← Chapters

အခန်း (၉၈၉-၉၉၀)

Vol. 99 Ch. 989-990

အခန်း (၉၈၉-၉၉၀)

Vol. 99 Ch. 989-990

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၈၉ + ၉၉၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

အစပိုင်း၌ ငါးသန်းဆိုသည်မှာ ချဲ့ကားပြောဆိုထားခြင်းဟုသာ တုပိုင် ထင်မှတ်ခဲ့၏။ ယခုမူ ရှေ့မှောက်ရှိ ရုပ်သေးတပ်မတော်မှာ ငါးသန်းထက်ပင် များနေနိုင်သည်။

ဤသည်မှာ ရုပ်သေးတပ်မတော်ဆိုသည်ထက် မျိုးဗီဇပြောင်း သားရဲတပ်မတော်ကြီးနှင့်သာ ပို၍တူနေသည်။

ဤသားရဲများကို အဘယ်ကြောင့် ရုပ်သေးတပ်မတော်ဟု ခေါ်ဆိုရသနည်းကို မကြာမီ၍ပင် တုပိုင် နားလည်သွား၏။ သန်းနှင့်ချီသော ဤမျိုးဗီဇပြောင်း သားရဲများအားကို စိတ်ဝိညာဉ်ဆရာသခင်များက ထိန်းချုပ်ထားသောကြောင့်ပင် ဖြစ်သည်။

ကောင်းကင်ယံမှ ငုံ့ကြည့်လိုက်ပါက ငါးသန်းသော ရုပ်သေးတပ်မတော်ကြီးသည် အမှောင်ဒီရေလှိုင်းကြီးအလား ရွာများနှင့် မြို့များကို လွှမ်းမိုးဖုံးအုပ်ထားသည်ကို တွေ့မြင်ရလေမည်။

ကောင်းကင်နှင့် မြေပြင်ပင် အရောင်ပြောင်းသွားရ၏။ စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော နေရာအနှံ့အပြားကို သားရဲဆန်းများက လွှမ်းခြုံထားလျက် ရှိနေတော့သည်။

ဤရုပ်သေးတပ်မတော်ကြီး ဖုံးလွှမ်းထားသည့် ဧရိယာသည် ထိုက်ခန်အင်ပါယာ မြို့တော်ထက်ပင် အဆပေါင်းများစွာ ကျယ်ဝန်းနေသေး၏။ အနောက်ဘက် မြို့ရိုးကာကွယ်ရေးကို တာဝန်ယူထားသော မြို့စားမင်း ဖူဟုန်ပင်းသည်လည်း ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် ထိတ်လန့်သွားရတော့သည်။

တာ့နင်အင်ပါယာ၏ ဟင်းလင်းပြင် မြေအောက်ကမ္ဘာ စစ်မြေပြင်၌ပင် ဤမျှများပြားလှသော ရန်သူမျိုးကို သူမ မကြုံဖူးခဲ့ချေ။ ဤမျိုးဗီဇပြောင်း သားရဲများ၏ အဓိက အားသာချက်မှာ အလွန်တရာ လျင်မြန်ခြင်းပင် ဖြစ်၏။

မျိုးဗီဇပြောင်း ကင်းခြေများများသည် တစ်စက္ကန့်လျှင် ဆယ်မီတာအထိ အံ့မခန်း မြန်နှုန်းဖြင့် သွားလာနိုင်ကြသည်။ မျိုးဗီဇပြောင်း ခွေးများမှာ တစ်စက္ကန့်လျှင် မီတာ ၃၀ ကျော် ပြေးလွှားနိုင်ကြပြီး တာ့နင်အင်ပါယာ၌ ရှိခဲ့သော တုပိုင်၏ မျိုးဗီဇပြောင်း ဝံပုလွေများကဲ့သို့ပင် အရွယ်အစားက အလွန် ကြီးမားလှ၏။

