← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း(91)

“ညီလေးကန်း.. ပုံမှန်အခြေအနေမှာဆိုရင်တော့ အဲဒီကောင်လေးက မင်းရဲ့ပြိုင်ဘက် မဟုတ်တာ သေချာတယ်”

မာစတာလျို့က သက်ပြင်းသဲ့သဲ့ချရင်း အကြံပြုလိုက်သည်။

“ဒါပေမဲ့ ငါတို့တွေ အခုလေးတင်ကမှ ယမမင်းကို မောင်းထုတ်ခဲ့ရလို့ စွမ်းအားတွေ အများကြီး ကုန်ဆုံးထားရတယ်... ငါတို့ အသက်ရှင်နေသရွေ့တော့ သူ့ကို လက်စားချေဖို့ အခွင့်အရေးတွေ ရှိနေဦးမှာပါ”

ကန်းခွိုက်လဲ့မှာ အစွမ်းထက်သော်လည်း မောက်မာပြီး ဂုဏ်သိက္ခာကို တန်ဖိုးထားသူဖြစ်သည်။ အကယ်၍ သူ့အား အဆင်းရန်လမ်းတစ်ခု မပေးပါက သူသေချာပေါက် ထွက်သွားမည် မဟုတ်ပေ။

ကန်းခွိုက်လဲ့၏ မျက်နှာမှာ မှုန်မှိုင်းနေသော်လည်း မာစတာလျို့၏ စကားကို မငြင်းဆန်နိုင်ခဲ့ပေ။

နောက်ဆုံးတွင် သူက မာစတာလျိုနှင့်အတူ ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းကာ ဗီလာမှ ထွက်ခွာသွားရတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက်။

ပင်းဟိုင်ကျင်းနန်ရှိ အဆင့်မြင့်ဗီလာတစ်ခု၏ ရှေ့တွင်..

သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက တောင့်တင်းစွာလမ်းလျှောက်လျက် ဗီလာတစ်ခုအတွင်းသို့ ဝင်သွားခဲ့၏။

ထိုသန့်ရှင်းရေးဝန်ထမ်း ဝင်သွားသော ဗီလာမှာ နောက်ကွယ်မှ ကြိုးကိုင်သူ ရှိနေသည့် နေရာဖြစ်ကြောင်း ထင်ရှားပေသည်။

ယောင်ပင်းက အေးစက်စွာ ပြုံးလိုက်ပြီးနောက် နောက်မှ လိုက်ဝင်သွားလိုက်၏။

ကံမကောင်းစွာဖြင့် ဗီလာအတွင်း၌ မည်သူမျှ မရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်နေချေသည်။

သူ တစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။

ယောင်ပင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဖုန်းကို ထုတ်ယူကာ ဗီလာစီမံခန့်ခွဲရေးအဖွဲ့ထံသို့ ဖုန်းဆက်လိုက်လေသည်။

နည်းလမ်းအနည်းငယ်ကို အသုံးပြုလိုက်ရုံဖြင့် ထိုဗီလာ၏ ပိုင်ရှင်မှာ ကန်းခွိုက်လဲ့ဖြစ်ကြောင်း စီမံခန့်ခွဲရေးအဖွဲ့ထံမှ သူ သိရှိလိုက်ရ၏။

ကန်းခွိုက်လဲ့?

ယောင်ပင်း မျက်မှောင်ကြုတ်ကာ ခဏမျှ ပြန်စဉ်းစားကြည့်မိသည်။

သူသည် ထိုကန်းခွိုက်လဲ့ဆိုသူကို လုံးဝ မသိရှိပေ။ အဘယ်ကြောင့် တစ်ဖက်လူက သူ့ကို အသေသတ်ချင်နေရသနည်း။

ခဏမျှ စဉ်းစားပြီးနောက် သူ မာစတာခိုင်ထံသို့ ဖုန်းဆက်လိုက်၏။

မာစတာခိုင်မှာ ဒါရိုက်တာချန်ကို သတ်သည့်လူသတ်သမားကို တစ်ရက်အတွင်း ရှာတွေ့ခဲ့သူ ဖြစ်၍ ကန်းခွိုက်လဲ့ကို ရှာဖွေရန်လည်း ခက်ခဲမည် မဟုတ်ပေ။

ဖုန်းကို ဖြေကြားပြီးနောက် မာစတာခိုင်က လိုလိုလားလားပင် သဘောတူလိုက်ပြီး ယောင်ပင်းအား သူ၏ သတင်းစကားကို စောင့်နေရန် ပြောဆိုလိုက်လေသည်။

ပင်းဟိုင်ကျင်းနန် ဂရင်းဟိုတယ်အတွင်း၌ :

ကန်းခွိုက်လဲ့မှာ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီး၊ မာစတာလျို့မှာတော့ အခန်းအတွင်း၌ ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့သည်။

မာစတာလျို့မှာ သူတို့တစ်စုံတစ်ခုကို မေ့လျော့နေမိသည်ဟု ခံစားနေရပြီး၊ သူ၏ရင်ထဲတွင် မရေမရာသော စိုးရိမ်စိတ်တစ်ခုမှာ ကိန်းအောင်းနေခဲ့၏။

“ညီလေးကန်း... ငါတို့ အရမ်းအရေးကြီးတဲ့ တစ်ခုခုကို လျစ်လျူရှုမိခဲ့ပြီ!”

