အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း( ၁၃၁ )အကန့်အသတ်မဲ့ ပါရမီ
ယန်ချင်းချွမ်၏ ပွဲစဉ်အပြီးတွင် ချန်လော့က ရွှေမြုတေအဆင့် ကျင့်ကြံသူများ၏ အခြား ပွဲစဉ် အနည်းငယ်ကို ကြည့်ရှုခဲ့၏။
တစ်ခါတစ်ရံတွင် ထူးချွန်သော ပါရမီကို ပြသနိုင်သည့် တပည့် တစ်ယောက်၊ နှစ်ယောက်ခန့်ကို တွေ့ရနိုင်သော်လည်း အများစုမှာ သာမန်သာ ဖြစ်ကြသည်။
ရွှေမြုတေအဆင့် တိုက်ပွဲများ ပြီးဆုံးသွားပြီးနောက် အခြေခံတည်ဆောက်ခြင်းအဆင့် တိုက်ပွဲများကို ပြန်လည် စတင်ခဲ့၏။
ရွှေမြုတေအဆင့်တွင် ပါဝင်ယှဉ်ပြိုင်မည့် တပည့်များမှာ သိပ်မများလှသဖြင့် ဂိုဏ်းက သူတို့၏ ပွဲစဉ်များကို အလယ်တွင် ထည့်သွင်း ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲ၏ အဖွင့်နှင့် အပိတ် ပွဲစဉ်များကို ခွဲခြားပေးနိုင်မည် ဖြစ်၏။
ထို့နောက် ချန်လော့က သူ၏ တတိယမြောက် ပြိုင်ဘက် ဖြစ်သော ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ အမျိုးသား တပည့် တစ်ဦးနှင့် ရင်ဆိုင်ရသည်။
ထိုအမျိုးသားက မက်မွန်ပွင့်ကဲ့သို့ လှပသော မျက်နှာ၊ ဖြူဝင်းသော အသားအရေနှင့် ချောမောသော ရုပ်ရည်သွင်ပြင် ရှိပြီး တကယ့် မိန်းမချောလေး တစ်ယောက်နှင့် တူ၏။
သို့သော် သူက ချန်လော့နှင့် တကယ်တမ်း မတိုက်ခိုက်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် ချန်လော့က မလှုပ်မယှက် ရပ်နေပြီး ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ တပည့်ကို အနည်းငယ် ပြုံးပြကာ မေးခွန်းတစ်ခု မေးလိုက်သောကြောင့် ဖြစ်၏။
"ငါ ထောင်ချောက် ဆင်ထားလား၊ မဆင်ထားဘူးလား ဆိုတာ ခန့်မှန်းကြည့်လေ..."
ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ တပည့်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး တစ်ခဏမျှ စဉ်းစားပြီးနောက် အရှုံးပေးလိုက်တော့သည်။
ဤသည်ကို မြင်သောအခါ ပရိသတ်ထဲရှိ အကြီးအကဲက သူမ၏ တပည့် အလွယ်တကူ အရှုံးပေးလိုက်သည့်အတွက် ဒေါသမထွက်ခဲ့ပေ။
ယင်းအစား သူမက ပြုံးလိုက်ပြီး ချန်လော့ကို လေးစားသည့် အရိပ်အယောင်များဖြင့် ကြည့်လိုက်၏။
သို့သော် လောချင်းယွီ၏ စူးရဲသော အကြည့်ကို ခံလိုက်ရပြီးနောက် သူမက အလျင်အမြန် မျက်နှာလွှဲသွားတော့သည်။
သူမတွင် လောချင်းယွီကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိမည်ဟု မထင်ပေ။
...
ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် ချန်လော့က အချိန်မဆွဲတော့ဘဲ ချင်းယန်တောင်ထွတ်သို့ တန်းတန်းမတ်မတ် ပြန်သွားလေ၏။
အခန်းထဲတွင် ထိုင်ရင်း ချန်လော့က သူ အထူးဖော်စပ်ထားသော အဆိပ်ပုလင်းကို ကိုင်ထားကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ရွှေမြုတေအဆင့်... ရွှေမြုတေအဆင့်... ငါ ဘယ်တော့မှ ရွှေမြုတေအဆင့်ကို ရောက်နိုင်မှာလဲ..."
ချန်လော့က သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်၏။
ယန်ချင်းချွမ်၏ စွမ်းအားကို မြင်တွေ့ပြီးနောက် ချန်လော့မှာ အန္တရာယ် ကို မခံစားဘဲ မနေနိုင်တော့ချေ။
ယန်ချင်းချွမ်က အရမ်း အစွမ်းထက်တယ်... သူ့ကို အံ့အားသင့် တုန်လှုပ်သွားစေလောက်တဲ့အထိ အစွမ်းထက်လွန်းတယ်...
