← Chapters

ပထမဆုံး စစ်ပွဲ

Vol. 25 Ch. 340

ပထမဆုံး စစ်ပွဲ

Vol. 25 Ch. 340

ကောင်းကင်မြူခိုး မြို့တော်အထက်ရှိ လေထုထဲတွင် လူတစ်ထောင်နီးပါး အကြား ပြင်းထန်သောတိုက်ပွဲများ ပါဝင်နေသည့် စစ်မြေပြင်ရှိသည်။ အချိန်များ ကုန်လွန်လာပြီး သေဆုံးမှုအရေအတွက် တိုးများလာသည်နှင့် အမျှ ကောင်းကင်ထက်မှ ရုပ်ပျက်ဆင်းပျက် အလောင်းတစ်လောင်း ပြုတ်ကျလာခဲ့သည်။

တိုက်ပွဲ၏ ဧရိယာသည် ပိုမို သေးငယ်လာသင့်သော်လည်း ထိုသို့ မဟုတ်ခဲ့ပေ။ ထိုအစား ဧရိယာမှာ အနည်းငယ်ပင် ပိုမိုကြီးမားလာခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာက ကောင်းကင်မြူခိုး မြို့တော် ဖြစ်နေသောကြောင့်ပင်။ ဤနေရာရှိ မာန်စွမ်းအားရှင် အရေအတွက်မှာ အလွန်များပြားလှပြီး ရိုးရိုးရှင်းရှင်း ဆိုရလျှင် စိတ်ကူးကြည့်၍ပင် မရနိုင်လောက်သည်အထိ ဖြစ်သည်။ ကောင်းကင်ပေါ်မှ တိုက်ပွဲသည် စစ်မြေပြင်ကြီး တစ်ခုလုံး၏ အလွန်သေးငယ်သော အသေးအဖွဲ အစိတ်အပိုင်းလေး တစ်ခုသာဖြစ်သည်။

ထို့အပြင် ရှာမန်အမြောက်အမြား သေဆုံးသွားရခြင်းကြောင့် စစ်ပွဲအား ပိုမိုပူးပေါင်းပါဝင်လာသော မာန်စွမ်းအားရှင် စစ်သည်တော်များ အရေအတွက်နှင့် နှိုင်းယှဉ်လျှင် နှိုင်းယှဉ်၍မရနိုင် ဖြစ်စေသည်။ ဤတိုက်ပွဲသည်လည်း မာန်စွမ်းအားရှင်များ၏ အထက်ကွင်းပြင်တွင် ဖြစ်ပွားနေခဲ့ခြင်း မဟုတ်ပါလား... ထို့ကြောင့်ပင် ရှာမန်များ၏ အရေအတွက်မှာ တစ်ဖြည်း လျော့ပါးလာနေသော်လည်း ဤစစ်မြေပြင်၏ ဧရိယာသည် အနည်းငယ် ပိုမိုတိုးများလာနေဆဲ ဖြစ်၏။

သို့သော် ထိုဧရိယာအတွင်းရှိ တိုက်ပွဲသည် ဤအသေးစားစစ်ပွဲ၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်နေသေးသည်။ အဓိက အဖြစ်အပျက်သည် ဤနေရာတွင် ဖြစ်ပွားနေခြင်း မဟုတ်ပဲ ပိုမိုမြင့်မားသော အထက်ရှိ အနက်ရောင် မြူခိုးများအတွင်း ဖြစ်ပွားနေခြင်း ဖြစ်သည်။ ထိုအချိန်တွင် လေထဲ၌ ပေါက်ကွဲဆူညံသံများ ပဲ့တင်ထပ်နေပြီး အနက်ရောင် မြူခိုးများအတွင်း မြင့်မားသော မာန်နတ်ဘုရားရုပ်တုကြီး လေးခု ပေါ်လာခဲ့သည်။

ရုပ်တုလေးခုသည် မာန်ဝိညာဉ်နယ်ပယ်ရှိ အစွမ်းထက် မာန်စွမ်းအားရှင် လေးဦးထံမှ ဖြစ်သည်။ ထိုရုပ်တုများတွင် ရုပ်ခန္ဓာကိုယ် ပါရှိပုံမရပဲ ပုံရိပ်ယောင်များ သက်သက်သာ ဖြစ်ပုံရသည်။ ၎င်းတို့သည် စိတ်ကူးပုံရိပ် သက်သက်သာဖြစ်၍ လေတိုက်ခတ်ခံရလျှင်ပင် အဝေးသို့ ပြန့်ကျဲ သွားတော့မည်ကဲ့သို့ ဖြစ်သည်။