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် မာစတာလျို့မှာ ရုတ်တရက် ရပ်တန့်လိုက်ကာ မျက်နှာဖြူဖျော့လျက် ပြောလိုက်သည်။

“အဲဒီကောင်လေးက ဗီလာကို ရှာတွေ့သွားပြီဆိုရင် သူ မင်းကို သေချာပေါက် ရှာတွေ့လိမ့်မယ်၊ မင်းကို ရှာတွေ့တာက ပြဿနာမဟုတ်ပေမဲ့၊ သူက ထပ်ပြီး စုံစမ်းစစ်ဆေးသွားမယ်ဆိုရင်... ငါတို့...”

နောက်ဆက်တွဲ အကျိုးဆက်များကို တွေးမိသည်နှင့် မာစတာလျို့၏ ခန္ဓာကိုယ်မှာ ရှင်းပြ၍မရသော နည်းလမ်းဖြင့် တုန်ရင်လာခဲ့၏။

ကန်းခွိုက်လဲ့မှာ ခဏမျှ မှင်သက်သွားပြီးမှ နေရာမှ ထရပ်လိုက်ကာ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည် ။

“ခင်ဗျား ဆိုလိုတာက သူက ဗီလာကနေစပြီး ထပ်စုံစမ်းမယ်ဆိုရင်၊ အထက်လူကြီးတွေဆီအထိ ရောက်သွားနိုင်တယ်လို့ ပြောချင်တာလား?”

မာစတာလျို့က အလေးအနက် ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်”

ကန်းခွိုက်လဲ့မှာ သူ၏ထိုင်ခုံပေါ်သို့ ပြန်လည် ပြိုလဲကျသွားခဲ့သည်။

သူသည်က အမြဲတစေ ယုံကြည်မှု ရှိခဲ့သော်လည်း ယခုတွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ခံစားလိုက်ရပေသည်။

ဤဗီလာမှာ အထက်လူကြီးများက သူ့အတွက် ဝယ်ပေးထားခြင်း ဖြစ်၍ ထပ်မံစုံစမ်းရန်မှာ မခက်ခဲပေ။

သို့သော် ..

အကယ်၍ ထပ်မံစုံစမ်းမိသွားပါက အထက်လူကြီးများကိုပါ ထိခိုက်သွားပေလိမ့်မည်။

ကန်းခွိုက်လဲ့၏ ကြောက်ရွံ့မှုမှာ ခဏမျှသာ ဖြစ်သော်လည်း မာစတာလျို့မှာတော့ ထိုအချက်ကို အထင်အရှား မြင်လိုက်ရပေသည်။

“ညီလေးကန်း.. အခုတော့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်...”

မာစတာလျို့၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ကန်းခွိုက်လဲ့အား တိုးညင်းစွာ ပြောလိုက်လေသည်။

“ဘယ်လိုနည်းလမ်းလဲ?”

ကန်းခွိုက်လဲ့ လွှတ်ခနဲ မေးလိုက်၏။

ယောင်ပင်း သူ့ကို ရှာတွေ့သွားမည်ကို သူ မကြောက်ပေ။

သူ အကြောက်ဆုံးမှာ အထက်လူကြီးများ၏ အချက်အလက်များ ပေါက်ကြားသွားမည်ကိုသာ ဖြစ်၏။

အကယ်၍ ထိုအချက်အလက်များ ပေါက်ကြားသွားမည်ဆိုပါက သူသည်က ကြောက်မက်ဖွယ်ကောင်းသောနည်းလမ်းဖြင့် သေရမည်မှာ သေချာသည်။

အမြဲတစေမောက်မာလွန်းသော ကန်းခွိုက်လဲ့မှာ ယခုအချိန်တွင် ထိတ်လန့်မှုကြောင့် မျက်နှာဖြူဖျော့နေချေပြီ။ မာစတာလျို့က အနည်းငယ် ပြုံးကာ သူ့အနားသို့ တိုး၍ စကားအနည်းငယ် ပြောဆိုလိုက်လေသည်။

နားထောင်ပြီးနောက် ကန်းခွိုက်လဲ့၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။

“ဒါက တကယ်ပဲ အဆင်ပြေပါ့မလား?”

မာစတာလျို့က တိုးညင်းသော လေသံဖြင့် မေးမြန်းလိုက်သည်။

“ညီလေးကန်း... မင်းမှာ ဒီထက် ပိုကောင်းတဲ့ ရွေးချယ်စရာ ရှိလို့လား”

ကန်းခွိုက်လဲ့ ဆွံ့အသွားခဲ့ရပေသည်။

ထို့နောက် သူက သွားကို တင်းတင်းစေ့ကာ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ပြသလိုက်သည်။

“လူယုတ်မာဆိုတာက လူကြီးလူကောင်း မဟုတ်ဘူး၊ ရက်စက်တဲ့သူမှ ယောက်ျားကောင်းပဲ! ကောင်းပြီ... အစ်ကိုလျို့ ပြောသလိုပဲ လုပ်ကြတာပေါ့”

နှစ်ရက် ကြာပြီးနောက်..

