← Chapters

ကောင်းကင်မြူခိုးမြို့တော်က ကြိုဆိုပါတယ်

Vol. 25 Ch. 339

ကောင်းကင်မြူခိုးမြို့တော်က ကြိုဆိုပါတယ်

Vol. 25 Ch. 339

စုမင်၏ ရောက်ရှိလာမှုကြောင့် ကြောင်အမှင်တက်သွားသူမှာ အစောင့်တစ်ဦးတည်း မဟုတ်ပါချေ။ ရှာမန်သည်လည်း သူ့အား သတိမပြုမိခဲ့ပေ။ သို့သော် ထိုရှာမန်သည် တိုက်ခိုက်ခြင်းနှင့် အကျွမ်းဝင်နေသူတစ်ဦး ဖြစ်သည်မှာ ထင်ရှားလို့နေသည်။ တစ်ခဏမျှပင် တွန့်ဆုတ်နေခြင်း မရှိပဲ ထိုအစား ကြမ်းကြုတ်စွာ ရယ်မောလျက် ပုဆိန်အား စုမင်ထံ ဝှေ့ယမ်းလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပုဆိန်သည် ၎င်း၏ပစ်မှတ်နှင့် တစ်ပေခန့်တောင် မဝေးတော့ပါချေ။

စုမင် ထိုနေရာတွင်သာ တည်ငြိမ်စွာ ရပ်နေလိုက်သည်။ သူ့ညာလက်ထဲရှိ ကျောက်စိမ်းဓားရှည်က တောက်ပလာသည်။ သူ့ခေါင်းပေါ်သို့ ရှာမန်၏ ပုဆိန်ကျဆင်းလာသည်နှင့် ဓားရှည်ကို ထိုလူ၏နံဖူးအလယ်သို့ ထိုးသွင်းလိုက်တော့သည်။ စောင့်ကြည့်နေသူများ၏ အမြင်တွင်တော့ ဤသူနှစ်ဦးသည် မည်သူပို၍ ရက်စက်ကြမ်းကြုတ်ကြောင်း တွေ့ရရန် တိုက်ခိုက်နေခြင်းဖြစ်သည်မှာ ရှင်းလင်းလို့နေသည်။

ပိုမို ရက်စက်ကြမ်းကြုတ်သူသည်သာ ဤနှစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်ပွဲမှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည် ကဲ့သို့ပင်...

အကယ်၍ ရှာမန်ယောက်ျားသည်သာ ပထမဆုံးကြောက်ရွံ့၍ တိုက်ခိုက်မှုအား ရှောင်တိမ်းခဲ့သူဖြစ်လျှင် သူ့တိုက်ခိုက်မှုဖြင့် ဤလူအား မသတ်နိုင်ခြင်းကြောင့် စိတ်ရှုပ်ရမည်ဖြစ်သော်လည်း ထိုအရာက သေခြင်းတရားထက်တော့ ပိုမိုကောင်းမွန်ပေသည်။

သို့သော် အကယ်၍ စုမင်သည်သာ ကြောက်ရွံ့၍ ရှောင်တိမ်းရန် ကြိုးစားခဲ့လျှင် သူ၏ လက်ဦးမှုရယူနိုင်ခြင်းကို ချက်ချင်း ဆုံးရှုံးသွားရမှာဖြစ်သည်။ ပြီးလျှင်တော့ ထိုရှာမန်သည် စုမင် ပိတ်ဆို့တားဆီးနိုင်ရန် ခက်ခဲမည့် အားတစ်ခုနှင့်အတူ သူ့အား သေချာပေါက် တိုက်ခိုက်လာပေလိမ့်မည်။

သို့သော် အကယ်၍ သူတိုနှစ်ဦးလုံးသာ ရှောင်တိမ်းခြင်း မပြုခဲ့လျှင်တော့ နှစ်ဦးစလုံးမှာ သေချာပေါက်ပင် အတူတကွ သေဆုံးသွားကြပေလိမ့်မည်။

စုမင်အနောက်မှ အစောင့်သည် ခေတ္တခဏမှင်တက်သွားခဲ့ရသည်။ သူ့ကိုယ်သူ ဖျက်ဆီးဖောက်ခွဲရန်ပင် ရွေးချယ်ထားခဲ့ပြီး ဖြစ်၍ စစ်ပွဲတွင် မပါဝင်စေရန် သူပိတ်ပင်ထားဆီးခဲ့သူက သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ။

