အခန်း (၉၈၇-၉၈၈)
Vol. 99 Ch. 987-988
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၈၇ + ၉၈၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
လွန်ခဲ့သော နာရီဝက်ခန့်က အောင်ပွဲကို အလွယ်တကူ ရရှိတော့မည်ဟု သူတို့ ထင်မှတ်ခဲ့ကြ၏။ လူသားအင်ပါယာ၏ ဧကရာဇ်ရာထူးသည် လက်တစ်ကမ်းအလို၌သာ ရှိနေပြီး အလွယ်တကူ ဆုပ်ကိုင်နိုင်တော့မည်ဟု ခံစားခဲ့ရသည်။ သူတို့၏ ကြွားလုံးများက ယခုတိုင် ကွင်းကွင်းကွက်ကွက် ရှိနေဆဲပင်။
တစ်နာရီအတွင်း တုပိုင်၏ ချည့်နဲ့နေသော အိုနာကျိုးကန်း စစ်တပ်ကြီး လုံးဝကျရှုံးသွားမည်ဖြစ်ပြီး ၊ ထိုက်ခန်အင်ပါယာ မြို့တော်ကြီး အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု အာချောင်ခဲ့ကြ၏။ သို့သော် ယခု ဆယ့်ငါးမိနစ်သာ ကြာမြင့်သေးချိန်၌ သူတို့၏ အဝေးပစ် လက်နက်ကြီးများအားလုံး အပြတ်အသတ် ချေမှုန်းခံလိုက်ရလေပြီ။
မှန်ပေသည်။ သူတို့ထံ၌ သန်းနှင့်ချီသော စစ်သည်များ ၊ ရာနှင့်ချီသော တင့်ကားများနှင့် ရဟတ်ယာဉ်များအပြင် ၊ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ် အများအပြား ကျန်ရှိနေသေး၏။
သို့သော်... ဒုံရင်းက ဒုံရင်းသာ ဖြစ်သည်။
အမြောက်ပစ်ခတ်မှုများအောက်၌ ထိုစစ်တပ်များက အသုံးဝင်တော့မည် မဟုတ်ချေ။ မည်သည့် လေယာဉ် ၊ ရဟတ်ယာဉ်ကမှ ထိုက်ခန်အင်ပါယာ၏ မြို့တော်ပေါ်သို့ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် တုပိုင်၏ အမြောက်အောက်၌ တင့်ကားများမှာလည်း ရွေ့လျားနေသော သံအခေါင်းကြီးများထက် ပိုမည်မဟုတ်ချေ။ သံချပ်ကာများ မည်မျှပင် ထူထဲနေပါစေ ကျောက်သလင်း မှော်အမြောက်ဆန်များက အလွယ်တကူပင် အပိုင်းပိုင်းအစစ ဖောက်ထွင်းဖျက်ဆီးပစ်လိုက်မည်သာ ဖြစ်၏။
ယန်ထော်နှင့် ယန်ကျူးတို့ သားအဖနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ မည်သည်ကို ဆက်လုပ်ကြရမည်နည်း။ အရှက်တကွဲ ဆုတ်ခွာရတော့မည်လော။ လေလွင့်မဟာမိတ်အဖွဲ့၏ သန်းနှင့်ချီသည့် စစ်တပ်ကြီးသည် မိုင်တစ်ရာကျော် အကွာအဝေးအတွင်း၌ ရှိနေ၏။
အချိန်ကပ်လွန်းခြင်းနှင့် ရန်သူကို အထင်သေးခြင်းတို့ကြောင့် ကတုတ်ကျင်းများပင် မတူးကြရသေးပေ။
စစ်သေနာပတိငယ် ယန်ကျူးက ဖခင်ဖြစ်သူ၏ ပခုံးကို ဆုပ်ကိုင်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ “အဖေ... စိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ တော်တော်များများက မိုင်ရာချီဝေးတဲ့ နေရာမှာ ရှိနေကြတာလေ။ တုပိုင်ရဲ့ အမြောက်တွေက အဲဒီလောက်အထိ လှမ်းမမီနိုင်ပါဘူး...။”
သို့သော် နောက်တစ်စက္ကန့်၌ပင်...
