အခန်း (၉၈၃-၉၈၄)
Vol. 99 Ch. 983-984
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၈၃ + ၉၈၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
၃ နာရီဆိုသည်မှာ ပိုတွက်ထားသေးသည်။
ယန်ကျူး၏ စိတ်ထဲ၌မူ တစ်နာရီခန့်မျှ အမြောက်များဖြင့် ပစ်ခတ်ပြီး မြေလှန်ပစ်လိုက်ရုံနှင့်ပင် တုပိုင်၏ ဘေးပတ်လည်ရှိ သိန်းဂဏန်းမျှသော အရူးစစ်သည်များနှင့် ချည့်နဲ့အားနည်း အိုနာ ကျိုးကန်းများ အားလုံးကို မြေမြုပ်ရန် လုံလောက်ပြီဟု ထင်မှတ်ထားသည်။
ထိုစဉ် လေလွှင့်စစ်သေနာပတိ ယန်ထော်၏ မျက်နှာထက်၌ ရက်စက်သော အငွေ့အသက်များ ဖြတ်ပြေးသွားပြီး ဆက်သွယ်ရေးစက်ကို ကိုင်ကာ အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။ “အမြောက်တပ် ၊ ဒုံးကျည်တပ်နဲ့ ဒုံးပျံတပ်တွေ အားလုံး ပစ်ခတ်ဖို့ အသင့်ပြင်ထားကြ။ ထိုက်ခန်အင်ပါယာ မြို့တော်ကို ပစ်မှတ်ထားပြီး အကုန်လုံး ချိန်ရွယ်ထားကြစမ်း။”
ထိုအမိန့် ထွက်ပေါ်လာသည်နှင့် စတုရန်းကီလိုမီတာ ဒါဇင်ပေါင်းများစွာအတွင်းရှိ အမြောက်များနှင့် ဒုံးပျံတင်ယာဉ်များ အားလုံး စတင် လှုပ်ရှားလာကြ၏။ ကီလိုမီတာ ၁၀၀ ကျော် အကွာအဝေးရှိ တာတိုပစ် ဒုံးကျည်စခန်းများသည်လည်း စတင် အသက်ဝင်လာသည်။
ဆက်သွယ်ရေးစက်မှတစ်ဆင့် တပ်မှူးများ၏ သတင်းပို့သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။
“အမြောက်တပ် ချိန်ရွယ်ပြီးပါပြီ။”
“ဒုံးပျံတပ် ချိန်ရွယ်ပြီးပါပြီ။”
“ဒုံးကျည်တပ် ချိန်ရွယ်ပြီးပါပြီ။”
ထိုအချိန်၌ပင် ထိုက်ခန်အင်ပါယာ မြို့တော်ဘက်မှနေ၍ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ထိုက်ခန်အင်ပါယာ၏ ပထမစစ်သေနာပတိ လီစစ်စစ်ပင် ဖြစ်၏။
သူမက ရန်သူ့တပ်စခန်းဆီသို့ မျက်နှာမူကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “စစ်သေနာပတိချုပ် ဘယ်မှာလဲ။ ထိုက်ခန်အင်ပါယာရဲ့ အရှင်မင်းမြတ် တုပိုင်က ခင်ဗျားတို့ကို ပြောစရာရှိလို့တဲ့။”
စစ်သေနာပတိ ယန်ထော်က နှာခေါင်းရှုံ့ကာ မထီမဲ့မြင် လှောင်ပြုံးဖြင့် တုံ့ပြန်လိုက်၏။ “ဘာကိစ္စလဲ။”
စစ်သေနာပတိငယ် ယန်ကျူးက ကြားဖြတ်ကာ မောက်မာစွာ ဟိန်းဟောက်လိုက်သည်။ “အကယ်လို့ လက်နက်ချခိုင်းဖို့ဆိုရင်တော့ ဆက်ပြောမနေနဲ့တော့။ ငါတို့က လက်နက်ချတာကို လက်မခံဘူး။”