ထိုသူသည် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် စုမင်ကိုယ်ပေါ်မှ ချပ်ဝတ်ကို ချက်ချင်းမှတ်မိလိုက်၏။ ထိုအရာက... စစ်နတ်ဘုရားချပ်ဝတ်ပင် ဖြစ်သည်။

ရှာမန်၏ မျက်လုံးများအတွင်း ရူးသွပ်မှုများ ပေါ်မလာခင် သူ မည်သည့်အရာကိုမှတောင် မပြောလိုက်နိုင်ပေ။ ရှာမန်လူသည် သူ့နံဖူးအလယ် တိုးဝင်လာနေသော ကျောက်စိမ်းဓားမြှောင်ငယ်အား လုံးဝ လျစ်လျူရှုထားခဲ့သည်။ ပေါက်ကွဲသံနှင့်အတူ ပုဆိန်က စုမင်ကိုယ်ပေါ် ကျရောက်လာခဲ့သည်။

ဝုန်း...

လေထဲသို့ ပေါက်ကွဲသံ ပဲ့တင်ထပ်သွားသည်နှင့် အမျှ စုမင်သည်လည်း ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။ သူ့ပါးစပ်မှ သွေးများစီးကျလာသော်လည်း သူ့ကိုယ်ပေါ်တွင်တော့ ဒဏ်ရာဒဏ်ချက် တစ်ခုတလေပင် မရခဲ့ချေ။ သူ့ပခုံးချပ်ဝတ်သည် ပုဆိန်ကြောင့် ဖြတ်တောက်ခံလိုက်ရသော်လည်း ၎င်းအပေါ်တွင် အက်ရာတစ်ခုသာ ရှိနေပြီး ထိုအက်ကွဲရာမှာလည်း အလျင်အမြန် ပြန်လည်စေ့ပိတ်လို့ လာပြီဖြစ်သည်။

ရှာမန်လူသည်တော့ ဤအရာကို မြင်တွေ့ရန်ပင် အခွင့်မရှိတော့ချေ။ ရူးသွပ်မှုများ အထင်းသားပေါ်နေဆဲ ဖြစ်သော ၎င်း၏မျက်နှာထက်ရှိ နဖူးအလယ်တွင် အပေါက်တစ်ပေါက်ကို တွေ့မြင်နိုင်သည်။ ထိုအပေါက်မှ သွေးများ သွန်ကျလာသော်လည်း ထိုအရာက သူ့အားသတ်သွားခဲ့ခြင်း မဟုတ်ပေ။ ရှာမန်အား သတ်ဖြတ်သွားသော အရာမှာ သူ့ပုဆိန်အား လွှဲယမ်းလိုက်သည့် တစ်ခဏတွင် သူ့နောက်မှ ရုတ်တရက် ထွက်ပေါ်လာသော ဓားတစ်ချောင်းဖြစ်သည်။ ဓားသည် သူ့လည်ပင်းအား အလျင်အမြန်ပင် ပိုင်းဖြတ်သွားခဲ့သည်။ သူ၏ နဖူးအလယ်သို့ ထိုးဖောက်ခံလိုက်ရသကဲ့သို့ သူ့နောက်မှ လူကလည်း သူ့ခေါင်းကို ဖြတ်ပစ်လိုက်ခြင်း ဖြစ်၏။

ကျောက်စိမ်းဓားမြောင်ငယ်သည် ရှာမန်၏ဦးခေါင်းကို ထိုးဖောက်သွားပြီး ရှာမန်နောက်တွင် ရုတ်တရက်ပေါ်လာသူကိုပါ ဖြတ်တိုက်သွားခဲ့သည်။ ထိုလူ၏ မျက်နှာထက်တွင် သွေးစီးကြောင်းကြီးတစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့လေသည်။

ရှာမန်နောက်တွင် ပေါ်လာခဲ့သူအား စုမင် သိ၏။ ထိုလူသည် ယခင်က သူ့အား တိုက်ပွဲသို့ ပါဝင်မဆင်နွှဲနိုင်ရန် တားဆီးခဲ့သော အစောင့်နှစ်ဦးအနက်မှ အခြားတစ်ဦးဖြစ်သည်။