ယောင်ပင်းတစ်ယောင် မာစတာခိုင်ထံမှ ဖုန်းလက်ခံရရှိခဲ့၏။

“မာစတာယောင်... မင်း ရှာခိုင်းထားတဲ့သူကို ကျွန်တော် ရှာတွေ့ပါပြီ”

မာစတာခိုင်က အချိန်ဖြုန်းလေ့မရှိဘဲ တိုက်ရိုက်ပင် အဓိကအချက်ကို ပြောဆိုလိုက်သည်

“ကန်းခွိုက်လဲ့က ရှောက်တုန်က ဖြစ်ပြီး အသက်နှစ်ဆယ်ရှိတဲ့ တာအိုဆရာတစ်ဦးပါ၊ အတော်လေး နာမည်ကြီးပြီး နောက်ခံတောင့်တင်းတယ်၊ အရမ်းလည်း မောက်မာတယ်

ကျင်းပိုင်မှာ လူသိများပြီး အာဏာရှိသူ အတော်များများက သူ့ကို ကာကွယ်ပေးထားကြတယ်”

ယောင်ပင်း မျက်မှောင်ကြုတ်လိုက်၏။

“မာစတာခိုင်... ကျွန်တော် အဲဒီလိုလူမျိုးကို မစော်ကားခဲ့ဖူးဘူး”

ဤမျှ နာမည်ကျော်ကြားသူတစ်ဦးကို သူ မသိသကဲ့သို့ စော်ကားမိရန်မှာလည်း မဖြစ်နိုင်ပေ။

သို့သော် ကန်းခွိုက်လဲ့ကသူ့ကို အမှန်တကယ် ပစ်မှတ်ထားနေပြီး အသေသတ်ချင်နေသည် မဟုတ်ပါလား။

“မာစတာယောင်... ခဏလောက် ကျွန်တော့်ဆီ လာခဲ့လို့ ရမလား၊ ကျွန်တော် တစ်ခုခု တွေ့ထားလို့”

မာစတာခိုင်၏ အသံမှာ ရုတ်တရက် လေးနက်သွားခဲ့၏။

ယောင်ပင်း ခဏမျှ တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။

“အဲဒါ ကန်းခွိုက်လဲ့နဲ့ ပတ်သက်နေတာလား?”

မာစတာခိုင်က ခေါင်းညိတ်လိုက်လေ၏။

“ဟုတ်တယ်”

ထိုသို့ပြောပြီးနောက် မာစတာခိုင်က ဖုန်းအရင် ချလိုက်လေသည်။

ယောင်ပင်း အံ့သြသွားခဲ့ရပြီး သူ၏ရင်ထဲတွင် စိုးရိမ်စိတ်တစ်ခုမှာ မြင့်တက်လာခဲ့၏။

မာစတာခိုင်ာ မည်သည့်အရာကို ရှာတွေ့ခဲ့သဖြင့် ဖုန်းဖြင့် မပြောနိုင်ဘဲ သူ၏ကလပ်သို့ လူကိုယ်တိုင် လာရန် ပြောရသနည်း။

ယောင်ပင်း တက္ကစီတစ်စီး ငှားကာ တော်ဝင်နံပါတ်တစ်ကလပ်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့၏။

သူ ရောက်ရှိသောအချိန်တွင် ပြောင်ဇီကိုယ်တိုင် သူ့ကို လာရောက် ကြိုဆိုလေသည်။

သူတို့ မာစတာခိုင်၏ ရုံးခန်းဆီသို့ လျှောက်သွားစဉ်အတွင်း ယောင်ပင်းက အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။

“အစ်ကိုပြောင်... မာစတာကော်က တစ်ခုခု ထပ်လုပ်သေးလား”

အာစတာကော်သည်က မာစတာခိုင်အား တစ်ကြိမ် အကွက်ဆင်ဝံ့ခဲ့လျှင်၊ နောက်တစ်ကြိမ်လည်း ထပ်မံ အကွက်ဆင်ဝံ့မည်မှာ သေချာပေသည်။

ထို့ကြောင့် ယောင်ပင်းက အတော်လေး စိုးရိမ်နေမိခြင်း ဖြစ်၏။

“သခင်လေးယောင်... မာစတာကောာဆိုတဲ့ အဲဒီမြေးက တောင်းပန်ဖို့ လာခဲ့ပါတယ်”

