← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 9 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 9 Ch. 131-132

အခန်း ၁၃၁ ။ ဒေါသ

ကိုယ်ပိုင်လေယာဉ်ဆိုသည့် ကိစ္စအပေါ် လင်းယန်က အလောတကြီး မရှိလှပေ။ လယ်ကွင်းထဲတွင် ပိုးသတ်ဆေးဖျန်းခြင်းမှလွဲ၍ ကျန်သည့် နေရာများတွင် အသုံးဝင်မည် မဟုတ်ဟု သူထင်နေခြင်းကြောင့်လည်း ပါပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူစိုက်ပျိုးသည့် သီးနှံများမှာ ပိုးသတ်ဆေး သုံးရန် မလိုအပ်ပါချေ။

ထိုအရာထက် ယန်ကျင်းလီက သူ့အနီးအနားတွင် လှည့်ပတ်သွားလာနေသော်လည်း အနားသို့ တိုးမလာဝံ့သည့် အမူအရာက သူ့ကို အံ့အားသင့်စေသည်။ ဤသို့ ဖြစ်နေသည်မှာ အကြိမ်ပေါင်း မနည်းတော့ပေ။ နောက်ဆုံးတွင် လင်းယန် သည်းမခံနိုင်တော့ဘဲ သူမရှိရာသို့ လျှောက်သွားလိုက်တော့သည်။

“မင်း ကြည့်ရတာ တစ်ခုခု မှားနေသလိုပဲနော်။”

အရင်က ယန်ကျင်းလီသည် တက်ကြွလန်းဆန်းပြီး တောက်ပနေသူဖြစ်သော်လည်း ယခုမူ တစ်ခုခုကို စိုးရိမ်ပူပန်နေဟန်ဖြင့် အကြည့်များကို လွှဲရှောင်နေ၏။

“ဘာ... ဘာမှ မဟုတ်ပါဘူး။”

“မင်းက အလုပ်တွေနဲ့ပဲ နေသားကျနေတော့ ဒီလောက် အေးချမ်းတဲ့ တောရွာလေးမှာ နေရတာ မနေတတ်မထိုင်တတ် ဖြစ်နေတာလား။”

လင်းယန်က သူမကို ခေါ်ဆောင်၍ ကုန်းမြင့်တစ်ခုပေါ်သို့ သဘာဝကျကျပင် လျှောက်လာခဲ့သည်။ ဤနေရာမှဆိုလျှင် အဝေးက လှေကားထစ် လယ်ကွက်ထဲရှိ မက်မွန်ပင်များကို အထင်အရှား မြင်နိုင်၏။ နောက်နှစ် နွေဦးရောက်လျှင်တော့ တောင်တစ်ခုလုံး မက်မွန်ပွင့်များဖြင့် ဖုံးလွှမ်းနေပေလိမ့်မည်။

ယန်ကျင်းလီက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး- “တကယ်တော့ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ရှန်ဟိုင်းလို မြို့ကြီးမှာ သက်သောင့်သက်သာ နေနိုင်ဖို့က မလွယ်ဘူးဗျ။”

“မင်းရဲ့ နာမည်ကြီးမှုနဲ့ဆိုရင် သရုပ်ဆောင်ကြေးက တော်တော်လေး ကောင်းမှာပဲလေ။”

“ရှင် သိတဲ့အတိုင်း ကျွန်မကလည်း တောရွာလေးကနေ လာတဲ့သူပဲ။ ရှန်ဟိုင်းက အိမ်ဈေးတွေက ကြောက်စရာ ကောင်းလွန်းတယ်။”

ပြောရင်းနှင့် ယန်ကျင်းလီ၏ မျက်နှာမှာ ညှိုးငယ်သွားရှာသည်။ “ကျွန်မတို့ ရွာမှာ လူရာချီ ရှိတယ်။ ရွာသားအားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်းလိုက်ရင်တောင် ရှန်ဟိုင်းက အိမ်တစ်လုံးတန်ဖိုးကို ဝယ်နိုင်မှာ မဟုတ်ဘူး။”

လင်းယန်က ပြုံးလိုက်ကာ- “မင်းက ချင်းရှန်းရွာအတွက် အများကြီး ကူညီပေးခဲ့တာပဲ။ မင်းလိုချင်ရင် ငါ အိမ်တစ်လုံး လက်ဆောင်ပေးမယ်လေ။”

