင်းအဖျင်းများကတော့ အပြောခံရဆုံးပင် ဖြစ်သည်။

သို့သော် လော့ယင်သည် မြို့ပျက်များကြားတွင် လှည့်လည်ကာ ဇွန်ဘီများကို သတ်ဖြတ်ခြင်း၊ ဦးနှောက်အမြုတေများကို စုဆောင်းခြင်း၊ အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ခြင်းများကိုသာ အမြဲတမ်း ပြုလုပ်နေပြီး၊ ရိက္ခာဖြည့်တင်းရန်အတွက် ရှင်သန်ရေးဇုန်များသို့ လာရောက်လေ့ မရှိပေ။ ထို့ကြောင့် လူများသည် လော့ယင်၏အခြေအနေကို သိပ်မသိကြဘဲ၊ သူ့အကြောင်း သတင်းအများစုကို အသက်ရှင်ကျန်ရစ်သူများ၏ ပြောစကားမှတစ်ဆင့်သာ သိရှိကြရသည်။

ဤသည်မှာ နားလည်ရန် ခက်ခဲသော ကိစ္စဖြစ်သည်။ မည်သူကများ ရိက္ခာဖြည့်တင်းရန် ရှင်သန်ရေးဇုန်များသို့ မလာဘဲ နေနိုင်မည်နည်း။ တခြားအရာတွေကို မပြောဘဲ သောက်ရေ ပြဿနာ တစ်ခုတည်းကိုသာ ကြည့်လျှင်ပင်... ဇုန်များတွင် ရေသန့်စင်စက်များ ရှိသဖြင့် သောက်ရေ လုံလောက်စွာ ရရှိနိုင်သည်။ လော့ယင်က ဇုန်များဆီ မလာဘဲနဲ့ ရေသန့်တွေကို ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ။

ကြွက်မွှေး နှုတ်ခမ်းမွှေးနှင့် လူက ပြုံးလိုက်သော်လည်း ဘာမှ ဆက်မပြောဘဲ နေလိုက်ရာ၊ အရက်သမားများက အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားပြီး အော်ပြောလိုက်ကြသည် - "သူဌေး! ဒီအစ်ကိုကြီးရဲ့ အရက်ဖိုးကို ကျွန်တော် ရှင်းမယ်!"

"ဒီအစ်ကိုကြီးကို ရေသန့် တစ်ပုဒ်၊ သိပ်သည်းဘီစကစ် တစ်ပွဲနဲ့ စမုန်ဖြူစေ့ တစ်ပွဲ ထပ်ချပေးလိုက်!"

ယခုခေတ်တွင် အခမဲ့ သတင်းအချက်အလက်ဆိုသည်မှာ မရှိတော့ပေ။

ကြွက်မွှေးနှင့် လူက ခေါင်းညိတ်ပြပြီးမှ စကားဆက်ပြောသည်။

"ဒီနေ့ ငါတို့အဖွဲ့ ချီယွိမြို့ကို သွားပြီး ပစ္စည်းရှာကြတယ်။ အီလက်ထရောနစ် ပစ္စည်းလေးတွေ ရှာဖို့အတွက် လူစုခွဲလိုက်ကြတာ။ ဘယ်သူထင်မှာလဲ... ငါက လော့ယင်နဲ့ လော့ကျူ မောင်နှမ နှစ်ယောက်ကို သွားဆုံနေတာပဲ! ပြီးတော့ သူတို့နောက်က ပျံဝဲနေတဲ့ ရှေးဟောင်းအဝတ်အစားနဲ့ တစ္ဆေကြီးကိုပါ တွေ့ခဲ့ရတယ်။"

"ချီယွိမြို့?! အဲ့ဒီမှာ အဆင့် ၂ ဇွန်ဘီ တွေ အများကြီး အသိုက်ဖွဲ့နေတယ်လို့ ကြားထားတယ်လေ။ မင်း တော်တော် သတ္တိကောင်းတာပဲ၊ အဲ့ဒီလို နေရာမျိုးကို သွားရဲတယ်!"

