အခန်း (၁၄၃-၁၄၅)
Vol. 9 Ch. 143-145
အခန်း ၁၄၃ ။ လျှို့ဝှက်ကြိုးတန်း
‘ကောင်းကင်မြေခွေး’ ဟု အမည်ရသည့် အဖွဲ့အစည်းမှာ တကယ်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။ ချင်းရှန်းရွာကဲ့သို့ အေးချမ်းသော နေရာလေးပင် အကြိမ်ကြိမ် အနှောင့်အယှက် ခံနေရ၏။ ထို့ကြောင့်ပင် အဘိုးစူးက စစ်တပ် နှစ်ခွဲအထိ တိုးမြှင့် ချထားခြင်း ဖြစ်သည်။
တင်းကျပ်သော လုံခြုံရေးက လျှို့ဝှက်ချက်များ မပေါက်ကြားအောင် ကာကွယ်ပေးနိုင်သော်လည်း၊ လင်းယန်ကတော့ ထပ်မံ သည်းမခံနိုင်တော့ပေ။ အိမ်တွင် အလှလေးများစွာ ရှိနေပါလျက်နှင့်၊ တစ်နေရာရာမှ စောင့်ကြည့်နေမည့် မျက်လုံးများ ရှိနေနိုင်သည် မဟုတ်လား။ အဘိုးစူးကို လူအချို့ ပြန်ရုပ်သိမ်းခိုင်းရန် လိုအပ်သလို၊ ထိုအဖွဲ့အစည်းကိုလည်း အကြီးအကျယ် ပညာပေးရန် လိုအပ်လာသည်။
လင်းယန်သည် အဘိုးစူး နှင့် လောင်ဝမ် တို့ရှေ့တွင် တည်ငြိမ်စွာပင် စကားစလိုက်သည်။ “ကျွန်တော် ပျက်စီးနေတဲ့ မျိုးစေ့တွေကို ‘ကောင်းကင်မြေခွေး’ အဖွဲ့ဆီကို ပေါက်ကြားအောင် လုပ်လိုက်မယ်။”
အဘိုးစူး ထိုစကားကို ကြားသည်နှင့် စားပွဲကို ဝုန်းခနဲ ပုတ်လိုက်၏။ “လုံးဝ မဖြစ်ဘူး! ဒါက နိုင်ငံတော် လျှို့ဝှက်ချက်ပဲ!”
လောင်ဝမ်ကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ လင်းယန်က ပြုံးလိုက်ရင်း- “အဘိုး... နောက်ကျသွားပြီ။ ကျွန်တော် ထင်တာ မမှားဘူးဆိုရင် အခုချိန်မှာ ‘ကောင်းကင်မြေခွေး’ အဖွဲ့က မျိုးစေ့တွေကို ရသွားလောက်ပြီ။”
လင်းယန် စကားဆုံးသည်နှင့် သူ၏ ဖုန်းမှ အသံထွက်ပေါ်လာသည်။ “Alipay သို့ ငွေဝင်လာပါပြီ - ယွမ် ဆယ်သန်း။”
လင်းယန် နှုတ်ခမ်းတွန့်သွားရသည်။ “တကယ်ကို တွန့်တိုတာပဲ၊ ဆယ်သန်းတည်းလား။”
သူ မသိသည်မှာ ဤဆယ်သန်း ဆိုသည့် ပမာဏမှာပင် အကြိမ်ကြိမ် ခိုးယူရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့သဖြင့် နောက်ဆုံးတွင်မှ ဤဈေးအထိ တက်လာခဲ့ခြင်း ဖြစ်၏။ အဘိုးစူးမှာမူ မျက်လုံးပြူးကာ- “မင်း သူတို့ကို မျိုးစေ့တွေ တကယ် ရောင်းလိုက်တာလား!”
လောင်ဝမ်က အဘိုးစူးကို အမြန် ပြန်ထိုင်ခိုင်းလိုက်သည်။ “သူပြောတာကို အဆုံးအထိ နားထောင်ပါဦး။”
အဘိုးစူးမှာမူ ရင်ဘတ်ကို ဖိကာ လင်းယန်ကြောင့် သွေးတိုးချင်နေရှာသည်။ လင်းယန်သည်လည်း ကတုံးချန်တို့ထံမှ သတင်းစကားကို ရရှိလိုက်၏။ “အစ်ကိုလင်း... အဲ့ဒီ မြေခွေးတွေက ငါတို့ကို ယုံသွားပြီ၊ အောင်မြင်တယ်။ သူတို့က မြေပဲမျိုးစေ့ကိုပါ ခိုးပေးဖို့ အကူအညီတောင်းနေတယ်၊ ရေရှည် ပူးပေါင်းချင်တယ်တဲ့။”
လင်းယန်က ချက်ချင်းပင် ပြန်ကြားလိုက်သည်။ “သဘောတူလိုက်။”
ဖုန်းကို ပိတ်လိုက်ပြီးနောက် လင်းယန်မှာ ပို၍ တည်ငြိမ်သွားသည်။ ကတုံးချန်တို့တစ်သိုက်ကို ရွာတွင် ထားခဲ့ခြင်းက ယခုကဲ့သို့ အသုံးဝင်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူတို့သည် နဂိုကတည်းက လူမိုက်များ ဖြစ်ကြသဖြင့် ရွာပြင်ထွက်လျှင် လူမိုက်အငွေ့အသက် အပြည့်ရှိနေသဖြင့် ‘ကောင်းကင်မြေခွေး’ အဖွဲ့၏ သံသယကို ခံရရန် မလွယ်ကူပေ။ ထို့ပြင် အရင်က လင်းယန်ကို ပညာပေးရန် ပိုက်ဆံယူခဲ့သည့် မှတ်တမ်းကိုလည်း ထိုအဖွဲ့က လွယ်လွယ်နှင့် စုံစမ်းနိုင်သဖြင့် ပို၍ ယုံကြည်သွားကြခြင်း ဖြစ်၏။ အရေးအကြီးဆုံးမှာ... ကတုံးချန်တို့ ပုံစံမှာ ကြည့်ရုံနှင့်ပင် လူကောင်း မဟုတ်မှန်း သိသာနေသောကြောင့်ပင်!
