← Chapters

နားထဲမှာကျေနပ်စရာစကား

Vol. 33 Ch. 458

နားထဲမှာကျေနပ်စရာစကား

Vol. 33 Ch. 458

အခန်း (၄၅၈) နားထဲမှာကျေနပ်စရာစကား

အလယ်ဆင့်မှော်ဝင်သံချပ်ကာက ဟိုင်ကျန့်ကျီကိုကာကွယ်ပေးရန် စတင်လှုပ်ရှားလာသည်။

သို့သော် ရန်ကျောက်ကဲက စိတ်ပူပန်ခြင်းမရှိဘဲ သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော ဧရာမလက်ကြီးနှစ်ဖက်ဖြင့် ကြောက်မက်ဖွယ်ရာစွမ်းအားကိုထုတ်ဖော်လျှက် ရိုက်ချလိုက်သည်။ စွမ်းအားပြင်းထန်လွန်းသဖြင့် ဟိုင်ကျန့်ကျယ်၏ အလင်းသံချပ်ကာ အဆက်မပြတ် တုန်ခါသွားသည်။

ဟိုင်ကျန့်ကျယ် ဒဏ်ရာအပြင်းအထန် ရသွားသော်လည်း မှော်ဝင်သံချပ်ကာက ကာကွယ်ပေးထားသည့်အတွက် အသက်မသေဘဲ လက်ကျန်စွမ်းအားရှိသမျှကို ဆွဲထုတ်နိုင်ခဲ့သည်။

သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော သွေးနီရောင်နဂါးကိုးကောင်က ရန်ကျောက်ကဲလက်ချက်ဖြင့် တစ်စစီအက်ကွဲသွားပြီဖြစ်သော်လည်း သူက “နဂါးနက္ခတ်စက်ဝန်း” လျှို့ဝှက်ပညာကို ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။

ဟိုင်ကျန့်ကျယ်ထံမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ တဟုန်ထိုးထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ ထို သွေးနီရောင်အလင်းတန်းများက များပြားလှစွာသော နဂါးအကြေးခွံများအဖြစ် ပြောင်းလဲသွားသည်။

သို့သော် စောစောက သူ ဖန်ဆင်းခဲ့သော သွေးနီရောင်နဂါးကိုးကောင်နှင့် မတူညီပေ။ ယခုတစ်ကြိမ်တွင် ဟိုင်ကျန့်ကျယ်က စွမ်းအားမြှင့်ခုခံပညာတစ်ခုကိုဖန်တီးရန် သူ့ခန္ဓာကိုယ်ထဲမှ လက်ကျန်စွမ်းအားရှိသမျှကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

သွေးနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ ဟိုင်ကျန့်ကျယ်ခန္ဓာကိုယ်ထက်မှ သွေးနီရောင်နဂါးအကြေးခွံများက တဖြည်းဖြည်းနက်မှောင်လာပြီး မာကျောလေးလံလာသည်။ ဤသည်က “သွေးနက်နဂါးအကြေးခွံခန္ဓာ” ဖြစ်ပြီး သွေးနီနဂါးဂိုဏ်း၏ အမြင့်ဆုံးအဆင့် ခုခံပညာတစ်ခု ဖြစ်၏။

“သွေးနက်နဂါးအကြေးခွံခန္ဓာ” ကို ထုတ်ဖော်လိုက်သည်နှင့် ထိုစွမ်းအားက အလယ်ဆင့်မှော်ဝင်သံချပ်ကာနှင့် ပေါင်းစပ်သွားပြီး ပိုမိုမြင့်မားသော ခုခံစွမ်းအားများ ထွက်ပေါ်လာကာ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချမှဖိအားကို တွန်းလှန်ထားသည်။

အနည်းငယ် အသက်ရှူချောင်သွားတော့မှ ဟိုင်ကျန့်ကျယ်က ရန်ကျောက်ကဲကိုကြည့်ပြီး ခက်ခက်ခဲခဲ မေးလိုက်သည်။

“မင်းက ဘယ်သူလဲ ၊ ငါတို့ရဲ့ ရန်သူတွေဖြစ်တဲ့ ချန်လီတောင်က ပိုင်ကျင်းခန်းနဲ့ သူ့မိန်းမကို ဘာလို့ကယ်တင်ရတာလဲ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ငါတို့က မတူညီတဲ့ကမ္ဘာနှစ်ခုကဆိုပေမယ့်... ငါတို့ ဘိုးဘေးတွေက ချန်လီတောင်နဲ့ ဆက်နွယ်နေတယ် ၊ ဘာလို့လဲဆိုတော့ ငါက ဝါဒတောင်ကတပည့်မို့လို့ပဲ”

အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရက ရန်ကျောက်ကဲအတွက် အလွန်အရေးပါလေသည်။ ထို ရတနာပစ္စည်းအကြောင်းသိရှိလိုပါက သွေးနီနဂါးဂိုဏ်းကိုမေးလျှင်လည်းရနိုင်သလို ချန်လီတောင်ကိုလည်း မေးမြန်းနိုင်သည်။

ထို့ကြောင့် သူ့အနေဖြင့် ချန်လီတောင်ကိုကူညီသည်ဖြစ်စေ ၊ သွေးနီနဂါးဂိုဏ်းကို ကူညီသည်ဖြစ်စေ အဆင်ပြေပေသည်။

သို့ပေသိ အနက်ရောင်ဝတ်အဘိုးကြီး အချိုးမပြေသဖြင့် ကြည့်မရဖြစ်ပြီး ချန်လီတောင်ကိုကူညီရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

သူတိုက်ချင်သည်ဆိုလျှင် မည်သူ့ကိုမဆို တိုက်ခိုက်၍ရသည်ပင်။

ယခုတော့ သူက သွေးနီနဂါးဂိုဏ်းနှင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပြီးဖြစ်ရာ နောက်ပိုင်း ချန်လီတောင်မှ လူရွယ်စုံတွဲနှင့် စကားပြောရဆိုရ လွယ်ကူစေရန် ပါးစပ်ထဲရှိသည့် အကြောင်းပြချက်တစ်ခုကို ပြောလိုက်ခြင်းမျှသာ။

ရန်ကျောက်ကဲစကားကိုကြားတော့ ဟိုင်ကျန့်ကျယ်က ရေရွတ်လိုက်၏။

“ဝါဒတောင်... ချန်လီတောင်... ဟုတ်လား”

သူက ဆက်ပြောသည်။

“မဟာကပ်ဘေးမတိုင်ခင်က တောင်ထွတ် (၅)ခုဆိုတာက ဒဏ္ဍာရီထဲမှာ ကျန်ခဲ့ပါပြီ ၊ မင်းက မဟာကပ်ဘေးမတိုင်ခင် ဝါဒတောင်က ဆင်းသက်လာတဲ့ တပည့်တစ်ယောက်မှ မဟုတ်တာ”

သူက ဆက်ပြောသည်။

“ပြီးတော့ ငါတို့သမုဒ္ဒရာကမ္ဘာက ချန်လီတောင်ဆိုတာကလည်း မဟာကပ်ဘေးကြီးပြီးမှ ပြန်တည်ထောင်ခဲ့တဲ့ သိုင်းဂိုဏ်းတစ်ခုပဲ ၊ ချန်လီတောင်လို့ အမည်ခံထားပေမယ့် မဟာကပ်ဘေးကြီးမတိုင်ခင်က တောင်ထွတ် (၅)ခုနဲ့ ဘာမှမသက်ဆိုင်ဘူး”

ရန်ကျောက်ကဲသည်လည်း ဤတိုက်ဆိုင်မှုကို နားလည်ပါသည်။ သူတို့ ဝါဒတောင်သည်လည်း အလားတူပင် မဟာကပ်ဘေးကြီးပြီးမှ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်။

အနက်ရောင်ဝတ်အဘိုးကြီးနှင့် သွေးနီနဂါးဂိုဏ်းမှ ကျင့်ကြံသူ (၄)ယောက် ရန်ကျောက်ကဲကိုကြည့်ရင်း ဒေါသချောင်းချောင်းထွက်နေကြသော်လည်း အဖြူရောင်နှင့်အနက်ရောင်ဓားများကို ထိန်းချုပ်ထားသည့် ချန်လီတောင်မှ ပိုင်ကျင်းခန်းနှင့် ဝမ်ပင်းတို့ ဇနီးမောင်နှံကတော့ သူတို့ အတော်လေးကံကောင်းသည်ဟု ခံစားနေကြရသည်။

သို့သော် ဟိုင်ကျန့်ကျယ်၏ စကားများကိုကြားရသည့်အခါ သူတို့ဇနီးမှောင်နှံ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။