ယန်ကျင်းလီသာ ချင်းရှန်းရွာသို့ လာရောက်မကူညီခဲ့လျှင် ထိုလမ်းမကြီးမှာ မည်သူမျှ လာရောက် ဖောက်လုပ်ပေးမည် မဟုတ်ပေ။ သူ့တွင် ပိုက်ဆံ မည်မျှပင်ရှိပါစေ၊ လူသိရှင်ကြားဖြစ်ရန်နှင့် ဆောက်လုပ်ရေးအဖွဲ့များ ရှာဖွေရန်မှာ ခက်ခဲပေလိမ့်မည်။ ဤသည်မှာ အင်တာနက်၏ စွမ်းအားကြောင့်ဟု ဆိုနိုင်သော်လည်း ယန်ကျင်းလီ၏ အကူအညီပါဝင်နေသည်မှာ ငြင်းမရပါချေ။ သူမ မရှိလျှင် သူ၏ ဘဝမှာ ယခုကဲ့သို့ သက်သောင့်သက်သာ ရှိမည် မဟုတ်ပေ။ လယ်ထဲက သီးနှံများ မည်မျှပင် ကောင်းစေကာမူ မည်သူမျှ သတိထားမိကြမည် မဟုတ်ပေ။

“ဟင့်အင်း... မလိုပါဘူး။”

ယန်ကျင်းလီ ပို၍ပင် ထိတ်လန့်သွားရသည်။ လင်းယန်က သူမကို လက်ဆောင်တစ်ခုခုပေးမည်ကို သူမ မျှော်လင့်ခဲ့ဖူးသော်လည်း၊ လင်းယန်၏ လက်ကြီးမှုက သူမကို ကြောက်လန့်စေသည်။ သူမသည် နာမည်ကြီးနေသူ ဖြစ်သော်လည်း၊ တကယ်တမ်း ဟိုးဟိုးကျော်သွားသည့် လက်ရာကောင်းများ မရှိသေးသဖြင့် သရုပ်ဆောင်ကြေးမှာ ထင်သလောက် မမြင့်မားလှပေ။ ကုမ္ပဏီက ခေါင်းပုံဖြတ်သည့် အချိုးအစားများကို ဖယ်လိုက်လျှင် သူမ လက်ထဲသို့ ရောက်ရှိလာသည့် ငွေကြေးမှာ ၁၀ ရာခိုင်နှုန်းပင် မပြည့်ပါချေ။

သူမသည် နာမည်ကြီးနေသည်မှာ မှန်သော်လည်း၊ အရင်းရှင်များ၏ ခေါင်းပုံဖြတ်ခံရသော ကိရိယာတစ်ခုနှင့်သာ ပိုတူနေသည်။ နွားနို့အညှစ်ခံရသည့် နွားမကြီးတစ်ကောင် ပမာပင်။ ဤသည်မှာ လက်တွေ့ဘဝပင် ဖြစ်၏။

လင်းယန်က ဒါကို နားလည်ပါသည်။ “မင်းက ဒီကို ဒီတိုင်းကြီး ပြေးလာတာဆိုတော့၊ မင်းနဲ့ စာချုပ်ထားတဲ့ ကုမ္ပဏီဘက်က ဘာမှ ပြဿနာ မရှာဘူးလား?”

ယန်ကျင်းလီ ခဏမျှ ဆွံ့အသွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်။ “ကုမ္ပဏီနဲ့ ဆက်ဆံရေးက မဆိုးပါဘူး၊ သူတို့လည်း ကျွန်မကို အပြစ်မတင်ကြဘူး။ ဒါပေမဲ့... သူတို့က ရှင့်ဆီကနေ အကျိုးအမြတ်တွေ ပိုပြီး ညှစ်ထုတ်ခိုင်းနေကြတာ။”

လင်းယန် ချက်ချင်းပင် အကြောင်းရင်းကို သဘောပေါက်လိုက်သည်။ သူသည် ယန်ကျင်းလီကြောင့် အင်တာနက်ပေါ်တွင် နာမည်ကြီးလာခဲ့ခြင်း မှန်သော်လည်း၊ ယခုအခါ သူ၏ ဩဇာလွှမ်းမိုးမှုမှာ ယန်ကျင်းလီထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်၏။ ယန်ကျင်းလီ၏ ကုမ္ပဏီက သူမကို အသုံးချ၍ လင်းယန်၏ နာမည်ကို မှီခိုပြီး အကျိုးအမြတ် ရှာချင်နေကြခြင်းပင်။

လယ်ထဲတွင် ရှိနေစဉ်ကပင် ကျောင်းသားများက ယန်ကျင်းလီနှင့် သူ့ဆက်ဆံရေးကို လာရောက် မေးမြန်းခဲ့ကြဖူးသည်။ သတင်းမှားများစွာ ထွက်ပေါ်နေသည်ကိုလည်း သူ မြင်တွေ့ခဲ့ရ၏။ ယခု ကြည့်ရသည်မှာ ထိုကိစ္စများ၏ နောက်ကွယ်တွင် ယန်ကျင်းလီ၏ကုမ္ပဏီ ရှိနေပုံရသည်။ သို့သော် လင်းယန်က ထိုအရာများကို သိပ်ဂရုမစိုက်ပါချေ။