“အခု သူတို့ကို ရောင်းလိုက်တာက ကင်ဆာတိုက်ဖျက်ရေး မုန်လာဥနီ (အပုပ်) တွေပါ။” လင်းယန်၏ စကားကြောင့် အဘိုးစူးမှာ သက်ပြင်းချကာ ပြန်ထိုင်နိုင်တော့သည်။
“မြေပဲကိုတော့ လုံးဝ ပေါက်ကြားလို့ မရဘူးနော်။ မဟုတ်ရင် မင်း ဘယ်လောက်ပဲ အောင်မြင်မှု ရှိရှိ စစ်ခုံရုံး တက်ရလိမ့်မယ်။”
လင်းယန်က လေးနက်သော မျက်နှာပေးဖြင့်- “ဘာကို ရောင်းရမလဲ၊ ဘာကို မရောင်းရဘူးလဲ ဆိုတာ ကျွန်တော် သိပါတယ်။”
နောက်ဆုံးတွင် အဘိုးစူးသည် လင်းယန်ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ မြေပဲမျိုးစေ့သာ မပေါက်ကြားလျှင် ကျန်သည့်အရာများကို လင်းယန် စိတ်ကြိုက် ကစားပါစေတော့။ မုန်လာဥနီ ဆိုသည်မှာလည်း အရပ်သားသုံး ဖြစ်သဖြင့် အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားရန် မဖြစ်နိုင်မှန်း သူ သိသည်။
“မြေပဲဆီက တိုက်လေယာဉ် အင်ဂျင်တွေအတွက် အကျိုးရှိတာကို အမေရိကန် သုတေသန ဌာနတွေကလည်း ရိပ်မိသွားကြပြီ။” အဘိုးစူးက လက်ဖက်ရည် သောက်ရင်း ဆက်ပြောသည်။
“ငါတို့ သိထားရသလောက်တော့... သူတို့တွေ မြေပဲလောင်စာ လုပ်ဖို့ ကြိုးစားရင်းနဲ့ အင်ဂျင် အခု ၅၀ ကျော်လောက် ပျက်စီးသွားပြီတဲ့။ အဆင့်မြင့်ဆုံး တိုက်လေယာဉ် နှစ်စင်းတောင် ပျက်ကျသွားသေးတယ်လို့ သိရတယ်။”
ဤသတင်းကို ကြားရသည့်အခါ လင်းယန်လည်း အံ့ဩသွားရသည်။ တစ်ဖက်လူ၏ သုတေသန စွမ်းအားမှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။ အင်ဂျင် အခု ၅၀ ကျော်ကို အပျက်ခံပြီး စမ်းသပ်ရဲသည် မဟုတ်လား။ သို့သော် အဘိုးစူး ပြောချင်သည်မှာ ဤမျှမကပေ။
“မင်း ဘာမှမလုပ်ခဲ့ပေမဲ့... တိုက်လေယာဉ် နှစ်စင်း ပျက်ကျသွားတဲ့ ကိစ္စမှာ မင်းရဲ့ မြေပဲဆီက အဓိက အခန်းကဏ္ဍက ပါဝင်နေတာပဲ။ ဒါ မင်းရဲ့ အောင်မြင်မှုတစ်ခုပဲပေါ့။”
အဘိုးစူး၏ ဆိုလိုရင်းကို လင်းယန် နားလည်ပါသည်။ သူက အေးအေးဆေးဆေး လယ်စိုက်နေရုံဖြင့် အောင်မြင်မှုများ ရရှိနေမည်ဖြစ်ရာ၊ လမ်းမှားသို့ မလိုက်ရန် သတိပေးခြင်း ဖြစ်၏။ လင်းယန်လည်း အဘိုးစူးကို ကျေးဇူးတင်မိသည်။ သူသည် လင်းယန်ကို အတင်းအကျပ် မတားမြစ်ဘဲ၊ လမ်းကြောင်းမှန်ပေါ်တွင်သာ ရှိနေစေရန် ပရိယာယ်ဖြင့် ထိန်းကျောင်းပေးနေခြင်းပင် ဖြစ်၏။
“ကျွန်တော်ကတော့ အဲ့ဒီ ယင်ကောင်တွေကို စိတ်ရှုပ်လို့ အပြတ် ရှင်းပစ်ချင်ရုံတင်ပါ။ ကတုံးချန်တို့ကနေတစ်ဆင့် ဒီ လျှို့ဝှက် အရောင်းအဝယ်ကို ဆက်လုပ်သွားမယ်။ အချိန်တန်ရင် ‘ကောင်းကင်မြေခွေး’ အဖွဲ့ကို အမြစ်ပြတ် ဖမ်းဆီးနိုင်အောင်လို့ပါ။ ဒီကိစ္စမှာ ကတုံးချန်တို့က ရှေ့တန်းကနေ ပါဝင်ပြီး၊ နောက်ကွယ်ကနေ စုံစမ်းပေးမယ့်သူကတော့ ကျင်းယွမ်ဟန်ပါ။”
အဘိုးစူး၏ မျက်ခုံးဖြူကြီးများ ပင့်တက်သွားသည်။
“‘ကောင်းကင်မြေခွေး’ ရဲ့ ရန်ပုံငွေ အများစုက အမေရိကန်ဆီက လာတာလေ။”
ဤကိစ္စနှင့် ပတ်သက်၍ ရွှီချင်းမှာ အကျွမ်းကျင်ဆုံး ဖြစ်၏။ သူမသည် ငွေကြေး စီးဆင်းမှု လမ်းကြောင်းများကို သေသေချာချာ ခြေရာခံနိုင်သည်။
“သူတို့ လိုချင်တာက မုန်လာဥနီနဲ့ မြေပဲတင် မဟုတ်ပါဘူး။ ကျွန်တော် စိုက်သမျှ အရာတိုင်းကို သူတို့ လိုချင်နေကြတာ။ ထွက်နှုန်းကောင်းတဲ့ မျိုးစိတ်တွေကိုသာ သူတို့ရသွားရင် အမြတ်အစွန်းတွေ အများကြီး ရမှာကိုး။ သူတို့ရဲ့ ဆုကြေးငွေတွေကို တခြားသူတွေဆီ ရောက်သွားမယ့်အစား... ကျွန်တော်တို့ လက်ထဲကိုပဲ ရောက်အောင် ယူလိုက်တာက ပိုမကောင်းဘူးလား။”
လင်းယန်၏ အကြံကို အဘိုးစူး လုံးဝ သဘောကျသွားသည်။ အရင်က ခိုးယူမည့်သူမှာ မည်သူမှန်း မသိခဲ့ရသော်လည်း၊ ယခုမူ ထိုသူများကို မိမိတို့၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းလိုက်ခြင်းဖြစ်၏။
“စိတ်ဝင်စားစရာပဲ။ ငါတို့ဘက်က ဘယ်လို ကူညီပေးရမလဲ?”