"ရွှစ်... ရွှစ်... ရွှစ်..."
တုပိုင်၏ ကျောက်သလင်း မှော်အမြောက် ၉၀၀ က ထပ်မံ ပစ်ခတ်လိုက်ပြန်သည်။
ရာနှင့်ချီသော အမြောက်ဆန်များသည် ကောင်းကင်ယံ၌ ကြယ်ကြွေမိုးများအလား တောက်ပစွာ ဖြတ်သန်းသွားပြီး လေလွင့်မဟာမိတ်အဖွဲ့၏ ခေါင်းပေါ်မှ ကျော်လွန်ပျံသန်းသွားကြ၏။
စက္ကန့်နှစ်ဆယ်ခန့် ကြာပြီးနောက်တွင်မူ...
"ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးးး"
ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာတော့သည်။
“စစ်သေနာပတိချုပ်... ကျွန်တော်တို့ရဲ့ ဒုံးကျည်စခန်းတွေ ရန်သူ့အမြောက်တွေနဲ့ အပစ်ခံလိုက်ရပါပြီ။ အကျအဆုံး အရမ်းများပါတယ်။ အကျအဆုံးကတော့..."
ထို့နောက် ဆက်သွယ်ရေးစက်ထဲမှ အသံများ လုံးဝ ပျောက်ကွယ်သွားတော့၏။ ကီလိုမီတာ တစ်ရာကျော် အကွာအဝေး၌ ရှိနေသော လေလွင့်မဟာမိတ်အဖွဲ့၏ ဒုံးကျည်တပ်စခန်းများ ပျက်စီးသွားပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။ အဖိုးတန်လှသော ဒုံးကျည်တပ်ဖွဲ့ကြီး အပြတ်အသတ် ချေမှုန်းခံလိုက်ရပြီး အလဟဿ ပြာကျသွားလေပြီ။ လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိ သားအဖနှစ်ယောက်လုံး၏ မျက်နှာများမှာ စိမ်းဖပ်သွားကြတော့၏။
အလှမ်းမမီနိုင်ဟု ယခုလေးတင် ပြောဆိုထားသော်လည်း ကီလိုမီတာ တစ်ရာကျော် ဝေးသော ဒုံးကျည်စခန်းများကို တိုက်ရိုက် ဖျက်ဆီးပြလိုက်ပြီ ဖြစ်သည်။
ဤသည်က မည်သည်ကို သက်သေပြနေသနည်း။ လေလွင့်မဟာမိတ်အဖွဲ့၏ သန်းနှင့်ချီသော စစ်တပ်ကြီးသည် တုပိုင်၏ အမြောက်ကွန်ရက်အတွင်း၌ ရှိနေပြီး မည်သည့် အကာအကွယ်မျှ မရှိတော့ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်၏။
ယန်ကျူး၏ မျက်နှာမှာ ဖြူရော်သွားလေပြီး ဖခင်ဖြစ်သူအား စိုးရိမ်တကြီး ကြည့်လိုက်၏။ "အဖေ... ကျွန်တော်တို့ ဆုတ်ကြတော့မလား။"
တုပိုင်သာ အမြောက်များဖြင့် ထပ်မံပစ်ခတ်လိုက်ပါက သူတို့၏ လေလွင့်မဟာမိတ်တပ်ကြီး လုံးဝ မျိုးသုဉ်းသွားတော့မည် ဖြစ်၏။
အမြောက်များလည်း ကုန်ပြီ။ ဒုံးကျည်များလည်း ကုန်ပြီ။ လက်ထဲရှိ စစ်တပ်ကြီးပါ ထပ်မံပျက်စီးသွားပါက သူတို့ထံ၌ တကယ်ကို မည်သည်မှ ကျန်တော့မည် မဟုတ်ပေ။ သို့သော် မိစ္ဆာဘုရင်၏ အမိန့်မပါဘဲ သူတို့ မည်သို့ဝံ့ရဲစွာ ဆုတ်ခွာနိုင်မည်နည်း။