သက်လတ်ပိုင်းလူ၏ အကြည့်နှင့် မျက်နှာထား အမူအယာက အေးစက်နေသည်။ သူ့မျက်နှာပေါ်ရှိ ဟက်တက်ကွဲဒဏ်ရာကိုမူ လုံးဝ လျစ်လျူရှုထားလေသည်။ ထိုအစား စုမင်အား တစ်ချက်လှမ်းကြည့်လျက် သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။  ထိုအပြုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အမြွက် ပါဝင်နေသော်လည်း မည်သည့် မကောင်းသော စိတ်ဆန္ဒမျိုးမှတော့ မပါဝင်ပေ။

"ကောင်းကင်မြူခိုး မြို့တော်က ကြိုဆိုပါတယ်" စကားဆုံးသည်နှင့် ထိုလူသည် သူ့လက်ထဲရှိ ဦးခေါင်းကို စုမင်ထံ ပစ်ပေးလာသည်။ ၎င်းကို စုမင်ဖမ်းယူလိုက်သည်နှင့် ထိုလူသည် တစ်ဖက်သို့ လှည့်ထွက်သွားပြီး လျှပ်တစ်ပြက်အတွင်းမှာပင် အခြားရှာမန်တစ်ယောက်ဆီ ဦးတည်သွားတော့သည်။

"သူတို့ခေါင်းတွေကို သိမ်းထား။ မင်းရဲ့ စစ်ပွဲအောင်မြင်မှုတွေကို မှတ်တမ်းတင်တဲ့အခါ အဲဒါက ကျုပ်တို့အတွက် အရေးကြီးတဲ့သက်သေပဲ" စုမင် ယခုလေးတင် ကယ်တင်ခဲ့သော အစောင့်၏အသံက သူ့ဘေးမှ ထွက်ပေါ်လာခဲ့သည်။ ထိုလူသည် ရင်ထဲတွင် အလွန် ခံစားသွားရဟန်တူပြီး လှိုက်လှိုက်လှဲလှဲ ပြုံးပြနေခဲ့သည်။

"မင်းဒီနေရာကနေ ခုထိ ထွက်မသွားရသေးလို့ ကံကောင်းထောက်မတာပဲ၊ အဲလိုမှ မဟုတ်ရင် ကျုပ် ဒီနေရာမှာ သေသွားလောက်ပြီ။ ကျုပ်နာမည်က ကျန်းထျန်းထပါ။ ကောင်းကင်မြူခိုး မြို့တော်က ကြိုဆိုပါတယ်" ထိုလူက ကျယ်လောင်စွာ ရယ်မောလျက် ညာလက်အား မြှောက်လိုက်သည်။ စုမင်သည်လည်း ညာလက်ကိုမြှောက်၍ တစ်ဦးနှင့်တစ်ဦး လက်ဝါးချင်းရိုက် အောင်ပွဲခံပြီးသည်နှင့် ၎င်းတို့နှစ်ဦးသည် လမ်းခွဲလိုက်ကြပြီး စစ်ပြေပြင်ရှိ မတူညီသော နေရာနှစ်ခုစီ ဦးတည်လိုက်ကြ၏။

ထိုလက်ဝါးခြင်းရိုက်မှုမှ တစ်ဆင့် သူ့လက်ဝါးထဲသို့ တိုးဝင်လာသော အသက်ဓာတ်တစ်ခု၏ တုန်ခါမှု လှိုင်းလုံးကြီးကို စုမင် ခံစားမိလိုက်သည်။ ထိုတုန်ခါမှုသည် ကျန်းထျန်းထနှင့် သတ်ဖြတ်မှု အနိဋ္ဌာရုံများဖြင့် ပြည့်နေသော စစ်မြေပြင်တို့ထံမှ ဖြစ်သည်။ သူလှည့်ထွက်လိုက်သည်နှင့် စုမင်၏ ညာမျက်လုံးအတွင်း အနီရောင်အလင်းတစ်ဖြာ ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်အား အနက်ရောင်မြူခိုးများ ဝန်းရံသွားပြီး သူ့စစ်နတ်ဘုရား ချပ်ဝတ်ကိုလည်း အစီအရင်များ ဖုံးအုပ်သွားရာ စုမင်၏ အကာအကွယ်ကို မယုံနိုင်ဖွယ် အစွမ်းထက်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားစေသည်။