လင်းယန် မေးစေ့ကို ပွတ်ရင်း စဉ်းစားလိုက်သည်။ လောလောဆယ်တွင် သူသည် ‘ကောင်းကင်မြေခွေး’ အဖွဲ့၏ ပိုက်ဆံများကိုသာ ပညာပေးနည်းဖြင့် စုပ်ယူလိုခြင်း ဖြစ်သည်။ သို့သော် အဘိုးစူး၏ စိတ်အားထက်သန်နေသော အကြည့်ကို ကြည့်ရသည်မှာ ထိုထက် ပိုမိုကြီးမားသော ဂိမ်းတစ်ခုကို ကစားချင်နေပုံရသည်။
လောင်ဝမ်ကတော့ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ လှိုင်းထန်နေ၏။ 'လင်းယန် ဆိုတဲ့ ကောင်လေးက ကြည့်ရတာ အရမ်း ရိုးသားတယ် ထင်နေတာ... အခုမှပဲ သူ့ရဲ့ ယုတ်မာတဲ့ နည်းလမ်းတွေက တကယ်ကို ကြောက်စရာ ကောင်းပါလား'
ချင်းရှန်းရွာဆိုသည့် ဤနတ်ဘုရားဘုံလေးမှာ ယခုအခါ အန္တရာယ်များဖြင့် ပြည့်နှက်နေလေပြီ။
***
wunzinnosp
စူပါ-ဖမ်း(SFS)
SFS 144
အခန်း ၁၄၄ ။ ရိက္ခာပြတ်လပ်ခြင်း
လောင်ဝမ်သည် စစ်မှန်သော သုတေသီတစ်ဦးဖြစ်သည်။ မိမိ၏ ဘဝတစ်ခုလုံးကို သိပ္ပံ သုတေသနအတွက်သာ ပေးဆပ်ခဲ့သူ ဖြစ်၏။ သူနှင့် အနီးကပ်ဆုံး ရှိနေသည်မှာ သီးနှံများနှင့် မျိုးစေ့များသာ ဖြစ်သည်။ ထို့ကြောင့်ပင် ဤကဲ့သို့သော ပရိယာယ်များကို သူ အမြဲပင် မထီမဲ့မြင် ပြုခဲ့၏။ လင်းယန်သည်လည်း မိမိကဲ့သို့ပင် ရိုးသားစွာ သီးနှံများကိုသာ စိုက်ပျိုးနေမည့်သူဟု သူ ထင်မှတ်ခဲ့သည်။
တကယ်တမ်းတွင်လည်း လင်းယန်မှာ အစပိုင်း၌ ထိုသို့ပင် ဖြစ်ခဲ့၏။ သို့သော် မကြာမီမှာပင် သူသည် ပြဿနာမျိုးစုံနှင့် ကြုံတွေ့လာခဲ့ရသည်။
'ဖြစ်နိုင်တာက... တစ်ဖက်လူတွေက အရမ်းကို အကျပ်ကိုင်လွန်းလို့သာ သူလည်း ဒီလို နည်းလမ်းတွေကို သုံးလာတာ ဖြစ်မှာပါ။ သူက ငယ်ငယ်လေး ရှိသေးတာကို ဒီလောက် ဖိအားတွေကို ခံနေရရှာတာပဲ' ဟု လောင်ဝမ်က တွေးကာ သက်ပြင်းချလိုက်မိသည်။
ယခုခေတ်မှာ အရင်လို ဆင်းရဲပေမဲ့ ခေါင်းမာလို့ ရတဲ့ ခေတ်မဟုတ်တော့ပေ။ အခက်အခဲ ကြုံလာလျှင် နည်းလမ်းမျိုးစုံနှင့် ဖြေရှင်းရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ကြည့်လျှင် လင်းယန် လုပ်ဆောင်နေသည်မှာ ပို၍ပင် ထိရောက်နေသေးသည်။ သို့သော် လောင်ဝမ်တွင် သံသယတစ်ခုတော့ ရှိနေဆဲပင်။
“ကတုံးချန်တို့ကို မင်း တကယ် ယုံလို့ ရရဲ့လား?”