ဟိုင်ကျန့်ကျယ်ပြောသည့်အတိုင်း သူတို့ ချန်လီတောင်က မဟာကပ်ဘေးကြီးအပြီးမှ သမုဒ္ဒရာကမ္ဘာတွင် ပြန်လည်တည်ထောင်ခဲ့ပြီး တဖြည်းဖြည်းကြီးထွားလာသော သိုင်းဂိုဏ်းတစ်ခုဖြစ်သည်အမှန်ပင်။

ရန်ကျောက်ကဲကတော့ တိုက်ခိုက်မှုကို မရပ်တန့်ပေ။ သူက ဟိုင်ကျန့်ကျယ် လုံးဝမလှုပ်ရှားနိုင်အောင် လက်ဝါးရိုက်ချက်ဖြင့် တင်းတင်းကျပ်ကျပ် ဖိနှိပ်ထားဆဲ ဖြစ်သည်။

ရန်ကျောက်ကဲက အရေမစိုက်ဟန်ဖြင့်...

“မဟာကပ်ဘေးမတိုင်ခင်က ချန်လီတောင်ပဲဖြစ်ဖြစ် ၊ မဟာကပ်ဘေးကြီးနောက်ပိုင်းချန်လီတောင်ပဲဖြစ်ဖြစ်... အဲဒီနာမည်ကို ငါ့နားထဲမှာ နားထောင်ရတာ သဘောကျတယ်”

ထိုစကားကိုကြားတော့ အနက်ရောင်ဝတ်အဘိုးကြီးနှင့် သွေးနီနဂါးဂိုဏ်းသားများ၏မျက်နှာများ ပြာနှမ်းနှမ်းဖြစ်သွားသလို ဟိုင်ကျန့်ကျယ်မှာ အော်ငိုချင်စိတ်ပေါက်သွားသည့်တိုင် မျက်ရည်ကထွက်မလာပေ။

စိတ်ခံစားချက်အတိုင်း လုပ်ချင်တာလုပ်တတ်သူတစ်ယောက်အတွက် ယုတ္တိဗေဒအကြောင်းပြချက်များက အဓိပ္ပါယ် မရှိနိုင်ပေ။ “လူတစ်ယောက်၏ပျော်ရွှင်မှုကို ရွှေစတစ်ထောင်ဖြင့် ဝယ်ယူနိုင်ရန်ခဲယဉ်းသည်” ဆိုသော စကားပုံ ရှိသည် မဟုတ်လား။

ယခု သူတို့ရှေ့မှလူငယ်က သူ  စိတ်ပျော်မည်ဆိုလျှင် လုပ်ချင်ရာလုပ်မည့်ဟန်ပင်။

ဟိုင်ကျန့်ကျယ်က ခက်ခက်ခဲခဲဖြင့် စကားလုံးများကို ညှစ်ထုတ်လိုက်သည်။

“ကောင်းပြီ ၊ ဒီနေ့ ငါတို့ဘက်က အရှုံးပေးတယ် ၊ မင်းက ပိုင်ကျင်းခန်းနဲ့ သူ့မိန်းမဘက်က ရပ်တည်ပေးချင်တယ်ဆိုရင် ငါတို့က မင်းနဲ့ ပြဿနာမဖြစ်ချင်တော့ဘူး”

ရန်ကျောက်ကဲက သူ့ကိုကြည့်လိုက်ပြီး သိမ်မွေ့သည့်လေသံဖြင့်...

“မင်းတို့တွေ ငါ့ကိုမတိုက်ခိုက်ခင်က ဘာလို့ ဒီလိုမယဉ်ကျေးခဲ့တာပါလိမ့် ၊ ဘာလဲ... ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က မင်းတို့ထက် နည်းနည်းလောက်နိမ့်နေတော့ ဟို လင်မယားနဲ့အတူ ငါ့ကိုပါ သေတွင်းပို့နိုင်မယ်လို့ ထင်ခဲ့တာလား”

သူက ဆက်ပြောသည်။

“အင်း... တခြားအချိန်ဆိုရင် မင်းစကားကို ငါစဉ်းစားပေးမှာပါ...”