ဟန်တောင်တန်း ခေါင်းလောင်းသည်လည်း စစ်နတ်ဘုရားချပ်ဝတ်အောက်တွင် မထင်မရှားပုံစံဖြင့် ပေါ်လာခဲ့သည်။ ထိုခေါင်းလောင်းနှင့်ဆိုလျှင် သူ့အကာအကွယ်မှာ တစ်ဆခန့်နီးပါး ပိုမိုတိုးမြင့်သွားနိုင်သည်။ သူ့နံဘေးတွင်လည်း အစိမ်းရောင်အလင်း တောက်ပနေသည်။ ထိုအရာက ကျောက်စိမ်းဓားမြှောင်ငယ်လေး ဖြစ်ပြီး ၎င်းက သူ့ပတ်လည်တွင် လှည့်ပတ်လှုပ်ရှားနေလေသည်။

စုမင် ရှေ့သို့တက်ရင်း အမျိုးသားရှာမန်တစ်ဦးဆီ ဦးတည်လိုက်သည်။ ထိုရှာမန်သည် ချည်ကြမ်းထည်ကို ဝတ်ဆင်ထားသည်။ သူ့ညာလက်သည် နက်မှောင်နေပြီး သူ့သွေးကြောထဲသို့ အဆိပ်များထိုးသွင်းနေဟန်ဖြင့် သူ့လက်အား ကိုက်ထားသော အနီရောင်မြွေတစ်ကောင် ရှိနေသည်။ သူ့ဘယ်လက်သည် နက်မှောင်မနေသော်ငြား ဖူးရောင်လို့နေ၏။ ရောင်စုံကင်းမြီးကောက် တစ်ကောင်သည် သူ့ဘယ်လက်အား တွယ်တက်နေပြီး ၎င်း၏ အစွယ်များကို ထိုသူ့အရေပြားထဲသို့ နက်ရှိုင်းစွာထိုးသွင်းထားပုံ ပေါ်နေသည်။

ထိုလူငယ်၏ မျက်နှာပေါ်တွင် စွဲမက်ဖွယ်ကောင်းသော ဆေးမင်ကြောင်တစ်ခု ရှိနေ၏။ စုမင် ထိုအရာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၎င်းထံမှ ရက်စက်ကြမ်းကြုတ်မှု တစ်မျိုး ထွက်ပေါ်လို့နေသည်။ ထိုလူငယ်သည် စုမင်ထံသို့ ပြေးဝင်မလာစဉ်မှာပင် မာန်စွမ်းအားရှင် တစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူသည် မာန်စွမ်းအားရှင်၏ ဦးခေါင်းကို ဖြတ်ပြီးသည်နှင့် လှောင်ပြုံးတစ်ခုနှင့်အတူ စုမင်ထံ ပြေးဝင်လာခဲ့သည်။

သူတို့နှစ်ဦးသည် အသက်တစ်ကြိမ်ရှူစာ အတွင်းမှာပင် နီးကပ်သွားကြသည်။ အစိမ်းရောင်အလင်းတဖြာ တောက်ပသွားပြီး ရှာမန်၏ဦးခေါင်းထံ တိုးဝင်သွားသည်။ သို့သော်လည်း ထိုရှာမန်က ကျယ်လောင်စွာ အော်ဟစ်၍ သူ့ညာလက်ကို မြှောက်လိုက်ချေသည်။ သူ့ညာလက်နှင့် ဓားငယ်တို့ ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ထိုလူ၏ ညာလက်မောင်းမှာ ချက်ချင်း ပေါက်ကွဲသွားပြီး အနက်ရောင်အရည်များအဖြစ် ပြောင်း၍ နေရာအနှံ့သို့ လွင့်စဉ်သွားသည်။

ဓားငယ်သည် အနက်ရောင်အရည်များနှင့် ထိမိသွားသောအခါ တရှဲရှဲမြည်သံများ ထွက်ပေါ်လာပြီး စတင်၍ ယိမ်းထိုးလှုပ်ရှားလာသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်အရည်များ စုမင်၏ စစ်နတ်ဘုရားချပ်ဝတ်အပေါ် ကျဆင်းလာသောအခါ ချပ်ဝတ်သည် တိုက်စားခံလိုက်ရဟန်ဖြင့် ၎င်းအပေါ်၌ ချိုင့်ခွက်များ ပေါ်လာခဲ့သည်။ အဆုံးတွင်တော့ ဟန်တောင်တန်းခေါင်းလောင်းသည် စုမင်အား ထိုအရည်များ မထိစေရန် တားဆီးလိုက်နိုင်ဆဲ ဖြစ်သည်။