ထိုက်ခန်အင်ပါယာ၏ ပထမစစ်သေနာပတိ လီစစ်စစ်ကမူ မျက်နှာသေဖြင့် ဆိုလိုက်၏။ “အရှင်မင်းမြတ် တုပိုင်က ပြောလိုက်တယ်။ ငါတို့တွေက ဇာစ်မြစ်တစ်ခုတည်းက ဆင်းသက်လာကြတာ ဖြစ်ပါလျက်နဲ့ ဘာလို့ ဒီလောက်တောင် ကိုယ့်လူမျိုးကို သတ်ချင်နေရတာလဲတဲ့။”
လေလွှင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိ ယန်ထော်က မိုးပေါ်သို့မော့ကာ တဟားဟားဖြင့် အသံကုန် လှောင်ရယ်လိုက်တော့သည်။ “လာသနားခံတာလား။ တုပိုင်ဆိုတဲ့ လူပြက်က အခုထိ ယဉ်ကျေးတဲ့ လူသားဟန် ဖမ်းချင်နေတုန်းပဲကိုး။ သူ့လူတွေကို လူသားချင်းစာနာပြီး အသက်ချမ်းသာပေးဖို့ ငါ့ဆီလာတောင်းပန်မယ် ထင်ထားတာ။ အခုတော့ စကားလုံးလှလှတွေ သုံးပြီး လာပြောနေတာ တကယ့်ကို ရယ်စရာကောင်းလှချည်လား။”
ထို့နောက် လီစစ်စစ်အား စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်၏။ “ဒါဆိုရင်လည်း အဲဒီလူပြက် တုပိုင်ဆီ ပြန်သွားပြီး ပြောလိုက်စမ်း။ လူဆိုတာ ကိုယ့်အကျိုးကိုယ်ပဲ ကြည့်ကြတာပဲလေ။ ငါ့နှလုံးသားထဲမှာ မိစ္ဆာသခင်ကို သစ္စာစောင့်သိဖို့ပဲ ရှိတယ်။ အရှင်မင်းမြတ်ရဲ့ အလိုဆန္ဒအတွက် တုပိုင်ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်ရုံတင်မကဘူး ၊ ထိုက်ခန်အင်ပါယာက လူတွေအားလုံးကို သတ်ပစ်ရရင်တောင် ငါ့မျက်ခုံးတစ်ချက် တွန့်သွားမှာ မဟုတ်ဘူး။”
လီစစ်စစ်သည်တော့ ယန်ထော်အား အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် မည်သည်ကိုမှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။
ယန်ကျူးက လှည့်ထွက်သွားသော လီစစ်စစ်၏ ကျောပြင်ကို ကြည့်ကာ အနောက်မှနေ၍ လက်ညှိုးထိုးကာ ရိုင်းစိုင်းစွာ အော်ဟစ်ခြိမ်းခြောက်လိုက်၏။ “လီစစ်စစ်… ပြန်သွားပြီး မင်းတို့လူတွေကို လည်စင်းပေးဖို့သာ အသင့်ပြင်ထားခိုင်းလိုက်တော့။ ငါတို့က ဘယ်သူ့ကိုမှ လက်နက်ချခွင့် ပေးမှာမဟုတ်ဘူး။ လူပြက် တုပိုင်က မိစ္ဆာသခင်ကို ဆန့်ကျင်ရဲတဲ့အတွက် သူ့ဘေးနားက လူတွေအကုန်လုံး သေရမယ်။ ငါတို့က တစ်ယောက်ကိုမှ အရှင်မထားဘဲ အကုန်လုံးကို မျိုးဖြုတ်ပစ်မှာပဲ။”
**--**--**--**--**--**--**--**
ထိုက်ခန်အင်ပါယာ မြို့တော် အတွင်း၌မူ မြောက်ပိုင်းစစ်မြေပြင်၏ တပ်မှူးဖြစ်သူ မြို့စားမင်း ကျီရှီက စစ်သည်တော်များအား စူးရှသော မျက်လုံးများဖြင့် ဝေ့ကြည့်ကာ ပြတ်သားသောအသံဖြင့် အမိန့်ပေးလိုက်၏။ “မှတ်ထားကြ။ ဒါက ရန်သူရဲ့ ရှေ့ပြေးတပ်ဖွဲ့ပဲ ရှိသေးတယ်။ ဒါကြောင့် စွမ်းအင်မှော်အမြောက်တွေကို သုံးလို့မရဘူး။ လေဆာအမြောက်တွေကိုလည်း သုံးလို့မရသလို ၊ ခရမ်းလွန်ရောင်ခြည် အမြောက်တွေကိုလည်း သုံးလို့မရဘူး။ ဘာလို့လဲဆိုတော့ ဒီလက်နက်တွေက နောက်ပိုင်း ရန်သူ့အင်အားတွေ ထပ်ရောက်လာတဲ့အခါကျမှ အငိုက်ဖမ်းတိုက်ခိုက်ဖို့ ချန်ထားရမှာမို့လို့ပဲ။”