မာန်ဝိညာဉ်နယ်ပယ်မှ လူများသည် သူတို့စွမ်းအားများကို စုစည်း၍ သူတို့ကိုယ်ပိုင် မာန်နတ်ဘုရားရုပ်တုကို ဖွဲ့စည်းနိုင်ကြသည်။ ဤသည်ကပင် မာန်ဝိညာဉ်နယ်ပယ်မှ လူများအား ရိုးရေစတေးနယ်ပယ်မှလူများ ယှဉ်ပြိုင်ရန် မမျှော်လင့်နိုင် ဖြစ်စေသည့် စွမ်းအားဖြစ်သည်။ သူတို့အားလုံး၏ စိတ်ထဲတွင်တော့ မာန်ဝိညာဉ်နယ်ပယ်မှ လူများသည်သာ နယ်ပယ်တူအတွင်းမှ အခြားလူများကို သတ်နိုင်ရန် မျှော်လင့်နိုင်ချေ၏။

အနက်ရောင် မြူခိုးများအတွင်းရှိ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်ကာ အနက်ရောင်မြူခိုးများ အောက်ရှိ မာန်စွမ်းအားရှင်များနှင့် ရှာမန်များ တိုက်ပွဲသည်လည်း အဆုံးသတ်လုချေပြီ။ ရှာမန်များသည် တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကြပြီး ၎င်းတို့ ဆင့်ခေါ်ခဲ့သော သားရဲရိုင်းများသည်လည်း ဆက်တိုက် သေဆုံးသွားခဲ့ကြသည်။

စုမင်၏ ဝတ်ရုံများသည်ပင် သွေးနီရောင် ပြောင်းနေခဲ့ချေပြီ။ အကယ်၍ တစ်စုံတစ်ဦးသည် သူ့ဝတ်ရုံများမှာ မူလက အနီရောင် မဟုတ်ကြောင်း ပြောနိုင်ခဲ့လျှင်တောင် သူတို့အား ကြက်သီးမွေးညင်းများ ထသွားစေနိုင်သော သွေးဆာ၊ရူးသွပ်မှု တစ်မျိုးကို စုမင်ထံမှ ခံစားမိနိုင်ဆဲ ဖြစ်သည်။

အထူးသဖြင့် စုမင်မျက်လုံးများအတွင်း ကြည့်မိပါက ထိုသို့ ပိုမိုခံစားရလိမ့်မှာ ဖြစ်၏။

သူ့ဘယ်မျက်လုံးအတွင်းမှ တည်ငြိမ်အေးဆေးမှုနှင့် ညာမျက်လုံးအတွင်းမှ သွေးနီရောင်၊ လေထဲတွင် လွင့်မျောကခုန်နေသော သူ၏ အနက်ရောင်မဟုတ်တော့သော ဆံပင်များ၊ သူ့အား ဝန်းရံနေသော ဓားရှည်မှ အစိမ်းရောင်အလင်းနှင့် သူ့နောက်မှ လိုက်ပါလာသည့် ညစ်ပတ်စုတ်ပြတ်နေသော အဝတ်အစားများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်၍ သွေးစွန်းနေသော ရုပ်သေးတစ်ကောင်... ဤအရာများအားလုံးကြောင့် စုမင်ပုံစံမှာ ဤအသေးစားတိုက်ပွဲ အတွင်းရှိ လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သည့် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုလူ မည်သည့်နေရာသို့ သွားပါစေ၊ ရှာမန်တွင် မည်သည့်စွမ်းအားမျိုး ပိုင်ဆိုင်ထားပါစေ အရေးမပါခဲ့ချေ။ ထိုရှာမန်များအားလုံးသည် ကြောက်မက်ဖွယ် သေခြင်းတရားများဖြင့်သာ သေဆုံးသွားရပေလိမ့်မည်။ အကယ်၍ အလယ်အလတ် ရှာမန်တစ်ယောက် ဖြစ်နေခဲ့သည်ဆိုလျှင်တောင် သည်လူက များသောအားဖြင့် ညာလက်ကိုသာ တစ်ချက်မြှောက်လိုက်ရန် လိုအပ်ပေသည်။ သူ့လက်ကောက်ဝတ်ပေါ်မှ လက်ကောက်သည် အနက်ရောင်မီးခိုးငွေ့ အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲကာ ထိုရှာမန်အား ဝန်းရံသွားလိမ့်မည် ဖြစ်ပြီး ထို့နောက်တွင်တော့ ၎င်းရှာမန်အတွက် သေခြင်းတရားမှ လွတ်မြောက်ရန် ခဲယဉ်းသွားတော့သည်။

