← Chapters

လာခဲ့

Vol. 25 Ch. 341

လာခဲ့

Vol. 25 Ch. 341

စုမင်သည် မာန်ဝိညာဉ်နယ်ပယ်မှ သက်လတ်ပိုင်း မာန်စွမ်းအားရှင်၏ ရှေ့မှာပင် တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ပြီး ထိုလူအား လက်သီးလက်ဝါးထပ်ကာ ဦးညွှတ်လိုက်သည်။

"ကျုပ်က အေးခဲကောင်းကင်ကလန်က စုမင်ပါ"

"အေးခဲကောင်းကင် ကလန်လား" သက်လတ်ပိုင်းလူသည် စုမင်အား ထပ်မံ၍ အသေးစိတ် ကြည့်ရှု စစ်ဆေးလိုက်ပြန်သည်။ "အေးခဲကောင်းကင်ကလန်က လူတွေ ဒီနေရာမှာ ရှိနိုင်ချေတော့ သိပ်မမြင့်ဘူး။ သူတို့အားလုံးက မြို့တော်အပြင်ဘက် ရှာမန်တွေရဲ့နယ်မြေထဲမှာ တိုက်ခိုက်နေကြတာ" သူသည် စုမင်အား စိုက်ကြည့်လျက် ဖြည်းညင်းစွာ ပြောလာ၏။

သူ၏ နှေးကွေးသော အပြောအဆိုနှင့် အကြည့်တို့သည် မမြင်ရသော ဖိအားလှိုင်းတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး စုမင်ကိုယ်ပေါ် ကျရောက်လာခဲ့သည်။

စုမင်နံဘေးတွင် ရပ်နေသည့် ကျန်နေရစ်ရန် အပြောခံခဲ့ရသော အခြားလူခြောက်ဦးသည်လည်း သွေးများဖြင့် ရွှဲနစ်လို့နေ၏။ သို့သော် ထိုသွေးအများစုမှာ ရှာမန်များထံမှ ဖြစ်သည်။ ထိုခြောက်ဦးထဲတွင် အသက်အကြီးဆုံးလူမှာ အမည်းရောင် ဆံပင်များကြားတွင် ဆံပင်ဖြူများ ဟိုတစ်စ သည်တစ်စ ရောနှောနေပြီဖြစ်သော အသက်ခြောက်ဆယ်ခန့် ရှိသူ တစ်ဦးဖြစ်ပြီး အငယ်ဆုံးမှာ သုံးဆယ်ပတ်ဝန်းကျင်ခန့် ဖြစ်၏။ လူတိုင်း၏ မျက်လုံးများမှာ စူးရှတောက်ပလို့ နေသည်။

ထိုလူ ခြောက်ဦးသည် ယခုလေးတင် ဖြစ်ပွားခဲ့သော အသေးစားစစ်ပွဲအတွင်း ထူးချွန်သော တိုက်ခိုက်သူများ ဖြစ်ကြောင်း ပြသနိုင်ခဲ့သူများ ဖြစ်သည်။ သူတို့အားလုံးသည် အလွန်များပြားသော ရှာမန်များကို သတ်ဖြတ်ခဲ့ကြပြီး စစ်မြေပြင်၏ မတူညီသော နေရာများတွင် ပြန့်ကျဲနေခဲ့ကြကာ သူတို့၏ သက်ဆိုင်ရာ ဧရိယာများ အတွင်းရှိ လူများ၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့ကြသည်။

သူတို့၏ သွေးများစိုရွှဲနေသော ပုံပန်းသွင်ပြင်များသည် သူတို့ တိုက်ခိုက်ရသည်ကို ဘယ်လောက်နှစ်သက်ကြောင်း ဖော်ပြနေသော အကောင်းဆုံးသက်သေပင်ဖြစ်သည်။

ထိုလူခြောက်ဦးထဲတွင် အမျိုးသမီး တစ်ဦးပင် ပါ၏။ သူမမျက်နှာထက်တွင် လက်သည်းရာ အမှတ်အသားတစ်ခုသဖွယ် အမာရွတ်သုံးခုရှိပြီး သူမ မျက်နှာအား စုတ်ပြဲနေသလို ဖြစ်နေစေသော်လည်း ထိုအမာရွတ်များကပင် သူမကို ပို၍ ပေါ်လွင်ထင်ရှားနေစေသည်။ သူမသည် အခြားသူများနှင့် အလွန်အကျွံ အဆက်အဆံ မပြုလုပ်ချင်ဟန်ဖြင့် လူတန်း၏ အဆုံးတွင် အေးစက်စက်အမူအရာဖြင့် ရပ်နေခဲ့သည်။