ပြိုင်ဘက်၏ စွမ်းအားက ဤအဆင့်အထိ ရောက်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ရွှေမြုတေအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကြား ကွာခြားချက်မှာ အလွန်ဆုံးမှ ဝိညာဉ်စွမ်းအင် ပမာဏနှင့် မန္တာန်များ အသုံးပြုနိုင်မှု စွမ်းအားလောက်သာ ကွာခြားမည်ဟု သူ မူလက ထင်ထားခဲ့၏။
သို့သော် ယနေ့ သူသည် ရွှေမြုတေအဆင့်ကို မြင်တွေ့လိုက်ရပြီး ၊ ကျင့်ကြံသူ အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြချိန်တွင် သူတို့ကြားရှိ ကွာဟချက်မှာ မည်မျှ ကြီးမားကြောင်း သူ တကယ် နားလည်သွားတော့သည်။
အထူးသဖြင့် ယန်ချင်းချွမ်က ပြိုင်ပွဲအတွင်း စွမ်းအားကို ပြသခဲ့ပြီး သူ၏ ပါရမီနှင့် စွမ်းအားက မည်မျှ ကြီးမားကြောင်းကို လူတိုင်းအား ကြေညာခဲ့၏။
အကယ်၍သာ ယနေ့ ပါဝင်သူအားလုံးက မိစ္ဆာတာအို ပြိုင်ပွဲဝင်များ ဖြစ်ကြမည်ဆိုလျှင် ယန်ချင်းချွမ်ထက် သာလွန်သူရှိမည်မဟုတ်ဘဲ သူသာလျှင် အောင်ပွဲခံလိမ့်မည်ဟု ချန်လော့ ပြောရဲသည်။
တစ်ဖက်လူကလည်း ချန်ရှင်းဂိုဏ်းမှ ဖြစ်ပြီး နောက်ဆုံးတွင် ချန်ရှင်းဂိုဏ်းအတွက် ဗိုလ်စွဲပေးမည် ဖြစ်သဖြင့် ဤသည်က ဂုဏ်ပြုစရာ ကိစ္စတစ်ခု ဖြစ်သင့်၏။
ပြဿနာမှာ သူနှင့် ယန်ချင်းချွမ်တို့ကြားတွင် ဖြေရှင်း၍ မရနိုင်သော ပဋိပက္ခ တစ်ခု ရှိနေပြီး တစ်နေ့တွင် သူတို့က သေသည်အထိ တိုက်ခိုက်ကြရမည် ဖြစ်သည်။
သေချာသည်မှာ လောချင်းယွီက သူ၏ ဆရာအဖြစ် ရှိနေသရွေ့ ယန်ချင်းချွမ်တွင် အသက်တစ်ရာ ရှိနေလျှင်ပင် သူ့ကို လက်ဖျားနဲ့တောင် ထိရဲမည် မဟုတ်ပေ။
မေးစရာ ရှိလာသည်က လောချင်းယွီက သူ့ကို တစ်သက်လုံး ကာကွယ်ပေးနိုင်ပါ့မလား ဆိုတာပဲ…
လောချင်းယွီက ချန်ရှင်းဂိုဏ်းမှာ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမား တစ်ယောက်လို့ ဆိုနိုင်တယ်...ဒါပေမဲ့ ဒါက ချန်ရှင်းဂိုဏ်း အတွင်းမှာပဲလေ... အပြင်မှာဆိုရင်ရော... နန်ချန်တိုက်ကြီး တစ်ခုလုံးမှာ ဆိုရင်ရော…
တစ်နေ့ကျရင် လောချင်းယွီကို အမြင်မကြည်တဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ယောက်နဲ့ တွေ့ပြီး သူ့ကို တစ်ချက်တည်း ရိုက်သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ...
မည်သို့ပင်ဆိုစေကာမူ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံခြင်းက အန္တရာယ်များသော အလုပ်အကိုင် တစ်ခု ဖြစ်ပြီး လမ်းတစ်ဝက်တွင် သေဆုံးသွားခြင်းက ပုံမှန် ကိစ္စတစ်ခုသာ ဖြစ်၏။
လောချင်းယွီ သေဆုံးသွားပါက သူ့ကို ကာကွယ်ပေးနေသော တောင်ကြီး ပြိုကျသွားမည် ဖြစ်သည်။
အဲဒီအချိန်ရောက်လို့ သူ့ကိုယ်သူ ကာကွယ်နိုင်လောက်တဲ့ အထိ မကျင့်ကြံရသေးဘူး ဆိုရင် ယန်ချင်းချွမ်ကို သူ ဘာနဲ့ ခုခံနိုင်မှာလဲ...