သို့သော် တုပိုင်၌ မျိုးဗီဇပြောင်း ဝံပုလွေ ၅၀၀၀ သာ ရှိခဲ့ခြင်း ဖြစ်သည်။

ယခု သူ၏ ရှေ့မှောက်၌မူ မျိုးဗီဇပြောင်း ခွေးပေါင်း သိန်းနှင့်ချီ ရှိနေ၏။ ကောင်းကင်ယံထက်မှ လင်းနို့များနှင့် ငှက်များဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

ဤသည်က တုပိုင် တစ်ခါမှ မကြုံဖူးခဲ့သော အင်အားအကြီးမားဆုံး တပ်မတော်ကြီးဖြစ်ကာ ၊ အရေအတွက်အားဖြင့်လည်း အလွန်တရာ များပြားလွန်းလှသည်။ ဤတပ်မတော်၏ ဆယ်ပုံတစ်ပုံခန့် မြို့ထဲသို့ ဝင်ရောက်လာလျှင်ပင် သက်ရှိအားလုံး မျိုးသုဉ်းသွားစေမည့် ကပ်ဘေးကြီး ဖြစ်သွားပေလိမ့်မည်။

**--**--**--**--**--**--**--**

ငါးသန်းသော ရုပ်သေးတပ်မတော်ကြီးမှာ တဖြည်းဖြည်း နီးကပ်လာလေပြီ။ မြေပြင်ထက်၌ အမှောင်ဒီရေလှိုင်းကြီးအလား လိမ့်တက်လာပြီး ၊ ကောင်းကင်ယံ၌လည်း မိုးတိမ်မည်းကြီးအလား လိမ့်တတ်လာသည်။

မကြာမီမှာပင် ထိုက်ခန်အင်ပါယာ တစ်ခုလုံး ထိုဒီရေလှိုင်းအောက်၌ နစ်မြုပ်သွားတော့လေမည်။ ခပ်လှမ်းလှမ်းမှ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိ ဆိုတာက အေးစက်စက် ပြုံးလိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။.( ‘ဆိုတာ’ နာမည်ပါ။)

“ထိုက်ခန်အင်ပါယာတော့ ပျက်စီးရတော့မယ်။”

လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိ ယန်ထော်သည်တော့ အံကို တင်းတင်းကြိတ်ရ၏။

“တုပိုင်… မင်းရဲ့ အမြောက်တွေက အရမ်း စွမ်းတယ်ဆို။ ကော်ဇောခင်းဗုံးကြဲသလိုတောင် ကြဲနိုင်တယ်ဆို။ အခု ဒီငါးသန်းလောက်ရှိတဲ့ ရုပ်သေးတပ်မတော်ကြီးကို ကြဲပြစမ်းပါဦးကွ။”

တုပိုင်၌ ကျောက်သလင်း မှော်အမြောက် ၉၀၀ သာ ရှိမည်ဆိုပါက မည်သူကမှ ထိုက်ခန်အင်ပါယာ မြို့တော်ကို ကယ်တင်နိုင်တော့မည် မဟုတ်ချေ။ သားရဲများ၏ အရေအတွက်က များပြားလွန်းသလို မြန်နှုန်းကလည်း လျင်မြန်လွန်းလှသဖြင့် အမြောက်ဆန်များ ပေါက်ကွဲရန်ပင် အချိန်မီမည် မဟုတ်သောကြောင့် ဖြစ်၏။

စစ်သူကြီး ဖူဟုန်ပင်းက မျက်တောင့်နီတို့ဖြင့် ဟိန်းဟောက်လိုက်သည်။ “စစ်သည်တွေ အားလုံး… အသင့်ပြင်ထားကြစမ်းးး။”

