← Chapters

အခန်း (၉၈၁-၉၈၂)

Vol. 99 Ch. 981-982

အခန်း (၉၈၁-၉၈၂)

Vol. 99 Ch. 981-982

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၈၁ + ၉၈၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

တကယ်တမ်း၌ စစ်မြေပြင်တစ်ခုတည်းတွင် တပ်သားတစ်သန်းကျော်ကို အသုံးပြုခြင်းမှာ အတော်လေး ရယ်စရာကောင်းသည့် စစ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်၏။

သမိုင်းဝင် စတာလင်ဂရက် ကာကွယ်ရေးတိုက်ပွဲ၌ ဆိုဗီယက်ယူနီယံနှင့် နာဇီအင်ပါယာတို့သည် စစ်မြေပြင်တစ်ခုတည်း၌ စစ်သည်နှစ်သန်းကို အသုံးပြုခဲ့ကြသည်။

သို့သော် ထိုတိုက်ပွဲမှာ နှစ်ဝက်ကျော် ကြာမြင့်သည့် မဟာတိုက်ပွဲကြီးတစ်ခုဖြစ်ပြီး နှစ်ဖက်စလုံးမှ အသုံးပြုသော စစ်သည်အင်အားကို စုပေါင်းမှသာ နှစ်သန်းအထိ ရှိခြင်းဖြစ်၏။

လေလွှင့်မဟာမိတ်အဖွဲ့ရှိ သန်းချီသော စစ်သည်များအတွက်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူတို့မှာလည်း လူသားစစ်တပ်သာ ဖြစ်သောကြောင့် စစ်မြေပြင်တစ်ခုလုံးကို အပြည့်အဝ ဖြန့်ကျက်ဖုံးလွှမ်းထားရန်မှာ မဖြစ်နိုင်ပေ။

လေလွှင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိ၏ ပထမဆုံးအမိန့်အရ စစ်မြေပြင်၏ မြောက်ဘက် မိုင်နှစ်ရာအတွင်းရှိ မြို့ရွာများအားလုံးကို အလုံးစုံ သိမ်းပိုက်လိုက်ပြီး ထိုက်ခန်အင်ပါယာနှင့် နီးကပ်သော နေရာ၌ ခံစစ်မျဉ်းတစ်ခုကို စတင်တည်ဆောက်လိုက်ကြ၏။ ထို့နောက် သန်းချီသည့် စစ်တပ်ကြီးကို အစိတ်အပိုင်းများစွာ ခွဲခြားလိုက်ကာ ထိုခံစစ်မျဉ်းတစ်လျှောက်၌ တစ်ခုပြီးတစ်ခု ဖြန့်ကျက်ချထားလိုက်သည်။

ထို့အပြင် အမြောက်စခန်းများနှင့် ဒုံးပျံစခန်းများကိုလည်း စတင်တည်ဆောက်လိုက်ကြ၏။ ကီလိုမီတာ တစ်ရာအကွာ၌ တာတိုပစ်ဒုံးကျည်စခန်းတစ်ခုလည်း တည်ဆောက်ထားသေးသည်။ ခေတ်သစ် စစ်ပွဲများ၌ ဒုံးကျည်များ ၊ ဒုံးပျံများနှင့် အမြောက်များဖြင့် မြေပြင်ကို ဦးစွာ ရှင်းလင်းပစ်ရမည် ဖြစ်၏။

မြို့တစ်မြို့လုံး ပြာကျသွားသည်အထိ ဖောက်ခွဲပစ်ပြီးမှ ခြေလျင်တပ်များကို စေလွှတ်၍ သိမ်းပိုက်ခြင်းက အကောင်းဆုံးနည်းဗျူဟာ ဖြစ်သည်။

**--**--**--**--**--**--**--**

စစ်တပ်ကြီး ရောက်ရှိလာပြီး ၂၄ နာရီ အကြာ၌ လေလွှင့်မဟာမိတ်အဖွဲ့သည် အမြောက်စခန်းများ ၊ ဒုံးကျည်စခန်းများ ၊ ဒုံးပျံစခန်းများနှင့် ဒုံးခွင်းဒုံး အခြေစိုက်စခန်းများကို အပြည့်အဝ တည်ဆောက်ပြီးစီးသွားပြီဖြစ်၏။