"ကျုပ်က ကိစ္စတစ်ခုရှိလို့ လမ်းတစ်ဝက်မှာပဲ ထွက်ခွာခဲ့ရတယ်။ အခုမှ ပြန်ရောက်လာတာပါ" စုမင် သက်လတ်ပိုင်းလူအား ကြည့်၍ တည်ငြိမ်စွာပြောလိုက်သည်။

အခြားသူ၏ မာန်ဝိညာဉ်နယ်ပယ်မှ ယူဆောင်လာသော ဖိအားသည် အလွန်ကြီးမားသော်ငြား စုမင်သည် ရိုးရိုးသားသားပင်ဖြစ်ပြီး အပြစ်ရှိသည်ဟု ခံစားရစေမည့် မည်သည့်အရာကိုမျှ မပြုလုပ်ခဲ့သဖြင့် ပြန်လည်ဖြေကြားလိုက်သော သူ့အသံထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အမြွက်ပင် မပါဝင်ခဲ့ပေ။

"မင်း ရှာမန် ဘယ်လောက် သတ်ခဲ့လဲ" သက်လတ်ပိုင်းလူမှ ဖြည်းညင်းစွာမေးသည်။

စုမင် ပြန်မဖြေခဲ့ချေ။ ထိုအစား ညာလက်ဖြင့် သူ့ရင်ဘတ်ထဲသို့ နှိုက်၍ သိုလှောင်အိတ်တစ်ခုကိုသာ ထုတ်ယူလိုက်သည်။ ထုတ်ယူပြီးသည်နှင့် သူ့လက်မောင်းအား ဘေးသို့ဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် အိတ်အတွင်းမှ ဒါဇင်ချီသော ခေါင်းများ ပျံသန်းထွက်ပေါ်လာခဲ့သည်။ ဦးခေါင်းများမှာ လေထဲတွင် လွင့်မျောနေပြီး ထိုနေရာအား သွေးစွန်းသောလေထုတစ်ခုဖြင့် ပြည့်သွားစေသည်။

ဦးခေါင်းတစ်လုံးစီတိုင်းတွင် ထိုရှာမန်များ မသေဆုံးခင်က မျက်နှာအမူအရာများ ရှိနေခဲ့သည်။

"ကောင်းပြီ၊ မင်းက အေးခဲကောင်းကင် ကလန်ရဲ့ တပ်ပြေးတစ်ယောက် ဖြစ်နေရင်တောင် မင်းက ဒီနေရာနဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပြီးပြီ။ အခုကစလို့ မင်းက ကောင်းကင်မြူခိုး မြိုတော်ရဲ့ မာန်စွမ်းအားရှင်တွေထဲက တစ်ယောက်ပဲ" သက်လတ်ပိုင်းလူ၏ အကြည့်သည် ဦးခေါင်းများစွာ အနက်မှ သူမသတ်နိုင်ခင် သေဆုံးသွားသော နတ်ဆရာ၏ ဦးခေါင်းပေါ်သို့သာ ကျရောက်သွားပြီးနောက် စုမင်အား ပြုံးပြလာခဲ့သည်။

"မင်းတို့ ခုနစ်ယောက်ထဲမှာ အေးခဲကောင်းကင်ကလန်က လာတဲ့သူရှိသလို၊ အနောက်ပိုင်းပင်လယ်ကလန်က လာတဲ့သူလည်း ရှိတယ်။ ကျန်တဲ့ မင်းတို့ အားလုံးကတော့ ကောင်းကင်မြူခိုး မြို့တော်ရဲ့ စစ်သည်တော်တွေပဲ။ အခုကစလို့ မင်းတို့ ဘယ်ကလာလဲဆိုတာ ငါဂရုမစိုက်တော့ဘူး။ မင်းတို့ ခုနစ်ယောက်ဟာ ငါ့ရဲ့ နောက်လိုက်တွေ၊ အစောင့်တွေ ဖြစ်လာလိမ့်မယ်။ ငါနဲ့ အတူလိုက်ခဲ့၊ ရှာမန်တွေရဲ့ နယ်မြေထဲဝင်မယ့် ငါတို့ လမ်းမှာ သတ်ဖြတ်ကြမယ်"

