အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း(99)
ရက်အနည်းငယ်ကြာအောင် ပတ်သက်ပြီးနောက်တွင် မာရှောက်သည်က စိတ်ရင်းသဘောထားမဆိုးဘဲ အလိုလိုက်ခံထားရသဖြင့် အကျင့်ဆိုးအချို့ ရှိနေရုံသာဖြစ်ကြောင်း ယောင်ပင်း သိရှိခဲ့ရသည်။
သို့သော်လည်း ယောင်ပင်းက သူ့အနေဖြင့် မာရှောက်၏ မွေးနေ့ပွဲသို့လာရုံသာလာမည်ဖြစ်ကာ အခြားအရာများကိုတော့ ပြောဆိုမည်မဟုတ်ကြောင်း ကြိုတင်၍ ပြောထားခဲ့၏။
သူက ခေတ္တမျှသာ လာရောက်ပြီး ပြန်ရန် စီစဉ်ထားခြင်း ဖြစ်ပေသည်။
အချို့သော အရာများကို မပြောဘဲ ထားခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။
ထို့ကြောင့် မာရှောက်မှာ ကြွားဝါရန် ပြင်နေသည်ကို မြင်သောအခါ၊ ယောင်ပင်းက သူ့အား တိတ်တိတ်နေရန် မျက်စိဖြင့် အချက်ပြလိုက်ခြင်း ဖြစ်ပေသည်။
ကံကောင်းသည်မှာ မာရှောက်က စိတ်လှုပ်ရှားနေသော်လည်း ၎င်းတို့၏ သဘောတူညီချက်ကို မေ့လျော့ခြင်းမရှိဘဲ ချက်ချင်းပင် သတိဝင်သွားခဲ့ခြင်းပင်။
ယောင်ပင်း သက်ပြင်းချနိုင်သွားခဲ့ပြီးနောက်အုပ်စုနှင့်အတူ ဒုတိယထပ်ဆီသို့ လိုက်ပါသွားခဲ့၏။
ကလပ်၏ ဒုတိယထပ်တွင် စားသောက်ခန်းမနှင့် ဖျော်ဖြေရေးကဏ္ဍများကို ပေါင်းစပ်ထားပြီး၊ စစ်တုရင်၊ ဘီလီယံနှင့် ကာရာအိုကေခန်းငယ်လေးများလည်း ရှိနေသဖြင့် လူငယ်များအကြား ရေပန်းစားပေသည်။
မွေးနေ့ပွဲ ကျင်းပရန်အတွက် မာရှောက်က ဒုတိယထပ်တစ်ခုလုံးကို ဘွတ်ကင်လုပ်ထားခဲ့ခြင်း ဖြစ်၏။
လူငယ်တစ်အုပ်မှာ ဇက်ကြိုးပြတ်နေသော မြင်းရိုင်းများကဲ့သို့ သီချင်းဆိုခြင်း၊ ကခုန်ခြင်းနှင့် မဆင်မခြင် ဆော့ကစားခြင်းတို့ကို ပြုလုပ်နေကြရာ ဒုတိယထပ်တစ်ခုလုံး ပျက်စီးလုနီးပါးပင် ရှိနေချေသည်။
သို့သော် ချွင်းချက်အနေဖြင့် တစ်ဦးတစ်ယောက်ရှိနေခဲ့၏။
ထိုသူမှာ ကော်တာ့ဟွား ဖြစ်ပေသည်။
ကော်တာ့ဟွားသည်ကား ဤချမ်းသာသော လူငယ်အုပ်စုအတွင်း၌ အချမ်းသာဆုံး ဖြစ်ပြီး၊ မာရှောက်သည်လည်း သူ့အား အမြဲတစေ “အစ်ကိုဟွား” ဟု ခေါ်ဆိုကာ နောက်က တကောက်ကောက် လိုက်ပြီး မျက်နှာချိုသွေးလေ့ရှိသူ ဖြစ်၏။
သို့သော် ယနေ့တွင်ျော့ မာရှောက်မှာ သူ့အား မမြင်သကဲ့သို့ ပြုမူနေပြီး၊ ယောင်ပင်း၏ ဘေးတွင်သာ တဝဲလည်လည် လုပ်နေခဲ့သည်။
ဤအချက်မှာ ကော်တာ့ဟွားအား အလွန်အမင်း အနေရခက်စေခဲ့သည်။ အဘယ်ကြောင့် ဆင်းရဲသားတစ်ယောက်က သူ့ထက် ပို၍ အရေးပေးခံနေရသနည်း။
ထို့ကြောင့် သူ ယောင်ပင်းအား ပညာပေးရန် ဆုံးဖြတ်လိုက်လေသည်။
“မင်းက ယောင်ပင်းလား”
ကော်တာ့ဟွားသည် ယောင်ပင်းနှင့် မာရှောက်တို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး၊ ယောင်ပင်းအား အကဲခတ်သည့် အကြည့်ဖြင့် ကြည့်ကာ တမင်တကာ အသံမြှင့်၍ မေးလိုက်သည်။
“ဒီနေ့က မာရှောက်ရဲ့ မွေးနေ့လေ၊ ငါတို့အားလုံးက သူ့အတွက် မွေးနေ့လက်ဆောင်တွေ ပြင်ဆင်လာကြတယ်။ မင်းကရော၊ မင်း ဘယ်လို လက်ဆောင်မျိုး ပြင်ဆင်လာလဲ”
သူက ယောင်ပင်း လက်ဆောင်ယူမလာသည်ကို သိရှိသဖြင့် သူ့အား လူပုံအလယ်တွင် အရှက်ခွဲရန် တမင်တကာ မေးမြန်းလိုက်ခြင်း ဖြစ်၏။
မာရှောက်က အလျင်အမြန်ပင် ကြားဝင်ညှိနှိုင်းပေးလိုက်သည်။
“မလိုပါဘူး၊ မလိုပါဘူး ငါ့ဆရာက ငါ့မွေးနေ့ပွဲကို တက်ရောက်ပေးတာကပဲ ငါ့အတွက် ကြီးမားတဲ့ ဂုဏ်ယူစရာပဲ၊ တခြား ဘာမွေးနေ့လက်ဆောင်မှ မလိုဘူး”