“မင်း လိုအပ်မယ်ဆိုရင် ငါကိုယ်တိုင် ထွက်ပြီး ရှင်းပေးမယ်။” လင်းယန်က ကတိပေးလိုက်သည်။

သို့သော် ယန်ကျင်းလီ၏အဖြေမှာမူ ပြတ်သားလှသည်။ “ဟင့်အင်း... ရှင့်ကိုလည်း အရင်းရှင်တွေရဲ့ ခေါင်းပုံဖြတ်ခံ ကိရိယာတစ်ခု အဖြစ်မခံနိုင်ဘူး။”

သူမသည် မိမိ၏ ပုခုံးလေးကို အုပ်ကာ ဝမ်းနည်းနေပုံရ၏။ ကြာမြင့်စွာ ပိတ်ထားခဲ့သော ရင်တွင်းတံခါးမှာ ယခုအချိန်တွင်မူ ဖွင့်ဟလိုက်သကဲ့သို့ပင်။

“အရင်က ကျွန်မ ပိုက်ဆံရှာဖို့ပဲ သိခဲ့တယ်။ ရှန်ဟိုင်းလို စည်ကားတဲ့ မြို့ကြီးမှာ ခြေကုပ်ယူနိုင်ဖို့ပဲ ကြိုးစားခဲ့တာ။ ဒါပေမဲ့ ရှင့်ကို တွေ့ပြီးတဲ့နောက်မှ... အဲ့ဒါက ကျွန်မ လိုချင်တဲ့ ဘဝမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။

အဲ့ဒီမြို့ကြီးက တကယ့်ကို အိပ်မက်ဆန်ပါတယ်။ စားစရာ၊ ဆော့စရာတွေလည်း စုံလင်လှတယ်။ အဲ့ဒီမှာ နေရရင် အားလုံးက အားကျကြလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ ဒီကိုရောက်ပြီး စိတ်အေးအေးထားပြီး စဉ်းစားကြည့်တဲ့ အခါမှ သိလိုက်ရတယ်။ အဲ့ဒီမှာ ရှိသမျှ အရာအားလုံးက ဘာအဓိပ္ပာယ်မှ မရှိဘူး။ ငွေကြေးက အရာရာကို ဖျက်ဆီးတယ်၊ အရင်းရှင်တွေက စိတ်ကြိုက် ခြယ်လှယ်နေကြတာ။ အဲ့ဒီမြို့ကြီးအတွက် ကျွန်မက နွားမကြီး တစ်ကောင်ပါပဲ။

ကျွန်မက ငယ်ရွယ်ပြီး ကျန်းမာတဲ့ နွားမကြီး ဖြစ်နေလို့လည်း ပါမှာပေါ့။ ဒါပေမဲ့ ကျွန်မ ဆယ်နှစ်တိုင်တိုင် အစွမ်းကုန် ကြိုးစားခဲ့ရင်တောင် နောက်ဆုံး ကျွန်မလက်ထဲမှာ ကျန်မယ့် ပိုက်ဆံနဲ့ စတုရန်းမီတာ ၂၀၀ ရှိတဲ့ အိမ်တစ်လုံးတောင် ဝယ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအစား အလိုရမ္မက်တွေကြားမှာ ကိုယ့်ကိုယ်ကိုယ်ပဲ ပျောက်ဆုံးသွားလိမ့်မယ်။

ဒါ ကျွန်မ လိုချင်တဲ့ ဘဝမဟုတ်ဘူး။”

ယန်ကျင်းလီက ပြောရင်းနှင့် သူမ၏ လက်မောင်းများကို တင်းတင်းဆုပ်ထားသည်။ လင်းယန်သည် သူမ ဤမျှအထိ အားနည်းသော အသွင်အပြင်ကို ပြသလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် မသိမသာဖြင့် သူမ၏ ခါးလေးကို ဖက်လိုက်မိသည်။

ယန်ကျင်းလီ ပြောသည်ကို သူ နားလည်ပါသည်။ လူငယ်များစွာတွင် ကိုယ်ပိုင်အိပ်မက်များ ရှိကြသော်လည်း၊ ထိုမြို့ကြီးများထဲသို့ အမှန်တကယ် ရောက်ရှိသွားသည့်အခါ အိပ်မက်များမှာ ရက်စက်စွာ ဖျက်ဆီးခံရပြီး၊ နောက်ဆုံးတွင် 'အသက်ရှင်သန်ရေး' ဆိုသည့် စကားလုံး တစ်လုံးတည်းသာ ကျန်ရစ်တော့သည်။ ကင်မရာရှေ့တွင် တောက်ပနေသော ယန်ကျင်းလီပင်လျှင် ဤကဲ့သို့ပင် မဟုတ်လား။

“မင်း ဒီမှာ တစ်သက်လုံး နေလို့ရပါတယ်။”