မိုင်သုံးဆယ်ခန့် ရှည်လျားသော အနောက်ဘက် မြို့ရိုးပေါ်၌ စစ်သည် တစ်သိန်းကျော်က နေရာယူထားလျက် ရှိနေကြပြီး သူတို့၏ လက်ထဲ၌ စွမ်းအင်မှော်သေနတ်များကို အသီးသီး ကိုင်ဆောင်ထားကြသည်။ ထိုသေနတ်များမှာ သာမန်ကျည်ဆန်များဖြင့် ပစ်ခတ်ရသည် မဟုတ်ဘဲ စွမ်းအင်အလင်းတန်းများဖြင့် ပစ်ခတ်ရသည့် သေနတ်များဖြစ်ကြသည်။

တပ်မှူးတစ်ဦးက လက်ကို ဝှေ့ယမ်းကာ ဟိန်းဟောက်လိုက်သည်။ “လေဆာ လေယာဉ်ပစ်အမြောက်တွေ အားလုံး… အသင့်ပြင်ထားစမ်းးး။”

အမှောင်ဒီရေလှိုင်းကြီးအလား လိမ့်တက်လာသော သားရဲတပ်မတော်ကြီးမှာ တဖြည်းဖြည်း နီးကပ်လာလေပြီး အချိန်တိုအတွင်းမှာပင် အနောက်ဘက် မြို့ရိုးနှင့် ငါးကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိလာတော့၏။

မြို့စားမင်း ဖူဟုန်ပင်းက သူမ၏ ဓားကို ဝှေ့ယမ်းကာ ဟိန်းဟောက်လိုက်သည်။

“ပစ်စမ်း။”

ရုတ်တရက်ဆိုသလိုပင်…

“ရွှစ်… ရွှစ်… ရွှစ်…”

စစ်သည်တစ်သိန်းကျော်မှာ ရူးသွပ်မတတ် ပစ်ခတ်ကြလေတော့၏။

လက်ရှိအချိန်၌ ဂေါက်စ် ရိုင်ဖယ်များဖြင့်ဆိုပါက ပစ်ခတ်မှုစွမ်းအား လုံလောက်မည် မဟုတ်ပေ။ ကျောက်သလင်း မှော်အမြောက် အလက်တစ်ထောင် ထပ်ပေါင်းလျှင်ပင် ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ သားရဲများ၏ အရေအတွက်က အလွန်တရာ များပြားလွန်းနေသောကြောင့်ပင် ဖြစ်၏။

သို့သော် သူတို့ တပ်ဆင်ထားသည်မှာ စွမ်းအင်မှော်သေနတ်များ ဖြစ်နေရာ တစ်စက္ကန့်လျှင် ငါးကြိမ်တိုင် ပစ်ခတ်နိုင်ပြီး ၊ ငါးကီလိုမီတာ အကွာအဝေးသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်စွမ်း ရှိနေသည်။

ချက်ချင်းဆိုသလိုပင်… မျက်စိကျိန်းမတတ် ခမ်းနားလှသော မြင်ကွင်းကြီးတစ်ခု ပေါ်ပေါက်လာတော့၏။

မိုင်သုံးဆယ်ခန့် ရှည်လျားသော အနောက်ဘက် မြို့ရိုးထက်မှ သိန်းနှင့်ချီသော စွမ်းအင်အလင်းတန်းများက အလင်းကန့်လန့်ကာကြီးအလား ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ရာနှင့်ချီသော လေဆာ လေယာဉ်ပစ်အမြောက်များသည်လည်း စတင် ပစ်ခတ်လာကြ၏။

လေဆာအလင်းတန်းများမှာ ပစ်ခတ်ပြီးသည်နှင့် ပျောက်ကွယ်မသွားဘဲ ရှည်လျားလှသော အလင်းတန်းကြီးများအဖြစ် တည်ရှိနေကာ ရန်သူများအပေါ် တံမြက်စည်းလှည်းသကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့၏။

ရာနှင့်ချီသော လေဆာအလင်းတန်းများမှာ ကောင်းကင်ယံထက်၌ ကြက်ခြေခတ် ယှက်နွယ်သွားကာ ထိတ်လန့်ဖွယ် စွမ်းအင်သတ်ဖြတ်ခြင်း ကွန်ရက်ကြီးတစ်ခုအဖြစ် ဖြစ်တည်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် ကောင်းကင်မှ သားရဲများ၏ ကိုယ်ကလီစာ အပိုင်းအစများက မိုးပေါက်များအလား ကျဆင်းလာတော့၏။