လင်းယန်ကတော့ ဤကိစ္စအပေါ် လုံးဝ စိုးရိမ်ခြင်း မရှိပေ။ “သူတို့က လူတန်းစား နိမ့်ပါးသူတွေ ဖြစ်တယ်၊ ပညာလည်း မရှိဘူး၊ လူမိုက်လုပ်ပြီး ရန်ဖြစ်လာခဲ့တဲ့သူတွေပေါ့။ ဒါပေမဲ့... တကယ့် တိုင်းပြည်အတွက်ဆိုရင်တော့ သူတို့က ဘယ်သူ့ထက်မဆို ပိုပြီး ဘာလုပ်ရမလဲ ဆိုတာကို သိကြပါတယ်။”
“တကယ်တော့ ခိုးယူဖို့ လာတဲ့သူ အတော်များများက သူတို့ကို ခိုင်းနေတာ နိုင်ငံခြား အင်အားစုတွေမှန်း မသိကြပါဘူး။ အမှန်တရားကို သိသွားတဲ့အခါ သူတို့လည်း တကယ် နောင်တရကြတာပါ။”
အဘိုးစူးက ခေါင်းညိတ်သည်။ ထိုသူများမှာ လှည့်စားခံရခြင်းသာ ဖြစ်၏။ ဤကိစ္စက မည်မျှအထိ ပြင်းထန်သည်ကို သူတို့ မသိကြပေ။ လင်းယန်၏ ပရိသတ်များက ခိုင်းသည်ဟု ထင်မှတ်နေကြခြင်း ဖြစ်၏။ အဖမ်းခံရလျှင်လည်း ပညာပေးခံရရုံနှင့် ပြီးမည်ဟု ထင်နေကြသော်လည်း... လက်တွေ့တွင်မူ ပေးဆပ်ရသည့် တန်ဖိုးမှာ အလွန် ကြီးမားလှသည်။ အဘိုးစူးသည် လင်းယန်၏ နည်းလမ်းကို အတုယူ၍ ထိုသူများကို လယ်ထဲတွင် အလုပ်ကြမ်း လုပ်ခိုင်းနေခြင်း ဖြစ်၏။ ခိုးချင်လှမှတော့... ဝအောင်သာ စိုက်ကြပေတော့။
လောင်ဝမ်က ခေါင်းညိတ်ရင်း- “ကျောင်းက ကျောင်းသားတွေကိုလည်း မင်း အသုံးချလို့ ရပါတယ်နော်။”
လောင်ဝမ်က ကျောင်းသားများအတွက် အခွင့်အရေး ရှာပေးချင်ခြင်းဖြစ်သော်လည်း၊ လင်းယန် အတွက်မူ ၎င်းမှာ မဖြစ်နိုင်ပေ။ သူတို့ ရင်ဆိုင်နေရသည်မှာ မြေခွေးအိုကြီးများ ဖြစ်၏။ ရိုးသားသည့် ကျောင်းသားလေးများကို လွှတ်လိုက်ခြင်းမှာ သေတွင်းထဲ ပို့လိုက်သလိုပင် ဖြစ်ပေလိမ့်မည်။ ‘ကောင်းကင်မြေခွေး’ အဖွဲ့က လူသတ်ရန် ဝန်လေးမည့်သူများ မဟုတ်ပေ။
ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များသည်လည်း အလွန်ပင် ရူးသွပ်ကြ၏။ တစ်ခါက အဖမ်းခံရသော ဂျပန်သူလျှို တစ်ဦးမှာ လျှို့ဝှက်ချက်များ မပေါက်ကြားစေရန် မိမိကိုယ်မိမိ အဆုံးစီရင်ရန်ပင် ကြိုးစားခဲ့ဖူးသည်။ ကံကောင်း၍ အသက်မသေခဲ့သော်လည်း ယခုထက်ထိ ဘာသတင်းမှ မရသေးပေ။ ပါးစပ်မှာ အလွန်ပင် လုံလှသည်။
အခြေအနေများမှာ တစ်ဖက်နှင့်တစ်ဖက် အကျပ်ရိုက်နေသည်မှာ ကြာလှပြီ ဖြစ်သဖြင့်၊ လင်းယန်က နောက်ဆုံးတွင် ဤနည်းလမ်းကို ရွေးချယ်လိုက်ခြင်း ဖြစ်၏။ သေချာသည်မှာ... ၎င်းသည် သူ၏ စနစ်မှတစ်ဆင့် မျိုးစေ့များ ပေါက်ရောက်မည့် နေရာကို ထိန်းချုပ်နိုင်ခြင်းကြောင့်လည်း ပါဝင်သည်။ ထိုသူများ မျိုးစေ့တွေ အများကြီး ရသွားလျှင်ပင်၊ သူတို့ မြေပေါ်မှာတော့ လုံးဝ ပေါက်လာမည် မဟုတ်ပေ။ ဤစွမ်းရည်မှာ လင်းယန်အတွက်တော့ အကြီးမားဆုံးသော ဝှက်ဖဲပင် ဖြစ်၏။
'စနစ်က အာကာသအထိ ထိန်းချုပ်နိုင်မလား မသိဘူး၊ လပေါ်မှာသာ ဒီမျိုးစေ့တွေကို သွားစိုက်ရင် ပေါက်မလား' ဟု လင်းယန် မျှော်လင့်တကြီး တွေးမိသည်။ ယခုအခါ အင်္ဂါဂြိုဟ်ပေါ်သို့ပင် လူများ ရောက်ရှိနေပြီ မဟုတ်လား။
'ဖြစ်နိုင်တာက သင့်တော်တဲ့ မျိုးစေ့တွေကို စနစ်နဲ့ ပေါင်းစပ်ပြီး အင်္ဂါဂြိုဟ်ပေါ်မှာ စိုက်ပျိုးရင်၊ အဲ့ဒီက ပတ်ဝန်းကျင်ကို ပြောင်းလဲပေးနိုင်မလား' လင်းယန် တွေးရင်းနှင့် အဝေးသို့ ရောက်သွားရသည်။ စကြဝဠာကြီးကို စူးစမ်းခြင်းမှာ အမျိုးသားတို့၏ ရိုမန်တစ်ဆန်မှု တစ်ခုပင် မဟုတ်လား။ Elon Musk ပင်လျှင် အင်္ဂါဂြိုဟ်သို့ ပြောင်းရွှေ့နေထိုင်ရန် ကြိုးစားနေသည် မဟုတ်လား။
လယ်စိုက်ရင်းနှင့် ကမ္ဘာ့အချမ်းသာဆုံး ဖြစ်ရန် ကြိုးစားနေသော လင်းယန်အနေဖြင့်၊ ဤကဲ့သို့သော လူသားထု၏ ကံကြမ္မာနှင့် သက်ဆိုင်သည့် ကိစ္စများတွင် လက်ဦးမှု ရယူလိုစိတ် ရှိနေသည်။ သို့သော်... ဤကိစ္စကို သူနှင့်အတူ သုတေသန လုပ်မည့်သူ မရှိသေးသလို၊ လမ်းစလည်း ရှာမတွေ့သေးသဖြင့် အနည်းငယ်တော့ နှမြောမိသည်။