လူငယ်၏ ညာလက်သည် မူလက ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သော်လည်း နောက်တစ်ကြိမ် လက်မောင်းပြန်ထွက်လာသကဲ့သို့ ၎င်းနေရာမှာ ထူးဆန်းစွာ လူးလွန့်လှုပ်ရှားလာခဲ့သည်။ ထိုလူသည် သူ့အရှိန်နှုန်းကို တိုးမြှင့်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင်အနီးသို့ ရောက်လာခဲ့ချေပြီ။ သူသည် ပါးစပ်ကိုဟ၍ အဆိပ်မြူခိုးလွှာတစ်ခုအား ထွေးထုတ်လိုက်သည်။ ထိုအဆိပ်မြူများသည် တစ္ဆေမျက်နှာတစ်ခုအဖြစ် ပြောင်းလျက် စုမင်ထံ တိုးဝင်လာခဲ့သည်။

စုမင်မျက်လုံးများ တောက်ပလက်ဖြာသွားသည်။ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးသည်နှင့် လှောင်ပြုံးတစ်ခုနှင့် အတူ အရှေ့သို့ တိုးဝင်သွားလိုက်သည်။ သူ့ပုံစံမှာ အဆိပ်မြူများအတွင်း တည့်တည့်တိုးဝင်သွားပုံ ပေါ်သော်လည်း တကယ်တမ်းတွင်တော့ အကွာအဝေးတို တစ်ခုအတွင်း ရှေ့တိုးသွားပြီးသည်နှင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ရှေ့သို့ တစ်ဖန်ပြန်လည် တိုးဝင်သွားခြင်းဖြစ်သည်။ သူ၏ မယုံနိုင်ဖွယ် အမြန်နှုန်းကြောင့် ကြီးမားသော လေပြင်းတစ်ခုကိုပင် လှုံ့ဆော်နိုင်ခဲ့လေသည်။

ထိုမြူခိုးများသည် သာမန်လေပြင်း တစ်ခုဖြင့် လွင့်ပါးသွားစေရန် မဖြစ်နိုင်ပဲ ထူးဆန်းကောင်း ထူးဆန်းနေနိုင်သော်ငြား စုမင်၏ ပြင်းထန်သော အမြန်နှုန်းကြောင့် ဖြစ်ပေါ်လာသော လေပြင်းကမူ ၎င်းအား အဝေးသို့ တည့်တည့်တိုက်ခတ်သွားစေနိုင်သည်။

သူ့ရန်သူ အံ့အားသင့်သွားသော အခိုက်အတန့်ကို သုံး၍ စုမင် ညာလက်ကိုမြှောက်ကာ လူငယ်၏ ဦးခေါင်းကို သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ရုပ်နယ်လွန်နှောင်းပိုင်း အဆင့်တွင်ရှိနေသော သူ့စွမ်းအားသည် လူငယ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ ယိမ်းယိုင်နေသော ကျောက်စိမ်းဓားမြောင်ငယ်သည်လည်း အရှိန်ပြင်းပြင်း တိုးထွက်သွားပြီး ထိုလူ့လည်မျိူကို ထိုးစိုက်သွားသည်။ ထိုအချိန်တစ်ခဏအတွင်းမှာပင် စုမင် ထိုလူ၏ ဦးခေါင်းကို သူ့ကိုယ်မှ ဆွဲဖြုတ်လိုက်တော့သည်။

လူငယ်၏ ဦးခေါင်းမရှိသော အလောင်းသည် မြေပြင်ဆီသို့ ပြုတ်ကျသွားသည်။ ထိုလူ့ဦးခေါင်းကို ဆုတ်ကိုင်ထားရင်း စုမင်မျက်နှာသည် ဖြူဖျော့နေသော်လည်း သူ့မျက်လုံးများသည်တော့ အေးစက်နေခဲ့သည်။ သူ့အသက်ရှူသံမှာလည်း အနည်းငယ် လျင်မြန်လို့နေသည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် လူများ အချင်းချင်းသတ်ဖြတ်၍ အော်ဟစ်နေကြသံများ ဖြစ်သည်။ လေထဲတွင် စူးရှနာကျင်စွာ အော်ဟစ်နေသံများသည် ဘယ်သောအခါမျှ ငြိမ်းချမ်းသွားတော့မည် မဟုတ်သကဲ့သို့ပင်...

