အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း(93)
အကြီးအကဲမိုက သူမ၏စကားကို နားလည်သွားကြောင်း သိလိုက်ရလျှင် လေးယောက်မြောက်သခင်မလေး၏ လှပသော မျက်လုံးများမှာ အရောင်တောက်ပသွားခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်၏။
အကြီးအကဲမိုမှာ ခုံပေါ်သို့ ပြိုလဲကျသွားကာ မှိုင်တွေစွာပြောလိုက်သည်။
“သူက အကြီးဆုံးသားပဲလေ၊ ပြီးတော့ ငါ့အတွက် ရှောက်ယောင်ကိုလည်း အစောကြီးပေးခဲ့တယ်၊ တကယ်လို့ သူ့မှာ တခြား အကြံအစည်မရှိဘူးဆိုရင်.. ငါက ဘာလို့ ဒီလိုမျိုး ပြင်းထန်တဲ့ နည်းလမ်းကို သုံးရမှာလဲ
ကောင်းပြီ... ငါ့အတွက် မက်ဆေ့ခ်ျတစ်ခု ပါးပေးလိုက်.. သူ့ကို ဒီကို လာခဲ့ဖို့ ငါ ပြောတယ်လို့... အရင်ဆုံး မိုလီချွမ်ကို ဆူပူကြိမ်းမောင်းလိုက်မှ သူ နောက်တစ်ခါ မိုက်ရူးရဲဆန်တဲ့အလုပ်တွေ မလုပ်ဝံ့တော့မှာ
ပြီးမှ မာစတာယောင်ကို သေသေချာချာ ချော့မော့ရမယ်၊ အခုက အဓိကအလုပ်ကို စလုပ်ရမယ့် အချိန်ပဲ”
လေးယောက်မြောက်သခင်မလေး က ညင်သာစွာ ခေါင်းညိတ်ပြပြီးနောက် လွင့်မျောပျောက်ကွယ်သွားခဲ့လေသည်။
သုံးရက် ကြာပြီးနောက်။
လေးယောက်မြောက်သခင်မလေး ကိုယ်တိုင် ယောင်ပင်းအား မြို့ပြင်ရှိ မိုမိသားစုပိုင် သီးသန့်နေအိမ်တစ်ခုသို့ ကားမောင်း၍ ခေါ်ဆောင်သွားခဲ့လေသည်။
ထို့နောက် သူမက ယောင်ပင်းအား အကြီးအကဲ၏ စာကြည့်တိုက်ခန်းဆီသို့ လူကိုယ်တိုင် လမ်းပြခေါ်ဆောင်သွားခဲ့၏။
ယောင်ပင်းသည် လေးယောက်မြောက်သခင်မလေး၏ နောက်မှ စာကြည့်တိုက်ခန်းအတွင်းသို့ လိုက်ဝင်သွားခဲ့သည်။
ယောင်ပင်းကို မြင်သည်နှင့် အကြီးအကဲမိုက သူ၏ထိုင်ခုံမှ ချက်ချင်း ထရပ်လိုက်ကာ သူ့အား ကြိုဆိုရန် အလျင်အမြန် လာခဲ့လေသည်။
ထို့နောက် လေးယောက်မြောက်သခင်မလေးအား ညွှန်ကြားလိုက်သည်။
“ငါ နှစ်ပေါင်းများစွာ သိမ်းထားတဲ့ လက်ဖက်ရည်ကောင်းတွေကို သွားယူခဲ့လိုက်ပြီး မင်းကိုယ်တိုင် ဖျော်ပြီး ဒီကို ယူလာခဲ့”
လေးယောက်မြောက်သခင်မလေး က ချိုမြိန်စွာ ပြုံးလိုက်လေ၏။
“သခင်ကြီးက မာစတာယောင်ကို အရမ်း မျက်နှာသာပေးတာပဲ၊ အရင်က သခင်မလေးက တောင်းတုန်းကတော့ သခင်ကြီးက ဒါတွေကို လုံးဝ မပေးဘူးလေ
အခု မာစတာယောင်ရောက်လာတော့မှပဲ ကျွန်မကို ကိုယ်တိုင်ဖျော်ခိုင်းနေပြီ”
သူမ၏ စကားလုံးများမှာ အချိန်ကိုက်ပင် ဝင်ရောက်လာခဲ့သည်။
ယောင်ပင်းသည်က အကြီးအကဲမို ၏နှလုံးသားထဲတွင် အလွန်အရေးကြီးသော နေရာတွင်ရှိနေကြောင်း သိသာစေရန် ပြောဆိုလိုက်ခြင်းပင်။
ယောင်ပင်းလည်း သဘောပေါက်သွားပြီး ချက်ချင်းပင် ကျေးဇူးတင်စွာ ဦးညွှတ်လိုက်လေသည်။
“အဘိုးမိုရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
တစ်ချိန်တည်းမှာပင် သူ၏ သံသယများမှာ ပို၍နက်ရှိုင်းလာခဲ့၏။
အကယ်၍ အကြီးအကဲမိုက သူ့အပေါ် ယခင်ကကဲ့သို့ ဆက်ဆံနေသည်ဆိုလျှင် မိုမိသားစုထဲက မည်သူက သူ့ကို သေစေချင်နေရသည်လဲ။
“မင်းက ရှောက်ယောင်နဲ့ အသက်အတူတူပဲဆိုတော့ ငါက လူကြီးတစ်ယောက်အနေနဲ့ ‘ရှောင်ပင်း’ လို့ပဲ ခေါ်ပါ့မယ်”
ယောင်ပင်းအား ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် အဘိုးမိုက တိုက်ရိုက်ပင် အဓိကအချက်ကို ပြောဆိုလိုက်သည်။
“ဒီနေ့ မင်းကို ဖိတ်ခေါ်လိုက်ရတာက ငါ မင်းကို တောင်းပန်ချင်လို့ပါ”
ယောင်ပင်းမှာ အံ့အားသင့်သွားခဲ့၏။
“တောင်းပန်မယ် ဟုတ်လား၊ အဘိုးမိုက ကျွန်တော့်ကို ဘာအတွက် တောင်းပန်မှာလဲ?”
အဲဒီလူက တကယ်ပဲ အဘိုးမို ရဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေတာလား။
“အရင်က ရှောက်ယောင်က အမြဲတမ်း အားနည်းပြီး ဖျားနာနေခဲ့တာလေ၊ ငါ မိုချန်ကျုံးဆိုတဲ့လူက ကောင်းကင်ဘုံနဲ့ ဝိညာဉ်တွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေမဲ့ ငါ့ရဲ့မြေးမလေးအတွက်တော့ နေရာအနှံ့မှာရှိတဲ့ နတ်ဘုရားတွေနဲ့ ဗုဒ္ဓဆီမှာ ဆုတောင်းခဲ့ဖူးတယ်
ငါ့ကိုပဲ စောစော သေခွင့်ပေးပြီး ရှောက်ယောင်ကိုတော့ ကျန်းမာခွင့် ပေးပါလို့ပေါ့”
အဘိုးမိုက ယောင်ပင်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။
“မိတ်ဆက်ပေးမှုတစ်ခုကတစ်ဆင့် မာစတာကန်းကိုလည်း ရှောက်ယောင်ကို ကုသပေးဖို့ ငါတို့အိမ်ကို ဖိတ်ခဲ့ဖူးတယ်၊
အဲဒီအချိန်တုန်းက ရှောက်ယောင်ရဲ့ ကျန်းမာရေးကလည်း အများကြီး ကောင်းမွန်လာခဲ့တော့ ငါ စိတ်လှုပ်ရှားပြီး ကျေးဇူးတင်တဲ့အနေနဲ့ မာစတာကန်းကို ဗီလာတစ်လုံး လက်ဆောင်ပေးခဲ့မိတယ်
ဒါပေမဲ့ မနေ့ကတော့ မာစတာကန်းက မင်းကို သတ်ချင်နေတယ်ဆိုတာကို ငါ ကြားလိုက်ရတယ်၊ မင်း နားလည်မှုလွဲမှာကို စိုးရိမ်လို့ ငါ ဒီကိစ္စကို ရှင်းပြဖို့ မင်းကို အထူးဖိတ်ခေါ်လိုက်တာပါ”
အဘိုးမိုက အကြောင်းစုံကို ပြန်လည် ပြောပြလိုက်လေသည်။
ယောင်ပင်းလည်း ရုတ်တရက် စိတ်သက်သာရာရစွာသက်ပြင်းချနိုင်သွားခဲ့၏။
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူသည်က သူ့ကိုသတ်ချင်နေသော နောက်ကွယ်မှလူအား မိုရှောက်ယောင်၏ ဆွေမျိုးတစ်ဦး မဖြစ်စေချင်ခဲ့ပေ။
ယောင်ပင်း၏ စိတ်သက်သာရာရသွားသော အမူအရာကိုမြင်သောအခါ အဘိုးမို၏ တင်းမာနေသောစိတ်မှာလည်း လျော့ပါးသွားခဲ့၏။ သူက ဆက်ပြောခဲ့သည်။
“ပြောရမယ်ဆိုရင်၊ ငါ မင်းကို သေသေချာချာ ကျေးဇူးမတင်ရသေးဘူး၊ ရှောက်ယောင်က သေဘေးက လွတ်မြောက်ခဲ့သလို ငါ့ရဲ့ ကျန်းမာရေးကလည်း ကောင်းမွန်လာခဲ့ပြီ
မင်းကို တစ်ခုခု ပေးရမှာက ရိုင်းရာကျမှာကိုစိုးရိမ်ပေမဲ့... မင်းရဲ့အိမ်က ဖြိုဖျက်မခံရဘူးဆိုပေမဲ့ နေလို့တော့ မရတော့ဘူးမလား၊ ဒါကြောင့် ငါ ကျုံးလဲ့စံအိမ်ကို မင်းကို ပေးပါ့မယ်၊
အဲဒီမှာ ရှိတဲ့ လိုအပ်တဲ့ ဝန်ထမ်းတွေကိုလည်း ဆက်ထားလို့ ရတယ်၊ ဒါမှ မင်းနဲ့ မင်းအမေကို စောင့်ရှောက်မယ့်သူ ရှိမှာလေ၊ အဲဒါမှ ငါလည်း စိတ်အေးရမှာ”
အကြီးအကဲမိုမှာ ယောင်ပင်းအား သူ့ဘက်သို့ ပါလာစေရန် ကျုံးလဲ့စံအိမ်ကိုပင် ပေးကမ်းရန်အတွက် ကမ်းလှမ်းလိုက်လေ၏။
ယောင်ပင်းက အကြိမ်ကြိမ် ငြင်းဆန်ခဲ့သော်လည်း၊ အဘိုးမိုက အကယ်၍ ယောင်ပင်းသာ လက်မခံပါက ထိုစံအိမ်မှာ စွန့်ပစ်ထားသကဲ့သို့ဖြစ်နေလိမ့်မည်ဟု အခိုင်အမာ ပြောဆိုနေခဲ့၏။
ယောင်ပင်းမှာလည်း မတတ်သာဘဲ လက်ခံလိုက်ရတော့လေ၏။
အကြီးအကဲမိုက ယောင်ပင်းနှင့် အတန်ကြာအောင် စကားပြောဆိုပြီးနောက် ယောင်ပင်း၏ စိတ်ထဲတွင် ဤကိစ္စနှင့် ပတ်သက်၍ သံသယများ မရှိတော့ကြောင်း သေချာသွားမှသာ ယောင်ပင်းအား အိမ်ပြန်ခွင့်ပြုလိုက်လေသည်။
ယောင်ပင်း အိမ်သို့ပြန်ရောက်ပြီးနောက် ပထမဆုံးလုပ်ဆောင်သည့်အရာမှာ ဆေးရုံတွင်ရှိသော သူ၏မိခင်နှင့် ကျန်းရှောင်ပေ၏ မိခင်တို့ထံသို့ သွားရောက်ကြည့်ရှုခြင်းပင်ဖြစ်၏။
မမျှော်လင့်ဘဲ သူ၏မိခင်ရှိရာ လူနာခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်မှာပင်၊ ခုတင်ဘေးတွင် ရပ်နေသော ကျော့ရှင်းသည့် ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရလေသည်။
ထိုပုံရိပ်တွင် သွယ်လျသော ခါးလေးနှင့် လှပသော တင်ပါးများ၊ ရှည်လျားဖြောင့်စင်းသော ခြေတံများ ရှိနေပြီး၊ သူမ၏ ကျောပြင်လေးမှာလည်း ဆွဲဆောင်မှု ရှိလွန်းပေသည်။
ယောင်ပင်း၏ နှလုံးခုန်သံကို ပိုမို မြန်ဆန်စေသည်မှာ ထိုပုံရိပ်လေးသည်က သူ့ကို ကျောပေးလျက် အဝတ်အစားများ လဲလှယ်နေခြင်းပင်။
လူနာဆောင်အတွင်းမှ တစ်ဖက်လူ၏ လှုပ်ရှားမှုကို ယောင်ပင်း မြင်လိုက်ရသောအခါ သူ မှင်သက်သွားခဲ့ရသည်။ တစ်စုံတစ်ယောက်က သူ၏မိခင်ရှိသည့် လူနာဆောင်အတွင်း၌ အဝတ်အစားများ လဲလှယ်နေခြင်းပင်။
ထို့အပြင် နောက်ကျောပုံစံကို ကြည့်ခြင်းအားဖြင့် သူမက ထူးကဲလှပသော မိန်းကလေးတစ်ဦး ဖြစ်ရပေမည်။
သူက ထွက်ခွာသွားရန် ရည်ရွယ်ချက်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။
မမျှော်လင့်ဘဲ သူ တံခါးတွန်းဖွင့်လိုက်သော ခဏမှာပင် အဝတ်လဲနေသော အမျိုးသမီးက ထိတ်လန့်သွားခဲ့ရပေသည်။
အဝတ်လဲနေသော အမျိုးသမီးက တံခါးရှိရာဘက်သို့ သူမ၏ဦးခေါင်းကို ရုတ်ခြည်း လှည့်ကြည့်လိုက်၏။
ယောင်ပင်းလည်း ထိုအမျိုးသမီးကို မြင်လိုက်ရသည့် ခဏမှာပင် သူ၏မျက်လုံးများမှာ ချက်ချင်း အရောင်တောက်ပသွားခဲ့ရသည်။
သူ၏ရှေ့မှ အမျိုးသမီးမှာ မိုးကုတ်စက်ဝိုင်းသဏ္ဌာန် မိုးမခရွက်မျက်ခုံးများ၊ ဆွဲဆောင်မှုရှိသော ဖီးနစ်မျက်ဝန်းများ၊ ချယ်ရီရောင်နှုတ်ခမ်းလွှာနှင့် အပြစ်ပြောစရာမရှိအောင် ချောမွေ့သော အသားအရေတို့ကို ပိုင်ဆိုင်ထားချေသည်။
သူမထံတွင် ငယ်ရွယ်နုပျိုသော အပြစ်ကင်းစင်မှုနှင့် တောက်ပသော အလှတရားတို့က ထူးခြားစွာ ပေါင်းစပ်နေသဖြင့် ငေးမောဖွယ် ကောင်းနေခဲ့သည်။
သူမက အဝတ်လဲနေဆဲနေချိန်တွင်သာ ရှိသေးသဖြင့် အလျင်အမြန်ပင် တစ်ဖက်သို့ လှည့်လိုက်၏။
ယောင်ပင်းတစ်ယောက် မရည်ရွယ်ဘဲနှင့် မမြင်သင့်သော လှပသည့် မြင်ကွင်းတစ်ခုကို တစ်ချက်မျှ မြင်လိုက်ရချေသည်။
“ရှင် ဘယ်သူလဲ”
ယောင်ပင်း၏ အကြည့်များမှာ အောက်ဘက်သို့ ဝေ့ဝဲကျလုနီးပါး ဖြစ်နေချိန်တွင် ထိုအမျိုးသမီးက သူမ၏မျက်နှာကို တင်းမာထားလျက် အေးစက်စွာ မေးမြန်းလိုက်သည်။
“ဒီမှာ ဘာလုပ်နေတာလဲ”
သူမ၏ လေသံမှာ သံသယအရိပ်အယောင်များ ထင်ဟပ်နေလေ၏။
ယောင်ပင်းက တမင်တကာ ခိုးကြည့်လာသည်ဟု သူမ ထင်မြင်နေခြင်းပင်။
ယောင်ပင်း ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ရှင်းပြလိုက်ရသည်။
“ဒါက ကျွန်တော့်အမေရဲ့ လူနာဆောင်ပါ၊ ဒီမှာ အဝတ်လဲနေလိမ့်မယ်လို့ မထင်ထားလို့ တံခါးကို တွန်းဖွင့်ပြီး ဝင်လာမိတာ”
သူက နောက်သို့ ဆုတ်ရင်း ရှင်းပြလိုက်ကာ တံခါးကို အမြန်ပင် ပြန်ပိတ်လိုက်လေသည်။ သူ၏နှလုံးမှာလည်း တဒိန်းဒိန်း ခုန်နေဆဲပင်။
ခုနလေးတင် သူ မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ သူ၏စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်လာနေပြီး စိုးရိမ်တုန်လှုပ်ဖွယ် ခံစားချက်ကို ချန်ထားခဲ့ချေသည်။
ခဏအကြာတွင် လူနာဆောင်တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာခဲ့ပြီး၊ အတွင်း၌ အဝတ်လဲနေသော အမျိုးသမီးမှာ သူနာပြုယူနီဖောင်း အဖြူရောင်ကို ဝတ်ဆင်လျက် ယောင်ပင်း၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
သူမက သူနာပြုတစ်ဦးသာဖြစ်လေ၏။
“ဟို... ခုနက ကိစ္စအတွက် တကယ် တောင်းပန်ပါတယ်”
သူမ ထွက်လာသည်ကို မြင်သောအခါ ယောင်ပင်းက အလျင်အမြန်ပင် ထပ်မံ တောင်းပန်လိုက်၏။
မည်သို့ပင်ဖြစ်စေ မိန်းကလေးတစ်ဦး အဝတ်လဲနေသည်ကို မတော်တဆ တွေ့မိခြင်းမှာ ရိုင်းရာကျပေသည်။
“ဒါ ရှင့်အပြစ်မဟုတ်ပါဘူး”
ထိုသူနာပြုလေးက သူမ၏ပါးပြင်ပေါ်တွင် ပါးချိုင့်လေးနှစ်ဖက် ပေါ်လာအောင် ခပ်တိုးတိုး ရယ်မောလိုက်သည်။
“ကျွန်မ ဒီနေ့ အလုပ်လာတာ နောက်ကျသွားလို့ သူနာပြုအုပ်ကြီး မိသွားမှာ စိုးတာနဲ့၊ အန်တီနဲ့ တိုင်ပင်ပြီး ဒီလူနာဆောင်ထဲမှာပဲ အဝတ်လဲလိုက်တာပါ၊ ရှင် ဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊
ဒါနဲ့ ကျွန်မက အန်တီ့ကို စောင့်ရှောက်ဖို့ အသစ်ရောက်လာတဲ့ သူနာပြုပါ၊ နောက်ဆို တစ်ခုခု လိုအပ်ရင် ကျွန်မကို ပြောလို့ရပါတယ်”
ယောင်ပင်းလည်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့၏။
သူမက သူနာပြုအသစ် ဖြစ်နေခဲ့သည်ပင်။
ယောင်ပင်းက သူမ၏ နာမည်ကတ်ကို တစ်ချက် ကြည့်လိုက်လျှင် “လုရှောင်ဖေး” ဟု ရေးထားသည်ကို မြင်လိုက်ရသည်။
ဤလှပသော သူနာပြုလေး၏ အမည်မှာ လုရှောင်ဖေး ဖြစ်ပေသည်။
“ရှောင်ဖေး... နောက်ဆိုရင်တော့ မင်းကို အကူအညီ တောင်းရတော့မှာပဲ”
ယောင်ပင်းက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။
“ကျွန်တော့်အမေ ဘယ်သွားလဲ”
လုရှောင်ဖေးနှင့် အတူရှိနေစဉ်တွင် သူမက သူနာပြုယူနီဖောင်းကို လုံခြုံအောင် ဝတ်ထားသော်လည်း ယောင်ပင်းမှာ သူမ၏ ယူနီဖောင်းအောက်မှ ခန္ဓာကိုယ်ကို မဆင်မခြင် စိတ်ကူးမိနေသဖြင့် အလွန်ပင် ရှက်ရွံ့နေမိသည်။
လုရှောင်ဖေးက ဓာတ်လှေကားရှိရာဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
“အန်တီက လမ်းလျှောက်ချင်တယ်ဆိုလို့ လွှတ်လိုက်တာ၊ ဆေးရုံထဲမှာပဲ အမြဲနေရတာ ပျင်းစရာကောင်းမှာလေ၊ လမ်းလျှောက်တာက ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်”
ယောင်ပင်းက သဘောတူလိုက်ပြီး သူ၏မိခင်အား ရှာဖွေရန် အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။
သူ လှည့်ထွက်သွားသည့် ခဏမှာပင် မျက်နှာပြင်ပေါ်တွင် သတိပေးချက်တစ်ခု ပေါ်လာသည်။
‘မိစ္ဆာကို သတိပြုပါ’
အမျိုးအစား: မိစ္ဆာ
လိင်: အမျိုးသမီးမိစ္ဆာ။
ထူးခြားချက်: စိတ်ကို ထိန်းချုပ်ခြင်း။
တိုက်ခိုက်ရေးအဆင့်: Level 5။
သတိပေးချက်: အလွန်အမင်း သတိထားသင့်။
*
အခန်း(94)
ယောင်ပင်းမှာ တောင့်ခဲသွားခဲ့၏။
လုရှောင်ဖေး အမည်ရသော ထိုသူနာပြုလေးမှာ အမှန်တကယ်တော့ လှပသော မိစ္ဆာတစ်ဦး ဖြစ်နေသည်လား။
မိစ္ဆာတစ်ဦးက သူ၏မိခင်ရှိရာ လူနာဆောင်၌ ပေါ်လာခြင်းမှာ မည်သည်ကို ဆိုလိုသနည်း။
မဖြစ်သေးဘူး။ သူ့အမေကို ချက်ချင်း ရှာတွေ့မှ ဖြစ်မယ်။
ထိုသို့ တွေးမိသည်နှင့် ယောင်ပင်းလည်း ဓာတ်လှေကားရှိရာဆီသို့ အပြေးအလွှား သွားခဲ့တော့သည်။
ယောင်ပင်း အဝေးသို့ ရောက်သွားသည်နှင့် လုရှောင်ဖေး၏ ဖုန်းက ထမြည်လာခဲ့၏။
သူမက ဖုန်းကို အေးအေးလူလူ ကိုင်လိုက်ပြီး တိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်မ သူ့ကို တွေ့ပြီ... တွေ့တွေ့ချင်းပဲ သူ့ကို လက်ဆောင်အကြီးကြီး တစ်ခု ပေးလိုက်တယ်”
“ပြဿနာမရှိပါဘူး”
“သူက ကလေးလေးပဲရှိသေးတာ၊ စည်းရုံးရတာ လွယ်ပါတယ်”
“တခြား ဘယ်နည်းလမ်း သုံးရမှာလဲ၊ ဒါကတော့ ကျွန်မရဲ့ အတော်ဆုံး နည်းလမ်းပဲပေါ့”
လုရှောင်ဖေးသည် အဝေးသို့ ပြေးသွားသော ယောင်ပင်း၏ ကျောပြင်ကို ကြည့်ကာ ခပ်တိုးတိုးရယ်မောလိုက်၏။ သူမ၏ ဖီးနစ်မျက်ဝန်းများတွင် ဆွဲဆောင်မှုရှိသော ယုံကြည်ချက်များ ပြည့်နှက်နေချေသည်။
သူမ ပစ်မှတ်ထားသည့် အမျိုးသားကို ရအောင်ယူရာတွင် သူမ မည်သည့်အခါမျှ မကျရှုံးခဲ့ဖူးပေ။
ထို့ပြင် ထိုသူသည်က သွေးကြွနေသော လူငယ်လေးတစ်ဦးမျှသာ ဖြစ်သည် မဟုတ်ပါလား။
ထိုနေ့ညနေတွင်။
VIP လူနာဆောင်အတွင်း၌။
ယောင်ပင်း၏ မိခင်မှာ စောစောအိပ်ရာဝင်ခဲ့ပြီး တခေါခေါနှင့် အိပ်ပျော်နေပြီ ဖြစ်သော်လည်း ယောင်ပင်းမှာ နိုးနေဆဲပင်။
လုရှောင်ဖေးက တစ္ဆေတစ်ကောင် ဖြစ်ကြောင်းကို သိပြီးကတည်းက သူသည်က လူနာဆောင်မှ မထွက်ဝံ့တော့ဘဲ တစ်နေကုန် ထိုနေရာ၌သာ နေခဲ့လေသည်။
ရလဒ်အနေဖြင့် သူ လုရှောင်ဖေးအား တစ်နေကုန်နီးပါး မြင်တွေ့ခွင့် ရခဲ့၏။
သူသည် လုရှောင်ဖေးအား အချိန်အတော်ကြာ သေသေချာချာ စောင့်ကြည့်ခဲ့သော်လည်း သူမ၏ ထူးကဲလှပသော ရုပ်ရည်မှလွဲ၍ တခြားမတွေ့ခဲ့ပေ။
သူမက ယောင်ပင်း၏ မိခင်အား ဆေးထိုးပေးခြင်း၊ ဆေးတိုက်ခြင်းတို့ လုပ်ဆောင်ရာတွင် အခြားသူနာပြုများနှင့် မည်သို့မျှ ခြားနားခြင်းမရှိသည်ကိုသာ တွေ့ရှိရပေသည်။
ယောင်ပင်းမှာ မျက်နှာပြင်က မှားယွင်းပြသနေသလားဟုပင် တွေးတောမိသွားခဲ့၏။
လုရှောင်ဖေးကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးမှာ တစ္ဆေတစ်ကောင် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ဒေါက်... ဒေါက်... ဒေါက်...
ယောင်ပင်း အတွေးများနေစဉ်မှာပင် လူနာဆောင်တံခါးကို ညင်သာစွာ ခေါက်သံ ကြားလိုက်ရသည်။
ယောင်ပင်းသည် တံခါးရှိရာသို့ ရုတ်ခြည်း လှည့်ကြည့်လိုက်ပြီး တိုးညင်းသော လေသံဖြင့် မေးလိုက်သည်။
“ဘယ်သူလဲ”
“ယောင်ပင်း”
လုရှောင်ဖေး၏ နက်ရှိုင်းပြီး ထိန်းချုပ်ထားသော အသံမှာ တံခါးဝမှ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
“ကျွန်မကို တစ်ခုလောက် ကူညီပေးလို့ ရမလား”
သူမသည်က သူတစ်ပါး ကြားသွားမည်ကို စိုးရိမ်နေသည်မှာ ထင်ရှားပေသည်။
ယောင်ပင်း ခဏမျှ တွန့်ဆုတ်နေပြီးမှ နေရာမှ ထကာ လူနာဆောင်တံခါးကို ဖွင့်လိုက်ပြီး သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ”
လုရှောင်ဖေးက သူမ၏ကျောဘက်ကို ညွှန်ပြလိုက်သည်။
“ကျွန်မ ဝတ်ထားတဲ့ ဂါဝန်ဇစ်က အင်္ကျီနဲ့ ငြိနေလို့... အခု အလုပ်မှာ ကျွန်မတစ်ယောက်တည်း ရှိနေတာ၊ လက်လှမ်းလို့ မရလို့ပါ၊ ရှင့်အနေနဲ့ ကူညီပေးလို့ ရမလား”
ယောင်ပင်း လှည့်ကြည့်လိုက်၏။ လုရှောင်ဖေးသည်က သူမ၏ သူနာပြုယူနီဖောင်းအောက်တွင် ကျောဟိုက်ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး၊ ဇစ်မှာ အမှန်တကယ်ပင် ငြိနေကာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုကို ဖော်ပြနေပေသည်။
ထို့အပြင် ယောင်ပင်းက လုရှောင်ဖေး၏ ကျောပြင်ကို ကြည့်ရန် ဦးခေါင်းကို လှည့်လိုက်ချိန်တွင် သူမထံမှ သင်းပျံ့သော ရနံ့တစ်ခုမှာ ယောင်ပင်း၏ နှာခေါင်းထဲသို့ တိုက်ရိုက် တိုးဝင်လာခဲ့လေသည်။
ယောင်ပင်း၏ နှလုံးမှာ တုန်လှုပ်သွားခဲ့ပြီး သူ မသိစိတ်ဖြင့် ခေါင်းညိတ် သဘောတူလိုက်သည်။
“ကောင်းပြီ၊ ကျွန်တော် ကူညီပေးပါ့မယ်”
လုရှောင်ဖေးက တံခါးရှိရာသို့ တစ်ချက်ကြည့်လိုက်ပြီး၊ ထို့နောက် ခုတင်ပေါ်တွင် အိပ်ပျော်နေသော ယောင်ပင်း၏ မိခင်အား ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။
“ရေချိုးခန်းထဲကို သွားရအောင်၊ အန်တီ့အိပ်ရေး ပျက်သွားမှာစိုးတယ်”
ထိုသို့ပြောပြီးနောက် ယောင်ပင်း၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ရေချိုးခန်းအတွင်းသို့ လှည့်ဝင်သွားခဲ့လေသည်။
ယောင်ပင်းမှာ ခဏမျှ တွန့်ဆုတ်နေပြီးမှ သူမ၏နောက်သို့ ရေချိုးခန်းအတွင်းသို့ လိုက်ဝင်သွားခဲ့၏။
ရေချိုးခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ၏အသက်ရှူသံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားပြီး နှလုံးမှာလည်း ထိန်းချုပ်၍မရအောင် တဒိန်းဒိန်း ခုန်လာခဲ့သည်။
ရေချိုးခန်းအတွင်း၌ လုရှောင်ဖေးသည်က သူမ၏ အဖြူရောင် သူနာပြုအင်္ကျီကို မည်သို့နည်းနှင့်မှန်းမသိ ချွတ်လိုက်ပြီး အတွင်းမှ ဂါဝန်ကိုသာ ဖော်ပြထားချေပြီ။
သူမ ဝတ်ဆင်ထားသော ဂါဝန်မှာ အနက်ရောင်ဖြစ်ပြီး သူမနှင့် အလွန် လိုက်ဖက်ပေသည်။
သူမ၏ နောက်ကျောဘက်မှ ဇစ်မှာ ခါးအထိ ဟိုက်နေသဖြင့် ယောင်ပင်းအနေဖြင့် ဦးခေါင်းကို အနည်းငယ် လှည့်လိုက်ရုံမျှဖြင့် အံ့ဩမှင်သက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်တွေ့နေရသည်။
“ဘယ်... ဘယ်လို ဆွဲပေးရမှာလဲ”
ယောင်ပင်းက လည်ချောင်းများ ခြောက်ကပ်လျက် မေးလိုက်၏။
“ကျွန်မ တစ်ဖက်ကိုလှည့်လိုက်မယ်၊ ဇစ်မပြတ်သွားအောင် သတိထားပါဦး”
လုရှောင်ဖေးက တစ်ဖက်သို့ လှည့်လိုက်ပြီး ယောင်ပင်းအား ပြောလိုက်သည်။
“ကျွန်မ ဒီနေ့ ဒီအဝတ်အစား တစ်ထည်တည်းပဲ ယူလာခဲ့တာ”
ယောင်ပင်း ခေါင်းညိတ်လိုက်ပြီး ခြောက်သွေ့သော လေသံဖြင့် ပြောလာ၏။
“ကောင်းပြီ”
သူ ခေါင်းညိတ်ပြီးနောက် လုရှောင်ဖေး၏ အဝတ်အစားမှ ဇစ်ကို ဆွဲတင်ရန် အာရုံစိုက်လိုက်လေသည်။
ရေချိုးခန်းမှာ သေးငယ်လွန်းသဖြင့် သူတို့နှစ်ဦးတည်း ရပ်နေရခြင်းမှာ ပို၍ပင် ကျဉ်းမြောင်းသကဲ့သို့ ခံစားရပေသည်။
လုရှောင်ဖေးမှာ အတော်လေး အရပ်ရှည်ပြီး ယောင်ပင်းနှင့် အလွန်ပင် နီးကပ်နေချေသည်။
ယောင်ပင်းက ငုံ့ကြည့်လိုက်ချိန်တွင် သူမထံမှ သင်းပျံ့သော ရနံ့ကို ရရှိနေပြီး ၎င်းမှာ သူ၏နှာခေါင်းထဲသို့ တိုက်ရိုက် တိုးဝင်နေ၏။
သူ၏ လက်ချောင်းများမှာ တစ်ခါတစ်ရံတွင် လုရှောင်ဖေး၏ ကျောပြင်နှင့် မတော်တဆ ထိတွေ့မိသွားတတ်ပေသည်။
ချောမွေ့ပြီး နူးညံ့လွန်းချေသည်။
ထိုခံစားချက်မှာ ယောင်ပင်း၏ နှလုံးသားအတွင်းသို့ လှိုင်းဂယက်များ ရိုက်ခတ်စေခဲ့ပြီး၊ တစ်စုံတစ်ရာက သူ့အား ယားကျိကျိ လုပ်နေသကဲ့သို့ ခံစားရသော်လည်း သူ မဖယ်ရှားနိုင်ခဲ့ပေ။
“ဟိဟိ”
လုရှောင်ဖေးက ခပ်တိုးတိုး ရယ်မောလိုက်သည်။
“ကျွန်မကို လာပြီးကလိမထိုးနဲ့လေ”
သူမ၏ ရယ်သံမှာ တိုးညင်းလှပြီး နှာသံလေးလည်း ပါနေကာ မူနွဲ့ဟန်လည်း ရှိနေပေသည်။
ထို့ပြင် လုရှောင်ဖေးက ရယ်မောရင်းဖြင့် သူမ၏ကျောပြင်ကို အနည်းငယ် လှည့်လိုက်၏။
ရေချိုးခန်းမှာ အလွန်ကျဉ်းမြောင်းသဖြင့် ၎င်းတို့နှစ်ဦးအကြား အကွာအဝေးမှာ တစ်လက်မပင် မပြည့်တော့ချေ။
ယောင်ပင်း၏ နှလုံးခုန်သံမှာ ပိုမို ပြင်းထန်လာခဲ့ရသည်။
ယောင်ပင်း၏ တုန်ရီနေသော လက်များက သူမအား ကူညီနေစဉ်မှာပင် လုရှောင်ဖေးမှာ ရုတ်တရက် ခေါင်းလှည့်လာပြီး ယောင်ပင်း၏ မျက်နှာကို စူးစိုက်ကြည့်လိုက်လေသည်။
သူတို့၏ မျက်လုံးချင်း ဆုံသွားခဲ့၏။
သူတို့က တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြသည်။
သေးငယ်လွန်းသော ရေချိုးခန်းအတွင်းရှိ အပူချိန်မှာလည်း ရုတ်ခြည်း မြင့်တက်လာခဲ့ရပေသည်။
ယောင်ပင်း မသိစိတ်ကပင် ငုံ့ချလိုက်မိပြီး လုရှောင်ဖေးနှင့် ပိုမို နီးကပ်လာခဲ့လေသည်။
ဒေါက်... ဒေါက်... ဒေါက်...
ထိုအချိန်မှာပင် လူနာဆောင်တံခါးကို ရုတ်တရက် ခေါက်သံ ကြားလိုက်ရသည်။
ယောင်ပင်းမှာ လန့်ဖျပ်ကာ ခုန်မိသွားခဲ့ပြီး သူ၏ ရှေ့က စိတ်လှုပ်ရှားမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။ သူသည် တံခါးရှိရာသို့ ဝုန်းခနဲ လှည့်ကြည့်လိုက်လေသည်။
“ဒီအချိန်ကြီး ဘယ်သူလာတာလဲ”
လုရှောင်ဖေး၏ ဖီးနစ်မျက်ဝန်းများတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သော်လည်း ထိုရက်စက်မှု ပိုသည်မှာ စိတ်ပျက်အားမလိုအားမရ ဖြစ်မှုပင်။
သူမသည်က နောက်ဆုံးတွင်မှ ဤအခွင့်အရေးကို ရှာတွေ့ထားခြင်း ဖြစ်၏။ဤအချိန်တွင်မှ မည်သူကများ ပေါ်လာပြီး သူမ၏ အစီအစဉ်များကို ဖျက်ဆီးရသနည်း။
“ဒီမှာပဲ နေခဲ့ပါ၊ ဘယ်သူလဲဆိုတာ ကျွန်တော် သွားကြည့်လိုက်မယ်”
ယောင်ပင်း ရုတ်တရက် သက်ပြင်းချနိုင်သွားခဲ့ပြီး၊ လုရှောင်ဖေးအား အလျင်အမြန်ပင် ဘေးသို့ တွန်းဖယ်ကာ ရေချိုးခန်းအတွင်းမှ ထွက်ပြေးချင်သကဲ့သို့ ပြေးထွက်လာခဲ့လေသည်။
ဒေါက်... ဒေါက်... ဒေါက်...
သူ ရေချိုးခန်းထဲမှ ထွက်လာသည်နှင့် လူနာဆောင်တံခါး ခေါက်သံမှာ ထပ်မံ ထွက်ပေါ်လာပြန်၏။
ယခုတစ်ကြိမ်တွင်တော့ ယခင်ကထက် ပို၍ ပျာယာခတ်နေပြီး၊ သေမင်း၏ ခေါင်းလောင်းသံကဲ့သို့ပင်...
“အပြင်က ဘယ်သူလဲ”
ယောင်ပင်းက လူနာဆောင်တံခါးဝသို့ ရောက်သောအခါ သတိကြီးစွာဖြင့် မေးမြန်းလိုက်ပြီးနောက် တံခါးကို ဝုန်းခနဲ ဖွင့်လိုက်လေသည်။
လူနာဆောင် တံခါးဝတွင် ရပ်နေသူမှာ အမှောင်ရိပ်တစ်ခု ဖြစ်နေချေသည်။
တံခါးအပြင်ဘက်တွင် ရပ်နေသော ပုံရိပ်ကို ယောင်ပင်း မြင်လိုက်ရသောအခါ အံ့သြသင့်သွားခဲ့ရသည်။
လူနာဆောင်အပြင်ဘက်တွင် ရပ်နေသူမှာ တခြားသူမဟုတ်ဘဲ လွန်ခဲ့သော ရက်အနည်းငယ်က သူတွေ့ခဲ့သော သခင်လေးမာပင် ဖြစ်နေချေသည်။
“သခင်လေးမာ... ဘာကိစ္စရှိလို့ ဒီအထိ ရောက်လာတာလဲ”
ယောင်ပင်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
“ကျွန်တော့်ဆီက တစ်ခုခု လိုချင်လို့လား”
သခင်လေးမာတစ်ယောက် ညသန်းခေါင်ယံအချိန်တွင် ဆေးရုံသို့ အဘယ်ကြောင့် ရောက်ရှိလာသည်ကို သူ နားမလည်နိုင် ဖြစ်နေမိသည်။
“နေကောင်းရဲ့လား ဆရာ၊ ကျွန်တော် အန်တီ့ကို လာတွေ့တာပါ”
သခင်လေးမာက ယောင်ပင်းအား ပြုံးဖြီးဖြီးဖြင့် နှုတ်ဆက်လိုက်ပြီးနောက် နောက်သို့ လှည့်ကာ ပြောလာလ၏
“ကဲ... ဒီ လူနာဆောင်ပဲ။ ပစ္စည်းတွေကို အထဲ သယ်လာခဲ့ကြတော့”
ထိုအခါမှသာ သခင်လေးမာ၏ နောက်ကွယ်တွင် တခြားလူအချို့ ရပ်နေသည်ကို ယောင်ပင်း သတိထားမိတော့၏။
သူတို့ တစ်ယောက်ချင်းစီ၏ လက်ထဲတွင် အားဆေးများ၊ ဆေးဝါးများနှင့် ကျန်းမာရေး ထုတ်ကုန် အမျိုးမျိုးကို အပုံလိုက် ကိုင်ဆောင်ထားကြချေသည်။
စုစုပေါင်း အနည်းဆုံး ပစ္စည်းအခု ၃၀ ခန့် ရှိပေလိမ့်မည်။
သခင်လေးမာမှာ အားနာနေခြင်းမရှိဘဲ ထိုလူများကို ပစ္စည်းများ လူနာဆောင်အတွင်း သယ်သွားရန် ညွှန်ကြားနေတော့သည်။
ယောင်ပင်းက မျက်နှာကို တင်းမာထားလျက် တံခါးဝတွင် ပိတ်ရပ်လိုက်၏။
“ငါ့အမေ အိပ်ပျော်နေပြီ၊ အဲဒီပစ္စည်းတွေကို ပြန်သယ်သွားခိုင်းလိုက်ပါ”
ညသန်းခေါင်ယံအချိန်တွင် လူအများအပြားကို ခေါ်ဆောင်လျက် လူနာလာမေးသည်လား။
ထို့အပြင် သူ၏မိခင်မှာ အခုတလော အိပ်ရေးမဝ ဖြစ်နေသဖြင့် ညဉ့်နက်သန်းခေါင်တွင် လူအများအပြားက သူမအား အနှောင့်အယှက် ပေးမည်ကို သူ မလိုလားပေ။
သခင်လေးမာမှာ အလိုက်သိသူ ဖြစ်သဖြင့် ထိုလူအုပ်အား ချက်ချင်းပင် ငေါက်ငမ်းလိုက်လေသည်။
“ဒီပစ္စည်းတွေကို အခုချက်ချင်း ချထားလိုက်ကြစမ်း ၊အန်တီ အိပ်ပျော်နေပြီလို့ ငါ့ဆရာ ပြောတာကို မင်းတို့ မကြားဘူးလား၊ မင်းတို့တွေကတော့ တကယ့်ကို တုံးနိုင်တာပဲ ပစ္စည်းတွေ ချထားပြီးရင် အမြန် ထွက်သွားကြတော့”
ထိုလူများမှာ သူ၏လူများ မဟုတ်သကဲ့သို့ပင်။
ထိုလူအုပ်မှာလည်း ချက်ချင်းပင် သဘောတူပြီး လက်ဆောင်ပစ္စည်း အပုံကြီးကို မြေပြင်ပေါ်၌ ချထားခဲ့ပြီး အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။
*