အကယ်၍သာ ယောင်ပင်းက သူ့အား တစ္ဆေများကို ထိန်းချုပ်နည်း သို့မဟုတ် ဝိညာဉ်ဆင့်ခေါ်နည်းများကို သင်ကြားပေးမည်ဆိုလျှင်တော့ ၎င်းမှာ သူ တစ်သက်လုံး ကြွားဝါရန် လုံလောက်ပေလိမ့်မည်။
မည်သည့်လက်ဆောင်က ထိုအရာထက် ပို၍ ခန့်ညားထည်ဝါနိုင်ပါမည်နည်း။
ကော်တာ့ဟွား၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားခဲ့၏။
ယောင်ပင်း မွေးနေ့ပွဲကိုတက်ရောက်ပေးခြင်းက မာရှောက်အတွက် ကြီးမားသော ဂုဏ်ယူစရာလို့ပြောလိုက်တာလား။ ဒါဆို သူကရော။
သူ မွေးနေ့ပွဲကိုတက်ပေးတာက မာရှောက်အတွက် ဂုဏ်ယူစရာ မဟုတ်ဘူးလို့ ဆိုလိုတာလား။
မာရှောက်၏ လေသံမှာ ယောင်ပင်းက သူ့ထက် ပို၍ မြင့်မြတ်သည်ဟု ယူဆနေကြောင်း ထင်ရှားပေသည်။
ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ရင်း ပြောလာသည်။
“ငါ ဒီနေ့ အလျင်စလို လာခဲ့ရလို့ ဘာလက်ဆောင်မှ မပြင်ဆင်ရသေးဘူး၊ ဒါကို နောက်မှ ပြန်ပြီး လက်ဆောင်ပေးမယ်၊ ဒါက မင်းရဲ့ မွေးနေ့ပဲလေ”
မာရှောက်က ငြင်းဆန်ရန် ပြင်လိုက်ချိန်မှာပင် ကော်တာ့ဟွားက ဝင်ပြောလိုက်သည်။
“နောက်တစ်နေ့အထိ စောင့်နေစရာ မလိုပါဘူး၊ အခု ဒီမှာပဲ လက်ဆောင်ပေးလို့ ရတာပဲ”
မာရှောက်က ကော်တာ့ဟွားအား စိုက်ကြည့်လိုက်ပြီး၊ ယောင်ပင်းအတွက် လမ်းချန်ပေးရန် ကြိုးစားလိုက်သည်။
“ဒီနေရာမှာ ဘယ်လိုများလက်ဆောင်ပေးလို့ရမှာလဲ၊ နောက်မှပဲ ပေးပါစေ”
ကော်တာ့ဟွားက သူ့အား ကြည့်ပင်မကြည့်ဘဲ လက်ခုပ်တစ်ချက် တီးလိုက်လေသည်။
“စားပွဲထိုး”
မကြာမီတွင် စားပွဲထိုးတစ်ဦးက သူတို့ရှိရာသို့ အလျင်အမြန် လျှောက်လာပြီး ရိုသေစွာ မေးမြန်းလိုက်၏ ။
“သခင်လေးကော်... ဘာများ လိုအပ်ပါသလဲ”
“မင်ယင်_ ၁၉၉၂ ဝိုင် တစ်ပုလင်း ယူခဲ့စမ်း၊”
ကော်တာ့ဟွားက ယောင်ပင်းအား လက်ညှိုးညွှန်ပြကာ ပြောခဲ့သည်။
“အဲဒီဝိုင်ဖိုးကို ဒီလူကြီးမင်းရဲ့ စာရင်းထဲမှာပဲ ထည့်ထားလိုက်”
စားပွဲထိုးက ယောင်ပင်းအား တစ်ချက်ကြည့်လိုက်ပြီး ပြန်လည် ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ”
ထို့နောက် စားပွဲထိုးက ဝိုင်သွားယူရန် အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။
မာရှောက်၏ အမူအရာမှာ အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း ယောင်ပင်းအား အားနာစွာဖြင့် ပြုံးပြလိုက်သည်။
“ဆရာ... ဝိုင်ဖိုးကို ဆရာ ပေးစရာ မလိုပါဘူး၊ ကျွန်တော် ဒီဒုတိယထပ် တစ်ခုလုံးကို ဘွတ်ကင်လုပ်ထားတာလေ၊ ဒီနေ့ ကုန်ကျစရိတ် အားလုံးကို ကျွန်တော်ပဲ တာဝန်ယူပါ့မယ်”
သူသည်ကား ကော်တာ့ဟွားအား မစော်ကားချင်သကဲ့သို့၊ ယောင်ပင်းအားလည်း လုံးဝ စိတ်အနှောင့်အယှက် မဖြစ်စေလိုပေ။
အကယ်၍ သူသာ ငွေပေးချေလိုက်မည်ဆိုလျှင် နှစ်ဦးလုံးအတွက် မျက်နှာရစေမည် မဟုတ်ပါလား။
ယောင်ပင်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
ထိုဝိုင်တစ်ပုလင်း မည်မျှတန်သည်ကို သူ မသိသကဲ့သို ဂရုလည်း မစိုက်ပေ။
မမျှော်လင့်ဘဲ ကော်တာ့ဟွားက စိတ်ပျက်သွားပြီး မာရှောက်အား စိုက်ကြည့်ကာ ဒေါသတကြီး ပြောဆိုလိုက်သည်။