ဤသည်ကို တွေးမိသောအခါ ချန်လော့က သူ၏ လက်ထဲရှိ အဆိပ်ပုလင်းကို အလိုအလျောက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
သေချာသည်မှာ ချန်လော့ကလည်း ထိုအရာကို သိထားသည်။
ဤသို့ ဖြစ်လာနိုင်ခြေမှာ အလွန် နည်းပါးလှပြီး ဆယ်ပုံတစ်ပုံ သို့မဟုတ် ထိုထက်ပင် နည်းပါးနိုင်၏။
သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေသို့ မသွားမီ နောက်ဆုံး တစ်လအတွင်း လောချင်းယွီ ပြဿနာ မကြုံရသရွေ့ ထိုကျိန်စာသင့်နေသော သူတော်စင်ကို သတ်ပြီးနောက် သူသည် ရွှေမြုတေအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ထို့အပြင် စနစ်ပါရှိသဖြင့် သူ၏ ရွှေမြုတေမှာ သေချာပေါက် အကောင်းဆုံး အရည်အသွေး ဖြစ်လာမည် ဖြစ်၏။ စနစ်ဖြင့် သူ၏ ကျင့်ကြံမှုအဆင့်ကို အလွယ်တကူ မြှင့်တင်နိုင်သည်။ ထို့အပြင် သူ၏ အရန် အသက်မွေးဝမ်းကျောင်း အများအပြားဖြင့် ယန်ချင်းချွမ်ကို သတ်နိုင်မည်ဟု အာမမခံနိုင်သော်လည်း သေချာပေါက် ခုခံတိုက်ခိုက်နိုင်စွမ်း ရှိလာမည် ဖြစ်၏။
ဤအတွေးများ ရှိနေသော်လည်း ချန်လော့မှာ ပြင်းထန်သော စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းခြုံခံနေရဆဲပင် ဖြစ်သည်။
ဘဝဆိုတာ ကြိုတင် ခန့်မှန်းလို့ မရနိုင်ဘူး... မျှော်လင့်မထားတဲ့ အရာတွေ ဖြစ်လာနိုင်တယ်လို့ လူတွေက ပြောကြတယ်လေ...
"ဆယ်ပုံတစ်ပုံ ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ တစ်သန်းပုံတစ်ပုံလောက် အခွင့်အရေး ရှိနေရင်တောင် သုည ဖြစ်သွားအောင် သေချာမှပဲ ငါ တကယ် စိတ်အေးနိုင်မှာ..."
ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ချန်လော့က တစ်စုံတစ်ခုကို သတိရသွားပုံရပြီး မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
"ပြီးတော့... ငါတွက်ထားတဲ့အတိုင်း ဖြစ်မလာရင်တောင်မှ၊ ငါ့အပေါ် ရန်ငြိုးရှိနေတဲ့ အကန့်အသတ်မဲ့ပါရမီရှင်တစ်ယောက်ကို အခုကတည်းက သုတ်သင်ပစ်လိုက်တာဟာ ဆိုးရွားတဲ့ကိစ္စတော့ မဟုတ်ပါဘူး…”
အရင်က ချန်လော့ ပြောခဲ့၊ တွေးခဲ့သမျှ အားလုံးက ထိုစကားလောက် သူ့ရဲ့ တကယ့် ခံစားချက်တွေကို ဖော်ပြမနေပေ...
အကယ်၍ ဤစကားကြောင်း၏ အဓိက အချက်များကို ပြရမည် ဆိုလျှင် စကားလုံး ရှစ်လုံးတည်းသာ ဖြစ်မည်။
"စွမ်းအားကြီးပြီး အကန့်အသတ်မဲ့ ပါရမီတွေ ရှိတယ်..."
သူ ယန်ချင်းချွမ်ကို သတ်ချင်ရခြင်း၏ အကြောင်းရင်းမှာ တစ်ဖက်လူ၏ ပါရမီနှင့် စွမ်းအားကို သူ အလွယ်တကူ မြင်တွေ့နိုင်ခဲ့သောကြောင့် ဖြစ်၏။
ယခင်က ယန်ချင်းချွမ်သည် အနည်းငယ် ပါရမီပါသော ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်ဟု ထင်ခဲ့သည်။ ရွှေမြုတေအဆင့် ကျင့်ကြံမှု ရှိနေသော်လည်း ချန်လော့ မကြောက်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူ့တွင် စနစ် ရှိသည် မဟုတ်ပါလား။
သို့သော် ယခု ကြည့်ရသည်မှာ သူ ယန်ချင်းချွမ်ကို အထင်သေးခဲ့ပုံ ရ၏။
ချန်လော့တွင် စနစ် ရှိသော်လည်း ၎င်းက အရာအားလုံးကို မစွမ်းဆောင်နိုင်ပေ။
သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းစဉ်က ဆိုးရွားလှသော ပါရမီကြောင့် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်းကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် ၂၀၁ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ရသကဲ့သို့ပင်။