လောလောဆယ်တွင်မူ ‘ကောင်းကင်မြေခွေး’ အဖွဲ့ကို ဖမ်းဆီးခြင်းဖြင့်သာ ပျင်းရိချိန်ကို ဖြတ်သန်းရပေလိမ့်မည်။ အခြေအနေများမှာလည်း အလွန် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။ ကတုံးချန်တို့အဖွဲ့သည် ချင်းရှန်းရွာမှ ဒေသထွက်ကုန် ခြောက်မျိုးကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့သည်။ မမှည့်သေးသော ဖရဲသီးများကိုပင် အမြောက်အမြား ပို့ပေးနိုင်ခဲ့၏။ ဤသည်မှာ ‘ကောင်းကင်မြေခွေး’ အဖွဲ့၏ ယုံကြည်မှုကို အပြည့်အဝ ရရှိစေခဲ့သည်။
လင်းယန်သည်လည်း ဤမှတစ်ဆင့် ယွမ် သန်းတစ်ရာခန့် ရရှိခဲ့လေပြီ။ ၎င်းမှာ ပိုမိုကြီးမားသော လျှို့ဝှက်ချက်များကို ခိုးယူရန်အတွက် ‘ကောင်းကင်မြေခွေး’ အဖွဲ့က ပေးအပ်သည့် စရိတ်များဖြစ်၏။
“အစ်ကိုလင်း... ကျွန်တော်တို့ ဆက်သွယ်ရတဲ့သူက မြောက်ပိုင်း လေယူလေသိမ်းနဲ့၊ အသက် ၆၀ ကျော် ၇၀ လောက် ရှိမယ်။” “သူက အရင် စစ်ပွဲတုန်းက ပြန်မထွက်သွားနိုင်ခဲ့တဲ့ ဂျပန်အနွယ်ဝင် တစ်ယောက် ဖြစ်ပုံရတယ်။”
လင်းယန် ထိုသမိုင်းကြောင်းကို သိပါသည်။ ဂျပန်တို့သည် နယ်မြေချဲ့ထွင်ရန်အတွက် လူအမြောက်အမြားကို ပြောင်းရွှေ့ အခြေချခိုင်းခဲ့သည် မဟုတ်လား။ စစ်ရှုံးပြီးနောက်တွင်လည်း အချို့မှာ အမည်ပြောင်းကာ ဤမြေပေါ်တွင် ဆက်လက် နေထိုင်ခဲ့ကြသည်။ သေချာသည်မှာ... အချို့မှာ မိမိတို့၏ ဇာတိမြေကို တမ်းတနေကြဆဲ ဖြစ်၏။
“ယွမ် ဆယ်သန်းလောက်ကို ချန်ထားပြီး၊ သူတို့ လွှတ်လိုက်တဲ့သူတွေနဲ့ ရင်းနှီးအောင် လုပ်ထားကြပါ။”
လင်းယန်သည် အလျင်မလိုပေ။ ငါးမျှားခြင်း ဆိုသည်မှာ ဖြည်းဖြည်းချင်း လုပ်ရသည့် အလုပ် မဟုတ်လား။ သူသည် အေးဆေးသော ဘဝကို ကျင့်သားရနေသူ ဖြစ်သဖြင့် သည်းခံနိုင်စွမ်း ရှိပါသည်။
……
နောက်ထပ် လအနည်းငယ်အတွင်းမှာပင် ကတုံးချန်တို့အဖွဲ့သည် ဖရဲသီးနက်၊ မြေပဲရိုး နှင့် စူပါမုန်ညင်း စသည်တို့ကို အသုံးချ၍ ‘ကောင်းကင်မြေခွေး’ အဖွဲ့ထံမှ ယွမ် သန်းခြောက်ရာခန့်အထိ လိမ်ယူနိုင်ခဲ့သည်။ ကတုံးချန်တို့မှာလည်း လူအင်အား နှစ်ရာခန့်အထိ တိုးပွားလာခဲ့ပြီး၊ ရွှေကြိုးအကြီးကြီးများ ဆွဲကာ ဈေးကြီးသော စီးကရက်များကိုသာ သောက်ရင်း တကယ့် လူကုံထံကြီးများအလား ဟန်ဆောင်နေကြတော့သည်။
“အစ်ကိုလင်း... အဲ့ဒီ မြေခွေးတွေက တော်တော် ပုန်းတတ်တယ်၊ အခုထိ သူတို့ ဘယ်မှာလဲဆိုတာ စုံစမ်းလို့ မရသေးဘူး။”
ချင်းရှန်းရွာက မြေကြီးတွေကိုပင် သူတို့ ပို့ပေးခဲ့ဖူးသော်လည်း၊ ရွာထဲသို့ ခိုးဝင်သူ နည်းသွားသည်မှလွဲ၍ ထူးခြားမှု မရှိသေးပေ။
“ကိစ္စမရှိဘူး၊ ဖြည်းဖြည်းပေါ့။” လင်းယန်သည် စပျစ်နွယ်ပင်များကို ညှပ်ရင်း အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
…….
ထိုအချိန်တွင် ‘ကောင်းကင်မြေခွေး’ အဖွဲ့အတွင်း၌မူ ပညာရှင်များမှာ မျက်နှာပျက်နေကြရလေပြီ။ “ထမင်းဟင်းတွေက ပိုပြီး ညံ့လာပြီ၊ ငါတို့ဆီမှာ ပိုက်ဆံ မကျန်တော့ဘူး။”
“တောက်... ဟိုလူတွေက ဘာလို့ ပိုက်ဆံ ထပ်မပို့ကြတာလဲ? ငါတို့ဘက်က အောင်မြင်မှုတွေ အများကြီး ရနေတာကို။”
“ဒီမှာ နိုင်ငံခြား ငွေလွှဲမှုတွေကို တော်တော် တင်းကျပ်ထားတယ်လေ။ ငါတို့ဆီ မရောက်ခင်မှာတင် အဖြတ်ခံလိုက်ရတာ နေမှာပါ။”
“တောက်... ပိုက်ဆံမရှိရင် ငါတို့ နောက်ကျရင် ထမင်းငတ်ကုန်တော့မှာပဲ!”
“ငါတို့ အပြင်ထွက်ပြီး အလုပ်သွားလုပ်ရမယ့် အခြေအနေလား?”
ယခုအခါ ‘ကောင်းကင်မြေခွေး’ အဖွဲ့မှာ အကြီးအကျယ် ခေါင်းခဲနေရလေပြီ။ ပိုက်ဆံအတွက် စိုးရိမ်ရလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဂျပန်တွင်သာ ဆိုပါက သူတို့သည် ပိုက်ဆံများကို လွယ်လွယ်နှင့် ရရှိနိုင်မည် ဖြစ်သော်လည်း၊ ဤမြေပေါ်တွင်မူ ကြွက်များအလား ပုန်းအောင်းနေရသည် မဟုတ်လား။
အဆိုးဆုံးမှာ... ကတုံးချန်တို့ကို ပေးခဲ့သည့် ဆုကြေးငွေများမှာ များလွန်းသွားခဲ့ပြီဟု သူတို့ နောင်တ ရနေကြခြင်းပင် ဖြစ်၏။ တကယ်တမ်းတွင် ထိုငွေများသည် ပြည်ပ အထောက်အပံ့များနှင့် ယှဉ်လျှင် ဘာမှ မဟုတ်သော်လည်း...