ထိုအရာမှာ ဤလူ့အနီးတွင်နေလျှင်  လုံခြုံဘေးကင်းလုနီးပါး အရှိန်အဝါနှင့်  လူပေါင်းများစွာအား သတ်ဖြတ်ပြီးနောက် ဖွဲ့စည်း ဖြစ်တည်လာသော သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ရပ် ဖြစ်သည်။ သွေးစွန်းနေသော ဝတ်ရုံများပေါ်တွင် မြောက်မြားစွာသော စိတ်ဝိညာဉ်များ စုဝေးနေပုံရပြီး စုမင် လျှောက်လှမ်းနေစဉ် သူ့ပတ်လည်၌ ကြောက်မက်ဖွယ် ငိုကြွေးအော်ဟစ်သံများ ပဲ့တင်ထပ်နေစေသည်။

ထိုနေ့တွင် လူပေါင်းများစွာသည် ဤလူ့အား စောင့်ကြည့်လေ့လာခဲ့ကြ၏။ သူတို့သည်  သူချန်ထားရစ်ခဲ့သော လုံခြုံဘေးကင်းလုနီးပါး အရှိန်အဝါအပြင် ဤလူသည် မည်သည့်အချိန်တွင် ပေါ်လာခဲ့သည်ဖြစ်စေ၊ များသောအားဖြင့် မာန်စွမ်းအားရှင်တို့၏ အသက်တစ်ချောင်းကို ကယ်တင်ပေးသွားသည်သာ ဖြစ်၍ ဤလူ့ကို မှတ်မိနေကြတော့မှာ ဖြစ်သည်။

သူသည် တိတ်ဆိတ်ခြင်းနှင့် အသားကျနေသူတစ်ဦး ဖြစ်ပုံပေါ်သည်။ စုမင်သည် စစ်မြေပြင်တွင် အော်ဟစ်ကြုံးဝါးခြင်း မပြုသလို မောက်မာရင့်သီးစွာ ရယ်မောခြင်းလည်း မပြုပေ။ သူသည် တိတ်ဆိတ်စွာဖြင့်သာ သတ်ဖြတ်နေခဲ့သည်။

ထိုအခိုက်အတန့်မှာပင် စုမင်သည် ရှာမန်တစ်ယောက်ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ စုမင်အား မြင်လိုက်သောအခါ ထိုရှာမန်၏ အမူအယာက အပြင်းအထန်ပြောင်းလဲသွားခဲ့၏။ စုမင်၏ တိုက်ခိုက်မှုသုံးကြိမ်ကို သူမြင်တွေ့ဖူးသဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်မိသည်။ ဤလူတိုက်ခိုက်သည့် အကြိမ်တိုင်းလိုလိုပင် သူတို့မျိုးနွယ်ဝင် တစ်ယောက် သေဆုံးသွားခဲ့ပြီး သေဆုံးသွားသူ သုံးဦးထဲမှ တစ်ဦးဆိုလျှင် ရိုးရေစတေးနယ်ပယ် အလယ်ဆင့်မှ မာန်စွမ်းအားရှင် တစ်ဦးနှင့် တူညီသော အလယ်အလတ် ရှာမန်တစ်ဦး ဖြစ်သည်။

သို့သော် ထိုရှာမန်သည် နောက်သို့ ခြေသုံးလှမ်းသာ ဆုတ်လိုက်နိုင်ခဲ့ပြီး သူ့ကိုယ်ပေါ်ရှိ အမွေးအမျှင်များ ထောင်ထသွားခဲ့သည်။ စုမင်သည် သူ့နောက်တွင် တစ္ဆေတစ်ကောင်သဖွယ် ထွက်ပေါ်လာခဲ့ပြီး သူ့ဓားရှည်၏ အေးစက်စက်ဓားချက်တစ်ချက် ထုတ်ပြီးသည်နှင့် လှည့်ထွက်သွားလေသည်။ စုမင်ထွက်ခွာသွားသောအခါ သူ့နောက်မှလိုက်ပါလာသော ဟယ်ဖုန်းသည် ဆိုးညစ်စွာ ရယ်မောလိုက်ပြီး ရှာမန်အား တိုက်ခိုက်လိုက်ချေ၏။

စုမင် စစ်မြေပြင်အား ဖြတ်လျှောက်ရင်း အနိဋ္ဌာရုံများကို စောင့်ကြည့်နေမိသည်။ သူ လူမည်မျှ သတ်ဖြတ်ခဲ့ပြီမှန်း မသိတော့ချေ။ တိုက်ပွဲအတွင်း သူ၏ စစ်နတ်ဘုရားချပ်ဝတ်သည်လည်း အကြိမ်များစွာ ပြိုကွဲပျက်စီးခဲ့သည်။ အစီအရင်များ၏ သူ့အား အကာအကွယ်ပေးထားမှုနှင့်တောင် ၎င်းက ပျက်စီးနေဆဲ ဖြစ်သည်။