သက်လတ်ပိုင်းလူက လူခုနစ်ယောက်ကို ဝေ့ဝဲကြည့်ရှုသည်။ အေးခဲကောင်းကင်ကလန်ဟု ပြောသောအခါ သူသည် စုမင်အား လှမ်းကြည့်လာပြီး အနောက်ပိုင်းပင်လယ် ကလန်ဟု ပြောချိန်တွင်တော့ ပျက်စီးနေသော မျက်နှာနှင့် အမျိုးသမီးထံ လှမ်းကြည့်လိုက်ချေသည်။

"ငါ့နာမည်က ရှန်ဟွား၊ ငါက အေးခဲကောင်းကင်ကလန်ရဲ့ မဟာဝိညာဉ်ဗိုလ်ချုပ်တွေထဲက တစ်ယောက်ပဲ။ ငါ မသေသရွေ့၊ ငါ့နောက်ကို လိုက်ခဲ့ကြ"

သက်လတ်ပိုင်းလူ၏ စကားဆုံးသည်နှင့် ရှာမန်များ၏ နယ်မြေထဲတွင် တည်ရှိသော ကောင်းကင်မြူခိုး မြို့တော်အထက်ရှိ အက်ကြောင်းငါးခုထံမှ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အချိန်မရွေး ပွင့်လာတော့မည်ပုံဖြင့် ၎င်းတို့အတွင်းမှ နက်မှောင်သော အလင်းများ တောက်ပလာသည်။ မာန်စွမ်းအားရှင်တို့၏ နယ်မြေထဲတွင် ရှိသော အက်ကြောင်းနှစ်ကြောင်းသည်လည်း အလားတူပင်ဖြစ်သည်။ မာန်စွမ်းအားရှင်ပေါင်း များစွာသည်လည်း အက်ကြောင်းများထံ ချဉ်းကပ်သွားနေကြသည်။

"ငါနဲ့လိုက်ခဲ့" ရှန်ဟွားသည် ခေါင်းမော့၍ ရှာမန်များ၏ နယ်မြေရှိရာဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ တစ်ချက်လှုပ်ရှားလိုက်ရာ သူ့ခြေထောက်အောက်တွင် လှိုင်းတွန့်များ ချက်ချင်းဖြစ်ပေါ်လာပြီး သူလှမ်းကြည့်နေသော နေရာဆီသို့ ဦးတည်ပြေးထွက်သွားသည်။

သူ့အနောက်တွင် စုမင်အပါအဝင် လူခုနစ်ဦးသည် တစ်ချိန်တည်းလိုလို ပျံသန်းထွက်ခွာလိုက်ကြသည်။

သူတို့ခုနစ်ဦးလုံးသည် ရှန်ဟွားနောက်မှ လိုက်ပါလိုက်ကြပြီး သူတို့အားလုံးသည် အလင်းတန်းရှည်ရှစ်ခုအဖြစ် ပြောင်းလျက် ကောင်းကင်မြူခိုး မြို့တော်နှင့် ကောင်းကင်အား ဖြတ်သန်းလိုက်ကြသည်။ အရှေ့ဆုံးတွင် ရှန်ဟွား ရှိနေသဖြင့် ကောင်းကင်မြူခိုးမြို့တော် အတွင်းရှိ မမြင်ရသော အတားအဆီးများ အားလုံးသည် ကြိုတင်ရုပ်သိမ်းသွားပြီး လူအုပ်အား တစ်ကြိမ်ပင်ရပ်တန့်ခြင်း မပြုရပဲ ရှာမန်များပိုင်သော နယ်မြေ၏ ကောင်းကင်ထဲသို့ ရောက်ရှိသွားစေခဲ့သည်။