စုမင်၏ လှုပ်ရှားမှု ရပ်တန့်သွားချိန်မှာပင် သူ့အနောက်ဘက်မှ အဝါရောင်အလင်းတဖြာ ဖျတ်ခနဲ တောက်ပလာသည်။ ထိုအလင်းထဲတွင် စိန်သွားပုံ သားရဲအရိုးတစ်ခု ရှိနေပြီး ၎င်းက မယုံနိုင်လောက်အောင်ပင် ချွန်ထက်လှချေ၏။

သူ့နောက်ကျောရှိ နှလုံးသားအပေါ်တည့်တည့် နေရာအား ထိုအရိုးစိုက်ဝင်လာချိန်တွင် စုမင်သည် ဤကဲ့သို့သော စစ်မြေပြင်မျိုးထံမှ သူ၏ပထမဆုံး အတွေ့အကြုံထဲတွင် နစ်မြုပ်လို့နေဆဲ ဖြစ်သည်။ သူ့ထံတွင် တိုက်ခိုက်မှုအား ပိတ်ဆို့သော စစ်နတ်ဘုရားချပ်ဝတ် ရှိနေဆဲ ဖြစ်လျှင်တောင် ထိုအားသက်ရောက်မှုကြောင့် စုမင် ဒယိမ်းဒယိုင်ဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် တိုးသွားရဆဲဖြစ်သည်။ သူ့ပါးစပ်မှလည်း သွေးများ စီးကျလာခဲ့သည်။

စိန်သွားပုံ သားရဲအရိုး ထွက်ပေါ်လာရာဘက်သို့ စုမင် အလျင်အမြန်လှည့်ကြည့်လိုက်သည်။ ထိုနေရာရှိ တပ်ဖွဲ့နှစ်ခု အချင်းချင်းသတ်ဖြတ်နေကြသော လူအုပ်ထဲတွင် မာန်စွမ်းအားရှင် အဘိုးအိုတစ်ဦးအား အတူတကွ ပူးပေါင်းတိုက်ခိုက်နေကြသော ရှာမန်နှစ်ဦးရှိနေသည်။ သူတို့တိုက်ပွဲမှ အော်ဟစ်သံများသည်  သူတို့ပတ်ဝန်းကျင်မှ အသံများနှင့် ရောနှောနေသဖြင့် ရှင်းရှင်းလင်းလင်း မကြားရပါချေ။

အဘိုးအို၏ မျက်နှာသည် သွေးဆုတ်ဖြူရော်နေပြီး သူ့ဆံပင်တွင်တော့ လတ်ဆတ်သော သွေးများ စွန်းထင်းနေသည်။ သူသည် နောက်ဆုတ်ရန် ဖိအားပေးခံနေရ၏။

စုမင်ထံ တိုးဝင်လာခဲ့သော သားရဲအရိုးသည် အမှန်တကယ်တွင်တော့ သူ့အားရည်ရွယ်ခြင်း မဟုတ်ပဲ အဘိုးအို ရှောင်တိမ်းလိုက်သောအခါ စုမင်ရှိရာ လမ်းကြောင်းအတိုင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဤစစ်မြေပြင်၏ ထိပ်ဆုံးနေရာတွင်တော့ လူ ၁၀၀၀ထက်နည်းသော လူများ ပါဝင်နေပြီး အမှောင်ထုကြီး တစ်ခုမှာ ကောင်းကင်အရောင်ကိုပင် ဖုံးကွယ်ထားကာ ပေါက်ကွဲဆူညံသံများသည်လည်း တိုးမြင့်လာသည်။ အနက်ရောင် မြူခိုးများ လွင့်ပြယ်သွားသည်နှင့် အဆက်မပြတ် အော်မြည်ဟိန်းဟောက်နေသည့် ရေနဂါးကြီး၏ ရံဖန်ရံခါဆိုသလို ထွက်ပေါ်လာတတ်သော ခန္ဓာကိုယ်အား စုမင်မြင်လိုက်ရသည်။

ရေနဂါးကြီးနှင့် တိုက်ခိုက်နေသူမှာ ယခင်က ကောင်းကင်မြူခိုး မြို့တော်အတွင်းမှ ထွက်လာခဲ့သော လူလေးဦးအနက်မှ သက်လတ်ပိုင်းလူ ဖြစ်သည်။ အခြား လူသုံးဦးမှာမူ အနက်ရောင်မြူခိုးများ အတွင်းရှိ တစ်ထပ်တည်းတူညီကြသော မဟာရှာမန်သုံးဦးနှင့် တိုက်ခိုက်နေကြသည်။

သူတို့၏ ကျင့်ကြံဆင့်သည် ရိုးရေစတေးနယ်ပယ်ထက် ကျော်လွန်နေပြီး မာန်ဝိညာဉ်နယ်ပယ်သို့ပင် ရောက်ရှိနေခဲ့ချေပြီ။ သို့သော် သူတို့သည် မာန်ဝိညာဉ်နယ်ပယ် ကနဦးဆင့်မှ မာန်စွမ်းအားရှင်များလောက်သာ ဖြစ်သည်။ မာန်ဝိညာဉ်နယ်ပယ် အဆင့်တစ်ခုစီတိုင်းမှ စွမ်းအားကွာခြားချက်သည် အလွန်ကြီးမားသောကြောင့် နယ်ပယ်ကြီးနှစ်ခုအတွင်းမှ စွမ်းအားကွာဟချက်နှင့်ပင် တူညီချေ၏။

စုမင် လူအုပ်ထဲရှိ ရှာမန်နှစ်ဦးကို စိုက်ကြည့်နေရင်း သူ့မျက်လုံးများအတွင်း သတ်ဖြတ်လိုသော အသိနှင့်အတူ သွေးနီရောင်အလင်းတဖြာ တောက်ပလာခဲ့သည်။ သူ ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး အသက်တစ်ကြိမ် ရှူစာအတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။ စုမင် ပျောက်ကွယ်သွားသည့် အခိုက်အတန့်မှာပင် ရှာမန်တစ်ဦးသည် စုမင်ထွက်ခွာသွားချိန် ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်ထံ လက်သီးဖြင့် ထိုးသွင်းလိုက်သည်။ ထိုလူသည် လက်သီးချက် ထုတ်ပြီးသည်နှင့် ခေတ္တခဏ မင်သက်သွားသော်လည်း ပိုမို၍ စဉ်းစားတွေးတောနေရန် အခွင့်အရေးမရခဲ့ပေ။

သိပ်မဝေးသောနေရာမှ မာန်စွမ်းအားရှင်တစ်ဦးသည် သူ့ကိုယ်သူ ဖျက်ဆီးဖောက်ခွဲရန် ရွေးချယ်သွားခဲ့၏။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများသည် အရပ်မျက်နှာအနှံ့ တိုးဝင်သွားသည်။ လှိုင်းလုံးများ ရှာမန်အား တိုက်မိသွားချိန်တွင် သူသည် နောက်သို့ လွင့်ထွက်သွားပြီး တစ်နေရာမှ ထွက်ပေါ်လာသော မြားတစ်ချောင်း၏ အပြစ်ကိုလည်းခံလိုက်ရကာ သေဆုံးသွားတော့သည်။

အချင်းချင်း တိုက်ခိုက်နေကြသော လူပေါင်းများစွာကို စုမင် အလျင်အမြန် ဖြတ်ကျော်လာခဲ့ပြီး မာန်စွမ်းအားရှင် အဘိုးအိုအား တိုက်ခိုက်နေကြသော ရှာမန်နှစ်ဦးနောက်တွင် ပေါ်လာခဲ့သည်။ ထိုရှာမန်နှစ်ဦး၏ မျက်နှာများတွင် ရူးသွပ်မှုများ စွန်းထင်းနေသည်။ သူတို့၏ အချိတ်အဆက်မိမှုသည် အပြစ်အနာအဆာ ကင်းမဲ့နေပြီး

ဤစစ်ပွဲအတွင်း သူတို့လက်ထဲတွင် သေဆုံးခဲ့သော မာန်စွမ်းအားရှင် အရေအတွက်မှာ ဆယ်ဦးပင် မကတော့ပါချေ။

ထိုအခိုက်အတန့်မှာပင်  သူတို့ သတ်ဖြတ်ခဲ့သော အရေအတွက်ထဲ၌ တစ်ဦးထပ်တိုးလာခဲ့ချေပြီ။ အရပ်ပိုပုသော ရှာမန်သည် လှုပ်ရှားသွားပြီး အဘိုးအိုဘေးသို့ ဖြတ်ကျော်ရောက်ရှိသွားကာ ခေါင်းဖြတ်ပစ်လိုက်လေသည်။