သူ့ချပ်ဝတ် နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါ စုမင် မီးခိုးငွေ့များကို သုံး၍ အစီအရင်အဖြစ် မဖွဲ့စည်းနိုင်တော့ပါချေ။ သူ့အကာအကွယ်မှာ အားနည်းကောင်း အားနည်းသွားနိုင်သည်။ သို့သော်လည်း  စစ်မြေပြင်ရှိလူများ၏ စိတ်ထဲတွင် စွဲမြဲသွားစေသည့် သူ့ပတ်လည်မှ သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် သူ့ကိုယ်ပေါ်၌ မမြင်ရသော ချပ်ဝတ်တစ်လွှာ တပ်ဆင်ထားပုံ ပေါ်နေစေ၏။

စုမင်သည် ဆေးများစွာကို မျိုချထားခဲ့ပြီး ဖြစ်ကာ ၎င်းမှာ သူဆက်လက် တိုက်ခိုက်နိုင်နေသည့် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် အခြားသူတစ်ဦးနှင့် တစ်ယောက်ချင်း တိုက်ခိုက်သူ မရှိတော့သော ဤစစ်မြေပြင်တွင် သူရပ်တည်နိုင်ရန် ခဲယဉ်းခဲ့ပေလိမ့်မည်။

ကံကောင်းထောက်မ၍ စုမင်သည် ဆေး အမြောက်အမြား ပြင်ဆင်ထားခဲ့မိချေသည်။

သူ ရှာမန်တစ်ဦး၏ နောက်တွင် ပေါ်လာပြီး ထိုသူနှင့် ကိုယ်ကာယချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။ ထို အပြင်းအထန် ဒဏ်ရာရနေပြီးဖြစ်သော ရှာမန်အား အပိုင်းအစအနများ အဖြစ် ဖောက်ခွဲပြီးသည်နှင့် ထွက်ခွာသွားတော့မည့် စုမင်မှာ လှုပ်ရှားနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။

သူ့ခေါင်းကို ဖြည်းညင်းစွာမော့၍ တိုက်ပွဲဧရိယာအတွင်းမှာပင် သူနှင့် ပေထောင်ပေါင်းများစွာ အဝေးတွင် ရပ်နေသူတစ်ဦးကို လှမ်းကြည့်လိုက်သည်။

ထိုလူသည် အသက်သုံးဆယ်လောက်သာ ရှိသေးပုံပေါ်ပြီး ကိုယ်တစ်ပိုင်း ဗလာဖြစ်နေ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများ စွန်းထင်းနေပြီး အစွမ်းထက်၍ သန်မာရဲရင့်သော အရှိန်အဝါတစ်ရပ်လည်း ထုတ်လွှတ်နေသည်။ ထိုလူက ရှာမန်တစ်ဦးဖြစ်သည်။

သူ့လက်များအတွင်း မာန်စွမ်းအားရှင် ယောက်ျားတစ်ဦး၏ ဦးခေါင်းကိုကိုင်ထားပြီး ထိုမာန်စွမ်းအားရှင်၏ သွေးများကို စုပ်ယူနေသကဲ့သို့ သူ့သွားများသည် ထိုလူ့လည်ပင်းအတွင်း နက်ရှိုင်းစွာနစ်မြုပ်နေသည်။ ရှာမန်၏ ပါးစပ်နှင့် မာန်စွမ်းအားရှင်၏ အလောင်းတို့ထံမှ သွေးများ တစက်စက် စီးကျနေသည်။

သူသည် စုမင်အား အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် မာန်စွမ်းအားရှင်၏ လည်ပင်းအား ကိုက်ထားသော သူ့ခေါင်းကို မော့လိုက်ပြီး မာန်စွမ်းအားရှင်၏ ဦးခေါင်းကို ခန္ဓာကိုယ်ထံမှ ဆွဲဖြဲပစ်လိုက်သည်။ သူသည် မာန်စွမ်းအားရှင်၏ ဦးခေါင်းကို အမြင့်သို့ မြှောက်လျက် ၎င်းထံမှ သွေးစက်များကို သူ့ပါးစပ်ထဲသို့ တစက်စက် စီးကျစေလိုက်၏။

ထိုကွယ်လွန်သွားသော မာန်စွမ်းအားရှင်မှာ စုမင်နှင့်သိသူ ဖြစ်သည်။ ထိုလူသည် ကျန်းထျန်းထ၏ အေးစက်စက်အဖော်၊ စုမင်အား ကြိုဆိုပါသည်ဟု ပထမဆုံးပြောဆိုခဲ့သူ ဖြစ်သည်။

ထိုလူသည် သေဆုံးသွားချိန်တွင်တောင်မှ သူ့မျက်လုံးများမှာ အေးစက်ခက်ထန်နေဆဲ ဖြစ်သည်။

စုမင် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့မိသည်။ ထိုရှာမန်သည် သူ့ဘယ်လက်မှ လက်တစ်ချောင်းဖြင့် စုမင်အားညွှန်ပြလျက် သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ ပါးစပ်ဟ၍ တစ်စုံတစ်ရာ ပြောဆိုလိုက်သော်လည်း သူ့စကားသံများမှာ ပတ်ဝန်းကျင်ရှိ တိုက်ခိုက်သံများကြား နစ်မြုပ်သွားခဲ့သည်။ သူပြောသည်ကို စုမင်မကြားရချေ။