ယန်ကျင်းလီ၏ စိတ်များမှာ ပျော့ပြောင်းသွားပြီး အကြည့်များက ဝေဝါးနေ၏။ “ကျွန်မ ကုမ္ပဏီနဲ့ ငါးနှစ်စာ စာချုပ် ချုပ်ထားမိတယ်လေ။”

လင်းယန် ချက်ချင်း သဘောပေါက်လိုက်သည်။ အကယ်၍ ယန်ကျင်းလီသာ စာချုပ်ဖောက်ဖျက်ပါက လျော်ကြေးငွေမှာ အလွန် များပြားပေလိမ့်မည်။ အရင်းရှင်များက မင်း ဘယ်သူလဲဆိုတာ ဂရုမစိုက်ပါချေ။ သူတို့သည် လူငယ်များ၏ လုပ်အားကို စုပ်ယူပြီး အိမ်မဝယ်နိုင်၊ အိမ်ထောင်မပြုနိုင်၊ ကလေးမမွေးနိုင်အောင် လုပ်ဆောင်နေကြသည့် သွေးစုပ်ဖုတ်ကောင်များသာ ဖြစ်ကြသည်။

ယန်ကျင်းလီက အများကြီး ထပ်မပြောသော်လည်း လင်းယန်က သူမ၏ စိတ်ဆန္ဒကို နားလည်လိုက်ပြီ ဖြစ်သည်။

“မင်းရဲ့ ကုမ္ပဏီက မင်းနဲ့ စာချုပ်ကို ဖျက်သိမ်းပေးလိမ့်မယ်။ မင်းရသင့်တဲ့ ပိုက်ဆံတွေကိုလည်း တစ်ပြားမှ မကျန်စေရဘူး။ ငါ ကုမ္ပဏီတစ်ခု ထောင်ပြီး မင်းကို ပြန်ချုပ်လိုက်မယ်။”

လင်းယန်သည် ထိုအရင်းရှင်များကို ကြည့်မရသည်မှာ ကြာလှပေပြီ။ လယ်ထဲက မြည်းကိုတောင် ဒီလောက်အထိ မခိုင်းပါချေ။ ၉၉၆ (မနက် ၉ နာရီမှ ည ၉ နာရီအထိ၊ တစ်ပတ်လျှင် ၆ ရက် အလုပ်လုပ်ခြင်း) က ကောင်းချီးတစ်ခုတဲ့လား? အလုပ်သမားတွေက တိုက်တာအဆောက်အအုံတွေ အများကြီး ဆောက်ပေးခဲ့ပေမဲ့ နောက်ဆုံး ကိုယ်ပိုင်အိမ်တောင် မရှိကြဘူးတဲ့လား? စားဝတ်နေရေး ဆိုတာ အခြေခံ လိုအပ်ချက် မဟုတ်ဘူးလား? ဘာလို့ လူငယ်တွေကို နှိပ်စက်တဲ့ မိစ္ဆာတွေ ဖြစ်ကုန်ကြတာလဲ?

လယ်စိုက်တာ ကျင့်သားရနေတဲ့ လင်းယန်အတွက်တော့ ဒါတွေကို နားမလည်နိုင်ပါချေ။ ယန်ကျင်းလီဆီကနေ ၁၀ ရာခိုင်နှုန်းပင် မရသည့် စာချုပ်အကြောင်းကို အတည်ပြုပြီးနောက်တွင်မူ၊ သူ၏ မျက်ဝန်းထဲ၌ ဒေါသများသာ တောက်လောင်လာခဲ့သည်။

ယန်ကျင်းလီလို လူတောင် ဤမျှ ခံစားနေရလျှင် သာမန်လူတွေဆိုလျှင် မည်သို့ ရှိမည်နည်း? လင်းယန် မတွေးရဲပါချေ။ သူ လုပ်ပေးနိုင်သည်မှာ ယန်ကျင်းလီအတွက် ဤကိစ္စကို ဖြေရှင်းပေးရန်သာ ရှိတော့သည်။ ဤသည်မှာ သူ့အတွက် မခက်ခဲလှပါချေ။

တိုက်ရိုက် အကျဆုံး နည်းလမ်းမှာ ယန်ကျင်းလီအတွက် လျော်ကြေးငွေပေးလိုက်ရန် ဖြစ်သော်လည်း သူ ထိုသို့ လုပ်ရန် မလိုအပ်ပါချေ။ ထို့ပြင် ယန်ကျင်းလီ၏ စိတ်ဆန္ဒကိုလည်း သူ အပြည့်အဝ ခံစားလိုက်ရပြီ ဖြစ်သည်။

ရင်ခွင်ထဲတွင် အလှလေး ရှိနေသဖြင့် အခြားအတွေးများမှာ ခဏချင်း ပျောက်ကွယ်သွားသော်လည်း၊ သူမ၏ ကိုယ်ငွေ့နွေးနွေးက သူ၏ ပိုမို တည်ငြိမ်လာသော ဦးနှောက်ကိုတော့ မဖုံးလွှမ်းနိုင်ပါချေ။ သူ၏ အကြည့်များမှာ ကြောက်စရာ ကောင်းလောက်အောင် အေးစက်နေ၏။ နောက်ကွယ်မှ ထိုနဂါးဆိုးကြီးကဲ့သို့သော တည်ရှိမှုကို အမြစ်ပြတ် ဖျက်ဆီးပစ်ရန် နည်းလမ်းများစွာ သူ၏ ဦးနှောက်ထဲတွင် ပေါ်ပေါက်လာတော့သည်။

လယ်သမားတစ်ဦး၏ ဒေါသကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။

***

wunzinnosp

စူပါ-ဖမ်း(SFS)

SFS 132

အခန်း ၁၃၂ ။ ထိရောက်မှု

ယန်ကျင်းလီ၏ စိတ်အခြေအနေမှာ အလွန်ဆိုးရွားနေသည်။ လင်းယန်တစ်ဦးတည်းသာလျှင် သူမကို နှစ်သိမ့်မှု ပေးနိုင်သူ ဖြစ်၏။ တစ်ကိုယ်လုံးမှာ ပျော့ခွေနေပြီး လင်းယန်၏ကိုယ်ပေါ်သို့ မှီတွယ်ထားမိသည်။ သူမ အမှန်တကယ်ပင် ဝမ်းနည်းနေခဲ့ခြင်းဖြစ်၏။

ညအထိ နှစ်သိမ့်ပေးပြီးမှသာ လင်းယန်သည် လောင်ဝမ်ကို သွားရောက် ရှာဖွေနိုင်ခဲ့သည်။ ထိုအချိန်တွင် လောင်ဝမ်နှင့် ချင်အဖေတို့မှာ လက်ဖက်ရည် သောက်နေကြ၏။ သေချာသည်မှာ ချင်အဖေက ကိုယ်တိုင် ဖျော်ပေးနေခြင်း ဖြစ်သည်။

လင်းယန်ကို မြင်သောအခါ လောင်ဝမ်က ပြုံးလိုက်ရင်း- “မင်း ကြည့်ရတာ စိတ်တွေ မကြည်မလင် ဖြစ်နေသလိုပဲ၊ ပင်ပန်းသွားလို့လား?” ဟု မေးလိုက်သည်။

ချင်အဖေက လက်ဖက်ရည်တစ်ခွက် ကမ်းပေးရင်း- “လူငယ်ဆိုတော့ သွေးကြွတာ မှန်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းသိမ်းရမယ်နော်။”

လင်းယန် နှုတ်ခမ်းတွန့်သွားကာ ဤအကြောင်းကို ဆက်မပြောလိုတော့ပေ။ ဘာပဲဖြစ်ဖြစ် ဘာမှလည်း မလုပ်မိသေးပါဘူး။ အိမ်မှာ လူတွေ အများကြီး ရှိနေတော့ စကားပြောရတာတောင် သိပ်အဆင်မပြေလှပေ။

“အလုပ်ကိစ္စ ပြောရအောင်၊ ကျင်းလီရဲ့နောက်ကွယ်က ကုမ္ပဏီကို ဘယ်လို ဖျက်ဆီးလိုက်ရင် အကောင်းဆုံး ဖြစ်မလဲ?”

လင်းယန် ပြောပြသည်ကို ကြားလိုက်ရသည့်အခါ လောင်ဝမ်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။ “ဒါက လူသားချင်း ခေါင်းပုံဖြတ်နေတာပဲ! ဒီခေတ်ကြီးမှာ ဒီလောက်အထိ ယုတ်မာရသလား!”

“ကောင်လေး... နေဦး၊ ငါ အခုပဲ ကျောင်းဘက်ကနေ ဒီကိစ္စကို ကိုင်တွယ်ခိုင်းလိုက်မယ်။”

ချင်အဖေက ဒေါသထွက်နေသော လောင်ဝမ်ကို အမြန် တားလိုက်ရသည်။ “အဘိုး စိတ်လျှော့ပါဦး။”

“ဒီလို ကိစ္စလေးအတွက် ကျောင်းရဲ့လမ်းကြောင်းတွေကို သုံးဖို့ မလိုပါဘူး။”

လောင်ဝမ်က ဒေါသတကြီးဖြင့်- “ကိစ္စလေး ဟုတ်လား? ကောင်လေးလင်းရဲ့ ဆံပင်တစ်မျှင်နဲ့ ပတ်သက်ရင်တောင် ဒါက ကိစ္စအကြီးကြီးပဲ။ တကယ်လို့ အဘိုးစူးသာ သိသွားရင်...”

“အဟမ်း... ဒီကိစ္စကို အဘိုးစူးကို မသိစေတာ အကောင်းဆုံးပဲ။” ဟု ချင်အဖေက သတိပေးလိုက်သည်။

အဘိုးစူးသည် လင်းယန်ကို မြေးအရင်းထက်ပင် ပို၍ ချစ်သည်မှာ မှန်သော်လည်း၊ စူးရို့ရို့နှင့် လင်းယန်ကြားက ဆက်ဆံရေးမှာလည်း အလွန် နီးကပ်နေသည် မဟုတ်လား။ ချင်အဖေအတွက်မူ ထိုသို့သော ဖိအားမျိုးမရှိပေ။ သူက လင်းယန်ကို မြေးလေးတစ်ယောက် မြန်မြန်မွေးပေးဖို့သာ မျှော်လင့်နေခြင်းဖြစ်၏။

လင်းယန်တွင် အမျိုးသမီး မည်မျှရှိသည်ကို သူ ဂရုမစိုက်ပေ။ သူဌေးမှာ သူ့သမီးကို ကျွေးမွေးနိုင်သည့် ပိုက်ဆံ အလုံအလောက် ရှိသည် မဟုတ်လား။ ထို့ပြင် လင်းယန်၏မျိုးဗီဇမှ ဆင်းသက်လာမည့် မြေးလေးမှာ ဘယ်လိုရရှိမလဲဆိုသည်ကို သူ အလွန် သိချင်နေမိသည်။

“ကျင်းယွမ်ဟန်က ရှင့်ကို မျက်နှာသာ ပေးချင်နေတာလေ၊ ဒီကိစ္စကို သူ့ကိုပဲ ခိုင်းလိုက်ရင် ရပါတယ်။”

လင်းယန်လည်း တည်ငြိမ်သွားသည်။ ကျောင်းဘက်က လုပ်မည်ဆိုလျှင် ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးရုံသာ ရှိပေလိမ့်မည်။ ယန်ကျင်းလီ၏စာချုပ်မှာ တရားဥပဒေအရ ဟာကွက်မရှိအောင် လုပ်ထားနိုင်သဖြင့် ထင်သလောက် ခရီးမရောက်နိုင်ပေ။ ၆ ရာခိုင်နှုန်းသာရခြင်း၏ နောက်ကွယ်ရှိ အကျိုးစီးပွား အသိုင်းအဝိုင်းမှာ ကြီးမားလှသည်။

လင်းယန်သည် ထိုအသိုင်းအဝိုင်းကို တကယ်ပဲ လှုပ်ခါနိုင်ပါ့မလား? သူ၏ လက်ရှိ ပိုင်ဆိုင်မှုမှာ ထို ဘဏ္ဍာရေး လုပ်ငန်းရှင်ကြီးများနှင့် ယှဉ်လျှင် ရေတစ်ပေါက်စာသာ ရှိသေးသည်။

“ငါ့မှာ ပိုက်ဆံ သိပ်မရှိသေးဘူးပဲ။”

ပိုက်ဆံ များလွန်းလျှင် သုံးစရာ နေရာ မရှိသော်လည်း၊ တစ်ခါတရံတွင် မရှိလျှင်လည်း မဖြစ်ပေ။ ရှိလျှင်မူ ထိုကုမ္ပဏီကို ပိုက်ဆံဖြင့်သာ ပစ်ပေါက်၍ ဖျက်ဆီးပစ်လိုက်ရုံသာ ရှိတော့သည်။ ချင်အဖေ၏ အကြံမှာလည်း ထည့်သွင်းစဉ်းစားထိုက်လှသည်။

လောင်ဝမ်က အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။ “သူက အဘိုးစူးနဲ့ ရင်းနှီးတာလေ၊ တကယ်လို့ ကိစ္စတွေက အဘိုးစူးဆီ ရောက်သွားရင် ဘယ်လိုလုပ်မလဲ။”

ချင်အဖေက လက်ကာပြလိုက်သည်။ “လောင်ဝမ် စိတ်ချပါ၊ သူ လင်းယန်ကို ထပ်ပြီး ရန်စရဲတဲ့ သတ္တိ မရှိတော့ပါဘူး။ လင်းယန်ရဲ့ အဆင့်အတန်းက အလွန် မြင့်မားနေပြီလေ၊ ပြီးတော့ သူက ငယ်လည်း ငယ်သေးတာကိုး။”

လင်းယန် စဉ်းစားကြည့်ပြီး ကျင်းယွမ်ဟန်ကို အရင်စမ်းသုံးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တကယ်လို့ မရမှသာ ကျောင်း၏ အင်အားကို သုံးမည်။

ချင်အဖေက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။ “ဒီကိစ္စကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ၊ လောင်ကျင်း (ကျင်းယွမ်ဟန်) က သေသေချာချာ ဖြေရှင်းပေးပါလိမ့်မယ်။”

လင်းယန် လက်ဖက်ရည်ခွက်ကို မြှောက်၍ အချက်ပေးလိုက်ရာ ကိစ္စမှာ အတည်ဖြစ်သွားခဲ့သည်။ ချင်အဖေ၏ ပိုင်ဆိုင်မှုမှာ မနည်းသော်လည်း ကျင်းယွမ်ဟန်နှင့် ယှဉ်လျှင်တော့ ကွာခြားလှသည်။ သို့သော် လင်းယန်နှင့် ရှိနေသည့်အခါတွင်မူ သူသည် ကျင်းယွမ်ဟန်နှင့် တန်းတူစကားပြောနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။

အကြောင်းမှာတော့ သူသည် အချို့အချိန်များတွင် လင်းယန်ကို ကိုယ်စားပြုနိုင်သောကြောင့်ဖြစ်သည်။

သို့သော် ကျင်းယွမ်ဟန်၏ အလုပ်လုပ်နှုန်းမှာ လင်းယန် ထင်ထားသည်ထက် ပို၍ မြန်ဆန်လှသည်။ ချင်အဖေ ဖုန်းဆက်ပြီး မကြာမီမှာပင် လင်းယန်သည် သတင်းမီဒီယာများမှတစ်ဆင့် အနုပညာရှင်များ အကြောင်း သတင်းမျိုးစုံကို တွေ့လိုက်ရသည်။ သရုပ်ဆောင်ကြေး အဆမတန် မြင့်မားမှုများ၊ အနုပညာလောကအတွင်းရှိ ခေါင်းပုံဖြတ် စာချုပ်များအကြောင်း သတင်းများ ပျံ့နှံ့လာ၏။ မိုးမချုပ်မီမှာပင် အင်တာနက် အသုံးပြုသူများကြားတွင် အကြီးအကျယ် ဆွေးနွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။

လင်းယန်ကတော့ ကြည့်ရင်းနှင့် ချီးကျူးမိတော့သည်။ “ကျင်းယွမ်ဟန်ကတော့ ဒါမျိုးတွေကို တကယ် ကျွမ်းကျင်တာပဲ။”

ကျင်းယွမ်ဟန်၏ နည်းလမ်းမှာ တော်တော်လေး ကောင်းမွန်လှသည်။ ယန်ကျင်းလီ၏ အမည်ကို တိုက်ရိုက် မဖော်ပြဘဲ၊ တစ်လောကလုံးကို တိုက်ခိုက်သည့် ပုံစံမျိုးဖြင့် လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။ ဤသည်က လူအများအပြားကို ရန်စသလို ဖြစ်နိုင်သော်လည်း၊ သူကဲ့သို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ပြင်ပလူတစ်ယောက်အတွက်မူ ဂရုစိုက်နေရန် မလိုပေ။ ထိုလောကအတွင်းမှ အပုပ်နံ့များကို ပိုက်ဆံ အနည်းငယ် သုံးလိုက်ရုံဖြင့် ဖော်ထုတ်ပေးမည့်သူများစွာ ရှိနေသည် မဟုတ်လား။

ချင်အဖေကလည်း ခေါင်းညိတ်သည်။ “အခုချိန်မှာ သက်ဆိုင်ရာ ဌာနတွေကလည်း ပါဝင်လာပြီဆိုတော့၊ ကုမ္ပဏီ အားလုံးက ပြဿနာ မတက်အောင် ကိုယ့်ဘာသာ အရင်စစ်ဆေးနေကြတော့မှာပဲ။”

လင်းယန်သည် အဝေးတွင် ဖုန်းပြောနေသော ယန်ကျင်းလီကို လှမ်းမြင်လိုက်ရသည်။ သူမ၏ ကုမ္ပဏီမှ ဖုန်းဆက်လာခြင်း ဖြစ်ပုံရ၏။ သူမ၏ မျက်နှာပေးကို ကြည့်ရသည်မှာ တစ်ဖက်က သူမကို ပူးပေါင်းဆောင်ရွက်ခိုင်းနေပုံရသည်။ သို့သော် ကျင်းယွမ်ဟန်က ဤမျှအထိ ကြီးမားသော လှုပ်ခတ်မှု ဖန်တီးလိုက်ခြင်းမှာ ယန်ကျင်းလီ တစ်ယောက်တည်းအတွက် ဖြစ်သည်ကို ထိုသူများ သိရှိမည် မဟုတ်ပေ။

လောင်ဝမ်မှာမူ မျက်လုံးပြူးကာ မယုံနိုင်သလို ကြည့်နေမိသည်။ “မင်းတို့ လူငယ်တွေရဲ့ စိတ်ထားကတော့ တကယ်ကို ယုတ်မာလွန်းတာပဲ။”

လောင်ဝမ်က ကိစ္စတစ်ခုကို တိုက်ရိုက် ဖြေရှင်း၍ ရပါလျက်နှင့် ဘာကြောင့်များ ဤမျှအထိ ရှုပ်ထွေးအောင် လုပ်ရတာလဲဟု ထင်နေခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းက သူ၏ မျက်နှာကိုတော့ ဆယ်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။

ချင်အဖေကတော့ ဤလမ်းကြောင်းများကို ကျွမ်းကျင်လှသည်။ “စိတ်ချပါ လောင်ဝမ်၊ မနက်ဖြန် ညနေ မတိုင်ခင်မှာတင် ယန်ကျင်းလီရဲ့ ကုမ္ပဏီက ပြဿနာကို လာဖြေရှင်းပေးပါလိမ့်မယ်။”

လင်းယန်က မျက်လုံးကို အသာမှေးလိုက်ရင်း- “ငါ ထင်တာတော့ ထပ်ပြီး မြန်ဦးမယ် ထင်တယ်။”

အမှန်ပင်... မိုးမချုပ်မီမှာပင် ယန်ကျင်းလီသည် ဖုန်းကို ကိုင်လျက် မယုံနိုင်စရာ ကောင်းသော အမူအရာဖြင့် ပြေးလာခဲ့သည်။

“ရှင် ဘာတွေ လုပ်လိုက်တာလဲ?”

လင်းယန်က ပြုံးလိုက်ပြီး သူမကို လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”

“ကုမ္ပဏီက ကျွန်မနဲ့ စာချုပ်ကို အလိုအလျောက် ဖျက်သိမ်းပေးမယ်တဲ့။ ပြီးတော့... ဒီနှစ်တွေအတွင်း ကျွန်မ ရှာခဲ့တဲ့ ပိုက်ဆံတွေကိုလည်း တစ်ပြားမှ မကျန် ပြန်ပေးမယ်တဲ့လေ။ ဒါ ကောင်းတဲ့ကိစ္စပဲလေ။ လောကကြီးမှာ ဒီလို ကောင်းတဲ့ ကိစ္စမျိုး ဘယ်မှာ ရှိလို့လဲ?”

ယန်ကျင်းလီမှာ သူမ၏ ဘဝတွင် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်ပေ။ သူမအတွက်မူ စာချုပ်ကို အဆင်ပြေပြေ ဖျက်သိမ်းနိုင်လျှင်ပင် အလွန် ကံကောင်းလှပြီ ဖြစ်၏။ သူမ ရှာထားသမျှ ပိုက်ဆံတွေကို တစ်ဖက်လူက ပြန်အန်ထုတ်ပေးမည် ဆိုသည်မှာ စိတ်ကူးယဉ် အိမ်မက် တစ်ခုသာ ဖြစ်သည်။

သို့သော် ယခုမူ... ထိုသူများက တကယ်ပဲ လုပ်ဆောင်လာကြပြီ ဖြစ်သည်။ လင်းယန်ကတော့ အရင်အတိုင်းပင် တည်ငြိမ်နေဆဲ ဖြစ်၏။

“ယွမ် သန်းအနည်းငယ်လောက် အရှုံးခံမလား၊ ဒါမှမဟုတ် ဘီလီယံနဲ့ချီပြီး အရှုံးခံမလား ဆိုရင် မင်း ဘယ်ဟာကို ရွေးမလဲ?”

“ကျွန်မဆီမှာ အဲ့ဒီလောက် ပိုက်ဆံ ဘယ်မှာရှိလို့လဲ?”

လင်းယန် ကြောင်သွားရသည်။ ယန်ကျင်းလီ၏အဖြေမှာလည်း မှန်နေသည် မဟုတ်လား။

“အကယ်၍ ရှိတယ် ဆိုပါစို့...”

“လူမိုက်ဆိုရင်တောင်၊ အနည်းဆုံး အရှုံးကိုပဲ ရွေးမှာပေါ့။”

“……”

လင်းယန်သည် ယန်ကျင်းလီ၏ စိုးရိမ်တကြီး ဖြစ်နေသော ပုံစံကို ကြည့်ရသည်မှာ အတော်လေး သဘောကျလှသည်။

“တကယ်လို့ သူတို့သာ မင်းနဲ့ စာချုပ်ကို လက်မလွှတ်ဘူးဆိုရင်၊ သူတို့ ပေးဆပ်ရမယ့် တန်ဖိုးက ဘယ်သူမှ မခံနိုင်လောက်တဲ့အထိ ဖြစ်သွားလိမ့်မယ်။”

“ရှင်... ရှင် သူတို့ကို ဘယ်လိုများ ခြိမ်းခြောက်လိုက်တာလဲ?” ဟု ယန်ကျင်းလီက မေးလိုက်မိသည်။

***

wunzinnosp

All Chapters