တိုက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း
Vol. 25 Ch. 338
မီးတောက်မျောက်ဝံသည် စုမင်နောက်မှ လိုက်ပါလာ၏။
၎င်းရွေ့လျားလာသည်နှင့် အမျှ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒါဇင်ပေါင်းများစွာသော ဦးခေါင်းများသည်လည်း စတင်လွင့်မျောလာကြပြီး မယုံနိုင်လောက်အောင်ပင် သန်မာသော သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ဧရိယာအား ဝန်းရံထားချေသည်။ ထိုအရာများကြောင့် မီးတောက်မျောက်ဝံ၏ ပုံစံမှာ ငရဲမှ လျှောက်ထွက်လာသည်ကဲ့သို့ ဖြစ်နေပြီး မြင်လိုက်ရသူတိုင်းအား ကြောက်လန့်သွားစေနိုင်သည်။
လူတစ်ဦးနှင့် မျောက်ဝံတစ်ကောင်တို့မှာ ကောင်းကင်မြူခိုးမြို့တော်ဆီသို့ ဦးတည်ခဲ့ကြသည်။ သူတို့နီးကပ်လာသည်နှင့်အမျှ သူတို့နားထဲသို့ ဝင်ရောက်လာနေသော တိုက်ပွဲသံများသည်လည်း ပို၍ ရှင်းလင်းပြတ်သားလာခဲ့သည်။ စုမင် မျက်နှာထားက ပိုမို၍ လေးနက်တင်းမာလာသည်။ လူသိန်းပေါင်းများစွာ အချင်းချင်း တိုက်ခိုက်၊ သတ်ဖြတ်နေကြခြင်းကို မြင်ရ၊ ကြားရခြင်းမှ ယူဆောင်လာသည့် ထိတ်လန့်တုန်လှုပ်မှုသည် လူတစ်ဦး၏ စိတ်ကို ပြိုလဲသွားစေနိုင်ပြီး အကြောက်တရားအား အရှုံးပေး၊ အညံ့ခံသွားနိုင်သည်။ သို့တည်းမဟုတ် ထိုလူ့ထံတွင် ထိန်းချုပ်မရနိုင်သည့် စိုးရိမ်ကြောင့်ကြပူပန်မှုများ ဖြစ်ပေါ်လာနိုင်သည်။
စုမင်သည် ပထမတစ်မျိုးထဲတွင် ပါဝင်သလို၊ ဒုတိယတစ်မျိုးထဲတွင်လည်း ပါဝင်ပေသည်။
သူသည် ထိတ်လန့်ကြောက်ရွံ့ခဲ့သော်လည်း သူ၏ တိုက်ခိုက်လိုသော စိတ်ဆန္ဒက သူ့အကြောက်တရားထက် သာလွန်သွားခဲ့သည်။ သူသည် တောင်ပိုင်းအရုဏ်ဦးကုန်းမြေအတွင်းရှိ မာန်စွမ်းအားရှင်များအတွက် တိုက်ခိုက်နေခြင်း မဟုတ်သလို၊ ကောင်းကင်မြူခိုး အတွက်လည်း မဟုတ်ပါချေ။ အေးခဲကောင်းကင်ကလန် အတွက်ဆိုရင်ကား ပိုမို၍ပင် မဖြစ်နိုင်သေး၏။
သူသည် နဝမတောင်ထွတ် အတွက်၊ သူ့အိမ် အပြန်လမ်းအတွက်၊ သူ ပိုမိုသန်မာလာစေရန် အတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူ့အတွက်သူ... တိုက်ခိုက်နေခြင်း ဖြစ်သည်။
စုမင် ပိုမို နီးကပ်လာခဲ့ပြီး သူ့နားထဲတွင် ကြားနေရသော ကောင်းကင်မြူခိုး မြို့တော်အပြင်မှ တိုက်ပွဲသံများသည်လည်း ပိုမို ရှင်းလင်းလာခဲ့ရင်း စုမင်နှင့် သူ့အနောက်မှ မီးတောက်မျောက်ဝံတို့သည် ကောင်းကင်မြူခိုး မြို့တော်ထံ ရောက်ရှိလာခဲ့ကြချေပြီ။ သူတို့အရှေ့တွင်တော့ လှပသော လှေကားတစ်စင်းသည် ကြီးကျယ်ခမ်းနားသော မြို့တော်၏အောက်တွင် တည်ရှိနေသည်။ ထိုလှေကားအား မြို့ရိုးနံရံများတွင် ထိုးထောင်တည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်းတို့အပေါ်တွင် လူများအား လျှောက်လှမ်းခွင့် ပြုထားလေသည်။
မာန်စွမ်းအားရှင် အဖွဲ့တစ်ဖွဲ့သည်လည်း လေထဲတွင် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ လွင့်မျောနေကြပြီး မြို့ကို ကာကွယ်နေကြသည်။
စုမင်နှင့် မီးတောက်မျောက်ဝံ၏ ရောက်ရှိလာမှုသည် ကောင်းကင်မြူခိုးမြို့တော်ရှိ လူများ၊ အထူးသဖြင့် မြို့တော်အား ကာကွယ်ရန် တိုက်ခိုက်နေကြသော လေထဲရှိ လူများထံမှ အာရုံစိုက်မှုအချို့ကို ဆွဲဆောင်နိုင်ခဲ့သည်။
သူတို့သည် ကောင်းကင်မြူခိုး မြို့တော်မှ လူများဖြစ်သည်။ သူတို့သည် စစ်ပွဲအတွင်း တိုက်ခိုက်နေကြချိန် မဟုတ်သောအခါ သူတို့၏တာဝန်က မြို့၏လုံခြုံမှုကို သေချာစေရန်ဖြစ်သည်။ သူတို့အထဲမှ အတော်များများသည် စစ်မြေပြင်သို့ တိုက်ခိုက်ပြီး ပြန်လာကြခြင်းဖြစ်သော်လည်း သူတို့တာဝန်များကို အပြည့်အဝ ထမ်းဆောင်နေကြဆဲ ဖြစ်သည်။
စုမင် နီးကပ်လာသောအခါ စစ်ပွဲနှင့် အသားကျနေပုံရသော တည်ငြိမ်သော အမူအရာနှင့် အစောင့်အချို့သည် သူ၏ ချဉ်းကပ်လာမှုကို လှည့်ကြည့်လာကြသည်...
"သူ့ကို ရပ်ခိုင်းလိုက်၊ ပြီးတော့ ဘယ်မျိုးနွယ်စုက လာတာလဲဆိုတာ သေချာသိအောင်လုပ်။ ငါတို့က အခု စစ်ပွဲထဲရောက်နေတာ။ ငါတို့နယ်မြေထဲကို ဘယ်သူမှ ငါတို့နောက်ကနေ ကျူးကျော်ခွင့် မပြုနိုင်ဘူး" ထိုလူများထဲတွင် ပိုမိုမြင့်မားသော အာဏာရှိပုံရသူတစ်ဦးမှ အေးစက်စက် အမိန့်ပေးသည်။
ထိုသူ၏ စကားဆုံးသည်နှင့် အစောင့်နှစ်ယောက်သည် ချက်ချင်းပင် လက်သီးလက်ဝါးထပ်ကာ နာခံကြောင်း အသံပြုလိုက်ကြ၏။ ထို့နောက် ၎င်းတို့သည် အလင်းတန်းရှည်များအဖြစ် ပြောင်းလျက် စုမင်ထံ ဦးတည်လာကြသည်။
"လူစိမ်း ရပ်လိုက်၊ ငါတို့ကို မင်းဘယ်မျိုးနွယ်စုကလဲ ဆိုတာပြော"
အစောင့်နှစ်ဦးသည် မြို့ရိုးအပြင်ဘက်ရှိ ကောင်းကင်မြူခိုးမြို့တော်၏ အစိတ်အပိုင်းသို့ ဦးတည်ပျံသန်းလာခဲ့ကြပြီးသည်နှင့် သူတို့အထဲမှ တစ်ဦးသည် ဝင်ရောက်လာနေသော စုမင်အား အေးစက်စက်အသံဖြင့် ပြောလာခဲ့သည်။
စုမင်သည်လည်း ထိုလူနှစ်ဦးကို တွေ့မြင်ခဲ့ပေသည်။ ထိုသူများအနောက်တွင် ခမ်းနားထည်ဝါသော ကောင်းကင်မြူခိုး မြို့တော်ရှိသည်။ နားအူဖွယ်တိုက်ပွဲသံများသည်လည်း လေထဲသို့ တဖြည်းဖြည်း ပေါင်းစပ် ပျောက်ကွယ်နေသည်။ ထိုလူနှစ်ဦးနှင့် ပေရာပေါင်းများစွာ အဝေးသို့ ရောက်သောအခါ စုမင် ရပ်တန့်လိုက်ပြီး ထိုလူများအား လက်သီးလက်ဝါးဆုပ်လျက် နှုတ်ဆက်လိုက်သည်။
"ကျုပ်က အေးခဲကောင်းကင်ကလန်က စုမင်ပါ"
အစောင့်နှစ်ဦးသည် စုမင်စကားများကို ကြားသောအခါ သူ့အား တစ်ချက်စိုက်ကြည့်လာခဲ့သည်။ ထို့နောက် ယခင်က စကားပြောခဲ့သူထံမှ အေးစက်စက် လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ရယ်စရာပဲ။ အေးခဲကောင်းကင်ကလန်ကဖြင့် ရောက်နေတာ လဝက်လောက်ရှိပြီ။ အကယ်၍ မင်းသာ တကယ် အေးခဲကောင်းကင်ကလန်ကဆိုရင် ဘာလို့ သူတို့နဲ့အတူ မလာတာလဲ"
"ကျုပ်က လမ်းမှာ တစ်စုံတစ်ရာကြောင့် ကြန့်ကြာသွားတာ။ အဲဒါကြောင့်..." စုမင် ရှင်းပြရန် ပြင်လိုက်သော်လည်း ယခင်က ပထမဆုံးပြောခဲ့သော ကောင်းကင်မြူခိုးအစောင့်၏ ကြားဖြတ်ခံလိုက်ရသည်။
"မင်းရဲ့ ရှင်းပြချက်တွေကို မလိုချင်ဘူး။ မင်းဘယ်က လာတယ်ဆိုတာလည်း ငါဂရုမစိုက်ဘူး။ အခုအချိန်မှာ မာန်စွမ်းအားရှင်တွေနဲ့ ရှာမန်တွေက စစ်ဖြစ်နေတာ။ လူစိမ်းတွေကို မြို့ထဲလာခွင့် မပြုနိုင်ဘူး။ မြန်မြန်ထွက်သွား။ ဒီတိုက်ပွဲ ပြီးသွားလို့ မင်းက တကယ်ပဲ အေးခဲကောင်းကင်ကဆိုရင် မင်းရဲ့ တည်ရှိမှုတွေကို ငါအာဏာပိုင်တွေဆီ သတင်းပို့ပေးပြီး မင်းကို မြို့ထဲ ဝင်ခွင့်ပေးမယ်"
စကားပြောလိုက်သူမှာ အသက်လေးဆယ်ခန့်ရှိသည့် ယောကျ်ားတစ်ဦး ဖြစ်သည်။ ထိုသူသည် သွေးများစွန်းထင်းနေသည့် အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ အတော်အတန် ပင်ပန်းနွမ်းနယ်နေပုံ ရသော ထိုလူ့ပုံစံအရ သူသည် ယခုလေးတင် စစ်မြေပြင်မှ ပြန်လာခြင်းဖြစ်သည်မှာ ထင်ရှားလို့နေ၏။
အခြားလူသည်လည်း ထိုသူနှင့် အသက်တူတူလောက်ပင်ဖြစ်ပြီး ၎င်း၏မျက်နှာထက်တွင်လည်း ပင်ပန်းနွမ်းနယ်မှုများ ရှိနေခဲ့သည်။ သို့သော် ၎င်းမျက်လုံးများကမူ အေးစက်စက်အကြည့်တစ်ခုနှင့်အတူ စူးရှတောက်ပနေသည်။ ထိုအေးစက်စက် အကြည့်သည် စုမင်အား ရည်ရွယ်ခြင်းမဟုတ်ပဲ စစ်ပွဲကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
စုမင် တိတ်ဆိတ်ငြိမ်သက်နေပြီး အဝေးတွင်တည်ရှိသော ရှာမန်များ၏နယ်မြေဆီ လှမ်းကြည့်လိုက်မိသည်။ ထိုနေရာတွင်တော့ စစ်ပွဲသည် ကြောက်မက်ဖွယ်အမြင့်သို့ ရောက်ရှိနေခဲ့ချေပြီ။ သူတို့အကြားရှိ အကွာအဝေးနှင့်တောင် မာန်စွမ်းအားရှင်တစ်ဦးအား ရှာမန်တစ်ဦးမှ ခေါင်းဖြတ်လိုက်သည်ကို စုမင်မြင်လိုက်ရချေသည်။ ထိုလူ့ဦးခေါင်းသည် လေထဲသို့ လွင့်ပျံသွားပြီး ရှာမန်ကတော့ ဟစ်ကြွေးလျက် အရှေ့သို့ ပြေးတက်သွားခဲ့သည်။
စစ်မြေပြင်တွင် ရှာမန်များအကြား၌လည်း ဒဏ်ရာရသူများစွာ ရှိသည်။ သို့သော်လည်း သားရဲရိုင်းများအား မဖိနှိပ်နိုင်ခင် ၎င်းတို့အား ရှေ့တန်းမှတိုက်ခိုက်ရန် မာန်စွမ်းအားရှင်များစွာ လိုအပ်ပေလိမ့်မည်။ ကြီးမားသော စစ်မြေပြင်တွင် ပဲ့တင်ထပ်နေသော သားရဲများ၏ ဟိန်းဟောက်သံများကို ကြားနိုင်ချေသည်။
စုမင် တိုက်ပွဲတွင် ပူးပေါင်းပါဝင်ချင်ခဲ့သည်။ ဤနေရာရှိ သေခြင်းတရားနှင့် တွေ့ဆုံခြင်းများစွာကို ဖြတ်သန်းခြင်းမှသာလျှင် စုမင်၏ ရုပ်နယ်လွန်နယ်ပယ်မှ ရိုးရေစတေးနယ်ပယ်သို့ ချိူးဖျက်တက်ရောက်ရန် လေ့ကျင့်ခြင်းအတွက် အသင့်တော်ဆုံး ဖြစ်သည်။
သို့သော် သူ နောက်ကျသွားခဲ့သည်။ သူသည် ဤတိုက်ပွဲသို့ နောက်ကျခဲ့သူ ဖြစ်ပြီး သူ့ဇာစ်မြစ်ကိုလည်း မည်သူကမှ သက်သေပြုမပေးနိုင်ပေ။ ယခုအချိန်တွင်တော့ သူ့အတွက် စစ်ပွဲတွင် ပါဝင်နိုင်ရန် ဖြစ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ယောက်က သူ့အား မှတ်မိခဲ့သည်ဆိုလျှင်တောင် ထိုတစ်စုံတစ်ဦးသည် အေးခဲကောင်းကင်ကလန်အတွင်းရှိ မျိုးဆက်ဟောင်းမှ အစွမ်းထက် မာန်စွမ်းအားရှင်တစ်ယောက် ဖြစ်ရန်လိုအပ်သေးသည်။ အကယ်၍ အခြားလူတစ်ဦးသာ ဖြစ်ခဲ့မည်ဆိုလျှင်တော့ သူတို့စကားများမှာ လေးပင်လိမ့်မည် မဟုတ်သလို ဤစစ်ပွဲကာလအတွင်း အကျိုးသက်ရောက်မှု ကြီးကြီးမားမား မဖြစ်ပေါ်စေနိုင်ပေ။
"ဟမ်... ထွက်မသွားသေးဘူးလား" သွေးစွန်းနေသော အပြာရောင် ဝတ်ရုံရှည်ဖြင့်လူသည် မည်းမှောင်စွာ ရေရွတ်လိုက်ပြီး သူ့မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုသည့် အသိသည်လည်း မြင့်တက်လာခဲ့သည်။
အစောင့်နှစ်ဦးသည် စုမင်အား စကားပြောရန် အချိန်အလွန်ကုန်နေခဲ့သဖြင့် ကောင်းကင်မြူခိုးမြို့တော်မှ လူများသည်ပင် လှမ်းကြည့်လာကြချေပြီ။ စုမင် သက်ပြင်းချလျက် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်သည်။
သို့သော် သူဆုတ်ခွာလိုက်သည့် အချိန်မှာပင် ကောင်းကင်မြူခိုး မြို့တော်ရှိရာဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုပေါက်ကွဲသံသည် ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေပြီး ကောင်းကင်မြူခိုး မြို့တော်အထက် လေထဲတွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းသည် အစစ်အမှန်မဟုတ်သော်ငြား ပုံရိပ်ယောင်နှင့် အစစ်အမှန်ဖြစ်တည်မှုကြား အခြေအနေတွင် ရှိနေပြီး အဆက်မပြတ် တောက်ပနေသည်။
ထိုအက်ကြောင်း ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်မြူခိုး မြို့တော်အား ကာကွယ်နေကြသော အစောင့်များ၏ မျက်နှာအမူအယာက ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် အိုမင်းသော အသံတစ်သံသည်လည်း ကောင်းကင်မြူခိုး မြို့တော်အား ဖြတ်သန်းပဲ့တင်ထပ်သွားသည်။
"အဲဒါက အဆုံးသတ် ရောင်နီခွဲဖြာတစ်ယောက် ဖန်တီးလိုက်တဲ့ စိတ်ကူးမန္တာန်တစ်ခုပဲ။ သူတို့က ရှာမန်တွေရဲ့ နယ်မြေနဲ့ ချိတ်ဆက်နေတဲ့ တည်နေရာရွှေ့ပြောင်းခြင်း နေရာတစ်ခုကို ဖန်တီးနိုင်တယ်။ ဒီမန္တာန်ကို မဖျက်ဆီးနိုင်ပေမယ့် အဆုံးသတ် ရောင်နီခွဲဖြာတစ်ယောက်ကတောင် ဒီအရာကို နောက်တစ်ကြိမ် ထပ်ထုတ်ဖော်နိုင်ဖို့ နှစ်ဝက်လောက် အချိန်လိုအပ်လိမ့်မယ်"
"ငါတို့ အဲဒီ အက်ကြောင်းက လျှောက်ထွက်လာတဲ့ ရှာမန်တွေကို နိုင်လိုက်တာနဲ့ နှစ်ဝက်အတွင်း ဒီလိုတိုက်ခိုက်မှုမျိုး နောက်တစ်ကြိမ် ပေါ်လာတော့မှာ မဟုတ်ဘူး။ ညီနောင် ချီ၊ ငါ့ရဲ့ ချစ်လှစွာသော သူငယ်ချင်း ရန်၊ ညီနောင်ငယ် ကျိုး ဒါက ကျုပ် မင်းတို့ကို စစ်မြေပြင်မှာ သွားတိုက်ခိုင်းမယ့်အစား ဘာကြောင့် ဒီနေရာမှာ ခေါ်ထားရတာလဲဆိုတဲ့ အကြောင်းအရင်းပဲ"
လေထဲတွင် ထိုအိုမင်းသော အသံ ပဲ့တင်ထပ်နေစဉ်မှာပင် ကောင်းကင်မြူခိုး မြို့တော်ထံမှ လူလေးဦး လျှောက်ထွက်လာခဲ့သည်။ ထိုလူလေးဦးထဲမှ သုံးဦးသည် အဖြူရောင်ဆံပင်နှင့် အဘိုးအိုများ ဖြစ်ကြပြီး အခြားတစ်ဦးမှာ အနက်ရောင်ဝတ်ရုံရှည်နှင့် သက်လတ်ပိုင်းလူဖြစ်သည်။ လူလေးဦး လျှောက်လှမ်းထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ဖိအားတစ်ရပ်သည်လည်း ၎င်းတို့ထံမှ ချက်ချင်း ပျံ့နှံ့လာခဲ့၏။
၎င်းတို့ ထွက်ပေါ်လာသည်နှင့် တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ အက်ကြောင်းအတွင်းမှလည်း မြည်ဟည်းသံများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းက ချက်ချင်း စုတ်ပြဲသွားသည်။ အက်ကြောင်း ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းအတွင်းမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး ပေသိန်းပေါင်းများစွာ ရှည်လျားသော ရေနဂါးကြီးတစ်ကောင်၏ ဦးခေါင်းကြီး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းက တစ်ချက်ခုန်လွှားလျက် အက်ကြောင်းအပြင်သို့ ပြေးထွက်လာခဲ့ချေသည်။
ရေနဂါးကြီးနောက်မှ ရယ်မောသံများ ထွက်ပေါ်လာပြီး အက်ကြောင်းအတွင်းမှ လူသုံးဦး ပျံသန်းထွက်ပေါ်လာခဲ့သည်။ ထိုလူသုံးဦးလုံး၏ ပုံစံက တစ်ထပ်တည်း တူညီလို့နေသည်။ ၎င်းတို့သည် အရိုးစုများသဖွယ် ပိန်ပါးကြပြီး ၎င်းတို့ကိုယ်ပေါ်တွင် တောက်ပသော ဆေးရောင်များဖြင့် ရုပ်ပုံများ ဆွဲသားထားသည်။ ၎င်းတို့ တစ်ဦးစီတိုင်း၏ လက်ထဲတွင် အရိုးကြိမ်လုံး တစ်ချောင်းစီ ကိုင်ထားကြပြီး ၎င်းတို့ ပျံသန်းထွက်ပေါ်လာသည်နှင့် အနက်ရောင် မြူခိုးအစုအဝေးတစ်ခုလည်း ပျံ့နှံ့လာခဲ့သည်။
ရေနဂါးကြီးနှင့် လူလေးဦး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်မြူခိုး မြို့တော်မှ ထွက်ပေါ်လာသော လူလေးဦးသည်လည်း ၎င်းတို့ထံ တိုးကပ်သွားခဲ့ချေပြီ။ စကားတစ်ခွန်းမျှ မဆိုပဲနှင့် ၎င်းတို့အတူတကွ ရပ်လိုက်ချိန်တွင် လေထဲ၌ မြည်ဟည်းသံများ ပဲ့တင်ထပ်သွားခဲ့သည်။
ရာသီဥတုများ ပြောင်းလဲသွားပြီး လေပြင်းနှင့် တိမ်စိုင်များလည်း အနောက်သို့ လွင့်ပါးသွားကြသည်။ မြည်ဟည်းသံများသည် ၎င်းတို့အားလုံး၏ ပတ်ဝန်းကျင်ရှိ မြေပြင်ကို တုန်ခါသွားစေပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ အက်ကြောင်းအတွင်းမှ ဒါဇင်ချီသောလူများ တိုးထွက်လာကြသည်။ ၎င်းတို့အားလုံးသည် ရှာမန်များဖြစ်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် အက်ကြောင်းအတွင်းမှ လူရာပေါင်းများစွာ ထွက်ပေါ်လာပြီးချေပြီ။
တိုးထွက်လာကြသော ရှာမန်များအားလုံးသည်လည်း သာလွန်ထူးကဲသော စွမ်းအားများ ပိုင်ဆိုင်ကြသည်။
"သူတို့ကို သတ်" လေထုအလယ်ရှိ အစောင့်များသည် တုံ့ဆိုင်းခြင်းအလျင်းမရှိ တိုးဝင်သွားကြပြီး အက်ကြောင်းအတွင်းမှ ထွက်ပေါ်လာသော ရှာမန်များနှင့် ချက်ချင်းပင် အသေသတ်တိုက်ပွဲ ဆင်နွှဲလိုက်ကြတော့သည်။
ကောင်းကင်မြူခိုး မြို့တော်မြေပြင်ထက်မှ ပိုမိုများပြားသော လူများ ပျံတက်လာကြပြီး နံရံအပြင်ရှိ အကြီးစားတိုက်ပွဲကြီးကဲ့သို့ပင် အတိုင်းအတာ တစ်ခုထိ ပျက်စီးစေနိုင်သည့် စစ်မြေပြင်သို့ ဦးတည်လိုက်ကြသည်။
ကောင်းကင်ထက်တွင် တိုက်ခိုက်သံများ ပြည့်လျှံနေပြီး နေနှင့်လတို့မှာ သူတို့အလင်းရောင်များ ဆုံးရှုံးသွားရသကဲ့သို့ ကောင်းကင်နှင့် မြေပြင်က မည်းမှောင်လာခဲ့သည်။ ယခင်က စုမင်အား တားဆီးနေကြသော အစောင့်နှစ်ဦး၏ အမူအရာများသည်လည်း ပြောင်းလဲသွားကြပြီး စုမင်နှင့်ပက်သက်၍ စိတ်အနှောင့်အယှက် အဖြစ်ခံမနေတော့ပဲ စစ်မြေပြင်သို့ ဦးတည်ရန် နောက်ပြန်ဆုတ်သွားကြသည်။