ပြဿနာမှာ လင်းယန်က ရွှီချင်းကို ကြိုတင် အကြောင်းကြားထားသဖြင့်... ထိုငွေများသည် သူတို့၏ လက်ထဲသို့ လုံးဝ ရောက်ရှိမလာတော့ခြင်းပင် ဖြစ်၏!
နောက်ထပ် နှစ်ပတ်ခန့် ကြာသည့်အခါတွင်မူ... ‘ကောင်းကင်မြေခွေး’ စခန်းအတွင်းရှိ ပညာရှင်များမှာ မုတ်ဆိတ်များနှင့်၊ မျက်နှာများမှာလည်း ဖြူဖျော့ကာ အားအင်ကုန်ခမ်းနေကြလေပြီ။
“ရိက္ခာပြတ်နေတာ သုံးရက် ရှိပြီ!”
“ပိုက်ဆံ ဘယ်မှာလဲ? ဘာလို့ အခုထိ ရောက်မလာသေးတာလဲ?” ဟု အော်ဟစ်နေကြလေတော့သည်။
***
အခန်း ၁၄၅ ။ အရင်းအမြစ်ကို ဖြတ်တောက်ခြင်း
ကောင်းကင်မြေခွေးစခန်းအတွင်းရှိ မရေမတွက်နိုင်သော သုတေသီများမှာ ရူးမတတ် ဖြစ်နေကြလေပြီ။ သူတို့အားလုံးမှာ ဂျပန်နိုင်ငံမှ လာသူများဖြစ်ပြီး ဤနေရာတွင် ဘာသာစကား မပေါက်ကြပေ။ ထို့ကြောင့် စခန်းအတွင်း၌သာ ပုန်းအောင်းနေကြရပြီး အစားအစာနှင့် လူသုံးကုန်ပစ္စည်းအားလုံးအတွက် သူတစ်ပါး၏ ထောက်ပံ့မှုကိုသာ အားကိုးနေရခြင်းဖြစ်၏။
ထို့အပြင် နေ့စဉ် သုတေသနအတွက် လိုအပ်သော စက်ကိရိယာများနှင့် သုံးစွဲရသည့် ငွေကြေးမှာလည်း အဆုံးမရှိသော တွင်းနက်ကြီးပမာပင်။ မူလကမူ ဤသည်မှာ ပြဿနာ မဟုတ်ခဲ့ပေ။ သို့သော် မကြာသေးမီက ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှုများ တင်းကျပ်လိုက်သဖြင့်၊ ပြည်ပမှ ပို့လိုက်သော ငွေများသည် သူတို့၏ လက်ထဲသို့ လုံးဝ ရောက်ရှိမလာတော့ပေ။
လူနေမှုဘဝမှာ ပိုမို နွမ်းပါးလာပြီး အခြေခံ စားဝတ်နေရေးမှာပင် ပြဿနာ တက်လာတော့သည်။
“ဗိုက်မဝတဲ့ နေ့ရက်တွေက တကယ့်ကို နှိပ်စက်မှုပဲ!”
“ပစ္စည်းတွေသာ ထပ်မရတော့ရင် ဒီမှာ ဆက်နေဖို့ မပြောနဲ့၊ စမ်းသပ်မှုတွေပါ ရပ်ပစ်ရတော့မယ်!”
“မတတ်နိုင်တော့ဘူး... လူတချို့ကို အပြင်ထွက်ပြီး အလုပ်လုပ်ခိုင်းရမယ်။ စားစရာဝယ်ဖို့ ပိုက်ဆံ အမြန်ရှာမှ ဖြစ်မယ်။”
ခဏအတွင်းမှာပင် သုတေသီများမှာ တိုင်ပင်ဆွေးနွေးလာကြသည်။ ပြည်ပမှ ရန်ပုံငွေများ ပြန်လည် ရောက်ရှိမလာမီအထိ၊ လူအချို့ကို အပြင်လွှတ်၍ ပိုက်ဆံရှာခိုင်းကာ စခန်း၏ ရိက္ခာကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်၏။ မဟုတ်လျှင်မူ... သူတို့ စမ်းသပ်နေသော ပစ္စည်းများကိုပင် မတော်တဆ စားမိသွားမည်ကို စိုးရိမ်နေကြရသည်။
ဘာပဲဖြစ်ဖြစ်... ချင်းရှန်းရွာမှ ရရှိထားသော ပစ္စည်းများမှာ တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းလှသည် မဟုတ်လား။ လူအများအပြားမှာ သွားရည်များကို အတင်းအောင့်ထားကြရသည်။
“ကျွန်တော်တို့က စကားမတတ်ဘူး၊ ပြီးတော့ အပြင်မှာလည်း ကျွန်တော်တို့ကို စောင့်ကြည့်နေတဲ့သူတွေ ရှိနိုင်တယ်၊ အလွယ်တကူ အဖမ်းခံရနိုင်တယ်။”
ဤစကား ထွက်လာသည့်အခါ အားလုံး၏အကြည့်မှာ လူလေးငါးယောက်ဆီသို့ ရောက်သွားကြသည်။
“သူတို့ သွားလို့ ရတာပဲ။”
ထိုလေးငါးယောက်မှာ နောက်ကွယ်မှ အရင်းရှင်များက ထည့်ပေးလိုက်သူများ ဖြစ်၏။ ရည်ရွယ်ချက်မှာ ပထမဆုံးရရှိသည့် သုတေသန အချက်အလက်များကို ရယူရန်ပင်။ ထိုအထဲတွင် ကိုရီးယားလူမျိုးများ ပါသလို၊ ဆံပင်ရွှေရောင် မျက်လုံးပြာနှင့် လူဖြူများလည်း ပါဝင်သည်။
“ဟုတ်တယ်... အဲ့ဒီလူတွေကိုတော့ ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူး။”
သို့သော် ထိုအချိန်တွင် ကိုရီးယား သုတေသီက စတင်၍ ပေါက်ကွဲတော့သည်။ “အာရှီး... ငါတို့က မင်းတို့ကို ပိုက်ဆံတွေ အများကြီး ပေးထားတာလေ၊ မင်းတို့က ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ!”