ထိုသားရဲများ၏ အရေခွံနှင့် အသားမှာ မာကျောလွန်းလှသဖြင့် သာမန်လက်နက်ဖြင့် ပစ်ခတ်ပါက ချက်ချင်း သေဆုံးကြမည် မဟုတ်ပေ။ သို့သော် ပြင်းထန်သော စွမ်းအင်နှင့် အပူချိန်မြင့်မားသည့် လေဆာအလင်းတန်းများကမူ သားရဲများကို အလွယ်တကူပင် ထက်ပိုင်းခွဲပစ်နိုင်စွမ်း ရှိနေ၏။

“ရွှစ်… ရွှစ်… ရွှစ်…”

ရူးသွပ်ဖွယ်ရာ သတ်ဖြတ်မှုကြီးပင် ဖြစ်တော့၏။ အလောင်းများက မိုးရွာသကဲ့သို့ ကျဆင်းလာပြီး ထိတ်လန့်ဖွယ် သွေးမိုးများ ရွာကျလာလေတော့သည်။

မြေပြင်ပေါ်ရှိ သတ်ဖြတ်မှုများကလည်း ထိုနည်းတူပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ စစ်သည်တစ်သိန်းကျော်၏ စွမ်းအင်မှော်သေနတ်များမှ ထွက်ပေါ်လာသော အလင်းတန်းများမှာ ကြောက်မက်ဖွယ် လေဆာများပင် ဖြစ်၏။ စစ်သည်တစ်သိန်းဆိုသော အရေအတွက်ကား သေမင်းနယ်မြေတစ်ခုကို ဖန်တီးရန် လုံလောက်သည်ထက် ပိုနေလေပြီ။

ရုပ်သေးမျိုးနွယ်စု၏ သန်းနှင့်ချီသော တပ်မတော်ကြီးသည် ကျောက်ဆောင်ကို ရိုက်ခတ်မိသော ဒီရေလှိုင်းများအလား ချက်ချင်းဆိုသလိုပင် အပိုင်းပိုင်းအစစ ကြေမွ သေဆုံးကုန်ကြတော့၏။ သေဆုံးမှုပမာဏမှာ သောင်းဂဏန်း ၊ သိန်းဂဏန်းမျှသာ မဟုတ်ဘဲ သန်းနှင့်ချီသော အရေအတွက်ပင် ဖြစ်သည်။

ငါးသန်းသော သားရဲတပ်မတော်ကြီးမှာ ဤသို့ဖြင့် ဟန့်တားခံလိုက်ရလေတော့၏။

လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိ ယန်ထော်မှာ သူ့မျက်စိကိုပင် သူ မယုံနိုင် ဖြစ်သွားရတော့၏။ ဤသည်က မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

မြောက်ဘက် မြို့ရိုးပေါ်၌ အမြောက်တပ် ချထား၏။ သို့သော် ယခု အနောက်ဘက် မြို့ရိုးပေါ်၌လည်း ဤမျှ ပြင်းထန်သော ပစ်ခတ်မှုစွမ်းအားများ ရှိနေသေးသည်လော။ ငါးသန်းသော သားရဲတပ်မတော်ကြီးက တုပိုင်၏ ခံစစ်မျဉ်းကို မထိုးဖောက်နိုင်လိုက်ချေ။ မည်သည်သို့ ဖြစ်နေသည်နည်း။ နေမင်းကြီး အနောက်ရပ်မှ ထွက်လာပြီလော။