ထို့အပြင် ရဟတ်ယာဉ် ရာပေါင်းများစွာ ၊ တိုက်လေယာဉ် အမျိုးအစားစုံနှင့် ဗုံးကြဲလေယာဉ်ကြီးများကိုလည်း ပြင်ဆင်ထားပြီး ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ရဟတ်ယာဉ်စခန်းကို ချန်တူးလေဆိပ်၌ တိုက်ရိုက် နေရာချထားနိုင်ခဲ့၏။ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ အားလုံးကိုမူ မိုင်ရာချီ ကွာဝေးသော မြို့များရှိ လေဆိပ်များ၌ နေရာချထားလေသည်။

စစ်သေနာပတိငယ် ယန်ကျူး၏ နှုတ်ခမ်းတစ်ဖက်က တွန့်ကွေးသွားကာ လှောင်ပြုံးတစ်ခု ပေါ်လာ၏။ “အဖေ... ထိုက်ခန်အင်ပါယာက လူတွေ အကုန်လုံး ထွက်ပြေးကုန်ကြပြီ။ အခု အထဲမှာ အိုမင်းမစွမ်းတွေ ၊ နာမကျန်းဖြစ်နေသူတွေနဲ့ ဒုက္ခသည် နည်းနည်းပဲ ကျန်တော့တာ။ သတင်းရတာတော့ ရဟတ်ယာဉ်တွေ ၊ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ယာဉ်တွေနဲ့ ကိုယ်တိုင်မောင်း အမြောက်တွေကိုပါ ထွက်ပြေးသွားတဲ့လူတွေက သယ်သွားကြပြီတဲ့။ အထဲမှာ စစ်တပ်အင်အား သိန်းဂဏန်းလောက်ပဲ ကျန်တော့တယ်။”

ဤကိစ္စကို လေလွှင့်စစ်သေနာပတိ ယန်ထော် သေချာပေါက် သိထားပြီးဖြစ်၏။

“ကျွန်တော်တို့က ထိုက်ခန်အင်ပါယာ မြို့တော်နဲ့ မိုင် ၃၀ ပဲ ကွာတော့တာကို တုပိုင်က အခုထိ ပစ်ခတ်တာမျိုး မရှိသေးသလို ဒုံးကျည်တွေနဲ့လည်း လှမ်းမပစ်သေးဘူး။ ဒါက ဘာကို ဆိုလိုနေတာလဲ။”

လေလွှင့်စစ်သေနာပတိ ယန်ထော်က အကြောင်းရင်းကို ကောင်းကောင်း သိထား၏။ တုပိုင်၏ လက်ထဲ၌ အမြောက်များနှင့် ဒုံးကျည်များ အလွန်ရှားပါးနေသောကြောင့်ပင် ဖြစ်သည်။

“ပထမအချက်အနေနဲ့ တုပိုင်တို့ဘက်မှာ လက်နက်ခဲယမ်းတွေ အရမ်းကို နည်းနေပြီ။ ဒါ့အပြင် ကျွန်တော်တို့က လူသားတွေဖြစ်နေလို့ အထင်သေးပြီးတော့ မသုံးတာဖြစ်နိုင်တယ်။ သူ့မှာရှိတဲ့ ခဲယမ်းတွေကို မသေမျိုးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲကျမှ သုံးမလို့နေမှာပေါ့။”

ဖခင်ဖြစ်သူ ယန်ထော်က မျက်ခုံးပင့်ကာ သူ့သားအား စိုက်ကြည့်လိုက်၏။ “မင်းဆိုလိုတာက...”

ယန်ကျူး၏ မျက်ဝန်းတို့၌ လောဘရမ္မက်များ တောက်လောင်သွား၏။ “အဖေ... ကျွန်တော်တို့ တခြားတပ်ဖွဲ့တွေ ရောက်လာမယ့်အချိန်ထိ စောင့်နေစရာ မလိုဘူး။ ကျွန်တော်တို့အင်အားနဲ့တင် တုပိုင်ကို အလွယ်လေး ချေမှုန်းနိုင်သလို ထိုက်ခန်အင်ပါယာ မြို့တော်တစ်ခုလုံးကိုလည်း ပြာကျသွားတဲ့အထိ ဖောက်ခွဲပစ်လို့ရတယ်။ ဒါဆို ဒီအောင်ပွဲက ကျွန်တော်တို့အတွက်ချည်းပဲပေါ့။”