“အဲ့ဒီ ပိုက်ဆံတွေ အကုန် ဘယ်ရောက်ကုန်ပြီလဲ!”
“အသုံးမကျတဲ့ အကောင်တွေ။”
သို့သော် နောက်တစ်စက္ကန့်တွင်မူ သူသည် ဂျပန်လူမျိုးများ၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည်။ သူတို့သည် ကိုရီးယားလူမျိုးများနှင့် နဂိုကတည်းက မတည့်ကြပေ။ အရင်းရှင်များက အတင်းအကျပ် ထည့်ပေးလိုက်ခြင်း မဟုတ်ပါက၊ ဤလူနှင့်အတူ အလုပ်လုပ်မည် မဟုတ်ပေ။
“မင်းတို့က ပိုက်ဆံကို ငါတို့လက်ထဲ ရောက်အောင်တောင် မပို့နိုင်ဘဲနဲ့...”
“ငါတို့ဆီက အောင်မြင်မှုတွေ လိုချင်နေသေးတာလား?”
“အိပ်မက်ပဲ မက်နေလိုက်တော့။”
“တကယ်လို့ မင်းသာ အပြင်မထွက်ဘူး ဆိုရင်တော့... ငါတို့ ဗိုက်ဆာလာတဲ့အခါ မင်းကို ဘာလုပ်မိမလဲ ဆိုတာ မင်းကိုယ်မင်း သိထားလိုက်။”
ကိုရီးယားသုတေသီ၏မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားရသည်။ ဤလူများမှာ ရူးနေကြလေပြီ။ ဗိုက်ဆာလွန်းလျှင် သူ့ကို တကယ် စားပစ်မလားဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။ ခြိမ်းခြောက်ခြင်း ဖြစ်နိုင်သော်လည်း သူ တကယ်ပင် ကြောက်လန့်သွားကာ လူဖြူများ၏အနောက်သို့ ဝင်ပုန်းလိုက်တော့သည်။
တကယ်တမ်းတွင် သူ ဤမျှအထိ ရဲတင်းနေရခြင်းမှာလည်း ထိုလူဖြူများကို အားကိုးနေခြင်းကြောင့်ပင်။ သူရော၊ ထိုဂျပန်လူမျိုးများပါ အရင်းရှင်များ၏ ‘ကြိုးဆွဲရာက’ နေရသူများ ဖြစ်ကြသော်လည်း၊ အားကိုးရာရှိသဖြင့် သူ ဟောင်ရဲခြင်းဖြစ်၏။ အကယ်၍သာ လူဖြူများက သူ့ကို ပစ်ထားလိုက်လျှင်မူ သူ၏ ရဲတင်းမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပေလိမ့်မည်။
ထိုဂျပန်လူမျိုးများသည် နှစ်ပေါင်းများစွာ ယဉ်ပါးအောင် မွေးမြူခံထားရသော်လည်း၊ သူတို့၏ စိတ်ထဲတွင်မူ ကျွန်စိတ် မရှိကြပေ။ သူတို့သည် အားကြီးသူကိုသာ လေးစားကြခြင်း ဖြစ်၏။ လူဖြူများက သူတို့ထက် အင်အားကြီးမားသဖြင့် လေးစားကြသော်လည်း၊ ၎င်းမှာ နောက်ကွယ်မှ အရှိန်အဝါကို ကြောက်ခြင်းသာ ဖြစ်ပြီး ထိုလူများကို ကြောက်ခြင်း မဟုတ်ပေ။
နောက်ဆုံးတွင် ‘ဆီဇာ’ ဟု အမည်ရသည့် ဆံပင်ရွှေရောင်နှင့် အမျိုးသားက စတင် စကားပြောလာသည်။ “ရိက္ခာပြတ်ရုံလေးကို ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေကြတာလဲ။ နောက်ရက်အနည်းငယ်နေရင် ငါတို့ရဲ့ ပိုက်ဆံတွေ ရောက်လာတော့မှာပါ။ အဲ့ဒီကျရင် မင်းတို့ ပန်ဒါသား စားချင်ရင်တောင် ငါ ဝယ်ကျွေးမယ်။”
ဂျပန်လူမျိုး အများအပြားမှာ အေးစက်စွာ ရယ်မောလိုက်ကြသည်။ သူတို့သည် ဆီဇာ၏ မောက်မာသော ပုံစံကို ကြည့်မရပေ။ ပန်ဒါသား စားမယ် ဟုတ်လား? ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ၊ ဤမြေပေါ်တွင်မူ ၎င်းမှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စဖြစ်ကြောင်း အခြေခံဗဟုသုတပင် မရှိရှာပေ။ ဤလူဖြူမှာ မိန်းမအကြောင်းကိုသာ သိသူ ဖြစ်၏။
စခန်းသို့ ရောက်လာသော အမျိုးသမီး သုတေသီလေးဦးထဲမှ နှစ်ဦးမှာ ဤလူကြောင့် ကိုယ်ဝန်ပင် ရနေကြပြီ မဟုတ်လား။ အကယ်၍သာ သူသည် ရန်ပုံငွေ အမြောက်အမြား ယူဆောင်မလာပါက၊ ထိုဂျပန်လူမျိုးများမှာ ဒေါသထွက်လွန်း၍ စိတ်မထိန်းနိုင်ဘဲ ရှိနေကြပေလိမ့်မည်။
ရိက္ခာပြတ်လပ်နေသော အခြေအနေတွင် ဆီဇာတစ်ယောက် ဝိုင်နီခွက်ကို လှုပ်ယမ်းကာ အေးအေးဆေးဆေး စကားပြောနေသည်မှာ တကယ်ပင် ဒေါသထွက်စရာ ကောင်းလှသည်။ သို့သော်လည်း သူတို့ ဘာမှ မတတ်နိုင်ကြပေ။
“မင်းတို့ ဘယ်လောက်ပဲ ကုန်ကုန်... ငါတို့ လိုချင်တာက အစားအသောက်ပဲ!”
ဤအချိန်တွင် ‘ကောင်းကင်မြေခွေး’ စခန်းအတွင်း၌ သဘောထားကွဲလွဲမှုများစွာ ဖြစ်ပေါ်လာခဲ့သည်။ ငတ်မွတ်မှုက လူတို့ကို ရူးသွပ်စေခဲ့လေပြီ။
…..