ထိုနေရာတွင် ဖြစ်ပွားနေသော စစ်ပွဲသည် စုမင်နှင့် ပေ ၅၀၀၀၀ခန့်ပင် မဝေးပါချေ။ စစ်ပွဲသည် ယခုလေးတင်မှ စတင်ခြင်းဖြစ်သော်လည်း ထိုနေရာရှိ ပျက်စီးဆုံးရှုံးမှုအဆင့်သည် အလွန်ကြီးမားနေပြီဖြစ်ကာ စူးရှစွာ အော်ဟစ်သံများကိုပင် ကြားနေရချေပြီ။ လူအများအပြား ပေါက်ကွဲသွားခဲ့ပြီး အချို့ဆိုလျှင် ပြတ်ထွက်သွားကြသည်။
၎င်းတို့အထဲမှ အချို့သည် မာန်စွမ်းအားရှင်များ ဖြစ်ပြီး အချို့မှာ မာန်စွမ်းအားရှင်များ ဖြစ်သည်။
ဤအရာသည် လူနှစ်ဦးကြားမှ တိုက်ရိုက်ပဋိပက္ခတစ်ခု မဟုတ်ပေ။ ဤအရာက စစ်မြေပြင်ဖြစ်သည်။ ထိုလူများအားလုံးသည် ရန်သူတစ်ဦးတည်းနှင့် ရင်ဆိုင်နေခြင်း မဟုတ်ပဲ ကောင်းကင်နှင့် မြေပြင်တစ်ခွင် ပြည့်နှက်နေသော ရန်သူများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ မင်းလူတစ်ယောက်ကို သတ်ပြီးသည်နှင့် မင်းထံသို့ တိုးဝင်လာမည့် မာန်စွမ်းအားရှင် မဟုတ်သူများထံမှ နတ်ဘုရားစွမ်းရည် ပညာရပ်များကို ဂရုစိုက်ရတော့ပေမည်။
စုမင် မျက်လုံးများအတွင်း စူးရှသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူ နောက်သို့ ထပ်မဆုတ်တော့ပဲ ထိုအစား မီးတောက်မျောက်ဝံလေးသည် သွားဖြဲ၍ ရှေ့ပြေးထွက်သွားတော့မည့် အချိန်မှာပင် သူ့ညာလက်ကို မြှောက်၍ ၎င်းထံသို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ၎င်း၏မျက်နှာထက်၌ အလွန်အမင်း နာကျင်သွားသော အမူအရာတစ်ခု ဖြတ်ပြေးသွားပြီး အိတ်ထဲသို့ ပြန်လည် သိမ်းဆည်းခံလိုက်ရလေသည်။
ဤအရာမှာ ပင်ပန်းကြမ်းတမ်းသော စစ်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။ မီးတောက်မျောက်ဝံအား တိုက်ခိုက်ခွင့် ပြုရမည်ကို စုမင် စိုးရိမ်သည်။ မျောက်ဝံသည် သွေးရူးသွေးတန်း ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ရူးသွပ်မှုအတွင်းသို့ ကျရောက်သွားလိမ့်မည်ဖြစ်ပြီး ၎င်းကိုယ်၎င်း သေချာပေါက် ကာကွယ်နိုင်တော့မည် မဟုတ်ပေ။
စုမင် မီးတောက်မျောက်ဝံကို သိမ်းဆည်းပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်းတက်ကာ သူနှင့် ပေ၅၀၀၀၀ပင် မဝေးသော စစ်မြေပြင်သို့ ဦးတည်လိုက်တော့သည်။
သူ့ခန္ဓာကိုယ်သည် ထိုခြေတစ်လှမ်း လှမ်းပြီးသည်နှင့် ဆက်လက်လှုပ်ရှားတော့ခြင်း မရှိဟု ထင်ရပြီး ခြေတစ်လှမ်းလှမ်းရန်သာ ကြိုးစားနေပုံ ပေါ်သော်ငြား အမှန်တစ်ကယ်တွင်တော့ သူ့အမြန်နှုန်းမှာ အထွတ်အထိပ်သို့ ရောက်သွားခဲ့ချေပြီ။