စစ်သေနာပတိ ဆိုတာနှင့် စစ်သေနာပတိငယ် ဆိုမိုတို့ပင် မှင်တက်သွားကြရ၏။

ဆိုတာ၏ မျက်နှာထက်၌ ရက်စက်သော အမူအရာတစ်ခု ဖြတ်ပြေးသွား၏။

“တုပိုင်… မင်းက ငါ့ကို တကယ် အံ့သြသွားစေတယ်။ ငါ့ကို မှင်တက်သွားစေတယ်။ ဒါပေမဲ့ အသုံးမဝင်ပါဘူးကွာ။ မင်းရဲ့ ပျက်စီးခြင်းက ယနေ့ဖြစ်လာဖို့ သတ်မှတ်ပြီးသားပဲ။”

သူက လက်ကို ဝှေ့ယမ်းပြလိုက်၏။

“မြေအောက်တပ်ဖွဲ့တွေ… တိုက်ခိုက်စမ်း။”

ဆိုတာ၏ အသံအဆုံးတွင် သန်းနှင့်ချီသော သားရဲများသည် မြေကြီးထဲသို့ တိုးဝင်သွားကြပြီး ၊ မြေအောက်မှတစ်ဆင့် မြို့တော်ဆီသို့ ချီတက်သွားကြလေတော့၏။ ဤသည်ကား တကယ်ကို ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

ထိုငါးသန်းသော သားရဲတပ်မတော်ကြီးအပြင် ဆိုတာထံ၌ လျှို့ဝှက်လက်နက် ရှိနေသေးသည်လော။ လေကြောင်း နှင့် မြေပြင်တပ်ဖွဲ့များသာမက မြေအောက်တပ်ဖွဲ့ပါ ရှိနေသေးသည်လော။

ဆိုတာက တဟားဟား လှောင်ရယ်လိုက်တော့၏။

“ဟားဟားဟား… တုပိုင် ၊ မင်းက လေကြောင်းကို ကာကွယ်နိုင်ပြီး မြေပြင်ပေါ်က တပ်ဖွဲ့တွေကို တံမြက်စည်းလှည်းသလို ရှင်းလင်းနိုင်ပေမဲ့လို့ ၊ မြေအောက်ထဲက သားရဲတွေကိုကျတော့ မင်း ဘာလုပ်နိုင်မှာလဲ။ စောင့်သာ ကြည့်နေစမ်း။ သန်းနဲ့ချီတဲ့ မြေအောက်သားရဲတွေ မြို့ထဲထွက်လာပြီး မင်းလူတွေကို အလွယ်တကူ သတ်ဖြတ်စားသောက်ကြလိမ့်မယ်။”

ကောင်းကင်ထက်၌ ကံကြမ္မာ မိစ္ဆာသခင်၏ တမန်တော်သည်လည်း ခပ်ပေါ့ပေါ့ ပြုံးလိုက်၏။

“သခင်… တုပိုင်ရော မြို့တော်ပါ ပြီးသွားပါပြီ။”

မြေအောက်တပ်ဖွဲ့မှာ လုံးဝ ဖြေရှင်း၍မရနိုင်သော ပြဿနာတစ်ခု ဖြစ်၏။ တုပိုင်၏ မည်သည့် ပစ်ခတ်မှုစွမ်းအားကမှ မြေအောက်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ချေ။

မြေအောက်တပ်ဖွဲ့ အများစုမှာ မျိုးဗီဇပြောင်း ပွေးကောင်များနှင့် သင်းခွေချပ်များ ဖြစ်ကြ၏။ ထိုအကောင်တို့က အဆိုးဆုံး မဟုတ်သေးချေ။

အဆိုးဆုံးမှာ မျိုးဗီဇပြောင်း မိစ္ဆာပိုးကောင်ကြီးများပင် ဖြစ်သည်။

အကောင်တိုင်းမှာ ဆယ်မီတာကျော် ရှည်လျားပြီး အဆိပ်ချွဲရည်များဖြင့် ဖုံးလွှမ်းနေကာ ၊ ပါးစပ်အတွင်း၌ မရေမတွက်နိုင်သော အဆိပ်စွယ်များ ရှိနေကြ၏။ ထိုအကောင်တို့သည် အပိုင်းပိုင်း ခုတ်ထစ်ခံရလျှင်ပင် ဆက်လက် အသက်ရှင်နိုင်ကြသေးသည်။