မာစတာကော်၏ အကြောင်းကို ပြောလိုက်သောအခါ ပြောင်ဇီမှာ အားရပါးရ ရယ်မောလိုက်လေသည်။

“ပြီးခဲ့တဲ့အကြိမ်က သခင်လေးယောင် က အဲဒီကောင်ကို တော်တော်လေး ပညာပေးလိုက်တော့ သူ လန့်သွားတာ ဖြစ်ရမယ်၊ သူ့ရဲ့ အမူအရာက တကယ့်ကို အလေးအနက်ရှိပါတယ်၊ ခိုင်ယဲ့ကို ဒူးထောက်ပြီး ဦးချဖို့အထိကို တောင်းပန်နေခဲ့တာ

စိတ်မပူပါနဲ့၊ ခိုင်ယဲ့က တစ်ခါတော့ အလိမ်ခံရနိုင်ပေမဲ့ ဒုတိယအကြိမ်တော့ အလိမ်ခံမှာ မဟုတ်ပါဘူး၊ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးယောင်”

ပြီးခဲ့သည့်အကြိမ်က ယောင်ပင်းမှာ သူ့ကိုရော ခိုင်ယဲ့ကိုပါ တစ်ကိုယ်တည်း ကယ်တင်ခဲ့သည့်အပြင်၊ ခိုင်ယဲ့အား ကိုယ်တိုင် မချီ၍ ပြန်လာပေးခဲ့သည် မဟုတ်ပါလား။

ထိုအချိန်မှစ၍ ပြောင်ဇီသည်က ယောင်ပင်းအပေါ် လုံးဝကို သစ္စာရှိသွားခဲ့ပြီး မည်သည့်အရာကိုမျှ ညည်းညူခြင်း မရှိတော့ပေ။

ယခုအခါ သူ၏နှလုံးသားထဲတွင် ခိုင်ယဲ့ကို လေးစားရုံသာမက ယောင်ပင်းကိုလည်း အလွန်အမင်း အထင်ကြီး လေးစားနေမိလေ၏။

ပြောင်ဇီ၏ ရှင်းပြချက်ကို ကြားလျှင် ယောင်ပင်း စိတ်အေးသွားခဲ့ရသော်လည်း သတိပေးစကားတစ်ခုတော့ ထပ်မံ ပြောဆိုခဲ့သည်။

“မာစတာကော်က လျို့ချင်းရဲ့ လူဖြစ်နေတုန်းပဲ၊ အစ်ကိုတို့ သတိထားမှ ဖြစ်မယ်၊ တကယ်လို့ လျို့ချင်း က တစ်ခုခု လှုပ်ရှားလာရင် ကျွန်တော့်ကို ချက်ချင်း အသိပေးဖို့ မမေ့ပါနဲ့!”

ပြောင်ဇီက အားရပါးရ ပြုံးလိုက်သည်။

“သခင်လေးယောင်... မင်း ဒါတွေကို အရင်လည်းပြောဖူးပါတယ်၊ ဒီလောက် ငယ်ငယ်လေးနဲ့ အခုလို စကားများနေပြီ၊လူကြီးဖြစ်လာရင် ဘယ်လိုနေမလဲတောင် မသိဘူး!”

ယောင်ပင်းမှာ အားနာစွာ ပြုံးလိုက်မိ၏။

သူက မာစတာကော် ဤအခွင့်အရေးကို အသုံးချပြီး ပြဿနာရှာမည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်ပေသည်။

၎င်းတို့နှစ်ဦးမှာ စကားပြောဆို ရယ်မောရင်းဖြင့် ခိုင်ယဲ့၏ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ကြလေသည်။

“သခင်လေးယောင်... မင်း ခိုင်ယဲ့နဲ့ စကားပြောနှင့်ဦး၊ ကျွန်တော် သွားပြီး လက်ဖက်ရည် ဖျော်ခဲ့ပေးမယ်!”

ပြောင်ဇီက ယောင်ပင်းအား နောက်တစ်ကြိမ် ပြုံးပြကာ အလျင်အမြန် ထွက်သွားခဲ့၏။

ပြောင်ဇီ ထွက်သွားပြီးနောက် ယောင်ပင်းက ခိုင်ယဲ့အား မေးမြန်းလိုက်သည်။

“အစ်ကိုခိုင်... တစ်ခုခု ရှာတွေ့ထားတာ ရှိလို့လား”

ခိုင်ယဲ့မှာ အရေးကြီးသော တစ်ခုခုကို ရှာတွေ့ထားသည်ဟု သူ ခံစားနေရ၏။ မဟုတ်ပါက သူ့ကို လူကိုယ်တိုင် လာရန် ပြောမည် မဟုတ်ပေ။

“သခင်လေးယောင်... မင်း သိထားတဲ့အတိုင်းပဲ၊ ငါက သခင်ကြီးမို ရဲ့ လူတွေထဲက တစ်ယောက်ပဲ”

*

အခန်း(92)

ခိုင်ယဲ့က ဆေးလိပ်ကို မီးညှိလိုက်ကာ တစ်ချက် ပြင်းပြင်းရှိုက်လိုက်ပြီး ဝေ့ဝဲနေသော မီးခိုးငွေ့များကြားမှ ယောင်ပင်းအား ကြည့်လျက် မသက်ဆိုင်ပုံရသော စကားတစ်ခွန်းကို ပြောလိုက်သည်။

“ကျွန်တော် သိပါတယ်”

ယောင်ပင်းက ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ရင်ထဲတွင် ပို၍ စိုးရိမ်လာခဲ့၏။

သူသည်က ခိုင်ယဲ့အား ကန်းခွိုက်လဲ့ အကြောင်းကို စုံစမ်းခိုင်းထားခြင်း ဖြစ်သော်လည်း ခိုင်ယဲ့ကစကားကို လှည့်ပတ်၍ ပြောနေခဲ့လေသည်။

သေချာပေါက် ကြီးလေးသောကိစ္စ တစ်ခုခုဖြစ်နေပေလိမ့်မည်။

“ငါ သိသလောက်တော့ သခင်ကြီးက မင်းကို အထင်ကြီးတယ်၊ ပြီးတော့ မင်းက သခင်မလေးနဲ့လည်း ဆက်ဆံရေးကောင်းတယ် ဟုတ်တယ်မလား”

ခိုင်ယဲ့က ဆေးလိပ်ကို နောက်တစ်ကြိမ် ရှိုက်လိုက်ပြန်သည်။

“ငါ ပြောတာ မှန်တယ်မလား”

ယောင်ပင်းက ထပ်မံ၍ ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်... အစ်ကိုခိုင်၊ ခင်ဗျား ဘာပြောချင်နေတာလဲ”

ခိုင်ယဲ့မှာ ခဏမျှ တွန့်ဆုတ်နေပြီးမှ ဆေးလိပ်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ကာ မတ်မတ်ထိုင်လျက် ယောင်ပင်းအား အလေးအနက် မေးမြန်းလိုက်သည်။

“ငါ မင်းကို မေးချင်တာက၊ မင်း မိုမိသားစုကို ဘယ်တုန်းက စော်ကားခဲ့ဖူးလဲ”

မိုမိသားစုကို စော်ကားခဲ့ဖူးတယ် ဟုတ်လား?

ယောင်ပင်း ကြောင်အသွားခဲ့ရပေသည်။

မိုမိသားစုနှင့် သူ၏ ပထမဆုံး တွေ့ဆုံမှုမှာ မိုရှောက်ယောင်အား သူ ကယ်တင်ခဲ့ချိန်ဖြစ်၏။

ဒုတိယအကြိမ်မှာတော့ သူက အကြီးအကဲမို၏ အသက်ကို ဆယ်နှစ်စာလက်ဆောင်ပေးခဲ့သည်။

သူသည် မည်ကဲ့သို့နည်းဖြင့် မိုမိသားစုကို စော်ကားခဲ့မိနိုင်ပါမည်နည်း။

“အစ်ကိုခိုင်... ခင်ဗျား ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး”

ယောင်ပင်းက ခေါင်းခါပြလိုက်ရင်း လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

“ဒီကန်းခွိုက်လဲ့က မိုမိသားစုနဲ့ တစ်ခုခု ပတ်သက်နေလို့လား”

မာစတာခိုင် ခဏမျှ တိတ်ဆိတ်သွားခဲ့၏။

ထို့နောက် သူု စားပွဲတင်အံဆွဲအတွင်းမှ စာရွက်စာတမ်း အထပ်လိုက်ကို ထုတ်ယူကာ ယောင်ပင်း၏ ရှေ့သို့ ချပေးလိုက်လေသည်။

ငါ့လူတွေ ရှာတွေ့ထားတဲ့ အချက်အလက်တွေအရ ကန်းခွိုက်လဲ့နေတဲ့ ဗီလာက မိုမိသားစုက သူ့အတွက် ဝယ်ပေးထားတာဖြစ်နေတယ်”

ယောင်ပင်း စာရွက်စာတမ်းများကို ကြည့်နေချိန်အတွင်း ခိုင်ယဲ့၏ အမူအရာမှာ တည်ငြိမ်လေးနက်နေချေသည်။

ယောင်ပင်းမှာ ဆွံ့အသွားခဲ့ရသည်။ ခဏအကြာတွင်မှ သူ၏အသံကို ပြန်လည် ရှာတွေ့ခဲ့လေသည်။

“မိုမိသားစုထဲက ဘယ်သူက ကန်းခွိုက်လဲ့အတွက် ဝယ်ပေးခဲ့တာလဲ”

ခိုင်ယဲ့၏ စကားများအရ ကန်းခွိုက်လဲ့နေထိုင်သော ဗီလာမှာ အမှန်တကယ်တမ်းတွင် မိုမိသားစုမှ ဝယ်ယူ၍ လက်ဆောင်ပေးထားခြင်းဖြစ်ကြောင်းကို ယောင်ပင်း သိရှိလိုက်ရလေသည်။

ဆိုလိုသည်မှာ ကန်းခွိုက်လဲ့သည်က မိုမိသားစုနှင့် ပတ်သက်မှုရှိနေသည်ဟူ၍ပင်။

ယောင်ပင်း၏ ဦးနှောက်မှာ ခဏမျှ ဗလာဖြစ်သွားခဲ့ရ၏။

ကန်းခွိုက်လဲ့က မိုမိသားစုနှင့် ပတ်သက်နေခဲ့ပြီး၊ ကန်းခွိုက်လဲ့က ယောင်ပင်းအား အသေသတ်ချင်နေခဲ့သည်။

သို့ဆိုလျှင် ယောင်ပင်းကို အမှန်တကယ် သေစေချင်နေသူမှာ မိုမိသားစုများ ဖြစ်နေသည်လား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူသည် မိုမိသားစုနှင့် အမြဲတစေ ဆက်ဆံရေးကောင်းမွန်ခဲ့သည် မဟုတ်ပါလား။

သူက မိုရှောက်ယောင်အား အသက်ဆက်ပေးခဲ့သကဲ့သို့ အကြီးအကဲမိုကိုလည်း အသက်ဆယ်နှစ်စာမျှ ပေးသနားခဲ့သူ ဖြစ်ပေသည်။

သူတို့က အဘယ်ကြောင့် သူ့ကို သတ်ချင်ရမည်နည်း။

“သူက သိပ်ပြီး မထင်ရှားတဲ့ အစေခံတစ်ယောက်ပါပဲ”

မာစတာခိုင် ဤသို့ပြောလိုက်ချိန်တွင် သူ၏မျက်လုံးများတွင် သံသယအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

“အောက်ခြေအလုပ်သမားတစ်ယောက်ဆိုတော့ အဲဒီဗီလာကို ဝယ်တုန်းက သူက ဘယ်သူ့အတွက် အလုပ်လုပ်ပေးခဲ့လဲဆိုတာ ရှာဖို့ ခဏတော့ အချိန်ယူရလိမ့်မယ်

သခင်လေးယောင် စိတ်မပူပါနဲ့၊ ငါ အမှန်တရားကို သေချာပေါက် ရှာဖွေဖော်ထုတ်ပြီး မင်းကို အဖြေတစ်ခု ပေးပါ့မယ်!”

ယောင်ပင်းက မျက်လွှာချလိုက်ပြီး ခေါင်းညိတ်ရုံမျှသာ ညိတ်ကာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် အစ်ကိုခိုင်”

ထိုသို့ပြောပြီးနောက် ယောင်ပင်း ထိုင်နေရာမှထကာ ထွက်သွားရန် ပြင်လိုက်လေသည်။

ခိုင်ယဲ့က ရုတ်တရက် ထရပ်လိုက်ပြီး လှမ်းခေါ်လိုက်သည်။

“သခင်လေးယောင်... မင်း ဒီကို ရောက်နေမှတော့ မပြန်ခင် ခဏလောက် ထိုင်ပါဦး... မင်း ငါ့ကို ကယ်တင်ခဲ့တာလေ၊ ငါ ကျေးဇူးတောင် သေသေချာချာ မတင်ရသေးဘူး!”

သူသည် ယောင်ပင်းအား ခဏမျှ ထပ်မံ ဆွဲထားရန် အကြောင်းပြချက် ပေးနေခြင်းသာ ဖြစ်ပေသည်။

သူသည်လည်း မိုမိသားစုအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ပေ၏။

အကယ်၍ ယောင်ပင်းက မိုမိသားစုအပေါ် သံသယဝင်သွားမည်ဆိုပါက သူနှင့်လည်း သေချာပေါက် အလှမ်းကွာသွားပေလိမ့်မည်။

ဤသည်မှာ ခိုင်ယဲ့ အဖြစ်မခံနိုင်ဆုံးသော အရာပင် ဖြစ်၏။

“အစ်ကိုခိုင်”

ယောင်ပင်းက ခြေလှမ်းရပ်လိုက်ပြီး ခိုင်ယဲ့အား လှည့်ကြည့်လျက် တိုးညင်းစွာ ပြောလိုက်သည်။

“အခု မိုမိသားစုက ကျွန်တော့်အသက်ကို လိုချင်နေတာ ဖြစ်နိုင်တယ်၊ ခင်ဗျားကလည်း မိုမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ၊ ဒီကိစ္စကြောင့် ခင်ဗျား ကြားညှပ်ပြီး အခက်တွေ့မှာကို ကျွန်တော် မလိုလားဘူး”

ထိုသို့ပြောပြီးနောက် ယောင်ပင်းသတစ်ယောက် ခိုင်ယဲ့၏ ရုံးခန်းအတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။

သူ ရုံးခန်းအပြင်သို့ ထွက်လိုက်သည်နှင့် ပြောင်ဇီမှာ လက်ဖက်ရည်နှင့် မုန့်များကို ကိုင်ဆောင်ကာ ဝင်လာခဲ့၏။ ယောင်ပင်း ပြန်တော့မည်ကို မြင်သောအခါ သူက အံ့အားသင့်စွာဖြင့် ပြောလာသည်။

“သခင်လေးယောင်... အခုပြန်တော့မလို့လား၊ ငါ မင်းအတွက် စားစရာနဲ့ လက်ဖက်ရည်တွေ ပြင်လာတာ၊ ခဏလောက် သုံးဆောင်ပြီးမှ သွားပါဦး...”

သူ စကားမဆုံးမီမှာပင် ယောင်ပင်းမှာ အဝေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ပြောင်ဇီသည်လည်း ယောင်ပင်း ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ဇဝေဇဝါဖြင့် ရုံးခန်းအတွင်းသို့ ဝင်သွားခဲ့သည်။

“ခိုင်ယဲ့... သခင်လေးယောင် ဘာဖြစ်သွားတာလဲ သူ စိတ်ရှုပ်နေသလိုပဲ၊ ကျွန်တော် စကားပြောတာတောင် သူ ဘာမှပြန်မပြောသွားဘူး...”

ယောင်ပင်းအနေဖြင့် ရောက်စက ပြောင်ဇီနှင့် စကားပြောဆိုကာရယ်မောနေခဲ့သည် မဟုတ်ပါလား။

ခဏလေးအတွင်းမှာ သူ အဘယာကြောင့် ဤမျှလောက် အေးစက်သွားရသည်လဲ။

“သူ့ကို လွှတ်ထားလိုက်ပါ၊ သခင်လေးယောင်မှာ စဉ်းစားစရာတွေ ရှိနေလို့ဖြစ်မယ်”

မာစတာခိုင်က သက်ပြင်းတစ်ချက်ကို ပြင်းပြင်းချလိုက်ရင်း သူ၏ထိုင်ခုံပေါ်သို့ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

“ငါက သူ့ကို ငယ်သေးတယ်လို့ပဲ ထင်ခဲ့တာ၊ ဒီလောက်အထိ မောက်မာနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ပြောင်ဇီမှာ နားမလည်နိုင်ဘဲ လွှတ်ခနဲ မေးလိုက်သည်။

“ခိုင်ယဲ့... ခင်ဗျားက သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေနဲ့ အစွမ်းတွေကို တန်ဖိုးထားလို့ သူ့ကို သူငယ်ချင်းအဖြစ် ပေါင်းချင်နေတာ မဟုတ်ဘူးလား၊ သာမန်လူတစ်ယောက်ဆိုရင် ခင်ဗျားက ဂရုတောင် စိုက်မှာလား”

မာစတာခိုင်က သူ့အား စိုက်ကြည့်လိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ကားတစ်စီး ပြင်လိုက်၊ အဘိုးကြီးဆီ သွားမယ်!”

ပြောင်ဇီမှာ နောက်ပြောင်မနေရဲတော့ဘဲ မာစတာခိုင်၏ ကားကို အလျင်အမြန်ပင် သွားရောက် ပြင်ဆင်လိုက်ရတော့သည်။

မာစတာခိုင်သည်ကား စစ်တပ်မှ ထွက်လာကတည်းက အထင်အမြင်လွဲမှားမှုများကို ရှောင်ရှားနိုင်ရန်အတွက် အလွန်အရေးကြီးသော ကိစ္စမျိုးမှလွဲ၍ အကြီးအကဲမို ၏ နေအိမ်ဆီသို့ သွားရောက်လေ့ မရှိပေ။

ဒီတစ်ခါတော့ ကြီးမားတဲ့ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ပုံရတယ်။

ကျုံးလဲ့စံအိမ် ..

အကြီးအကဲမို၏ စာကြည့်တိုက်ခန်း။

ခိုင်ယဲ့က အခြေအနေများကို အကြီးအကဲမိုအား အကျဉ်းချုပ် တင်ပြလိုက်၏။ ကဗျာနှင့် ပန်းချီများကို ကူးရေးနေသော အကြီးအကဲမို၏ လက်မှာ ရုတ်တရက် တုန်ရင်သွားခဲ့ပြီး၊ စုတ်တံမှာ စက္ကူပေါ်တွင် ရှည်လျားသော အနက်ရောင် မြင်းကြောင်းတစ်ခုကို ဆွဲမိသွားခဲ့လေသည်။

သူသည် ၎င်းကို ကြည့်ပင်မကြည့်ဘဲ ပြောလာသည်။

“မင်း ဘာပြောလိုက်တယ်၊ မိုလီချွမ် က မာစတာယောင်ကို သတ်ဖို့ လူငှားခဲ့တယ် ဟုတ်လား”

“ဟုတ်ပါတယ်”

ခိုင်ယဲ့က ခေါင်းညိတ်ပြလိုက်၏။

“အဲဒီလူက အသုံးမကျလို့ သဲလွန်စ ချန်ထားခဲ့မိတယ်၊ သခင်လေးယောင် က ကျွန်တော့်ဆီကို ရောက်လာပြီး အဲဒီလူရဲ့ နောက်ခံကို စုံစမ်းခိုင်းခဲ့ပါတယ်

အဲဒီလူရဲ့ နောက်ခံကို စုံစမ်းကြည့်လိုက်တော့မှ သခင်ကြီးနဲ့ ပတ်သက်နေတာကို တွေ့လိုက်ရတာပါ၊ သခင်ကြီးက အဲဒီလူအတွက် ဗီလာတစ်လုံး ဝယ်ပေးဖို့ လူလွှတ်ခဲ့တယ်လေ၊ သူတို့ဆီမှာ မှတ်တမ်းလည်း ရှိနေသေးတယ်”

အကြီးအကဲမိုက စုတ်တံကို စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

“မင်းတို့ရဲ့ သခင်ကြီးကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး လွန်လာပြီပဲ၊ ငါနဲ့ ရှောက်ယောင်ရဲ့ အသက်သခင် ကျေးဇူးရှင်ကိုတောင် သူက လက်ဖျားနဲ့ ထိရဲတယ်ပေါ့...

ကျောက်ခိုင် မာစတာယောင် မင်းဆီကို ရောက်လာတုန်းက မင်း သူ့ကို အချက်အလက် ဘယ်လောက်အထိ ပေးလိုက်လဲ”

ဤအချက်မှာ သူ အစိုးရိမ်ဆုံးသော အချက်ပင် ဖြစ်၏။

ယောင်ပင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရခြင်းမှာ မိုမိသားစုအတွက် အကြီးမားဆုံးသော ကံကောင်းခြင်းဖြစ်သည်ဟု သူ အမြဲတမ်း ယုံကြည်ခဲ့သည်။

သူသည်က ဤမျှ အရေးကြီးသော အကူအညီပေးသူကို မဆုံးရှုံးချင်ပေ။

“ကျွန်တော် နည်းနည်းပဲ ပြောပြလိုက်ပြီး အများစုကိုတော့ ဖုံးကွယ်ထားခဲ့ပါတယ်”

မာစတာခိုင်ပြောလိုက်၏။

“တချို့ကိစ္စတွေက မပြောဘဲ ထားတာ ပိုကောင်းပါတယ်၊ တကယ်လို့ ကျွန်တော်က သူ့ကို နည်းနည်းပဲပြောပြလိုက်လို့ နောက်ပိုင်းမှာ မာစတာယောင်က အမှန်တရားကို သိသွားမယ်ဆိုရင်တောင် ကျွန်တော့်ဘက်က အမှားသိပ်မရှိဘဲ သူငယ်ချင်းအဖြစ် ဆက်ရှိနေနိုင်သေးတယ်

ဒါပေမဲ့ ကျွန်တော်ကသာ အကုန်လုံးကို ဖုံးကွယ်ထားခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ သူငယ်ချင်း ဖြစ်နိုင်တော့မှာ မဟုတ်ဘူး”

အကြီးအကဲမိုလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားခဲ့ပြီး ချီးကျူးလိုက်သည်။

“မင်း အတော်လေး ကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ... ကောင်းပြီ၊ ငါ နားလည်ပြီ၊ မင်း အခု ပြန်လို့ရပြီ၊ မှတ်ထားဦး၊ မင်း မာစတာယောင်ကို မိုမိသားစုကိုဆက်ဆံသင့်သလိုပဲ ဆက်ဆံပါ၊ ဒီကိစ္စကို ပြေလည်အောင် ငါ နည်းလမ်းရှာလိုက်မယ်”

မာစတာခိုင်က ခေါင်းညိတ်ဦးညွှတ်ကာ စာကြည့်တိုက်ခန်းအတွင်းမှ ထွက်ခွာသွားခဲ့လေသည်။

သူ ထွက်သွားပြီးနောက် လေးယောက်မြောက်သခင်မလေးမှာ မှောင်မည်းနေသော အခန်းအတွင်းမှ ထွက်လာပြီး ချိုသာသော လေသံဖြင့် ပြောလိုက်သည်။

“သခင်ကြီး... ဒီမာစတာယောင်က သခင်မလေးကို ကယ်ခဲ့သလို၊ သခင်ကြီးကိုလည်း အသက်ဆယ်နှစ်စာ ပေးခဲ့တာလေ၊ ကျိုးကြောင်းဆင်ခြင်ကြည့်မယ်ဆိုရင် သူက မိုမိသားစုရဲ့ အကြီးမားဆုံး ကျေးဇူးရှင် ဖြစ်သင့်တာ

အကြီးဆုံးသခင်က ဘာလို့ သူ့အသက်ကို လိုချင်ရတာလဲ၊ ဒါကိုရော သခင်ကြီး စဉ်းစားပြီးပြီလား”

အကြီးအကဲမို မှာ ရုတ်တရက် မှင်သက်သွားခဲ့ရပေသည်။

အချိန်အတော်ကြာပြီးမှ သူက အလေးအနက် ပြောလိုက်သည်။

“မင်း ဆိုလိုတာက၊ သူက ငါ့ရဲ့ အစီအစဉ်တွေကို သိနေလို့ အာဏာကို သိမ်းယူချင်နေတာလို့ ပြောချင်တာလား”

*

All Chapters