ကြွက်မွှေးနှင့် လူသည် စမုန်ဖြူစေ့၏ အခွံနှင့် အစေ့ကို ခွဲကာ၊ အခွံကို အရင်စားပြီးမှ အစေ့ကို စားလိုက်သည်။ ထို့နောက် အရက်ဖြူ တစ်ငုံကို သောက်လိုက်ပြီးမှ ခါးသက်စွာ ပြုံးလျက် ပြန်ဖြေသည် - "အဲ့ဒီမှာ ပစ္စည်းတွေ အများဆုံး ရှိနေတာကိုး။ အန္တရာယ် များသလို အကျိုးအမြတ်လည်း များတယ်လေ။"

"အဲ့ဒီ လူကြီးမင်း နှစ်ယောက်က တကယ်ပဲ ကောလာဟလတွေထဲကလို မျက်စိမှာ X-ray တွေ ရှိနေသလား မှတ်ရတယ်။ အမှောင်ထဲမှာ ပုန်းနေတဲ့ ဘယ်ဇွန်ဘီမှ သူတို့ရဲ့ ဓားချက်ကနေ မလွတ်နိုင်ဘူး။"

"ငါက အမြင့်ကနေ ကြည့်နေတာဆိုတော့၊ ဘေးမှာ ပုန်းနေတဲ့ အဆင့် ၂ ဇွန်ဘီ နှစ်ကောင်ကို တွေ့လိုက်တယ်။ သီအိုရီအရတော့ အဲ့ဒီလူကြီးမင်း နှစ်ယောက် သူတို့ကို မြင်နိုင်စရာ အကြောင်းမရှိဘူး။ ငါ သတိပေးဖို့ လုပ်နေတုန်းမှာပဲ... သူတို့က ဇွန်ဘီတွေကို အစောကြီးကတည်းက မြင်နေတဲ့အတိုင်းပဲ၊ ချက်ချင်း ပြေးဝင်သွားပြီး အဲ့ဒီ အဆင့် ၂ ဇွန်ဘီ နှစ်ကောင်ကို သတ်ပစ်လိုက်ကြတယ်။"

တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်သည် - "ဒါ အဆင့် ၂ ဇွန်ဘီတွေနော်! လော့ယင်နဲ့ လော့ကျူ လူကြီးမင်း နှစ်ယောက်က အဆင့် ၁ပဲ ရှိသေးတာ မဟုတ်ဘူးလား!"

စွမ်းရည်မြှင့်လူသား စနစ် ပေါ်ပေါက်လာသည်မှာ ၃ လခန့် ရှိပြီဖြစ်သော်လည်း၊ အဆင့် ၂သို့ ရောက်ရှိသွားသော လူသား တစ်ယောက်မှ မရှိသေးပေ။ လူသားများသည် ဦးနှောက်အမြုတေ တစ်ခုကို စုပ်ယူပြီးတိုင်း၊ ခန္ဓာကိုယ်က စွမ်းအင်များကို အပြည့်အဝ စုပ်ယူနိုင်ရန် 'အအေးခံချိန်' တစ်ခုကို ဖြတ်ကျော်ရသည်။ ထိုအချိန် ကျော်လွန်မှသာ နောက်ထပ် ဦးနှောက်အမြုတေကို ထပ်မံ စုပ်ယူနိုင်မည် ဖြစ်သည်။

လော့ယင်ကလည်း အအေးခံချိန်ကို လစ်လျူမရှုကြရန် စွမ်းရည်မြှင့်လူသားများကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း၊ အချို့သော မာနကြီးသည့် စွမ်းရည်မြှင့်လူသားများကမူ လော့ယင်၏ အောင်မြင်မှုကို ကံကောင်းခြင်းသက်သက်ဟု ယူဆကာ သူ၏ စကားကို နားမထောင်ဘဲ ဦးနှောက်အမြုတေများကို ဆက်တိုက် စုပ်ယူခဲ့ကြသဖြင့် နောက်ဆုံးတွင် ခန္ဓာကိုယ် ပေါက်ကွဲသေဆုံးသွားခဲ့ကြသည်။