သို့သော် ထိုရှာမန် ဘာလုပ်ချင်နေလဲဆိုသည်ကိုတော့ သူပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုရှာမန်သည် သူ့လက်ထဲမှ ဦးခေါင်းကို လွှင့်ပစ်ပြီးသည်နှင့် စုမင်ထံ ရုတ်တရက် လျှောက်လာခဲ့သောကြောင့် ဖြစ်သည်။ သူ့အမြန်နှုန်းမှာ နှေးကွေးခြင်းမရှိပဲ ပြင်းထန်သော လေပြင်းတစ်ခုအား ဖြစ်ပေါ်စေရင်း စုမင်ထံ ဦးတည်တိုးဝင်လာခဲ့သည်။

သူရှေ့တက်လာသည်နှင့် တစ်ပြိုင်နက် သူ့အနောက်တွင် အရိပ်များစွာ ဖြစ်ပေါ်လာသည်။ ထိုအရိပ်များအားလုံးသည် သူသတ်ခဲ့သော မာန်စွမ်းအားရှင်များ ထံမှဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ခုသည်ကား... ကျန်းထျန်းထ၏ အဖော်ပင် ဖြစ်၏။

သူ့အား ဝန်းရံထားသော ထိုအရိပ်များ၏ အရေအတွက်မှာ နှစ်ဆယ်ကျော်ရှိသည်။ ၎င်းတို့၏ ပုံစံသည် စုမင်ထံတိုးဝင်လာသော ဤလူနှင့်အတူ လိုက်ပါလာသည့် တစ္ဆေသရဲများကဲ့သို့ပင် ဖြစ်သည်။

"နတ်ဆရာ..."

စုမင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည်လည်း အရပ်မျက်နှာအားလုံးသို့ တိုက်ခတ်သွားသော ပိုမို အစွမ်းထက် ပြင်းထန်သည့် လေပြင်းတစ်ခုအား သယ်ဆောင်ရင်း ထိုလူ့ထံ ပြေးဝင်သွားလိုက်၏။

ထိုနှစ်ဦးကြား အကွာအဝေးမှာ စတင်ကျဉ်းမြောင်းသွားပြီး တစ်ခဏအကြာမှာပင် ၎င်းတို့နှစ်ဦးသည် တိုက်မိသွားပြီးနောက် စတင် တိုက်ခိုက်လိုက်ကြတော့သည်။ ထိုလူ တိုက်ခိုက်လိုက်သည်နှင့် များပြားလှသော အငြိုးအတေး ဝိညာဉ်များမှာ ရှေ့တိုးထွက်လာကြသည်။ ထိုအငြိုးအတေး ဝိညာဉ်များထဲမှ အချို့သည် မာန်စွမ်းအားရှင်များ ဖြစ်ပြီး အချို့မှာ ရှာမန်များဖြစ်သည်။

စုမင်တစ်ဦးတည်းသာ ထိုသို့သော တိုက်ပွဲမျိုး ဆင်နွှဲလိုက်ရခြင်း မဟုတ်ပေ။ ဤအချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့သော ရှာမန်များအားလုံးသည် နတ်ဆရာများသာ ဖြစ်နေသောကြောင့် သည်စစ်မြေပြင်ထက်တွင် ဒါဇင်ချီသော အလားတူ တိုက်ပွဲများမှာ စတင်ဖြစ်ပွားနေခဲ့ချေပြီ။

အကယ်၍ နတ်ဆရာတစ်ဦးသည်သာ လူအသေအပျောက် များစွာမရှိသော နေရာတစ်ခုတွင် နေရာချထား ခံလိုက်ရမည်ဆိုလျှင် သူ သို့မဟုတ် သူမ၏ တိုက်ပွဲစွမ်းရည်အား အလွန်အမင်း ကန့်သတ်ခံလိုက်ရပေလိမ့်မည်။ သို့သော်ငြား သူတို့သည် လူပေါင်းများစွာ သေကျေပျက်စီးသော စစ်မြေပြင်တွင် ရှိနေခဲ့မည် ဆိုလျှင်တော့ နတ်ဆရာများမှာ မယုံနိုင်လောက်ပင် အစွမ်းထက်သွားလိမ့်မှာ ဖြစ်သည်။