ခမ်းနားကြီးကျယ်သော ကောင်းကင်မြူခိုး မြို့တော်အ ဖြတ်ကျော်ပြီးသည်နှင့် တစ်ပြိုင်နက် သွေးနံ့များနှင့် လေပြင်းတစ်ခုသည် သူတို့နှာခေါင်းများအတွင်း တိုးဝှေ့လွင့်ပါလာခဲ့၏။ ကောင်းကင်မြူခိုး မြို့တော်၏ အတွင်းနှင့် အပြင်သည် မတူညီကွဲပြားသော ကမ္ဘာလောကနှစ်ခုလိုပင် ဖြစ်သည်။ ဤနေရာသည် ရှာမန်များ၏ နယ်မြေဖြစ်ပြီး သွေးစွန်းလေထုသည်လည်း လူတို့၏ နှလုံးခုန်သံများကို ထိန်းချုပ်မရနိုင်စွာ ခုန်လှုပ်လာစေပြီး၊ သွေးများကိုပင် ဆူပွက်လာစေနိုင်သည့် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော ဖိနှိပ်ခြင်း ခံစားချက်တစ်ခုအဖြစ် ပြောင်းလဲနေခဲ့ချေပြီ။ အကယ်၍ သူတို့သာ ဤနည်းဖြင့် မတုန့်ပြန်ပါက သူတို့အပေါ် သက်ရောက်နေသည့် ဖိနှိပ်ခြင်းခံစားချက်ကို ခံနိုင်လိမ့်မည်မဟုတ်ဟု ခံစားနေရခြင်းဖြစ်သည်။

တိုက်ခိုက်သံများသည်လည်း သူတို့နားထဲသို့ ဝင်ရောက်လာသောအခါ သက်ရောက်မှုရှိသည့် အသံများအဖြစ် ပြောင်းလဲသွားသည်။ ဤအသံနှင့် အသားကျနေပြီးဖြစ်သော အခြားသူများနှင့် ယှဉ်လျှင် စုမင်သည် ရှာမန်များ၏ နယ်မြေထဲမှ တိုက်ပွဲအား ယခုမှ ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲဖူးခြင်း ဖြစ်သည်။ စူးရှနာကျင်စွာ အော်ဟစ်သံများ၊ အပြင်းအထန် ဟိန်းဟောက်သံများနှင့် ထိုသွေးနံ့များသည် စုမင်စိတ်အား တည်ငြိမ်စွာထားနိုင်ရန် ခက်ခဲနေစေသည်။

"ဒါက ကစားပွဲတစ်ခုပဲ ညီနောင်စု"

ရှန်ဟွားသည် သူတို့အရှေ့မှ သွားနေပြီး စုမင်နှင့် အခြားခြောက်ဦးမှာ သူ့နောက်မှလိုက်ပါလာသည်။ သူတို့သည် လေထုအတွင်းမှ ထိုသွေးညှီနံ့နှင့် ဖိနှိပ်ခြင်းခံစားချက်တို့အား ရင်ဆိုင်လျက် အရှေ့သို့ ခုန်ထွက်ပြေးလွှားနေကြသည်။ စုမင်၏ညာဘက်တွင်တော့ အသက်သုံးဆယ်ဝန်းကျင်ခန့် လူငယ်ရှိနေသည်။ ထိုလူငယ်၏ ဆံပင်များမှာ ရှုပ်ပွနေသော်လည်း သူ့မျက်လုံးမှာမူ တောက်ပလို့နေ၏။ သူ့မျက်လုံးများအတွင်း စိတ်လှုပ်ရှားမှု အရိပ်အမြွက်ပင် ရှိနေသေးသည်။

"ဒါက အဆုံးမှာ ဘယ်သူက အနိုင်ရသူ ဖြစ်မလဲဆိုတာ မြင်ရမယ့် ကစားပွဲတစ်ခုပဲ"

လူငယ်သည် သူ့နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ရင်း စုမင်အား ပြုံးပြလာ၏။

ဤသည်မှာ လူသိန်းပေါင်းများစွာမက ပါဝင်သော စစ်မြေပြင်တစ်ခု ဖြစ်သည်။ ကောင်းကင်ထက်တွင် အချင်းချင်းတိုက်ခိုက်နေကြသော လူပေါင်းများစွာ၊ သားရဲပေါင်းများစွာနှင့် ပြည့်နှက်နေသည်။ ထိုနေရာတွင် ရှာမန်များ၊ မာန်စွမ်းအားရှင်များနှင့် သားရဲရိုင်းများစွာ ရှိနေသဖြင့် ရှာမန်များ၏ နယ်မြေအား ဖြတ်ကျော်နေသော သူတို့ရှစ်ဦးမှာ အာရုံစိုက်ခံရရန် ထိုက်တန်ခြင်းမရှိပေ။