သို့သော်လည်း သူသည် ကံခေ၍ ချန်ရှင်းဂိုဏ်းသို့ မဝင်ရောက်နိုင်ခဲ့လျှင်သော်လည်းကောင်း၊ ဤကဲ့သို့ တန်ဖိုးမဖြတ်နိုင်သော ဆရာသခင်နှင့် မဆုံတွေ့ခဲ့လျှင်သော်လည်းကောင်း၊ ထိုရတနာကိုသာ မပိုင်ဆိုင်ခဲ့လျှင်သော်လည်းကောင်း သူ၏ 'ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း' ခရီးလမ်းသည် အောင်မြင်မှုရရန် အလွန်ပင် ခဲယဉ်းပေလိမ့်မည်။"
ထို့အပြင် စနစ်က အပြစ်အနာအဆာ ကင်းသည် မဟုတ်ပေ။ ဤသကောင့်သားက ငွေချူစားသည့် သတ္တဝါ တစ်ကောင်သာ ဖြစ်ပြီး ၊ ကျင့်ကြံမှုအဆင့် တတ်လာသည်နှင့် အမျှ ဝိညာဉ်စွမ်းအင် သုံးစွဲမှုက အဆများစွာ တိုးလာ၏။ တစ်နေ့တွင် သူ ဆက်၍ မတောင့်ခံနိုင်တော့မည်ကို စိုးရိမ်နေမိသည်။
ဤအခြေအနေသည် ဂိမ်းကစားသူ နှစ်ဦး၏ လားရာနှင့် ဆင်တူနေပေသည်။ တစ်ဦးက ငွေကြေးအင်အားသုံး၍ အထောက်အကူပြု ဆော့ဖ်ဝဲများ၏ အကူအညီဖြင့် အဆင့်တက်ရန် ကြိုးစားသော်လည်း၊ အခြားတစ်ဦးမှာမူ မိမိ၏ ပင်ကိုယ်ပါရမီနှင့် ကျွမ်းကျင်မှုကိုသာ အရင်းတည်၍ ကစားသူဖြစ်သည်။
အဆုံးသတ်တွင် နှစ်ဦးစလုံးမှာ 'ရွှေအဆင့်' သို့ တူညီစွာ ရောက်ရှိသွားကြသော်လည်း ကွာခြားချက်တစ်ခု ရှိနေသည်။ အကယ်၍ တစ်နေ့သောအခါတွင် ငွေကြေးသုံးစွဲသူသည် ထိုအထောက်အကူပြု ပစ္စည်းများကို ဆက်လက် မဝယ်ယူနိုင်တော့ပါက သူ၏ အဆင့်အတန်းမှာ ထိုနေရာ၌ပင် ရပ်တန့်သွားပေလိမ့်မည်။
သို့သော် ပင်ကိုယ်ပါရမီကို အခြေခံကာ မဆုတ်မနစ် လေ့ကျင့်အားထုတ်ခဲ့သူမှာမူ ပိုမိုခိုင်မာသော အခြေခံကောင်းများ ရှိနေသဖြင့် အချိန်တန်လျှင် အထောက်အကူပြု ဆော့ဖ်ဝဲ သုံးစွဲသူကို အသာစီးဖြင့် ကျော်တက်သွားနိုင်မည်ဖြစ်သည်။"
ထို့ကြောင့် ကျော်တက်မခံရအောင် ရှောင်ရှားရန် တစ်ခုတည်းသော နည်းလမ်းမှာ ပါရမီကို အားကိုးသော ထိုကစားသမားကို ဂိမ်းထဲမှ ထွက်သွားအောင် အတင်းအကျပ် လုပ်ရန်သာ ဖြစ်၏။
အခုတော့ ချန်လော့ ရုတ်တရက် နားလည်သွားပြီ... ဘာလို့ မွေးရာပါ ပါရမီ ပါလာတဲ့ လူတချို့က သူတို့ရဲ့ ပါရမီတွေကို ဖုံးကွယ်ထားဖို့ ကြိုးစားကြသလဲ ဆိုတာကိုပေါ့...
“ဘာလို့လဲဆိုတော့ မင်းရဲ့ ရန်သူတွေက မင်းရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားကို သိသွားတာနဲ့ မင်းကို ပိုစွမ်းအားကြီးလာအောင် လုံးဝ ခွင့်ပြုမှာ မဟုတ်လို့ပဲ...”
"မင်း သတ်ခံရရင် ငါ့ကို အပြစ်တင်လို့ မရဘူးနော်... ကိုယ့်စွမ်းရည် အစစ်အမှန်ကို ဘယ်လို ဖုံးကွယ်ရမလဲ ဆိုတာကို မသိတဲ့ မင်းရဲ့ အပြစ်ပဲ..."
"မင်းသာ နည်းနည်းလောက် ပိုအားနည်းခဲ့ရင် မင်းအသက်ကို မင်း ကယ်နိုင်ခဲ့မှာ..."
ထိုသို့ ပြောရင်း ချန်လော့၏ အကြည့်က သူ၏ လက်ထဲရှိ အဆိပ်ပုလင်းပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု လင်းလက်သွား၏။
"ငါက ချိုးအကြီးအကဲကိုတောင် စွဲဆောင်နိုင်ခဲ့တယ်... ဆိုလိုတာက ရွှေမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်တောင်မှ ငါ့ရဲ့ အဆိပ်ကို လုံးဝ မတွန်းလှန်နိုင်ဘူး ဆိုတဲ့ သဘောပဲ..."
"ငါ့ရဲ့ အဆိပ်ဆရာ ကျင့်ကြံမှုကို ဒုတိယအဆင့်အထိ မြှင့်တင်ပြီး ဒုတိယအဆင့် အဆိပ်တွေကို ဘယ်လို ဖော်စပ်ရမလဲ ဆိုတာကို သင်ယူနိုင်မယ် ဆိုရင် ငါ ဖော်စပ်လိုက်တဲ့ အဆိပ်က ယန်ချင်းချွမ်ကို သတ်နိုင်လောက်တယ်..."
ဤသည်ကို တွေးမိသောအခါ ချန်လော့က တည်ငြိမ်သွား၏။
"ယန်ချင်းချွမ်ကို ငါ သတ်မှာပါ... ဒါပေမဲ့ အခု အချိန်မကျသေးဘူး..."