ဤသည်မှာ နတ်ဆရာများအတွက် ထူးခြားသော စစ်နည်းဗျူဟာ တစ်ခုပင်။

စစ်မြေပြင်တွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ တစ်ခဏအကြာ လူများအားလုံး အချင်းချင်း တိုက်ခိုက်နေကြစဉ်မှာပင် ကောင်းကင်ရှိ အနက်ရောင်မြူခိုးများသည် မမြင်ရသော လက်တစ်စုံ၏ အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရသကဲ့သို ပွင့်ထွက်သွားသည်။ ကောင်းကင်ထက်မှ ပေါက်ကွဲမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီးနောက် ရေနဂါးကြီးမှာ ပေါက်ကွဲသွားတော့သည်။ စူးရှနာကျင်စွာ အော်မြည်လျက် သွေးမြူများအဖြစ် ပြောင်းလဲကာ  တစ်ထပ်တည်းတူညီသော ရှာမန်အဘိုးအို သုံးဦးအား သွေးအကာအကွယ်တစ်ခု ပုံစံဖြင့် သယ်ဆောင်ရင်း  ရှာမန်တို့၏ နယ်မြေထဲသို့ ပြန်လည် ဆုတ်ခွာသွားတော့သည်။

ကောင်းကင်မြူခိုး မြို့တော်မှ မာန်ဝိညာဉ်နယ်ပယ် အစွမ်းထက် မာန်စွမ်းအားရှင် လေးဦးအနက် နှစ်ဦးသည် ၎င်းတို့နောက်သို့ လိုက်ရန်ပြင်လိုက်သော်လည်း သူတို့ဘေးရှိ သက်လတ်ပိုင်းလူသည် လက်မြောက်ပြကာ သူတို့အား လေးနက်တည်ကြည်သော မျက်နှာအမူအရာတစ်ခုနှင့်အတူ တားဆီးလာခဲ့သည်။

"ကျုပ်ရဲ့ အဖွဲ့သား မျိုးနွယ်စုဝင်တို့၊ ကျုပ်တို့ လိုက်ဖမ်းလို့ မဖြစ်ဘူး... ရှာမန်တွေရဲ့ ရည်မှန်းချက်ပန်းတိုင်က ကျုပ်တို့နယ်မြေထဲကို ဝင်ရောက်ဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့က ကောင်းကင်မြူခိုး မြို့တော်ကို ပထမဆုံး ဖျက်ဆီး သိမ်းပိုက်ပစ်ဖို့လိုတယ်။ အဲလိုမှ မဟုတ်ရင် ရှာမန်မျိုးနွယ်စုရဲ့ အုပ်ချုပ်ရေးအမြင့်ပိုင်းက မွန်းစတားအိုကြီးတွေတောင် တွန့်ဆုတ်နေရလိမ့်မှာ"

"ပြီးတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်။ အဆုံးသတ် ရောင်နီခွဲဖြာ တစ်ယောက်ကတောင်မှ ဒီလို တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို နှစ်ဝက်ကြာမှ တစ်ကြိမ် ထုတ်ဖော်ပြုလုပ်နိုင်တာ။ ဘာလို့ ဒီနေရာမှာ အဆုံးသတ်ရှာမန် သုံးယောက်နဲ့ အရည်အသွေးနိမ့် မြင့်မြတ်သားရဲတစ်ကောင်ပဲ ပေါ်လာရတာလဲ..."

"ကျုပ်တို့ရခဲ့တဲ့ သတင်းအချက်အလက် တချို့နဲ့ ကျုပ်တို့ အစီအစဉ်တွေနဲ့ တွက်ချက်မှုတွေအရ ဆိုရင် အဆုံးသတ် ရောင်နီခွဲဖြာ တစ်စုံတည်းရှိတာ။ သူတို့မှာ ဒီလို အခွင့်အရေးမျိုး တစ်ကြိမ်တည်းရှိတယ်။ အများကြီးပိုကောင်းတဲ့ စွမ်းအားတွေကို လွှတ်လိုက်သင့်တာ။ ကောင်းကင်မြူခိုး မြို့တော်ရဲ့ ကျုပ်တို့က ဒါအတွက် အသေးစိတ်ပြင်ဆင်မှုတွေတောင် လုပ်ထားခဲ့ရတာ။ ဒါပေမယ့် အခု ဒီနေရာမှာ သားကောင် မရှိဘူးဆိုတော့ ကျုပ်တို့ အဲဒါကို မသုံးနိုင်တော့ဘူး.." သပ်လတ်ပိုင်းလူက မျက်မှောင်ကြုတ်သည်။

"သူတို့က ငါတို့ကို သူတို့နောက် လိုက်လာဖို့ တမင်သက်သက် မျှားခေါ်တာလို့ မင်းပြောချင်တာလား" မာန်ဝိညာဉ်နယ်ပယ်ရှိ မွန်းစတားအိုကြီး လေးဦးအနက်မှ ကျောကုန်းထက်တွင် ဘုကြီးနှင့် ခါးကုန်းသော အဘိုးအိုတစ်ဦးက သဘောမကျသည့်အသံဖြင့် မေးသည်။

"အဲဒါကတော့..."