"ငါတို့ တတိယမြောက် အက်ကြောင်းဆီ ပြေးလွှားကြမယ်။ မင်းတို့ရဲ့ ပထမဆုံးတာဝန်က ငါ့ကို အမီလိုက်နိုင်ဖို့ပဲ" သူတို့အရှေ့မှ ရှန်ဟွား၏ အသံ ထွက်ပေါ်လာပြီး ရှန်ဟွားက သူ့အမြန်နှုန်းအား တိုးမြင့်လိုက်၏။ အသက်တစ်ကြိမ် ရှူစာအတွင်းမှာပင် သူသည် စုမင်တို့နှင့် ပေ ၁၀၀၀ အဝေးသို့ ရောက်ရှိသွားခဲ့ချေပြီ။

စုမင်နှင့် အခြားခြောက်ဦးသည်လည်း သူ့နောက်မှ ပြေးလွှားလိုက်ပါလိုက်ကြသည်။ သို့သော် သူတို့ စစ်မြေပြင်အတွင်း ရောက်ရန် ပေထောင်ပေါင်းများစွာခန့်ပင် မဝေးတော့သောအခါ သူတို့အရှေ့မှ ပြင်းထန်သော လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာခဲ့သည်။ ထိုလေပြင်းသည် ကြီးမားသော အတောင်ပံကြီးများနှင့် သားရဲရိုင်း တစ်ရာခန့်စီမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ၎င်းတို့နောက်ကျောများပေါ်တွင်လည်း မတ်တတ်ရပ်နေသော ရှာမန်များရှိ၏။

ထိုရှာမန်များအားလုံး၏ မျက်နှာများထက်တွင် ဆေးမင်ကြောင်များ ရှိနေသည်။ ထိုဆေးမင်ကြောင်များသည် သူတို့၏ သွေးကြောများအတွင်းရှိ သွေးများကို ဆူပွက်သွားစေသကဲ့သို့ ထူးထူးဆန်းဆန်း ခံစားချက်တစ်ခုအား ပေးစွမ်းနေသည်။ ထိုရှာမန်များသည် ရှန်ဟွားအတွက်တော့ ပုရွက်ဆိတ်များသာသာ သာ ဖြစ်၏။ သူသည် ရှောင်တိမ်းခြင်းဖြင့် အလုပ်ရှုပ်ခံမနေခဲ့ပေ။   ထိုအစား တစ်ချက်တည်း တိုးဝင်သွားပြီး ထို ဧရာမတောင်ပံကြီးများဖြင့် သားရဲရိုင်းများကို ချက်ချင်းပေါက်ကွဲသွားစေသည်။ ၎င်းတို့အပေါ်ရှိ ရှာမန်များသည်လည်း အပိုင်းပိုင်း အစစ ဖျက်ဆီးခံလိုက်ရသည်။

ဤအရာမှာ တစ်ခဏတာခန့်သာ ကြာမြင့်ခဲ့သည်။ စုမင်တို့ ခုနှစ်ဦးသည် ရှန်ဟွား မည်သို့ တိုက်ခိုက်လိုက်သည်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။ ရှန်ဟွားသည် အရှိန်မလျှော့ပဲ ချိုးဖျက်ဖြတ်ကျော်သွားပြီး သူ့ပတ်ဝန်းကျင်တွင် သွေးမိုးရွာသွားသည်ကိုသာ သူတို့ တွေ့လိုက်ရသည်။

သို့သော် စုမင်တို့ခုနစ်ဦးသည်တော့ ရှန်ဟွား လုပ်သွားသလို အလွယ်တကူ မလုပ်နိုင်ခဲ့ပေ။ သားရဲရိုင်းများ၏ အပိုင်းငယ်တစ်ခု သေဆုံးကောင်း သေဆုံးသွားနိုင်သော်လည်း ဒါဇင်ချီသော သားရဲများ ကျန်ရှိနေသေးသည်သာ ဖြစ်၏။ ၎င်းတို့မှာ ယာယီ ကွဲထွက်သွားကြသော်လည်း အလျင်အမြန် ပြန်လည်စုဝေးသွားပြီး စုမင်နှင့် အခြားခြောက်ဦးထံ ပြေးဝင်လာကြသည်။