"သူ့ကို ခဏလောက် အသက်ရှင်ခွင့် ပေးလိုက်ပါဦးမယ် ... မိစ္ဆာတာအို ပြိုင်ပွဲ ပြီးသွားရင် သူ့အသက်ကို ယူကြတာပေါ့..."
အခန်း( ၁၃၂ )ဟင်းလျာအသစ်များ
နောက်တစ်နေ့တွင် ချန်လော့က ပွဲစဉ် သုံးပွဲ ယှဉ်ပြိုင်ရန် အစီအစဉ် ရှိနေသေး၏။
သို့သော် ချန်လော့နှင့် ယှဉ်ပြိုင်ရမည့် တပည့် သုံးယောက်အနက် ရာက္ခသတံခါးဂိုဏ်းမှ တပည့် တစ်ယောက်သာ ချန်လော့နှင့် ယှဉ်ပြိုင်ရန် အခိုင်အမာ တောင်းဆိုခဲ့ပြီး ကျန်နှစ်ယောက်က အရှုံးပေးရန် ရွေးချယ်ခဲ့ကြသည်။
ထိုရာက္ခသတံခါးဂိုဏ်းမှ တပည့် အနေဖြင့်မူ ချန်လော့၏ အနိုင်ယူခြင်းကို စက္ကန့်ပိုင်းအတွင်း ခံလိုက်ရ၏။
ချင်မု၊ ယန်ချုံထျန်းနှင့် မူရှာရှာတို့ အနေဖြင့်လည်း သူတို့၏ ပွဲစဉ်များကို ရှုံးပွဲမရှိ မှတ်တမ်းဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် ချန်လော့က ယမန်နေ့ကလို ချင်းယန်တောင်ထွတ်သို့ ချက်ချင်း မပြန်ဘဲ ထိုနေရာတွင် နေရန် ရွေးချယ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ မနက်ဖြန်က ပြိုင်ပွဲ၏ နောက်ဆုံးနေ့ ဖြစ်ပြီး သူနှင့် ချင်မုတို့ ယှဉ်ပြိုင်ရမည့် နေ့ဖြစ်သည်။
သူတို့ကို အဆိပ်ခတ်ရန် ကြံစည်ရာတွင် မီးဖိုချောင်အတွင်း အစားအသောက် ချက်ပြုတ်ပြင်ဆင်သည့် အဆင့်တိုင်းကို ဦးစွာ အသေးစိတ် မှတ်တမ်းတင်ထားရန် လိုအပ်သည်။ ထိုလုပ်ငန်းစဉ်တစ်ခုချင်းစီကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီးနောက် မည်သည့်အချက်၊ မည်သည့်အချိန်တွင် အဆိပ်ခတ်ခြင်းက အထိရောက်ဆုံးနှင့် အလွယ်ကူဆုံး ဖြစ်မည်ကို ဂရုတစိုက် တွက်ချက်ရပေမည်။
သူက ချင်မုကို အနိုင်ယူနိုင်စွမ်း ရှိ၊ မရှိ သေချာ မသိသော်လည်း ချင်မုကို အဆိပ်ခတ်နိုင်သရွေ့ အနိုင်ရရန် ရာခိုင်နှုန်းပြည့် သေချာနေ၏။
အခြား နှစ်ယောက်နှင့် ပတ်သက်၍မူ ယနေ့ တိုက်ပွဲအပြီးတွင် ချန်လော့က ၇၀% ယုံကြည်ချက် ရှိနေပြီး သိပ်မစိုးရိမ်တော့ပေ။
…
"ပြိုင်ပွဲက ပြီးတော့မယ်... ညစာ ပြင်ဆင်ဖို့ မီးဖိုချောင် အလုပ်သမားတွေကို သွားပြောလိုက်ပါ..."
ယွီထျန်းစီက သူ့ဘေးရှိ အကြီးအကဲ တစ်ဦးကို ပြောလိုက်၏။
အကြီးအကဲက ခေါင်းညိတ်၍ ပြိုင်ကွင်းမှ ထွက်သွားလေသည်။
ဤသည်ကို မြင်သောအခါ ချန်လော့က မတ်တတ်ရပ်လိုက်၏။
"ဟိုကြည့်ဒီကြည့် လုပ်နေတာ ဗိုက်တောင် နည်းနည်း ဆာလာပြီ... မီးဖိုချောင် သွားပြီး စားစရာ တစ်ခုခု သွားရှာလိုက်ဦးမယ်..."
ထိုသို့ ပြောပြီးနောက် သူက အကြီးအကဲ နောက်သို့ လိုက်သွားလေ၏။
ဤသည်ကို ကြားသောအခါ ချင်မုကလည်း မတ်တတ်ရပ်၍ ချန်လော့ နောက်သို့ လိုက်လာခဲ့သည်။
"မင်း ဘာလုပ်နေတာလဲ..."
ချန်လော့က မျက်မှောင်ကြုတ်လိုက်၏။
ဒီကောင် တစ်ခုခုကိုများ သိသွားပြီလား... ဒါပေမဲ့ ငါ့ကိုယ်ငါ ဖွင့်ဟမိတယ်လို့ မထင်ပါဘူး...