ပိုပုသော ရှာမန်သည် အဘိုးအို၏ ဦးခေါင်းကို လက်ထဲတွင် ကိုင်ထားရင်း ဆိုးညစ်စွာ ပြုံးလျက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သို့သော် သူ့ရယ်သံ စတင်ထွက်ပေါ်လာချိန်မှာပင် သူနှင့်အတူ ပြုံးနေခဲ့သော သူ့အဖော်၏ မျက်လုံးများက ပြူးကျယ်သွားပြီး ကျယ်လောင်စွာ အေယ်ဟစ်လျက် သူ့ထံပြေးထွက်လာခဲ့သည်။

ပိုပုသော ရှာမန်၏ နောက်တွင် စုမင်ရှိနေပြီး သူ့နောက်တည့်တည့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လှမ်းခဲ့ရလေသည်။ စုမင်မျက်လုံးများမှာ သွေးနီရောင်ရဲနေပြီး သူထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အစိမ်းရောင်အလင်းတဖြာ တောက်ပသွားကာ ရှာမန်၏နောက်ကျောမှတစ်ဆင့် သူ့နှလုံးသားအား ထိုးဖောက်သွားတော့သည်။

အစိမ်းရောင်အလင်းသည် ထက်မြက်စွာပြန်လှည့်လာပြီး ထိုရှာမန်၏ နဖူးအလယ်သို့ပါ ထွင်းဖောက်သွားခဲ့သည်။

ထိုလူသည် သာမန်ထက်လွန်ကဲသော စွမ်းအားရှိသော်ငြား စစ်မြေပြင်တွင် လူတစ်ဦး၏ ကျင့်ကြံဆင့်သည် ၎င်းတို့အား ကူညီနိုင်လျှင်တောင် အပြည့်အဝတော့ ကူညီမပေးနိုင်ပေ။ ကံတရား၊ ဆုံးဖြတ်ချက်ပြတ်သားမှု၊ သတိ၊ စောင့်ကြည့်လေ့လာအားနှင့် အခြားအကြောင်းအရင်းအားလုံးသည် လူတစ်ဦး အသက်ရှင်ကျန်ရစ်နိုင်ခြင်း ရှိမရှိကို ဆုံးဖြတ်ပေးမည့် သော့ချက်များဖြစ်သည်။ ၎င်းတို့အထဲမှ တစ်စုံတစ်ခုပင် လစ်လပ်နေ၍ မရပေ။

စုမင် အရပ်ပိုပုသော ရှာမန်ကို သတ်ပြီးသည်နှင့် ၎င်း၏ အဖော်သည် ဟိန်းဟောက်သံတစ်ခုနှင့်အတူ သူ့ထံတိုးဝင်လာရာ စုမင်မျက်လုံးများအတွင်းရှိ အေးစက်စက်အကြည့်က ပိုမိုတောက်ပလာခဲ့သည်။

"ဟယ်ဖုန်း"

စုမင် ပါးစပ်ဟလိုက်သည်နှင့် တိုးဝင်လာနေသော ရှာမန်နောက်တွင် အနက်ရောင်အရိပ်တစ်ခု ချက်ချင်းပေါ်လာခဲ့သည်။ ထိုအရိပ်သည်  ဧရာမပါးစပ်ကြီးသဖွယ် ၎င်းအား ဝါးမျိုသွားသည်။ ထိုလူ ဘာဆက်ဖြစ်လိမ့်မည် ဆိုသည်နှင့် ပတ်သက်၍ စုမင် စိတ်အနှောင့်အယှက် အဖြစ်ခံမနေတော့ပေ။ တစ်ချက်လှုပ်ရှားလိုက်ပြီး အခြားအရပ်မျက်နှာတစ်ခုဆီ ဦးတည်လိုက်တော့သည်။

"မင်း သူ့ကို ထိန်းချုပ်ပြီးတာနဲ့၊ သူ့ရုပ်သွင်သဏ္ဌာန်နဲ့ ရှာမန်ဆိုတဲ့ သူ့ဇာစ်မြစ်ကို ကိုယ်စားပြုတဲ့ ဆေးမင်ကြောင်ကို ဖျက်ဆီးပစ်လိုက်။ အဲဒါ ပြီးရင် ငါနဲ့ လိုက်ခဲ့" စုမင် ထွက်ခွာသွားသည်နှင့် သူ၏ အေးစက်စက်အမိန့်က ဟယ်ဖုန်း၏ နားများထဲသို့ ဝင်ရောက်လာခဲ့သည်။

***

All Chapters