"ငါ လိုလာတာက ငါ့နောက်ကို ဆက်ပြီးလိုက်လာမယ့် စစ်သည်တော်တွေပဲ" ရှန်ဟွားသည် နောက်သို့ လှည့်မကြည့်ခဲ့သလို ရပ်တန့်ခြင်းလည်း မပြုခဲ့ပေ။ သူ့အသံကသာ သူတို့နားများထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ့အသံအား ကြားလိုက်ရသည့် အခိုက်အတန့်မှာပင် တိုက်ခိုက်သံများသည် လေထဲသို့ မိုးခြိမ်းသံသဖွယ် ကျယ်လောင်စွာ မြင့်တက်ထွက်ပေါ်လာခဲ့၏။ ဒါဇင်ချီသော သားရဲရိုင်းများသည် မောက်မာထောင်လွှားမှုများ၊ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နေသော အသံများဖြင့် အော်မြည်ဟိန်းဟောက်ရင်း သူတို့ထံ ဦးတည်တိုးဝင်လာကြသည်။ ၎င်းတို့အပေါ်တွင် ရပ်နေသော ရှာမန်ဒါဇင်ခန့်သည်လည်း အောက်သို့ခုန်ဆင်းလာကြပြီး ၎င်းတို့ခန္ဓာကိုယ်များထံမှ ဖျိူးဖျိူးဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့ကိုယ်ထဲရှိ သွေးများသည် အပြင်းအထန် လှည့်ပတ်လာသကဲ့သို့ သွေးကြောများမှာ ဖူးရောင်လာပြီး သူတို့ခန္ဓာကိုယ်များသည်လည်း ဖောင်းကားလာကြသည်။

စုမင်ညာမျက်လုံးအတွင်း အနီရောင်အလင်း တောက်ပသွားသည်။ ရှာမန်များနှင့် ထိုသားရဲရိုင်းများသည် သူတို့အား တားဆီးရန် ရောက်လာကြတော့မည့် အချိန်မှာပင် စုမင် ရှေ့သို့ခြေတစ်လှမ်းတက်ကာ စကားလုံးများဖြင့် ဖော်ပြနိုင်ရန် ခက်ခဲသော အလွန်လျင်မြန်သည့် အမြန်နှုန်းဖြင့် အရှေ့သို့ တိုးဝင်သွားလိုက်သည်။ တစ်ခဏအတွင်းမှာပင် သူ့မူလနေရာမှ ပျောက်ကွယ်သွားပြီး ပေ ၂၀၀၀ အဝေးတွင် ပြန်ပေါ်လာခဲ့ချေသည်။

တစ်ဖန် ပြန်ပေါ်လာသောအခါ စုမင်ပါးစပ်မှ သွေးများစီးကျလာခဲ့သည်။ သူ ယခုလေးတင် ဖြတ်သန်းလာသော မျက်စိဖြင့် မမြင်ရနိုင်သည့်လမ်းကြောင်းတွင် ရှာမန်ငါးဦး ရှိနေခဲ့၏။ ထိုအချိန်တွင်တော့ ၎င်းတို့၏ခန္ဓာကိုယ်များမှာ သွေးသား အစအနများအဖြစ် ပေါက်ကွဲသွားခဲ့ကြချေပြီ။

စုမင်သည်  ထိုမြန်ဆန်သော အမြန်နှုန်းအောက်တွင် သူ့ကိုယ်သူ အကာအကွယ်များဖြင့် ကာကွယ်ထားရင်း ၎င်းတို့အား သူ့ခန္ဓာကိုယ်ဖြင့် ဝင်တိုက်ခဲ့ခြင်းကြောင့် ထိုသို့ပေါက်ကွဲသေဆုံး သွားကြရခြင်း ဖြစ်၏။

စုမင် ရပ်တန့်ခြင်း မပြုခဲ့ပေ။ ပြန်ပေါ်လာပြီးသည်နှင့် အဝေးသို့ ဦးတည်ပြေးလွှားနေသော ရှန်ဟွား ရှိရာသို့ တစ်ဖန်ဦးတည်လိုက်ပြန်သည်။ ရှန်ဟွားအား လိုက်မီရန် သူ ထိုအမြန်နှုန်းအား အသုံးပြုခဲ့ပြီးချိန်တွင် သူ့အနောက်ရှိ ခြောက်ဦးထဲမှ သုံးဦးသည်လည်း ရှာမန်အုပ်စု၏ ဝန်းရံတိုက်ခိုက်ခံရခြင်းမှ လွတ်မြောက်နိုင်ရန် အခြားနည်းလမ်းများကို အသုံးပြုလိုက်ကြသည်။ သူတို့သည် လွတ်လာပြီးသည်နှင့် စုမင်နောက်မှနေ၍ ရှန်ဟွားနောက်သို့ လိုက်သွားကြသည်။

သို့သော် သူတို့ အသက်ဆယ်ကြိမ် မရှူရသေးခင်မှာပင် ရှန်ဟွားသည် သူ့အား တားဆီးလာသော ရှာမန်အဖွဲ့တစ်ဖွဲ့ထံမှ တစ်ဖန်လွတ်မြောက်သွားပြန်သည်။ ထိုအချိန်တွင်တော့ စုမင်တို့ လေးဦးအုပ်စုထဲမှ တစ်ဦးသည် ရှာမန်များထံမှ လွတ်မြောက်ရန်နှင့် ရှန်ဟွားနောက်သို့ လိုက်ရန် မအောင်မြင်ခဲ့ပါချေ။

ထိုအခိုက်အတန့်တွင်တော့ စုမင်၊ မျက်နှာပျက်စီးနေသော အမျိုးသမီးနှင့် သူတို့အကြားရှိနေစဉ် အတန်ငယ်ပေါ်လွင်ထင်ရှားနေသော သက်လတ်ပိုင်းအမျိုးသား တစ်ဦးတို့သည်သာ ရှန်ဟွားနောက်တွင် ဆက်ပါလာခဲ့ကြသည်။

အရှေ့သို့ ဦးတည်ပြေးလွှားနေရင်း သူတို့အသက်ရှူသံများမှာ လျင်မြန်နေခဲ့ချေပြီ။ ရှန်ဟွားနောက်သို့ လိုက်ရသော ဤနည်းလမ်းသည် သူတို့အတွက် လွယ်ကူသောအရာမဟုတ်သည်မှာ ထင်ရှားလို့နေ၏။

ထိုအချိန်အခိုက်အတန့်တွင် ရှန်ဟွားမှာမူ စစ်မြေပြင် အလယ်ဗဟိုသို့ ဦးတည်ပြေးလွှားနေခဲ့ချေပြီ။ သူနှင့် သိပ်မဝေးသောနေရာတွင် တတိယအက်ကြောင်း ရှိနေသည်။ ယခုအချိန်တွင် ထိုအက်ကြောင်းသည် မရပ်မနား ကျယ်ပြန့်လာနေပြီး ၎င်းအတွင်းမှ တဖျတ်ဖျတ် တောက်ပနေသော အရိပ်များကိုပင် တွေ့မြင်နိုင်သည်။ အားပျော့သော မပီဝိုးတဝါး ဟိန်းဟောက်သံများလည်း ထွက်ပေါ်နေသည်။

သူတို့နှင့် အက်ကြောင်းအကြား မည်သည့်အတားအဆီးမှ မရှိပါလျှင် စုမင်နှင့် အခြားသူများသည် အက်ကြောင်းထံ စောလျင်စွာ ရောက်ရှိခဲ့လိမ့်မည်ဖြစ်သော်လည်း အခြေအနေအမှန်မှာမူ ထိုသို့မဟုတ်ချေ။ အက်ကြောင်းရှိရာဘက်ဆီမှ ပေ၁၀၀၀ အရွယ်အစားရှိ သားရဲရိုင်းလေးကောင်က သူတို့ထံ ဦးတည်လာနေသည်။

ရှန်ဟွား၏ မျက်လုံးများ စူးရှတောက်ပသွားသည်။ ခြေတစ်လှမ်းတည်းဖြင့် ထိုသားရဲရိုင်းများထဲရှိ တစ်ကောင်ရှေ့မှ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင်တော့ ၎င်း၏အနောက်သို့ ရောက်နေခဲ့ချေပြီ။ ထိုသားရဲရိုင်းသည် ခဏတာအေးခဲသွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာ အလျင်အမြန် စတင်ခြောက်ကပ်သွားသည်။ ၎င်းအပေါ်တွင် ရပ်နေခဲ့သော ရှာမန်သည်လည်း ခဏတာအံ့အားသင့် မှင်တက်နေခဲ့ပြီးနောက် သူ့မျက်လုံးများအတွင်းရှိ သက်ဝင်တောက်ပနေသော မီးတောက်လေး ပျောက်ဆုံးသွားကာ မြေပြင်ထက်သို့ ပြုတ်ကျသွားတော့သည်။

စုမင်မျက်ဝန်းတို့ ကျဉ်းမြောင်းသွားသည်။ လမ်းတစ်လျှောက်တွင် ရှန်ဟွားတိုက်ခိုက်သည်ကို အကြိမ်ကြိမ်မြင်ခဲ့ရသော်ငြား အကြိမ်တိုင်းလိုလိုပင် သူသည် စုမင် ရှင်းရှင်းလင်းလင်း နားလည်နိုင်ရန် ခက်ခဲသည့် နည်းလမ်းတစ်မျိုးကိုသာ အသုံးပြုသွားတတ်သည်။ 'ထူးဆန်းသည်' ဟူသော စကားမှအပ စုမင်မြင်ရသော အရာကိုဖော်ပြနိုင်မည့် အခြားစကားလုံးရှာတွေ့ရန် ခဲယဉ်းပေသည်။

ရှန်ဟွားသည် တစ်ချက်တည်းဖြင့် အက်ကြောင်းနှင့် ပို၍ နီးကပ်သွားသည်။ စုမင်နှင့် သူ့နောက်မှ အခြားနှစ်ဦး အတွက်မူ ပေ၁၀၀၀ ရှည်လျားသော အခြားသားရဲရိုင်း သုံးကောင်နှင့် ၎င်းတို့အပေါ်တွင် ရပ်နေသော ရှာမန်များကို ရင်ဆိုင်ရပေလိမ့်မည်။

စုမင်မျက်လုံးများအတွင်း ပြတ်သားသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ တိုးဝင်လာနေသော သားရဲရိုင်းနှင့် နီးကပ်သွားသည်နှင့် တစ်ပြိုင်နက် ရုပ်သေးခန္ဓာကိုယ်အား စွန့်ပစ်ထားပြီးဖြစ်သော ဟယ်ဖုန်းသည် အနက်ရောင်အရိပ်အဖြစ် တစ်ဖန်ပြောင်းလဲသွားပြီး စုမင်အရှေ့သို့ ပြေးထွက်သွားသည်။ တစ်ချိန်တည်းမှာပင် စုမင်ကလည်း ညာလက်ကိုမြှောက်၍ မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်းအား ထုတ်ဖော်လိုက်သည်။ သူ့အမြန်နှုန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး သူ့ညာလက်ကောက်ဝတ်ရှိ လက်ကောက်သည်လည်း အနက်ရောင် မီးခိုးငွေ့အစုအဝေးတစ်ခု အဖြစ်ပြောင်းကာ စုမင်အရှေ့သို့ ဦးတည်တိုးဝင်သွားလေသည်။

ကောင်းကင်တစ်ခွင် အော်မြည်ဟိန်းဟောက်သံများ ပြည့်လျှမ်းသွားသည်။ စုမင် ထိုသားရဲရိုင်းအား ဖြတ်ကျော်လာပြီးသောအခါ ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရချေ၏။ သူ့ရင်ဘတ် အကာအကွယ်မှာလည်း ပြိုကွဲနေချေပြီ။ အနက်ရောင်သစ်သား ဆူးချွန်တစ်ခုအား ဟန်တောင်တန်းခေါင်းလောင်းမှ ပိတ်ဆို့တားဆီး ထားခဲ့သော်ငြား ၎င်းမှ ထွက်ပေါ်လာသော တုန်ခါမှုများကပင် စုမင်အား ဒဏ်ရာရစေရန် လုံလောက်နေခဲ့ချေပြီ။

သားရဲရိုင်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ ပြိုကွဲပျက်စီးသွားပြီး လေထဲသို့ သွေးများ လွင့်စဉ်ဖျန်းပက်သွားသည်။ ၎င်း၏ ဒဏ်ရာတွင် အရိပ်တစ်ခု ရှိနေပြီး သားရဲရိုင်း၏ သွေးများကို ရူးသွပ်စွာ စုပ်ယူနေသည်။ ထိုအရိပ်သည် သားရဲရိုင်းအား အတွင်းတွင် ဖုံးအုပ်ထားနိုင်ရန် ၎င်းကိုယ်ကို ကျယ်ပြန့်အောင် ကြိုးစားနေသော်ငြား သားရဲရိုင်းမှာ အလွန်ကြီးမားနေသဖြင့် အနက်ရောင်အရိပ်အတွက် ထိုသို့လုပ်နိုင်ရန် ခဲယဉ်းနေဆဲ ဖြစ်သည်။

***

All Chapters