“မင်းက ဘာလို့ ငွေရှင်းပေးမှာလဲ၊ သူက မင်းရဲ့မွေးနေ့ပွဲကို လာတာပဲလေ၊ ဘယ်လိုလုပ် လက်ဗလာနဲ့ လာလို့ ရမလဲ၊ ဒီဝိုင်တစ်ပုလင်းကို သူ့ရဲ့ မွေးနေ့လက်ဆောင်လို့ပဲ သတ်မှတ်လိုက်၊ ဒါကြောင့် သူပဲ ငွေရှင်းသင့်တာပေါ့”
ကော်တာ့ဟွားသည်ကား ယောင်ပင်းအနေဖြင့် ထိုဝိုင်တစ်ပုလင်း၏ တန်ဖိုးကို ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း အသေအချာ ယုံကြည်နေခြင်း ဖြစ်ပေသည်။
အကယ်၍ ယောင်ပင်းကို ငွေမရှင်းခိုင်းပါက၊ လူပုံအလယ်တွင် မည်သို့ အရှက်ခွဲနိုင်ပါမည်နည်း။
ဤသည်မှာ ကော်တာ့ဟွား၏ တကယ့် ရည်ရွယ်ချက်ပင် ဖြစ်၏။
မာရှောက်မှာလည်း စိတ်မချမ်းသာ ဖြစ်သွားခဲ့ရပေသည်။
သူသည် ယောင်ပင်းအား အတင်းအကျပ် ဖိတ်ခေါ်လာခြင်း ဖြစ်ပေ၏။ သို့သော် ကော်တာ့ဟွားက ယောင်ပင်းအား တမင်တကာ အကျပ်ကိုင်နေခြင်းမှာ သူ့အား အလွန် အနေရခက်စေပေသည်။
သူ စကားမပြောရသေးမီမှာပင် သူ၏သူငယ်ချင်း အနည်းငယ်မှာလည်း သူတို့ရှိရာသို့ အပြေးအလွှား ရောက်ရှိလာကြပြီး တစ်ယောက်တစ်မျိုး တောင်းဆိုကြတော့သည်။
“ငါကတော့ ပက်ထရက်တစ်ပုလင်း လိုချင်တယ်၊ အစ်ကိုဟွား လိုချင်နေတဲ့ မင်ယင်ထက် အများကြီး ပိုပြီး ဈေးသက်သာတယ်”
“ငါလည်း လီဖန်း လိုချင်တယ်... ပြီးတော့ ယောင်ပင်းရဲ့ အကောင့်ထဲမှာပဲ ထည့်လိုက်ပါ ၊ ငါတို့ နှစ်ယောက်ပေါင်းတာတောင် အစ်ကိုဟွား လိုချင်တဲ့ ဈေးကို မမီပါဘူး”
“ငါလည်း လိုချင်တယ် ငါလည်းပဲ...”
မျက်စိတစ်မှိတ်အတွင်းမှာပင် မာရှောက်၏ သူငယ်ချင်းများမှာ ယောင်ပင်း၏ ဘေးတွင် ဝိုင်းအုံလာကြပြီး ယောင်ပင်းအား ဧည့်ခံခိုင်းကြတော့သည်။
ယောင်ပင်းက ပျာယာခတ်မသွားဘဲ တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ၊ ငါပဲ ဧည့်ခံပါ့မယ်”
မာရှောက်က ယောင်ပင်းအား သဘောမတူစေရန် သူ၏အင်္ကျီကို ဆွဲ၍ တားဆီးလိုက်၏။ ယောင်ပင်းအနေဖြင့် ဤနေရာ၏ ဈေးနှုန်းများကို မသိရှိနိုင်သော်လည်း၊ မာရှောက်က ကောင်းစွာ သိရှိပေသည်။
ဤပစ္စည်းများင အနည်းငယ်ဆိုလျှင်ပင် ကုန်ကျစရိတ်မှာ မနည်းလှပေ။
ကော်တာ့ဟွားက လှောင်ပြုံးပြုံးလိုက်ပြီး စားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်
“ကောင်းတယ် တကယ့်ကို ရက်ရောတာပဲ မင်းတို့တွေ နောက်ထပ် သောက်ချင်တာ၊ စားချင်တာ ရှိရင်လည်း အကုန်မှာလိုက်ကြ၊
ယောင်ပင်းရဲ့ စာရင်းထဲမှာပဲ အကုန်ထည့်လိုက်ကြတာပေါ့၊ ကျင့်ဟွမ်ကလပ်ရဲ့ စားသောက်စရာတွေက ပင်းဟိုင်မှာ အကောင်းဆုံးဆိုတာ မင်းတို့ သိကြမှာပါ”
“ကျင့်ဟွမ်ရဲ့ စားသောက်စရာတွေတင် ကောင်းတာ မဟုတ်ဘူး၊ ပိုင်ရှင်မမလေးကလည်း တကယ့်ကို အစွမ်းထက်တာ၊
ပိုင်ရှင်မမလေးက တစ်ချက်ပြုံးလိုက်ရုံနဲ့ အမျိုးသားတွေကို ပြုစားနိုင်တယ်လို့ ကျွန်တော် ကြားဖူးတယ်
ဒီလောကထဲက လုပ်ငန်းရှင်တချို့ဆိုရင် သူမကြောင့် တစ်ယောက်နဲ့တစ်ယောက် ရန်သူဖြစ်ကုန်ကြတယ်တဲ့”
“ဒါကို ငါလည်း ကြားဖူးတယ်... ပိုင်ရှင်မမလေးက တကယ့်ကို ပြုစားနိုင်တဲ့သူလို့ ပြောကြတယ်၊
သူမကို မြင်ဖူးတဲ့ အမျိုးသားတိုင်းက ရူးသွပ်နေကြတာပဲ သူမနဲ့အတူ ထမင်းတစ်နပ် စားချင်ရင်တောင် ယွမ်သန်းနဲ့ချီပြီး ကုန်ကျနိုင်တယ်တဲ့၊
အမှန်အတိုင်း ပြောရရင် ငါလည်း ကျင့်ဟွမ်ရဲ့ ပိုင်ရှင်မမလေးနဲ့ တွေ့ဖို့ကို အိပ်မက်မက်နေတာ၊ ကံမကောင်းတာက သူမက နဂါးတစ်ကောင်လိုပဲ၊ လူမြင်ရခဲပြီး တွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်”
…
လူတိုင်းက စကားလမ်းကြောင်း လွဲသွားသည်ကို မြင်သောအခါ ကော်တာ့ဟွားမှာ မျက်နှာကို တင်းမာထားလျက် ခပ်အုပ်အုပ် ချောင်းဆိုးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ပိုင်ရှင်မမလေးနဲ့ တွေ့ဖို့ ဟုတ်လား၊ အိပ်မက်ပဲ မက်နေလိုက်ကြ ၊ အဲဒါထက် ယောင်ပင်းက ငါတို့မှာတဲ့ ဝိုင်ဖိုးတွေကို ပေးနိုင်မလားဆိုတာကိုပဲ အရင်မေးလိုက်ကြဦး၊ တကယ်လို့ သူ မပေးနိုင်ဘူးဆိုရင်တော့ ငါတို့ဘာသာ ငါတို့ပဲ ပိုက်ဆံ ပြန်စုရလိမ့်မယ်”
သူ၏ ချောင်းဆိုးသံကြောင့် အခြားသူများမှာ သူတို့၏ အမှားကို သတိဝင်သွားကြလေသည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဝိုင်ဖိုးကိစ္စက အရေးကြီးတာပဲ၊ ပိုင်ရှင်မမလေးဆိုတာက ငါတို့ ကြုံသလို တွေ့နိုင်တဲ့လူမှ မဟုတ်တာ”
“ငါမှာတဲ့ ဝိုင်ကတော့ ဈေးသက်သာပါတယ်၊ နှစ်သောင်းလောက်ပဲ ရှိမှာလေ၊ အစ်ကိုဟွားမှာတဲ့ ဝိုင်ကတော့ အဈေးအကြီးဆုံးပဲ၊ နှစ်သိန်းလောက် ရှိလိမ့်မယ်”
…
သူတို့ အကြမ်းဖျင်း တွက်ချက်ကြည့်လျှင် မှာယူထားသော ဝိုင်ဖိုးများက ယွမ်ငါးသိန်း နီးပါး ရှိနေချေပြီ။
“ယွမ်ငါးသိန်းတောင် ဟုတ်လား”
ယောင်ပင်း အံ့အားသင့်သွားခဲ့ရပေသည်။
သူသည်ကား ဤနေရာမှ စားသောက်စရာများကို ဈေးကြီးလိမ့်မည်ဖြစ်ကြောင်း သိထားသော်လည်း၊ သူ ထင်မှတ်ထားသည်ထက် ပို၍ ဈေးကြီးနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယခုအချိန်တွင် သူ၏ ပိုင်ဆိုင်မှုမှာ သန်းပေါင်း ရာနှင့်ချီ၍ ရှိနေပြီ ဖြစ်သော်လည်း၊ သူသည်က ဆင်းရဲသော မိသားစုမှလာသူဖြစ်သဖြင့် ဤကဲ့သို့သော အဆင့်မြင့် ကုန်ကျစရိတ်မျိုးကို လုပ်ဆောင်ခဲပေသည်။
ထို့ကြောင့် ဝိုင်အနည်းငယ်ဖြင့် ငါးသိန်းနီးပါး ကုန်ကျမည်ဟု ကြားလိုက်ရချိန်တွင် ရုတ်တရက် အတော်လေးအံ့အားသင့်သွားရလေ၏။
*
အခန်း(100)မတူညီတဲ့ အသိုင်းအဝိုင်းကြားကို အတင်းအကျပ် မတိုးဝင်သင့်ဘူး
ယောင်ပင်း၏ အံ့သြသင့်အမူအရာမှာ ကော်တာ့ဟွား မြင်တွေ့ချင်နေသော အမူအရာပင် ဖြစ်ပေသည်။
သူ လှောင်ပြုံးပြုံးလိုက်သည်။
“မတူညီတဲ့ အသိုင်းအဝိုင်းတွေကြားထဲကို အတင်းအကျပ် တိုးမဝင်နဲ့ပေါ့၊ မင်း ငါတို့မှာထားတဲ့ ဝိုင်ရဲ့ ဈေးတွေကို မပေးနိုင်ပါဘူး
ဒါပေမဲ့ မင်းက ပေးပါ့မယ်လို့ သဘောတူထားပြီးသားဆိုတော့.. ဒီတစ်ခါတော့ မင်း သေချာပေါက် ပေးရလိမ့်မယ်”
“အစ်ကိုဟွား... သူတို့က သူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာတောင် ဒီလောက်အထိများတဲ့ ပိုက်ဆံကို မြင်ဖူးချင်မှ မြင်ဖူးကြမှာပါ၊ ငါတို့ နည်းနည်း များသွားမလား”
“ငါကတော့ အစ်ကိုဟွားဘက်ကပဲ၊ ငါလည်းပဲ ပိုက်ဆံမရှိဘဲနဲ့ ငါတို့အသိုင်းအဝိုင်းထဲကို အတင်းတိုးဝင်ဖို့ ကြိုးစားနေတဲ့ ဒီလို အသုံးမကျတဲ့လူတွေကို မုန်းတယ်
သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်တာ အကောင်းဆုံးပဲ”
လူတိုင်းမှာ တစ်ယောက်တစ်ပေါက် ပြောဆိုကြပြီး သူတို့၏ စကားလုံးများမှာ တစ်စထက်တစ်စ ပို၍ ရိုင်းစိုင်းလာခဲ့ကြလေသည်။ သခင်လေးမာ၏ မျက်နှာမှာလည်း တင်းမာလာခဲ့ပြီး နေရာမှ ရုတ်တရက် ထရပ်ရန် ကြိုးစားလိုက်၏။
ယောင်ပင်းက သူ့အား ပြန်လည် ထိုင်ခိုင်းလိုက်ပြီး သူ၏ပုခုံးကို ပုတ်ကာ တည်ငြိမ်စွာပင် ထရပ်လိုက်ရင်း ပြောလိုက်သည်။
“ကျွန်တော့်မှာ လုပ်စရာ ရှိသေးလို့ အခုပဲ ပြန်ပါတော့မယ်”
“မရဘူး၊ အရင်ဆုံး ငွေရှင်းသွားဦး”
“မင်းက ထွက်ပြေးဖို့ ကြိုးစားနေတာလား အရင်ဆုံး ငွေရှင်းလိုက်ဦး”
ယောင်ပင်း ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင်၊ ကော်တာ့ဟွားက တစ်ချက် အချက်ပြလိုက်သောကြောင့် အရပ်ရှည်ပြီး ဗလကောင်းသော လူငယ်အချို့မှာ ယောင်ပင်း၏ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး သူ့အား ထွက်ခွာခွင့် မပေးကြတော့ပေ။
ထိုအချိန်မှာပင် ဝိုင်သွားယူရန် ထွက်သွားသော စားပွဲထိုးက ၎င်းတို့ရှိရာသို့ အပြေးအလွှား ပြန်လည် ရောက်ရှိလာခဲ့ပြီး နေရာတွင် ရှိနေသော လူတိုင်းအား ဦးညွှတ်ကာ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။
“အားလုံးပဲ စိတ်မရှိကြပါနဲ့.. အငြင်းပွားနေစရာ မလိုတော့ပါဘူး၊ တစ်စုံတစ်ယောက်က ခင်ဗျားတို့ရဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ရှင်းပေးလိုက်ပါပြီ၊ ခင်ဗျားတို့ မှာထားတဲ့ ဝိုင်ဖိုးတွေလည်း ပါဝင်ပါတယ်”
လူတိုင်း မှင်သက်သွားကြရလေသည်။
တစ်စုံတစ်ယောက်က သူတို့အတွက် ငွေရှင်းပေးလိုက်သည်လား။
“ဘယ်သူက ငါတို့အတွက် ငွေရှင်းပေးလိုက်တာလဲ”
ကော်တာ့ဟွားက ဇဝေဇဝါဖြင့် မေးမြန်းလိုက်လေသည်။
စားပွဲထိုး စကားပြောလိုက်သည်နှင့် သခင်လေးမာ အပါအဝင် လူတိုင်းမှာ မှင်သက်သွားကြရလေသည်။
ယနေ့သည်က သခင်လေးမာ၏ မွေးနေ့ဖြစ်ပြီး သူ့အနေဖြင့် ဒုတိယထပ်တစ်ခုလုံးကို ဘွတ်ကင်လုပ်ထားခဲ့ခြင်း ဖြစ်၏။
သူက စရန်ငွေသာ ပေးထားခဲ့ပြီး ငွေအကြေ မရှင်းရသေးပေ။
သို့ဆိုလျှင် သူတို့အတွက် မည်သူက ငွေရှင်းပေးလိုက်သနည်း။
ကျင့်ဟွမ်ကလပ်၏ ဈေးနှုန်းများမှာ မနည်းလှပေ။
ထို့အပြင် သူတို့မှာ ခုနလေးတင် ငွေသိန်းနဲ့ချီသော ဝိုင်များကို မှာယူခဲ့ကြသည် မဟုတ်ပါလား။
လူတိုင်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် စားပွဲထိုးက ယောင်ပင်းအား လက်ညှိုးညွှန်ပြကာ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။
“မစ္စတာယောင် က ငွေရှင်းပေးလိုက်တာပါ”
လူတိုင်း တောင့်ခဲသွားကြ၏။
ယောင်ပင်း ကိုယ်တိုင်လည်း အံ့အားသင့်သွားခဲ့ရသည်။ သူသည်က ကျင့်ဟွမ်ကလပ်အတွင်းသို့ ဝင်လာကတည်းက ဒုတိယထပ်တွင်သာ ရှိနေခဲ့ပြီး၊ ငွေရှင်းကောင်တာ မည်သည့်နေရာမှာရှိသည်ကိုပင် မသိရှိချေ။
သူက မည်သို့နည်းနှင့် ငွေရှင်းပေးနိုင်ပါမည်နည်း။
တစ်စုံတစ်ယောက်က ငွေရှင်းပေးလိုက်ပြီး ယောင်ပင်းက ရှင်းပေးသည်ဟု အမည်လွှဲ၍ လိမ်ညာပြောဆိုလိုက်ခြင်းပင်။
သို့သော် ငွေရှင်းပေးလိုက်သူက မည်သူနည်း။
မျက်နှာအပျက်ဆုံးမှာ ကော်တာ့ဟွား ပင် ဖြစ်ပေသည်။
ယောင်ပင်းသည်က တစ်လျှောက်လုံး သခင်လေးမာနှင့်အတူ ထိုင်နေခဲ့ခြင်းဖြစ်ပြီး၊ တစ်နေရာမှ တစ်နေရာသို့ သွားလာခြင်း မရှိခဲ့ပေ။
သူ ဘယ်အချိန်မှာ ငွေသွားရှင်းလိုက်တာလဲ။
ကော်တာ့ဟွားမှာ အပါးနပ်ဆုံးသူ ဖြစ်သည်နှင့်အညီ စားပွဲထိုးအား မေးမြန်းလိုက်သည်။
“ငါတို့ရဲ့ စုစုပေါင်း ကုန်ကျစရိတ်က ဘယ်လောက်လဲ”
“နှစ်သန်းနှင့် ရှစ်သိန်းပါ”
စားပွဲထိုးက ယဉ်ကျေးစွာ ပြန်လည်ဖြေလိုက်သည်။
“ခုနက လူကြီးမင်းတို့ မှာယူလိုက်တဲ့ ဝိုင်ဖိုးတွေလည်း အကုန်ပါဝင်ပါတယ်”
အခြားသူများမှာ တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြလေသည်။
ကော်တာ့ဟွားမှာလည်း လုံးဝကို ရှုပ်ထွေးသွားခဲ့၏။
၂.၈ သန်းယွမ်တန်ဖိုးရှိသော ပြေစာကို ယောင်ပင်းက စကားတစ်ခွန်းမျှ မဟဘဲ ရှင်းပေးလိုက်သည်လား။
ယွမ်နှစ်သန်းနှင့်ရှစ်သိန်းဆိုသည်မှာ သူတို့အတွက်တော့ သိပ်မများလှပါချေ။ သို့သော်လည်း ယောင်ပင်းမှာ မတိုင်မီက ဝိုင်ဖိုးငါးသိန်းဆိုသည်ကို ကြားလိုက်ရချိန်တွင် မျက်နှာ ပျက်သွားခဲ့သည် မဟုတ်ပါလား။
သူက ဘယ်လိုလုပ်ပြီး နှစ်သန်းနှင့်ရှစ်သိန်းကို ပေးနိုင်မှာလဲ။
သို့သော် စားပွဲထိုးကတော့ ယောင်ပင်းက ငွေရှင်းပေးလိုက်သည်ဟု ပြောဆိုနေချေသည်။
ကျင့်ဟွမ်ကလပ်မှာ ပင်းဟိုင်ရှိ ထိပ်တန်းကလပ်တစ်ခု ဖြစ်ပြီး၊ တန်ဖိုးပြီးမြင့်လွန်းသော နေရာတစ်ခုဖြစ်သည့်အတွက်ငွေနှစ်သန်းရှစ်သိန်းအတွက်နှင့် သူတို့အား လိမ်ညာလိမ့်မည် မဟုတ်ပေ။
မာရှောက်မှာမူ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့၏။
“ဆရာ... ဆရာက တကယ့်ကို ကြင်နာတတ်တာပဲ ကျွန်တော့်အတွက် ဒီလောက်အထိ အကုန်အကျခံပြီး ရှင်းပေးခဲ့တယ်ပေါ့”
အခြားသူများက ယောင်ပင်းအား အထင်သေးနေကြသော်လည်း၊ သူတစ်ဦးတည်းသာလျှင် ယောင်ပင်း၏ ဘုရင်တစ်ပါးကဲ့သို့သော အရှိန်အဝါကို မြင်တွေ့ခဲ့ဖူးသူ ဖြစ်ပေသည်။
ထို့ကြောင့် မာရှောက်ကတော့ယောင်ပင်းအနေဖြင့် နှစ်သန်းရှစ်သိန်းကို သေချာပေါက် ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေခြင်းပင်။
ယောင်ပင်းက ညင်သာစွာ ခေါင်းခါလိုက်ရင်း ပြောလိုက်သည်။
“ဒီပြေစာကို ငါ ရှင်းပေးခဲ့တာ မဟုတ်ဘူး”
သူသည်က သူမလုပ်ဆောင်ခဲ့သော အရာတစ်ခုကို အလွယ်တကူနှင့် ဝန်ခံမည့်သူ မဟုတ်ပေ
ယောင်ပင်း၏ စကားမှာ အေးဆေးတည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့လေသည်။
ကော်တာ့ဟွားက လှောင်ပြုံးပြုံးလိုက်သည်။
“ငါ သိသားပဲ ဒီလို ဆင်းရဲသားတစ်ယောက်က သခင်လေးမာအတွက် မွေးနေ့လက်ဆောင်တောင် မပေးနိုင်တာ၊ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အကုန်အကျခံနိုင်မှာလဲ”
“အကုန်အကျခံနိုင်တယ် ဆိုရင်တောင်မှ သူ တကယ် ပေးနိုင်မှာ မဟုတ်ပါဘူး”
ကျန်းရှီးရှန် အမည်ရသော မိန်းကလေးက လှောင်ပြောင်သရော်လိုက်သည်။
“သူ စားပွဲထိုးကို ဘယ်လောက်ပေးပြီး သူ့ဘက်က ပါအောင် လုပ်ထားလဲဆိုတာကို သိချင်မိတယ်၊ သခင်လေးမာကတော့ သူ့ဘာသာသူပဲ ငွေပြန်ရှင်းရမှာ သေချာတယ်
ကျွန်မ ဒီလိုလူမျိုးတွေကို အများကြီး တွေ့ဖူးပါတယ် ပိုက်ဆံမရှိဘဲနဲ့ သိက္ခာကိုတော့ အရူးအမူး ဖက်တွယ်ထားချင်ကြတာလေ”
လူတိုင်းက ယောင်ပင်း ငွေရှင်းပေးသည်ဟု ယုံကြည်နေကြချိန်တွင် ယောင်ပင်းကိုယ်တိုင်က သူ ရှင်းပေးခြင်း မဟုတ်ကြောင်း ဝန်ခံခဲ့သည်ကိုတော့ သူမ မေ့လျော့နေပုံရပေသည်။
သို့သော် ကျန်းရှီးရှန်၏ မျက်လုံးထဲတွင်တော့ ဆင်းရဲသူတိုင်းက အမှားလုပ်နေသူများသာ ဖြစ်ပေသည်။
ကော်တာ့ဟွားက စားပွဲထိုးအား ကြည့်ကာ စိတ်မရှည်စွာဖြင့် ငေါက်လိုက်သည်။
“သူက ငွေမရှင်းပေးဘူးဆိုတော့ မင်းက ဘာလို့ လိမ်ပြောနေရတာလဲ”
“သခင်လေးကော်... မစ္စတာယောင်ပင်းအတွက် တစ်စုံတစ်ယောက်က ငွေရှင်းပေးလိုက်တာပါ၊ အဲဒီလူက မစ္စတာယောင်ပင်းဆီကနေ ကျေးဇူးတစ်ခု ရထားဖူးပြီး အဲဒါကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိခဲ့ဘူးလို့ ပြောပါတယ်
ဒါကြောင့် အခုအခွင့်အရေးကို သုံးပြီး မစ္စတာယောင်ပင်းရဲ့ ကျေးဇူးကို အနည်းငယ်လောက်ပဲဖြစ်ဖြစ် ပြန်ဆပ်ခွင့်ရဖို့ မျှော်လင့်ချက်နဲ့ ငွေရှင်းပေးခဲ့တာပါ”
စားပွဲထိုးက တည်ငြိမ်စွာပင် ပြန်လည်ဖြေလိုက်သည်။
“ဒီပိုက်ဆံက မစ္စတာယောင်ပင်း အတွက် ပေးလိုက်တာ ဖြစ်တဲ့အတွက်၊ ဒါက မစ္စတာယောင်ပင်း ကိုယ်တိုင်ပေးတာနဲ့ ဘာတွေများကွာခြားမှာလဲ”
ကော်တာ့ဟွား မှင်တက်သွားခဲ့ရပေသည်။
သူ ထိတ်လန့်သွားခဲ့၏။
သူ ချက်ချင်းပင် ပါးစပ်ပိတ်သွားခဲ့ရတော့သည်။
ယောင်ပင်းအတွက် ငွေရှင်းပေးလိုက်သော ထိုသူက ယောင်ပင်းထံမှ မည်ကဲ့သို့သော ကျေးဇူးမျိုး ရရှိထားသည်လဲ။
သူက (၂.၈)သန်း ကို အကုန်အကျခံကာ ရှင်းပေသော်လည်း ဤသည်မှာ ကျေးဇူးတရား၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ရှိသေးသည်ဟု ပြောဆိုခဲ့သည်။
ယောင်ပင်းကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။
သူသည်က လူအများအပြားကို ကူညီခဲ့ဖူးသော်လည်း၊ မည်သူက သူ့အတွက် ဤမျှအထိ ငွေရှင်းပေးလိမ့်မည်နည်းဆိုသည်ကိုတော့ သူ စဉ်းစား၍ မရနိုင် ဖြစ်နေပေသည်။
လူတိုင်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင်၊ ကျန်းရှီးရှန်က အေးစက်စွာ ပြုံးလိုက်ပြီး စားပွဲထိုး၏ လင်ဗန်းအတွင်းမှ ဝိုင်တစ်ပုလင်းကို ယူလိုက်ကာ အောက်ထပ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်လေသည်။
ခွမ်း!
ဖန်ကွဲသံတစ်ခုက ချက်ချင်းပင် ထွက်ပေါ်လာခဲ့၏။
ကျန်းရှီးရှန်က သူမ၏လျှာကို ထုတ်လိုက်ကာ အံ့သြဟန် ဆောင်လိုက်သည်။
“အို... ကျွန်မ မတော်တဆ ဝိုင်တွေကို မှောက်ကျသွားအောင် လုပ်မိပြီ ၊ အစ်ကိုယောင်ပင်း... ကျွန်မအတွက် နောက်ထပ် ဝိုင်တစ်ပုလင်း ထပ်ဝယ်ပေးလို့ ရမလား”
သူမက တမင်တကာ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပေသည်။
ကော်တာ့ဟွားကဲ့သို့ပင်။ သူမသည်လည်း ယောင်ပင်းအား အရှက်ခွဲရန် ဆုံးဖြတ်ထားသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က သူ့အတွက် အဆင်သင့် ငွေရှင်းပေးလိုက်သည် မဟုတ်ပါလား။
ထို့ကြောင့် ကျန်းရှီးရှန်က ဝိုင်တစ်ပုလင်းကို တမင်တကာ လွှင့်ပစ်လိုက်ခြင်း ဖြစ်၏။
ယောင်ပင်းအတွက် ငွေရှင်းပေးလိုက်သောသူင ယခုတစ်ကြိမ်တွင်တော့ လာပြီး ငွေရှင်းပေးလိမ့်မည်မဟုတ်လောက်ပါချေ။
သူမက ယောင်ပင်းအား ဤနေရာတွင်ပင် ထိုဝိုင်တစ်ပုလင်းဖိုးကို လက်ငင်း ငွေရှင်းခိုင်းစေချင်နေခြင်း ဖြစ်ပေသည်။
ကော်တာ့ဟွားက ကျန်းရှီးရှန်အား ကျေနပ်သည့် အကြည့်ဖြင့် ကြည့်ကာ ပြုံးလိုက်လေသည်။
သူတို့သည်က ယောင်ပင်းအား အရှက်ခွဲရန် ကြံစည်ထားကြသဖြင့် သူ့အား အလွယ်တကူ လွှတ်ပေး၍ မဖြစ်ပေ။
“ရှီးရှန်... ငါ မှတ်မိသလောက်ဆိုရင်၊ မင်း လွှင့်ပစ်လိုက်တဲ့ ဝိုင်တစ်ပုလင်းက လေးသောင်းရှစ်ထောင်တောင် တန်တယ်နော်”
ကော်တာ့ဟွားက ကျန်းရှီးရှန်အား ကြည့်ကာ ပြုံးလိုက်ပြီးနောက် ယောင်ပင်းဘက်သို့ လှည့်လိုက်သည်။
“မင်းအတွက် တစ်စုံတစ်ယောက်က ၂.၈ သန်း ရှင်းပေးထားမှတော့၊ ကျန်တဲ့ လေးသောင်းရှစ်ထောင်ဆိုတာက ပြဿနာ မဟုတ်တော့ပါဘူး ဟုတ်တယ်လား”
အခြားသူများကလည်း ယောင်ပင်းအား ကြည့်ကာ ပြုံးလိုက်ကြလေသည်။
လူတိုင်းက ထိုဝိုင်ပုလင်းအတွက် သူ ငွေရှင်းရမည်က သဘာဝကျသည်ဟု ယူဆနေကြသကဲ့သို့ပင်။
အထူးသဖြင့် ကျန်းရှီးရှန်ပင် ဖြစ်ချေသည်။
ထိုအချိန်မှာပင် ဒုတိယထပ်၏ တံခါးဝမှ ရိုင်းစိုင်းပြီး ဒေါသထွက်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“စောက်ကျိုးနည်း... ဘယ်သူက ဒီဝိုင်ပုလင်းကို လွှင့်ပစ်လိုက်တာလဲ”
လူတိုင်း တံခါးဝရှိရာသို့ လှည့်ကြည့်လိုက်ကြ၏။
ထိုနေရာတွင် တက်တူးအပြည့်နှင့် ရွှေဆွဲကြိုးကြီး ဆွဲထားသော ထိပ်ပြောင်အမျိုးသားတစ်ဦး ရပ်နေပြီး သူ၏ပြောင်နေသော ဦးခေါင်းကို တစ်ရှူးဖြင့် ဖိထားခဲ့သည်။
သူ၏နောက်တွင်လည်း သူနှင့် ပုံစံတူ ဝတ်ဆင်ထားသော ထိပ်ပြောင်လူတစ်ဒါဇင်ခန့် ရပ်နေကြလေသည်။
ထိုထိပ်ပြောင်အမျိုးသား၏ လက်ထဲရှိ တစ်ရှူးမှာတော့ သွေးများဖြင့် စွန်းထင်းနေချေပြီ။
သူ၏ခေါင်းက ကွဲသွားခဲ့ပုံရသည်။
ကျန်းရှီးရှန် လွှင့်ပစ်လိုက်သော ဝိုင်ပုလင်းက ထိုသူ၏ခေါင်းကို ထိမှန်သွားခဲ့ခြင်း ဖြစ်ရပေမည်။
မတိုင်မီက မောက်မာနေကြသော ကော်တာ့ဟွားနှင့် သူ၏အဖွဲ့မှာ ထိုထိပ်ပြောင်လူများကို မြင်လိုက်ရသည့် ခဏမှာပင် ချက်ချင်းပင် တွန့်ဆုတ်သွားခဲ့ကြလေသည်။
အထူးသဖြင့် ကျန်းရှီးရှန်မှာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။
သူမသည်က ယောင်ပင်းအား အခက်တွေ့စေရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပြီး၊ ဤမျှ ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထို့အပြင် ၎င်းမှာ သာမန်ပြဿနာမျိုး မဟုတ်ခဲ့ပေ။ ထိုထိပ်ပြောင်လူများမှာ ရွှေဆွဲကြိုးကြီးများ၊ တက်တူးကြီးများဖြင့် ရှိနေပြီး ခန္ဓာကိုယ်က တောင့်တင်းကြံ့ခိုင်ကာ ရက်စက်သော အမူအရာများ ရှိနေကြလေ၏။
ထိုသူတို့မှာ အမှန်တကယ့်ကို ရက်စက်ကောက်ကျစ်သော လူစားမျိုးများ ဖြစ်ကြောင်း ထင်ရှားပေသည်။
ထိုထိပ်ပြောင်အမျိုးသားက သူ၏လက်ထဲရှိ တစ်ရှူးကို အေးစက်စွာ လွှင့်ပစ်လိုက်ပြီးနောက် သါတို့ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့လေသည်။
မာရှောက်မှာ ထိတ်လန့်သွားခဲ့ပြီး ကော်တာ့ဟွားအား တီးတိုး မေးမြန်းလိုက်သည်။
“အစ်ကိုဟွား... ငါတို့ အခု ဘာလုပ်ကြမလဲ”
သူသည်က စိတ်နုသူ ဖြစ်သဖြင့် ပြဿနာဖြစ်မည်ကို အလွန်အမင်း ကြောက်ရွံ့နေမိ၏။
ထို့အပြင် သူတို့သည်က ဤကဲ့သို့သော ပြဿနာရှာတတ်သည့် လူအုပ်နှင့် တိုးမိသွားခဲ့ပြီ မဟုတ်ပါလား။
“စောက်ကျိုးနည်း... မင်းက ငါ့ကို မေးနေတာလား၊ ငါကကော ဘယ်သူ့ကို သွားမေးရမှာလဲ”
ကော်တာ့ဟွားမှာလည်း ထိတ်လန့်နေခဲ့သော်လည်း ယောင်ပင်းအား မြင်လိုက်ရသည့် ခဏတွင် အကြံတစ်ခု ရရှိသွားခဲ့လေသည်။
သူာ ယောင်ပင်းအား လက်ညှိုးညွှန်ပြကာ အော်ဟစ်လိုက်သည်။
“သူပဲ ၊ အဲဒီဝိုင်ပုလင်းကို သူ လွှင့်ပစ်လိုက်တာ”
အခြားသူများကလည်း ချက်ချင်းပင် သတိဝင်သွားကြပြီး ထောက်ခံလိုက်ကြသည်။
“ဟုတ်တယ်၊ သူ လွှင့်ပစ်လိုက်တာ”
“အစ်ကိုကြီး... အဲဒီကောင်က ပုလင်းနဲ့ လွှင့်ပစ်လိုက်တာ၊ သူက အစ်ကိုကြီးကိုလည်း ထိအောင် တမင်လုပ်လိုက်တာ ၊ သူ့ကိုပဲ သွားပြီး စာရင်းရှင်းလိုက်ပါ”
…