“ဒါကြောင့် မင်းတို့ သုံးလို့ရတာဆိုလို့ ကျောက်သလင်းအမြောက် အလက် ၉၀၀ ပဲ ရှိတယ်။”
“ဒီ ကျောက်သလင်းအမြောက် အလက် ၉၀၀ နဲ့ ရန်သူ့ဘက်က အမြောက် ထောင်ချီ ၊ ဒုံးကျည်စခန်း ရာချီနဲ့ ဒုံးပျံတင်ယာဉ် ရာချီကို အလုံးစုံ ဖိနှိပ်ခြေမှုန်းပစ်ရမယ်။ အတိုချုပ်ပြောရရင် ရန်သူရဲ့ အဝေးပစ် လက်နက်ကြီးစခန်းတွေကို မြေလှန်ပစ်ရမယ်။ မင်းတို့မှာ ယုံကြည်မှု ရှိကြရဲ့လား။”
မြို့စားမင်း ကျီရှီက သူ၏ရင်ဘတ်ကို ထုပြီး လည်ပင်းကြောများ ထောင်ထလာသည်အထိ အသံကုန်ဟစ်၍ မေးလိုက်၏။ “ယုံကြည်မှု ရှိကြရဲ့လားလို့။”
ထောင်နှင့်ချီသော ကျောက်သလင်း မှော်အမြောက်တပ်သားများ၏ သွေးဆူသံများက မိုးခြိမ်းသကဲ့သို့ ညံသွားတော့သည်။ “ရှိပါတယ်။”
ကျီရှီက ပြုံးစစဖြင့် နန်းတော်ဘက်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် အလေးအနက် ဆက်ပြောလိုက်၏။ “အရှင်မင်းမြတ်က နန်းတော်ထဲကနေ မင်းတို့ကို စောင့်ကြည့်နေတယ်။ မင်းသမီးကြီး တုရှောင်က ဟင်းချက်နေပြီး မင်းသမီးလေး တုရှောင်က ဝက်ကလေး ပက်ပါ ကာတွန်းကား ကြည့်နေတယ်။ အကယ်လို့ ရန်သူ့အမြောက်ဆန် တစ်လုံးကများ နန်းတော်နားကို ကျလာပြီး မင်းသမီးလေးတွေကို အနှောင့်အယှက် ဖြစ်စေခဲ့ရင် ငါက အရှင်မင်းမြတ်ကို ဘယ်လို မျက်နှာပြရဲတော့မှာလဲ။ အဲဒီလိုသာဖြစ်ခဲ့ရင် ငါ့ကိုယ်ငါ မြို့ရိုးပေါ်ကနေသာ ခုန်ချသေလိုက်တော့မယ်။”
တုရှောင်တစ်ယောက် ဝက်ကလေး ပက်ပါ ကာတွန်းကား ကြည့်နေသည်မှာ အမှန်ပင်ဖြစ်သော်ငြား သူမက တစ်ချိန်တည်းမှာပင် အလုပ်နှစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။
ကောင်မလေးသည် တိုက်လေယာဉ်၏ တာဘိုင်အင်ဂျင်ကို ဖြုတ်တပ်ပြင်ဆင်နေရင်း တစ်ဖက်မှလည်း ကာတွန်းကားကို ကြည့်ရှုနေခြင်းဖြစ်၏။ ထိုအလုပ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု လုံးဝ အနှောင့်အယှက် မဖြစ်နေပေ။
သူမသည် အလွန်ထူးချွန်သော စိတ်စွမ်းအင်ပညာရှင် တစ်ဦးဖြစ်သည်နှင့်အညီ အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်ခြင်းဆိုသည်မှာ သူမအတွက် ပြောပလောက်သည့်အရာ မဟုတ်ချေ။