ရန်ကျောက်ကဲက ကောင်းကင်ထက်တွင် မတည်မငြိမ်ဖြစ်နေသော ကမ္ဘာဖြတ်လမ်းကြောင်းကို မော့ကြည့်လိုက်သည်။

“ဒါပေမဲ့ ဒီနေ့က အရမ်းအချိန်နည်းနေပြီ ၊ မင်းတို့နဲ့စကားပြောနေဖို့ အချိန်မရှိတော့ဘူး ၊ ပြမှုန့်ကိုပြာမှုန့် ၊ ဖုံမှုန့်ကိုဖုံမှုန့် လုပ်ပစ်ရတော့မှာပဲ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်ဖဝါးဆီမှ ပိုမိုပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက်ထုတ်လွှတ်ကာ ရိုက်ချလိုက်သည်။

ဟိုင်ကျန့်ကျယ် အလွန်တရာ တုန်လှုပ်သွားပြီး...

“မင်း…”

သူ စကားမပြောနိုင်ခင်မှာပင် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်တွင် အပြောင်းအလဲများ ရုတ်ချည်းဖြစ်ပေါ်သွားသည်။

အစောပိုင်းလက်ဝါးရိုက်ချက်တွင် မိုးမြေကိုပြောင်းပြန်လှန်နိုင်သောစွမ်းအားများပါဝင်သည့် ကောင်းကင်ဝါဒလက်ဝါးသိုင်းကို အသုံးပြုလျှက် ဟိုင်ကျန့်ကျယ်ကို ဘက်ပေါင်းစုံမှ ဖိနှိပ်ထားခြင်း ဖြစ်၏။

သို့သော် ထို ကြီးမားသောဖိအားကြီးက ရုတ်တရက် ပျောက်ကွယ်သွားပြီး မိုးမြေတစ်ခုလုံး၏ တည်ရှိမှုသည်လည်း ပျောက်ကွယ်သွားသည်။

ကမ္ဘာကြီးဖြစ်တည်မလာခင် အချိန်ကာလဖြစ်သော ပရမ်းပတာအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ယင် မရှိ ၊ ယန် မရှိ။

အတိတ်မရှိ ၊ အနာဂတ်မရှိ။

အစမရှိ ၊ အဆုံးမရှိ။

အကြောင်းမရှိ ၊ အကျိုးမရှိ။

ရန်ကျောက်ကဲမျက်နှာအမူအရာက တည်ငြိမ်နေပြီး သူ့လက်ဝါးကို ဆက်လက်ဖိနှိပ်ချလိုက်သည်။

ထို့နောက်မှာတော့ ပရမ်းပတာစွမ်းအားများပေါက်ကွဲထွက်သွားပြီး စကြာဝဠာကြီး နောက်တစ်ကြိမ်ပြန်လည်မွေးဖွားလာသကဲ့သို့ ထင်မှတ်ရသည်။

အဆုံးမရှိကြီးကျယ်ခမ်းနားပြီး ရက်စက်ကြမ်းတမ်းသော စွမ်းအားကြီးတစ်ခုက ဟိုင်ကျန့်ကျယ်၏ ခံစစ်စွမ်းအားများအားလုံးကို ဖြိုခွဲပစ်လိုက်၏။

ရန်ကျောက်ကဲ၏ အကန့်အသတ်မရှိ စွမ်းအားများဖြင့်ပြည့်နက်နေသော လက်ဝါးရိုက်ချက် ထိမှန်ခံရသည်နှင့် ဟိုင်ကျန့်ကျယ်၏ခန္ဓာကိုယ် ကြေမွသွားပြီး ကြေကွဲဖွယ်ရာ အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။

ဒါကိုမြင်တော့ အနက်ရောင်ဝတ်အဘိုးကြီးနှင့် သွေးနီနဂါးဂိုဏ်းမှ ကျင့်ကြံသူများ ထိတ်လန့်သွားသလို ဒေါသလည်းထွက်သွားကြ၏။

ဟိုင်ကျန့်ကျယ်ကို သတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက သူတို့ကိုလှည့်ကြည့်လိုက်ရာ ထိုသူများ ကမ္ဘာဖြတ်လမ်းကြောင်း ဥမင်ရှိရာသို့ ထွက်ပြေးသွားသည်ကို တွေ့ရသည်။

“သွားစမ်း...”

ရန်ကျောက်ကဲက နေရာမှာပင် မလှုပ်မယှက်ရပ်လျှက် အင်္ကျီလက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်ဓားအလင်းတန်းတစ်ခုက ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။

အစိမ်းရောင်ဓားအလင်းတန်းက ကောင်းကင်နှင့်တစ်သားတည်းပေါင်းစပ်သွားစဉ် ထက်ရှသည့်သွေးနီရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပြင်ကို ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခုအဖြစ် ခုတ်ပိုင်းလိုက်သည့်အလား တောက်ပစွာ လင်းလက်သွားသည်။

ဤသည်က ရန်ကျောက်ကဲ၏ အဆင့်မြင့်မှော်ဝင်ဓားဖြစ်သော “အစိမ်းရောင်ချောက်နက်ဓား” ပင်ဖြစ်ပြီး ထိုဓားထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး သေခြင်းအရိပ်အငွေ့ လွှမ်းမိုးသွား၏။

ဘေးမှကြည့်နေသော ချန်လီတောင်မှ ပိုင်ကျင်းခန်းနှင့် ဝမ်ပင်းတို့သည်ပင် တုန်လှုပ်သွားကြသည်။

သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရန်ကျောက်ကဲနှင့် ရန်ဘက်မပြုမိသည်မှာ အလွန်ကံကောင်းသည်ဟု ခံစားနေကြရသည်။

ဝမ်ပင်းက...

“ဒီကမ္ဘာက ဝိညာဉ်စွမ်းအားစီးကြောင်းတွေက အရမ်းပါးလွှာတယ် ၊ ကျွန်မတို့လို ချီစွမ်းအားကျင့်ကြံသူတွေအတွက် မသင့်တော်ဘူး ၊ ဒါပေမဲ့... ဒီလူငယ်က ဘယ်လိုကြောင့် ဒီလောက် ကျင့်ကြံခြင်းအဆင့် မြင့်မားနေရတာလဲ”

ထိုအချိန် ရန်ကျောက်ကဲက ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများထံသို့ အသံပို့လွှတ်စနစ်ဖြင့် စကားလှမ်းပြောလိုက်၏။

“သူတို့ကမ္ဘာက သိုင်းပညာက အဆင့်အတန်းနိမ့်တဲ့အထဲ မပါဘူး ၊ ဒါပေမဲ့ ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာထက်လည်း မသာလွန်ပါဘူး”

သူက ဆက်ပြောသည်။

“ဒီ အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်ရဲ့ စွမ်းအားနဲ့အရည်အချင်းကိုကြည့်ရင် အဲဒီကမ္ဘာက ထိပ်သီးသိုင်းဂိုဏ်းတစ်ခုရဲ့ အထက်တန်းလွှာမျိုးဆက်တစ်ယောက်ပဲ ၊ ဒါပေမဲ့ သူ့မှာပါလာတဲ့ မှော်ဝင်ပစ္စည်း အလယ်ဆင့်မှော်ဝင်ပစ္စည်းတစ်ခုပဲ ဖြစ်နေတယ် ၊ ဆိုတော့... သူတို့ရဲ့ သမုဒ္ဒရာကမ္ဘာမှာလည်း ငါတို့ကမ္ဘာလိုပဲ မှော်ဝင်လက်နက်များများစားစား မရှိဘူးဆိုတာကို ပြသနေတယ်”

“ပြီးတော့ လက်နက်ပစ္စည်းတွေပြုလုပ်တဲ့နေရာမှာလည်း နည်းပညာရော ရင်းမြစ်ပစ္စည်းတွေရော အကန့်အသတ်ရှိပုံရတယ် ၊ ဆိုတော့... သူတို့ဆီက ကျင့်ကြံသူတွေအသုံးပြုတဲ့ လက်နက်ပစ္စည်းတွေကလည်း ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာထက် မသာလွန်တာ သေချာတယ်”

သွေးနီနဂါးဂိုဏ်းမှ ကျင့်ကြံသူများအားလုံးကို သုတ်သင်ပစ်ပြီးနောက် ရန်ကျောက်ကဲ ကောင်းကင်ထက်မှ ပျံသန်းဆင်းသက်လာသည်။

ထို့နောက် ရန်ကျောက်ကဲက သူ့လူများနှင့်အတူ ပိုင်ကျင်းခန်းနှင့် ဝမ်ပင်းတို့ ဇနီးမောင်နှံကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး...

“မင်းတို့နှစ်ယောက်နဲ့ တွေ့ရတာဝမ်းသာပါတယ်”

ပိုင်ကျင်းခန်းတို့ ဇနီးမောင်နှံမှာ ရန်ကျောက်ကဲကိုငေးကြည့်ရင်း စိတ်မသက်မသာခံစားနေကြရပြီး စကားပင် ပြောဆိုရဲခြင်း မရှိကြတော့ပေ။

All Chapters