လူသားများက စွမ်းအင်ကို ခန္ဓာကိုယ်ဖြင့် စုပ်ယူကြသော်လည်း၊ ဇွန်ဘီများကမူ ဦးနှောက်အမြုတေဖြင့် စုပ်ယူကြသဖြင့် ဇွန်ဘီများအတွက် 'အအေးခံချိန်' ဆိုသည်မှာ မရှိပေ။ ထို့ကြောင့် အဆင့် ၂ စွမ်းရည်မြှင့်လူသားများ မပေါ်ပေါက်လာသေးသော်လည်း၊ အဆင့် ၂ ဇွန်ဘီများကတော့ ပေါ်ပေါက်နေပြီ ဖြစ်သည်။

ကံကောင်းသည်မှာ အဆင့် ၂ ဇွန်ဘီများသည် ရှင်သန်ရေးဇုန်များ၏ ကာကွယ်ရေး စည်းမျဉ်းများကို မဖောက်ထွင်းနိုင်သေးခြင်းပင်။

"ဒါကြောင့်မို့လို့ သူတို့ကို လူကြီးမင်းတွေလို့ ခေါ်တာပေါ့။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စွမ်းရည်မြှင့်လူသားတွေချည်းပဲပါတဲ့ လူ ၈ ယောက် အဖွဲ့တစ်ဖွဲ့က အဆင့် ၂ ဇွန်ဘီ တစ်ကောင်နဲ့ တွေ့သွားတာ... နောက်ဆုံးတော့ ၂ ယောက်ပဲ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်။ ကျန်တဲ့ ၆ ယောက်ကတော့ အစားခံရရင် ခံရ၊ မခံရရင် ဇွန်ဘီ ဖြစ်သွားကြတာပဲ။"

"ဒါပေမဲ့ ဒီ လူကြီးမင်း နှစ်ယောက်ကတော့ အဆင့် ၂ ဇွန်ဘီ နှစ်ကောင်ကို အလွယ်တကူ ရှင်းပစ်လိုက်နိုင်တယ်။"

"အခု အဆင့် ၁ မဟုတ်တော့ဘူး။" ကြွက်မွှေးနှင့် လူက သူ၏ ထောက်လှမ်းရေးစက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည် - "သူတို့က အဲ့ဒီ အဆင့် ၂ ဦးနှောက်အမြုတေ နှစ်ခုကို စုပ်ယူလိုက်ပြီး၊ အဆင့် ၂ စွမ်းရည်မြှင့်လူသားတွေ ဖြစ်သွားကြတာကို ငါ ကိုယ်တိုင် မြင်ခဲ့ရတယ်။"

ထောက်လှမ်းရေးစက်သည် ဇွန်ဘီများနှင့် စွမ်းရည်မြှင့်လူသားများ၏ အဆင့်ကို အကြမ်းဖျင်း ခန့်မှန်းပေးနိုင်ပြီး ကယ်ဆယ်ရေး တပ်ဖွဲ့များ၏ အခြေခံ စံချိန်မီ ပစ္စည်းတစ်ခု ဖြစ်သည်။

လူတိုင်း သက်ပြင်းချလိုက်မိကြသည်။ တိုက်ခိုက်ရေးစွမ်းရည် ကွာခြားချက်က အရမ်း ကြီးမားလွန်းလှသည်။ လော့ယင် မောင်နှမ၏ အဆင့် ၁ စွမ်းရည်မြှင့်လူသား ဆိုသည်မှာ အများပြည်သူ နားလည်ထားသော အဆင့် ၁ စွမ်းရည်မြှင့်လူသားနှင့် လုံးဝ မတူညီသည့် သဘောတရား ဖြစ်နေသည်။