ထို့အပြင် ယခုတစ်ကြိမ် တုပိုင် ယူဆောင်လာသော ကျောက်သလင်း အမြောက် အလက် ၉၀၀ မှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကနှင့် လုံးဝ မတူညီတော့ဘဲ အဆင့်မြှင့်တင်ထားပြီး ဖြစ်၏။
ပထမအချက်အနေဖြင့် ကျောက်သလင်း မှော်အမြောက်များ၏ ထိရောက်သည့် ပစ်ခတ်မှု အကွာအဝေးမှာ ကီလိုမီတာ တစ်ရာအထိပင် ရောက်ရှိနေလေပြီ။
ပစ်မှတ်တိကျမှုမှာလည်း အလွန်အမင်း တိုးတက်လာပြီး အမြောက်ဆန်၏ ထွက်ခွာအမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ၃၉၀၀ အထိ ရှိလာကာ အသံထက် ၁၂ ဆခန့် မြန်ဆန်၏။
လွန်ခဲ့သော လေးနှစ်ခန့်က ကျောက်သလင်း မှော်အမြောက်၏ စွမ်းအားကို အမြင့်ဆုံးရောက်အောင် မွမ်းမံခဲ့ကြသည်။
ထို့အပြင် မြေအောက်ကမ္ဘာ၌ ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ရိုးရိုးရုပ်ဝတ္ထုအမြောက်ဆန်များသည် မြေအောက်ကမ္ဘာ စစ်တပ်အပေါ် ထိရောက်မှု မရှိနိုင်ကြောင်း သိရှိရပြီးနောက်ပိုင်းတွင် ၊ ပိုမိုဝေးကွာသော အကွာအဝေးသို့ ရောက်ရှိနိုင်ပြီး အံ့မခန်းစွမ်းအားကြီးမားသည့် စွမ်းအင်မှော်အမြောက်များအဖြစ် ပြောင်းလဲဖန်တီးခဲ့ကြ၏။
သို့တိုင်အောင်ပင် သူတို့၏ ရှေ့မှောက်၌ရှိနေသည့် ကျောက်သလင်း မှော်အမြောက် အလက် ၉၀၀ သည် လေလွှင့်စစ်တပ်၏ အမြောက်များနှင့် ဒုံးပျံများကို ရင်ဆိုင်ရာတွင် အလွယ်တကူ ခြေမှုန်းပစ်နိုင်သော အသာစီးရမှုမျိုး ရှိနေဆဲပင်။
မြို့စားမင်း ကျီရှီက သူ၏ ဓားကို ဆွဲထုတ်ကာ ကောင်းကင်သို့ ညွှန်ပြလိုက်ရင်း မိုးချုန်းသံကြီးအလား ဟိန်းဟောက်လိုက်သည်။ “ကျောက်သလင်း မှော်အမြောက်တွေ အားလုံး… ချိန်ရွယ်ထားကြစမ်း။”
“ကျောက်သလင်း လေယာဉ်ပစ် အမြောက်တပ်ဖွဲ့တွေ အားလုံး… အသင့်ပြင်ထားကြ။”
ကျောက်သလင်း လေယာဉ်ပစ် မှော်အမြောက်တပ်ဖွဲ့… ထိုအမည်မှာ အနည်းငယ် ခြောက်ခြားစရာ ကောင်းနေသည်။
ဤလေယာဉ်ပစ် လက်နက်၏ အကြံဉာဏ်မှာ ထိုစဉ်က သခင်လေး ဖန်းချန်ထံမှ ရရှိခဲ့ခြင်းဖြစ်သော်ငြား ယခုအခါ အကြိမ်များစွာ အဆင့်မြှင့်တင်ပြီး ဖြစ်၏။ ပထမအချက်အနေဖြင့် လေယာဉ်ပစ် အမြောက်တပ်ဖွဲ့တိုင်းမှာ ရွေ့လျားသွားလာနိုင်စွမ်း ရှိကြသည်။
လေယာဉ်ပစ် အမြောက်တိုင်း၌ သေးငယ်သော ပြောင်းဝ ၃၉ ခုစီ ပါရှိကြ၏။ ပြောင်းဝတစ်ခုချင်းစီ၏ အရွယ်အစားမှာ ၂၀ မီလီမီတာထက် မပိုချေ။
လက်နက်တစ်လက်ချင်းစီသည် တစ်စက္ကန့်လျှင် အမြောက်ဆန်ငယ် အလုံး ၂၀၀ ကျော်အထိ ပစ်ခတ်နိုင်စွမ်း ရှိသည်။