သက်လတ်ပိုင်းလူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ့အမူအယာက အလွန်အမင်းပြောင်းလဲသွားသည်။ သူ့နံဘေးရှိ အခြားအဘိုးအိုသုံးဦး၏ အမူအရာများမှာလည်း ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ကောင်းကင်မြူခိုး မြို့တော်အပြင်ဘက် အလွန်ကြီးမားသော စစ်မြေပြင်မှ တိုက်ခိုက်သံများသည် ကောင်းကင်နှင့် မြေပြင်တစ်ခွင် ပြည့်နှက်နေပုံရ၏။ ထိုအခိုက်အတန့်လေးမှာပင် ကောင်းကင်မြူခိုး မြို့တော်အထက် ကောင်းကင်ရှိ မတူညီသော နေရာငါးခုတွင် အလားတူအက်ကြောင်းမျိုး ပုံပေါ်ဖြစ်တည်လာသည်။

သို့သော် ထိုအရာက အကုန်မဟုတ်သေးပေ။ ကောင်းကင်မြူခိုး မြို့တောက်အနောက်တည့်တည့် မာန်စွမ်းအားရှင်တို့၏ ကောင်းကင်ထက်တွင်လည်း အက်ကြောင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ဤတစ်ကြိမ်တွင်တော့ အက်ကြောင်းမှာ တစ်ခုပင်မကပဲ နှစ်ခုတောင် ဖြစ်နေခဲ့ချေသည်။

ထို ဧရာမအက်ကြောင်းကြီး နှစ်ခုနှင့် ရှာမန်များ၏ ကောင်းကင်ထက်မှ အက်ကြောင်းငါးခုတို့သည် တစ်ချိန်တည်းမှာပင် စတင်၍ စူးရှစွာတောက်ပလာကြသည်။

သက်လတ်ပိုင်းလူ၏ မျက်နှာထက်တွင် မည်းမှောင်သော မျက်နှာအမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူသည် တစ်ချက် လှုပ်ရှားလိုက်ပြီး အောက်ဘက်ရှိ တိုက်ပွဲဧရိယာထံသို့ ဦးတည်ဆင်းသက်သွားသည်။

"ကျုပ်တို့ နယ်မြေထဲက အက်ကြောင်းတွေကိုတော့ ခင်ဗျားတို့သုံးဦးနဲ့ ထားခဲ့လိုက်မယ်"

သက်လတ်ပိုင်းလူ၏ အသံ လေထဲတွင် ပဲ့တင်ထပ်သွားစဉ် ထိုလူ၏ ခန္ဓာကိုယ်ကမူ အောက်ဘက်တွင် တိုက်ခိုက်နေသော လူအုပ်ကြားထဲသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိသွားခဲ့ချေပြီ။ သူ့ခန္ဓာကိုယ် တောက်ပသွားချိန်တိုင်း နတ်ဆရာတစ်ယောက်၏ ဘေးတွင် ပေါ်လာပြီး ထိုနတ်ဆရာသည် မည်သည့်အစီအရင်ကို နောက်ထပ် ထုတ်ဖော်သည်ဖြစ်စေ၊ သူတို့၏ ထူးခြားဆန်းကြယ်သော စွမ်းရည်များမှာ မည်မျှ သန်မာသည်ဖြစ်စေ၊ သက်လတ်ပိုင်းလူ ထွက်ပေါ်လာပြီး သူတို့နံဖူးအလယ်သို့ လက်ချောင်းထိပ်ဖြင့် ထိုးလိုက်ရုံနှင့်ပင် သေဆုံးသွားပေလိမ့်မည်။

သက်လတ်ပိုင်းလူသည် အလွန်လျင်မြန်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် စုမင်နံဘေးသို့ ရောက်ရှိလာခဲ့သည်။ သို့သော် သူပေါ်လာချိန်မှာပင် စုမင်နှင့် တိုက်ခိုက်နေသော ရှာမန်မှာ သွေးအန်၍ ခြေလက်များ အပိုင်းပိုင်း စုတ်ပြဲသွားခဲ့သည်။ ဤသည်မှာ သက်လတ်ပိုင်းလူကြောင့်တော့ မဟုတ်ပဲ မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း စုတ်ချက်တစ်ချက်ကို ဆွဲသားပြီးနောက် ညာလက်ကို ဖြည်းညင်းစွာ ပြန်ချလျက်ရှိသော စုမင်ကြောင့်သာ ဖြစ်သည်။

စုမင်မျက်နှာမှာ ဖြူဖျော့နေပြီး သူ့အသက်ရှူသံက လျင်မြန်လို့နေသည်။ ယခုလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် မည်မျှ အန္တရာယ်များလှကြောင်း သူတစ်ဦးတည်းသာ သိ၏။