"ငါလည်း ဗိုက်ဆာနေလို့..."
ချင်မုက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ဤသည်ကို ကြားသောအခါ ချန်လော့မှာ အကူအညီမဲ့စွာ ပြုံးရုံသာ တတ်နိုင်တော့၏။
မကြာမီမှာပင် သူတို့ နှစ်ယောက်က မီးဖိုချောင်သို့ ရောက်ရှိသွားကြသည်။
ထိုအချိန်တွင် မီးဖိုချောင်ထဲ၌ သံဒယ်အိုးကြီး တစ်လုံးဖြင့် အလုပ်များနေပြီး ထိုအထဲတွင် တန်ဖိုးကြီး သားရဲအသား ပေါင်ရာပေါင်းများစွာကို ပြုတ်နေ၏။
အထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အစားအသောက် အနံ့ကို ရှူရှိုက်မိနိုင်သည်။
ချန်လော့က မီးဖိုချောင်၏ ထောင့်စုံကို လေ့လာကြည့်လိုက်ရာ အရွယ်အစား အမျိုးမျိုးရှိသော အိုးခွက် ပန်းကန် ရာပေါင်းများစွာ ရှိနေပြီး တစ်ခုစီကို မတူညီသော ဟင်းလျာများ ချက်ပြုတ်ရန် အသုံးပြုထားကြောင်း တွေ့လိုက်ရ၏။
"ဆရာ... ဒီဟင်းတွေ အကုန်လုံးက လူတိုင်း အတူတူ စားဖို့လား..."
ဤသည်ကို ကြားသောအခါ ထမင်းချက်က ချန်လော့ကို တစ်ချက် ကြည့်လိုက်ပြီး ချန်လော့၏ မျက်နှာကို မြင်သောအခါ သူ၏ ယခင်က ခပ်တည်တည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာ၏။
"ဪ... ချန်လော့ စီနီယာအစ်ကိုကိုး... မီးဖိုချောင်ကို ဘာကိစ္စများ ရှိလို့လဲ... ဗိုက်ဆာလို့လား... စားစရာ တစ်ခုခု ယူပေးရမလား..."
"ကောင်းပြီ...”
ချန်လော့ စကားမဆုံးခင်မှာပင် ချန်လော့၏ အနောက်တွင် ရပ်နေသော ချင်မုက မနေနိုင်တော့ဘဲ စကားစလာ၏။
သူ စကားပြောနေစဉ်မှာပင် တံတွေးမမျိုချဘဲ မနေနိုင်တော့ချေ။
ချန်လော့ခမျာ အကူအညီမဲ့စွာ ခေါင်းခါလိုက်သည်။
"သူ့အတွက် စားစရာ တစ်ခုခု ယူပေးလိုက်ပါ..."
ထမင်းချက်က ခေါင်းညိတ်၍ ချင်မုကို အသားပန်းကန် အချို့နှင့် ထမင်းဖြူ တစ်ပန်းကန် ပေးလိုက်ရာ ချင်မုက ထိုနေရာတွင် လိမ်လိမ်မာမာ ထိုင်ကာ သူ၏ အစားအသောက်များကို စတင် စားသောက်တော့၏။
ချန်လော့က ဘေးမှ အသားခြောက် တစ်ဖတ်ကို ကောက်ယူ၍ အနည်းငယ် ကိုက်စားလိုက်ပြီး ကိုက်နေရင်းနှင့် အမှတ်တမဲ့ ဆက်မေးနေသည့်အလား ဟန်ဆောင်လိုက်သည်။
"ဆရာ... ဒီဟင်းတွေက လူတိုင်း အတူတူ စားဖို့လား..."
ထမင်းချက်က ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်... လူတိုင်း အတူတူ စားကြတာပါ..."
"အထူးဟင်းလျာတွေရော မရှိဘူးလား... ဥပမာ - တိုက်ရိုက်တပည့်တွေ အတွက်ပဲ ရတဲ့ ဟင်းလျာတွေမျိုးလေ..."
ထမင်းချက်မှာ တစ်ခဏမျှ တန့်သွားပြီးနောက် ခေါင်းခါလိုက်၏။
"မရှိပါဘူး... ဂိုဏ်းချုပ်က အဲဒီလို လုပ်ဖို့ မပြောထားပါဘူး..."
"ဒါပေမဲ့ ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေ အတွက်တော့ သီးသန့် ပြင်ဆင်ထားတာ ရှိတယ်... ဒါပေမဲ့ အဲဒါတွေက ငါတို့ မီးဖိုချောင်မှာ မဟုတ်ဘူး..."
"ချန်လော့ စီနီယာအစ်ကို... အထူးဟင်းလျာ တစ်ခုခု စားချင်ရင် အပြင်ထွက်ပြီး ဘယ်ဘက်ကို ကွေ့လိုက်ပါ..."
ဤသည်ကို ကြားသောအခါ ချန်လော့က မျက်မှောင်ကြုတ်လိုက်၏။
ဤအခြေအနေက အဆိပ်ခတ်ရန် ပြင်ဆင်ထားသည့် သူ၏အစီအစဉ်ကို အတန်ငယ် ရှုပ်ထွေးသွားစေသည်။ မူလက သူ၏အကြံမှာ တိုက်ရိုက်တပည့် များအတွက် သီးသန့်ပြင်ဆင်ထားသော အထူးဟင်းလျာများကိုသာ အဆိပ်ခတ်ရန် ဖြစ်သည်။
ထိုသို့ဆိုလျှင် ချင်မုနှင့် ကျန်တပည့်နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အဆိပ်သင့်သွားမည်ဖြစ်ပြီး၊ သူကိုယ်တိုင်မှာမူ နေမကောင်းဟန်ဆောင်ကာ အပြစ်မှလွတ်အောင် ရှောင်တိမ်းနိုင်မည်ဖြစ်သည်။ ထို့နောက် အလုံးစုံသော အပြစ်များကို မီးဖိုချောင်ရှိ လူများပေါ်သို့ လွှဲချရန် သူ ရည်ရွယ်ထားခဲ့သည်။
သို့သော် ယခုအခါ ဟင်းလျာအားလုံးမှာ လူတိုင်းအတွက် အတူတူပင်ဖြစ်ကြောင်း စားဖိုမှူး၏ ပြောကြားချက်ကြောင့် သူ့ခမျာ ရှေ့ဆက်ရခက်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
"ဂိုဏ်းချုပ်က တကယ် ကပ်စေးနှဲတာပဲ..."
ချန်လော့က မပြောဘဲ မနေနိုင်တော့ချေ။
"ငါတို့ဘာသာ ငါတို့ ပိုက်ဆံပေးပြီး စားရင်ရော... ပြီးတော့ သူတို့နဲ့ ခင်မင်ရင်းနှီးချင်တယ်လို့ ပြောလိုက်မယ်လေ..."
နောက်ထပ် အကြံတစ်ခုက ချန်လော့၏ ခေါင်းထဲသို့ ဝင်ရောက်လာ၏။
သို့သော် ထိုအကြံကို သူ ချက်ချင်း ပယ်ချလိုက်သည်။
"မဖြစ်ဘူး... အဲဒါက တမင်သက်သက် လုပ်လွန်းရာ ကျတယ်...”
"ဒီလိုပဲ လုပ်ရတော့မှာလား..."
ချန်လော့က သူ့ဘေးရှိ အိုးကြီးကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် အကူအညီမဲ့သော အမူအရာတစ်ခု ပေါ်လာ၏။
သူ့စိတ်ထဲတွင် ထိုသို့လုပ်ဆောင်ရန် လုံးဝဆန္ဒမရှိသော်လည်း၊ လက်ရှိ၌မူ ဤလမ်းစဉ်မှတစ်ပါး အခြားသော ရွေးချယ်စရာ လမ်းစမှာ မရှိတော့ချေ။
"ထားလိုက်ပါတော့... သား ပေါက်ကို မရင်းနှီးဘဲ ဝံပုလွေကို ဖမ်းလို့မှ မရတာ..."
"ငါတို့ အားလုံး အတူတူ ဒုက္ခရောက်ကြဖို့ပဲ မဟုတ်လား..."
"အိမ်သာ အတူတူ သွားရတာက တခြားဂိုဏ်းတွေနဲ့ ခင်မင်ရင်းနှီးမှုကို တိုးတက်စေဖို့ လုပ်တာပဲလေ..."
ထိုသို့ တွေးမိသောအခါ ချန်လော့က တည်ငြိမ်သွားပြီး ပြုံး၍ လှည့်ထွက်ရန် ပြင်လိုက်၏။
ဤသည်ကို မြင်သောအခါ ချင်မုက ချက်ချင်း မတ်တတ်ရပ်၍ ချန်လော့ နောက်သို့ လိုက်လာခဲ့သည်။
"မင်း မစားတော့ဘူးလား..."
ချန်လော့က ချင်မုကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်၏။ သူ၏ လက်ထဲတွင် ပန်းကန်နှင့် တူကို ကိုင်ထားပြီး ပါးစပ်ထဲတွင် အသားများ ပြည့်နေသဖြင့် သူသည် ဗိုက်ဝသွားသည့်ပုံ မပေါ်ပေ။
ချင်မုက အလျင်အမြန် နှစ်ချက်၊ သုံးချက်ခန့် ဝါးလိုက်ပြီးနောက် ပါးစပ်ထဲရှိ အစားအစာများကို ထွေးထုတ်လိုက်၏။
"မင်းနဲ့အတူ အထူးဟင်းလျာတွေကို သွားစားမလို့..."
ဤသည်ကို ကြားသောအခါ ချန်လော့မှာ အံ့အားသင့်သွား၏။
"ဘာကြီး..."
"မင်းနဲ့အတူ အထူးဟင်းလျာတွေကို သွားစားမလို့..."
ချန်လော့က သေချာ မကြားလိုက်ရသဖြင့် ချင်မုက ထပ်ပြောပြလိုက်၏။
"ငါ အထူး စားသောက်ဆိုင်မှာ သွားစားမယ်လို့ ဘယ်တုန်းက ပြောလို့လဲ..."
ချန်လော့က အနည်းငယ် ဇဝေဇဝါ ဖြစ်စွာဖြင့် မေးလိုက်သည်။
"အခုလေးတင် မင်းက အထူးဟင်းလျာတွေ ဘယ်မှာလဲလို့ ထမင်းချက်ကို မေးခဲ့တယ်လေ..."
ချင်မုက ပြောလိုက်၏။
"မင်း အခု အဲဒီအထူးဟင်းလျာတွေကို သွားစားတော့မလို့ မဟုတ်လား..."
ဤသည်ကို ကြားသောအခါ ချန်လော့မှာ ဆွံ့အသွားတော့၏။
အမှန်စင်စစ် သူသည် အဆိပ်ခတ်ရန် အခြေအနေပေးမည့် အထူးဟင်းလျာများအကြောင်းကိုသာ စူးစမ်းခဲ့ခြင်းဖြစ်သည်။ အစားအသောက်၏ အရသာကို ခံစားရန်အတွက် မေးမြန်းခဲ့ခြင်း မဟုတ်သည်မှာ အထင်အရှားပင်။ သို့သော်ငြားလည်း ဤကဲ့သို့သော မကောင်းသော အကြံအစည်မျိုးမှာ အခြားသူတစ်ပါးကို အလွယ်တကူ ထုတ်ဖော်ပြောပြ၍ ရသည့် ကိစ္စမျိုး မဟုတ်သည်မှာတော့ သေချာလှပေသည်။
"ဟေး... ငါက အထူးဟင်းလျာတွေကို သွားစားဖို့ တကယ် ရည်ရွယ်ထားတာ မဟုတ်ပါဘူး... မင်း အများကြီး တွေးနေတာပါ..."
"မင်း တစ်ယောက်တည်း အကုန်စားချင်လို့ ငါ့ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတာ သေချာတယ်..."
"ငါ..."
…
ထိုအထူးဟင်းလျာများကို သူ လုံးဝမြည်းစမ်းမည် မဟုတ်ကြောင်း ချင်မုအား အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောဆိုနားချပြီးသည့်နောက်တွင်မူ…
ချန်လော့ခမျာ ချင်မု၏ စည်းရုံးမှုကို အောင်မြင်စွာ ခံလိုက်ရပြီး ဂိုဏ်းချုပ်များနှင့် အကြီးအကဲများအတွက် အထူး ပြင်ဆင်ထားသော ဟင်းလျာများ ရောင်းချသည့် စားသောက်ဆိုင်သို့ ခေါ်ဆောင်သွားကာ သူတို့ နှစ်ယောက်စလုံး အားပါးတရ စားသောက်ကြတော့၏။
"မင်း အထူးဟင်းလျာတွေ စားဖို့ ဒီကို လာတာ ငါ သိသားပဲ..."
ချင်မုက နတ်ဝိညာဉ်အဆင့် သားရဲ၏ နောက်ခြေထောက်ကို ကိုင်ထားပြီး အကြီးကြီး ကိုက်စားရင်း ပြောလိုက်၏။
ထိုအချိန်တွင် ချန်လော့ကလည်း ရှေ့ခြေထောက် တစ်ဖက်ကို ကိုင်ထားပြီး ချင်မုနှင့်အတူ အားပါးတရ စားသောက်နေသည်။
"ကျစ်... ဂိုဏ်းချုပ်က တကယ့် လူယုတ်မာပဲ... နတ်ဝိညာဉ်အဆင့် သားရဲ အသားတွေကို သူ့ဘာသာသူ အကုန် သိမ်းထားတယ်... ငါတို့ကို နည်းနည်းလောက် ပေးလို့ သေသွားမှာမို့လို့လား..."
စားနေရင်းနှင့် ချန်လော့က မကျေမနပ်ဖြင့် ပြောလိုက်၏။
သူက အထူးဟင်းလျာများကို တကယ် လာစားချင်ခဲ့ခြင်း မဟုတ်ပေ။ ချင်မုကို ခေါ်လာပြီး အမြန်စားကာ ထွက်သွားရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် အထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ မလှုပ်နိုင်တော့ကြောင်း တွေ့လိုက်ရသည်။
အတွင်းရှိ ဟင်းလျာတိုင်းက နတ်ဝိညာဉ်အဆင့် သားရဲ၏ အသားအသွေးများနှင့် ပြုလုပ်ထားပြီး အလွန်တရာ အရသာရှိရုံသာမက ရုပ်ပိုင်းဆိုင်ရာကိုလည်း ကြီးမားစွာ တိုးတက်စေ၏။
ထို့ကြောင့် ချန်လော့က အသုံးမကျသော လူတစ်ယောက်အဖြစ် စတင် ဟန်ဆောင်တော့၏။
...
ထိုနေ့ည ညစာစားပွဲတွင် ယွီထျန်းစီက စားပွဲပေါ်ရှိ သားရဲ အချို့၏ အရိုးစုများကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာတစ်ခု ရှိနေ၏။
"ဒါက မီးဖိုချောင်က အသစ် တီထွင်ထားတဲ့ ဟင်းလျာ အသစ်လား..."