ယခုတစ်ကြိမ် တုပိုင် ယူဆောင်လာသော ထိုလေယာဉ်ပစ် အမြောက်အရေအတွက်မှာ အလက် ၅၀၀ အထိပင် ရှိနေ၏။ သိသာလှစွာပင် ဤကဲ့သို့သော လေယာဉ်ပစ် လက်နက်များမှာ ခေတ်နောက်ကျနေလေပြီ။
အဘယ်ကြောင့်ဆိုသော် အရှေ့ဘက် ပြည်ထောင်စု အင်ပါယာနှင့် တာ့နင်အင်ပါယာတို့မှ ဘုန်းတော်ကြီးများ၏ အကူအညီဖြင့် မှော်ဆရာတပ်ဖွဲ့သည် လေဆာ လေယာဉ်ပစ် အမြောက်ဟုခေါ်သော လေယာဉ်ပစ် လက်နက်သစ်တစ်မျိုးကို ဖန်တီးနိုင်ခဲ့သောကြောင့်ပင်။
လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က အနီရောင် ကျောက်သလင်း ကိရိယာမှနေ၍ လေဆာအလင်းတန်းများ ထုတ်လွှတ်နိုင်ခဲ့သော်ငြား စွမ်းအားမှာ အလွန်ပင် နည်းပါးလွန်းခဲ့၏။
သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်က ထိုပြဿနာကို နောက်ဆုံး၌ ဖြေရှင်းနိုင်ခဲ့ပြီး ၊ အနီရောင် ကျောက်သလင်း စွမ်းအင်ကိရိယာအား အသုံးပြုကာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်နိုင်စွမ်း ၊ ပြင်းထန်သော အားနှင့် အပူချိန် မြင့်မားလှသည့် လေဆာများ ထုတ်လွှတ်နိုင်ရန် ဖန်တီးနိုင်ခဲ့၏။
ထိုလက်နက်ကို လေကြောင်းရန် ကာကွယ်ရေးအတွက် အသုံးပြုပါက တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်သည့် စွမ်းအားမျိုး ရှိနေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၌ ထိုလေဆာ လေယာဉ်ပစ် စွမ်းအင်အမြောက်များသာ မရှိခဲ့ပါက လူသားမဟာမိတ်တပ်ပေါင်းစုသည် မြေအောက်ကမ္ဘာ စစ်တပ်၏ ပျံသန်းနိုင်သော သားရဲများ လက်ချက်ဖြင့် ဒါဇင်နှင့်ချီ၍ မျိုးပြုတ်သွားလောက်ပြီ ဖြစ်၏။
**--**--**--**--**--**--**--**
ထိုက်ခန်အင်ပါယာ မြို့တော်၏ မြောက်ဘက် မီတာ ၁၃,၀၀၀ အကွာ၌… လေလွှင့်မဟာမိတ်အဖွဲ့၏ အမြောက် အလက် နှစ်ထောင် ၊ ဒုံးကျည် ရာပေါင်းများစွာနှင့် ဒုံးပျံတင်ယာဉ် ရာပေါင်းများစွာတို့သည် သူတို့၏ ပစ်မှတ်များ အသီးသီး ချိန်ရွယ်ပြီးသွားကြပြီ ဖြစ်၏။
ဒုံးခွင်းဒုံး စနစ်များ အားလုံးသည်လည်း အချိန်မရွေး ပစ်ခတ်နိုင်ရန် အသင့်အနေအထား၌ ရှိနေကြသည်။
လေလွှင့်စစ်သေနာပတိ ယန်ထော်က သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုကို မနည်း ထိန်းချုပ်ထားလိုက်ရသည်။
နှစ်နာရီ… နှစ်နာရီခန့်သာ ကြာမည်။ ထိုနှစ်နာရီအတွင်း တုပိုင်၏ မြို့တော်ကို မြေလှန်ပစ်နိုင်ပြီး သူတို့အားလုံးကို အမြောက်ဆန်များဖြင့် အမှုန့်ကြိတ်ပစ်နိုင်တော့လေမည်။
လူသားအင်ပါယာ၏ ဧကရာဇ်သရဖူကို ရယူရန်မှာ တကယ့်ကို လွယ်ကူလှ၏။ ယန်ထော်၏ မျက်လုံးများထဲ၌ ရက်စက်မှုများဖြင့် ပြည့်နှက်သွားလေပြီး လက်ကို ဝှေ့ယမ်းကာ သွေးဆာနေသည့် အသံဖြင့် ကြုံးဝါးလိုက်၏။
“ပစ်စမ်း။ တုပိုင်ရဲ့ မြို့တော်ကို ပြာကျသွားတဲ့အထိ ဖောက်ခွဲပစ်စမ်းးးးး။”
ထိုအခိုက် အလွန် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှပြီး အံ့မခန်း မှင်တက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာတော့၏။
“ရွှစ်… ရွှစ်… ရွှစ်… ရွှစ်…”
ရှေ့တန်းစစ်မျက်နှာပြင်နှင့် ကီလိုမီတာ ၁၀၀ ကွာဝေးသော ဒုံးကျည်စခန်းမှနေ၍ တာတိုပစ်ဒုံးကျည် ရာပေါင်းများစွာသည် လေထုကိုခွင်းကာ ပျံသန်းထွက်ပေါ်လာကြသည်။
တကယ်တမ်း၌ ဤမျှလောက် အကွာအဝေးမျိုး၌တွင် ဒုံးကျည်များကို သုံးစရာပင် မလိုသော်ငြား ဒုံးကျည်များ၏ ဖျက်ဆီးနိုင်စွမ်းမှာမူ အလွန် ကြီးမားလှ၏။
ချက်ချင်းဆိုသလိုပင် ဒုံးပျံတင်ယာဉ် ရာပေါင်းများစွာတို့သည်လည်း ရူးသွပ်စွာ စတင် ပစ်ခတ်လာကြတော့၏။
အမြီး၌ ရှည်လျားသော မီးတောက်များဖြင့် ထောင်နှင့်ချီသော ဒုံးပျံများသည် ထိုက်ခန်အင်ပါယာ မြို့တော်ဆီသို့ ဦးတည်ပျံသန်းလာကြသည်။ အဆုံး၌ အမျိုးအစားစုံလင်သော အမြောက် အလက် နှစ်ထောင်နီးပါးခန့်သည်လည်း တစ်ပြိုင်နက်တည်း ပစ်ခတ်လာကြတော့၏။
စတုရန်းကီလိုမီတာ ဆယ်ဂဏန်းနီးပါး ကျယ်ဝန်းသော အမြောက်စခန်းကြီး၌ အံ့မခန်းဖွယ် မီးတောက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ တကယ့်ကို ကမ္ဘာမြေကြီး တုန်ဟည်းသွားစေလောက်အောင် ပြင်းထန်လျက် ရှိနေတော့သည်။
အမြောက်ဆန် နှစ်ထောင်ခန့် ၊ ဒုံးကျည် ရာပေါင်းများစွာနှင့် ဒုံးပျံ ထောင်ပေါင်းများစွာတို့သည် ထိုက်ခန်အင်ပါယာ မြို့တော်ဆီသို့ ဦးတည်ပျံသန်းလာကြ၏။ ဤသည်မှာ ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားမျိုး ဖြစ်လေသည်။ ဤသည်ကသာလျှင် အမြောက်များဖြင့် မြေလှန်ပစ်ခြင်း အစစ်အမှန်ဖြစ်ပြီး ဧရာမ မြို့တော်ကြီးတစ်ခုလုံးကို မြေလှန်ပစ်ရန် တကယ့်ကို လုံလောက်နေလေပြီ။
မြို့စားမင်း ကျီရှီကမူ မျက်နှာသေဖြင့်သာ ရှိနေပြီး ရန်သူကို ဦးစွာပစ်ခတ်ခွင့် ပေးထားလိုက်၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၈၃ + ၉၈၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။