စုမင်လမ်းကြောင်းအား တားဆီးရန် စေလွှတ်ခံခဲ့ရသော အစောင့်နှစ်ဦးအနက်မှ စုမင်အား စကားပြောဆိုခဲ့သော သွေးစွန်းနေသည့် ဝတ်ရုံရှည်နှင့် အစောင့်သည် သူ့လက်ငါးချောင်းကိုမြှောက်၍ သူ့အရှေ့ရှိ လေထုကို ကုပ်ဆွဲလိုက်သည်။ သူ့နောက်ကျော အနောက်ဘက်တွင် အနက်ရောင် မြူခိုး အစုအဝေးငါးခု လှည့်ပတ်လှုပ်ရှားသွားပြီး အရောင်ငါးမျိုး ပင့်ကူတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းသည် အစောင့်ထံ နီးကပ်လာနေသော ရှာမန်အား ခုန်အုပ်တိုက်ခိုက်လိုက်သည်။
ထိုရှာမန်သည်လည်း သာမန်ထက် ထူးကဲသော တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သည်။ သူသေဆုံးသွားသည်နှင့် တစ်ပြိုင်နက် အရောင်ငါးမျိုး ပင့်ကူကိုလည်း ပေါက်ကွဲအောင် ပြုလုပ်သွားခဲ့သည်။ အမှန်စင်စစ်တွင် သူ၏သေဆုံးခြင်းကို အချက်ပြလိုက်သကဲ့သို့ သူ့ခန္ဓာကိုယ်မှ မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသံများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး သူ့လက်သည်းတစ်ခုဖြင့် အသာအယာ ပုတ်ထုတ်လိုက်လေသည်။ ထိုလက်သည်းမှာ အစောင့်၏ရင်ဘတ်ကို ထိုးဖောက်သွားရာ ၎င်း၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး နောက်သို့ ဆုတ်ခွာသွားရစေသည်။
သို့သော် သူဆုတ်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဘေးတွင် တိုက်ပွဲပုဆိန်ကြီးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ တိုက်ပွဲပုဆိန်မှာ ရှာမန်မျိုးနွယ်စု၏ စစ်သည်တော် တစ်ဦးထံမှ ဖြစ်သည်။ ထိုလူသည် ရက်စက်စွာ ရယ်မောရင်း သူ့ပုဆိန်အား ဝှေ့ယမ်းကာ ခုတ်ချလိုက်သည်။ အစောင့်သည် သူ့ကိုယ်သူ ဖောက်ခွဲပစ်တော့မည့်ဟန်ဖြင့် မျက်လုံးများက တောက်ပသွားခဲ့သည်။ သူ သေဆုံးသွားလျှင်တောင် လူအများအပြားကို သတ်ဖြတ်သွားရဦးမည် ဟူသော အတွေး သူ့စိတ်ထဲတွင် ပေါ်လာသည့်အချိန်မှာပင် သူ့နံဘေးရှိ လေဟာနယ်မှာ ချက်ချင်း တွန့်လိမ်ပုံပျက်သွားပြီး လူငယ်လေးတစ်ဦး ရုတ်တရက် ပေါ်လာခဲ့၏။
စုမင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့မျက်ခုံးအလယ်၌လည်း အစိမ်းရောင် အလင်းတစ်ဖြာ တောက်ပသွားသည်။ သူ့ကိုယ်ပေါ်တွင်လည်း စစ်နတ်ဘုရားချပ်ဝတ်က အလျင်အမြန် ဖွဲ့စည်းဖြစ်ပေါ်လာပြီး ရှာမန်က သူ၏ ပုဆိန်ကို ခုတ်ချလိုက်သည်နှင့် စုမင်ကလည်း သူ့ဓားရှည်ကို ရှေ့သို့ထိုးသွင်းလိုက်သည်။
***