သက်လတ်ပိုင်းလူသည် စုမင်အား တစ်ချက်ကြည့်လျက် ခေါင်းညိတ်ပြပြီးနောက် ပျောက်ကွယ်သွားပြန်သည်။ တစ်ခဏအကြာ လေထုထဲ၌ သူပြန်ပေါ်လာချိန်တွင်တော့ စစ်မြေပြင်အတွင်းရှိ နတ်ဆရာများအားလုံး သေဆုံးသွားခဲ့ချေပြီ။

"မင်း၊ မင်း၊ ပြီးတော့ မင်း... မင်းတို့ ခုနစ်ယောက် ငါနဲ့လိုက်ခဲ့။ ကျန်တဲ့ မင်းတို့အားလုံး အဲဒီနေရာက စစ်မြေပြင်ကို သွားကြ" သက်လတ်ပိုင်းလူသည် အဝေးရှိ မာန်စွမ်းအားရှင်တို့၏ နယ်မြေထဲတွင် ပေါ်နေသော အက်ကြောင်းများထံ ညွှန်ပြလိုက်သည်။

သူ ညွှန်ပြလိုက်သည်နှင့် လူအုပ်ကြီးမှာ ချက်ချင်းပြေးထွက်သွားကြပြီး ကောင်းကင်ထက်တွင် ရပ်နေသော မာန်ဝိညာဉ်နယ်ပယ်မှ မာန်စွမ်းအားရှင်သုံးဦး၏ လမ်းညွှန်မှုအောက်မှာပင် အက်ကြောင်းနှစ်ခုစီ ဦးတည်လိုက်ကြသည်။

ပိုမိုများပြားသော လူများသည်လည်း ကောင်းကင်မြူခိုး မြို့တော်ထံမှ ပျံတက်လာကြပြီး သူတို့နှင့် ပူးပေါင်းလိုက်ကြသည်။ သူတို့နှင့် ပူးပေါင်းသွားသည့်အထဲတွင် ဝတ်ရုံဖြူနှင့် အဘိုးအိုနှစ်ဦးပင် ပါ၏။  ထိုအဘိုးအိုနှစ်ဦးတို့ ရှေ့တက်သွားစဉ် သူတို့ခြေထောက်ရှိ လေထုမှာ တုန်ခါနေပြီး သူတို့နောက်တွင်လည်း ပုံရိပ်ယောင် မာန်နတ်ဘုရားရုပ်တုများ ဖွဲ့စည်းဖြစ်ပေါ်လာကြသည်။ ထိုအဘိုးအိုနှစ်ဦးသည်လည်း မာန်ဝိညာဉ်နယ်ပယ် ကနဦးဆင့်မှ မာန်စွမ်းအားရှင်များ ဖြစ်သည်။ သူတို့နှစ်ဦးသည် ကောင်းကင်သို့ ပျံတက်သွားပြီးနောက် ယခင်ရှိနေခဲ့သော မာန်စွမ်းအားရှင် သုံးဦးနှင့် လက်သီးဆုပ်၍ နှုတ်ဆက်ခြင်းများ ဖလှယ်လိုက်ကြပြီးနောက် သူတို့အားလုံးသည် လေးနက်တည်ကြည်စွာဖြင့် အက်ကြောင်းများထံသို့ အတူတကွ လျှောက်သွားကြတော့သည်။

စုမင် မလှုပ်ရှားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သက်လတ်ပိုင်းလူမှ ကျန်နေရစ်ရန် ရွေးချယ်ခဲ့သူ ခုနစ်ယောက်ထဲတွင် ပါဝင်နေသောကြောင့် ဖြစ်သည်။

သက်လတ်ပိုင်းလူ၏ အကြည့်သည် သူတို့ခုနစ်ဦးအပေါ် လျှပ်စီးသဖွယ် ဖြတ်သန်းသွားပြီး စုမင်ထံ၌ ရပ်တန့်သွားသည်။

"အခု ဖြစ်ပွားခဲ့တဲ့ စစ်ပွဲထဲမှာ မင်းတို့ခုနစ်ဦးက အကောင်းဆုံး စွမ်းဆောင်ရည်ရှိခဲ့တယ်။ ငါ တခြားလူတွေ အကုန်လုံးကို အရင်က မြင်ဖူးတယ်။ ဒါပေမဲ့ မင်းကိုတော့ အတော်လေး မရင်းနှီးဘူးဖြစ်နေတယ်။ မင်း နာမည် ဘယ်လိုခေါ်လဲ။ ပြီးတော့ ဘယ်မျိုးနွယ်စု၊ ဘယ်ကလန်ကနေ လာခဲ့တာလဲ"

***

All Chapters