စွမ်းရည်မြှင့်လူသား အများအပြားမှာ အကွာအဝေး ဝေးကွာလွန်းသဖြင့် တိုက်ရိုက် ယှဉ်ပြိုင်တိုက်ခိုက်၍ မရနိုင်သောကြောင့် မည်သူက အသာစီးရသည်ကို ခန့်မှန်းရန် ခက်ခဲသော်လည်း၊ လော့ယင်နှင့် လော့ကျူတို့မှာမူ အငြင်းပွားဖွယ်မရှိ လူသားများထဲတွင် နံပါတ် ၁ နှင့် နံပါတ် ၂ နေရာများကို အသီးသီး ရယူထားကြသည်။ အငြင်းပွားစရာ ရှိသည်ဆိုလျှင်လည်း ဘယ်သူက နံပါတ် ၁ လဲ ဆိုသည်သာ ဖြစ်သည်။

လက်ရှိ အခြေအနေအရဆိုလျှင် လော့ယင်ကို နံပါတ် ၁ အဖြစ် ထောက်ခံသူက ပိုများသည်။ အဘယ်ကြောင့်ဆိုသော် လော့ယင်၏ နာမည်ဂုဏ်သတင်းမှာ ပိုမို ကြီးမားသောကြောင့် ဖြစ်သည်။ လွန်ခဲ့သော ၃ လက သူသည် ပထမဆုံး စွမ်းရည်မြှင့်လူသား ဖြစ်လာခဲ့ပြီး၊ ပထမဆုံး စွမ်းရည်မြှင့်လူသား အုပ်စုကိုလည်း ဖန်တီးပေးခဲ့သည်။ ယခုအခါ ရှင်သန်ရေးဇုန်များတွင် သူ့အကူအညီကို ရရှိခဲ့ဖူးသော စွမ်းရည်မြှင့်လူသားများ အများအပြား ရှိနေပြီး၊ သူသာ ဆန္ဒရှိပါက လူအများအပြားက ထောက်ခံပေးမည်ဖြစ်ကာ ဇုန်များ၏ အုပ်ချုပ်ရေးပိုင်းကိုပင် အလွယ်တကူ ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။

လော့ယင်က အရမ်းတောက်ပလွန်းနေသဖြင့်၊ လော့ကျူမှာမူ သိပ်ပြီး သတိမထားမိလောက်အောင် ဖြစ်နေသည်။ လူတိုင်းက ထိုချစ်စရာကောင်းသော ကောင်မလေးကို 'လော့ယင်၏ နောက်လိုက်' ဟုသာ မှတ်ယူထားကြသည်။

လော့ကျူသည် အစ်ကိုဖြစ်သူ၏အနားတွင် အမြဲရှိနေပြီး ကာလကြာရှည်စွာ လမ်းညွှန်မှုများ ရရှိခဲ့သောကြောင့်သာ ဤမျှ သန်မာလာခြင်းဖြစ်ကာ၊ လော့ယင်လောက်တော့ သေချာပေါက် မသန်မာနိုင်ဘူးဟု ယူဆထားကြသည်။

"ဒါနဲ့ လော့မိသားစုမောင်နှမနောက်က လိုက်နေတဲ့ တစ္ဆေကြီးက တကယ်တမ်း ဘာကြီးလဲ။ ကမ္ဘာမပျက်ခင်ကတည်းက သူတို့နောက်ကို လိုက်နေတာလို့ ကြားဖူးတယ်။"

ဇွန်ဘီဗိုင်းရပ်စ်များနှင့် စွမ်းရည်မြှင့်လူသားများကို သိပ္ပံနည်းကျ ရှင်းပြ၍ ရနိုင်သေးသော်လည်း၊ ကျန်းလီ၏ တည်ရှိမှုကတော့ လုံးဝ 'နတ်ဝိဇ္ဇာ' နယ်ပယ်ထဲသို့ ရောက်ရှိနေပြီး ရှင်သန်ရေးဇုန်တိုင်းက ရှင်းပြ၍ မရနိုင်အောင် ဖြစ်နေကြသည်။