တုပိုင်၏ စစ်တပ်အနေဖြင့် မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်ချေ။

မြို့တော်၏ နိဂုံးချုပ်ချိန်မှာ ရှောင်လွှဲ၍မရသော အဆုံးသတ် ဖြစ်သွားလေပြီလော။ မသေမျိုးတပ်မတော်ကိုပင် မလိုလိုက်ပဲ တုပိုင်တစ်ယောက် အပြတ်အသတ် ချေမှုန်းခံလိုက်ရတော့မည်လော။

မြေအောက်သားရဲများ မြို့ထဲသို့ ဖောက်ထွက်လာသည်နှင့် အကျိုးဆက်များမှာ တွေးကြည့်၍ပင် မရနိုင်တော့ချေ။ မည်သည့်နေရာမှ ထွက်လာမည်ကို မသိနိုင်သလို ကာကွယ်ရန်လည်း မဖြစ်နိုင်ပေ။ သူတို့ကို မြေအောက်မှတစ်ဆင့် မြို့ထဲသို့ ဝင်ခွင့်ပြုလိုက်သည်နှင့် သတ်ဖြတ်မှု ကပ်ဘေးကြီး ဖြစ်ပွားလာပေလိမ့်မည်။

သို့သော် ထိုအချိန်၌ပင်… ကာတွန်းကြည့်ရင်း အင်ဂျင်တစ်လုံးကို ဖြုတ်တပ်နေသော အိမ်ရှေ့စံမင်းသမီး တုရှောင်က မြေကြီးထဲသို့ စိတ်ဝိညာဉ် အမိန့်တစ်ခု လွှတ်ထုတ်လိုက်၏။

“ရှောင်ဟိုင်… နင့်အလှည့် ရောက်ပြီ။”

“ဝေါင်းးး”

ရုတ်တရက်ဆိုသလို အနောက်ဘက် မြို့ရိုး မြေအောက်မှ နဂါးမျိုးနွယ်စုနှင့် သွေးစပ်သော ဧရာမ မီးသားရဲကြီးက မြေကြီးပင်တုန်ခါသွားသည်အထိ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ မြေအောက်ဂူ တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားရ၏။

ဤသည်မှာ တာ့နင်အင်ပါယာ၌ တုပိုင် ရရှိခဲ့သော သားရဲဥ နှစ်လုံးထဲမှ တစ်လုံးဖြစ်၏။ လွန်ခဲ့သော ဆယ်နှစ်ကျော်က ပေါက်ဖွားလာခဲ့ပြီး အထူးစွမ်းအင်များဖြင့် ကျွေးမွေးပြုစုခံရပြီးနောက် အလွန်အစွမ်းထက်သော သားရဲကြီးအဖြစ် ကြီးထွားလာလေပြီ။

တစ်ပြိုင်နက်တည်းမှာပင် တောင်ဘက်အရပ်၌ မရေမတွက်နိုင်သော မသေမျိုးတပ်မတော်ကြီးသည်လည်း တဟုန်ထိုး ချီတက်လာကြတော့၏။

ဘုရင်မ မိုဟန်က ကောင်းကင်ယံ၌ ပျံသန်းနေရင်း မြို့တော်ရှိရာသို့ လှမ်းကြည့်ကာ နာကြည်းမုန်းတီးမှုတို့ အပြည့်ဖြင့် အံကြိတ်ကျိန်ဆဲလိုက်သည်။

“ခွေးတုပိုင်… မင်းဘေးနားက လူ အားလုံးကို ငါ သတ်ပစ်မယ်။ မင်းအသက်ရှင်နေတာကို နောင်တရတဲ့အထိ ငါလုပ်ပြမယ်။”

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၈၉ + ၉၉၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters