လက်တစ်ဖက်တည်းဖြင့်
Vol. 33 Ch. 457
အခန်း (၄၅၇) လက်တစ်ဖက်တည်းဖြင့်
သူ့ရှေ့မှလူကိုတွေ့သည်နှင့် ချန်လီတောင်မှ လူရွယ်စုံတွဲ မျက်နှာပျက်သွားကြသည်။
“ဟိုင်ကျန့်ကျယ်...”
ရန်ကျောက်ကဲတို့အုပ်စုကတော့ ထိုနာမည်ကိုမသိသည်မှာ သေချာသည်။
သို့သော် ထိုသူက “သမုဒ္ဒရာကမ္ဘာ” တွင်တော့ အတော်လေး နာမည်ကြီးသူဖြစ်နိုင်သည်။
“သွေးနီပင်လယ်နဂါးသခင်” ဟိုင်ကျန့်ကျယ် ဆိုသည်က သွေးနီနဂါးဂိုဏ်းချုပ်၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက်ဖြစ်သလို သမုဒ္ဒရာကမ္ဘာ၏ လူငယ်မျိုးဆက်များတွင် ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက်ဖြစ်၏။
လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းတွင် ဟိုင်ကျန့်ကျယ်နှင့် ကျင့်ကြံခြင်းအဆင့်တူညီသူ ၊ သို့မဟုတ် သက်တူရွယ်တူများထဲ၌ သူ့ကိုယှဉ်နိုင်သူ မရှိပေ။
အမတဝိညာဉ်နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်ဖြစ်သော အနက်ရောင်ဝတ်အဘိုးကြီးက ဟိုင်ကျန့်ကျယ်ထက် ဝါကြီးသော်လည်း သိုင်းစွမ်းအားတွင် ဟိုင်ကျန့်ကျယ်ကို မယှဉ်နိုင်ပေ။
သိုင်းတာအိုကျင့်ကြံရာတွင် ကျင့်ကြံခြင်းအဆင့်မြင့်မားလာသည်နှင့်အမျှ တစ်ယောက်နှင့်တစ်ယောက် စွမ်းအားကွာဟချက် နည်းပါးလာသည်ဟု ဆိုလေ့ရှိကြသည်။
သို့သော် အရာအားလုံးတွင် ချွင်းချက်ရှိလေ၏။
လူအများစုအတွက်သတ်မှတ်ထားသော ကန့်သတ်ချက်များကို ချိုးဖြတ်နိုင်သည့် ပါရမီရှင်အနည်းငယ်ကတော့ လောကတွင် အစဉ်အမြဲရှိကြသည်သာ။
“ဟိုင်ကျန့်ကျယ် အမတဝိညာဉ်အလယ်ဆင့်ကိုတက်ရောက်တော့ သူ့ရဲ့ ဝိညာဉ်အပင်မှာ သစ်ရွက် (၈)ရွက်ပေါ်လာတယ်လို့ ပြောကြတယ် ၊ အမတဝိညာဉ်နှောင်းပိုင်းအဆင့်ကို တက်ရောက်တဲ့အခါ အဲဒီသစ်ရွက် (၈)ရွက်ကနေ အမတနတ်ပန်း (၈)ပွင့်ပွင့်လာခဲ့တယ်”
ချန်လီတောင်မှ မိန်းမပျိုက ဆိုသည်။
ဟိုင်ကျန့်ကျယ်ရောက်လာသဖြင့် လူရွယ်စုံတွဲမှာ အတော်လေး စိုးရိမ်ထိတ်လန့်သွားကြဟန်ရှိသည်။ သို့သော် သူတို့က ရန်ကျောက်ကဲကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်မိကြ၏။
ရန်ကျောက်ကဲက ပုံမှန်အတိုင်းပင် ဟိုင်ကျန့်ကျယ်ကို တစ်ချက်အကဲခတ်ရင်း...
“မင်းရဲ့ကြယ်တာရာချီစွမ်းအားအနှစ်သာရက တကယ့်ကိုခိုင်မာတာပဲ”
ဝါရင့်သိုင်းသမားတစ်ယောက်က တပည့်ငယ်တစ်ယောက်ကို မှတ်ချက်ပြုသည့်အလား ရန်ကျောက်ကဲစကားသံကြားရသည့်အခါ ဟိုင်ကျန့်ကျယ် စိတ်ထဲချဉ်သွားသည်။
သူက အေးစက်စွာနှာတစ်ချက်မှုတ်ရင်း...
“ဒါဖြင့် ဘယ်သူစွမ်းအားကြီးလဲ စမ်းကြည့်ရအောင်...”
စကားဆုံးသွားသည်နှင့် သွေးနီရောင်နဂါးကိုးကောင်က နဂါးချီစွမ်းအားများကို တစ်ပြိုင်တည်းထုတ်လွှတ်ကာ ရန်ကျောက်ကဲကို တိုက်ခိုက်လိုက်သည်။
ဟိုင်ကျန့်ကျယ်က လေထဲတွင် လက်နှစ်ဖက်ယှက်လိုက်ရာ နဂါးချီစွမ်းအားများက ကြီးမားသော နဂါးလက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲဦးခေါင်းထက်သို့ ကုတ်ဆွဲချလိုက်သည်။
သူ အသုံးပြုလိုက်သည့်သိုင်းကွက်က သွေးနီနဂါးဂိုဏ်း၏ကိုယ်ပိုင်သိုင်းစွမ်းကို ပြီးပြည့်စုံသည်အထိ ထုတ်ဖော်ပြသထားသည်။
ရန်ကျောက်ကဲဘက်မှကြည့်လျှင် သွေးနီရောင်နဂါးကိုးကောင်က လက်သည်းများကိုဆန့်ထုတ်လျှက် သူ့ထံသို့ တစ်ပြိုက်တည်းကုတ်ခြစ်ချလိုက်သလို ထင်မှတ်ရသည်။
ထို့နောက် နဂါးလက်သည်းကိုးခုက အတူတကွ စုစည်းသွားပြီး မီးတောက်လက်သည်းကိုးခုအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်မိုးမြေတစ်ခွင်ကို ဖုံးလွှမ်းသွားသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက တစ်ချက်ရယ်မောရင်း သူ့ဘက်လက်ကိုရှေ့သို့ဆန့်ထုတ်ကာ တန်ပြန်တိုက်ခိုက်လိုက်၏။
ရန်ကျောက်ကဲလက်မှ များပြားလှစွာသော ရေခဲချီစွမ်းအားစီးကြောင်းများထွက်ပေါ်လာပြီး ကြီးမားသောရေခဲနဂါးလက်သည်းကြီးအဖြစ်ပြောင်းလဲသွားသည်။ ရေခဲနဂါးလက်သည်းကြီးက နဂါးကိုးကောင်မီးလက်သည်းကိုးခုကို အရှိန်အဟုန်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
နဂါးလက်သည်းနှင့် နဂါးလက်သည်း။
ရေခဲနဂါးနှင့် သွေးနီရောင်နဂါး။
နဂါးအစစ်စွမ်းအားနှစ်ခု လေထဲတွင် ပြင်းထန်စွာ ရိုက်ခတ်မိသွားကြသည်။
ရေခဲနှင့်မီးတောက်များ နေရာတိုင်းတွင်ပျံ့ကျဲလျှက် လေထုအလယ်တွင် နှင်းခဲအလွှာများ ဖြစ်ပေါ်လာသည်။
ရန်ကျောက်ကဲက ခေါင်းအသာညိတ်ရင်း...
“မင်းက နဂါးအစစ်ရဲ့ သွေးစွမ်းအားအကူအညီနဲ့ ကျင့်ကြံထားတာပဲ ၊ မင်းတို့ သွေးနီနဂါးဂိုဏ်းမှာ သွေးနီရောင်နဂါးရဲ့ သွေးစွမ်းအားအနှစ်သာရ တကယ်ရှိတဲ့ပုံပဲ”
ရန်ကျောက်ကဲက မဟာကပ်ဘေးမတိုင်ခင်ကအသုံးပြုသော ရှေးဟောင်းဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်သဖြင့် ဟိုင်ကျန့်ကျယ်အနေဖြင့် ထိုစကားကို အနည်းငယ် နားလည်နိုင်သည်။
ယခု သူ့စိတ်ထဲ နင့်နင့်နဲနဲ ခံစားနေရသည်။
“ဒီကောင့်စွမ်းအားက ရေခဲနဂါးအစစ်အမှန်ရဲ့ သွေးစွမ်းအားပဲ ၊ သူက အမတဝိညာဉ်အလယ်ဆင့်ပဲရှိသေးပေမယ့် ငါ့ထက်စွမ်းအားမနိမ့်ကျဘူး”
ဟိုင်ကျန့်ကျယ်က အမတဝိညာဉ်နှောင်းပိုင်းအဆင့်ဖြစ်သော်လည်း ရန်ကျောက်ကဲကို လျှော့မတွက်ဝံ့တော့ပေ။ သူက ချီစွမ်းအားကိုလှည့်ပတ်လိုက်ရာ မိုးခြိမ်းသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
သွေးနီနဂါးဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ်တစ်ခုဖြစ်သော “နဂါးနက္ခတ်စက်ဝန်း” တန်ခိုးစွမ်းအားက သူ့ခန္ဓာကိုယ်မှ ကြယ်တာရာချီစွမ်းအားအနှစ်သာရနှင့် ပေါင်းစပ်သွားသည်။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် “နဂါးနက္ခတ်စက်ဝန်း” တန်ခိုးစွမ်းအားကို အသုံးပြုပြီးလျှင် ယာယီအားဖြင့် အားနည်းသောအခြေအနေတစ်ခုသို့ ကျရောက်သွားမည် ဖြစ်သည်။ သို့သော် သိုင်းစွမ်းအားမကုန်မချင်းတော့ တန်ခိုးစွမ်းအားများ တဟုန်ထိုး မြင့်မားနေပေလိမ့်မည်။
ထိုခဏတွင် ဟိုင်ကျန့်ကျယ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ မြင့်တက်လာပြီး သွေးနီရောင်နဂါး မီးတောက်လက်သည်းများက အသစ်သောအဆင့်တစ်ခုသို့ ရုတ်ချည်း ရောက်ရှိသွား၏။ ဟိုင်ကျန့်ကျယ်က လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရမှ ပေါက်ဖွားလာသော သွေးနီရောင်နဂါးကိုးကောင်ကို စုစည်းလိုက်သည်။
ဤသည်က ရန်ကျောက်ကဲကို ချက်ချင်းသတ်ဖြတ်ပစ်ရန်အတွက် လူသတ်တိုက်ကွက် ထုတ်ဖော်လိုက်ခြင်းပင်။ သူက ရန်ကျောက်ကဲကို လျှော့မတွက်ဝံ့သဖြင့် တိုက်ကွက်ထဲတွင် စွမ်းအားအပြည့် ထည့်သွင်းအသုံးပြုထားခဲ့သည်။
သွေးနီရောင်နဂါးလက်သည်းများ၏ ပြင်းထန်စွာတိုက်ခိုက်မှုကြောင့် ရန်ကျောက်ကဲ နောက်သို့ ဆုတ်သွားမည် ၊ သို့မဟုတ် စွမ်းအာကုန်သုံးကာ ခုခံရမည်ဟု ဟိုင်ကျင်းကျယ်တွေးထင်ထားသည်။ ထို့ကြောင့် ရန်ကျောက်ကဲ နောက်ဆုတ်သွားလျှင် ထပ်မံတိုက်ခိုက်ပြီး ဇီဝိန်ခြွေပစ်ရန် နောက်ထပ်လူသတ်တိုက်ကွက်တစ်ခုကိုပင် အသင့်ပြင်ထားသည်။
ဤတိုက်ကွက်က သူသေကိုယ်သေတိုက်ကွက်ဖြစ်ပြီး သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ရုံဖြင့် သေခြင်းရှင်ခြင်းကိုဆုံးဖြတ်မည့် အရေးကြီးသော အခိုက်အတန့် ဖြစ်သည်။
ရန်ကျောက်ကဲ ရှုံးနိမ့်တော့မည်ဟု ဟိုင်ကျန့်ကျယ် တွေးနေစဉ်မှာပင် ရန်ကျောက်ကဲ၏ရေခဲနဂါးလက်သည်းအောက်မှ အကန့်အသတ်မဲ့ စွမ်းအားများ ထွက်ပေါ်လာသည်။
များပြားလှစွာသော ရေခဲနဂါးများ ပျံသန်းထွက်ပေါ်လာပြီး ဟိုင်ကျန့်ကျယ်၏ သွေးနီရောင်နဂါးလက်သည်းကိုးခုကို ရစ်ပတ်သွားသည်။ ထို့နောက် ချီစွမ်းအားများပေါက်ကွဲထွက်သွားပြီး သွေးနီရောင်နဂါးကိုးကောင်၏ ခန္ဓာကိုယ်ထဲတွင် အရှုတ်အထွေးများဖြစ်ပေါ်သွားစေသည်။
နဂါးကိုးကောင်အတွင်းထဲမှအအေးဓာတ်က မီးတောာင်ပေါက်ကွဲသည့်အလား အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲထွက်လာသည်။
တစ်ကြိမ်တစ်ခါပေါက်ကွဲရုံသာမဟုတ်ဘဲ ဆက်တိုက်ဆိုသလို ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများထွက်ပေါ်လာပြီး ပေါက်ကွဲမှုတိုင်းက တစ်ခုထက်တစ်ခု ပိုမိုပြင်းထန်လာသည်။ ပထမဆုံးပေါက်ကွဲသံက ဟိုင်ကျန့်ကျယ်ကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့ပြီး ဒုတိယနှင့် တတိယအကြိမ်ပေါက်ကွဲသံများကတော့ သူ့ကို ပိုမိုတုန်လှုပ်သွားစေသည်။
ပေါက်ကွဲမှုများက ထာဝရအဆုံးမရှိသော ဆူနာမီငလျင်လှိုင်းများအလား ထင်မှတ်ရ၏။
ပေါက်ကွဲမှုအတွင်းမှ များပြားလှစွာသော ရေခဲနဂါးများထွက်ပေါ်လာပြီး သွေးနီရောင်နဂါးကိုးကောင်၏ နဂါးလက်သည်းများကို တစ်စစီ စုတ်ဖြဲပစ်လိုက်သည်။
တိုက်ပွဲမှထွက်ပေါ်လာသောဖိအားက အလွန်တရာ တုန်လှုပ်စရာကောင်းပြီး ဟိုင်ကျန့်ကျယ်မှာ ညည်းတွားသံတစ်ချက်ပြုရင်း နောက်သို့လွင့်ထွက်သွားသည်။
ရန်ကျောက်ကဲက သူ့ကို တစ်ချက်အလွတ်မပေးဘဲ လေထဲသို့ခုန်ဝင်ကာ ရှေ့ဆက်တိုးလာ၏။
သူ၏ဘယ်ဘက်လက်က ဟိုင်ကျန့်ကျယ်၏ သွေးနီရောင်နဂါးလက်သည်းကို မလှုပ်ရှားနိုင်စေရန် ထိန်းချုပ်ထားပြီး ညာဘက်လက်က အပေါ်ဘက်သို့ ရိုက်ချလိုက်သည်။
ဟိုင်ကျန့်ကျယ်၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော သွေးနီရောင်နဂါးကိုးကောင်က ကောင်းကင်ထက်တွင် အတူတကွ ပေါင်းစည်းသွားသည်။ နဂါးခေါင်းများက အလယ်တွင်စုစည်းလျှက် နဂါးအမြီးများက အပြင်သို့ ကားထွက်နေကြလေရာ အပြည့်အဝ ပေါင်းစည်းသည်ဟု မဆိုသာသော်လည်း နဂါးဘောလုံးကြီးတစ်ခုပမာ ထင်မှတ်ရသည်။
သို့သော် ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ်ရာကြယ်တာရာချီစွမ်းအားအနှစ်သာရက သိပ်သည်းသွားပြီး ကောင်းကင်ကို ဆုပ်ကိုင်တော့မည့်ပမာ ကြီးမားသောလက်ဖဝါးကြီးတစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်ဖဝါးကြီး နဂါးဘောလုံးကြီးကို တိုက်ရိုက်ပင် ဆုပ်ကိုင်လိုက်၏။
တိုက်ပွဲကြည့်နေသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဧရာမလက်ဖဝါးကြီးက နဂါးဘောလုံးကြီးကို ဆုပ်ကိုင်လိုက်လေရာ လက်ကြားမှ နဂါးအမြီးများထိုးထိုးထောင်ထောင်ထွက်လျှက် မရပ်မနားရုန်းကန်နေသည်ကို တွေ့ရသည်။ လက်ထဲတွင်ဆုပ်ကိုင်ထားသော မြက်ပင်များပမာ မြင်ကွင်းက ရယ်စရာပင် ကောင်းသေးသည်။
သွေးနီရောင်နဂါးများ၏ မီးတောက်လက်သည်းများကျိုးပဲ့သွားပြီး ဟိုင်ကျန့်ကျယ်၏မျက်နှာက ဖြူဖျော့သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ချီစွမ်းအားနှင့် သွေးစွမ်းအားများက မတည်မငြိမ်ဖြစ်လာသည်။
သို့ပေသိ ရန်ကျောက်ကဲက ချက်ချင်းပင် နောက်တစ်ကြိမ်တိုက်ခိုက်လာပြန်ရာ ဟိုင်ကျန့်ကျယ် တုန်လှုပ်သွားရသည်။
သူက တိုက်ပွဲအတွေ့အကြုံရင့်ကျက်သူတစ််ယောက်ဖြစ်သဖြင့် ပြာယာခတ်သွားခြင်းမျိုးမဖြစ်ဘဲ အသက်တစ်ချက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူက စွမ်းအားကိုစုစည်းလိုက်ပြီး နဂါးကိုးကောင်စုပေါင်းစွမ်းအားကို မတုန်မလှုပ် ထပ်မံထုတ်ဖော်လိုက်၏။
ဟိုင်ကျန့်ကျယ်၏ ဦးခေါင်းထက်တွင် အမတနတ်ပန်းများ ပွင့်လန်းလာပြီး သွေးနီရောင်အလင်းတန်းများ ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားသည်။
သို့သော် ရန်ကျောက်ကဲက နဂါးကိုးကောင်ပေါင်းစည်းထားသည့် နဂါးဘောလုံးကို လက်တစ်ဖက်တည်းဖြင့် စွမ်းအားကြီးစွာ ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က အပေါ်ဘက်သို့ ရိုက်ချလိုက်၏။
လက်ဖဝါးနှစ်ဖက်စွမ်းအားများ ထိဆုံသွားသည်နှင့် သွေးနီရောင်နဂါးဘောလုံးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ သွေးများစီကျလာပြီး ပြန့်ကျဲသွားသည်။
နဂါးဦးချိုများ ၊ နဂါးအကြေးခွံများ ၊ နဂါးလက်သည်းများ ၊ နဂါးအရိုးများ...။
မရေမတွက်နိုင်သော နဂါးခန္ဓာအပိုင်းအစများ ကောင်းကင်ထက်မှ မိုးရွာသည့်ပမာ ကျဆင်းလာသည်။
ဟိုင်ကျန့်ကျယ်မှာ သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။
သူက အချိန်အတန်ကြာ စကားမဆိုနိုင်ဘဲ သူ့အရှေ့မှ ရန်ကျောက်ကဲကို အံ့အားသင့်စွာ ကြည့်နေသည်။
သွေးနီနဂါးဂိုဏ်းမှ ကျင့်ကြံသူများနှင့် ချန်လီတောင်မှလူရွယ်စုံတွဲသည်လည်း မျက်လုံးအပြူးသားဖြင့် စကားမပြောနိုင် ဖြစ်နေကြသည်။
ရန်ကျောက်ကဲက ပုံမှန်လေသံဖြင့်...
“ကဲ... မင်းရှိသမျှအစွမ်း အကုန်ထုတ်စမ်းကွာ ၊ မင်းတို့ သမုဒ္ဒရာကမ္ဘာက သိုင်းပညာက ဘယ်လောက်တိုးတက်သလဲဆိုတာ ငါ ကြည့်ချင်တယ်”
ထို့နောက် သူက လေထဲသို့တစ်ချက်ခုန်ဝင်လိုက်ပြီး ဟိုင်ကျန့်ကျယ်ရှေ့သို့ ရောက်ရှိလာသည်။
သူက လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်ရာ ကြယ်တာရာချီစွမ်းအားများဖြင့်ဖန်ဆင်းထားသော ဧရာမလက်ဖဝါးကြီးနှစ်ဖက်ဖြစ်တည်လာပြီး ဟိုင်ကျန့်ကျယ်ကို ရိုက်ချလိုက်သည်။
ဟိုင်ကျန်းကျယ်က နာကျည်းဖွယ်ရာ အော်ဟစ်သံတစ်သံ ထုတ်လွှတ်လိုက်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်ထက် အလင်းတန်းတစ်ခု တောက်ပလာပြီး အလင်းသံချပ်ကာတစ်ခု ပေါ်လာပြီး ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို ခုခံထားလိုက်သည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ခေါင်းတစ်ချက်ခါယမ်းရင်း...
“ဟက်... မှော်ဝင်ပစ္စည်းတစ်ခုလောက်ပဲလား ၊ တခြား ဘာဝှက်ဖဲမှ မရှိတော့ဘူးလား”
ထိုစကားကိုကြားတော့ တိုက်ပွဲကြည့်နေသူတိုင်း စိတ်များရှုတ်ထွေးလျှက် ထိတ်လန့်ခြင်းကို ခံစားလိုက်ကြရလေ၏။