"ငါ ကြည့်ရတာတော့ အဲ့ဒီ တစ္ဆေကြီးက လက်တစ်ဖက်က မျှော်စင်ကို ကိုင်ထားပြီး ရှေးဟောင်းအဝတ်အစားတွေ ဝတ်ထားတာဆိုတော့၊ လော့မိသားစုရဲ့ ဘိုးဘေးကြီး ကိုယ်ထင်ပြတာဖြစ်ဖို့ များတယ်။"

"အဓိပ္ပာယ် ရှိသားပဲ။"

လက်ရှိ အသိပညာများဖြင့် ရှင်းပြ၍ မရနိုင်သဖြင့်၊ လူတိုင်းက ဤယုတ္တိမရှိသော 'နတ်ဝိဇ္ဇာ' ဆန်ဆန် ရှင်းပြချက်ကိုပင် လက်ခံလိုက်ကြတော့သည်။

...

ချီယွိမြို့တွင်၊ လော့မိသားစု၏ ဘိုးဘွားကြီးအဖြစ် သတ်မှတ်ခံလိုက်ရမှန်း လုံးဝ မသိသေးသော ကျန်းလီသည် လော့ကျူကို ချီးကျူးနေသည်။

"မဆိုးဘူး... အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီပဲ။"

လော့ကျူသည် ကျောက်တုံးပုံပေါ်တွင် အေးအေးဆေးဆေး ထိုင်နေပြီး၊ သူမ၏ ပေါင်ပေါ်ရှိ ဓားမြှောင်မှ သွေးကွက်များကို ညင်သာစွာ သုတ်သင်နေသည်။ လရောင် ကျဆင်းလာသောအခါ သူမ၏ အသားအရေမှာ တောက်ပနေသည့်အလား အိပ်မက်တစ်ခုကဲ့သို့ လှပနေပြီး၊ ဤကမ္ဘာပျက်ကြီးထဲတွင် တွေ့ရခဲသော ရှုခင်းလေးတစ်ခု ဖြစ်နေသည်။

သူမက အသာအယာ ပြုံးလိုက်သော်လည်း ဘာမှမပြောခဲ့ပေ။

ဗြဟ္မာမျှော်စင်က ဘေးမှနေ၍ လော့ယင်ကို နှစ်သိမ့်ပေးနေသည် - "အရမ်း စိတ်မပျက်ပါနဲ့၊ ၃ လအတွင်းမှာ ချီသန့်စင်ခြင်း အဆင့် ၉ ကို ရောက်လာတာ မင်း တော်တော် ကြိုးစားခဲ့လို့ပါ။"

လော့ယင် စိတ်ထဲမှ တွေးလိုက်သည်... ငါ စိတ်မပျက်ပါဘူး၊ မင်းက ဘာလို့ လာပြီး နှစ်သိမ့်ပေးနေတာလဲ။

ယခုအခါ လော့ယင်သည် စနစ်နှစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အဆင့် ၂ စွမ်းရည်မြှင့်လူသားလည်း ဖြစ်သလို၊ ချီသန့်စင်ခြင်း အဆင့် ၉ ရှိသော ကျင့်ကြံသူလည်းဖြစ်သည်။

လော့ကျူသည်လည်း ထိုနည်းတူပင် ဖြစ်သော်လည်း အစ်ကိုဖြစ်သူထက် ပို၍ သန်မာသည်။ အဆင့် ၂ စွမ်းရည်မြှင့်လူသားနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

မောင်နှမ နှစ်ယောက် ပူးပေါင်းလိုက်ပါက အဆင့် ၃ ဇွန်ဘီများကိုပင် ရင်ဆိုင်တိုက်ခိုက်ရဲကြသည်။ သို့သော် အုပ်စုလိုက် လာတတ်သော အဆင့် ၄ ဇွန်ဘီဝေလငါးများကို အနိုင်ယူရန်မူ အလှမ်းဝေးနေသေးသည်။

***

All Chapters