**--**--**--**--**--**--**--**
ထိုအချိန်၌ မဝေးလှသော ကောင်းကင်ယံထက်၌ ကံကြမ္မာ မိစ္ဆာသခင်၏ တမန်တော်သည် မြင်းပျံတစ်ကောင်ကို စီးနင်းလျက် ဝဲပျံနေကာ စစ်မြေပြင် အခြေအနေ အရပ်ရပ်ကို ကျောက်ယန်ဖိန်ထံသို့ အသေးစိတ် သတင်းပို့နေ၏။
တမန်တော်က မြင်းပျံပေါ်မှနေ၍ အရိုအသေပေးရင်း ဦးညွှတ်လိုက်သည်။ “သခင်... လေလွင့်မဟာမိတ်အဖွဲ့ရဲ့ အဝေးပစ်လက်နက်တွေ အားလုံး ချေမှုန်းခံလိုက်ရပါပြီ။”
ကံကြမ္မာ မိစ္ဆာသခင် ကျောက်ယန်ဖိန်က အံ့အားသင့်သွားသည်။ “ဒီလောက်တောင် မြန်သလား။”
တမန်တော်က ခေါင်းညိတ်ပြလိုက်၏။ “ဆယ့်ငါးမိနစ်လေးပဲ ကြာလိုက်ပါတယ်။ လေလွင့်မဟာမိတ်အဖွဲ့ရဲ့ အမြောက်တွေ ၊ ဒုံးကျည်တွေနဲ့ ဒုံးပျံတွေ အားလုံးကို တုပိုင်က ဖျက်ဆီးပစ်လိုက်ပါပြီ။”
ကျောက်ယန်ဖိန်၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ပေါ်လာပြီး တဟားဟား ရယ်မောလိုက်တော့သည်။
“ကောင်းလိုက်တာ။”
တမန်တော်က ရိုကျိုးစွာ ထပ်မံခေါင်းညိတ်လိုက်သည်။ “သခင် ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ တုပိုင်မှာ ဝှက်ဖဲတွေရှိတယ်။ သူ့ရဲ့ ဝှက်ဖဲတွေက အရမ်း အစွမ်းထက်တဲ့ လျှပ်စစ်သံလိုက်အမြောက်တွေနဲ့ လေယာဉ်ပစ်အမြောက်တွေပါ။ သခင်က လေလွင့်မဟာမိတ်အဖွဲ့ကို အသေခံတပ်သားတွေအဖြစ် သုံးပြီး တုပိုင် ဖုံးကွယ်ထားတဲ့ လက်နက်တွေကို ထုတ်သုံးလာအောင် လုပ်လိုက်တာပဲ။”
ကျောက်ယန်ဖိန်ကမူ အထင်တသေးလှောင်ပြောင်သော အပြုံးဖြင့် ပြုံးလိုက်၏။ လူသားများသည် အလွန်တရာ မိုက်မဲလွန်းလှ၏။ အနည်းငယ် မြှောက်ပင့်ပေးလိုက်ရုံဖြင့် အချင်းချင်း သတ်ဖြတ်ရန် မစောင့်နိုင်မဆိုင်းနိုင် ဖြစ်နေကြတော့သည်။
တမန်တော်က စစ်မြေပြင်ကို သေချာစွာ အကဲခတ်လိုက်သည်။ “ဒါပေမဲ့ တပည့် တွေ့ရသလောက် တုပိုင်ရဲ့ လျှပ်စစ်သံလိုက်အမြောက်တွေက စက်ယန္တရားတွေအပေါ်မှာပဲ ပြင်းထန်တဲ့ ထိရောက်မှုရှိတာ။ ရုပ်သေးတပ်မတော်အပေါ်မှာတော့ သိပ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး။ ဒီတိုက်ပွဲမှာ မသေမျိုးတပ်မတော် ဝင်ပါစရာတောင် မလိုပါဘူး။ ရုပ်သေးမျိုးနွယ်စု ငါးသန်းကပဲ တုပိုင်ကို သတ်ဖြတ်နိုင်စွမ်း ရှိပါတယ်။”