ယန်ထော်၏ မျက်ဝန်းများ ကျုံ့ဝင်သွားတော့၏။

သိန်းဂဏန်းသာရှိသော တုပိုင်၏ စစ်တပ်ကို သူ၏ စစ်သည်တစ်သန်းဖြင့် ချေမှုန်းရန်မှာ သေချာပေါက် လွယ်ကူလှပြီး ထိုက်ခန်အင်ပါယာ တစ်ခုလုံးကိုလည်း အားစိုက်ထုတ်စရာမလိုဘဲ မြေလှန်ပစ်နိုင်၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ယခင်က ထိုက်ခန်အင်ပါယာ မြို့တော် မဟုတ်တော့ချေ။

အစွမ်းထက်လှပါသည် ဆိုသည့် ဧကရာဇ်ထိုက်ခန်မှာ သေဆုံးသွားပြီဖြစ်သလို မြို့တွင်းရှိ သိန်းနှင့်ချီသော စစ်သည်တို့သည်လည်း လက်နက်ကြီးများ အားလုံးကိုပါ သယ်ဆောင်၍ ထွက်ပြေးသွားကြပြီဖြစ်၏။

ထို့အပြင် ပတ်ဝန်းကျင်ရှိ ထိုက်ခန်အင်ပါယာ မြို့များအားလုံးကလည်း စစ်ကူပေးလိမ့်မည် မဟုတ်ပေ။

ထိုက်ခန်အင်ပါယာ၏ စစ်သေနာပတိ ကိုးဦးအနက် ခြောက်ဦးနှင့် ဘုရင်ခံ လေးဦးတို့က သူ့ထံ လာရောက် ခစားထားပြီး ဖြစ်၏။

ထိုအချက်ကပင် သူ့အား အလွန်အမင်း စိတ်လှုပ်ရှားစေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးက သူ့အား ထိုက်ခန်အင်ပါယာ၏ ဧကရာဇ်သစ်အဖြစ် တင်မြှောက်ရန် ဆန္ဒရှိနေကြသောကြောင့်ပင်။

အဆုံး၌မူ စစ်သူကြီးနှင့် ဧကရာဇ်အကြား၌ ကြီးမားသော ကွာခြားချက် ရှိနေသေးသည် မဟုတ်ပါလော။

ယန်ကျူး၏ အသံမှာ ပို၍ တက်ကြွလာ၏။ “အဖေ... အဖေက ကံကြမ္မာ မိစ္ဆာသခင်ရဲ့ လက်အောက်ခံ လူသားသုံးယောက်ထဲမှာ အဆင့်အတန်း အနိမ့်ဆုံးဖြစ်နေတာ။ အကယ်လို့ အဖေသာ တုပိုင်ကို တစ်ယောက်တည်း ချေမှုန်းပြီး ထိုက်ခန်အင်ပါယာ မြို့တော်ကိုပါ သိမ်းပိုက်လိုက်နိုင်မယ်ဆိုရင် ကံကြမ္မာ မိစ္ဆာသခင်ရဲ့ အထင်ကြီးမှုကို ရလာနိုင်တယ်။ ဒါဆို အဖေ့ရဲ့ အဆင့်အတန်းကလည်း အမြင့်ဆုံးကို ရောက်သွားမှာပဲ။”

ထိုစကားကို ကြားသည်နှင့် လေလွှင့်စစ်သေနာပတိ ယန်ထော်တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားသွားရတော့သည်။ သူ၏ သားဖြစ်သူ ပြောသည့်စကားမှာ အလွန်ပင် ယုတ္တိရှိလှသည်။

တုပိုင်ကို ချေမှုန်းပြီးနောက် လူသားအင်ပါယာ၌ ဧကရာဇ်အသစ်တစ်ပါး လိုအပ်လာမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အသစ်မွေးလာသည့် မိစ္ဆာများသည် လတ်ဆတ်သည့် သွေးသားများကို လိုအပ်ပြီး ထိုမိစ္ဆာသစ်များကို ကျွေးမွေးရန်အတွက် ငါးနှစ်လျှင် လူတစ်သန်း ပုံမှန် ဆက်သရန် လိုအပ်သောကြောင့်ပင်။

လက်ရှိအချိန်၌ ယန်ထော်ဖြစ်သည့် သူသာလျှင် ဧကရာဇ်ရာထူးအတွက် အသင့်တော်ဆုံး ဖြစ်၏။

တုပိုင်နှင့် ထိုက်ခန်အင်ပါယာ မြို့တော်မှာ လက်ရှိအချိန်၌ အမှည့်လွန်နေသော သစ်သီးတစ်လုံးပမာ ဖြစ်နေပြီး အနည်းငယ် လှုပ်လိုက်ရုံဖြင့် ပြုတ်ကျလာတော့လေမည်။ အကယ်၍ သူ တစ်ယောက်တည်း ဝါးမျိုရမည်ဆိုလျှင် အဝအပြဲ စားရမည်မှာ အသေအချာပင်။