ထိုအချိန်တွင် ချင်းရှန်းရွာ၌မူ ရိတ်သိမ်းချိန်သို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။ ဖရဲသီးနက်များ၊ မုန်ညင်းစေ့များနှင့် မြေပဲများမှာ အကုန်လုံး မှည့်ဝင်းနေကြလေပြီ။ လူတိုင်း လယ်ထဲတွင် အလုပ်ရှုပ်နေကြသည်။ ကတုံးချန်တို့အဖွဲ့ မရှိသဖြင့် လင်းယန်မှာ အနည်းငယ်တော့ မနေတတ်မထိုင်တတ် ဖြစ်နေ၏။
သူသည် ဖရဲသီးတစ်လုံးကို ခွဲစားရန် ပြင်ဆင်နေစဉ်၊ အဝေးမှ ဂျစ်ကားတစ်စီးမှာ ဖုန်တလုံးလုံးနှင့် အပြေးမောင်းနှင်လာသည်ကို မြင်လိုက်ရသည်။ စစ်စိမ်းရောင် ကားမှာ နေရောင်အောက်တွင် တောက်ပနေ၏။
ကားမှာ လင်းယန်၏ရှေ့တွင် ရပ်တန့်သွားပြီး၊ အဘိုးစူးမှာ ကားပေါ်မှ ဒုန်းခနဲ ခုန်ဆင်းလာကာ လင်းယန်ကို အားရပါးရ ကြည့်လိုက်သည်။ “ကောင်လေး... မင်း တကယ် တော်တယ်ကွ!”
“‘ကောင်းကင်မြေခွေး’ စခန်းရဲ့ တည်နေရာကို ငါတို့ အကြမ်းဖျင်း သိလိုက်ရပြီ။”
“မကြာသေးမီက နယ်မြေအချို့မှာ ခိုးယူမှုတွေ ခဏခဏဖြစ်နေတယ်လို့ သတင်းရတယ်။ ခိုးခံရတဲ့ အရာတွေကလည်း အစားအသောက်တွေချည်းပဲလေ။”
“အဲ့ဒါနဲ့ ငါတို့ သံသယဝင်ပြီး စုံစမ်းကြည့်လိုက်တာပေါ့။”
“မင်းရဲ့ ဒီ ‘အရင်းအမြစ်ကို ဖြတ်တောက်တဲ့နည်း’ ကတော့ တကယ်ကို ရှယ်ပဲ။”
“ရန်ပုံငွေလည်း မရှိ၊ ရိက္ခာလည်း ပြတ်သွားတော့... အဲ့ဒီ ဂျပန်တွေက အစားအသောက် ထွက်ခိုးကြရတဲ့အထိ ဖြစ်ကုန်တာပေါ့။ တကယ်ကို ဟုတ်ပါတယ်ကွာ။”
အဘိုးစူးက လင်းယန်ကို တခမ်းတနား ချီးကျူးနေတော့သည်။ အစတုန်းက လင်းယန်ကို စွန့်စားမှု မလုပ်ရန် တားမြစ်ခဲ့သည်ကိုပင် သူ မေ့သွားပုံရ၏။ ‘ကောင်းကင်မြေခွေး’ အဖွဲ့က ဤမျှအထိ လျင်မြန်စွာ တုံ့ပြန်လိမ့်မည်ဟု လင်းယန်လည်း မထင်ထားခဲ့ပေ။
“အကုန် ဖမ်းမိပြီလား အဘိုး?”
“တည်နေရာကိုတော့ အတည်ပြုထားပြီးပြီ၊ ဒါပေမဲ့ သေသေချာချာ ထပ်ပြီး စစ်ဆေးရဦးမယ်။ မကြာခင် ပိုက်ကွန်ကို သိမ်းတော့မှာပါ။” အဘိုးစူးက အလွန် ပျော်ရွှင်နေ၏။
လင်းယန် ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း ထိုလူများကို အမြစ်ပြတ် ဖမ်းဆီးနိုင်မည့်နေ့ကို မျှော်လင့်နေမိသည်။ တစ်ချိန်တည်းမှာပင် အဘိုးစူး၏ ဩဇာအာဏာမှာ စစ်တပ်တင်မကဘဲ နယ်ဘက် လုံခြုံရေးတွင်ပါ ဤမျှအထိ မြန်ဆန်သည်ကို သူ အံ့ဩမိသည်။
ထိုသူများက အစားအသောက် ထွက်ခိုးမည်ဟု လင်းယန် မထင်ထားခဲ့ပေ။ သို့သော် အစားအသောက် ခိုးသည်ဖြစ်စေ၊ မျိုးစေ့ခိုးသည်ဖြစ်စေ ခိုးမှုမြောက်သည်မှာ အတူတူပင် ဖြစ်၏။
“ကျွန်တော့် အထင်တော့... ‘ကောင်းကင်မြေခွေး’ အဖွဲ့က ဒီတစ်နေရာတည်းမှာ ရှိနေတာ မဟုတ်လောက်ဘူး။
ပိုက်ကွန်သိမ်းဖို့ ခဏလောက် ထပ်စောင့်ကြည့်ရအောင်။ ဘဏ္ဍာရေး ထိန်းချုပ်မှုတွေကို ခဏလောက် ပြန်လွှတ်ပေးလိုက်ပါ။ အဲ့ဒီ ပိုက်ဆံတွေ သူတို့လက်ထဲ ရောက်သွားပါစေ။”
အဘိုးစူးသည် လင်းယန်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။ “သူတို့ဆီ ပိုက်ဆံရောက်သွားရင် အဖွဲ့အစည်းက ပြန်ပြီး လှုပ်ရှားလာလိမ့်မယ်။ အဲ့ဒီကျရင် သူတို့နဲ့ ပတ်သက်နေတဲ့သူတွေ အကုန်လုံး အပြင်ကို ထွက်လာကြလိမ့်မယ်။”
“အဲ့ဒီအခါမှ ကျွန်တော်တို့က သူတို့ရဲ့လှုပ်ရှားမှုအားလုံးကို နောက်ကွယ်ကနေ လက်ဝါးကြီးအုပ် ကိုင်တွယ်လို့ ရမှာပေါ့!”
“တကယ်ကို ယုတ်မာ... အဲ... တကယ်ကို အစွမ်းထက်တဲ့ နည်းလမ်းပဲကွာ!”
***