ဤသည်က အကောင်းဆုံးပင်။ အကြောင်းမူကား ထိုက်ခန်အင်ပါယာ မြို့တော်ထဲရှိ သိန်းနှင့်ချီသော လူများမှာ ရုပ်သေးတပ်မတော်၏ သတ်ဖြတ်ခြင်းကိုသာ ခံရပါက လတ်ဆတ်သော အသားများအဖြစ် ကျန်ရှိနေဦးမည်ဖြစ်ပြီး အသစ်ပေါက်ဖွားလာမည့် မိစ္ဆာများကို အစာကျွေးရန် အသုံးပြုနိုင်ဦးမည် ဖြစ်သည်။
သို့သော် သုံးဆယ့်ငါးသန်းသော မသေမျိုးတပ်မတော်ကိုသာ ဝင်ရောက်ခွင့်ပြုလိုက်ပါက အသားစအသားနပင် ကျန်မည်မဟုတ်ဘဲ သွေးပုပ်ရွှံ့အိုင်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့မည် ဖြစ်၏။
မြို့တော်ထဲရှိ သိန်းနှင့်ချီသော ပြည်သူများသည် မသေမျိုးတပ်မတော် သွားကြားညှပ်ရန်ပင် လောက်ငမည် မဟုတ်ချေ။
မိစ္ဆာသခင် ကျောက်ယန်ဖိန်က အေးစက်စက် လှောင်ပြုံး ပြုံးလိုက်ရင်း လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “ရုပ်သေးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီး တာကို အမိန့်ပေးလိုက်စမ်း။ တုပိုင်ကို ချေမှုန်းပြီး မြို့တော်ထဲက လူတွေ အားလုံးကို သတ်ပစ်စေ။”
တမန်တော်က ရိုသေကိုင်းရှိုင်းစွာဖြင့် အောက်ခြေအထိ ဦးညွှတ်လိုက်သည်။ “အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်။ သခင် သတင်းကောင်းကိုသာ စောင့်နေလိုက်ပါ။ ဒီနေ့အတွင်းမှာပဲ တုပိုင်ရဲ့ စစ်တပ် ပျက်စီးသွားပြီဆိုတဲ့ သတင်းကို ကြားရပါလိမ့်မယ်။”
**--**--**--**--**--**--**--**
လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ်မှာ ဆုတ်ခွာရမည်လား။ ဆက်နေရမည်လားကို မဝေခွဲနိုင်ဘဲ အကျပ်ရိုက်နေတော့၏။
ထိုစဉ် စစ်သေနာပတိငယ် ယန်ကျူးက သက်ပြင်းတစ်ချက် ချလိုက်မိသည်။ “အဖေ... တုပိုင်က ဆက်ပစ်မယ့်ပုံ မပေါ်တော့ဘူးနော်။”
အမှန်ပင်... လေလွင့်မဟာမိတ်အဖွဲ့၏ ဒုံးကျည်စခန်းများကို ဖျက်ဆီးပြီးနောက်၌ တုပိုင်၏ ကျောက်သလင်း မှော်အမြောက်များ ပစ်ခတ်မှု ရပ်တန့်သွားပြီ ဖြစ်၏။
ယန်ကျူး၏ မျက်နှာထက်တို့၌ ယုံကြည်ချက်များ ပြန်လည်ရောက်ရှိလာပြီး ပြုံးလိုက်သည်။ “ကျွန်တော် သိပြီ။ ကျွန်တော်တို့ လေလွင့်မဟာမိတ်တပ်ဖွဲ့ဝင်တွေ အားလုံးဟာ လူသားတွေလေ။ ကမ္ဘာပျက်ကပ်ကာလမှာ လူသားအရေအတွက်က အင်မတန် နည်းပါးနေပြီဆိုတော့ တုပိုင်က အချင်းချင်း မသတ်ချင်တော့တာ ဖြစ်ရမယ်။ သူ ကျွန်တော်တို့ကို လွှတ်ပေးချင်နေတာပဲ။”
ထိုအချိန်၌ပင် ထိုက်ခန်အင်ပါယာ၏ ပထမ စစ်သေနာပတိ လီစစ်စစ်က ထပ်မံထွက်ပေါ်လာပြီး ရန်သူများအား အေးစက်စွာ စိုက်ကြည့်လိုက်၏။ “စစ်သေနာပတိ ယန်ထော်... အရှင်မင်းကြီးက မျိုးနွယ်တူ အချင်းချင်း သွေးမြေမကျချင်ဘူးတဲ့။ ဒါကြောင့် ရှင့်တို့ကို လွတ်လမ်းတစ်ခု ပေးလိုက်မယ်။ ရှင့်ရဲ့ စစ်တပ်ကိုခေါ်ပြီး အခုချက်ချင်း ဆုတ်ခွာထွက်ပြေးကြတော့။ ပိုဝေးဝေး ပြေးနိုင်လေ ပိုကောင်းလေပဲ။”
ယန်ထော်၏ မျက်နှာကြွက်သားများမှာ တဆတ်ဆတ် တုန်ယင်လာကာ တွန့်လိမ်သွားရ၏။
“ငါ ငါးကနေ တစ်အထိ ရေတွက်မယ်။ အကယ်၍ ရှင်သာ ဆုတ်ခွာဖို့ အမိန့်မပေးဘူးဆိုရင်တော့... အရှင်မင်းကြီးက ရှင့်တို့ လေလွင့်စစ်တပ် အားလုံးကို အပြတ်ရှင်းဖို့ အမိန့်ပေးလိမ့်မယ်။”
“ငါး”
“လေး”
“သုံး”
“နှစ်”
လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ်မှာ အံကို တင်းတင်းကြိတ်လိုက်ရ၏။ “ငါတို့... ဆုတ်ကြမယ်။”
ထို့နောက် ဆက်သွယ်ရေးစက်ကို ကြမ်းတမ်းစွာ ဆွဲယူလိုက်ပြီး အသံကုန် ဟိန်းဟောက်လိုက်၏။ “တိုက်ခိုက်ရေး တပ်ဖွဲ့တွေ အားလုံး... နောက်လှည့်ပြီး ဆုတ်ခွာကြစမ်း။”
ချက်ချင်းဆိုသလိုပင် လေလွင့်မဟာမိတ်တပ်ကြီးမှာ စတင်ဆုတ်ခွာကြတော့သည်။
ပထမ စစ်သေနာပတိ လီစစ်စစ်သည်လည်း ဖုန်တလုံးလုံး ထလျက် ဆုတ်ခွာသွားသော ရန်သူများကို ကြည့်ရင်း ရင်ထဲ၌ စိတ်မကောင်းဖြစ်မှုများနှင့် ဒေါသများ ပြည့်နှက်နေတော့၏။
ကမ္ဘာပျက်ကပ်ကြီးအတွင်း လူသားမျိုးနွယ်၏ လက်ကျန်အရေအတွက်သည် စုစုပေါင်း သန်း ၂၀ ပင် မပြည့်တော့ချေ။ ရှေ့မှောက်ရှိ သန်းနှင့်ချီသော လေလွင့်တပ်ဖွဲ့ဝင်များမှာ မည်သို့ပင်ဖြစ်စေ လူသားများသာ ဖြစ်ကြ၏။ သူတို့ကိုသာ အပြတ်အသတ် ရှင်းလင်းလိုက်မည်ဆိုပါက ရန်သူဖြစ်လင့်ကစား ကိုယ့်ဆွေမျိုးသားချင်းများကိုပါ သတ်ဖြတ်လိုက်ရသည်နှင့် တူနေပေလိမ့်မည်။
သို့သော် ထိုအချိန်၌ပင် အနောက်ဘက် အရပ်ဆီမှ ဖုန်လုံးကြီးများက ရုတ်တရက် ကောင်းကင်ယံအထိ ထောင်းခနဲ ထလာတော့၏။ ထို့နောက် မြေပြင်ကြီးပင် ငလျှင်လှုပ်သကဲ့သို့ ပြင်းထန်စွာ စတင်တုန်ခါလာတော့သည်။
လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိ ယန်ထော်တစ်ယောက် ဝမ်းသာအားရ ဖြစ်သွားလေတော့၏။
ရုပ်သေးမျိုးနွယ်စု၏ ငါးသန်းသော တပ်မတော်ကြီး ရောက်ရှိလေပြီ။
ချက်ချင်းဆိုသလိုပင် သူ၏ မျက်နှာထက်၌ အောင်နိုင်သူတစ်ဦး၏ အပြုံးမျိုး ပေါ်ပေါက်လာပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ “တပ်မတော်တစ်ခုလုံး... ဆုတ်ခွာတာကို ရပ်တန့်လိုက်စမ်း။”
ထိုက်ခန်အင်ပါယာ၏ ပထမ စစ်သေနာပတိ လီစစ်စစ်သည်တော့ မျက်မှောင်ကြုတ်သွားရသည်။ “ယန်ထော်... ဒါ ဘာသဘောလဲ။ အရှင်မင်းကြီးက သဘောထားကြီးကြီးနဲ့ အသက်ချမ်းသာပေးနေတာကို ရှင်တို့က သေချင်နေကြတာလား။”
စစ်သေနာပတိငယ် ယန်ကျူးက ကောင်းကင်သို့ မော့ကာ တဟားဟား လှောင်ရယ်လိုက်သည်။ “ဟားဟားဟား... သေရမှာက မင်းတို့ကွ။ ရုပ်သေးမျိုးနွယ်စုရဲ့ စစ်တပ်ကြီး ရောက်လာပြီ။ တုပိုင်ရဲ့ နိဂုံးချုပ်ချိန် ရောက်လာပြီ။ မင်းတို့ရဲ့ နိဂုံးချုပ်ချိန်လည်း ရောက်လာပြီပဲ။”
ယန်ကျူးက လီစစ်စစ်အား လက်ညှိုးငေါက်ငေါက်ထိုးကာ လှောင်ပြုံးဖြင့် စိုက်ကြည့်လိုက်သည်။ “မင်းတို့ရဲ့ အမြောက်တွေက အရမ်း အစွမ်းထက်ပါတယ်။ အထူးသဖြင့် မင်းတို့ရဲ့ အမြောက်ကွန်ရက်ကြီးက ကောင်းကင်ကိုတောင် အာခံနိုင်တယ်။ ဒါပေမဲ့ ရုပ်သေးမျိုးနွယ်စုရဲ့ တပ်မတော် ငါးသန်းရှေ့မှာတော့ အဲဒါတွေက အသုံးမဝင်တော့ဘူး။ မင်းတို့မှာ သေလမ်းပဲ ရှိတော့တယ်။ သေလမ်းပဲ ရှိတော့တယ်ကွ။ ဟားဟားဟား”
ယန်ထော်၏ စိတ်ထဲတွင်မူ ခံစားချက်များဖြင့် အလွန်ရှုပ်ထွေးနေ၏။ အစပိုင်း၌ သူသည် ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိကို မရောက်လာစေချင်ပေ။ တုပိုင်အား ချေမှုန်းသည့် အောင်ပွဲကို သူတစ်ယောက်တည်း သိမ်းပိုက်လိုပြီး လူသားအင်ပါယာ၏ ဧကရာဇ်သစ် ဖြစ်လာရန် လိုလားခဲ့သည်။ သို့သော် ယခု ထိုမျှော်လင့်ချက်များ စိစိညက်ညက် ကြေမွသွားပြီဖြစ်ရာ ရုပ်သေးတပ်မတော်က တုပိုင်အား သတ်ဖြတ်နိုင်ရန်သာ သူ မျှော်လင့်နေမိတော့၏။
ယန်ကျူး၏ မျက်ဝန်းတို့သည် ရူးသွပ်မှုများဖြင့် နီရဲနေလျက်ရှိပြီး အရူးတစ်ယောက်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ “တုပိုင်ဆိုတဲ့ ခွေးကောင်ကို ပြန်ပြောလိုက်စမ်း... သေဖို့ စောင့်နေစမ်းလို့။ သေဖို့သာ စောင့်နေစမ်းလို့။ ရုပ်သေးတပ်မတော်က မင်းတို့ရဲ့ ကံကြမ္မာဆိုးပဲ။ မသေမျိုးတပ်မတော်ကြီးက ဝင်ပါစရာတောင် မလိုဘူး။ မင်းတို့ အားလုံး သေရလိမ့်မယ်။ အလောင်းတောင် ကျန်မှာ မဟုတ်ဘူးကွ။”
ယန်ထော်က သူ၏ ဓားကို ဆွဲထုတ်လိုက်ကာ ပြတ်သားစွာ ဟစ်ကြွေးလိုက်၏။ “တပ်မတော်တစ်ခုလုံး ရုပ်သေးမျိုးနွယ်စုတပ်တွေနဲ့ ပူးပေါင်းဖို့ အသင့်ပြင်ထားကြ။ အခွင့်အရေးရတာနဲ့ တုပိုင်ရဲ့ တပ်တွေကို သတ်ပြီး ထိုက်ခန်အင်ပါယာ မြို့တော်ကို သိမ်းပိုက်ကြမယ်။”
ချက်ချင်းဆိုသလိုပင် သန်းနှင့်ချီသော လေလွင့်တပ်ကြီးမှာ နောက်သို့ ပြန်လှည့်လာကြပြီး ထိုက်ခန်အင်ပါယာ မြို့တော်ဆီထံ ချဉ်းကပ်လာကြတော့သည်။ သူတို့သည် အခွင့်ကောင်းယူကာ တုပိုင်အား ရုပ်သေးမျိုးနွယ်စုတပ်များနှင့်အတူ ညှပ်ပိတ်တိုက်ခိုက်ရန် အသင့်ပြင်ထားကြ၏။
**--**--**--**--**--**--**--**
တုပိုင်ကမူ နန်းတော်၏ အမြင့်ဆုံးနေရာ၌ ရပ်ကာ အနောက်ဘက်သို့ ကြည့်နေလျက်ရှိသည်။ မြင်ကွင်းကမူ တကယ်ကို ကြက်သီးမွေးညင်း ထစရာပင် ကောင်းလှ၏။
ယခင်က ပြောခဲ့သည့်အတိုင်းပင် စစ်မြေပြင်တစ်ခုတည်း၌ တပ်သားတစ်သန်းကို တစ်ပြိုင်နက် ချထားရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သလို ဖြစ်နိုင်ပါကလည်း တစ်သန်းလုံးအား တစ်ကြိမ်ထဲ အသုံးပြု၍ ရမည်မဟုတ်ချေ။
သို့သော် ထိုသည်က လူသားစစ်တပ်ဖြစ်မှသာ ဖြစ်၏။
ယခု မျက်မှောက်၌ တွေ့မြင်နေရသည့် ရုပ်သေးတပ်မတော်သည် လူသားစစ်တပ် မဟုတ်သည်ကတော့ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။ သူတို့ အားလုံးက မျိုးဗီဇပြောင်း သားရဲများသာ ဖြစ်ကြ၏။
မျိုးဗီဇပြောင်း ဝံပုလွေများ ၊ ခွေးများ ၊ ခြင်္သေ့ကျားများ ၊ ကင်းခြေများများ ၊ ကင်းမြီးကောက်များ ၊ မြွေများ ၊ လင်းနို့များနှင့် လေဟုန်စီး သိမ်းငှက်နက်များ စသည်ဖြင့်... မရေမတွက်နိုင်သော သားရဲဆန်းများ အစုံအလင် ပါဝင်ကြသည်။ မြေပြင်မှစ၍ ကောင်းကင်ယံအထိ မြင်ကွင်းအပြည့် မည်းမှောင်သိပ်သည်းနေကာ မိုင်တစ်ရာနီးပါးခန့်ရှိသော မြေပြင်တစ်ခုလုံးသည် မျိုးဗီဇပြောင်း သားရဲဆန်းများဖြင့် ဖုံးလွှမ်းနေတော့သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၈၇ + ၉၈၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။