သို့သော် အခြား တပ်ဖွဲ့များ ရောက်လာသည်အထိ စောင့်နေရမည်ဆိုလျှင် သူ၏ ပါးစပ်ထဲသို့ အနည်းငယ်သာ ဝင်တော့မည်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် တပ်ဖွဲ့ကြီး ငါးခုအနက် သူ၏ လေလွှင့်တပ်ဖွဲ့က အားအနည်းဆုံး ဖြစ်နေသောကြောင့်ပင်။

သို့သော် တုပိုင်၏ စစ်တပ်က ပို၍ပင် အားနည်းနေသေးပြီး အိုမင်းမစွမ်းသူများနှင့် နာမကျန်းဖြစ်နေသူ သိန်းဂဏန်းသာ ကျန်ရစ်တော့၏။ ထိုက်ခန်အင်ပါယာ၏ စစ်သေနာပတိ ကိုးဦးအနက် ဦးနှောက်မမှန်သော စစ်သေနာပတိ သုံးဦးသာ ကျန်ရစ်ခဲ့သည်။

သူ အလွန် စိတ်လှုပ်ရှားနေသော်ငြား လေလွှင့်စစ်သေနာပတိ ယန်ထော်မှာ စတင် မလှုပ်ရှားရဲသေးချေ။

အဘယ်ကြောင့်ဆိုသော် ကံကြမ္မာ မိစ္ဆာသခင်ထံမှ အမိန့် မရသေးသောကြောင့်ပင်။ မဟာမိစ္ဆာသခင် ကျောက်ယန်ဖိန်နှင့် ပတ်သက်၍ ယန်ထော်သည် ရင်ထဲအသည်းထဲထိ ကြောက်ရွံ့နေပြီး လုံးဝ မဖီဆန်ရဲချေ။

ထိုအချိန်၌ပင်… ကောင်းကင်ယံထက်၌ အနက်ရောင် အရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုအရိပ်မှာ ကံကြမ္မာ မိစ္ဆာသခင်၏ သံတမန်ပင် ဖြစ်သည်။

သံတမန်၏ ဩဇာတိက္ကမ အပြည့်ပါသော အသံဩဩကြီး​ ထွက်ပေါ်လာ၏။ “ယန်ထော်... အမိန့်ကို နာခံလော့။ မင်းရဲ့ စစ်တပ် ရောက်လာပြီဆိုတော့ တိုက်ခိုက်မှုကို စတင်နိုင်ပြီ။ အကယ်လို့ မင်းက တုပိုင်ကို တစ်ယောက်တည်း ချေမှုန်းပြီး ထိုက်ခန်အင်ပါယာ မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ရင် မင်းက လူသားအင်ပါယာရဲ့ ဧကရာဇ်သစ်ပဲ။”

ထိုစကားကို ကြားသည်နှင့် စစ်သေနာပတိ ယန်ထော် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားတော့သည်။

သူက မြေပြင်ထက်၌ ရိုသေကျိုးနွံစွာ ဒူးထောက်ချလိုက်ကာ ခေါင်းငုံ့၍ ဦးညွှတ်လိုက်သည်။ “အရှင်မင်းမြတ် မဟာမိစ္ဆာသခင်ရဲ့ ချီးမြှောက်မှုအတွက် ကျေးကျွန် ကျေးဇူးတင်ပါတယ်။”

ကံကြမ္မာ မိစ္ဆာသခင်၏ သံတမန်သည် အမိန့်တော်ကို ဖတ်ကြားပြီးနောက် မြင်းပျံကိုစီးကာ ထွက်ခွာသွားတော့၏။

တကယ့်ကို ကြီးကျယ်ခမ်းနားလှသော အခိုက်အတန့်ပင်။

ယန်ထော်နှင့် ယန်ကျူး သားအဖနှစ်ဦး အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။ ဧကရာဇ် ဖြစ်နိုင်ပါလျက်နှင့် မည်သူက စစ်သေနာပတိ လုပ်ချင်မည်နည်း။ နန်းတော်ထဲ၌ နေနိုင်ပါလျက်နှင့် မည်သူက အိမ်တော်၌ နေချင်မည်နည်း။ အောင်ပွဲက သူတို့၏ လက်တစ်ကမ်း၌သာ ရှိနေပြီဖြစ်၏။

ယန်ထော်၏ မျက်နှာထက်၌ အောင်နိုင်သူတစ်ဦး၏ အပြုံးကြီး ပေါ်လာပြီး တဟားဟား ရယ်မောလိုက်တော့သည်။ “တုပိုင်... အရှင်မင်းမြတ် ကံကြမ္မာ မဟာမိစ္ဆာသခင်ကို ဒေါသထွက်အောင် လုပ်ခဲ့တဲ့ မင်းကို ငါ တကယ် ကျေးဇူးတင်တယ်။ ဒါကြောင့် အခု ငါ့အတွက် ဒီလောက် ကောင်းမွန်တဲ့ အခွင့်အရေး ရလာတာကိုး။”

ထို့နောက် လေလွှင့်စစ်သေနာပတိသည် စိတ်ကြွဆေး သုံးထားသူတစ်ဦးပမာ လည်ချောင်းကွဲမတတ် အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်၏။ “တပ်ဖွဲ့တွေအားလုံး မြို့ကို တိုက်ခိုက်ဖို့ ပြင်ထားကြစမ်း။”

ယန်ကျူးမှာလည်း စိတ်အားထက်သန်နေ၏။

သူနှင့် တုပိုင်တို့ကြား၌ ရန်ငြိုးများ ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ယခင်တိုက်ပွဲ၌ သူသည် တုပိုင်၏ ကိုယ်ပွားလက်ချက်ဖြင့် အလွန်အမင်း ဆိုးရွားစွာ အရိုက်ခံခဲ့ရသောကြောင့်ပင်။

ထိုကိုယ်ပွားသည် တုပိုင်၏ မူလကိုယ်ထက် ပိုမိုအစွမ်းထက်နေပြီး အိပ်မက်ဆိုး ဧကရာဇ်၏ စိတ်တွင်းမိစ္ဆာကိုယ်ပွားစွမ်းအား ဖြစ်နေသော်ငြား ယန်ကျူးကတော့ တုပိုင်အပေါ်၌သာ အငြိုးထားလိုက်ဆဲပင်။

တုပိုင်မှာ မကြာမီ ဇာတ်သိမ်းရတော့မည် ဖြစ်ပြီး ယန်ကျူးဖြစ်သော သူသည်လည်း မကြာမီ လူသားအင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်လာတော့မည် ဖြစ်၏။ ထို့အတွက်ကြောင့် ယန်ကျူးတစ်ယောက် တိမ်ပေါ်၌ လွှင့်နေသကဲ့သို့ ခံစားလိုက်ရသည်။

**--**--**--**--**--**--**--**

စစ်သေနာပတိငယ် ယန်ကျူးက လက်ကို ဝှေ့ယမ်းကာ ဟစ်အော်လိုက်၏။ “ကင်းထောက်ဒရုန်းတွေ စေလွှတ်လိုက်စမ်း။”

သူ၏အမိန့်ကို ရသည်နှင့် ဒရုန်း ရာပေါင်းများစွာတို့သည် ထိုက်ခန်အင်ပါယာ မြို့တော်ဆီသို့ ပျံသန်းသွားကြတော့၏။ ကိုယ့်ကိုယ်ကိုယ်ကိုရော ရန်သူကိုပါ သိထားခြင်းက တိုက်ပွဲတိုင်းကို အနိုင်ရရှိစေနိုင်သည်။

ထိုက်ခန်အင်ပါယာ မြို့တော်မှ လူများ ထွက်ပြေးသွားကြပြီကို သိထားသော်ငြား အထဲရှိ ခံစစ်အခြေအနေကိုတော့ သိထားရန် လိုအပ်သေးသည် မဟုတ်လော။ ကင်းထောက် ဒရုန်းများသည် မီတာ ရာပေါင်းများစွာ အမြင့်အထိ ပျံသန်းနိုင်ပြီး ကြည်လင်ပြတ်သားသော ကင်မရာများကိုလည်း တပ်ဆင်ထားသည်။ အမည်အတိုင်းပင် ကင်းထောက်သည့် ဒရုန်းများ ဖြစ်ကြသည်။

“ဝီ… ဝီ… ဝီ…”

မကြာမီ၌ပင် ကင်းထောက်ဒရုန်း တစ်ရာကျော်သည် မီတာ တစ်သောင်း အကွာအဝေးကို ပျံသန်းသွားကြပြီး ထိုက်ခန်အင်ပါယာ မြို့တော်၏ ကောင်းကင်ယံ အထက်သို့ ချဉ်းကပ်သွားကြ၏။

“ရွှစ်… ရွှစ်… ရွှစ်…”

ချက်ချင်းပင် မြို့ထဲမှနေ၍ ပစ်ခတ်မှုများ စတင်လာ၏။

ပစ်ခတ်မှုအားမှာလည်း အလွန်ပြင်းထန်လှပြီး မရေမတွက်နိုင်သော ရိုင်ဖယ်များနှင့် စနိုက်ပါရိုင်ဖယ်များဖြင့် ကောင်းကင်ယံသို့ ဦးတည်ပစ်ခတ်လာကြသည်။

“ဒက်… ဒက်… ဒက်…”

အချိန်တိုအတွင်း၌ လေလွှင့်မဟာမိတ်အဖွဲ့မှ လွှတ်တင်လိုက်သော ကင်းထောက်ဒရုန်း တစ်ရာကျော်စလုံး ပစ်ချခံလိုက်ရတော့သည်။ သို့သော် လေလွှင့်စစ်သေနာပတိ ယန်ထော်မှာ ဒေါသမထွက်သည့်အပြင် ဝမ်းသာနေ၏။

ဒရုန်းများသည် မြို့ပေါ်မှ ပျံသန်း၍ ရှင်းလင်းပြတ်သားစွာ ဓာတ်ပုံမရိုက်နိုင်သော်ငြား အခြေအနေကို အကြမ်းဖျင်းတော့ မြင်တွေ့လိုက်ရ၏။

ထိုက်ခန်အင်ပါယာ မြို့တော်၌ စစ်တပ်အင်အား အလွန်ပင် နည်းပါးနေပြီး ဒုံးကျည်များဆိုလျှင် ပို၍ပင် ရှားပါးနေသေး၏။ အမြောက်အချို့ ရှိနေသော်ငြား အလက် ၂၀၀ ကျော်ခန့်နှင့် ရဟတ်ယာဉ်​ဆိုလျှင် ၃၀ ခန့်သာ ရှိတော့သည်။

ကင်းထောက်ဒရုန်းများ၏ ဉာဏ်ရည်တုသည် အလွန်ပင် ဉာဏ်ရည်မြင့်မား၏။ ထိုဒရုန်းများက ဒုံးကျည်များ ၊ တင့်ကားများ ၊ တိုက်လေယာဉ်များ ၊ ရဟတ်ယာဉ်များ ၊ အမြောက်များနှင့် အခြားသော အရေးကြီး ပစ်မှတ်များကို ဖမ်းယူမိသည်နှင့် တစ်ပြိုင်နက် ချက်ချင်း မှတ်သားထားကြတတ်၏။

စစ်သေနာပတိငယ် ယန်ကျူးက မထီမဲ့မြင်ဖြင့် ခွီးလိုက်၏။ “အောင်ပွဲကို ယူရတာ လွယ်ကူမယ်ဆိုတာ သိထားပေမဲ့ ဒီလောက်အထိ အားနည်းနေလိမ့်မယ်လို့တော့ မထင်ထားဘူး။ ဒါပေမဲ့ ဒါကလည်း ပုံမှန်ပါပဲလေ။ ထိုက်ခန်အင်ပါယာမှာ တုပိုင်ကို ဘယ်သူက သိမှာလဲ။ လီရှောင်ချန်ကလည်း နာမည်ပျက်နေတဲ့သူပဲဟာကို။ ဒီအချိန်မှာ တုပိုင်နဲ့အတူ သေဖို့ ကျန်ခဲ့တဲ့သူက အရူး မဟုတ်ရင် အိုမင်းမစွမ်းတွေနဲ့ နာမကျန်းဖြစ်နေသူတွေပဲ ဖြစ်မှာပေါ့။”

ယန်ထော် ခေါင်းညိတ်လိုက်၏။ သူ၏ သားဖြစ်သူ ပြောသည်မှာ အတော်လေး ယုတ္တိရှိလှသည်။

ယန်ကျူး၏ မျက်ဝန်းတို့က အရောင်လက်သွား၏။

“ဒီလောက်ဆိုရင် တုပိုင်ရဲ့ စစ်တပ်ကို ချေမှုန်းဖို့က အလွန်ဆုံး ၃ နာရီပဲ ကြာမှာပါ...”

၃ နာရီ…။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၈၁ + ၉၈၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters