← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း(95)

ယောင်ပင်း၏ မိခင်ရှိရာ လူနာဆောင် အပြင်ဘက်တွင် လက်ဆောင်ပစ္စည်းများမှာ တောင်ငယ်တစ်ခုပမာ ပုံနေချေပြီ။

“သခင်လေးမာ... မင်းက ညသန်းခေါင်ကြီးမှာ ဒီပစ္စည်းတွေ လာပို့ဖို့အတွက်ပဲ ဆေးရုံကို လာခဲ့တာလား”

ယောင်ပင်းက တံခါးဝရှိ လက်ဆောင်ပစ္စည်းတောင်ကြီးကို ကြည့်ကာ ရယ်လည်းရယ်ချင်၊ စိတ်လည်း ပျက်နေမိသည်။

ပြီးခဲ့သည့်အကြိမ်က သခင်လေးမာသည် နောက်ပြောင်နေခြင်းသာ ဖြစ်မည်ဟု သူ ထင်ခဲ့သော်လည်း၊ ယခုကဲ့သို့ အမှန်တကယ် အလေးအနက်ထားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ယောင်ပင်းအား ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ သူက ဆေးရုံအထိပင် တကောက်ကောက် လိုက်လာခြင်းပင် ဖြစ်၏

“အန်တီ နေမကောင်းဖြစ်နေတာပဲ၊ လူငယ်တစ်ယောက်အနေနဲ့ လာတွေ့တာက သဘာဝကျပါတယ်၊ ဒါပေမဲ့ အဲဒါက အကြောင်းပြချက်တစ်ခုတည်းပါ”

သခင်လေးမာက ယောင်ပင်းအား အထင်ကြီး လေးစားမှုများ၊ စိတ်အားထက်သန်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေ၏။

“ဒုတိယအချက်ကတော့၊ ကျွန်တော့်ရဲ့ မွေးနေ့က မကြာခင် ရောက်တော့မှာမလို့ဆရာ့ကို ကျွန်တော့်မွေးနေ့ပွဲ တက်ဖို့ ဖိတ်ချင်လို့ပါ”

သူ၏ဘဝတွင် တစ်စုံတစ်ဦးအား ဤမျှအထိ အထင်ကြီး လေးစားမိခြင်းမှာ အလွန် ရှားပါးပေသည်။

ပြီးခဲ့သည့်အကြိမ် ယွီရှို့ဗီလာတွင် ယောင်ပင်းက သခင်လေးမာအား လုံးဝသိမ်းသွင်းနိုင်ခဲ့ချေပြီ။

အကယ်၍သာ ယောင်ပင်းက သူ၏မွေးနေ့ပွဲကို တက်ရောက်ပေးမည်ဆိုပါက ကြွားစရာတစ်ခု ဖြစ်ပေလိမ့်မည်။

ယောင်ပင်းက စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် ငြင်းပယ်လိုက်လေသည်။

“စိတ်မရှိပါနဲ့၊ ငါ့မှာ သွားဖို့ အချိန်မရှိလို့ပါ”

သူသာ ငြင်းလိုက်လျှင် သခင်လေးမာက လက်လျှော့သွားလိမ့်မည်ဟု ထင်နေမိသည်။

မမျှော်လင့်ဘဲ ၎င်းကို ကြားသောအခါ သခင်လေးမာက ခပ်တိုးတိုး ရယ်မောလိုက်ရင်း ခေါင်းကို ကုတ်လိုက်လေ၏။

“ဆရာ ငြင်းမယ်ဆိုတာ ကျွန်တော် သိပြီးသားပါ၊ ရပါတယ်၊ ကျွန်တော် ဒါကိုလည်း ပြင်ဆင်ထားတယ်လေ”

ထိုသို့ပြောရင်း သူက ဖုန်းကို ထုတ်ယူကာ ခေါ်ဆိုလိုက်လေသည်။

“ဟဲလို... ကျွန်တော် အရင်က ဘွတ်ကင်လုပ်ထားတဲ့ ခေါက်ခုတင်... ဟုတ်တယ်၊ ဟုတ်တယ်.. (၁၉) ထပ်၊ ခုတင်နံပါတ် (၂၃) ပါ”

ယောင်ပင်းမှာ အံ့ဩမှင်သက်သွားခဲ့ရပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့၏။

သခင်လေးမာက ခေါက်ခုတင်ကိုပင် ကြိုတင် ဘွတ်ကင်လုပ်ထားသည်လား။

သူက ဆေးရုံမှာပါ နေဖို့ ကြံစည်နေတာလား။

“ဆရာ ဗိုက်ဆာလား၊ ကျွန်တော် ပါဆယ်မှာထားတယ်၊ ခဏနေရင် ရောက်တော့မှာ”

ဖုန်းချပြီးနောက် သခင်လေးမာက ယောင်ပင်းအား မျက်နှာလုပ်သည့် အနေဖြင့် ပြုံးပြလိုက်လေသည်။

ယောင်ပင်းသည် လေသံကို တည်ငြိမ်အောင် ထိန်းထားရင်း အသက်ကို ပြင်းပြင်းရှူလိုက်၏။

“သခင်လေးမာ... ငါ ဗိုက်မဆာဘူး... တခြား ကိစ္စမရှိရင် မင်း ပြန်လို့ရပါပြီ”

သူသည် သခင်လေးမာအပေါ် ကောင်းမွန်သော အမြင်မရှိသဖြင့် သူနှင့် ဆက်လက်၍ မပတ်သက်လိုပေ။

“ဆရာ... ခေါက်ခုတင်က အခုချက်ချင်း ရောက်တော့မှာ၊ ဆရာ သွားအိပ်လိုက်တော့လေ၊ ကျွန်တော်ပဲ အန်တီ့ကို စောင့်ရှောက်ပေးမယ်”

သခင်လေးမာမှာ ယောင်ပင်းပြောသမျှကို လုံးဝ မကြားသကဲ့သို့ပင်၊ တံခါးအက်ကြောင်းမှ တိုးဝင်ကာ လူနာဆောင်အတွင်းသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ထိုအချိန်တွင် လုရှောင်ဖေးမှာ လူနာဆောင်အတွင်းမှ အမှတ်မထင် ထွက်လာခဲ့၏။

သူမက သခင်လေးမာနှင့် တိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။

သခင်လေးမာ၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားခဲ့ပြီး လုရှောင်ဖေးအား စူးစိုက်ကြည့်နေမိ၏။

လုရှောင်ဖေးက သခင်လေးမာအား အေးစက်စွာ တစ်ချက် ကြည့်လိုက်ကာ သူမ၏ မျက်နှာမှာလည်း အေးခဲနေချေသည်။

အကယ်၍သာ သူ ရုတ်တရက် ပေါ်မလာခဲ့လျှင် သူမ ယောင်ပင်းအား သိမ်းသွင်းနိုင်ခဲ့ပြီ မဟုတ်ပါလား။

ယောင်ပင်း၏ အနားသို့ ရောက်သောအခါ လုရှောင်ဖေးက ခေါင်းကို အနည်းငယ်ငြိမ့်ပြကာ သူနာပြုကောင်တာရှိရာသို့ အလျင်အမြန် လျှောက်သွားခဲ့လေသည်။

သူမ ထွက်လာချိန်တွင် သူနာပြုယူနီဖောင်းကို ဝတ်ဆင်ထားပြီး ဖြစ်သော်လည်း သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

ယောင်ပင်းမှာ အဝေးသို့ ထွက်ခွာသွားသော လုရှောင်ဖေး၏ ပုံရိပ်ကို ကြည့်နေမိ၏။ သူနာပြုယူနီဖောင်းအတွင်းမှ သူမ၏ လှပသော တင်ပါးများမှာ သူမ လှုပ်ရှားလိုက်တိုင်း ယောင်ပင်း၏ နှလုံးသားကို ခုန်လှုပ်စေပေသည်။

“ဆရာ... အဲဒီသူနာပြုလေးနဲ့ ချိတ်နေတာလား”

ယောင်ပင်းက လုရှောင်ဖေး ထွက်သွားသည်ကို ကြည့်နေစဉ်မှာပင် သခင်လေးမာက ရုတ်တရက် မေးလိုက်လေသည်။

ယောင်ပင်းက သူ့အား စိုက်ကြည့်လိုက်သည်။

“အဓိပ္ပာယ်မရှိတဲ့ စကားတွေ လျှောက်မပြောနဲ့”

“ဆရာ... ကျွန်တော် သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ၊ သူ့နာမည်က ဘယ်သူလဲ”

“မင်းရဲ့ စကားလမ်းကြောင်းခင်းပုံက တော်လေး ရိုးအီနေပြီ... ကောင်းပြီ၊ အခု ပြန်လို့ရပြီ၊ ငါသွားအိပ်တော့မယ်”

“ဆရာ... ကျွန်တော် တကယ်ပဲ သူ့ကို မြင်ဖူးတာပါ”

သခင်လေးမာက ယောင်ပင်း၏ နောက်မှ အော်ဟစ်ကာ လိုက်လာခဲ့၏။

“အခုချက်ချင်း ပြန်တော့”

ယောင်ပင်းက သူ့အား တတိယအကြိမ်မြောက် ပြန်ခိုင်းလိုက်လေသည်။

“ငါ သူ့ကို ဘယ်မှာ မြင်ဖူးပါလိမ့်”

သခင်လေးမာက ယောင်ပင်းအား လျစ်လျူရှုကာ သူ့ဘာသာသူ ရေရွတ်နေပြီးမှ ရုတ်တရက် သူ၏မျက်လုံးများမှာ အရောင်တောက်ပသွားခဲ့သည်။

“သိပြီ အဖေ့သူငယ်ချင်းတွေရဲ့ လူစုလူဝေးပွဲ တစ်ခုမှာ သူ့ကို တွေ့ခဲ့တာပဲ။ သူ့ဘေးမှာ အမျိုးသားတစ်ယောက်လည်း ပါတယ်”

ယောင်ပင်းက ခြေလှမ်းများကို ရုတ်ခြည်း ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကာ မေးလိုက်၏။

“ဘယ်သူလဲ”

ယောင်ပင်း စိတ်ဝင်စားသွားသည်ကို မြင်သောအခါ သခင်လေးမာမှာ ချက်ချင်းပင် တက်ကြွသွားခဲ့ပြီး၊ သူ၏ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ စဉ်းစားပြီးမှ ပြောလိုက်သည်။

“မျိုးရိုးအမည်က ‘ကန်း’ လို့ ထင်တာပဲ၊ တော်တော်လေး ငယ်သေးတယ်

. အဲဒီ ‘ကန်း’ ဆိုတဲ့လူက တော်တော်လေး မောက်မာတာ၊ လူတိုင်းကို အထင်သေးတဲ့ ပုံစံပဲ... ဆရာနဲ့တော့ လုံးဝမတူဘူး၊ ဆရာကတော့ လူမသိအောင် နေထိုင်ပြီး တကယ့်ကို အစွမ်းထက်တာ”

သခင်လေးမာသည်က ယောင်ပင်းအား ဖားရန်လည်း မမေ့လျော့ခဲ့ပေ။

မျိုးရိုးအမည်က ကန်း ဟုတ်လား။

“အဲဒီလူရဲ့ နာမည်က ‘ကန်းခွိုက်လဲ့’ လား”

ယောင်ပင်း၏ မျက်လုံးများမှာ ချက်ချင်း အလင်းရောင်တစ်ခုဖြတ်ပြေးသွားခဲ့ပြီး မေးမြန်းလိုက်၏။

“အဲဒီနာမည် ဖြစ်မယ်ထင်တယ်”

သခင်လေးမာက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။

“သူ့အမေက ဘယ်လိုဖြစ်လို့ ဒီလောက် အူကြောင်ကြောင်နိုင်တဲ့ နာမည်မျိုး ပေးခဲ့တာလဲမသိဘူး၊ ဒါကြောင့်ပဲ ကျွန်တော် မှတ်မိနေတာ။ ကန်းခွိုက်လဲ့ဆိုတဲ့ နာမည်က တော်တော်လေး အူကြောင်ကြောင်နိုင်တာပဲ၊ သူ ဖြစ်ရမယ်”

ယောင်ပင်းက အနည်းငယ် ပြုံးလိုက်မိ၏။

ကန်းခွိုက်လဲ့၏ သတင်းကို မတော်တဆ သိရှိလိုက်ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ထို့ပြင် လုရှောင်ဖေးမှာ အမှန်တကယ်ပင် ကန်းခွိုက်လဲ့ကို သိရှိနေချေသည်။

ကန်းခွိုက်လဲ့က သူ့ကို သေစေချင်နေပြီး၊ လုရှောင်ဖေးကဲ့သို့ လှပသော တစ္ဆေတစ်ကောင်က သူ၏ဘေးတွင် ရုတ်တရက် ပေါ်လာခြင်းမှာ...

သူတို့ကြားမှ ပတ်သက်မှုကို ရှင်းပြနေစရာပင် မလိုတော့ပေ။

“သခင်လေးမာ... မင်း ငါ့ကို အကူအညီတစ်ခု ပေးစေချင်တယ်”

ယောင်ပင်းက သခင်လေးမာအား ပြုံးလျက် ပြောလိုက်လေသည်။

“ဆရာ အမိန့်သာ ပေးလိုက်ပါ”

သခင်လေးမာမှာ ခဏမျှ မှင်သက်သွားပြီးမှ အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

“ဆရာ ခိုင်းသမျှကို ကျွန်တော် အစွမ်းကုန် လုပ်ဆောင်ပါ့မယ်၊ မီးပင်လယ်ပဲ ဖြစ်ဖြစ်၊ ရေပင်လယ်ပဲ ဖြစ်ဖြစ်ပါ”

သခင်လေးမာမှာ စကားပုံများကို နောက်တစ်ကြိမ် ပြောင်းလဲ၍သုံးနေပြန်ပြီ ဖြစ်၏။

ယောင်ပင်းက ခေါင်းခါလိုက်ပြီး သခင်လေးမာအား ပြောလိုက်သည်။

“ဒီလောက်အထိတော့ မဟုတ်ပါဘူး... မင်း အခု သူနာပြုကောင်တာကို သွားပြီး၊ လုရှောင်ဖေး ဆီသွားလိုက်၊ ပြီးတော့ သူ့ကို မင်း အရင်က မြင်ဖူးတယ်လို့ သွားပြောပေး၊ ပြီးတော့ သူ မင် မှတ်မိလားလို့လည်း မေးကြည့်လိုက်ပါ”

သခင်လေးမာ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။

“ဒါပဲလား”

ယောင်ပင်းက ခေါင်းညိတ်ပြလိုက်လေသည်။

“ဒါပဲလေ”

သခင်လေးမာက အကြိမ်အနည်းငယ်မျှ ထပ်မံ အတည်ပြုပြီးနောက် သူနာပြုကောင်တာဆီသို့ အေးအေးလူလူ လျှောက်သွားခဲ့၏။

“ခက်ခဲတဲ့ ကိစ္စတစ်ခုလို့ ကျွန်တော် ထင်နေတာ စကားအနည်းငယ် ပြောရုံပဲကို၊ ကျွန်တော့်ကိုသာ လွှဲထားလိုက်”

ယောင်ပင်းအား ကတိပေးပြီးနောက် သခင်လေးမာမှာ သူနာပြုကောင်တာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။

ဤသည်မှာ ယောင်ပင်းမှ သူ့အား ပထမဆုံးအကြိမ် အကူအညီ တောင်းခြင်း ဖြစ်ရာ၊ သူသည် အစွမ်းကုန် လုပ်ဆောင်ရန် ဆုံးဖြတ်ထားပေသည်။

နှစ်မိနစ်ခန့် ကြာပြီးနောက် :

သခင်လေးမာ ပြန်ရောက်လာပြီး ယောင်ပင်းအား မျက်နှာချိုသွေးလျက် ပြောလိုက်သည်။

“ဆရာ... ဆရာ ခိုင်းတဲ့အတိုင်း ကျွန်တော် လုပ်ခဲ့ပါပြီ”

“လုရှောင်ဖေး ရဲ့ တုံ့ပြန်မှုက ဘယ်လိုလဲ”

ယောင်ပင်းက ခေါင်းညိတ်၍ သခင်လေးမာအား မေးလိုက်၏။

“သူက အတော်လေး မကျေမနပ်ဖြစ်နေပုံပဲ၊ ကျွန်တော့်ကို တစ်ခါမှ မမြင်ဖူးဘူးလို့ အတင်း ငြင်းနေတယ်”

သခင်လေးမာက ခေါင်းကို ကုတ်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဆရာ... ဒါကို ဘာလို့ သွားပြောခိုင်းတာလဲ၊ ကျွန်တော် သူ့မျက်နှာ ချက်ချင်း ပြောင်းသွားတာကို မြင်လိုက်ရတယ်၊ တော်တော်လေး ဒေါသထွက်သွားတဲ့ပုံပဲ”

ယောင်ပင်းက အနည်းငယ် ပြုံးလိုက်မိသည်။

“ဒါဆို အမှန်ပဲပေါ့”

သခင်လေးမာက စပ်စုလိုစိတ်ဖြင့် ဆက်မေးနေပြန်သည်။

“ဘာက မှန်တာလဲ”

စကားတစ်ခွန်းတည်း ပြောလိုက်ခြင်းဖြင့် အမှားအမှန်ခွဲသည်ကို သူ နားမလည်နိုင် ဖြစ်နေပေသည်။

ယောင်ပင်း သူ၏မေးခွန်းကို မဖြေမီမှာပင် လုရှောင်ဖေးက ၎င်းတို့ရှိရာသို့ အလျင်အမြန် လျှောက်လာခဲ့ပြီး ယောင်ပင်းအား နူးညံ့သော လေသံဖြင့် မေးလိုက်သည်။

“ယောင်ပင်း... ခဏလောက် အပြင်ထွက်ခဲ့လို့ ရမလား”

သူမက မေးမြန်းနေခြင်း ဖြစ်သော်လည်း၊ သူမ၏ လေသံမှာတော့ ယောင်ပင်းသည်က သူမနှင့်အတူ သေချာပေါက် လိုက်လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေသကဲ့သို့ ရှိနေချေသည်။

“ကောင်းပြီလေ”

ယောင်ပင်းက ချက်ချင်း သဘောတူလိုက်ပြီး သခင်လေးမာဘက်သို့ လှည့်ပြောလိုက်သည်။

“သခင်လေးမာ... ဒါဆို ငါ့အမေကို ခဏလောက် စောင့်ရှောက်ပေးဖို့ အကူအညီ တောင်းပါတယ်”

ယောင်ပင်းအား မည်သို့ မျက်နှာလုပ်ရမည်နည်းဟု စဉ်းစားနေသော သခင်လေးမာမှာ ချက်ချင်းပင် ဝမ်းသာအားရ သဘောတူလိုက်လေသည်။

“ဆရာ အန်တီ့ကို ကျွန်တော် သေသေချာချာ စောင့်ရှောက်ထားပါ့မယ်၊ ဘာမှ စိတ်မပူဘဲ အပြင်သွားလိုက်ပါ”

ထိုသို့ပြောပြီးနောက် သူက ယောင်ပင်းအား မျက်စိတစ်မှိတ်ပြကာ အားပေးသည့် ဟန်ပန်ပင် လုပ်ပြလိုက်သေး၏။

ယောင်ပင်းက သခင်လေးမာအား လျစ်လျူရှုထားလိုက်ပြီး လုရှောင်ဖေး၏ နောက်မှ ဆေးရုံအပြင်ဘက်သို့ လိုက်ပါသွားခဲ့လေသည်။

မကြာမီတွင် သူတို့နှစ်ဦးမှာ ဆေးရုံ၏ နောက်ဖေးဥယျာဉ်သို့ ရောက်ရှိလာကြ၏။

*

အခန်း(96) အစွမ်းအထက်ဆုံးသော လူသတာလက်နက်

အနောက်ဘက်ဥယျာဉ်မှာ လူသူကင်းမဲ့နေပြီး မှောင်မည်းနေခဲ့သည်။

“ဘာလို့ ရှင့်ကို အပြင်ခေါ်လာလဲဆိုတာ သိလား”

အနောက်ဘက်ဥယျာဉ်သို့ ရောက်သောအခါတွင် လုရှောင်ဖေးက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ယောင်ပင်းအား လှည့်၍ မေးလိုက်လေသည်။

အမှောင်ထုအတွင်းတွင် ယောင်ပင်းအနေဖြင့် လုရှောင်ဖေး၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကိုသာ မြင်တွေ့ရပေသည်။

ယောင်ပင်းက ခေါင်းခါလိုက်ပြီး ရိုးသားစွာပင် ဖြေလိုက်သည်။

“မသိပါဘူး”

သူ စကားပြောပြီးသည်နှင့် လုရှောင်ဖေးမှာ ခြေလှမ်းအနည်းငယ် လှမ်းကာ သူ့အနားသို့ တိုးဝင်လာပြီး သူ၏ ခါးကို ရစ်ပတ်ပွေ့ဖက်လိုက်လေသည်။

အဝတ်အစားများ ခြားနေသော်လည်း ယောင်ပင်းအနေဖြင့် လုရှောင်ဖေး၏ ထူးကဲလှသော ခန္ဓာကိုယ်ကို ခံစားနေရဆဲပင်။

ယောင်ပင်း၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်ခဲသွားခဲ့ရ၏။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊ သူက နောက်ဆုံးတွင် တုန်ရီနေသော လေသံဖြင့် မေးလိုက်သည်။

“ရှောင်ဖေး.. မင်း ဘာလုပ်နေတာလဲ”

လုရှောင်ဖေးက သူ့ကို ရုတ်တရက် ဖက်လိုက်သောကြောင့် ယောင်ပင်းမှာ တစ်ကိုယ်လုံး တောင့်ခဲသွားခဲ့ရပေသည်။

လုရှောင်ဖေးသည်က ဤမျှအထိ တိုက်ရိုက်ဆန်ပြီး ဦးဆောင်လှုပ်ရှားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ညဥ့်ဦးမှာ နက်ရှိုင်းနေပြီး လေထုမှာလည်း သိမ်မွေ့မှုများပြည့်နေကာ လူအများကိုဆွဲဆောင်နေချေသည်။

ယောင်ပင်းမှာ မည်သို့ဆက်လုပ်ရမည်ကိုပင် မသိဘဲ ထိုနေရာ၌ပင် ရပ်နေမိ၏။

“ဘာလဲ... ကျွန်မကို မကြိုက်ဘူးလား”

လုရှောင်ဖေးက သူမ၏ မျက်နှာကို ယောင်ပင်း၏ ခါးတွင် ဖိကပ်ထားရင်း မေးလိုက်လေ၏။

သူမ၏ ချိုမြိန်နွေးထွေးလွန်းသော အသံမှာ ယောင်ပင်း၏ နှလုံးသားကို တုန်လှုပ်ယားကျိစေခဲ့ပေသည်။

သူမ စကားပြောနေစဉ်မှာပင် သူမ၏ လက်မှာ ယောင်ပင်း၏ နောက်ကျောပေါ်သို့ ဖြည်းဖြည်းချင်း တက်လာခဲ့လေ၏။

အမှောင်ထုအတွင်းတွင် သူမ၏ လက်သည်းများက ရုတ်တရက် ရှည်လျားလာခဲ့လေသည်။

အကယ်၍ သူမသာ ယောင်ပင်း၏ လည်ပင်းသို့ လက်လှမ်းမီသွားပြီး ရှည်လျားသော လက်သည်းများဖြင့် လည်ပင်းသွေးကြောမကြီးကို ဖြတ်ချလိုက်မည်ဆိုပါက ယောင်ပင်းမှာ သေချာပေါက် သေရပေလိမ့်မည်။

ယောင်ပင်းမှာတော့ သူ့နောာ်မှအခြေအနေကို အမှန်တကယ်ပင် မသိရှိချေ။

“ကျွန်တော်... ကျွန်တော်...”

ယောင်ပင်းမှာ ဗလုံးဗထွေး ဖြစ်နေပြီး မညာငညာ့စကားကိုမှ မပြောနိုင်တော့ပါချေ။

ဤမျှ လှပပြီး ဦးဆောင်လှုပ်ရှားတတ်သော မိန်းကလေးမျိုးနှင့် သူ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်ပေပြီ။ သူ၏ အသံမှာ တုန်ယင်နေပြီး စိတ်လှုပ်ရှားမှုများ ပြည့်နေခဲ့သည်။

“ဘာမှ ပြောမနေပါနဲ့တော့၊ ရှင် ကျွန်မကို ကြိုက်တယ်ဆိုတာ ကျွန်မ သိပါတယ်”

လုရှောင်ဖေးက ယောင်ပင်း၏ နားနားရွက်အသို့ တိုးကပ်ကာ တခိခိရယ်မောလျက် ပူနွေးသော အသက်ရှူငွေ့များကို မှုတ်ထုတ်လိုက်၏။

လုရှောင်ဖေးမှာ ဤအချက်အပေါ် အလွန်အမင်း ယုံကြည်ချက် ရှိနေပေသည်။

သူမက စကားပြောနေသည့် အခွင့်အရေးကို အသုံးချကာ သူမ၏လက်ကို လက်မအနည်းငယ်ခန့် ထပ်မံ မြှင့်လိုက်ပြန်၏။

လက်မအနည်းငယ်မျှသာ လိုတော့သည်။ ထိုအချိန်တွင် သူမ၏လက်က ယောင်ပင်း၏ လည်ပင်းနှင့် ထိတွေ့တော့မည်ပင်။

လည်ပင်းသွေးကြောမကြီးမှာ ဘေးတစ်ဖက်တွင် အသင့်ရှိနေချေပြီ။

သူမ၏ လက်သည်းနှင့် တစ်ချက်မျှ ကုတ်ခြစ်လိုက်ရုံဖြင့် ယောင်ပင်းမှာ သွေးအိုင်ထဲတွင် ချက်ချင်းပင် သေဆုံးသွားရမည်မှာ အသေအချာပင်။

ထို့ကြောင့် လုရှောင်ဖေးက လူသတ်ရာတွင် မည်သည့်လက်နက်ကိုမျှ အသုံးမပြုပါချေ။

အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်ကပင် အကောင်းဆုံး လက်နက်ဖြစ်နေသောကြောင့်ပင် ဖြစ်ပေ၏။

သူမကိုယ်တိုင်က တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အသံမထွက်ဘဲ အသက်ကို နှုတ်ယူနိုင်သည် မဟုတ်ပါလား။

ယခုကဲ့သို့ပင် ။ ယောင်ပင်းက သူမ၏ တင်းကျပ်စွာ ပွေ့ဖက်ခြင်းကို ခံထားရပြီး ဘေးအန္တရာယ်မှာ သူနှင့် အလွန်နီးကပ်နေပြီဖြစ်သော်လည်း ထိုသည်ကို လုံးဝ မသိရှိနေခဲ့ပါချေ။

မလှမ်းမကမ်းရှိ အဆောက်အအုံတစ်ခု၏ အခန်းပြတင်းပေါက်တွင် :

ကန်းခွိုက်လဲ့ နှင့် မာစတာလျို့တို့မှာ ဘေးချင်းယှဉ်၍ ရပ်နေကြပြီး၊ ဆေးရုံ၏ နောက်ဖေးဥယျာဉ်အတွင်းရှိ ပုံရိပ်နှစ်ခုကို ပြတင်းပေါက်မှတစ်ဆင့် စူးစိုက်ကြည့်နေကြလေသည်။

ကန်းခွိုက်လဲ့က “ညကြည့်အဆောင်”ကို အသုံးပြုထားသဖြင့် နောက်ဖေးဥယျာဉ်မှာ မှောင်မည်းနေသော်လည်း သူတို့က အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရလေ၏။

လုရှောင်ဖေးမှာ ယောင်ပင်း၏ အသက်ကို နှုတ်ယူရန် သူတို့ စေလွှတ်လိုက်သော အကောင်းဆုံး လက်နက်ပင် ဖြစ်ပေသည်။

ရင်သပ်ရှုမောဖွယ် အလှတရား။

မည်သည့်အမျိုးသားမျှ သူမအား ငြင်းဆန်နိုင်မည် မဟုတ်ပေ။

“မာစတာလျို့... ခင်ဗျားရဲ့ နည်းလမ်းက အထိရောက်ဆုံးပဲ”

နောက်ဖေးဥယျာဉ်မှ ပုံရိပ်နှစ်ခုကို စူးစိုက်ကြည့်နေရင်း ကန်းခွိုက်လဲ့၏ ချောမောသော မျက်နှာမှာ ရက်စက်သော အလင်းတန်းများဖြင့် တွန့်ကွေးနေခဲ့သည်။

“အဲဒီကောင်လေးက လုံးဝကို သတိမမူမိတာပဲ၊ မိစ္ဆာမလေးက အလွယ်တကူလေး အောင်မြင်တော့မှာ”

မိစ္ဆာမလေးအား အသုံးချ၍ ယောင်ပင်းကို မျှားခေါ်ကာ ထိုလုပ်ငန်းစဉ်အတွင်း သတ်ပစ်ရန်မှာ မာစတာလျို့၏ အကြံပြုချက် ဖြစ်ပေသည်။

ယောင်ပင်းက ကြိုးကိုင်နေသည့်လူအား သိသွားမည်ကို ကန်းခွိုက်လဲ့ စိုးရိမ်နေသဖြင့်၊ မာစတာလျို့၏ အကြံကိုလိုက်နာကာ သူ၏ အစွမ်းအထက်ဆုံးသော မိစ္ဆာကို စေလွှတ်၍ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပေသည်။

ယခုအချိန်အထိတော့ အရာအားလုံး အဆင်ပြေနေချေသည်။

အနည်းဆုံးတော့ ယောင်ပင်းက ငါးစာကို ဟပ်မိသွားခဲ့ပြီ မဟုတ်ပါလား

မာစတာလျို့က လှောင်ပြုံးပြုံးလိုက်သည်။

“အလှလေးတစ်ယောက်ရဲ့ လက်ထဲမှာ သေရတာက အဲဒီကောင်လေးအတွက် အရမ်းတောင်ကံကောင်းလွန်းနေသေးတယ်”

ယောင်ပင်းအပေါ် သူ၏ နာကျည်းမှုမှာ အလွန်ပင် နက်ရှိုင်းပေသည်။

သို့သော် ယနေ့ညကုန်ဆုံးပြီးနောက်တွင် ယောင်ပင်းဆိုသည့်လူမှာ ဤကမ္ဘာပေါ်တွင် ရှိတော့မည် မဟုတ်ပေ။

ဤသည်ကို တွေးမိသည်နှင့် မာစတာလျို့၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားခဲ့၏။

ထိုအချိန်မှာပင် ကန်းခွိုက်လဲ့၏ အသံမှာ ရုတ်တရက် တင်းမာသွားခဲ့သည်။

“မိစ္ဆာမလေး စလုပ်တော့မယ်... အရေးကြီးတဲ့ အချိန်ရောက်ရင် ငါက မိစ္ဆာမလေးကို ကူညီပြီး ဒီရန်ငြိုးကို အမြစ်ဖြတ်ပစ်မယ်”

ယောင်ပင်းသည် အရှေ့မှ မိစ္ဆာကိုသာ သတိပြုမိပြီး၊ ၎င်းတို့က အမှောင်ထဲတွင် ပုန်းအောင်းနေဆဲ ဖြစ်သည်ကို လုံးဝ သတိမထားမိချေ။

သူတို့၏ အစီအစဉ်မှာ အပြစ်ပြောစရာ မရှိပေ။

မာစတာလျို့မှာ မကျေမနပ် ဖြစ်မနေနိုင်တော့ဘဲ ပြတင်းပေါက်ဆီသို့ အလျင်အမြန် တိုးကပ်သွားကာ နောက်ဖေးဥယျာဉ်မှ ယောင်ပင်းနှင့် မိစ္ဆာမလေးကို စူးစိုက်ကြည့်နေမိတော့သည်။

လုရှောင်ဖေး၏ လက်လေးက ယောင်ပင်း၏ လည်ပင်းဆီသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ထို့နောက် လုရှောင်ဖေး၏ လက်မှာ ပွေ့ဖက်နေရာမှ ရုတ်တရက် ဆုပ်ကိုင်သည့် ပုံစံသို့ ပြောင်းလဲသွားပြီး သူမ၏ ရှည်လျားသော လက်သည်းများမှာ ယောင်ပင်း၏ လည်ပင်းဆီသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်လေသည်။

ထိုခဏမှာပင် ကန်းခွိုက်လဲ့ နှင့် မာစတာလျို့တို့မှာ အသက်ရှူပင် မဝံ့ဘဲ၊ နောက်ဖေးဥယျာဉ်မှ မြင်ကွင်းကို မလှုပ်မယှက် စူးစိုက်ကြည့်နေကြ၏။

အရေးကြီးသော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူတို့ သိရှိပေသည်။

မကြာမီ သူတို့၏ အလှည့်သို့ ရောက်တော့မည် ဖြစ်၏။

သို့သော်လည်း လုရှောင်ဖေး၏ ရှည်လျားသော လက်သည်းများမှာ ယောင်ပင်း၏ လည်ပင်းသို့ ထိုးဖောက်ခါနီးမှာပင်၊ ယောင်ပင်းက ရုတ်တရက် လှည့်လိုက်ကာ လုရှောင်ဖေး၏ လက်ကို ဖမ်းဆုပ်လိုက်လေသည်။

“ရှင်... ရှင် ဘာလုပ်တာလဲ”

လုရှောင်ဖေး၏ အသံမှာ အနည်းငယ် တုန်ရီသွားသော်လည်း သူမသည် က လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်အောင် လုပ်ကာ သူမ၏ လက်သည်းများကို အသံမထွက်ဘဲ ပြန်ရုပ်သိမ်းရန် ကြိုးစားလိုက်၏။

ယောင်ပင်းက ဤမျှအထိ လျင်မြန်စွာ တုံ့ပြန်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

ယောင်ပင်းက သူမ၏လက်ကို ဖမ်းဆုပ်လိုက်ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပြီး၊ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိမြင်သွားခြင်း မဟုတ်ဟု သူမ ထင်မြင်နေမိသည်။

အဘယ်ကြောင့်ဆိုသော် သူမသည်က သူမကိုယ်သူမ အလွန်ကောင်းမွန်စွာ ဟန်ဆောင်ထားသောကြောင့်ပင်။

“ရှောင်ဖေး”

အမှောင်ထုအတွင်း၌ ယောင်ပင်းက အနည်းငယ် ပြုံးပြလိုက်ရင်း လုရှောင်ဖေး၏ မျက်နှာကို စူးစိုက်ကြည့်လိုက်လေသည်။

“အစ်မ ဘာလုပ်နေတာလဲ”

“ကျွန်မ ဘာဖြစ်လို့လဲ”

လုရှောင်ဖေးမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး ခပ်တိုးတိုး ရယ်မောလိုက်လေ၏။

သူမသည်ကား ဤကဲ့သို့သော အခြေအနေမျိုးကို ရာနှင့်ချီ၍ ကြုံတွေ့ခဲ့ဖူးသူ ဖြစ်၍ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။

သို့သော် မကြာမီတွင် လုရှောင်ဖေး၏ ရယ်သံမှာ ရုတ်ခြည်း ရပ်တန့်သွားခဲ့ရပေသည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ရှည်လျားသော လက်သည်းများမှာ ရုတ်တရက် ပြန်ရုပ်သိမ်း၍ မရတော့သောကြောင့်ပင်။

သူမသည်က တစ္ဆေမိစ္ဆာတစ်ဦး ဖြစ်ရာ သူမ၏ လက်သည်းများကို လိုသလို ထုတ်နိုင်၊ သွင်းနိုင်ပေသည်။

သို့သော် ယောင်ပင်းက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည့် ခဏမှာပင်၊ ဖမ်းဆုပ်ခံထားရသော လက်မှ ရှည်လျားသော လက်သည်းများမှာ ပြန်ရုပ်သိမ်း၍ မရတော့ချေ။

လုရှောင်ဖေးမှာ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း မရေမရာ သိရှိလိုက်ရ၏။

ဤကဲ့သို့သော အခြေအနေမျိုးကို သူမ မည်သည့်အခါမျှ မကြုံတွေ့ခဲ့ဖူးပေ။

အမှောင်ထုအတွင်းမှ ယောင်ပင်း၏ တိုးညင်းသော အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။

“ရှောင်ဖေး... အစ်မက လှလည်းလှသလို ကြင်နာတတ်တဲ့သူပဲ။ ဒါပေမဲ့ အစ်မရဲ့ လက်သည်းတွေက အရမ်းရှည်လွန်းနေပြီ၊ အဲဒါတွေကို ညှပ်ပစ်သင့်တယ်”

လုရှောင်ဖေးမှာ ရုတ်တရက် တောင့်ခဲသွားခဲ့၏။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူမက အေးစက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

“ရှင် ဘယ်တုန်းက သိသွားတာလဲ”

သူမ သေသေချာချာ ပြန်စဉ်းစားကြည့်မိ၏။ အလျင်စလို လုပ်ဆောင်မိခြင်းမှလွဲ၍ သူမ၏ အသွင်အပြင်တွင် မည်သည့် အားနည်းချက်မျှ မရှိပေ။

သို့သော် ထိုသခင်လေးမာ ဆိုသူက သူမကို သိနေပုံရပြီး၊ သူက ယောင်ပင်းအား သေချာပေါက် ပြောပြပေလိမ့်မည်။

ထို့ကြောင့် သူမသည် ယောင်ပင်းအား အလျင်အမြန် အပြတ်ရှင်းရန် လိုအပ်နေခြင်း ဖြစ်၏

ထိုအချက်ကြောင့်ပင် သူမက ယောင်ပင်းအား ညသန်းခေါင်ယံအချိန်တွင် နောက်ဖေးဥယျာဉ်ဆီသို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပေသည်။

အမျိုးသားတစ်ဦးအား ထောင်ချောက်အတွင်းသို့ မျှားခေါ်ကာ ရင်းနှီးကျွမ်းဝင်နေသည့် အချိန်တွင် အသက်ကို နှုတ်ယူရန်မှာ သူမအတွက်တော့ ကလေးကစားစရာမျှသာ ဖြစ်ပေသည်။

သို့သော်လည်း ယောင်ပင်းက သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိမြင်သွားလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။

“မိစ္ဆာ၊ စိတ်ကို လှည့်ဖြားခြင်းမှာ ကျွမ်းကျင်တယ်၊ တိုက်ခိုက်ရေးအဆင့်က အဆင့်ငါး”

ယောင်ပင်းက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ကျွန်တော့်အသက်ကို နှုတ်ယူဖို့ ကန်းခွိုက်လဲ့ ရဲ့ စေခိုင်းမှုကို ခံထားရတယ်၊ လုရှောင်ဖေး... ကျွန်တော် ပြောတာ မှန်တယ်မလား”

*

All Chapters